Monday, May 31, 2010

မြစ်ဆုံရေကာတာစီမံကိန်းအတွက် ကျေးရွာသားများ စတင်ပြောင်းရွေ့

သတင်းနှင့်မီဒီယာ ကွန်ယက်။

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း အတွက် မေခနှင့် မလိခ မြစ်ဆုံရာ ဒေသရှိ မဇွပ် ကျေးရွာအား ယနေ့တွင် မြစ် ကြီးနား မြို့နယ် အာဏာပိုင် များက စတင် ပြောင်းရွေ့ ခိုင်းခဲ့သည်။

မြစ်ကြီးမြို့နယ် မယကမှ ဦးဆောင်ပြီး စစ်တပ်၊ ရဲတို့ လိုက်ပါလုံခြုံရေးယူပေးကာ မြို့နယ်အတွင်းရှိ ကြံ့ဖွံ့နှင့်ရပ် ကွက်လုပ်အားပေးအဖွဲ့များက တန်ဖဲကျေးရွာတဖက်ကမ်း မဇွပ်ကျေးရွာအား ပြောင်းရွေ့ခဲ့သည်ဟု တန်ဖဲကျေး ရွာသားက ယခုလိုပြောသည်။

“မယကဥက္ကဌ၊ ဗျူဟာမှူးနဲ့ လုပ်အားပေးအဖွဲ့အချို့ စစ်တပ်နဲ့ရဲက မနေ့ကတည်းက ရောက်ပြီး ည အိပ်တယ်၊ ဒီိနေ့မှာ ကြံ့ဖွံ့နဲ့လုပ်အားပေးအဖွဲ့တွေရောက်ပြီးမဇွပ်ကျေးရွာပေါ၊့ ဗမာလို မြစ်ဆုံလို့ခေါ် တယ်၊ မေခနဲ့ မလိခဆုံတဲ့ထိပ်ကရွာ။ အိမ်ခြေ(၆၃)လုံးရှိတယ်၊ အဲဒီကနေ သူတို့တွေကို ခေါ်လာတော့ တချို့ကလေးတွေရော၊ လူကြီးတွေရော ငိုနေကြတယ်။ အားလုံးမျက်နှာမကောင်းကြဘူး။”

အဆိုပါ ပြောင်းရွေ့လာသူများအား တန်ဖဲကျေးရွာအောက်ဘက် (၈)မိုင်ခန့်အကွာ၊ မြစ်ကြီးနားအထက် မိုင်(၂ဝ)ကျော်အကွာရှိ လုံဂါဇွပ် ကျေးရွာအနီးတွင် အေးရှားဝေါ ကုမ္ပဏီကတည်ဆောက်ထားသည့် အိမ်ယာစီမံကိန်း မြေ နေရာတွင် နေရာချထားပေးသည်။

ယခုကျေးရွာအားပြောင်းရွေ့နိုင်ရန်အတွက် မြစ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၅၈)ရပ် ကွက်မှ တရပ်ကွက်လျင် လုပ်အားပေးလိုက်ရန် လူ(၁ဝ)ဦးစီ ဆင့်ခေါ်ခဲ့သည်။

မြစ်ဆုံဒေသရှိ မဇွပ်ကျေးရွာသည် မြေသြဇာကောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုကြပြီး ယခုပြောင်းရွေ့သည့်နေရာသည် စိုက်ပျိုးမြေ မရှိသည့်အတွက် ဒေသခံများမှာ မပြောင်းရွေ့ ချင်သော် လည်း အာဏာပိုင်များ၏ အမိန့်ကို မလွန်ဆန်ရဲဘဲ ပြောင်းရွေ့ခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

“အဲဒီရွာက စစ်တပ်ရဲ့ အုပ်ချုပ် ဖိနှပ်၊ ခြိမ်းခြောက်မှုအောက်မှာ နေလာတာကြာပြီဆိုတော့ ဘာမှ လည်း ပြန်မလုပ်ရဲကြဘူး။ အခုပြောင်းရွေ့တာ ဘာပြဿနာမှမရှိခဲ့ဘူး။”

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ကျေးရွာသား(၁၅ဝဝဝ)ကျော် နေရာပြောင်းရွေ့ရနိုင်ပြီး ကချင်တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြစ်ဆုံဒေသ ပျောက်ကွယ် မည့်အပြင် တံငါလုပ်ငန်း၊ သယ်ယူပို့ ဆောင် ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်မည်ဖြစ်၍ ဒေသခံများ အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့နှင့် ကချင်အင်န်ဂျီအိုအဖွဲ့များက မြစ်ဆုံရေကာ တာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။

ယမန်နေ့ နေ့စွဲဖြင့် ကချင်ပြည်လူမှုဖွံ့ဖြိုးရေးကွန်ယက်က ရေကာတာရေအားလျပ်စစ် စီမံကိန်းတွင် ရင်းနှီးမြုပ် နှံထားသည့် တရုတ်လျပ်စစ်စွမ်းအားရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI) အားရည်ညွှန်း၍ စီမံကိန်းရပ်ဆိုင်း ပေး ရန် တရုတ်သမ္မတ ဟူကျင်းတောင်းထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။



တိုကင် အသုံးပြုသည့် မောင်တောမှ ဈေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက ခေါ်ယူ ထိန်းသိမ်း

တာကလူး

မြန်မာ နိုင်ငံ၏ အနောက်ဘက် အစွန်ဆုံး စီးပွားရေး အရ အချက် အချာမြို့ ဖြစ်သည့် မောင်တောတွင် ငွေစက္ကူ အကြွေ ရှားပါး နေသည့် အတွက် ငွေစက္ကူ အစား တိုကင်ပြားများ ထုတ်လုပ် အသုံးပြုနေသည့် ဈေးဆိုင်ပိုင်ရှင် ၃၀ ကို ရဲက မနေ့က ခေါ်ယူ ထိန်းသိမ်း လိုက်သည်။

အမည်မဖေါ်လိုသူ စီးပွားရေး သမား တဦးက “ သူတို့ကို မနေ့က နံနက် ၁၀ နာရီခန့်မှာ မောင်တောရဲစခန်းမှာ တိုကင် ကိစ္စ ဆွေးနွေးစရာ ရှိတယ်ဆိုပီး ခေါ်ယူကာ ဖမ်းဆီး ထိန်းသိမ်း လိုက်တာ ဖြစ်ပါတယ်။ မနေ့ကတော့ စစ်ဆေးမေးမြန်းမူတွေ လုပ်တယ်။ ဒီကနေ့မှာတော့ ရုံးတင်မယ်လို့ သိရပါတယ်။” ဟု ပြောသည်။

မောင်တောမြို့တွင် ငွေအကြွေ အထူး ရှားပါးနေသဖြင့် ၂၀၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်နှင့် ၅၀ ကျပ်တန်အစား တိုကင် ငွေစက္ကူများကို ဈေးဆိုင် ပိုင်ရှင်များက ရိုက်နှိပ် ထုတ်လုပ်ကာ သုံးစွဲ နေကြခြင်း ဖြစ်သည်။

“ခုလို အသုံးပြုနေတာကတော့ ဈေးဆိုင်တွေရော၊ ဈေးဝယ် သူတွေပါ အဆင်ပြေတဲ့ အတွက် နားလည်မူနဲ့ တိုကင်တွေ ကို ရိုက်နှိပ် သုံးစွဲနေကြတာ ဖြစ်ပါတယ်။ တိုကင်တွေမှာ ဈေးဆိုင် နာမည်နဲ့ ငွေကြေးတန်ဖိုးကို ရိုက်နှိပ်ထားတယ်။ အဲဒီ တိုကင်တွေနဲ့ မောင်တောမြို့အတွင်းမှာ ဈေးဝယ်တဲ့ နေရာမှာ အသုံးပြုလို့ရပါတယ်” ဟု သူက ဆက်ပြောသည်။

ရဲက ခေါ်ယူ ထိန်းသိမ်း ခံရသူများထဲတွင် ဖြိုးလဘက်ရည် ဆိုင်ပိုင်ရှင်၊ ရွှေနှင်းဆီ လဘက်ရည်ဆိုင် ပိုင်ရှင်၊ ခိုင်ထွန်း စားသောက်ကုန် ဆိုင်ပိုင်ရှင်၊ စေတနာ စတိုး ဆိုင်ပိုင်ရှင်၊ စန်းသီဟ လဘက်ရည် ဆိုင်ပိုင်ရှင်၊ ရွှေပျံလွှား ပိုင်ရှင်နှင့် ပိတောက်ရိပ် စတိုးဆိုင် ပိုင်ရှင်များ ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ တိုကင် ပြဿနာ တက်လာခြင်းမှာ မောင်တော မြို့မဈေးရှိ မာမတ်ဆောယော့ဒ် အထည်ဆိုင်၊ အာဘူတာဟေ စားကုန်ဆိုင်၊ ခိုင်ထွန်း စားကုန်ဆိုင်၊ ရပ်ကွက် (၂) မှ ကော်ရိမ္မူလာ ကုန်စုံဆိုင်၊ ရပ်ကွက် (၄) မှ ဖိနပ်ဆိုင်၊ ဇီးကာဖီ လဘက်ရည်ဆိုင်၊ ဖြိုးလဘက်ရည်ဆိုင်၊ စမ်းသီဟ လဘက်ရည်ဆိုင်တို့မှ ထုတ်ပေး ထားသည့် တိုကင်များနှင့် အမှတ် (၃)ရပ်ကွက်ရှိ အောင်ဝင်း ဆိပ်ကမ်း အကောက်အဖွဲ့မှ ထုတ်ပေးသည့် ၀ိမလ တိုကင်များကို ယခုရက်ပိုင်းအတွင်း ထုတ်ပေးထားသူများမှ လက်ခံရန် ငြင်းဆိုခဲ့ရာမှ စတင် ဖြစ်ပွား လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တော မြို့နယ် အတွင်း လက်ရှိ လည်ပတ်နေသည့် တိုကင်ငွေ တန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်း ၅၀၀ နီးပါးဖိုးခန့် ရှိုပြီး လွန်ခဲ့သော နှစ်များစွာကတည်းကပင် တိုကင်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြကြောင်း စုံစမ်းသိရှိရသည်။

အာဏာပိုင်များက တိုကင် ထုတ်ပေးသူ ဈေးဆိုင်ပိုင်ရှင်များကို ဖမ်းဆီးသည်သာမက ယခုအခါ တိုကင် သုံးစွဲခွင့်ကိုပါ ရုတ်တရက် ပိတ်ပင် လိုက်ခြင်းကြောင့် ပြသနာများ ပိုမို ရှုပ်ထွေးသွားပြီး ဆင်းရဲသား ပြည်သူများကို နစ်နာမူ ဖြစ်စေသည်ဟု မြို့လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ပြသနာရဲ့ ဇစ်မြစ်ကို အရင် မရှင်းပဲ ဒီလို ရုတ်တရက် ပိတ်ပင် လိုက်တာဟာ ပြသနာတွေကို ပိုမို ရှုပ်ထွေးသွားအောင် လုပ်လိုက်တာနဲ့ တူတယ်။ ဒီတိုကင်တွေ လည်ပတ်နေတာ ကြာပီဆိုတော့ ဒီလို ပိတ်လိုက်တာဟာ သာမန် ဆင်းရဲသား ပြည်သူတွေကို ထိခိုက်နစ်နာသွားအောင် လုပ်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အများကတော့ ခုလို လုပ်လိုက်တဲ့ အပေါ် အထူး မကျေမနပ် ဖြစ်နေကြပါတယ်” ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရ အနေဖြင့် ငွေအကြွေ စက္ကူ ရှားပါးနေသဖြင့် ပြည်သူများ ဈေးဝယ် ဈေးသုံးရာတွင် လွယ်ကူချော့မွေ့နိုင်ရေး အတွက် အစိုးရဘဏ်များမှ တဆင့် ငွေကြွေ အသစ်များကို လှဲလှယ် ထုတ်ပေးနေကြောင်း ကျေညာသော်လည်း မောင်တောမြို့ အပါအ၀င် ရခိုင်ပြည်နယ်တွင် ထုတ်ပေး လှဲလှယ် ခြင်း မရှိကြောင်း သိရသည်။

ယခု ဖမ်းဆီးမူကို မောင်တောခရိုင် ဥက္ကဌသစ် ထွန်းနိုင်လင်း အမိန့်အရ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ မောင်တောမြို့နယ်အတွင်း အာဏာပိုင်များက ယခုကဲ့သို့ ပုဂ္ဂလိက ငွေတိုကင်များကို ပိတ်ပင်လိုက်ပြီးနောက် ငွေအကြွေ လည်ပတ်မှုရှိလာစေရန် မြန်မာ့ စီးပွားရေးဘဏ် ဒေသ ဌာနခွဲမှ အာမခံ တိုကင်များကို များမကြာမှီ ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

အစစ်အဆေးတင်းကျပ်မှုကြောင့် ခရီးသွားများအခက်အခဲဖြစ်

ဇော်ကြီး။

ကချင်ပြည်နယ်အတွင်း အာဏာပိုင်အဖွဲ့အစည်းများက တင်းတင်းကျပ်ကျပ် စစ်ဆေးနေသဖြင့် ခရီးသွားပြည်သူ များသွားလာရေးအခက်တွေ့နေရသည်။

မြစ်ဆုံရေကာတာစီမံကိန်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ပြည်နယ်အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး ရထား လမ်းနှင့် ကားလမ်းများတွင် ကျပ်တည်းစွာစစ်ဆေးနေသဖြင့် ပြည်သူလူထုအခက်အခဲ ဖြစ်နေရသည်ဟု ဒေသခံ ခရီးသွားတစ်ဦးက ယခုလိုပြောသည်။

“အခုလက်ရှိကျနော်တို့ ရထားပေါ်မှာရော၊ ကားပေါ်မှာရော သူတို့ ပြည်သူ့ရဲတွေက အုပ်စု ဖွဲ့ပြီးတော့ ရှာဖွေရေးလုပ်နေတာတွေရှိတယ်။ အခုမိုင်းကွဲတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး သူတို့ရှာဖွေရေး လုပ် တာတွေက ကြိုကြိုကြားကြားနိုက်တဲ့အထိပေါ့ဗျာ။ မရှက်မကြောက်နဲ့ လုပ်တဲ့အခါကျတော့ ခရီးသွား တွေအတွက် တော်တော်လေး အနှောင့်အယှက်ဖြစ်တယ်။”

အာဏာပိုင်တို့က ဖောက်ခွဲရေးပစ္စည်း၊ မူးယစ်ဆေးဝါးနှင့် တရားမ၀င်မှောင်ခိုပစ္စည်းများကို စစ်ဆေးရန် အ ကြောင်းပြပြီး လူထုထံငွေညှစ်နေခြင်းသာ ဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။

“အ၀တ်အစားခပ်ညံ့ညံ့ဝတ်တယ်။ လက်ထဲမှာငွေက သိန်းဂဏန်း အထက်ဆိုရင်ဘယ်ကရလဲ၊ ဘာလုပ် လဲ ဘာညာပေါ့ဗျာ အတင်းမေးတော့တာ။ ဒီထက်များတဲ့သူတွေဆိုရင် သီးသန့်ခေါ်ပြီးတော့ကို သီး ခြားစစ်ဆေးတာတွေဗျ။စစ်ဆေးတယ်ဆိုတာကလည်းအမှန်ကငွေညှစ်တဲ့သဘောပါပဲ။ ဘာအထောက် အထားမှ မတွေ့ရင်လည်း ငွေထုတ် နည်းနည်းကြီးလို့ရှိရင် ခေါ်ယူစစ်ဆေးတော့တာပဲ။”

ထို့အပြင် မြစ်ကြီးနားမှ တရုတ်ပြည်နယ်စပ် လိုင်ဇာမြို့၊ ဗန်းမော်မြို့နှင့် ပူတာအိုဒေသ သို့သွားသည့် ကားလမ်း များတွင်လည်း တင်းကျပ်သည့်စစ်ဆေးမှုကြောင့် ကားသမားနှင့် ကုန်သည်များ အခက်အခဲဖြစ်ယုံသာမက ကုန် ဈေးနှုန်းပါမြှင့်တက်လာခဲ့သည်ဟု ကုန်သည်များကပြောကြောင်း ဆက်ပြောသည်။

“ပစ္စည်းတွေချခိုင်းတယ်။ စစ်ဆေးတယ်ဆိုတဲ့ခါကျတော့ ယာဉ်မောင်းနဲ့ စပယ်ယာတွေက တင်လိုက်ချ လိုက်လုပ်ရတဲ့ခါကျတော့ ပင်ပန်းတာပေါ့ဗျာ။ တချို့ငှားချရတာတွေ၊ ဘာတွေ ရှိတော့ ငွေကမလိုအပ် ပဲနဲ့ ကုန်ရတဲ့ခါကျတော့ အဲဒီမှာကုန်ဈေးနှုန်းတန်ဖိုးတွေက စားသုံးသူတွေလက်ထဲရောက်ရင် မတရား မြှင့်တက်လာတာမျိုးပေါ့။”

လွန်ခဲ့သည့် ဧပြီလ(၁၇) ရက်နေ့က မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လုံခြုံရေးများတင်းကျပ်စွာချထားခဲ့သည်။

ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ မသင်္ကာသူများကို စစ်အစိုးရက ဖမ်းဆီးစစ်ဆေး နေသော်လည်း တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။

ယမန်နေ့နေ့လည်က မြစ်ကြီးနားမှ မန္တလေးမြို့သို့သွားသည့် ရထားလမ်းကြောင်းပေါ်ရှိ နန်ကွေ့ဘူတာအနီး ထောင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာ၌ ဖော်ပြထား သည်။


ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး သေဆုံး

မင်းသက် | တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်အမြန်လမ်းတွင် ကားဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးမှု မေလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မောင်ဆက်နိုင်လင်း (ခ) ဖိုးတီလုံး အသက် ၁ နှစ်နှင့် ၄ လသည် အမှတ် ၁ မင်္ဂလာဒုံဆေးရုံကြီးတွင် စနေနေ့ည ၇ နာရီကျော်တွင် ကွယ်လွန်သွား၍ ယနေ့ နေ့လယ်တွင် ရေဝေးသုသာန်တွင် သဂြိုဟ်ခဲ့သည်။

မြို့တော်ဝန်၏ သားဖြစ်သူ ဗိုလ်ကြီးဇော်ဇော်အောင်နှင့် သူ၏ဇနီး ဒေါ်ခင်ဆွေရီတို့မှာလည်း ထိခိုက် ဒဏ်ရာပြင်းထန်၍ အမှတ် ၁ တပ်မတော်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။

နံရိုးများကျိုးသွားကာ မျက်နှာ၊ ခြေ၊ လက်နှင့် မျက်လုံးတို့ ထိခိုက် ဒဏ်ရာများ ရရှိသွား၍ ပတ်တီးများ စည်းနှောင်ထားသော ဗိုလ်ကြီးဇော်ဇော်အောင်မှာ တွန်းလှည်းဖြင့် နာရေးသို့ လာရောက်ခဲ့သည်ကို တွေ့ရကြောင်း ရန်ကုန် စည်ပင်ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန်နှင့် သူ၏ဇနီး ဒေါက်တာ ဒေါ်ခင်ဆန်းနွယ်တို့က ကား ၁ စီး၊ ဗိုလ်ကြီးဇော်ဇော်အောင် မိသားစုက ကား ၁ စီးဖြင့် ပြန်လာကြစဉ် တိမ်းမှောက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

ဦးတေဇနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီး ၃ ဦး ဘဏ် တည်ထောင်ခွင့်ရ

ရန်ပိုင် Monday, May 31, 2010

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ၄ ဦးကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုကြောင်း သိရသည်။

ဦးတေဇ (ထူး ကုမ္ပဏီ)၊ ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးနေအောင် (IGE)၊ ဦးချစ်ခိုင် (ဧဒင် အုပ်စု ကုမ္ပဏီ) တို့ကို ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် စစ်အစိုးရ၏ အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေး (လေးလပတ် အစည်းအဝေး) အပြီးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“အစိုးရနဲ့ နီးစပ်လွန်း အားကြီးတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ တော်တော် များများ လျှောက်ကြတာပဲ၊ ဒါပေမယ့် ၄ ဦး ကိုတော့ လုပ်ကိုင်ခွင့်ပေး လိုက်တယ်”ဟု ၎င်းက ဆိုသည်။

ဦးတေဇက အေးရှား ဂရင်း ဘဏ် (Asia Green Bank)၊ ဦးဇော်ဇော်က ဧရာဝတီ ဘဏ်၊ ဦးနေအောင်က အမရာ ဘဏ်၊ ဦးချစ်ခိုင် က မြန်မာ့ရှေ့ဆောင် ဘဏ် စသည့် အမည်များဖြင့် ဖွင့်လှစ်မည်ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် စီးပွားရေး လုပ်ငန်းရှင်ကြီး ၆ ဦး က စစ်အစိုးရထံ လျှောက်ထားသော်လည်း ၄ ဦးကို သာ ခွင့်ပြု ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

စစ်အစိုးရ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးနှင့် နီးစပ်သည့်စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် (စတီဗင်လော) နှင့် Alpine သောက်ရေသန့် ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း တို့ကိုမူ လုပ်ကိုင်ခွင့် ပေးခြင်းမရှိဟု သိရသည်။

၁၉၈၈ ခုနှစ် မတိုင်မီ ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အုပ်ချုပ်စဉ်က ဘဏ်လုပ်ငန်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပြုခြင်းမရှိပေ။

စစ်အစိုးရ က ဘဏ် လုပ်ငန်းအား ၁၉၉၂ ခုနှစ်မှ စတင်ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးများကို လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ရန် ခွင့်ပြုခြင်း မရှိတော့ပေ။

၁၉၉၃ ခုနှစ်တွင် ဒေါက်တာ စိန်မောင်ကို ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုးMr Surge Pun ခေါ် ဦးသိန်းဝေကို ရိုးမ ဘဏ်၊ ဦးအိုက်ထွန်းကို အာရှဓန ဘဏ်၊ ဦးကျော်ဝင်းကို မေဖလားဝါး ဘဏ်နှင့် မြန်မာယူနီဗာဆယ် ဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ် စသည်ဖြင့် ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုက မေဖလားဝါး ဘဏ်နှင့် အာရှဓန ဘဏ်တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိသည့် တရားမ၀င် ငွေကြေး များကို ခ၀ါချမှု ပြုလုပ်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာသည့် နောက် ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက မေဖလားဝါး ဘဏ်၊ အာရှ ဓန ဘဏ်တို့ကို လုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့သည်။ ထိုအချိန်မှ စတင်၍ မြန်မာ့ဘဏ်လုပ်ငန်းလည်း ပြည်တွင်းငွေ အလွှဲ အပြောင်း လုပ်ကိုင်သည့် အဆင့်သို့ လျော့ကျခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အခြေစိုက် စီးပွားရေးပညာရှင် တဦး က“ဘဏ်တွေများလာတာ ကောင်းပါတယ်၊ ဘဏ်စနစ်ကို အသုံးပြုတဲ့ အလေ့ အထ ပိုများပြီး ပြိုင်ဆိုင်မှု ပိုများလာမယ်”ဟုဆိုသည်။

သို့သော် နိုင်ငံခြားဘဏ်များနှင့် ငွေကြေးဆက်သွယ်သည့် လုပ်ငန်းများကို အစိုးရ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်(MFTB) မှသာ လုပ်ကိုင်ခွင့်ရှိသဖြင့် ယခုဖွင့်လှစ်မည့် ဘဏ်များသည် ငွေသွင်းငွေထုတ်နှင့် ပြည်တွင်းငွေလွှဲ ပြောင်းမှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ရှိမည်ဟု ထင်ကြောင်း ၎င်းက ပြောဆိုသည်။


ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြေမြုပ်လိုက်ခြင်းဖြစ်သည်ဟုဆို

ရိုးမ ၃။

ဒီပဲယင်းလုပ်ကြံမှုသည် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အပြီးအပိုင် မြေမြုပ်လိုက်ပြီး နိုင်ငံတော် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောသည်။


ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု (၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နအဖ စစ်အုပ်စုရဲ့ ဒီပဲယင်းလုပ်ကြံမှုဟာ အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုတင်မက နိုင်ငံတော်လုပ်ကြံမှုလည်း ဖြစ်ပြီး တကယ့်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်လို့ ကျနော်တို့အနေနဲ့ သေချာဖော်ထုတ်ပြီး တရားစွဲဆိုဖို့ ညီညီညွှတ်ညွှတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် မကွေးတိုင်း၊ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ် ဒေါ်စန်းစန်းတို့က ဒီပဲယင်း လုပ်ကြံမှုအဖြစ်အပျက်များကို ပြန်လည် ပြောခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ စည်းရုံးရေးခရီးသွားသည့် မော်တော်ယာဉ်တန်းကို ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပြင် ကျဉ်ရွာအနီး၌ တုတ်၊ ဓား၊ လက်နက်မျိုးစုံ ကိုင်ဆောင်စောင့်ဆိုင်းနေသော စစ်အာဏာပိုင်များ ဦးဆောင်သည့်အုပ်စုက လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ကြံမှုအပြီး စစ်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ လူ ၄ ဦးသေဆုံးပြီး (၅၀) ခန့်ဒဏ်ရာရခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း မျက်မြင်သက်သေများက ပြောဆိုရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ အပါအဝင် လူပေါင်း ရာနဲ့ချီသေဆုံးခဲ့သည်ဟု ပြောသည်။

ယင်းလုပ်ကြံမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှ ၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇၀)ဦးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ကိုဖီအာနံ ထံ ဒီပဲယင်းလုပ်ကြံမှုအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပေးရေး လက်မှတ်ရေးထိုးပြီး တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေထံသို့ လိပ်မူ၍ ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဒီပဲယင်းလုပ်ကြံမှုအပြီး ဒေါ်ဆောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံရသူများ ပြန်လွှတ်ပေးရန်တောင်းဆို ခဲ့သော်လည်း စစ်အစိုးရအနေဖြင့် ယနေ့အထိ တစုံတရာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိပေ။

ယနေ့ပြုလုပ်သည့် ဒီပဲယင်းအမှတ်တရ အခမ်းအနားကို လူထုတိုက်ပွဲ ကော်မတီက ဦးဆောင်၍ အဆိုပါ လုပ်ကြံမှုအတွင်း သေဆုံးခဲ့သူများကို ရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်လှူပြီးနောက် ဒီပဲယင်းအဖြစ်ပျက် အမှတ်တရ စကားဝိုင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



မိုင်းယန်းမြို့၌ ကြံ့ဖွံ့ပါတီနှင့် ပြည်သူ့စွမ်းအားရှင်တို့အဖွဲ့ဝင်စုဆောင်း

မွေခေါဝ်

သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကြံ့ဖွံ့ပါတီနှင့်ပြည်သူ့စွမ်းအားရှင်တို့က သြဇာအာဏာသုံး၍ အဖွဲ့ဝင်များ ရှာဖွေစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယန်းမြို့ရှိ ၁၁ ရပ်ကွက်မှ ရပ်ကွက်အကြီးအကဲအသီးသီးအား တစ်ရပ်ကွက်လျှင် ပြည်သူ့စွမ်းအားရှင်အဖွဲ့ အတွက် ၁၀ ယောက်၊ ကြံ့ဖွံ့ပါတီအတွက် အယောက် ၂၀ ရှာဖွေစုဆောင်းပေးရန် အာဏာပိုင်များက ဖိအားပေး တောင်းဆိုထားသည်ဟု ရပ်ကွက်အကြီးအကဲတစ်ဦးက ပြောပါသည်။

ပြည်သူ့စွမ်းအားရှင်အဖွဲ့အတွက် မြို့နယ်မှူးနှင့်အပေါင်းပါ ၈ ယောက်က မေ ၂၅ ရက်နေ့တွင် အချို့ရယကဥက္ကဋ္ဌ နေအိမ်များအထိ သွားရောက်ဖိအားပေးစည်းရုံးစုဆောင်းလျက်ရှိသည်။

မို့နယ်မှူးရဲအုပ်က “သဘာဝဘေးအန္တရာယ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာတွေမှာ ခင်ဗျားတို့ ပါဝင်ကူညီပြီး တိုင်းပြည်အကျိုး၊ ရပ်ရွာအကျိုး အတူတကွသယ်ပိုးလုပ်ကိုင်ကြဖို့၊ နိုင်ငံတော်အေးချမ်းသာယာရေးအတွက်အကြမ်းဖက် သောင်းကျန်းသူတွေကိုချေမှုန်းရာမှာ ကျနော်တို့နဲ့လက်တွဲဖို့ စွမ်းအားရှင်နဲ့ပူးပေါင်းရမယ်။ ဒီတရားမ၀င်တဲ့လက်နက်ကိုင် အဖွဲ့တွေဟာ ကောင်းတဲ့သူတွေမဟုတ်ဘူး။ သူတို့ကိုနားချပြောလည်း သဘောမပေါက် လက်မခံကြဘူး”ဟု ပြောဆို စည်းရုံးကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

ရပ်ကွက်အကြီးအကဲနှင့်ရပ်ကွက်သားအချို့က “အစိုးရက ကျနော်တို့ရဲ့မိသားစုကို ကူညီထောက်ပံ့ပြီး လုံခြုံမှုအပြည့် အ၀ပေးနိုင်မယ်ဆိုရင် ကျနော်တို့ စွမ်းအားရှင်အဖွဲ့ထဲပါဝင်ဖို့ ၀န်မလေးပါဘူး။ လစာငွေ၊ ဆန်စတဲ့အထောက်အပံ့တွေ ပေးမယ်ဆိုပြီး တခါမှလည်းမပေးဘူး။ ကျနော်တို့က မြို့မှာနေပေမဲ့ မြို့ပြင်ကျေးရွာတွေမှာ ၀မ်းစာအတွက်ရှာဖွေ စားသောက်ရတယ်။ ကျနော်တို့အပေါ် သူများအမြင်မှားမှာကြောက်တယ်”ဟု ပြန်လည်ပြောဆို ကြောင်းသူကဆက်လက် ပြောပါသည်။

ပြည်သူ့စွမ်းအားရှင်အဖွဲ့ထဲဝင်ရောက်ရန် လွန်ခဲ့သော ၃ နှစ်က မိုင်းယန်းမြို့အာဏာပိုင်တို့ စည်းရုံးသိမ်းသွင်းခဲ့သော် လည်း မည်သူမျှမလုပ်ကြောင်း၊ ပြည်သူ့စွမ်းအားရှင်ဆိုသူများသည် မိုင်းယန်းတွင်လာရောက်နေထိုင်သော ကြံ့ဖွံ့၊ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်ဗမာများသာ ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်ကြံ့ဖွံ့ပါတီ EC များကလည်း မေ ၂၆ ရက်၌ မိုင်းယန်းမြို့ ၁၁ ရပ်ကွက်မှ သျှမ်း၊ လားဟူ၊ ၀၊ အခါ စသည့် တိုင်းရင်းသားပေါင်းစုံအား ပါတီဝင်အဖြစ်သိမ်းသွင်းရန် လိုက်လံစာရင်းကောက်စုဆောင်းလျက်ရှိသည်။

လိုက်လံစည်းရုံးသိမ်းသွင်းနေကြသည့် ကြံ့ဖွံ့ပါတီ EC များမှာ ပါမိုင်ရပ်ကွက်နေ လားဟူအမျိုးသား ဦးစောဝေး (၅၀ နှစ်)၊ စိုင်းမွန်း (၅၀ နှစ်)၊ ဈေးတန်းရပ်ကွက်နေ၊ အနာကြီးရောဂါကုဆရာဝန်ဇော်ဝင်းထွဋ် (၅၀ နှစ်)နှင့်အ၀တ်အထည် ဆိုင်ပိုင်ရှင် စိုင်းဆန်ဆမ် ( ၅၀ နှစ်)တို့ဖြစ်ကြသည်။

ပါတီဝင်အဖြစ်လက်ခံသော ရပ်ကွက်သူရပ်ကွက်သားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံများရိုက်ယူသွားကြောင်း၊ အချို့ ကာယကံရှင်မသိဘဲ နာမည်များကောက်ယူသွားကြောင်းလည်းရှိသည်ဟု သိရှိရသည်။

မိုင်းယန်းမြို့တွင် မည်သည့်တိုင်းရင်းသားပါတီမှ လာရောက်စည်းရုံးမဲဆွယ်ခြင်းမရှိသေးဘဲ ကြံ့ဖွံ့ပါတီတစ်ခုတည်း သာစတင်စည်းရုံးမဲဆွယ်လှုပ်ရှားလာသည်ဟုဆိုသည်။


စစ်သားစုဆောင်းရာမှ ကလေးငယ်တဦး သေဆုံး

လွန်းဒင်။

မီးရထားလမ်း လုံခြုံရေးတပ်က ကလေးစစ်သားအဖြစ် စုဆောင်းခြင်းကို လက်မခံပဲ ထွက်ပြေးသူကို သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ်တဦး သေဆုံးခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

ယခုလ (၁၆) ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဝါးရုံကုန်း ကျေးရွာအုပ်စု၊ စံဖဲကျေးရွာမှ မောင်တင်မင်းနိုင်ကို ပြွန်တံဆာ မီးရထား လုံခြုံရေးအစောင့် တာဝန်ကျသည့် ခမရ (၅၈၆)မှ တပ်သားများက စစ်အသားအဖြစ် စုဆောင်းခြင်းကို လက်မခံဘဲ ထွက်ပြေးသည့်အတွက် သေနတ်ဖြင့် လှမ်းပစ်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တင်မင်းနိုင်နဲ့ သူ့သူငယ်ချင်းနှစ်ယောက်က ညဘက် ငါးရှာ၊ ဖါးရှာသွားတော့ ရထားလမ်းကင်းစောင့်တဲ့ စစ်သားတွေက သူတို့ကိုဖမ်းပြီး စစ်ထဲဝင်ရမယ်လို့ပြောနေတုန်း တင်မင်းနိုင်က မဝင်ချင်လို့ ထွက်ပြေးဖို့ ကြိုးစားတော့ စစ်သားတယောက်က သေနတ်နဲ့ နှစ်ချက်ပစ်တယ်၊ မသေသေးတော့ ခက်ရင်းနဲ့ထိုးသတ်ပြီး ဒိုက်ပုံကြားထဲ ထိုးပြီး မြုပ်ပစ်လိုက်တာ” ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။

အဆိုပါဖြစ်စဉ်ကို တင်မင်းနိုင်နှင့်အတူ ပါသွားသည့် သူငယ်ချင်းဖြစ်သူ မောင်ကျော်ဝင်းက ပြန်လည်ပြောပြသည့်အတွက် သိရခြင်းဖြစ်ပြီး မောင်ကျော်ဝင်သည်လည်း အဆိုပါဖြစ်ရပ်ကို မြင်တွေ့ပြီး ကြောက်လန့်ကာ စိတ်အခြေအနေ မမှန်ဖြစ်နေသည်ဟု ပြောသည်။

“အဲလိုဖြစ်တော့ မောင်ကျော်ဝင်းက ကြောက်လန့်ပြီး စစ်သားအဖြစ် စုဆောင်းခံတယ်၊ ပြွန်တံဆာအခြေစိုက် စစ်သားစုဆောင်းရေးတပ်က မောင်ကျော်ဝင်းကိုကြည့်ပြီး စိတ်မူမမှန်လို့ ပြန်လွှတ်လိုက်တော့ တင်မင်းနိုင်ဆုံးတာကို သိလို့ ပြွှန်တံဆာ ရဲစခန်းက စစ်ဆေးတာတွေတော့ လုပ်နေတယ်” ဟု ပြောသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ပြွန်တံဆာ စစ်သားစုဆောင်းရေးတပ်က မည်သူကိုမှ တိုင်ကြားခြင်း မပြုရန်ပြောဆိုပြီး အသုဘ စရိတ်ထုတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု တင်မင်းနိုင်၏ ဆွေမျိုးတော်စပ်သူက ဆက်ပြောသည်။

“စုဆောင်းရေးတပ်အရာရှိက ငွေငါးသိန်းလာပို့ပြီး ခြိမ်းခြောက်တဲ့သဘော ပြောဆိုတာတွေ ရှိတယ်၊ အာဏာပိုင်တွေဘက်ကလည်း တပ်နဲ့ပတ်သက်နေတော့ အခုထိ ဘယ်လိုလုပ်မယ်ဆိုတာ မသိသေးဘူး၊ ကျနော်တို့ကတော့ သူတို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေတုန်းဘဲ” ဟု ဆက်ပြောသည်။

သေဆုံးသွားသူ တင်မင်းနိုင်မှာ အသက် (၁၆)နှစ်ဖြစ်ပြီး ၎င်း၏ သူငယ်ချင်းမောင်ကျော်ဝင်းမှာ အသက် (၁၅) နှစ်သာရှိသေးကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရအနေဖြင့် မြန်မာ့တပ်မတော်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များမရှိကြောင်း ပြောဆိုနေသော်လည်း ယခုကဲ့သို့ ကလေးစစ်သားစုဆောင်းမှုများမှာ နေရာအနှံ့ဖြစ်ပွားနေလျှက်ရှိပြီး စစ်သားစုဆောင်းရာတွင် အသက်ကို သတ်ဖြတ်သည့် ရာဇဝတ်မှုများကိုပင် ကျူးလွန်လျက်ရှိသည်။


ပွဲမပြီးသေးပါ

အောင်ဇော်

သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ မြန်မာ့နိုင်ငံရေးသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဖြစ်နေသော “ရောင်စုံနိုင်ငံရေး” ကဲ့သို့ ဖြစ်လာမည့် အလားအလာမရှိ၊ ကိုယ်အဖြူ သူအမည်း ခပ်ပြတ်ပြတ်နိုင်ငံရေးတွင်သာ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။


၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ရွေးကောက်ပွဲဝင်ရန် မှတ်ပုံမတင်ဟု ဆုံးဖြတ်ချက် ချလိုက်ခြင်းက မြန်မာနိုင်ငံ၌ နိုင်ငံရေးအရကွဲပြားမှု နက်နက်ရှိုင်းရှိုင်း ရှိနေ သေး သည်ဟု ပြဆိုလိုက်ခြင်းဖြစ်သည်။

ပါတီဆိုင်းဘုတ်မဖြုတ်ခင် ယခုရက်သတ္တပတ်တွင် NLD က ရန်ကုန် ဗဟိုဌာနချုပ်၌ နောက်ဆုံးအကြိမ် အစည်းအဝေး လုပ်နေချိန် တွင် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများနှင့် အတိုက်အခံများက ပါတီနှင့် ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံး၏ အနာဂတ် အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားပါတီခေါင်းဆောင်များ၏ အခန်းကဏ္ဍကို ပြင်းပြင်းထန်ထန် ဆွေးနွေးငြင်းခုံခဲ့ကြသည်။

လက်တွေ့ ၀ါဒီသမား တော်တော်များများ၊ တော်လှန်ရေးလှုပ်ရှားတက်ကြွသူများနှင့် ရွေးကောက်ပွဲထောက်ခံသူများပင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည် အတွက် စာနာကြသည်။ သူတို့ကို မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွင် ဆက်လက်ဦးဆောင် ပါဝင် စေလိုကြ သည်။ NLD အပေါ် တချို့ ဝေဖန်ချက်များသည် စာနာမှုကို အခြေခံထားသည်။ အဘယ်ကြောင့်ဆိုသော် ဝေဖန်သူများက NLD ကို ပိုကောင်းသော နိုင်ငံရေးဗျူဟာ၊ နည်းနာများနှင့် အကင်းပါးစေလိုကြခြင်းကြောင့်ဖြစ်သည်။

စတင်ဖွဲ့စည်းတည်ထောင်သည့် ၁၉၈၈ ခုနှစ်စ၍ NLD သည် မည်သည့်အခါကမှ တရားဝင် အတိုက်အခံ နိုင်ငံရေးပါတီတခုအဖြစ် ရပ်တည်လှုပ်ရှားနိုင်ခွင့် မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီခေါင်းဆောင် တော်တော်များများသည် နှစ်ရှည် အကျဉ်းချခံ နေရခြင်း သို့ပမဟုတ် နေအိမ်အကျယ်ချုပ် ကျခံနေဆဲဖြစ်သည်။

NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ် မပြုခဲ့သည် သာမက ပါတီခေါင်းဆောင်မှုကို ဖျက်ဆီးခဲ့သည့်အပြင် ပါတီဝင် တော်တော်များများကိုလည်း ဖမ်းဆီး ထောင်ချခဲ့သည်။

စစ်အစိုးရသည် ရက်စက်ကြမ်းကြုတ်စွာ ရန်ငါစည်းပြတ်ပွဲကို ကစားခဲ့သည်။ ယခုအချိန်တွင် ပါတီဖျက်သိမ်းရမည့် အခြေအနေ အပေါ်၌ စစ်အစိုးရက ၎င်း၏ ရည်မှန်းချက် အထမြောက်ပြီဟု ခံစားမိကောင်း ခံစားနိုင်သည်။ မိမိအနေဖြင့် ထိုသို့ မထင်ပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များက သူတို့သည် မည်သည့်အခါမှ ပြည်သူလူထုကို ကျောခိုင်းသွားမည် မဟုတ် သကဲ့သို့ ဒီမိုကရေစီတိုက်ပွဲကိုလည်း စွန့်ခွာသွားမည်မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ပြီးဖြစ်သည်။ ပါတီ ဆိုင်းဘုတ် နှင့် ပါတီ အလံများကို လူအများမြင်သာသည့်နေရာတွင် ဆက်လက်ချိတ်ဆွဲထားမည်ဟုလည်း ပါတီ ခေါင်းဆောင်များက သံန္နိဌာန် ချထားသည်။ ဤသို့ ပြုမူခြင်းသည် စစ်အစိုးရက NLD ကို နှိမ်နင်းရန် ဖိတ်ခေါ်သလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

ပိုမိုသာယာလှပသော မြန်မာနိုင်ငံတော်ကို မမြင်တွေ့ရခင် နိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် လူမှုရေး မငြိမ်သက်မှုများ မလွှဲ မရှောင်သာ တိုးပွားလာပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ (သို့မဟုတ်) နိုင်ငံရေးလှုပ်ရှားမှု ကို ဦးဆောင်နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ သြဇာတိက္ကမကြီးသော ခေါင်းဆောင်တဦးအဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ယခုလက်ရှိ အကျဉ်းထောင်အတွင်း အကျဉ်းချခံနေရသော ထင်ရှားသည့်ခေါင်းဆောင်များကို ပြန်လွှတ်ပေးသင့်ပြီး အတိုက်အခံ လှုပ်ရှားမှုအတွင်း ၎င်းတို့ကို ပြန်လည် ပါဝင်ခွင့် ပြုသင့်သည်။

ထွက်ပေါ်လာမည့် အစိုးရအသစ် (သိုးရည်ခြုံထားသော ၀ံပုလွေအလား) သည် အစဉ်အလာကြီးမားသော ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်း၏ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတောင်းဆိုချက်များ၊ တိုက်ပွဲဝင်ရန် အသင့်ရှိနေသော ဒီမိုကရေစီလှုပ်ရှားမှု၊ အယူအဆ ပြင်းထန်သော လှုပ်ရှားတက်ကြွသူများ၊ မခန့်မှန်းနိုင်သော နိုင်ငံရေးပဋိပက္ခ၊ အကဲဆတ်သော တိုင်းရင်းသားရေးရာကိစ္စရပ်များ နှင့် လက်နက်ကိုင်တိုင်းရင်းသား သူပုန်များစသည့် အခြေခံစိန်ခေါ်ချက်များကို ဆက်လက် ရင်ဆိုင်နေရ ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလှုပ်ရှားမှုအပေါ် နိုင်ငံတကာမှထောက်ခံမှုသည် သိသိသာသာ တိုးလာနိုင်သည်ဟု မျှော်လင့် မထားနိုင်သော်ငြား ဆက်လက်အားကောင်းနေပေလိမ့်မည်။ တိုက်ပွဲက မပြီးသေးပါ။ NLD ရှိသည်ဖြစ်စေ၊ မရှိတော့ သည်ဖြစ်စေ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများအတွက် ဆန္ဒများကတော့ ပကတိအတိုင်း ဆက်ရှိနေဦးမည်သာ ဖြစ်သည်။

ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ (အခုပုံစံအတိုင်းဆိုရင် ရွေးကောက်ပွဲဆိုသည်ထက် ရွေးချယ်ပွဲပုံ ပိုပေါ်နေသည်။) သည် လက်ရှိ အရပ်သား- စစ်တပ် ဆက်ဆံရေး ချိန်ခွင်လျှာကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရသည် တဖက် သတ် အင်အားသုံး မူဝါဒ ယန္တရားကို အသုံးပြုနေခြင်းကြောင့်ဖြစ်သည်။ အဆိုးဘက်လျော့ပြီး ပို၍ ပျော့ပြောင်းသော အစိုးရတခု အာဏာရလာသည်ကို တွေ့ရနိုင်သည်။ သို့သော် အခြေခံကျကျ အဓိပ္ပာယ်ရှိသော အပြောင်းအလဲများ မြန်မာနိုင်ငံတွင် မဖြစ်ပေါ် လာနိုင်ပေ။

တိုင်းရင်းသား လူမျိုးစုများရေးရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အဓ္ဓမ လုပ်အားပေး ခိုင်းစေခြင်းများ၊ နိုင်ငံတွင်း အိုးအိမ်မဲ့လှည့်လည်နေထိုင်သူများ၊ ဒုက္ခသည်များနှင့် အိမ်နီးချင်းနိုင်ငံများတွင်ရှိနေသော သန်းချီသည့် အကူအညီမဲ့ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ကိစ္စရပ်များကိုကား ဖြေရှင်း၍ရလိမ့်ဦးမည် မဟုတ်ပေ။

ဗမာတိုင်းရင်းသားများကြီးစိုးထားသော စစ်အစိုးရသည် တိုင်းရင်းသားလူမျိုးစုများ၏ မျှော်မှန်းချက်ကို နားမလည်သည် သာမက တိုင်းရင်းသားများ မည်သည့်အတွက်ကြောင့်လက်နက်ကိုင် တိုက်ပွဲဝင်ရသည်ကိုပင် နားမလည်ကြသောကြောင့် တိုင်းရင်းသား ကိစ္စသည် အစိုးရအသစ်ကို ဆက်လက် ရင်ဆိုင်အံတုနေဦးမည် ဖြစ်သည်။

“သူတို့တွေ (တိုင်းရင်းသားအုပ်စုများ) ငါးသုံးလုံးစီးကရက် ကြိုက်သလောက် သောက်ပါစေ၊ ဘလက် လေဘယ်လ် ၀ီစကီ ကြိုက် သလောက်သောက်ပါစေ၊ အဲဒီဒေသတွေ တည်ငြိမ်နေသရွေ့ကိစ္စမရှိဘူး”ဟု တခါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၀န်ကြီး အစည်း အဝေးတခု၌ ပြောင်မြောက်စွာ ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။

သို့သော် တိုင်းရင်းသားခေါင်းဆောင်များသည် ငါးသုံးလုံး စီးကရက်နှင့် ဘလက်လေဘယ်လ်အတွက် တိုက်ပွဲဝင်နေကြခြင်း မဟုတ်။ တိုင်းရင်းသားကိစ္စရပ်များအတွက် အဖြေတခုမရှိပါက မြန်မာနိုင်ငံတွင် နိုင်ငံရေးအသွင်ကူးပြောင်းမှုလည်း ရှိနိုင်မည် မဟုတ်ပေ။

အနာဂတ်အစိုးရအတွင်းရှိ အဓိကနေရာများတွင် စစ်တပ်က လုံးဝထိန်းချုပ်ထားမည်ဖြစ်သောကြောင့် နိုင်ငံတကာ အမြင်တွင် နေပြည်တော်သည် ဂုဏ်သိက္ခာမရှိသော၊ တရားဝင်မှုမရှိသည့် အပါယ်ခံတဦးအဖြစ် ဆက်လက်တည်ရှိနေပေလိမ့်မည်။ ဒေသ တွင်း နှင့် နိုင်ငံတကာအမြင်တွင်လည်း မြန်မာနိုင်ငံသည် “လူဆိုးစာရင်းဝင်” အဖြစ် ဆက်လက်ရှိနေပေလိမ့်မည်။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သော နည်လမ်းများ ရှာဖွေကြမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအပေါ်ထားရှိသော ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများအား ဆက်လက် ထိန်းသိမ်းထားပေလိမ့်မည်။ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြားရှိ တိတ်တဆိတ် စစ်ရေးအရ ဆက်ဆံမှုအပေါ်တွင် လည်း အနောက်နိုင်ငံများ နှင့် အိမ်နီးချင်းအစိုးရများက ဆက်လက်အာရုံစိုက်နေကြပေဦးမည်။

မြန်မာစစ်အစိုးရအနေနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ (ဤဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသည် မြောက်ကိုရီးယားနိုင်ငံမှ လက်နက်ဝယ်ယူခွင့်မရှိ။) အတိုင်း လိုက်ပါ ဆောင်ရွက်မှုမရှိပါက အမေရိကန်ပြည်ထောင် စု အနေနှင့် လိုအပ်သလို လွတ်လပ်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် က ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အပြီး မေလ ၁၀ ရက်နေ့၌ ထုတ်ဖေါ်ပြော ကြားခဲ့သည်။

တချိန်တည်းမှာပင် မိမိ မယုံကြည်သည့်အရာကို ယုံကြည်သယောင်ယောင်နှင့် နိုင်ငံတကာမှ အကူအညီပေးနေသည့် အဖွဲ့အစည်းများ အလိုကျ လိုက်ပြောမည့်သူတချို့နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ လှုပ်ရှားမှုကို ချိနဲ့သွားစေရန်အတွက် ယုံတမ်းစကား ပြောနေကြမည့် ဆန္ဒဆွဲစိတ်ကူးယဉ်သမားတချို့လည်း ဆက်ရှိနေဦးမည် ဖြစ်သည်။

တကယ်တမ်းတွင် ရွေးကောက်ပွဲပြီးသည့်အခါ၌ အခင်းအကျင်း အသစ်တခု ပေါ်ပေါက်လာလိမ့်မည်ဟု တချို့က ခပ်လွယ်လွယ် ယုံကြည်ထားကြသည်။ သို့သော် မည်သို့သော အခင်းအကျင်း အသစ်မျိုးပင်ဖြစ်စေ အတုအယောင်သာ ဖြစ်လာလိမ့်မည်။ ဗိုလ်ချုပ်ကြီးများ စစ်ဝတ်စုံမှ အရပ်သားဝတ်စုံပြောင်းဝတ်သည်မှာ စစ်မှန်သော ပြောင်းလဲမှုဟု ယူဆပါက မှားယွင်းပေလိမ့်မည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ့အဖွဲ့ကိုကား လျှော့မတွက်သင့်။ ရှိသမျှနည်းလမ်းဖြင့် အာဏာကို ဆုပ်ကိုင်ထားရန်အတွက် သူတို့တွင် အသက်ကယ် “အရံအစီအစဉ်” များစွာရှိကြသည်။ အကျဉ်းထောင်အတွင်းဖြစ်စေ တိုင်းရင်းသား ပဋိပက္ခ အတွင်းဖြစ်စေ နောက်ထပ်လူပေါင်းများစွာ သေကြေပျက်စီးပါစေ သူတို့ဂရုစိုက်မည် မဟုတ်ပါ။ ဒုက္ခသည်များနှင့် နိုင်ငံတွင်းအိုးအိမ်မဲ့ လှည့်လည် နေထိုင်သူများ၏ ဒုက္ခအကြပ်အတည်းများကလည်း သူတို့အတွက် တုန်လှုပ်စရာ မဟုတ်ပါ။

သန်းရွှေ နှင့် သူ၏ လမ်းပြမြေပုံသည် နိုင်ငံခြားအသိုင်းအ၀ိုင်းမှ လူတစု နှင့် “မြန်မာ့နိုင်ငံရေးဒုက္ခ” ဒဏ်ကို ခံနေရသော ဒေသတွင်း ခေါင်းဆောင် တချို့ကိုသာ လိမ်ညာ၍ ရနိုင်လိမ့်မည်။ သို့သော် မြန်မာပြည်သူများ ကတော့ အလိမ်မခံတော့ပေ။ မြန်မာ့ ငရဲကို သူတို့ ဆက်သည်းမခံနိုင်တော့ပြီ။ သူတို့တတွေ အပြောင်းအလဲ လိုချင်နေကြပြီ ဖြစ်သည်။



ယနေ့ မြန်မာ့ရေးရာ သတင်းများ May,31st,2010

( 29 )Depayin Masterminds Wield Power in USDP

( 28 )ကေအဲန်ပီပီ ခေါင်းဆောင်တဦး ကွယ်လွန်

( 27 )Burma's Opposition Not Optimistic About US Sen Webb's Visit

( 26 )ဗလီကျောင်းတွင်းသို့ ဖိနပ်စီးဝင်သော နအဖ အရာရှိများ အပေါ် ဒေသခံ မူဆလင်များ ဒေါပွ

( 25 )Burmese armed groups eye ‘real Union’

( 24 )စစ်တွေမှ လူငယ်တဦး မြောက်ဦး ဘုရားပွဲတွင် ရေနစ်သေဆုံး

( 23 )Myanmar, S Korean businessmen to seek further economic, trade co-op

( 22 )ယာယီပတ်စပို့များ ထိုင်းဘက်တွင် ထုတ်ပေးရန် ညှိနှိုင်း

( 21 )New opposition registers for elections

( 20 )မီးသတ်ဌာနအပေါ် အထင်အမြင်လွဲမှုများ ရှိနေဟုဆို

( 19 )Myanmar suspends 2 local journals for publishing without censorship

( 18 )ရွှေအမြုတေဆု စာရေးဆရာ ၆ ဦးကို ချီးမြှင့်

( 17 )Boy shot dead for refusing army

( 16 )မြန်မာသို့ လာမည့် တရုတ်ဝန်ကြီးချုပ်ကို လူ့အခွင့်အရေးအဖွဲ့ အကြံပြုစာပေး

( 15 )Asean's new dilemma: Burma's nuclear ambitions

( 14 )မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယား နည်းပညာပေး

( 13 )Tackle Burma problem

( 12 )ဂျင်မ် ၀က်ဘ် ခရီးစဉ် မြန်မာ့အရေး ထူးခြားမှုမရှိနိုင်ဟု ဝေဖန်ခံရ

( 11 )Burma's Nuclear Ambition

( 10 )ကလေးမြို့ လေယာဉ်ကွင်း အနီးရှိ အိမ်များ ပြောင်းရမည်

( 9 )The Dane Behind “Burma VJ” Documentary

( 8 )သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည်ဟု အာဏာပိုင်များ အမိန့်ထုတ်

( 7 )Myanmar gas reserves behind India’s soft line on junta acts

( 6 )ရန်ကုန် မြို့ အ၀င် လှည်းကူး ဂိတ်တွင် တရားမ၀င် လက်နက်များ ဖမ်းဆီးမိ

( 5 )Myanmar, Vietnam to jointly breed sturgeon

( 4 )စစ်ထဲ ၀င်ရန် ငြင်းဆန်သဖြင့် ကလေးတစ်ယောက် ပစ်သတ်ခံရ

( 3 )Burma Junta Deserves A Universal Arms-Embargo

( 2 )ဒီပဲယင်း တိုက်ခိုက်မှု (၇) နှစ် ပြည့်ပေမဲ့ တာဝန်ရှိသူတွေကို အရေးမယူသေး

( 1 )Protest to save Burma

Sunday, May 30, 2010

နအဖအစိုးရမှ ကချင်လူငယ်ခေါင်းဆောင်နှင့် ကချင်လူငယ်များအား ဖမ်းဆီးနေ

KNG

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်အပတ် မေ ၂၃ရက် (တနင်္ဂနွေ) နေ့ ညသန်းခေါင်အချိန်၌ ကချင်လူငယ်ခေါင်းဆောင်တဦး နှင့် လူငယ်အယောက် ၅၀ကျော်အား မြန်မာစစ်အစိုးရ အာဏာပိုင်များ ဖမ်းဆီးခဲ့သည်။

ယင်းဖမ်းဆီးမှု၌ “Wunpawng Amyusha Mungbawng Rapdaw - WMR” ခေါ် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ မှ လူငယ်ဌာန ခေါင်းဆောင် ဦးလဘန်ဂမ်အောင်နှင့် ကျန်သည့် အဖမ်းခံရသည့် ကချင်လူငယ်များကတော့ မြစ်ကြီးနားမြို့၊ စီတာပူ (Shatapru) ရပ်ကွက်မှ ဖြစ်ကြောင်း ဒေသခံများ ကချင်သတင်းဌာန သို့ပြောပါသည်။

“WMR လူငယ်ခေါင်းဆောင် ဦးဂမ်အောင်ကို ညသန်းခေါင်မှာ သူ့အိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်” ဟု ဒေသခံတစ်ဦး ပြောသည်။

ဦးဂမ်အောင်ကို မြစ်ကြီးနားမြို့၏ မြောက်ဘက် ၃မိုင်အကွာရှိ အင်ဂျန်ဒုန် နေအိမ်မှ စစ်သားများ၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)၊ ရဲများနှင့် ရပ်ကွက်လူကြီးများ ပူပေါင်းဖမ်းဆီး ခဲ့ဖြင်းဖြစ်သည်။

WMR သည် မြန်မာနိုင်ငံတွင်ရှိ ကချင်တမျိုးသားလုံးနှင့်သက်ဆိုင်သည့် ကိစ္စအဝဝကို စီမံ ဦးဆောင်မှုပေးရန် ဖွဲ့စည်းထားသည့် ကချင်အဖွဲ့အစည်းကြီးတစ်ခုလည်း ဖြစ်သည်။

အခု ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့် လူငယ် ၅၀ကျော်ကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) လက်အောက်ရှိ လူငယ်အင်အားစုဖြစ်သည့် “Education and Economy Development for Youth – EEDY” မှ အများစုဖြစ်ကြောင်း လူငယ်မိဘများမှတဆင့်သိရသည်။

အခုလိုဖမ်းဆီမှုသည် ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့၊ ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဝန်းတွင် ဗုံးများပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မသင်္ကာသူများသည် ကေအိုင်အိုနဲ့ ဆက်စပ်မှုရှိနေနိုင် သည်ဟု သံသယရှိသဖြင့် EEDY အဖွဲ့ဝင်များကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ကေအိုင်အို နှင့် ဒေသခံများ ထင်မြင်ချက်ပေးပါသည်။

တဖက်တွင်လည်း ယခုလို ကေအိုင်အို လူငယ်များကို ပစ်မှတ်ထားဖမ်းဆီးမှုသည် ကေအိုင်အို က စစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ “နယ်ခြားစောင့်တပ်” အသွင်ပြောင်းရန် ဖိအားခြင်းဖြစ်နိုင် ကြောင်း ဒေသခံ သုံးသတ်သူများပြောသည်။

မေ လဆန်း ၁ ရက်နေ့ကလည်း စီတာကူ ရပ်ကွက်ကပဲ EEDYအဖွဲ့ဝင် မရစ်တူးရိန်ကို သူ့နေအိမ်မှ ရဲများ ဖမ်းဆီးခဲ့ပြီး EEDY အဖွဲ့ဝင်တဦးဖြစ်သည့် ဆရာ ထိန ကိုလည်း ဖားကန့်မြို့၌ မေ ၁၄ရက်နေ့က ဖမ်းဆီး ခဲ့ကြောင်း အဖွဲ့သတင်းရပ်ကွက်က ပြောသည်။

မေလ ၁၉ရက်နေ့တွင် စစ်အစိုးရ၏ ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့စဉ် ဖမ်းဆီးချုပ်နှောင်ထားသည့် EEDY လူငယ်များ ကိုလွှတ်ပေးရန် ကေအိုင်အို တောင်းဆိုခဲ့ကြောင်း လိုင်ဇာဌာနချုပ်မှ ကေအိုင်အို အရာရှိများပြောသည်။

သို့သော်လည်း လေးရက်အကြာတွင် အခုလို ကေအိုင်အို လူငယ်များကို မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်(မပခ) မှ ဗျူဟာမှူးကိုယ်တိုင် ပါဝင်ကာ ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့်နီးစပ်သည့်သတင်းရက်ကွက်က ပြောသည်။

အခုလို စစ်အစိုးရမှ ကေအိုင်အို လူငယ်အများအပြားကို တချိန်ထဲ လိုက်လံဖမ်းဆီးခြင်းသည် နှစ်ဖက်ကြား ၁၆နှစ်ကြာ ငြိမ်းချမ်းရေးကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။


မြစ်ဆုံရေကာတာစီမံကိန်း ရပ်တန့်ပေးရန် တရုတ်သမ္မတထံ အသနားခံလွှာပို့

အားမီ။

ကချင်ပြည် နယ်မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်း ရပ်တန့် ပေးရန် ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့(KDNG)က မြန်မာ နိုင်ငံကို မကြာမီ သွားရောက် လည်ပါတ်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတထံ ယနေ့ နေ့ စွဲဖြင့် အသနားခံလွှာတစ်စောင် ပေးပို့ခဲ့သည်။

မြစ်ဆုံရေကာတာတည်ဆောက်ခြင်းသည် ဒေသခံပြည်သူများ၏ စိတ်ဆန္ဒမပါရုံသာမက တရုတ်နိုင်ငံ၏ ရေကာ တာတည်ဆောက်ခြင်းဆိုင်ရာ လမ်းညွန်ချက်များနှင့် နိုင်ငံတကာ စံချိန်စံညွန်းများကိုပါ ချိုးဖောက်နေခြင်းဖြစ် သည်ဟု ယင်းစာတွင်ဖော်ပြထားသည်။

စီမံကိန်းရပ်တန့်ပေးရန်အတွက် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသနားခံလွှာပေးပို့ခဲ့သော် လည်း တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

အလားတူ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI ကုမ္ပဏီထံသို့ အသနားခံလွှာ ပေးပို့ခဲ့သော်လည်း တုံ့ပြန်ပြောဆိုခြင်းမရှိခဲ့သည့်အတွက် ယခုလို တရုတ်သမ္မတကြီး ၀ူကျင်းတောဝ်ထံ အသနားခံလွှာပေးပို့တောင်း ဆိုခြင်းဖြစ်သည်ဟု KDNG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မအားနန်က ယခုလိုပြောသည်။

“တုံ့ပြန်မှုကတော့ မရှိဘူးရှင့်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့ကလည်း ဒီလိုနည်းနဲ့ ဆက်ပြီး ဖိအားပေး နေရတာ၊ ကျမတို့ထပ်ပြီးရေးရတဲ့အကြောင်းကလည်း ဒီမြစ်ဆုံဒေသမှာ လူ့အခွင့် အရေးချိုးဖောက်မှု တွေ အများကြီးဖြစ်နေတယ်၊ အဲ့ဒါကိုဒီတရုတ်တွေ လစ်လျူရှုထားတဲ့ အတွက်ကြောင့် ကျမတို့က လည်း ဒီတတ်နိုင်တဲ့ဘက်ကနေပြီးမှသူတို့ကို အဲ့ဒီမှာ ဘာဖြစ်နေ တယ်ဆိုတာ သိခိုင်းစေချင်လို့ ဖိအား ပေးတယ်။ ရေကာတာကို ဆောက်လုပ်ခြင်းက ရပ်တန့်ပေးဖို့အတွက် သူတို့ကိုစာပို့ထားတယ်။”

စီမံကိန်းကြောင့် ဒေသခံပြည်သူလူထုများ အိုးအိမ်ရွှေ့ပြောင်းခံရပြီး လူမှုဒုက္ခအမျိုးမျိုးခံစား နေရပုံကို တရုတ်လူ မျိုးများအနေနှင့် သိရှိစာနာနားလည်ပေးနိုင်ရန် အဓိက ရည်ရွယ်၍ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။

“ကျမတို့အနေနဲ့ ဒီစာကိုပေးပို့ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ကျမတို့ဒီပြည်တွင်း မှာရှိတဲ့လူတွေ ဒီအခက်ခဲကနေ အန္တရာယ်ရှိတဲ့ကြားကနေ အဖမ်းခံရမှာစိုးရိမ်ရတဲ့ကြား ကနေပြီးတော့ သူတို့လည်း မရွှေ့ပြောင်းဖို့ ဒီမြစ်ဆုံရေကာတာမတည်ဆောက်ဖို့ဆိုပြီးမှ အမျိုးမျိုးအနေနဲ့တွန်းလှန်နေကြတယ်ပေါ့၊ အဲ့ဒါကို ဒီကျမတို့ KDNG အနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေကူညီတဲ့အနေနဲ့ ဒီတရုတ်တွေကို ပြည်တွင်းက ဖိနှိပ်ခံရတဲ့သူတွေအနေနဲ့ ဆိုးကျိုးတွေဖြစ်နေတယ် ဆိုတဲ့ဟာကိုသိခိုင်း စေချင်လို့ပေါ့ နော်။”

ယင်းမေတ္တာရပ်ခံလွှာအား တရုတ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးရုံးနှင့် CPI တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကော်ပို ရေးရှင်းထံသို့ မိတ္တူများပေးပို့ခဲ့သည်။

မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းအား တရုတ်အစိုးရပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းနှင့် မြန် မာနိုင်ငံမှ အေးရှားဝေါလ်ကုမ္ပဏီတို့က လွန်ခဲ့သည့်နှစ်မှစ၍ အကောင်ထည်ဖေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

SNDP အဖို့အခြားတိုင်းရင်းသားများအားစည်းရုံးရန်အဓိကစိန်ခေါ်မှုဖြစ်

မွေခေါဝ်

ဦးစိုင်းအိုက်ပေါင်းဦးဆောင်သော သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအဖို့ သျှမ်းပြည်တောင်ပိုင်း၌ သျှမ်းလူမျိုး မဟုတ်သော အခြားတိုင်းရင်းသားများအား မဲဆွယ်စည်းရုံးရန်မှာ အဓိကစိန်ခေါ်မှုကြီးတခုဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။


ကျားဖြူပါတီ အနိုင်ရခဲ့ရင် အခြားတိုင်းရင်းသားတွေအတွက် ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတဲ့ အာမခံချက်ပေးနိုင်ဖို့ အတွက် အဓိကထားကြိုးစားစည်းရုံးရမယ်။ တစညပါတီနဲ့ ကြံ့ဖွံ့ပါတီတို့ကျတော့ ဘာသာစာပေအကြောင်း မပြောပဲ သူတို့ကိုမဲပေးဖို့တစ်ခုတည်း လာပြောနေလို့ ဒေသခံလူသိပ်နားမ၀င်ဘူး”ဟု ပင်လုံဒေသခံတစ်ဦးက ပြောပါ သည်။

SNDP ခေါ် ကျားဖြူပါတီအဖို့ သျှမ်းပြည်တောင်ပိုင်းအချို့ဒေသများ၌ အခြားတိုင်းရင်းသားများအား မဲဆွယ်စည်းရုံးရန် မှာ အဓိကစိန်ခေါ်မှုဖြစ်ရကြောင်း၊ သာဓကအားဖြင့် လွယ်လင်မြို့နှင့် ပင်လုံမြို့ဆိုလျှင် သျှမ်းလူမျိုးတစ်စုတည်းနေထိုင်သည် မဟုတ်ဘဲ ပအိုဝ်း၊ ယင်းနက်၊ ပလောင်၊ ဗမာနှင့် တရုတ်တို့လည်း နေထိုင်ကြကြောင်း၊ ပအိုဝ်းလူမျိုး လူဦးရေသည် သျှမ်းပြည်တောင်ပိုင်းတွင် ဒုတိယအများဆုံးဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်တွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် SNDP တို့စတင် လှုပ်ရှားမဲဆွယ်စည်းရုံလာပြီဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

“လွယ်လင်ခရိုင်နဲ့ ပင်လုံမြို့နယ်ခွဲတွေမှာ ကျားဖြူပါတီ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဦးအောင်ခမ်းထီဦးဆောင်တဲ့ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်နဲ့ အဓိကယှဉ်ပြိုင်ရမှာဖြစ်တယ်” ဟု မြို့ခံတစ်ဦးကလည်း ပြောကြားပါသည်။

ဦးအောင်ခမ်းထီဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် တောင်ကြီး၊ လွယ်လင်နှင့် ပင်လုံမြို့များတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော် လွယ်လင်မြို့နှင့်ပင်လုံမြို့တို့တွင် ပြည်သူလူထုသည် ယနေ့အထိရွေးကောက်ပွဲအကြောင်း စိတ်ဝင်စားခြင်း မရှိဘဲ အချို့ ပါတီများလိုက်လံစည်းရုံးမဲဆွယ်နေသည်ကိုပင် သတိမထားမိကြကြောင်းလည်း သိရှိရသည်။

ကြံ့ဖွံ့ပါတီသည် နအဖအာဏာပိုင်များကိုအားထား၍ တပြည်လုံးတွင်လှုပ်ရှားစည်းရုံးလာသည်သာမက သျှမ်းပြည်နေရာ တော်တော်များများတွင်လည်း စည်းရုံးမဲဆွယ်နေပြီး မြို့ရွာအကြီးအကဲများအား ပါတီဝင်စုဆောင်းပေးရန်အတင်းခိုင်းစေ နေသည်ဟုဆိုသည်။


လုပ်ကြံမှုဖြင့် စွဲချက်တင်ခံရသူ ကိုးကန့် (၆) ဦး ထောင် ၅ နှစ်စီ ကျ

သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်လိုလားသူ ကိုးကန့်ဥက္ကဋ္ဌသစ် ဦးပိုင်ဆုံချိန်အား လုပ်ကြံရန် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ကိုးကန့် လက်နက် ကိုင် (၆) ဦးကို သျှမ်းပြည် (မြောက်ပိုင်း) လောက်ကိုင်ခရိုင်တရားရုံးက မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် (၅) နှစ်စီ ပစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။

ယခင်ကိုးကန့်တပ်ဖွဲ့ဝင်ဟောင်းများဖြစ်သော ဗိုလ်မှူးချိန်လိကျုံး အပါအ၀င် ကျီဝေ ၊ လော်ဝေ ၊ စင့်ရွန်းလျန် ၊ ရှမ့်ရှမ်း ၊ လျှို့ရင်ဟောင်ကျား တို့ (၆) ဦးသည် လွန်ခဲ့သည့်နှစ် ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက် ပွဲများအပြီး တစ်လခွဲခန့် အကြာတွင် လုပ်ကြံရန်စွပ်စွဲချက်ဖြင့် ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းအမှုကို လောက်ကိုင်တရားရုံးက လုပ်ကြံမှုဖြင့် စွဲချက်တင်အမှုဖွင့်ခဲ့သော်လည်း ယခုအခါ ပုဒ်မ ၁၉ စ လက်နက်မှုဖြင့် ထောင် (၅) နှစ်စီ တစ်ပြေးညီပစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကသျှမ်းသံတော်ဆင့် သို့ ပြောသည်။


“ကိုးကန့်အရေးအခင်းအပြီး ရက် ၄၀ လောက်အကြာမှာ ထွက်ပြေးသွားတဲ့ ဥက္ကဋ္ဌဟောင်း ဖုန်ကျားရှင်းက ပိုင်ဆုံချိန်ကို လုပ်ကြံဖို့ လက်နက်တွေနဲ့ သူတို့ကို လွတ်လိုက်တယ် ”

“ဒါပေမဲ့သူတို့က ပိုင်ဆုံချိန်ကိုမသတ်ချင်လို့ သူတို့လမ်းသူတို့သွားချင်တယ်လို့ ဖုန်းဆက်ပြီး ပိုင်ဆုံချိန်ကို ပြောတယ် အဲလို ပြောလိုက်တော့ အဖမ်းခံရတယ် ဒါကြောင့်နောက်ဆုံးသူတို့ကို လက်နက်မှုနဲ့ပဲ ထောင် ၅ နှစ်စီချလိုက်တာ ” ဟု သူက ဆိုသည်။

ယခုအခါ အဆိုပါ တရားခံ (၆) ဦးအား လောက်ကိုင်မြို့အချုပ်တွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားပြီး ဇွန်လဆန်းပိုင်း တွင် လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် မြန်မာစစ်တပ်က ဦးဖုန်ကျားရှင်း ဦးဆောင်သည့် ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့ အား လက်နက်စက်ရုံတည်ရှိမှု မူးယစ်ဆေးဝါးအမှုတို့ဖြင့် အကြောင်းပြ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ အပြီး ဦးပိုင်ဆုံချိန်အား ကိုးကန့်ဒေသ ယာယီအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

ထို့နောက်ပိုင်း မြန်မာစစ်တပ်က ကိုးကန့်အထူးဒေသ(၁) တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

သို့သော် ကိုးကန့်ဒေသအတွင်း ဗုံးများ မကြာခဏပေါက်ကွဲနေပြီး ဒေသတွင်းတည်ငြိမ်မှု မရှိသေးကြောင်း သိရသည်။

၃ ကြိမ်လွတ်ခဲ့ပြီးမှ ၂ ခါ စီရင်ချက် ချခံရသူ

ဘကောင်း

ကိုကျော်ကိုကိုသည် စစ်အစိုးရလက်မှ ၃ ကြိမ်တိတိ လွတ်မြောက်ရန် ကြိုပမ်းနိုင်ခဲ့ သော်လည်း ၂၀၀၈ ခုနှစ် တွင်တော့ ကံအကြောင်း မလှ ဖြစ်ခဲ့ရသည်။

မြန်မာ အာဏာပိုင်များက ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်မှုဖြင့် သူ့အား ဖမ်းဆီးလိုက်ပြီး တရားမ၀င် ဗီဒီယိုအခွေများ လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ထောင်ဒဏ်သုံးနှစ် အပြစ်ပေးခဲ့သည်။

သူ၏ ထောင် သက်တမ်း ကုန်ဆုံးရန် ၁ နှစ်အလို ပြီးခဲ့သည့် သောကြာနေ့၌ တရားမ၀င် အသင်း အပင်း ဖွဲ့စည်းမှု၊ ပုန်ကန်မှု စသည့် စွဲချက်များဖြင့် စစ်အစိုးရက သူ့အား နောက်ထပ် ထောင်ဒဏ် ၅ နှစ် သက်တမ်းတိုး ချမှတ် လိုက်သည်။

အသက် ၂၈ နှစ်အရွယ် ရဟူး ကျော်ကျော်မောင် (ခေါ်) ကိုကျော်ကိုကိုသည် ရန်ကုန်တိုင်း တာမွေ မြို့နယ်တွင် နေထိုင်ပြီး သူ၏ မိဘများမှာ ကျောင်းဆရာများ ဖြစ်ကြသည်။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ဟောင်းများက သူ့ကို နိုင်ငံရေး လုပ်ငန်း များတွင် ပါဝင်လာစေရန် စည်းရုံး ခဲ့သည်။ ထိုအချိန်က သူသည် စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ အတွက် လေ့လာနေချိန် ဖြစ်သည်။

“သူ့မှာ တခြားသူတွေရဲ့ လွှမ်းမိုးမှု ရှိပေမယ့်လည်း သူကိုယ်တိုင်က စာဖတ်အားကောင်း၊ တည်တည်ငြိမ်ငြိမ်နဲ့ စည်းကမ်းသေသပ်တဲ့ လူငယ်တဦးပါ” ဟု လွန်ခဲ့သော နှစ်အနည်းငယ်က ကိုကျော်ကိုကိုနှင့် တွေ့ခဲ့ဖူးသည့် နိုင်ငံရေး လှုပ်ရှားသူတဦးက ပြောပြသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး၏ တခုသော နှစ်ပတ်လည် အခမ်းအနား ကျင်းပသည့် ဘုန်းကြီးကျောင်း တကျောင်းတွင် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကိုကျော်ကိုကို ဆုံတွေ့ခွင့် ရခဲ့သည်။ လောင်စာဆီဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်နှင့် တခြား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပြန်အဖမ်းခံရသည့်အပြင် နိုင်ငံရေး အကျဉ်းသားဟောင်း အတော်များများလည်း မတရား ဖမ်းဆီးခံရမည့်အရေးမှ လွတ်မြောက်ရန် နိုင်ငံမှ တိမ်းရှောင်သွားခဲ့ကြရသည်။ ထိုအချိန်တွင် ကိုကျော်ကိုကိုက လစ်လပ်သွားသော ခေါင်းဆောင်မှုနေရာကို အစားထိုးဝင်ရောက် တာဝန်ယူခဲ့သည်။

၁၉၈၈ ခုနှစ် နိုင်ငံတ၀န်း အစိုးရဆန့်ကျင်သော လူထုအုံကြွမှုနောက်ပိုင်း ထွက်ပေါ်လာသည့် လူငယ် မျိုးဆက်သစ်ကို ကိုယ်စားပြုသူ ကိုကျော်ကိုကိုက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်းက တဖန်ပြန်လည် အားကောင်းခဲ့သော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကို အားသစ်လောင်းရန် ကြိုးပမ်းခဲ့သည်။

မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော ဗကသ သည် မည်သည့်အခါကမျှ မတရား အသင်းအဖြစ် ကြေညာခြင်း မခံခဲ့ရသော်ငြား ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ တရားမ၀င် အသင်းအပင်း တခုကဲ့သို့ ရပ်တည်ခဲ့ရသည်။

“သောကြာနေ့ တရားခွင်မှာတုန်းက ကျမအစ်ကိုက သူ ကျောင်းသားသမဂ္ဂကို ပြန်လည်စုစည်းခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး မငြင်းခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းက တရားဝင် အဖွဲ့အစည်းဖြစ်တယ် ဆိုတဲ့ အချက်ကိုတော့ တရားသူကြီးတွေကို သူနောက်မဆုတ်တမ်း ပြောခဲ့ပါတယ်” ဟု ကိုကျော်ကိုကို၏ ညီမဖြစ်သူက ပြောပြခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သော အချိန်တွင် ကျော်ကိုကိုသည် သူ၏ အစိုးရဆန့်ကျင်ရေး ခေါင်းဆောင်မှု အခန်းကဏ္ဍကို ဆက်လက်သယ်ပိုးခဲ့သည်။ သံဃာတော်များ ဖြိုခွင်းခံခဲ့ရပြီးနောက် ကိုကျော်ကိုကိုသည် ရန်ကုန်မြို့တွင်း နှင့် အနီးတ၀ိုက်တွင် ပုန်းအောင်းနေခဲ့သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ကိုကျော်ကိုကို ခိုအောင်းနေသော တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်ကို အာဏာ ပိုင်များက ၀င်ရောက်စီးနင်းခဲ့သည်။ ၀ရန်တာမှ သူ ခုန်ချ လွတ်မြောက်သွားသော်လည်း သူ့ သူငယ်ချင်းတချို့ အဖမ်းခံခဲ့ရသည်။

နောက်ပိုင်း၌ သူ့အား ခိုလှုံခွင့်ပေးထားသည့် ရန်ကုန် ဘုန်းကြီးကျောင်း တကျောင်းတွင် ရဲက သူ့ကို ရှာတွေ့သွား ခဲ့သည်။ သို့သော် သူလွတ်မြောက်သွားခဲ့ပြန်သည်။ တတိယအကြိမ်တွင်မူ အာဏာပိုင်များက သူငယ်ချင်းများနှင့် စကားပြောနေစဉ် ရန်ကုန် Junction 8 ကုန်တိုက်အတွင်းရှိ မုန့်ဆိုင်တခု၌ သူ့အား ၀င်ဖမ်းခဲ့သည်။ ဤတကြိမ်တွင် လည်း သူလွတ်မြောက်သွားခဲ့ပြီး သူ၏သူငယ်ချင်းအားလုံး အဖမ်းခံခဲ့ရသည်။

ထို့နောက် ကိုကျာ်ကိုကို ပဲခူးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ် အစောပိုင်းတွင် စစ်အစိုးရ၏ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို ဆန္ဒမဲမပေးရေး လှုပ်ရှားမှုပြုလုပ်ရန် ရန်ကုန်သို့ ပြန်လာခဲ့သည်။ ဆန္ဒခံယူပွဲ မကျင်းပခင် သူအဖမ်းခံခဲ့ရသည်။

ကိုကျော်ကိုကို ပုန်းခိုနေသော နေရာမှ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအကြောင်း မှတ်တမ်းတင် ဗီဒီယိုအခွေများကို အာဏာပိုင်များက ရှာတွေ့ခဲ့သည်။ မိသားစုဝင်များက ထိုအခွေများသည် သူနှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်း ပြောဆိုခဲ့ကြသော်လည်း ၂၀၀၉ ခုနှစ်တွင် ဗီဒီယိုအက်ဥပဒေ ချိုးဖောက်မှုဖြင့် ကိုကျော်ကိုကိုအား ထောင်ဒဏ် ၃ နှစ် ကျခံရန် စီရင်ချက်ချမှတ်ခဲ့သည်။

ထင်ရှားကျော်ကြားသည့် ဟာသပညာရှင် ဇာဂနာကို ကြီးလေးသော ထောင်ဒဏ်ချမှတ်ရာတွင် စစ်အစိုးရက အသုံးပြုခဲ့သည့် စွဲချက်များအနက် ဗီဒီယို အက်ဥပဒေချိုးဖောက်မှုလည်း တခုအပါအ၀င်ဖြစ်သည်။ ဇာဂနာသည် ယခုလက်ရှိတွင် လူသူအလှမ်းဝေးသော အကျဉ်းထောင်တခု၌ ပြစ်ဒဏ်ကျခံနေရသည်။

သောကြာနေ့ တရားရုံးကြားနာမှုအပြီးတွင် ကိုကျော်ကိုကိုသည် တရားမ၀င် အသင်းအပင်း ဖွဲ့စည်းမှု၊ ပုန်ကန်မှု များဖြင့် နောက်ထပ်ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။ ယင်းကြားနာမှုအား စစ်အစိုးရ ထိန်းချုပ်သည့် သတင်း ဌာနများတွင် ဖေါ်ပြခဲ့ခြင်း မရှိပေ။ ကိုကျော်ကိုကို၏ ရှေ့နေဖြစ်သူ ဦးအောင်သိန်း၏ အဆိုအရ ၂၀၀၇ ခုနှစ် သံဃာဆန္ဒပြပွဲများအတွင်း ယင်းပြစ်မှုများကို သူ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရခြင်းဖြစ်ကြောင်း သိရသည်။

“သူက ၂၀၀၇ ခုနှစ်တုန်းက ကျောင်းသားထုကို ကိုယ်စားပြုပြီး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်း ပြောခဲ့တယ်။ အဲဒီလိုလုပ်တာက တရားမ၀င်အသင်းအပင်း ဖွဲ့စည်းခြင်းဆိုတဲ့ ပထမစွဲချက်နဲ့ သွားညိတယ်။ ဒုတိယ စွဲချက်ဖြစ်တဲ့ ပုန်ကုန်မှုဆိုတဲ့စွဲချက်ရဲ့ အခြေခံကလည်း အဲဒီကနေပဲ လာတာပါ” ဟု ဦးအောင်သိန်းက ပြောပြသည်။

“ကျနော်ထင်တာ ကတော့ ဘာမှရေရေရာရာ မဟုတ်ပါဘူး။ သူ့ထောင်သက်တမ်းကို တိုးချင်လို့ လုပ်တာပါ” ဟု ၎င်းက ဆိုသည်။

“ငါစိတ်မပျက်ပါဘူး။ ထောင်ထဲမှာ ငါ အသက်ရှင်အောင် ကြိုးစားပါ့မယ်” ဟု လွန်ခဲ့သော ရက်သတ္တပတ် ရန်ကုန် တရားရုံးထုတ်စဉ်က သူ၏ညီမဖြစ်သူကို ကိုကျော်ကိုကိုက ပြောခဲ့သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း တခြား လူငယ်များလည်း ဖမ်းဆီး၊ ထောင်ချခံခဲ့ရသည်။ သာဓက အားဖြင့် ဘလော့ဂါ နေဘုန်းလတ်၊ ဟစ်ဟော့အဆိုတော် ဇေယျာသော် စသည့်လူငယ်များသည် သူတို့၏ နောင်တော်များနှင့် အတူ နိုင်ငံအ၀န်းရှိ ထောင်များတွင် အကျဉ်းချခံနေရသည်။

၂၀၀၇ ခုနှစ်သည် ၁၉၈၈ ခုနှစ်လူထုအုံကြွမှုနောက်ပိုင်း စစ်အစိုးရက မြန်မာနိုင်ငံရှိ လူငယ်များကို ဖမ်းဆီးအရေးယူ သည့် ပထမဦးဆုံးနှစ်မဟုတ်ပေ။ ၁၉၉၈ ခုနှစ်တွင် အစိုးရဆန့်ကျင်သူ လူငယ်များစွာ ဖမ်းဆီးခံခဲ့ရပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ တချို့လူငယ်များသည် နှစ် ၅၀ အထက်ပင် ကျခံခဲ့ရသည်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏ အဆိုအရ အဖမ်းခံရသော လူငယ်များ အနက် အတော်များများသည် ထောင်များတွင် ဆက်လက် အကျဉ်းကျခံနေရဆဲ ဖြစ်သည်ဟု သိရသည်။

စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရွေးကောက်ပွဲတခု ကျင်းပရန် ပြင်ဆင်နေသော လတ်တလောအခြေအနေတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်သည် အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေကြရသည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေး အကျဉ်းသား အားလုံးသည် မဲပေးခြင်းမှ ကန့်သတ် ခံထားရပြီး နိုင်ငံရေးပါတီ အဖွဲ့ဝင် ဖြစ်ခွင့်လည်း မရှိပေ။

“ကျမအစ်ကိုက ဒီနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပါတယ်။ အဲဒီရွေးကောက်ပွဲကိုလည်း သူလုံးဝ အယုံအကြည်မရှိပါဘူး” ဟု ကျော်ကိုကို၏ ညီမဖြစ်သူက ပြောပြသည်။

ရွေးကောက်ပွဲ မဲပေးမည့် လူဦးရေစာရင်းများ ကောက်ခံ

ရိုးမ ၃။

၂၀၁၀ ရွေးကောက်ပွဲ မဲပေးရန်အတွက် လူဦးရေ စာရင်းများ အတိကျ လိုက်လံကောက်ခံနေလျှက်ရှိကြောင်း မြို့ခံများက ပြောသည်။


ယခုလ (၂၅) ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အားလုံးတွင် အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်း ပုံစံ(၁၀) ဖြင့် တိုက်ကြည့်ကာ စာရင်းကောက်ခံနေခြင်း ဖြစ်သည်။

“သူတို့ လာရောက်စာရင်း ယူတဲ့စာရွက် ခေါင်းစဉ်မှာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ မဲစာရင်း နည်းဥပဒေ ၄ (က) ဆိုပြီး ပါတယ်၊ အောက်မှာရေးထားတဲ့ လက်မှတ်က ဥက္ကဌ ကျေးရွာ/ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဆိုပြီး ရေးထားတယ်”ဟု ပြောသည်။

ရပ်ကွက်တွင်းရှိ မိသားစုအလိုက် လူဦးရေ တိုက်ဆိုင်စစ်ဆေးမှုမျိုးမဟုတ်ပဲ အိမ်ထောင်စု ပုံစံ (၁၀)ကို ရယက ဥက္ကဌ ကောက်ခံပြီး အသက် (၁၈)နှစ်ပြည့်သူများကို ကောက်ခံနေခြင်းဖြစ်သည်။

မုံရွာမြို့ပေါ်တွင် ယခင်က ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်သာရှိသော်လည်း ယခုအခါ ရပ်ကွက်များထပ်မံ တိုးချဲ့ထားသည့်အတွက် ၂၅ ရပ်ကွက်အထိ ရှိပြီး စာရင်းလာကောက်သူများက ရွေးကောက်ပွဲအတွက် အခြားပြင်ဆင်မှုများလည်း ပြုလုပ်နေကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင်လည်း ပြီးခဲ့သည့် လပိုင်းကတည်းက လူဦးရေးစာရင်းများ ကောက်ခံနေလျှက်ရှိပြီး ပဲခူးတိုင်းအတွင်း မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မဲပေးနိုင်ရန်အတွက် နိုင်ငံသား စီစစ်ရေးကဒ်များကို အခကြေးငွေယူကာ လိုက်လံ လုပ်ပေးနေလျှက်ရှိသည်။

မိုးကြိုမိုးနှင့် မေ (သို့) မေ ကျောက်စာတိုင်


“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက် ထူထောင်ခဲ့တာပဲဖြစ်တယ်။ ပြည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကြီးကို ဖျက်ဖို့ပဲ ရှိတယ်”


ဒေါ်အောင်ဆန်းစုကြည်
သထုံမြို့ အဖွဲ့ချုပ်ရုံး
(၁၉၈၈၊ ဒီဇင်ဘာလ)


(၁)
၁၉၈၉ ခုနှစ် ၊ မတ်လ ၁ ရက်။

န.ဝ.တ သည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ (မူကြမ်း) အား ထုတ်ပြန်ကြေညာလိုက်သည်။ အာဏာသိမ်းပြီး ၅ လနှင့် ၁၃ ရက်အကြာ၌ ဖြစ်သည်။ ကော်မရှင်တွင် တရားဝင်မှတ်ပုံတင်ထားကြသည့် နိုင်ငံရေးပါတီပေါင်းက ၂၃၅ ပါတီ ရှိ၏။ တိုင်းရင်းသားလူမျိုးစု ပါတီများ ပါ၏။ ကျောင်းသားလူငယ် အဖွဲ့အစည်းများ ပါ၏။ NLD သည် ၅ လတာကာလအတွင်း ပြည်နယ်၊ တိုင်း၊ မြို့နယ် ရပ်/ကျေးအဆင့် အဖွဲ့ချုပ်တည်ဆောက်ရေးအား န.ဝ.တ ၏ ကန့်သတ်ပိတ်ဆို့မှုများကြားမှ လုပ်ကိုင်တည်ဆောက်လျက်ရှိသည်။ SNLD ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း NLD ကဲ့သို့ပင် ရှမ်းကုန်းမြေမြင့်အား အခြေစိုက်၍ အဖွဲ့၏ တည်ဆောက်ရေးအား လုပ်ဆောင်လျက်ရှိသည်။

န.ဝ.တ လက်ထက်၌ လွယ်လွယ်ကူကူနှင့် နိုင်ငံရေးပါတီတရပ်အား တည်ဆောက်၍ ရသည်မှာ တ.စ.ည ခေါ် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီတရပ်သာ ရှိသည်။ တ.စ.ည က ယခင် မဆလမှ အမည်ပြောင်းထားသည့် အဖွဲ့အစည်း ဖြစ်၏။ နိုင်ငံတော် အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် မဆလ ပါတီ၏ ပိုင်ဆိုင်မှုများအား နိုင်ငံတော်ပိုင်အဖြစ် မသိမ်းယူခဲ့….။ တ.စ.ည အား ဆက်ခံသုံးစွဲခွင့် ပေးထား၏။ မဆလ ပိုင် ရုံးအဆောက်အဦးများ၊ ဘဏ္ဍာငွေကြေး …. အားလုံးအား တ.စ.ည သည် သိမ်းပိုက်ဆက်ခံနေ၏။

န.ဝ.တ ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေ (မူကြမ်း) ၌ …. လွှတ်တော်ခေါ်ယူပေးမည့် နေ့ရက်မပါ။ အာဏာလွှဲပြောင်းပေးမည့် အစီအစဉ်ဟူ၍လည်း မပါရှိ။ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲဥပဒေ (မူကြမ်း) နှင့် ပတ်သက်၍ အကြံပြုကြ၏။ ဖြည့်စွက်သင့်သည်များ၊ ပယ်ဖျက်ရမည်များအား တင်ပြကြ၏။ သို့သော် …. န.ဝ.တ က အကြံပြုတင်ပြချက်များအား လျစ်လျူရှုပစ်ပယ်ခဲ့ပြီး …. မူကြမ်းကိုပင် အတည်အဖြစ် ထုတ်ပြန်ခဲ့တော့၏။


(၂)
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၁၉၉ဝ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု န.ဝ.တ က ကြေညာလိုက်သည်။ ပြီးလျှင် …. ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ကြေညာချက်အမှတ် ၃၂၆ ကို ထုတ်ပြန်ကြေညာပြန်၏။ ကြေညာချက်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းရန်၊ စိစစ်ရန်၊ ရုပ်သိမ်းရန် နေ့ရက်များအား ဖော်ပြထား၏။ ကိုယ်စားလှယ်လောင်း အမည်စာရင်း နောက်ဆုံးတင်သွင်းရမည့် နေ့ရက်က …. ၁၉၉ဝ ပြည့်နှစ် ဇန်နဝါရီလ ၃ ရက်နေ့ ….။ နိုင်ငံရေးပါတီ အဖွဲ့အစည်းများအတွက် အကျပ်တွေ့စေ၏။ န.ဝ.တ ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေက ဘာမျှမရေရာ ….။ ရွေးကောက်ပွဲပြီးလျှင် …. လွှတ်တော်ခေါ်ယူပေးမည့် နေ့ရက်။ အာဏာလွှဲပြောင်းရေးအစီအစဉ် …. ဟူ၍ မပါရှိ …။ ဤဥပဒေနှင့် န.ဝ.တ ပြုလုပ်မည့် ရွေးကောက်ပွဲအား ဝင်သင့်၊ မဝင်သင့် …… စဉ်းစားဆုံးဖြတ်ရမည်။ ဝင်မည်ဆိုပါက …. အဖွဲ့အစည်းအား ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ရမည်။ အချိန်က မရှိ …။ ၅၄ ရက်သာ ရှိ၏။

(၃)
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။
NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုဦးစီးတို့ ပူးတွဲအစည်းအဝေးအား အနောက်ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်၌ ကျင်းပသည်။ အစည်းအဝေးခေါင်းစဉ်က တခုတည်း ….။ NLD အနေနဲ့ ရွေးကောက်ပွဲဝင်မလား၊ မဝင်ဘူးလား …..။

NLD ၏ ခေါင်းဆောင် အတော်များများအား န.ဝ.တ က ဖမ်းဆီးထိန်းသိမ်းထားသည်။ အစည်းဝေးသို့ မတက်ရောက်နိုင်။ သဘောထား မပေးနိုင်ကြ။ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့က နေအိမ်အကျယ်ချုပ်နှင့် ….။ ဦးဝင်းတင်၊ ဦးထွန်းတင်၊ ဦးဘသော် (ဆရာမောင်သော်က) တို့သည်လည်း အင်းစိန်ထောင်အတွင်း၌ ….။

ရွေးကောက်ပွဲဥပဒေအား အဓိကထောက်ပြ၍ ရွေးကောက်ပွဲ မဝင်သင့်ကြောင်း အချို့က ဆွေးနွေးကြသည်။ အမိန့်အမှတ် ၂/၈၈ နှင့် ၈/၈၈ တို့ကိုလည်း စစ်အုပ်စုသည် မရုပ်သိမ်းသေး ….။ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ဖမ်းဆီးထိန်းသိမ်းထားသည်။ ဤနိုင်ငံရေးဝန်းကျင်အောက်၌ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိမည်မဟုတ် …..။ ဤသို့ဖြင့် မဝင်သင့်ကြောင်း တင်ပြကြ၏။ အချိန်သည် တရွေ့ရွေ့နှင့် ကုန်လွန်လာ၏။ အစည်းဝေးသည် ရှေ့မတိုး၊ နောက်မဆုတ်။ ဆုံးဖြတ်ရန် ခက်ခဲ၍နေ၏။ နောက်ဆုံး ….။

“ပြည်သူလူထု၏ ဆန္ဒကို အသိအမှတ်ပြု အလေးထားသည့်အနေဖြင့် ရွေးကောက်ပွဲအား ဝင်မည် …”

ဤနေ့တွင်ပင် NLD က ကြေညာချက်တစောင်အား ထုတ်ပြန်ခဲ့၏။

“---- ဒီမိုကရေစီစနစ်ကို ယုံကြည်သည့်အားလျော်စွာ၊ မြေပေါ်မြေအောက်၊ လှုပ်ရှားမှုလမ်းစဉ်နှင့် လက်နက်စွဲကိုင်လမ်းစဉ်များသည် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် နည်းလမ်းများမဟုတ်ဟု အခိုင်အမာ ယုံကြည်သည်။ ဤသို့သဘောထားခံယူချက်များကို လက်ခံထားသည့်အတိုင်း NLD သည် ၁၉၉ဝ ခုနှစ် မေလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော ပြည်သူလူထု၏ ဆန္ဒကို အထူးလေးစားစွာ ခံယူမည်ဖြစ်ကြောင်း ကြေညာအပ်သည် ….”


(၄)
၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။
NLD သည် ရွေးကောက်ပွဲတွင် ဝင်ရောက်၍ ပြည်သူလူထု၏ အဆုံးအဖြတ်အား ခံယူမည်ဖြစ်ကြောင်း ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့၏။ သို့သော် …. အဖွဲ့ချုပ်အတွင်း၌မူ တစုံလုံး ကျခြင်းမျိုးမဟုတ် ….။ ဝင်သင့်၊ မဝင်သင့်ကို ဆွေးနွေးဆဲ ….။ ငြင်းခုန်ဆဲ ….။ အယူအဆများက မတူကွဲပြားစွာ ရှိနေဆဲ ….။ အချို့ အဖွဲ့ချုပ်ဝင်များက အဖွဲ့ချုပ်၏ ပါတီတွင်း ဒီမိုကရေစီအား လေးစားလက်ခံကြသည်။ NLD အနေနှင့် ရွေးကောက်ပွဲဝင်ရေး လုပ်ငန်းစဉ်၌ လိုက်ပါဆောင်ရွက်ကြမည်။ သို့သော် …. မိမိပုဂ္ဂလိကအနေနှင့်မူ NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ် မခံကြ။
၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ တွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်၏။ တင်သွင်းလွှာနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲအား သူမ ဝင်ရသည့်အကြောင်းအား စာရေးပို့၏။

“တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်စွက်လိုသောကြောင့်လည်းကောင်း၊ ဒီမိုကရေစီလိုလားသော ပြည်သူလူထုကြီး၏ ဇွဲ၊ သတ္တိတို့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူ တဦးအဖြစ် အမည်စာရင်းတင်သွင်းပါသည်”

(ဒေါ်အောင်ဆန်းစုကြည်)


(၅)
၁၉၉ဝ ခုနှစ်၊ မေလ ၂၇ ရက်။ တနင်္ဂနွေနေ့။
တနိုင်ငံလုံး မဲဆန္ဒနယ်မြေ ၄၈၅ နေရာ၌ ရွေးကောက်ပွဲများအား ကျင်းပသည်။ ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီပေါင်းက ၉၃ ပါတီ…။ နိုင်ငံရေးပါတီများ၏ ကိုယ်စားပြု ကိုယ်စားလှယ်ပေါင်းက ၂၂ဝ၉ ဦးရှိပြီး၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များက ၈၇ ဦး ဖြစ်သည်။ မဲဆန္ဒနယ် ၄၈၅ နေရာတွင် အဖွဲ့ချုပ်က ၃၉၂ နေရာ အနိုင်ရရှိခဲ့၏။ လူထုက .. နှလုံးသည်းပွတ်တို့အား စုပုံ၍ ထပ်လိုက်ကြခြင်း …..။

မေသည် ပြည်သူလူထု၏ နှလုံးခုန်သံတို့နှင့် လှပ၍နေ၏။ ကောင်းကင်သည် ညိုပြာရောင်၊ ငွေသားရောင်၊ ပုဇွန်သွေးရောင် …. ပတ္တမြားသွေးရောင်…. တရစ်ပြီး တရစ်ပြောင်း၍နေသည်။

မေဦးမိုးက စောစီးစွာနှင့် ဝင်လာ၏။ မိုးကြိုမိုးနှင့် မေသည် ပိတောက်ရနံ့ သင်း၍နေသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,30th,2010

( 17 )အောင်လံက လယ်သမားများ လယ်လုပ်ခွင့်ရသော်လည်း လယ်ထဲဆင်းခွင့် မရ

( 16 )Preview to Burma’s election

( 15 )ကျောင်းအပ်ရာတွင် အလှူခံမှူ နည်းပါးလာဟု ကျောင်းသား မိဘ တစ်ချို့ပြော

( 14 )Armed ethnic groups put junta's election in doubt

( 13 )ရန်ကုန် အခြေစိုက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ ဌာနခွဲရုံး မြောက်ဦးတွင် ဖွင့်လှစ်

( 12 )ဒီပဲယင်း အရေး အခင်းနှင့် ပတ်သက်ပြီး ဦးတင်ဦးပြောကြားချက်

( 11 )Oil firms eye Myanmar assets

( 10 )ကျောက်စိမ်းတွင်း လုပ်သားများကို ပေါ်တာအဖြစ် ဖမ်းဆီး

( 9 )After 20 years, political scenario of Burma is still gloomy

( 8 )ကိုဝေဖြိုးအောင်၏ ဖြောင့်ချက် အမှုတွဲ ကူးယူခွင့်မရ

( 7 )Leaked UN Report Reveals Nork Nuclear Exports

( 6 )မြစ်ဆုံဒေသမှ ကျေးရွာတစ်ခုကို အာဏာပိုင်များ အတင်း အဓမ္မ ပြောင်းရွှေ့ခိုင်း

( 5 )Webb Heading to Korea, Thailand, Burma

( 4 )ကြံ့ဖွံ့ပါတီဝင် များတိုင်း အထင်ကြီးစရာမလို

( 3 )Burma plans an election at the gun point

( 2 )မြောက်ကိုရီးယား နျူကလီးယား နည်းပညာ တင်ပို့မှု အမေရိကန် စိုးရိမ်

( 1 )Bowden students focus on Burmese strife

Saturday, May 29, 2010

မိဘမဲ့ကလေးများ ပညာရေးအတွက် NLD မှ ဦးဆောင် လှူဒါန်းမည်

ဇော်ကြီး။

မြန်မာ နိုင်ငံ တောင်ပိုင်း ကော့သောင်း မြို့နယ် အတွင်းရှိ မိဘမဲ့ ကလေးများ ပညာ သင်ကြား နိုင်ရေး အတွက် လိုအပ် သည့် စာရေး ကရိယာ ပစ္စည်းများ ကော့သောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ၍ လှူဒါန်း သွားမည်ဟု ပါတီ ခေါင်းဆောင် တဦးက ပြောသည်။

မြို့ပေါ် ဘုန်းကြီးကျောင်းများတွင် ပညာသင်ကြားနေသည့် မိဘမဲ့ကလေးများကို စတင် လှူဒါန်းမည်ဟု အမည် မဖော်လိုသည့် ပါတီခေါင်းဆောင်တစ်ဦးက ပြောသည်။

“အဓိကကတော့ မိဘမဲ့ကလေးတွေပေါ့။ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေလေ။ ကျောင်းမနေ နိုင်တဲ့ ကလေးတွေကို ဘုန်းကြီးတွေက စာသင်ပေးနေတာတွေရှိတယ်။ အဓိက အဲဒီကျောင်းတွေကိုပဲ လှူမယ်လေ။ နောက်ရပ်ကွက်ထဲမှာ တကယ့်ဆင်းရဲတဲ့ ရပ်ကွက်တွေထဲက စာသင်ချင်တဲ့ ကလေးတွေ ကို ကျောင်းအပ်ပေးမယ်။ စာရွက်စာတမ်း ထောက်ပံ့ ပေးမယ်ပေါ့။”

ယခုနှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် NLD ပါတီက ဆုံးဖြတ်ခဲ့ပြီး နောက် ပိုင်း အဖွဲ့ဝင်များအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားအရ လူမှုရေးလုပ်ငန်းများကို အကောင်ထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောတာကိုး။ နောင်တချိန် မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပညာရေး အတွက်ကိုဘဲ သူအာရုံစိုက်မယ်လို့ပြောတော့ အဲဒီဒေါ်စုရဲ့ရည်ရွယ်ချက်တွေ လည်း အများကြီးပါတာ ပေါ့လေ။ အခုလုပ်နေတာတွေက။”

ကော့သောင်းမြို့ပေါ်၌ မိဘမဲ့ကလေးများအား စာသင်ပေးသည့် ဘုန်းကြီးကျောင်း ၇ ကျောင်းရှိပြီး NLD ပါတီ ၀င်ဟောင်းများနှင့် စေတနာရှင်များက စုပေါင်းလှူဒါန်း ကြခြင်း ဖြစ်သည်။

မိဘမဲ့ကလေးဦးရေ အတိအကျရနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ တွင် စာရင်းကောက်ယူ နေဆဲဖြစ်ပြီး စာရေးကရိယာများအပါအ၀င် စာအုပ်ဒါဇင် တစ်ရာကျော် ကောက်ခံရရှိထားပြီး ယခုလကုန်ပိုင်းတွင် လှူဒါန်းမည်ဟု သိရသည်။

NLD ပါတီ၏ လုပ်ဆောင်နေမှုများအား စစ်အစိုးရမှ မျက်ခြေမပြတ် စောင့်ကြည့်နေသော်လည်း တစုံတစ်ရာ နှောင့်ယှက်မှုမရှိသေးပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ယခုနှစ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော် မရှင်ထံမှတ်ပုံတင် ခြင်း မရှိသော်လည်း ပါတီရုံးများကို ဆက်လက်ဖွင့်ထား၍ ပါတီအလံကို လည်း တင်ထားဆဲဖြစ်သည်ဟု ကော့ သောင်း NLDပါတီ ခေါင်းဆောင်က ပြောသည်။

ယခုလ ၅ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ပါတီ၏ လက်ကျန် ရံပုံငွေထဲမှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားကို ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။


ဗန်းမော်အနှိပ်ခန်းများ ဆက်ကြေးပိုပေးလာရ၊ နှိပ်ခဈေးတက်

သတင်းနှင့်မီဒီယာ ကွန်ယက်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ အနှိပ်ခန်းများမကြာခဏအပိတ်ခံရကာ ဆက်ကြေးပေးပြန်ဖွင့်နေရသဖြင့် နှိပ်ခ ဈေးနူန်းများ မြင့်တက်လာသည်။


ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းမှစ၍ မြို့ပေါ်ရှိ အနှိပ်ခန်းများ ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်နေပြီး မြို့နယ်မယကနှင့် ရဲတို့ အား ပုံမှန်လစဉ်ကြေးအဖြစ် တလကျပ်တသိန်းစီ ဆက်ကြေးပေး ဆောင်နေရသည်ဟု အနှိပ်ခန်းပိုင်ရှင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“ပြီးခဲ့တဲ့ သင်္ကြန်တုန်းက အနှိပ်ခန်းတွေက ပြည့်တန်ဆာခန်းလို ဖြစ်သွားတယ်။ မတရား သောင်း ကျန်းနေတာ။ တရုတ်သစ်လောပန်းတွေတောင် ပွဲစားတွေကတဆင့် တောထဲ ခေါ်တာတွေလုပ်တယ်။ အဲဒီနောက်ပိုင်း ရဲတွေ၊ အက်စ်ဘီတွေ၊ မယကတွေလည်း ငွေပိုညှစ်ဖို့ အကွက်ရသွားတယ်။ အထက် လူကြီးတွေက ဗန်းမော်ခဏခဏလာတော့ ပိတ်ပေးရတယ်၊ ခဏခဏပိတ်ရဆိုတော့ နှိပ်ခက သင်္ကြန် တုန်းကအထိ တနာရီ ကျပ်သုံးထောင်ဘဲ။ အခုလေးထောင်၊ ဈေးတက်လိုက်တယ်၊ ဆက်ကြေးပေးရ တာက လည်း အရင်ကခုနှစ်သောင်း၊ ရှစ်သောင်းလောက်နဲ့ ဈေးညှိလို့ရတယ်။ အခုကတော့ တဖွဲ့ တ သိန်းလို့ပြောတယ်။ အထက်ကိုပါ ပေးရတာမို့တဲ့။ အထက်ကိုရောက်၊ မရောက်တော့ မသိဘူး။” ဟု ဗန်း မော်ဒေသခံတဦးက ပြောသည်။

ဗန်းမော်မြို့ပေါ်၌ အနှိပ်ခန်း(၈)ခန်းရှိ၍ အားလုံးမှာ အနှိပ်ခန်းထက် ပြည့်တန်ဆာခန်းလို ဖြစ်နေပြီး အရက်၊ ဘီ ယာ၊ ရာဘဆေးပြားများပါ ရနိုင်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“အနှိပ်ခန်းကနေ တည်းခိုးခန်းကိုခေါ်သွားပေါ့။ ဆယ်နာရီစာ ကျပ်သုံးသောင်းကနေ လေးသောင်းအ ထိ ပေးနိုင်ရင်ရတယ်၊ အနှိပ်ခန်းထဲကနေ ကိုယ်ကြိုက်တဲ့သူကို ခေါ်ထုတ်သွားပေါ့။ ပိုင်ရှင်က ပြည့်တန် ဆာခေါင်းဖြစ်သွားတာ။ အနှိပ်ခန်းတွေမှာလည်း အရက်၊ ဘီယာ၊ ရာဘတွေရတယ်။”

ယခုအခါ ဘောလုံးပွဲနှင့် နှစ်လုံးထီ၊ ချဲစသည့် လောင်းကစားဒိုင်များမှာ ဥရောပဘောလုံး ကလပ်ရာသီပွဲကုန် ဆုံး၍လည်းကောင်း၊ ထိုင်းနိုင်ငံတွင်း ဆန္ဒပြမှုများကြောင့်လည်းကောင်း ရပ်နားထားပြီးနောက်ပိုင်း အာဏာပိုင် များက အနှိပ်ခန်းနှင့် မူးယစ်ဆေးရောင်းသူများထံ ဆက်ကြေးတောင်းမှု ပိုလုပ်လာသည်ဟု အဆိုပါ ဒေသခံက ပြောသည်။


ကုပ်ကုပ်ရဲ့ လုပ်ချက်

ရန်ကုန်သားတာတေ

ရုက္ခစိုး။ ။ ဟာ … ဖိုးရှုပ်၊ မင်းဦးထုပ်က မျက်လုံးနဲ့ ပါးစပ်လေးပဲ ဖော်ထားပါလား။ ဒီ ဆိုင်ကယ်စီး ဦးထုပ်နဲ့ဆိုရင်တော့ မင်းဆိုင်ကယ် သေးသေးလေးနဲ့ ဘယ်မိုက်မလဲ။

ဖိုးရှုပ်။ ။ ဆိုင်ကယ်စီးမလို့ မဟုတ်ဘူး ဦးရုက္ခစိုးရဲ့၊ သတင်းသွားယူမလို့။

ရုက္ခစိုး။ ။ ဘာလဲ … ရှပ်နီတွေကြား သတင်းသွားယူမလို့လား။ ပြီးနေပြီမဟုတ်လားကွ။ ဘန်ကောက်မှာ လမ်းတွေပေါ် ရှင်းလင်းပြီးလို့ ကျောင်းတွေ၊ ရုံးတွေတောင် ပြန်ဖွင့်ပြီမဟုတ်လား။

ဖိုးရှုပ်။ ။ ရှပ်နီတွေကြား သတင်းယူမလို့ မဟုတ်ဘူးဗျို့၊ မြန်မာပြည်က မင်းသမီး ဖျပ်ဖျပ်မိုးစလူးကို အင်တာဗျူး သွားလုပ်မလို့။ မတော် ပါးဆွဲတီးလိုက်မှာစိုးလို့ ကာဗာလုပ်ထားတာ။

ရုက္ခစိုး။ ။ အေး … အဲဒီလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားတာ ကောင်းတာပေါ့ကွာ။ မင်းသမီး ကြည့်ရတာ ဂျပန်ခေတ်က မြန်မာပြည်ဝင်လာတဲ့ ဂျပန်စစ်ဗိုလ်ဝင်စားတယ် ထင်တယ်။ ဒါနဲ့ မင်း ပိုင်ရာဆိုင်ရာတွေကိုကော ပသ သွားရဲ့လား။

ဖိုးရှုပ်။ ။ ပသ ရအောင် ဖျပ်ဖျပ်မိုးစလူးက ၃၇ မင်းထဲမှာ ပါလို့လား … ဦးရုက္ခစိုး


ရုက္ခစိုး။ ။ မဟုတ်ပါဘူး။ မြန်မာပြည်က မင်းသမီးတွေက ပိုင်ရာဆိုင်ရာနဲ့ ဝင်မှ ရတယ် ကြားဖူးလို့ပါ။ တယောက်ကို ပါးရိုက်ပေမယ့် နောက်တယောက်က ဒီလို မေးခွန်းပဲ မေးတာကိုတော့ ခပ်တည်တည်နဲ့ ဖြေချင်ဖြေတာကွ။

ဖိုးရှုပ်။ ။ အင်း ပိုင်ရာ ဆိုင်ရာ မရှိတော့လည်း ခုလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားလိုက်ရုံပေါ့ ဦးရုက္ခစိုးရယ်။ တော်ကြာ ကျမလည်း မဖြစ်လွန်းလို့ နားရင်းတီးထည့်လိုက်ရတာပါ ဆိုရင် … အောင်မလေး၊ စဉ်းစားတာနဲ့ ကျောချမ်းပါရဲ့။

ဖိုးရှုပ်နောက်တွင် ပါလာသည့် ကြွက်စုတ်ကလည်း ကြုံတုန်း ဖိုးရှုပ်ကို ဝင်တွယ်လိုက်သည်။

ကြွက်စုတ်။ ။ ခက်တယ် ခက်တယ်။ တိုင်းပြည်က ဒီလောက် ရေငတ်လိုက်၊ မီးလောင်လိုက် အမျိုးမျိုး ဖြစ်နေတဲ့ အချိန်မှာ မင်းတို့ သတင်းသမားတွေက ဘာမှ အရေးမကြီးတဲ့ မင်းသမီးကို အင်တာဗျူးသွားလုပ်မယ်တဲ့။ မင်းတို့လို ကောင်မျိုးတွေကြောင့် တိုင်းပြည်က ဒီမိုကရေစီ မရတာ။

ဖိုးရှုပ်။ ။ မင်းကမှ ပိုခက်တာ။ အခု ငါတို့ ဒေဝါလီမဂ္ဂဇင်းမှာ မင်းသမီးသတင်းက ရေသတင်း၊ မီးသတင်း၊ ရှပ်နီသတင်း၊ နိုင်ငံရေးသတင်းတွေထက် ကျော်သွားတာ မတွေ့ဘူးလား။ ဟျူးမန်းအင်းထရက်စ်ကွ … သဘောပေါက်။ ကွန်မန့်ဆိုတာလည်း ပလူကိုပျံနေတာပဲ၊ ဒေါက်တာဇာနည့် ဖွချက်ကို ပျင်းတယ်။ ဖျပ်ဖျပ်ရဲ့ ဖွချက် ဆိုပြီး ဆောင်းပါး တပုဒ် ထပ်ရေးမလို့။

“ဖျပ်ဖျပ်ရဲ့ ဖွချက် မရေးခင် ကုပ်ကုပ်ရဲ့ လုပ်ချက်ဆိုပြီး တပုဒ်လောက် ရေးစမ်းပါ။ ကျုပ်လည်း ကမ္ဘာကျော်ချင်လို့” ဟူသည့် အသံ ကြားသဖြင့် သူတို့ ၃ ဦးစလုံး လှည့်ကြည့်လိုက်ရာ ဆြာတေ၏ ဇာတ်လိုက်ကျော် ချိုကုပ်ဒူးကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ သည်။

ရုက္ခစိုး။ ။ သြော် … ချိုကုပ်ဒူးကြီးရယ်။ ချိုကုပ်ဒူးကြီးက ဆိုးလွန်းလို့ ကျော်ပြီးသားပဲ။ ထပ်ပြီး ကျော်စရာ မရှိတော့ပါဘူး။

ချိုကုပ်။ ။ မကျော်လို့မရဘူး ဦးရုက္ခစိုးရဲ့ ...။ ကျုပ်ကို မှိုချိုး၊ မျှစ်ချိုး၊ ပုတတ်စာချိုး ပြောထားတဲ့ နိုင်ငံတကာက အဝှာတွေ၊ ပြည်ပအားကိုး ပုဆိန်ရိုးတွေကို ချိုကုပ်ဒူးကြီး ဘာ ဆိုတာ ပြရဦးမယ်။ ချိုကုပ်ဒူးကြီးက အမြဲ စင်ပေါ်က သူများထက် သာတယ်၊ အမြဲ အမီလိုက်နေတယ် ဆိုတာ ကမ္ဘာသိအောင် ပြောမှ ဖြစ်မယ်။

ကြွက်စုတ်။ ။ ဘယ်နေရာမှာသာတာလဲ၊ ဘာတွေ အမီလိုက်နေတာလဲ။ ဘန်ကောက်က စီးတီးဝေါလ်ကြီး မီးလောင်တာကို အမီ လိုက်တဲ့အနေနဲ့ မင်္ဂလာဈေးကြီးလည်း မီးလောင်တယ် ဆိုပြီး ပြိုင်ချင်တာလား။

ချိုကုပ်။ ။ အဲဒါက ပါးပါးလေးပဲ ရှိသေးတယ်။ မြန်မာပြည်က အိမ်နီးချင်း ထိုင်းနိုင်ငံလောက်တော့ သနားတယ်။ မြန်မာပြည်က သာတယ်ဆိုတာ အားလုံးသိအောင် ပြောချင်တာ။

ရုက္ခစိုး။ ။ ကဲ … ဒါဆိုလည်း ပြောပါဦးဗျာ။

ချိုကုပ်။ ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာကို သူတို့ ထိုင်းတွေ မသိသေးဘူး။ ကျုပ် သင်တန်း ပေးလိုက်ချင်တယ်။ အခုတော့ ကြည့်ပါဦး။ ဘန်ကောက်မြို့ကြီးက အမှိုက်ပုံကြီးလိုပဲ ကျန်ခဲ့တာ မတွေ့ဘူးလား။ ကျုပ်နိုင်ငံမှာ ဒါမျိုးတွေ မရှိဘူး။

ဖိုးရှုပ်။ ။ သံဃာတွေကို ရိုက်တာလောက်ပဲ ရှိတယ် ဆိုပါတော့။

ချိုကုပ်။ ။ ဒါကတော့ မဖြစ်လွန်းလို့ တုန့်ပြန်ရတာပါ။ ဆူပူမှုကို ဖြိုခွင်းတဲ့နေရာမှာပဲ ကြည့်လေ။ ကျုပ်ဆီက ရိုက်နှက်၊ ပစ်ခတ်ရတယ် ဆိုပေမယ့် မတော်တဆ ထိလို့ သေတာ၊ ကွဲပြဲတာ လောက်ပဲ ရှိတာ။ သူတို့လို့ ချိန်ပြီး တမင်ပစ်တာမျိုး မရှိဘူးဗျ။ ဘယ်လောက် ညင်သာလဲ။

ကြွက်စုတ်။ ။ သြော် … ချိုကုပ်ဒူးကြီးက တမင်ပစ်တာ၊ တမင် ရိုက်တာမျိုး မရှိဘူးလား။

ချိုကုပ်။ ။ ဘယ်ရှိမလဲ။ မတော်တဆထိတာပဲ ရှိတာ။

ရုက္ခစိုး။ ။ (ပြောင်လိမ်ပြီဟု စိတ်ထဲကပြောရင်း) ဆန္ဒပြတာချင်း အတူတူ သူတို့ကတော့ အတော်ဆိုးတယ်ဗျနော်။ ကုန်တိုက်ကြီးတွေကို မီးပုံရှို့တာများ ကြောက်စရာ။

ချိုကုပ်။ ။ ကျုပ်ဆီမှာ ဒါမျိုး လုံး …..... ဝ မရှိဘူး ဦးရုက္ခစိုး။ အဲဒီလို စည်းမရှိ ကမ်းမရှိလုပ်လာရင် ကျုပ်က နာနာလေး ဆုံးမ လိုက်မှာပဲ။ ထိုင်းစစ်တပ်က ပျော့လွန်းပါတယ်ဗျာ။ အင်းလေ ကျုပ်တို့ မြန်မာပြည်သားတွေကလည်း ဒီလို စည်းကမ်းမရှိတဲ့ လုပ်ရပ်မျိုး မလုပ်ကြပါဘူး။ ဘယ်သူမှလည်း ဆူပူဖို့ မစဉ်းစားကြ တော့ဘူး။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ကြီးဆီကို ချီတက်ကြဖို့ အဆင်သင့် ဖြစ်နေကြတာ ဘယ်လောက် အားရ ကျေနပ် ဝမ်းမြောက်ဖို့ ကောင်းလဲဗျ နော်။

ဖိုးရှုပ်။ ။ တကယ်ဆူရင် တကယ်လုပ်မယ် ဆိုတာ သိလို့ ငြိမ်နေတာပါဗျာ။

ကြွက်စုတ်။ ။ အခုတော့ ထိုင်းစစ်တပ်ကလည်း တကယ်ဖြိုခွင်းတယ် ဆိုတာ သိသွားကြပါပြီ။

ချိုကုပ်။ ။ ဘာပြောတယ်။ တကယ်ဖြိုခွင်းတယ်၊ ဟုတ်လား။ အဲဒါ ပါးပါးလေးရှိသေးတယ်။ ကျုပ်ကို မမီသေးပါဘူးဆို။ သူတို့ လုပ်ပုံမျိုးနဲ့ အချိန်မရွေး ပြန်ဆူနိုင်တယ်။ ပြန်ပြီး ခေါင်းထောင်နိုင်တယ်ဗျ။

ရုက္ခစိုး။ ။ ဟုတ်သားပဲ ချိုကုပ်ဒူးကြီးသာဆိုရင် ဆူတဲ့သူတွေ အားလုံးကို ကလေးကော၊ ခွေးကော မချန်ဘဲ ဖမ်းလိုက်မှာနော်။

ချိုကုပ်။ ။ ဒါပေါ့။ အဲဒါမှပဲ တကယ်ငြိမ်တော့မှာ၊ နောက်တခါ မလုပ်ရဲမှာပေါ့။ အကုန်လုံးကို ဖမ်း၊ ရိုက်စစ်ပြီးမှ တချို့ကို ပြန်လွှတ်၊ အများစုကို ထောင်ချ … အဲဒီလို လုပ်ရမှာ။ အခုတော့ဗျာ … ထိုင်းအစိုးရက သေတဲ့သူတွေကို လျော်ကြေးပေးတယ်တဲ့။ ညံ့ချက်၊ ညံ့ချက်၊ အားမရပါဘူးဗျာ။

ဖိုးရှုပ်။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီး … ဂျင်ဝက်ကြီး လာဦးမယ်ဆို။ ရွေးကောက်ပွဲကိစ္စ ထင်တယ်နော်။

ချိုကုပ်။ ။ ဝက်မကလို့ ကြက်လာလာ၊ ကြက်ဆင်လာလာ၊ လာချင်တဲ့သူလာ။ လာလေ ကောင်းလေပေါ့ဗျာ။ ထိုင်းနိုင်ငံနဲ့ ကျုပ်တို့ နိုင်ငံ ဘယ်သူသာတယ်၊ ဘယ်သူ စည်းကမ်း ပိုရှိတယ်ဆိုတာ ပြလိုက်မှာပေါ့။ တကယ်တော့ သူလည်းအရူးကြီးပါဗျာ။ ဟိုတခါ လာတုန်းက ဝက်ထောကြီးကို လွှတ်ပေး လိုက်တယ်၊ ငြိမ်ပြီး ပြန်သွားတာ မတွေ့ဘူးလား။ ဟော အခု ကဗျာဆရာ စောဝေနဲ့ အကျဉ်းသား နည်းနည်းပါးပါး လွှတ်ပေး လိုက်မယ်။ ကျေနပ်ပြီး ပြန်သွားလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရ ပြီးတာပဲ။

ကြွက်စုတ်။ ။ ကဗျာဆရာက လွတ်ရက်စေ့လို့ လွှတ်တာ မဟုတ်ဘူးလား။

ချိုကုပ်။ ။ ဒီလိုရှိတယ်ဗျ။ လွတ်ရက်စေ့လည်း ကျုပ်တို့ မလွှတ်ချင်တဲ့သူဆို မလွှတ်ဘူးလေ။ ကဗျာဆရာ စောဝေကျတော့ နာမည်လည်း ရှိတယ်၊ အန္တရာယ်လည်း မရှိလောက်ဘူးဆိုတော့ လွှတ်ပေးလိုက်တယ်။ သူက နိုင်ငံ တကာက ဆုတွေဘာတွေ ရထားတဲ့သူဆိုတော့ သူ့ကိုလွှတ်ရင် ကျုပ် နာမည်ကောင်းရမှာဗျ။

ရုက္ခစိုး။ ။ ကောင်းပါလေ့၊ ကောင်းပါလေ့။ ခုလို လွတ်ရက်စေ့လို့ လွှတ်တာကိုပဲ သာဓုခေါ်ပါတယ်။

ချိုကုပ်။ ။ သာဓု ဆက်ခေါ်ရဦးမှာ … မပူနဲ့ ဦးရုက္ခစိုးရေ။ အခု မင်္ဂလာဈေးကြီး မီးလောင်တယ် မဟုတ်လား။ ဈေးဆိုင်ခန်းတွေ ပြန်ချပေးမှာဗျ။

ဖိုးရှုပ်။ ။ ဟင် … အဲဒါက သူတို့ဆိုင်ခန်းတွေပဲဟာ … ပြန်ပေးရမှာပဲ မဟုတ်ဘူးလား။

ချိုကုပ်။ ။ မှန်တယ်လေ။ ဒါပေမယ့် ကျုပ် ပြန်ပေးချင်မှ ဖြစ်တာမဟုတ်လား။ ဈေးကြီးကို ရွှေ့လိုက်ရင် သူတို့ ဘာတတ်နိုင် မှာလဲ။ အင်းလေ … သူ့ဘာသာသူ လောင်သွားတော့လည်း သူ့ကုသိုလ်ပေါ့၊ မဟုတ်ရင် ဒီဈေးကြီး ကြည့်မရတာကြာပြီ၊ ကျုပ်က ရှို့ရတော့မှာ။ ခုတော့ ကျုပ် နာမည်မပျက်တော့ဘူးပေါ့လေ။ အောင်မယ်၊ ဆိုင်ရှင်တွေက အဆင့်မြင့်ဈေးကြီးမှာ ဈေးပြန်ရောင်း ရမှာနော်။ ဆိုင်ခန်းခတော့ နှစ်ဆလောက် ကြီးသွားမှာပေါ့။ ဒါလည်း ပါးပါးလေးပါ။

ရုက္ခစိုး။ ။ သြော် … သြော် … ဆိုင်ရှင်တွေကို သူတို့ပိုင်တဲ့ ဆိုင်ခန်းတွေ ပြန်ပေးမယ် … အင်း … သာ …. ဓုပါဗျာ။

ဦးရုက္ခစိုးကြီးက ရွဲ့ပြီး သာဓုခေါ်သည်ကို ချိုကုပ်ဒူးကြီးက တကယ်မှတ်ကာ အားတက်ပြီး ဆက်ပြောတော့သည်။

ချိုကုပ်။ ။ အေးဗျာ … သာဓု ဆက်ခေါ်စမ်းပါ။ ပြောရဦးမယ်၊ လူတွေကို လျှပ်စစ်မီး အချိန်တော်တော်များများ ပြန်ပေး တော့မှာ သိလား။

ကြွက်စုတ်။ ။ ဟာ … ဒါတော့ သာဓု ခေါ်သင့်တယ်ဗျို့။ လုပ်ပါဦး ဓာတ်ငွေ့ပိုက်လိုင်းအသစ်ကြီး ကနေလား။

ချိုကုပ်။ ။ ဟင့်အင်း … ။ ဘာလုပ်ဖို့ အကုန်ခံမှာလဲဗျာ။ ကျုပ်က စည်းမရှိ၊ ကမ်းမရှိဆို မုန်းတယ် သိတယ်မဟုတ်လား။ ဓာတ်ငွေ့ကို ရောင်းစားမှာပေါ့။ အခု မိုးက ပြန်ကောင်းနေပြီလေ။ ရေအားလျှပ်စစ်တွေ ရပြီ၊ … မိုးမကုန်မချင်း … မီး ကောင်းကောင်း ပေးနိုင်ပြီ။ ကြိုးတွေမကောင်းလို့ ပျက်တာတို့ … ထရန်စဖော်မာ ဟောင်းလို့ ထ ထ ပေါက်ပြီး မီးပျက်တာတို့ ကတော့ လူတွေရဲ့ ကုသိုလ်ပေါ့ဗျာ။ အင်း … ဒုက္ခ၊ ဒုက္ခ။

ရုက္ခစိုး။ ။ သြော် ပေးကို ပေးရမယ့်မီး ပြန်ပေးမယ် ဆိုပါတော့။ ခေါ်ပါတယ်ဗျာ သာဓု။

ဖိုးရှုပ်။ ။ ရ … ရပြီ … ရပြီ … ခဏလေး နေပါဦး။

ချိုကုပ်။ ။ ဘာရတာလဲကွ။ ဒီမှာ ပြောလို့ဆိုလို့ ကောင်းနေတာ ...။

“ကျနော် စာရေးဖို့ အိုင်ဒီယာရပြီလို့ ပြောတာ … ဖျပ်ဖျပ်ရဲ့ ဖွချက် ဆိုပြီး မရေးတော့ဘူး … ကုပ်ကုပ်ရဲ့ လုပ်ချက် ဆိုတဲ့ ကမ္ဘာကျော် ဆောင်းပါးကြီးပဲ ရေးတော့မယ်ဗျို့” ဟု ဖိုးရှုပ်က ပြောရင်း ဦးထုပ်ကြီးကို ဆွဲချွတ်ကာ ပြေးထွက်သွားတော့သည်။

မြန်မာ့ နအဖ စစ်အစိုးရမှ ယခုနှစ်တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လူပ်ရှားမူ အခမ်းအနား နေ့တွင် ရခိုင် အမျိုးသားများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုပုံပါသော မဲပြားများကို အမှတ် ခြစ်ပြီး မဲပေးခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ မဲပေးပွဲကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားခရိုင်ရှိ နွားရုံတောင် ကျေးရွာတွင် မေလ ၂၇ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

မဲပေးခဲ့သူ တဦးက “ မဲပြား တပြားတည်းမှာ အပေါ်က ဒေါ်စု ရုပ်ပုံပါတယ်။ အောက်မှာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံပါတယ်။ ရွှေးကောက်ပွဲကို ထောက်ခံရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံမှာ အမှတ်ခြစ်ရတယ်။ ရွှေးကောက်ပွဲကို မထောက်ခံရင် ဒေါ်စုပုံမှာ သွားပြီး အမှတ်ခြစ်ရပါတယ်။ ကိုယ်သဘောနဲ့ ကိုယ်ခြစ်ပီး လျို့ဝှက် မဲပုံးထဲမှာ ထည့်ရပါတယ်။ ရွှေးကောက်ပွဲကို မထောက်ခံတဲ့သူ များနိုင်ပါတယ်။ ကျွန်တော်တို့ ပြန်လာတဲ့ အထိတော့ မဲပုံးကို မဖွင့် သေးပါဘူး” ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို နွားရုံတောင် ကျေးရွာရှိ ရခိုင်အမျိုးသား အဆောက် အဦးတွင် ဒက္ကား အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသမီး အစည်း အရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက လူပ်ရှားမူ အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းကို ယခုကဲ့သို့ ပြောသည်။

“ နအဖ စစ်အစိုးရ ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်စေဖို့ ဦးတည်ပြီးလုပ်နေတဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အတွက် ကျမတို့ ပြည်သူ တရပ်လုံးက ဘယ်လို ရွေးကောက်ပွဲမျိုးကို လိုချင်သလဲ ဆိုတာကို ဆန္ဒခံယူပြီး ကမ္ဘာကြီးကို တင်ပြဖို့အတွက် ဒီလှုပ်ရှားမှုကို ပြုလုပ် ရတာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှုတွင် ပြည်ပရောက် ရခိုင်အမျိုးသား အမျိုးသမီးများနှင့် ဒေသခံ ရခိုင်ကျောင်းသား လူငယ်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက် ခဲ့ပြီး တက်ရောက်သူ သုံးလေးဦးမှ ရွှေးကောက်ပွဲကို ထောက်ခံမဲ ပေးခဲ့ပြီး အများစုက ကန့်ကွက် မဲ ပေးခဲ့ကြသည်ဟု ဒေါ်မြရာဇာလင်းက ပြောသည်။

ယခုကဲ့သို့ ဆန္ဒမဲ ကောက်ယူခြင်းဖြင့် တစုံတရာ အတိုင်းအတာထိ မျော်လင့်ချက် ရှိကြောင်းလည်း ဒေါ်စော မြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“ အခုလို ကိုယ့်ဆန္ဒကို ဖော်ထုတ်ပြသတာကို သတင်းဌာနတွေက တဆင့် ပြည်သူတွေ သိသွားမယ်။နောက်ပြီး ကျမတို့အခြေစိုက်တဲ့ ဘင်္ဂလာအစိုး ရကိုလည်း ဒီမဲတွေဟာ ပြည်သူတွေရဲ့ အမှန်တကယ် ဆန္ဒဖြစ်တယ်။ ဒါကြောင့် မြန်မာစစ်အစိုးရကို အိမ်နီးချင်း အစိုးရ တရပ်အနေနဲ့ ဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန် အသွင်ကူးပြောင်းနိုင်အောင် ဖိအား ပေးပါလို့ ကျမတို့ ဆက်ပြီး တောင်းဆို သွားမယ်။ ကမ္ဘာကြီးက၀ိုင်းပြီး ဖိအား ပေးလာတဲ့အချိန်မှာ နအဖ စစ်အစိုးရကလည်း သူတို့ပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြေကို ဆိုဖို့ ခက်ခဲ လာလိမ့်မယ်လို့ ကျမနေနဲ့ ယုံကြည်တယ်။”

ယခု လှုပ်ရှားမူကို မေလ ၁၄ ရက်နေ့မှ စတင်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရာဘင် ၊ လာမား၊ အလယ်ခေါ်တောင် မြို့နယ်များတွင် ရောက်ရှိနေထိုင်ကြသည့် ရခိုင် အမျိုးသားများ ဆန္ဒများ ကိုလည်း ကောက်ခံထားပြီး စုစုပေါင်း ဆန္ဒမဲပေါင်း ၅၇၉ မဲ ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။


ကျွန်ုပ်တို့အတွက် မနက်ဖြန်

မင်းဟန်

“ကျောင်းသားများက အကြမ်းအားဖြင့် သုံးမျိုးသုံးစား ရှိပါတယ်။ ပထမတမျိုးကတော့ ထိပ်ဆုံးက အထူးအခွင့်အရေးခံနေရတဲ့ အသိုင်းအဝိုင်းက ကလေးတွေ…။ အဲ့ဒီကလေးတွေက ကျမသိသလောက်တော့ နိုင်ငံခြားမှာ သွားပြီးတော့ ပညာသင်ကြတယ်။ အဲ့တာက လူနည်းစုတွေပါ။ ဒုတိယတမျိုးက ဘာလဲဆိုတော့… နိုင်ငံခြားမှာသွားပြီး ပညာသင်ပေးနိုင်လောက်တဲ့အထိ အခြေအနေ မရှိဘူး…။


ဒါပေမဲ့ ငွေကြေးပြည့်စုံတော့ သင်တန်းအမျိုးမျိုးတက်ဖို့ လွှတ်ကြတယ်။ ဒီသင်တန်းတွေ လွှတ်တယ်ဆိုတာကလည်း အချိန်အတိုင်းအတာတခုအထိပဲ ကလေးတွေအတွက် တန်ဖိုးရှိမယ်။ တတိယအများစုကတော့… မိဘတွေက ဘာမှမတတ်နိုင်တဲ့အခါကျတော့ အလုပ်ဝင်လုပ်ရတဲ့ ကလေးတွေ…၊ ပညာသင်ဖို့ မျှော်လင့်ချက်ကို လုံးလုံးစွန့်လိုက်ရတဲ့ ကလေးတွေ။ အဲ့ဒီကလေးတွေအတွက် ဘယ်လိုလုပ်မလဲဆိုတာ… ကျမတို့နိုင်ငံအတွက် အင်မတန်ကြီးမားတဲ့ ပြဿနာဖြစ်တယ်” (ဒေါ်အောင်ဆန်းစုကြည်)

(ဝ)

‘ပညာပဒီပေါ၊ က္ကစ၊ အဓိပဇ္ဇောတော’
လောက၌… ပညာဆီမီးသည် အတောက်ပဆုံးဖြစ်၏။
(ဓမ္မပဒ)

အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ်ရှိ ‘ကင်းတက္ကသိုလ်’ က သူ၏ ရည်မှန်းချက်အား ထုတ်ပြန်ကြေညာ၍ ကြွေးကြော်သည်။

“ကမ္ဘာမြေအနှံ့မှ ကျောင်းသားအသီးသီး၏ ယဉ်ကျေးမှု၊ လူမှုရေး လိုအပ်ချက်များနှင့်အညီ အမြင့်ဆုံး ဝန်ဆောင်မှုပေးရန် အသားအရောင်၊ လူမျိုး၊ ဘာသာမရွေး တကမ္ဘာလုံးမှ အကောင်းဆုံးဦးနှောက်များကို အမြင့်ဆုံး ဖွံ့ဖြိုးစေရန်” … ဟူ၍ ဖြစ်သည်။

ပညာရေးတွင် နယ်ခြားမဲ့နေခဲ့သည်မှာကြာပြီ။
မြန်မာတို့က…. အစဉ်အလာအရ ပညာကို လိုလားတန်ဖိုးထားကြသည့် လူမျိုးများဟုဆိုချင်သည်။ ဘာသာတရားကလည်း ‘ပညာ’ ၏ တန်ဖိုးတရားများအား ညွှန်ပြ၏။ ဆုံးမပဲ့ပြင်၏။

“ဝိဇ္ဇာ၊ သိပ္ပံ၊ လူ့ကိစ္စကို၊ ငယ်က မသင်၊ ပျော်ပါးလွင်မူ
အကြင်သူအား၊ စကားချေတင်၊ သဘင်မပြန့်၊ ခံတွင်းမဲ့သို့၊
ချို့တဲ့ပညာ၊ ညှိုးမျက်နှာနှင့်၊ ရွံ့ရှာစိုးထိတ်၊ အသံဆိတ်၏။”

(ရှင်မဟာရဌသာရ၊ ကိုးခန့်ပျို့ပိုဒ် ၂၆)


(၁)

မြန်မာ့ပညာရေးအစက ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုနီတိများနှင့် အခြေတည်ခဲ့သည်။ ဘုန်းတော်ကြီးကျောင်း ပညာရေးနှင့် ‘စ’ ၏။ မြန်မာတို့၏ အမျိုးသားပညာရေး သမိုင်းခရီးက ရှည်၏။ ကြမ်း၏။ ဝဲဂယက်အတွင်း ဝဲလယ်၍ နေခဲ့သည်လည်း ရှိ၏။ ပေါက္ခရဝဿပညာရေးကာလက တာရှည်လွန်းလှသည်။ လူမခိုးသည့် ပညာရွှေအိုးအတွက် …. ရွှေအိုးရှိမှ ပညာသင်ကြားနိုင်သည့် အခြေအနေများနှင့် ….။ ထားတော့…။

ယနေ့ပညာရေးက … ကမ္ဘာလုံးအသွင် ဆောင်လာပြီ။ ကမ္ဘာ့အဆင့်မီ ပညာရပ်များအား သင်ကြားနိုင်ရန်၊ ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးများသို့ … ကမ္ဘာအရပ်ရပ်မှ ပညာရှာလိုသူများ မျက်နှာမူလာကြရပြီ။

ပညာရှာလိုသော လူငယ်များ၏ ပညာရှာခရီးက … ချောမွေ့လွယ်ကူသည့် ပန်းခင်းလမ်းက မဟုတ်…။ အခက်အခဲများကမူ အပြည့်အသိပ်။ အားမာန်၊ ဇွဲလုံ့လဝိရီယ၊ ငွေကြေးတို့နှင့် ရုန်းကန်ကြရသည့် ခရီး…။ ဤခရီးအတွင်း မြန်မာလူငယ်များသည်လည်း လျှောက်လှမ်း၍ နေကြ၏။ အိမ်မောကျနေသည့် ခေါင်းလောင်းများနှင့် ဝေးရာမှသည် .. မြည်ဟည်းနေသည့် ခေါင်းလောင်းသံများ ရှိရာဆီသို့ ….။


(၂)

ဂျပန်နိုင်ငံ ‘Ritsumeikan Asia Pacific University’ တွင် သွားရောက်၍ ပညာသင်ကြားရန် ရည်မှန်းထားသည်ဆိုလျှင်မူ ပထမဦးစွာ …. ‘Ya Ya Ya’ တွင် စုံစမ်းဆက်သွယ်ရမည်။ Ritsumeikan Asia Pacific တက္ကသိုလ်က … စာ၊ အားကစားနှင့် လူမှုရေးလုပ်ငန်းတခုခုတွင် ထူးချွန်သည့် ကျောင်းသားများအား ဦးစားပေး၍ ခေါ်သည်။ IELTS က 5.5 ရှိဖို့ လို၏။ IELTS အမှတ်ကောင်းလျှင် …. ကောင်းသလို ကျောင်းစရိတ်အား လွတ်ငြိမ်းခွင့် ပေး၏။ ဝင်ခွင့်အင်တာဗျူးကိုမူ …. တယ်လီဖုန်းနှင့်ပင် အင်တာဗျူး၏။

(၃)

အင်္ဂလန်ကျွန်းမှ …. ‘Wigon & Leigh Collage’ တွင် ပညာသင်မည်ဆိုလျှင်က … ပထမ NLEC (Nawarat) တွင် Wigon & Leigh ၏ Foundation Course အား တတ်ရောက်သင်ကြားရသည်။ ပြီးလျှင် …. စာမေးပွဲဖြေရ၏။ စာမေးပွဲရလဒ်အားကြည့်၍ ကျောင်းဝင်ခွင့်အား ဆုံးဖြတ်သည်။ ဝင်ခွင့်ရ၍ အင်္ဂလန်တွင် ကျောင်းတက်ခွင့်ရပါက …. Higher National Diploma ကို ၂ နှစ် တက်ရမည်ဖြစ်သည်။ ဘွဲ့တခုခုအတွက်ဆက်၍ တက်ရောက်မည်ဆိုပါက … နောက်ထပ် တနှစ်ဆက်၍ တက်ရမည်ဖြစ်သည်။ Wigon Leigh ကောလိပ်နှင့် သင်ကြားမှုပုံစံက …. Assignment စနစ် ဖြစ်သည်။ မိမိဘာသာမိမိ စာကြည့်တိုက်သွား …. စာအုပ်ရှာဖတ်ရ၏။ Self Study ပုံစံ ….။ မြန်မာပြည်၌ ခေါက်ရိုးကျေနေသည့် သင်ကြားမှုနှင့် အရိုးစွဲခဲ့သည့် မြန်မာလူငယ်များအတွက်မူ …. စိမ်းနေဦးမည့် ပညာရေး …. ဟူ၍ ဆိုရမည်။


(၄)

စင်္ကာပူရှိ Productivity Standard Board (PSB) Academyက သြစတြေးလျမှ လာ၍ ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်သည်။ စင်္ကာပူတွင် ၂ နှစ် သင်ကြားရပြီ၊ ၁ နှစ်နှင့် ၆ လအား သြစတြေးလျတွင် ဆက်၍ သင်ယူရသည်။ Productivity Standard Board (PSB) Academy တွင် ကျောင်းတက်မည်ဆိုပါက …. Singapore Education Fair မှတဆင့် Oversea Education Channel (OEC) နှင့် ဆက်သွယ်ရမည်ဖြစ်သည်။ ကျောင်းဝင်ခွင့် ရရန်မှာမူ … အခြေခံပညာ အထက်တန်းအောင်မှတ် ၆ဝ % ရှိရပါမည်။ TOEFL မှာလည်း ၅၅ဝ ရှိမည်ဖြစ်၏။ တရုတ်စာနှင့် တရုတ်စကားလည်း အနည်းငယ်တတ်ဖို့ လို၏။ စင်္ကာပူကျောင်းများတွင်က …. အင်္ဂလိပ်ဘာသာစာပေနှင့် သင်ကြားသော်လည်း …. တခါတရံတွင် တရုတ်လို ညှပ်၍ပြောသည်များလည်း ရှိ၍ တရုတ်လိုလည်း တတ်ထားရန် လိုပါမည်။ ပြီးလျှင်မူ …. စင်္ကာပူဒေါ်လာတသောင်း Grand ပေး၏။

FIRST YEAR FOUNDATION COURSE တွင် (SAT) မှ ဘာသာရပ်များအား ထည့်သွင်း၍ သင်ကြားရသည့်အတွက် … သင်္ချာ၊ ရူပဗေဒနှင့် အင်္ဂလိပ်စာ ဘာသာရပ်များအား ကျေညက်ရန် လိုပါမည်။ ၂ နှစ်သင်တန်း ပြီးလျှင်မူ …. သြစတြေးလျ၌ တနှစ်ခွဲ ဆက်၍ သင်ယူရပါသည်။ သြစတြေးလျတွင်က …. ကျောင်းတက်ရင်း … အလုပ်လုပ်ကြရ၏။ ကျောင်းတက်ရင်း အလုပ်လုပ်ရင်းနှင့် သြစတြေးလျတွင် P.R လျှောက်ကြ၏။

Productivity Standard Board (PSB) Academy ၏ အန္တိမက …. သြစတြေးလျတွင် P.R ရရေး …..။ P.R ဟူသည်က Permanent Residence ဖြစ်၏။


(၅)

နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အကယ်ဒမီတခုခုတွင် ဝင်ခွင့်ပြီးလျှင် …. အဓိကအရေးတကြီး လိုသည်က … စကောလားရှစ်ရရေး ရှာပုံတော် ဖြစ်၏။

ကျောင်းဝင်ခွင့်ရပြီး စကောလားရှစ် ရရှိရန်ကိုမူ Asia Youth Fellow Ship တွင် လျှောက်နိုင်၏။ လွယ်တော့ မလွယ် …။ ဂျပန်ပြည်တွင် ပညာသင်ရန် စကောလားရှစ် ရှာဖွေခဲ့ဖူးသည့် ရန်ကုန်မြို့မှ ကျောင်းသူတဦး၏ အတွေ့အကြုံက ……

“ကျမလည်း အရင်ကတော့ စကောလားရှစ်နဲ့ နိုင်ငံခြား ပညာသင်သွားဖို့ကိစ္စကို မမျှော်လင့်ထားခဲ့ပါဘူး။ အခုသွားချင်လို့ ကြိုးစားတဲ့အခါမှာ Full စကောလားတွေ အများကြီးရှိတာ တွေ့ရတယ်။ စကောလားကတော့ တကယ်တော်တဲ့ လူကိုမှ ရွေးမှာဆိုတော့ တခေါက်ထဲနဲ့ကတော့ ရမှာမဟုတ်ဘူး။ ထပ်ခါထပ်ခါ ကြိုးစားဖို့ လိုတယ်။ ပြောချင်တာက Developing Country တွေအတွက် စကောလားရှစ်ပေးတဲ့ အစီအစဉ်တွေ အများကြီး ရှိတယ်။ ကျောင်းတွေမှာလည်း စုံစမ်းလို့ရတယ်။ Website တွေလည်း အများကြီး ရှိပါတယ်။ ကြိုးစားရှာကြည့်ကြပါလို့”

ပြီးလျှင် …. သူမကပင် စကောလားရှစ်နှင့်ပတ်သက်၍ သူမအတွေ့အကြုံနှင့်ယှဉ်ပြီး အကြုံပြုထား၏။

“ပထမနှစ်လျှောက်တုန်းက မရခဲ့ဘူး။ အဲဒါ ဘာလို့မပါလဲလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တယ်။ စိတ်ဓာတ်တော့ကျတာပေါ့။ ဒါပေမဲ့ ဘာတွေ့လဲဆိုတော့ သူတို့တောင်းတတ်တဲ့ TOEFL တွေ IELTS တွေ ကိုယ့်မှာ မရှိဘူး။ အဲဒါတွေ လိုတယ်။ အဲဒါရှိအောင် လုပ်ရမယ်လို့ သိလာတယ်။ နောက်တခါ Essay ကောင်းကောင်းရေးဖို့ လိုတယ်။ စကောလားရှစ်ပေးဖို့ လုပ်တဲ့လူက ကိုယ့်ကို မသိဘူးလေ။ အဲဒီတော့ ကိုယ့်အကြောင်း သူသိအောင် သေသေချာချာ ပြောပြရမယ်။ အမွှန်းတင်ပြောရတာပေါ့။ အဲဒါကို ကိုယ်က ဖြစ်သလိုရေးခဲ့တာ၊ လျှောက်လွှာကိုလည်း ပိတ်ရက်နားကပ်ပြီး တင်ဖြစ်တယ်ဆိုရုံလေး တင်လိုက်တာ။ အခုတခေါက်ကျမှ ကိုယ့်ကိုယ်ကို သေသေချာချာ Guide လုပ်ပေးနိုင်တဲ့ ဆရာမနဲ့ တွေ့ပြီး ဆရာမ အကြံပေးသလို Research Proposal ကောင်းကောင်း ရေးတင်နိုင်တယ်။ ပထမနှစ်ခေါက်ထက်စာရင် ကောင်းကောင်း ရေးနိုင်တယ်။ ဒါ့ကြောင့် စကောလားရှစ် လျှောက်ရင်တော့ အက်ဆေးကို အချိန်ပေးပြီး ကောင်းကောင်း ရေးတင်နိုင်ဖို့ လိုတယ်”

“မင်းအိပ်မက်
စေညွှန်ရာအတိုင်း
ယုံယုံကြည်ကြည်နဲ့သွားပါ
မင်းစိတ်ကူး
ပုံဖော်ထားတဲ့ဘဝ
ရှင်သန်အောင်လုပ်ပါ”

(ဟင်နရီဒေးဗစ်သော်ရိုး ၁၈၁၇-၆၂)

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,28th,2010

( 13 )မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၉၀ ရလဒ်ကို ဆုပ်ကိုင်ရန် တိုက်တွန်း

( 12 )ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်တိုး

( 11 )၉၀ ရလဒ်အပေါ် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေသူများ အမြင်

( 10 )မြစ်ဆုံရေကာတာစီမံကိန်းအတွက် ကျေးရွာသားများ စတင်ပြောင်းရွေ့

( 9 )ဝါရင့် ခေါင်းဆောင် ၃ ဦး မွန်ပြည်သစ်မှထွက်

( 8 )UN suspects North Korean nuke ties to Myanmar

( 7 )မင်္ဂလာဈေးက ဈေးသည်များကို ယာယီ ဆိုင်ခန်းဆောက်ပေးမည်

( 6 )အီးယူ - အာဆီယံက နအဖကို တိုက်တွန်း

( 5 )North Korea 'is exporting nuclear technology'

( 4 )မြောက်ကိုရီးယား နျူကလီးယား နည်းပညာ မြန်မာပြည်ပို့

( 3 )US Senators Condemn Burma's Regime

( 2 )NDF ပါတီ မှတ်ပုံတင် လျှောက်ထား

( 1 )Europe, Southeast Asia Burma statement condemned

Friday, May 28, 2010

စစ် အာဏာပိုင် အသိုင်းအဝန်းတို့ ဂိုဏ်းဖွဲ့၍ လိုင်စင်မဲ့ကားများ တင်သွင်းနေ

အောင်သက်ဝိုင်း Friday, May 28, 2010

0စစ်အာဏာပိုင်များ၏ သားသမီး၊ ဆွေမျိုးသားများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းကာ ပြည်တွင်းသို့ လိုင်စင်မဲ့ကားများ တရားမ၀င် တင်သွင်းသည့် လုပ်ငန်းကို ဂိုဏ်းပုံစံ အုပ်စုဖွဲ့ လုပ်ကိုင်လာကြကြောင်း သတင်းရရှိသည်။


အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ လိုင်စင်မဲ့ကားများကို အုပ်စုဂိုဏ်းဖွဲ့ တင်သွင်းကြခြင်း ဖြစ်ပြီး အဆိုပါဂိုဏ်းများသည် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားသည့် စစ်ဘက်၊ အရပ်ဘက် အရာရှိများနှင့် ချိတ်ဆက် လုပ်ကိုင် ကြခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

“အခု လိုင်စင်မဲ့ကား တင်သွင်းတဲ့ပုံစံက တဦးတယောက်တည်း မဟုတ်ဘူး။ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးတွေလို စစ်အရာရှိ၊ လူကြီး ဆွေမျိုး သားသမီးတွေနဲ့ စီးပွားရေးသမားတွေ ပေါင်းလုပ်ကြတယ်။ ဂိုဏ်းဖွဲ့လုပ်တော့ လုပ်နိုင်အားရော၊ လုပ်ပိုင်ခွင့်ရော ပိုကြီးသွားတယ်” ဟု စက်မှုဇုန်ကား ထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။

လိုင်စင်မဲ့ ကားတင်သွင်းသည့် ဂိုဏ်းများတွင် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တို့၏ သားသမီး၊ ဆွေမျိုးများက ဦးဆောင်ပြီး စီးပွားရေး သမားများနှင့် နယ်မြေခံ အာဏာပိုင်များပါ ပူးပေါင်းပါဝင်နေခြင်းကြောင့် ဥပဒေကို အလွယ်တကူရှောင်လွှဲပြီး တရားမ၀င် လိုင်စင်မဲ့ ကားများကို တရားဝင်ကားများအဖြစ် အမြတ်အစွန်း များစွာဖြင့် ပြောင်းလဲ ရောင်းချကြသည်ဟု ရန်ကုန်ကားဈေးကွက်မှ
သိရသည်။

“လိုင်စင်မဲ့ ကားသွင်းတဲ့ အုပ်စုတွေက အနည်းဆုံး စစ်တိုင်းမှူး အဆင့်လောက်ထိ ပေါက်ပေါက်ရောက် ရောက်ရှိကြတဲ့ သူတွေ” ဟု ရန်ကုန် ကားပွဲစားကြီးတဦးက ဆိုသည်။

လိုင်စင်မဲ့ကား အရောင်းအ၀ယ်တွင် ရောင်းဝယ်သည့် ကားအမျိုးအစားကိုလိုက်ပြီး ငွေကျပ် သိန်းရာ၊ ထောင်ချီ အမြတ် ကျန်သည်ဟု စုံစမ်းသိရသည်။

လိုင်စင်မဲ့ ကားအများစုသည် တရားဝင် လမ်းကြောင်းများကို လာဘ်ပေးသည့် စနစ်ဖြင့် ဖြတ်ကျော်ကာ ပြည်တွင်းသို့
သယ်ဆောင် လာခြင်း ဖြစ်ပြီး ဈေးကွက်ထဲတွင် ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်သည်ဟု သိရှိရသည်။

“Without (လိုင်စင်မဲ့) ကားတွေက တရားဝင်လမ်းကပဲ ၀င်တာ။ အကောက်ခွန်၊ ရဲ၊ နယ်စပ် ကုန်သွယ်ရေး၊ စစ်တပ်၊ အားလုံးကို ပေးကမ်းပြီး ၀င်လာတာ။ အားလုံးချိတ်ဆက် လုပ်ကြတာဆိုတော့ တောလမ်း၊ တောင်လမ်းတွေဖြတ်စရာမလိုဘူး။ အစိုးရ ခင်းထားတဲ့ ကတ္တရာလမ်း ပေါ်ကနေ တရားဝင် အိနြေ္ဒရှိရှိနဲ့ ၀င်လာရုံပဲ” ဟု မြ၀တီ နယ်စပ် ကုန်သည်တဦးက ပြောသည်။

ဈေးကွက်တွင် လိုင်စင်မဲ့ကားများ ရောင်းဝယ်ကြရာ၌ အစိုးရ လေလံကားများနှင့် လိုင်စင်မဲ့ ကားများ လဲလှယ်စီးနင်း ကြသည့် အရောင်းအ၀ယ်ပုံစံ၊ လိုင်စင်မဲ့ ကားများကို ပြည်တွင်း စက်မှုဇုန်ထုတ် ကားများအဖြစ် ပြောင်းလဲရောင်းဝယ် သည့်ပုံစံ၊
စီးနင်းနေသော မော်ဒယ်နိမ့်ကားကို လိုင်စင်မဲ့ကားဖြင့် လဲလှယ်စီးနင်းရန် ရောင်းဝယ် သည့်ပုံစံများရှိကြောင်း သိရသည်။

“အစိုးရလေလံပစ်တဲ့ ကားဝယ်ထားတဲ့သူတွေက လိုင်စင်မဲ့ကားနဲ့ လဲစီးလို့ရတယ်။ ဥပမာ၊ အစိုးရလေလံပစ်လိုက်တဲ့ တိုယိုတာ မတ်တူးကားအစုတ် ၀ယ်ထားသူက လိုင်စင်မဲ့ တိုယိုတာ မတ်တူး ကားအကောင်းနဲ့ လဲစီးတာမျိုး” ဟု ရန်ကုန်ကားပွဲစား တဦးကပြောသည်။

မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများသည် လိုင်စင်မဲ့ကားများကို ပြည်တွင်း စက်မှုဇုန်ထုတ် ကားများအဖြစ် ပြောင်းလဲ တပ်ဆင် ရောင်းချခြင်းများ ရှိကြောင်းလည်း သိရသည်။

“လိုင်စင်မဲ့ကားကို ပုံစံလေးပြောင်းပြီး ထုတ်ထားတဲ စက်မှုဇုန်ထုတ်ကားတွေက ဈေးကြီးတယ်” ဟု ကား ထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

ထိုသို့ လိုင်စင်မဲ့ကားမှ စက်မှုဇုန်ထုတ်ကားအဖြစ် ပြောင်းလဲထားသော ကားများသည် ၈ဂ၊ ၈ဃ၊ ၈င၊ ၈စ စသော နောက်ဆုံးပေါ် အက္ခရာ နံပါတ်များရရှိကာ ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ပြဒေသ လမ်းမကြီးများပေါ်တွင် မောင်းနှင်နေကြသည်ဟု သိရသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှစပြီး လုပ်ငန်းသုံး၊ ခရီးသည်တင်ယာဉ်နှင့် စက်ယန္တရား ယာဉ်ကြီးများကို ကန့်သတ်ချက် များဖြင့် စီးပွားရေး လုပ်ငန်းရှင်များကို လွတ်လပ်စွာ တရားဝင်တင်သွင်းခွင့် ပေးထားသော်လည်း အိမ်စီးဇိမ်ခံကား တင်သွင်းခွင့်ကိုမူ တင်းကျပ်စွာ ချုပ်ကိုင်ထားဆဲ ဖြစ်သည်။


ပိုင်ရှင်မဲ့ အလောင်းများကို နာရေးကူညီမှုအသင်း သင်္ဂြိုဟ်ပေး

အောင်ထက် / ၂၈ မေ ၂၀၁၀

နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ပိုင်ရှင်မဲ့အလောင်း ပျမ်းမျှ (၁၅) လောင်းခန့်ကို လစဉ် သင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။

အသင်းဥက္ကဋ္ဌ ဦးကျော်သူက “ရဲက အကူအညီတောင်းမှ၊ အာမခံမှ၊ ထောက်ခံချက်ပေးမှ ကျနော်တို့ သင်္ဂြိုဟ်ပေးပါတယ်။ ဆေးရုံက ရောက်လာတာမှန်ပေမယ့် ရဲက အာမခံရပါတယ်။ ဆေးရုံက သေစာရင်းထုတ်ပေးတယ်။ တချို့ဖြစ်စဉ်တွေကျ မြို့နယ် ကျန်းမာရေး ဌာနတွေက ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပိုင်ရှင်မဲ့အလောင်းဆိုသည်မှာ သက်သေခံ အထောက်အထားလက်ဝယ် မတွေ့ရသည့် ရေနစ်သေဆုံးခြင်း၊ ဆွဲကြိုးချသေခြင်း၊ လမ်းဘေးအမှိုက်ပုံ၌ သေဆုံးနေခြင်း၊ ခရီးသွားစဉ် ရုတ်တရက် သေဆုံးခြင်း စသည်ဖြင့် သေဆုံးသူများဖြစ်သည်။


အဆိုပါ ပိုင်ရှင်မဲ့အလောင်းကို PC (police case) ဟု သတ်မှတ်ကာ ရဲထောက်ခံမှုဖြင့်သာ သင်္ဂြိုဟ်ပေးပြီး သင်္ချိုင်းလက်မှတ် သီးခြားထုတ်ပေးမှုမရှိဟု သိရသည်။

နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “လမ်းဘေး သေတယ်။ ရ၀တ သက်သေနဲ့ ရဲက စစ်ဆေးတယ်။ ပြီးတော့ ဆေးရုံပို့တယ်။ ဆေးရုံက ရင်ခွဲပြီး ရဲက သေမှုသေခင်း (Police Case) ဖွင့်တယ်။ အလောင်းပိုင်ရှင် ပေါ်လာတဲ့အထိ ဆေးရုံက စောင့်ပေးပါတယ်။ ပိုင်ရှင် မပေါ်တော့ဘူးလို့ ဆေးရုံက ဆုံးဖြတ်ပြီးမှ ကျနော်တို့အသင်းကို အကူအညီတောင်းပါတယ်” ဟု ရှင်းပြသည်။

နယ်အဝေးမှ ရန်ကုန်ရောက်ရှိလာစဉ် လမ်းဘေး၌ သေဆုံးသူအချို့ ရှိတတ်ကြောင်း၊ ဆေးရုံအနေဖြင့်လည်း အလောင်းပိုင်ရှင်ကို နှစ်ရက်ထက် ပိုမစောင့်နိုင်ကြောင်း၊ နာရေးကူညီမှုက ပို့ဆောင်သင်္ဂြိုဟ်ပြီးမှ အလောင်းပိုင်ရှင်တို့ ရောက်ရှိလာတတ်သည်ကိုလည်း ကြုံဖူးကြောင်း ၎င်းက ပြောသည်။

နာရေးကူညီမှုအသင်း မပေါ်မီက ဤကဲ့သို့ ပိုင်ရှင်မဲ့အလောင်းများကို မြို့တော်စည်ပင်မှ တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။ သို့သော် နိုင်ငံတော်အမှုများတွင်မူ စည်ပင်ကတာဝန်ယူပေးကြောင်း စည်ပင်သာယာဝန်ထမ်းတဦးက ပြောသည်။

“ခုလည်း စည်ပင်က ပို့ပေးနေရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ ရှိတတ်ပါတယ်။ ရထားမှောက်၊ ဗုံးကွဲ၊ ယာဉ်တိုက် စတဲ့ နိုင်ငံတော်အမှုတွေမှာ အလောင်းပိုင်ရှင် အချိန်မီရောက်မလာရင် ကျနော်တို့ပဲ တာဝန်ယူရပါတယ်” ဟု ၎င်းက ပြောသည်။

ပိုင်ရှင်မဲ့အဖြစ် အခြေခံသတ်မှတ်ခြင်းမှာ မှတ်ပုံတင်ကဲ့သို့ အထောက်အထားမတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယင်းသို့ မှတ်ပုံတင်မပါဘဲ ပိုင်ရှင်မဲ့အဖြစ် သေဆုံးရသည့်ကိစ္စသည် ကာယကံရှင်ကြောင့် ဖြစ်နိုင်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့နေ အငြိမ်းစား ကျောင်းဆရာကြီးတဦးက သုံးသပ်ပြောဆိုသည်။

၎င်းက “မှတ်ပုံတင် မရှိတာရယ်၊ ယူဆောင်သွားလေ့ မရှိတာရယ်လည်း ပါတာပေါ့။ မှတ်ပုံတင်မရှိတဲ့သူတွေဆို ဥပမာ ပျံကျကျူးကျော်တဲတွေ ရန်ကုန်မှာ ရှိနေသေးတယ်။ အဲဒီက လူတွေမှာ မှတ်ပုံတင် ကိုင်နိုင်သူ ဘယ်နှယောက်ရှိမလဲ။ နောက်ပြီး အိမ်မဲ့ရာမဲ့ အခြေအနေမဲ့တွေ ရှိသေးတယ်။ ဒီတော့ မြန်မာပြည်မှာ ဖွားသေစာရင်းတို့၊ အိမ်ထောင်စု လူဦးရေ စာရင်းတို့ အတိအကျရှိနိုင်ပါ့မလား။ ဒါတွေဟာ နိုင်ငံတော်ရဲ့ အားနည်းချက်တွေပဲ” ဟု ပြောဆိုသည်။

နာရေးကူညီမှုအသင်းတွင် အလောင်းသယ်ယာဉ် (၁၇) စီးထားရှိပြီး တနေ့ ပျမ်းမျှ ရုပ်ကလာပ် (၄၀ - ၅၀) ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ သင်္ကြန်အပြီး အပူချိန် ပြင်းထန်စဉ်က တနေ့လျှင် ရုပ်ကလာပ် (၇၀ - ၈၀) ခန့် ပို့ဆောင်ပေးခဲ့ရကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်းက လစဉ် သင်္ဂြိုဟ်ပေးနေသည့် အလောင်းများအပြင် အခြား လူမှုအသင်းများ၊ စည်ပင်စာရင်းများ၊ နယ်တို့တွင် မထင်မရှားသေဆုံးသည့် ပိုင်ရှင်မဲ့အလောင်းများလည်း ရှိကြောင်း သိရသည်။

စစ်တွေမြို့တွင် ကဆုန် ညောင်ရေသွန်းပွဲနှင့် ရခိုင်ရိုးရာ ရွှေလောင်း(လှေ) ငါးရှင်လွှတ်ပွဲ ကျင်းပ

နှောင်းလူ (စစ်တွေ)

ရ ခိုင်ပြည်နယ် စစ်တွေမြို့တွင် ကဆုန် ညောင်ရေသွန်းပွဲတော်နှင့် ရခိုင်ရိုးရာ ရွှေလောင်း(လှေ) ငါးရှင်လွှတ်ပွဲကို မေလ ၂၇ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတော်ကို စစ်တွေမြို့ရှိ သမိုင်းဝင် လက်ဝဲသလုံးတော်ဓါတ် စေတီတော်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြို့ခံ တဦးက “ စစ်တွေမြို့ အ၀င်ကား ၀င်ဂိတ်မှ အလွန် လမ်းခွဲကြား ကနေ လက်ဝဲသလုံး တော်ဓါတ် စေတီတည်ရှိတဲ့ လမ်းခွဲ အ၀ထိ ပွဲတော်ကို လာကြတဲ့ သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကား ခဲ့ပါတယ်။ ပွဲတော်အနီးအနား တ၀ိုက်မှာ ကား၊ ဆိုက်ကယ်၊ taxi နဲ့ ဆိုက်ကား တွေနဲ့ ပြည့်ကျပ်နေခဲ့ပါတယ်” ဟု ပြောသည်။

ရွှေလောင်း(လှေ) မျောပွဲနှင့် ငါရှင်လွှတ်ပွဲကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့တွင် ကဆုန် ညောင်ရေ သွန်းပွဲ နှင့်အတူ စစ်တွေတွင် ကျင်းပလေ့ ရှိသည်။ ယခုနှစ် မြန်မာ သက္ကရာဇ်တွင် မေလ ၂၇ ရက်နေ့မှာ နံယုန်လပြည့် ဖြစ်သော်လည်း ရခိုင်သက္ကရာဇ်တွင်မူ ကဆုန်လပြည့်နေ့ဖြစ်နေသဖြင့် မေလ ၂၇ ရက်နေ့တွင် ပွဲတော်အား ကျင်းပခြင်းဖြစ်သည်။

ပွဲတော် ကျင်းပပုံနှင့် ပတ်သက်ပြီး စစ်တွေ မြို့ခံက ယခုကဲ့သို့ ပြောသည်။

“ ပွဲတော်ကို ကဆုန်လပြည့်နေ့မတိုင်မှီ တရက် အလိုမှာ အရှည် ၁၅ ပေခန့် ရှိတဲ့ ရွှေလောင်း(လှေ) အတွင်းမှာ ရေတွေကို အမွှေးနံ့သာရည်တွေနဲ့ ရောထည့်ထားပြီး လေးဘီးတပ် စင်ပေါ်တင်ပြီး မြို့ကိုလည်ပြီး အပူ ဇော်ခံကြ ပါတယ်။ အဲဒီရွှေလောင်းလှေဆိုတာကတော့ လှေကို ရွှေရောင် စက္ကူတွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။ မြို့သူ မြို့သားတွေ အကုန်လုံး ကောင်းမူ ကုသိုလ် ပြုလုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ မြို့သူ မြို့သားတွေက ငါးရှင်တွေကို ၀ယ်ယူပြီး အဲဒီ ရွှေလောင်းထဲမှာ ထည့်ကြရပါတယ်။ အဲဒီ မြို့သူ မြို့သားတွေ လွှတ်လိုက်တဲ့ ရွှေလောင်းထဲက ငါးတွေနဲ့ အဲဒီ ရွှေလောင်းလှေကို နောက်တနေ့ ကဆုန်လပြည့်နေမှာ စစ်တွေ ကန်တော်ကြီးထဲမှာ လှေကို မျှောလိုက်ပြီး ငါးရှင်တွေကို ရေထဲ လွှတ်လိုက်ပါတယ်” ဟု ပြောသည်။

ရွှေလောင်း(လှေ)၏ ဦးထိပ်တွင် ရခိုင်ရိုးရာတရားပွဲကို ဆင်ယင်ထားပြီး လောင်း(လှေ)ထဲတွင် အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်း ပူဇော်ထားသည်ဟု သိရသည်။

“မြို့ကို ရွှေလောင်းလှေနဲ့ လှည့်လည် နေတုန်း ငါးရှင်တွေ ထည့်ထားတော့ ငါးတွေက သေကုန်တာတွေရှိပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ နံသာရည်တွေထည့်ပြီးတော့ အပူဇော်ခံတယ်။ ဘုရားရင်ပြင်ပေါ်ကိုရောက်မှပဲ ငါးရှင်တွေကို ရွှေလောင်းလှေထဲကို ထည့်ခွင့် ပြုတယ်”ဟု ကျင်းပရေးကော်မတီ တာဝန်ရှိသူတဦးမှလည်း ဖြည့်စွက် ပြောသည်။

အဆိုပါပွဲကို လက်ဝဲသလုံးတော် ဓါတ်စေတီ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး စစ်တွေမြို့ မောလိပ်ရပ်ကွက် ဒေသခံများက အဓိက ဦးဆောင်ကျင်းပရာတွင် ပါဝင်ကြသည်ဟု သိရသည်။

ငါးရှင်ရောင်းသူ တဦးကလည်း “ငါးရှင်တွေကတော့ တော်တော် အရောင်းကောင်းပါတယ်။ ရခိုင်လူထုက ဆင်းရဲတယ် ဆိုပေမယ့် ခုလို အလှူမျိုးဆိုရင် အလှူရေစက် လက်နဲ့ မကွာဆိုသလို ပါဘဲ။ ငါးရှင် ၁၀ကောင်ဆိုရင် ၂၀၀ ကျပ်၊ အကောင် ၃၀ကို ၅၀၀ကျပ်နဲ့ ရောင်းပါတယ်။ လိပ်တွေကျတော့ အရွယ်အစားလိုက် ဈေးနှုန်းကြည့်ပြီး ရောင်းပါတယ်။ အားလုံး ရောင်းကုန်ပါတယ်” ဟု ပြောသည်။

လူကြီး လူငယ်ဘုရားဖူးသူများ၊ ငါးရှင်လွှတ်သူများ၊ ဆုတောင်းသူများနှင့် အပန်းဖြေသူများဖြင့် ကဆုန်လပြည့်နေ့က စည်ကားနေသလို လက်ဝဲသလုံးတော် ဓါတ်စေတီတွင် ရေချမ်းအိုးများ၊ ဆီမီးများ၊ အမွှေးနံ့သာများ ပြည့်နှက်နေခဲ့သည်ဟု သိရသည်။

ငါးရှင်လွှတ်ပြီး ဆုတောင်းခဲ့သူ အမျိုးသမီး တဦးကလည်း “ ကျွန်မ အပါအ၀င် ရခိုင် လူမျိုးတွေပေါ့နော် အခုအခါ အထူး ဒုက္ခရောက်နေကြရတယ်။ အလုပ်အကိုင်တွေလည်း ဘာတခုမှ အဆင် မပြေ ကြဘူးလေ။ ဒါကြောင့် ခုလို တွေ့နေရတဲ့ အခက်အခဲတွေက အမြန်ဆုံး လွှတ်မြောက်ဖို့ ကျွန်မ ငါးရှင် လွှတ်ပြီး တောင်းဆု ပြုခဲ့ပါတယ်” ဟုပြောသည်။

စစ်တွေတွင် မိုးသည်းသည်းမဲမဲ ရွာသွန်းနေခဲ့သော်လည်း ရွှေလောင်း(လှေ) လှည့်လည် အပူဇော်ခံစဉ်နှင့် ကဆုန်ညောင်ရေသွန်း ပွဲနေ့ အခမ်းအနားတွင် ရာသီဥတု သာယာပြီး မိုးရွာခြင်း မရှိကြောင်း သိရသည်။

သို့အတွက် ရခိုင်နာမည်ကြီးအဆိုတော်များဖြစ်ကြသည့် ကိုဦးမောင်သိန်း၊ ကိုဦးကျော်လှ၊ စောနှင်းနွယ်၊ ရီလှိုင်းပြာ၊ ငြိမ်းစန္ဒာ နှင့် ၀ါသနာရှင် အဆိုရှင်ကြီးများနှင့် လူငယ်များက မိုနိုတီးဝိုင်း တခုဖြင့် လာရောက်ပြီး ပွဲတော်လာသူများအား ဖြေဖျော်ခဲ့ကြသည်ဟု သိရသည်၊

ရွှေလောင်း(လှေ)ကို ငါးရှင်များနှင့် အတူ ကဆုန် လပြည်နေ့ ညနေ ၅နာရီတွင် ကန်တော်ကြီး ထဲသို့ ပွဲကျင်းပရေး ကော်မတီနှင့် မြို့သူမြို့သား များက မျောလွှတ်လိုက်ကြပြီး ပွဲအခမ်းအနားအစီအစဉ်ကို အဆုံးသတ်လိုက်ကြသည်ဟု သိရသည်။


၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ

မွေခေါဝ်


RCSS ခေါ် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိ အမှတ်ပြု ဆဲဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကို ကန့်ကွက်ကြောင်း မေ ၂၆ ရက်နေ့၌ ကြေငြာချက် တစောင် ထုတ်ပြန်သည်။

နအဖတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသူနိုင်ငံသားများ၏ စိတ်ရင်းဆန္ဒမှန် မဟုတ်သောကြောင့် မထောက်ခံနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုကြောင်း ပါရှိသည်။

တစညပါတီနှင့် ကြံ့ဖွံ့ပါတီတွင် ပါဝင်ကြမည့် သျှမ်းပြည်မှပြည်သူလူထုအား RCSS က အသိအမှတ်ပြု ထောက်ခံခြင်း မရှိကြောင်း ထိုကြေငြာချက်ကဆို၏။

၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထူထောင်သည့် ပါတီသစ်များကို ကန့်ကွက်ကြောင်းလည်း ရေးသားထားသည်။

“ဒီလိုဆိုရင် ဦးစိုင်းအိုက်ပေါင်းဦးဆောင်ဖွဲ့စည်းတဲ့ ကျားဖြူပါတီ(SNDP)ဟာ RCSS ရဲ့ ထောက်ခံအသိအမှတ်ပြုမှုရဖို့ မျှော်လင့်ချက်မရှိဘူးဆိုတဲ့ သဘောသက်ရောက်တယ်” ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြူပါတီအဖွဲ့ဝင်တဦးက ပြောကြားပါသည်။

ထိုကြေငြာချက်တွင်

RCSS သည် နအဖနှင့် ငြိမ်းချမ်းရေးရယူထားသော အပစ်ရပ်အဖွဲ့များအား ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းသည့်ကိစ္စကို ကန့်ကွက်ကြောင်း
ထိုင်းနိုင်ငံ၏နိုင်ငံရေးပြဿနာများကို RCSS က စွက်ဖက်ဘက်လိုက်မည်မဟုတ်ကြောင်း
RCSS က သျှမ်းပြည်လူ့အခွင့်အရေးကို ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း
အာဆီယံအဖွဲ့အစည်းနှင့် UN လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များအား သျှမ်းပြည်နှင့် မြန်မာနိုင်ငံရှိ ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ လာရောက်စုံစမ်းရန် RCSS က တောင်းဆိုကြောင်းပါရှိသည်။

RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို ၁၉၉၉ တွင် ဦးဆောင်နိုင်ငံရေးအဖွဲ့အဖြစ် လက်ရှိ RCSS ဥက္ကဋ္ဌ စ၀်ယွတ်စစ်က လွယ်တိုင်းလျဲန်း၌ ဖွဲ့စည်းထူထောင်ခဲ့သည်။


"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်"

ဧရာဝတီ

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။

ထက်ထက်မိုးဦးသည် ယမန်နှစ်က ဗီဒီယို သရုပ်ဆောင် ဇူးမြတ်ထက်နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သားတဦး ဖွားမြင်ခဲ့သည်။ သို့သော်လည်း ထိုသားငယ်မှာ မီးတွင်းမှာပင် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့အခြေစိုက် 7Day ဂျာနယ်မှ စာနယ်ဇင်းသမားတဦးက ထိုအကြောင်းအရာများကို မေးမြန်းရာ အကယ်ဒမီ ထက်ထက်မိုးဦးက ဒေါသထွက်ပြီး စာနယ်ဇင်းသမားကို ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ထက်ထက်မိုးဦးကို ယနေ့ ဆက်သွယ်ပြီး ပဋိပက္ခဖြစ်ခဲ့ပုံအား မေးမြန်းထားပါသည်။


မေး။ ။ မထက်နဲ့ သတင်းထောက် တယောက်နဲ့ ဆီဒိုးနား ဟိုတယ်မှာ ပဋိပက္ခ ဖြစ်သွားတဲ့ ကိစ္စဟာ ပြည်တွင်း သတင်း လောကမှာ တော်တော်လေး ပျံ့နှံ့နေတယ်လေ။ အဲဒီအချိန်မှာ မထက်ရဲ့စိတ်ခံစားမှုက ဘယ်လိုများ ရှိနေခဲ့တာလဲဗျ။

ဖြေ။ ။ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ ဖေးမ လက်တွဲလို့ အတူတူ လျှောက်ရတာပဲလေ။ မဖြစ်ခင်မှာ သူတို့ တင်ပေး၊ ဖြစ်လာတဲ့အခါမှာလည်း တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူနဲ့ သူတို့ လိုအပ်တဲ့ပုံတွေ ရိုက်ပေးခဲ့ကြတာပဲလေ။ ထက်ထက် ကိုယ်ဝန် ၅ လ ခွဲမှာပေါ့ ELEVEN ဂျာနယ်က အင်တာဗျူး လှမ်းလုပ်တဲ့ အခါမှာ ထက်ထက် နေမကောင်းသေးလို့ ခဏလေး စောင့်ပါဦး ဆိုတာကို စိတ်ဆိုးသွားပြီးတော့ ရေးလိုက်တယ်ပေါ့နော်။ ရေးလိုက်တာက မြန်မာပြည်မှာ အိမ်ထောင်ဆက် များတဲ့ မင်းသမီး ဆိုပြီး ရေးလိုက်တဲ့ အခါမှာ ထက်ထက် စာပေ စိစစ်ရေးကို စာ သွားတင်လိုက်တယ်လေ။ ဒီ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပတ်သက်ပြီး မထည့်စေချင်ဘူးလို့ တင်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက်ရဲ့ကိုယ်ရေးကိုယ်တာ ပြီးခဲ့တာတွေက ပရိသတ်က သိလည်း သိကြပါတယ်။ တတိုင်းပြည်လုံးက ထက်ထက် ဘယ်လို အနေအထားမှာ ရှိလဲ ဆိုတာကို။ ဒါတွေက လိမ်ညာလို့ ရတာတွေလည်း မဟုတ်ဘူး။ ထက်ထက် ကိုယ်တိုင်လည်း ပရိသတ်ကို လိမ်ညာပြီး ဘာမှ မလုပ်ခဲ့ဖူးဘူးလေ။

အဲဒီတော့ ELEVEN သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို စာ သုံးခါ သွားတင်တယ်။ တင်တော့ စိစစ်ရေးကလူကြီးက ပါပြီးပြီပဲ ဘယ်တတ်နိုင်မလဲ တဲ့။ သူက အဲဒီလို ပြောလိုက်တော့ ကိုယ်လည်း စိတ်အားငယ် စိတ်မကောင်းဖြစ်ရုံပဲ ရှိတာပေါ့လေ။ တော်တော်လေးကို စိတ်မကောင်း ဖြစ်တယ်။ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဆိုတော့ စိတ်ထဲမှာ တမျိုးကြီးပဲ။ ဒီ ကိုယ်ဝန်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ခံစားနေရတာ တမျိုး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ခံစားနေရတာ တမျိုးနဲ့ အကြောင်းတွေက အများကြီး စုပြီး စိတ်မကောင်း ဖြစ်နေရတာ။

စာပေစိစစ်ရေးကို စာသုံးခါ တင်ပြီးတဲ့ အချိန်မှာကို နောက်လ IDEA မဂ္ဂဇင်းမှာ ထပ်ပြီး ပါခဲ့တယ်။ အိမ်ထောင်ဆက်တွေက ဘယ်သူ ဘယ်သူတွေပါပေါ့။ သူတို့ နံပါတ်စဉ်တွေနဲ့ တပ်ပြီး ပါလာခဲ့တော့ ထပ်ပြီး စိတ်ထဲမှာ ခံစားရပြန်တယ်ပေါ့။ ခံစားရတယ် ဆိုတာက ထက်ထက် တယောက်တည်း ကိုယ့်အတွက်ကို ခံစားရတာမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ ထက်ထက်ဘေးမှာ ထက်ထက်ကို ကြည့်ရှု ပေးနေတဲ့ ထက်ထက်ရဲ့အမျိုးသားနဲ့ ယောက္ခမကို ထက်ထက် မစော်ကားချင်ဘူးလေ။ ပြဿနာတွေ ထပ် မဖြစ်ချင်ဘူး။ သူတို့လည်း လက်ခံနိုင်လို့ ခွင့်လွှတ်နိုင်လို့ အခုချိန်မှာ အေးအေးချမ်းချမ်း လျှောက်လှမ်းနေကြတာလေ။ သိပြီးသား ကိစ္စကို ဘာဖြစ်လို့ ခဏ ခဏ ထပ် လုပ်နေကြမှာလဲ။

အခုကိစ္စမှာလဲ အရင်ဦးဆုံး ထက်ထက်ကို အင်တာဗျူး လုပ်ချင်လို့ပါ ဆိုတော့ အင်း ... လုပ်ချင်ရင် လုပ်ပေးမယ်လေဆိုပြီး 7Day ရဲ့အင်တာဗျူးကို လက်ခံလိုက်တာ။ ဓာတ်ပုံလည်း ရိုက်ပေးမယ် အင်တာဗျူးလေး လုပ်ပေးမယ် ဆိုတဲ့ ဟာကို လက်ခံလိုက်တာ။ ဒါပေမယ့် အဲဒီ ဆီဒိုးနားမှာ ပွဲအကြီးကြီးလုပ်နေတဲ့အချိန်မှာ ဖြစ်သွားတဲ့ကိစ္စ။ ဒါဟာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ နားထောင်တဲ့သူတိုင်း၊ သိတဲ့သူတိုင်းက ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ရှင်းမှာပါ။ ကိုယ်မှန်တယ်လို့လည်း မပြောချင်ဘူး။ ကျမကို ဒီလိုလုပ်လို့ ကျမက ဒီလိုလုပ်တာလို့လဲ မပြောချင်ဘူး။

အဲဒီပွဲမှာ ကိုယ်စင်ပေါ်တက်ပြီးပြောရမယ့် စကားတွေ ခေါင်းထဲမှာ စဉ်းစားနေတဲ့အချိန်မှာ VIP လို့ ရေးထားတဲ့ ၀ိုင်းမှာ ဘေးမှာ (သရုပ်ဆောင်) မယ်လိုဒီ လည်း ရှိတယ်။ နောက် မယ်လိုဒီက ဓာတ်ပုံ ရိုက်စရာ ရှိလို့ ဆိုပြီး ထပြန်သွားတဲ့ အချိန်မှာ သူက ၀င်လာပြီး ကျန်းမာရေး ကိစ္စက စမေးတယ်။ အခု ကောင်းသွားပြီလို့ ထက်ထက်ဖြေတယ်။ နောက်ဆက်မေးတာက မိခင်တယောက်အနေနဲ့ သားသမီး ဆုံးသွားတော့ ဘယ်လို ခံစားရလဲ တဲ့။ ဒီမေးခွန်း မေးသင့်လား မမေးသင့်လား ဆိုတာ မေးတဲ့သူရော မေးခိုင်းတဲ့သူရော စဉ်းစားရမယ်လေ။

မေး။ ။ စင်ပေါ်တက်ပြီး စကားပြောရမယ့် အချိန်ဆိုတော့ အဲဒါမှာက ဘာပွဲ ကျင်းပနေလို့လဲ။

ဖြေ။ ။ ကုန်စည် မိတ်ဆက်ပွဲပါ။

မေး။ ။ စကားပြောရမယ် ဆိုတာက ကုန်စည်မိတ်ဆက်စကားမျိုးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီပစ္စည်းတွေကို မင်းသမီးတယောက် အနေနဲ့ ဘယ်လို သုံးခဲ့လဲ ဆိုတာကို ရှင်းပြရမှာပါ။ ဒီပွဲ လုပ်တာကလည်း ထက်ထက်ကို အဓိက ထားပြီးတော့ လုပ်တာလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့် ပြောရမယ့် စကားတွေကို သေချာ စဉ်းစားနေရတဲ့ အချိန်ပါ။

မေး။ ။ အခု သတင်းထောက်ဘက်က ရန်ကင်း တရားရုံးမှာ အမှုဖွင့်ထားပြီလို့ ကြားနေရတယ်။ မထက်ဘက်ကရော ဘယ်လို ပြင်ဆင်ထားပြီလဲ။

ဖြေ။ ။ ဘာမှ မပြင်ဘူးရှင့်။

မေး။ ။ တရား ရင်ဆိုင်ဖို့ကို ပြောတာပါ။

ဖြေ။ ။ တရား ရင်ဆိုင်မယ် လို့လည်း မဟုတ်ဘူး။ ရင်မဆိုင်ဘူးလည်း မဟုတ်ဘူး။ ထက်ထက် စိတ်ထဲမှာ ဘာမှ မရှိဘူး။

မေး။ ။ ရန်ကင်း တရားရုံးကရော မထက်ကို အကြောင်းကြားတာ ရှိပြီလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ အခုချိန်ထိ မရှိသေးဘူးပေါ့နော်။

ဖြေ။ ။ ဟုတ်။ မရှိပါဘူး။

မေး။ ။ မထက်ဘက်က အခုဒီကိစ္စနဲ့ ပတ်သက်ပြီး စာပေ စိစစ်ရေးကနေ နောက် စာနယ်ဇင်းတွေကို ဖော်ပြခွင့်မပေးပါနဲ့ဦး ဆိုပြီး ပုဂ္ဂိုလ်ရေးရာ အရ တင်ပြ တောင်းဆိုထားတာ ရှိနေတယ် လို့ ကြားရပါတယ်။ စာပေစိစစ်ရေးက ဘယ်လို အကြောင်း ပြန်ပါသလဲ။

ဖြေ။ ။ တင်ပြထားတယ် ဆိုတာ အရင်တခေါက် ထက်ထက် ကိုယ်ဝန်ရှိနေတုန်းက စာ ၂ ခါ ၃ ခါ သွားတင်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ သူတို့လည်း သူတို့အလုပ် လုပ်ကြသလို ပရိသတ် တွေကလည်း မင်းသမီး၊ မင်းသားတွေကို ချစ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အားလုံးဟာ ကိုယ့်ဘ၀ကို ကောင်းတာပဲ ဖြစ်ချင်တာပဲ။ ဆိုးတာတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ လူတိုင်း လူတိုင်း ဒီလိုပဲ။ ဒါပေမယ့် သူတို့က မေးတယ် ဆိုတာကလည်း စည်းမျဉ်း စည်းကမ်းလေး ရှိသင့်တာပေါ့။ ပြီးတော့ VIP ၀ိုင်းမှာ သူများအလုပ်လုပ်နေတဲ့အချိန်မှာ ၀င်မေးတယ် ဆိုတာက လာ နှောင့်ယှက်တာနဲ့ အတူတူပဲလေ။

မေး။ ။ အဲဒီပွဲမှာ တွေ့ဆုံဖို့ကို မထက်က ချိန်းဆိုလိုက်တာလို့ ကြားပါတယ်။

ဖြေ။ ။ ဟုတ်တယ်။ အဲဒီမှာ တွေ့ဖို့ ပြောလိုက်တာ။ ဒါပေမယ့် အဲဒီပွဲဝိုင်းထဲမှာ မေးဖို့အတွက် VIP ၀ိုင်းမှာ လာထိုင်ဖို့ အတွက် သူ့ကို မခေါ်ဘူး။

မေး။ ။ အခုပဋိပက္ခကို စာနယ်ဇင်းတွေမှာ မဖော်ပြဖို့ တင်ပြထားတဲ့ အပေါ် စိစစ်ရေးက ဘယ်လို တုံ့ပြန်လဲဗျ။

ဖြေ။ ။ ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ VOICE ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ။

မေး။ ။ စိစစ်ရေးကို ဘယ်ရက်ပိုင်းက တင်ပြခဲ့တာလဲဗျ။

ဖြေ။ ။ တင်ပြတာကတော့ ထက်ထက်က အမြဲ လိုလိုကို ပြောထားပါတယ်။ လူကြီးတွေကိုလေ။ မလိုလားအပ်ဘဲနဲ့ကတော့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ၊ ကိုယ်မှ မဟုတ်ဘူး တခြား မင်းသမီး၊ မင်းသားတွေ အတွက်လည်း မဖော်ပြစေချင်ဘူး။ ထက်ထက် အခုချိန်မှာ ခေါင်းတွေလည်း ခြောက်နေတယ်။ အေးအေး ဆေးဆေးပဲ နေချင်တယ်။ အဲဒီ ပြဿနာတွေလည်း လုပ်ခဲ့တာတော့ လုပ်ခဲ့တာပေါ့။ သူတို့လုပ်လို့ ကိုယ် ဒီလိုမျိုး တုံ့ပြန်မှုက မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်။ ဒါပေမယ့် နောက်ဆက်ပြီး ဘာပြဿနာမှ ထက်ထက် မဖြစ်ချင်တော့ဘူး။

မေး။ ။ တကယ်လို့ ရန်ကင်းတရားရုံးက ဆင့်ခေါ်တာမျိုး ရှိလာရင် ဘယ်လို ရင်ဆိုင်မယ်လို့ စီစဉ်ထားလဲ။

ဖြေ။ ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတော့ ကိုယ်က သူများကို မဟုတ်တာ လုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ ချောင်းရိုက်တာလည်း မဟုတ်ဘူးလေ။ ဒီလိုမျိုး လုပ်လို့ ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာ အကြောင်းရှိလို့ အကျိုး ဖြစ်လာတယ် ဆိုတာကို နားထောင်ကြည့်တဲ့ တရားရုံးကလည်း သိမှာပါ။

မေး။ ။ ရှေ့နေတွေ ငှားဖို့ရော ပြင်ထား ပြီးပြီလား။

ဖြေ။ ။ မပြင်ပါဘူး။ ဘာမှ မပြင်ဘူး။