Saturday, April 30, 2011

နိုင်ငံရေးအရ ပူးပေါင်းမှုမရှိဟု ရွေးကောက်ပွဲဝင် ပါတီများကို ဝေဖန်

လင်းသန့် Saturday, 30 April 2011

ရွေးကောက်ပွဲဝင် အတိုက်အခံနိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်ပိုင်းများသည် လွှတ်တော်ပြင်ပ ဒီမိုကရေစီ အင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောကြားလိုက်သည်။

တရားမ၀င်အသင်းများနှင့် မဆက်သွယ်ရဟူသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိပေးကြေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်း အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း မရှိမှု ပိုများလာကြောင်း သိရသည်။

တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၅ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေးခဲ့သည်။

“အခုဟာက အစိုးရသစ်အပေါ် သဘောထားတွေ၊ တောင်းဆိုချက် လက်မှတ်ထိုး လှုပ်ရှားမှုတွေ၊ စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာတွေအပေါ်မှာ မတူကွဲပြားနေကြတာ ပိုထင်ရှားလာတယ်” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက ပြောသည်။

ယခုတပတ်အတွင်း ဦးသုဝေ ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ ဌာနချုပ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲဝင် အတိုက်အခံ နိုင်ငံရေးပါတီ ၁၁ ပါတီ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ရုပ်သိမ်းပေးရေး စာရေးတောင်းဆိုမှုကိုလည်း ကျန်အတိုက်အခံအဖွဲ့များက ဝေဖန်ပြောကြားကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ အမည်မဖော်လိုသူ သံဃာတော်တပါးကလည်း ဦးသုဝေတို့ကဲ့သို့ လွှတ်တော်တွင်းမှ နိုင်ငံရေးပါတီများအနေနှင့် တိုင်းပြည်အတွက် လက်ငင်းလိုအပ်ချက်များကို တောင်းဆိုနေသော တခြားသော အင်အားစု အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ယင်း အစီအစဉ်ကို အစိုးရသစ်က ဖော်ဆောင်ပေးလိုက်ပါက သက်ဆိုင်ရာနိုင်ငံများကို ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းပေးရန် စာရေးတောင်းဆိုနေရန် မလိုကြောင်း မိန့်ကြားသည်။

၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ကိုတိုးကျော်လှိုင်က “အန်ကယ် ဦးသုဝေတို့က အစိုးရနဲ့အဆင်ပြေရေး အရမ်းရှေ့တန်းတင် လုပ်နေတော့ အစိုးရအကြိုက်လုပ်တဲ့သဘော သက်ရောက်နေတယ်” ဟု ပြောသည်။

ကိုတိုးကျော်လှိုင် ဆက်လက်၍ “ကျနော်တို့အနေနဲ့ကတော့ အတိုက်အခံအားလုံး ပူးပေါင်းပါဝင်ဖို့ အခုလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအ၀င် ပြည်သူ့အသံ လှုပ်ရှားမှုအတွက် သူတို့ဆီကိုသွားတယ်။ ပါတီခေါင်းဆောင်တွေက လောလောဆယ် မပါဝင်လိုဘူးတဲ့၊ ဒါပေမယ့် ကျန်ပါတီဝင်တွေက ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးကြတယ်” ဟု ပြောသည်။

ဦးသုဝေကမူ “ကျနော်တို့က လွှတ်တော်ထဲမှာရော ၊ အစိုးရအဖွဲ့သစ်ကိုရော နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ မေတ္တာရပ်ခံတင်ပြတယ်။ အလားတူ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်လည်း တိုက်တွန်းတဲ့ပုံစံနဲ့ ချဉ်းကပ်တယ်။ လုပ်နည်းလုပ်ဟန် မတူလို့ ပူးပေါင်း မလုပ်ဆောင်တာပါ။ သူတို့က တိုက်ပွဲပုံစံဖြစ်နေလို့” ဟု ရှင်းပြသည်။

နိုင်ငံရေးလှုပ်ရှားသူ ကိုဖြိုးမင်းသိန်းက “နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အပါအ၀င် ပြည်သူလူထုအသံ လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်မှတ်ရေးထိုးထားပြီး ပူးပေါင်းဆောင်ရွက်ကာ ပြည်သူနဲ့တသားတည်းရှိကြောင်း ပြသခဲ့ပါတယ်” ဟု ပြောသည်။

အစိုးရသစ်အပေါ် ပြည်တွင်းအတိုက်အခံ အင်အားစုများဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အပါအ၀င် အဖွဲ့ပေါင်း ၁၁ ဖွဲ့မှ ဧပြီလ ၂၉ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။

အဆိုပါအသိပေးချက်တွင် အစိုးရသစ်ဆိုသည်မှာ စစ်အာဏာရှင်စနစ် ရေရှည်ရေးအတွက် ဖွဲ့စည်းပုံနှင့် အကာအကွယ်ယူ၍ ရွေးကောက်ပွဲအမည်ခံကာ ပါတီစုံအဖြစ် ပုံဖော်ထားပြီး ယခင်အစိုးရနှင့် မည်သို့မျှ မပြောင်းလဲကြောင်း ထောက်ပြထားသည်။

ထို့အပြင်အစိုးရသစ်၏ အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍လည်း အစိုးရအဖွဲ့တွင် စုစုပေါင်းနေရာ ၃၅ နေရာရှိသည့်အနက် စစ်တပ်မှ စစ်ဗိုလ်များက ၂၆ နေရာ ယူထားသည်သာမက ကျန်သူများမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှသာ ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

သံဃာ့တပ်ပေါင်းစုမှ အမည်မဖော်လိုသူ သံဃာတော်က “လွှတ်တော်တွင်း အတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့ အခု အစိုးရသစ် ပေါ်ထွန်းလာတာကို အပြောင်းအလဲအဖြစ် လက်ခံနေကြပြီး စီးပွားရေးဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးရေးပဲ သူတို့ အစဉ်တစိုက်ကြိုးစားလာတာ” ဟု မိန့်ကြားသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုသည် ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြန့်ကြာနေရမှုများအပေါ် သက်ဆိုင်ရာနိုင်ငံများက လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး အဆိုပါအရေးယူမှုသည် မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ် ပေါ်ပေါက်စေရေး ဖိအားပေးယန္တရားအဖြစ် ကျင့်သုံးနေခြင်းသာဖြစ်ကြောင်း လေ့လာသူများက ထောက်ပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တခြား ဒီမိုကရေစီရေးထောက်ခံသော နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ဖိအားပေးခြင်းအပေါ် ထောက်ခံကြိုဆိုကြောင်း ကြေညာခဲ့ပြီး ဆက်လက်ထားရှိသင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာနှင့် မေးမြန်းခန်းများတွင် ပြောဆိုထားသည်။

အိုက်ဇောတွင် မြန်မာများ ရဲဖမ်းခံရ

သဲသဲ

တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ ရှိနေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့၌ လွှဆွဲလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၁၆ ဦးကို ရဲများက မြို့လယ်ဈေးကြီးအတွင်း သောကြာနေ့တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဒေါ်ရ်ပွီး Dawpuii ရပ်ကွက်ရှိ မြို့လယ်ဈေးကြီးတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တဆိုင်၌ တည်းခိုနေသည့် လွှဆွဲလုပ်သား မြန်မာ ၁၆ ဦးကို နေထိုင်ခွင့် အထောက်အထား မရှိသဖြင့် ရဲက ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ဈေးထဲမှာလည်း ဖြစ်တယ်။ နောက်ပြီး သူတို့တွေကို မြန်မာပြည်သားဆိုတာ တန်းသိနိုင်တယ်။ မြန်မာတွေကို ဖမ်းချင်ရင် စားသောက်ဆိုင်နဲ့ တွဲနေတဲ့ တည်းခိုခန်းတွေမှာ သူတို့က ဝင်ဖမ်းလေ့ရှိတယ်။ ရဲတွေကလည်း ဝင်ဖမ်းတော့ ဘေးနားက ရက်ကန်းရုံက မြန်မာတွေပါ ထွက်ပြေးကုန်ရော” ဟု အိုက်ဇောမြို့ မြန်မာလူမှုရေးအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ အဖမ်းခံရသူ ၁၆ ဦးအနက် ချင်းတိုင်းရင်းသား တီးတိန်ဒေသခံ အများစု ပါဝင်သည်ဟု ဆိုသည်။

Chawlh Hmun ရပ်ကွက်အတွင်းရှိ ကျောက်ထုလုပ်သားများလည်း အဖမ်းခံရကြောင်း ကြားသိရသော်လည်း အရေအတွက် မသိရသေးကြောင်း သူက ဆက်ပြောသည်။

ပြည်နယ်အစိုးရက မြန်မာများကို ရက်သတ္တပတ် နှစ်ပတ်ကြာ တရားဝင် နေထိုင်ခွင့်ကဒ်ဖြင့် နေခွင့်ပေးသော်လည်း ရွှေ့ပြောင်းလုပ်သား မြန်မာအများအပြားသည် ထိုတရားဝင်ကဒ်ဖြင့် နေထိုင်သည်များ နည်းပါးသည်။

တရားမဝင် နေထိုင်သူများကို နိုင်ငံခြားသားအမှုဖြင့် ဖမ်းဆီးပြီး နှစ်နိုင်ငံနယ်စပ်ရှိ တီအိုချောင်းသို့ ပြန်ပို့ကာ နေရပ်ပြန်ခိုင်းသည်များ ရှိသည်။ ၂ဝ၁ဝ သြဂုတ်လတွင် မြန်မာ ၆ဝ ကျော်ကို ဖမ်းဆီးကာ ထိုသို့ပင် ပြန်ပို့ခဲ့သေးသည်။ မြန်မာများကို ဖမ်းဆီးရာ၌ ရဲများသာမက ပြည်နယ်တွင်း သြဇာရှိသည့် မီဇိုလူငယ်အသင်း YMA က ပူးပေါင်းပါဝင်လေ့ရှိသည်။

မြိုတော်အိုက်ဇောတွင် မြန်မာများကို ဖမ်းဆီးလေ့ရှိသော်လည်း ယခုနှစ်အတွင်း အဖမ်းအဆီး ပိုစိတ်လာခြင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၌ မြန်မာနိုင်ငံသားတချို့ ပါဝင်ပတ်သက်မှု ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း အိုက်ဇောရှိ မြန်မာတဦးက ပြောသည်။

“အရင်ကဖမ်းတယ်ဆိုပေမယ့် ရဲကို ငွေပေးပြီး ညှိလို့ရတယ်။ နောက်ပြီး ဖမ်းတာလည်း ပိုပြီး စိတ်လာတယ်။ မြန်မာနိုင်ငံသားထဲမှာ နယ်စပ်ကနေ မူးယစ်ဆေးဝါးတွေသယ်ပြီး ဒီမှာ ရောင်းတဲ့ သူတွေကို မိလာပြီးနောက်ပိုင်း ပိုပြီးတော့ ကျပ်လာတယ်။ ဒီနှစ်ဆို ၄ ခါလောက်ရှိပြီ၊ ဖမ်းနေတာ” ဟု သူက ဆိုသည်။

အိုက်ဇောတွင် မြန်မာနိုင်ငံသားများနှင့် ဆက်စပ်ပတ်သက်သော မူးယစ်ဆေးဝါးအမှု ၆ဝ ခန့်ရှိကြောင်း အိုက်ဇော မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန၏ ၂ဝ၁ဝ ခုနှစ် သြဂုတ်လထုတ် စာရင်းများအရ သိရသည်။

ချင်းပြည်နယ်နှင့် ကီလိုမီတာ ၄ဝဝ ကျော် နယ်နမိတ် ဆက်စပ်နေသည့် မီဇိုရမ်တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၅ သောင်းထက်မနည်း ရှိနေ သည်ဟုခန့်မှန်းကာ ချင်းတိုင်းရင်းသား အများဆုံးဖြစ်သည်။

အများစုမှာ ရက်ကန်း၊ ပန်းတိမ်၊ ကားဝပ်ရှော့ပ်၊ စားသောက်ဆိုင်၊ လမ်းပြင်လမ်းဖောက်နှင့် ဈေးသည်လုပ်ငန်း အပါအဝင် လုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။

စီမံချက်ဖြင့် ဖမ်းဆီးမှုများကြောင့် မီဇိုရမ်နေ မြန်မာများပုန်းရှောင်

ဇာနည်မာန် Saturday, 30 April 2011

အိန္ဒိ ယ နိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ရှိ တရားမ၀င် နိုင်ငံခြားသားများကို လိုက်လံဖမ်းဆီးနေသည့် စီမံချက်ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းခွင် ရပ်နားကာ ပုန်းရှောင်နေကြရသည်။

“မနက်ကတင် ဒီက ၄ ယောက်ဖမ်းခံရတယ်။ နောက်ထပ်လာဖမ်းမယ်ဆိုတော့ အခု ရက်ကန်းယက်တာတွေလည်း ရပ်ထားပြီး ပုန်းနေကြရတယ်။ စနေနေ့တိုင်း တပတ်တခါ ဈေးဝယ်နေကျကိုတောင် ဈေးမ၀ယ်နိုင်ကြဘူး။ မြို့ထဲမှာ ရဲကားတွေနဲ့ လိုက်ဖမ်းနေတာ” ဟု ယက်ကန်းလုပ်ငန်း အများစုတည်ရှိရာ ဇောင်းတွီရပ်ကွက်မှ မြန်မာရွှေ့ပြောင်းလုပ်သားတဦးက ပြောသည်။

ယမန်နေ့ညက ကျော်မွှန်ရပ်ကွက်အတွင်း ရပ်ကွက်အာဏာပိုင်များက တအိမ်တက်ဆင်း လိုက်လံရှာဖွေစစ်ဆေးကာ ကလေးငယ်များအပါအ၀င် မြန်မာနိုင်ငံသား ၃၀ ဦးကို ဖမ်းဆီခဲ့သည်ဟု သိရသည်။

ယမန်နေ့က အိုက်ဇောမြို့အတွင်း ဖမ်းဆီးခဲ့သူ စုစုပေါင်း ၆၀ ဦးတွင် မြန်မာနိုင်ငံသား ၄၀ ကျော်ပါဝင်ကြောင်း၊ ကျန်သူများမှာ တခြားပြည်နယ်များမှ ပြည်နယ်ဖြတ်ကျော်ခွင့် ပါမစ်မရှိဘဲ လာရောက်သည့် အိန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း၊ ယနေ့ဖမ်းဆီမှုများနှင့်ဆိုလျှင် မြန်မာနိုင်ငံသား ၈၀ ရှိပြီဖြစ်ကြောင်း သိရသည်။

တခြားပြည်နယ်မှ အိန္ဒိယနိုင်ငံသားများကိုမူ ယနေ့နေ့လည်တွင် တရားရုံးတင်ပြီး နေရပ်ပြန်ပို့ဖွယ်ရှိသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် သင်္ကြန်တွင်းကာလကလည်း ပွဲတော်ကျင်းပနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးခဲ့ရာ ၁၃ ဦး ထိမ်းသိမ်းခံနေရဆဲဖြစ်ပြီး တရားရုံး ရုံးချိန်းများ သွားနေရကြောင်း၊ ၎င်းတို့ကို ဒဏ်ငွေနှင့် နေရပ်ပြန်ပို့ဖွယ်ရှိကြောင်း၊ ကျန် အဖမ်းခံရသူများကိုမူ အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် လူမူရေးအသင်းအမှုဆောင် တဦးဖြစ်သူ ကိုထွေးက ပြောသည်။

တရားမ၀င်နေထိုင်သူများကို လိုက်လံဖမ်းဆီးခြင်းသည် ယခုနှစ်အတွင်း ၄ ကြိမ်မြောက်ဖြစ်ပြီး၊ မီဇိုရမ်ပြည်နယ် အစိုးရ၏ တရားမ၀င်နေထိုင်သူများ ပပျောက်ရေးစီမံချက်ကြောင့်ဖြစ်ကြောင်း သိရသည်။

ကိုထွေးက “စီမံချက်နဲ့လုပ်တာဆိုတော့ အလုပ်ရှင်တွေကလည်း ဒီကိစ္စမှာ အခက်အခဲတွေဖြစ်နေတယ်။ အလုပ်သမားတွေ အလုပ်မလုပ်ရဲတော့ အလုပ်ရှင်တွေမှာ ထိခိုက်နစ်နာတာတွေ များတယ်လို့ ငြီးနေကြတယ်” ဟု ပြောသည်။

နိုင်ငံခြားသားဖြစ်ဖြစ်စေ၊ အိန္ဒိယနိုင်ငံသားဖြစ်စေ မီဇိုရမ်ပြည်နယ်သို့ လာရောက်နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် နေထိုင်ခွင့်လက်မှတ် တောင်းခံကြရသည်။ နေထိုင်ခွင့်လက်မှတ်တခု၏ သက်တမ်းမှာ နေထိုင်သူ၏ အလုပ်အကိုင်၊ လာရောက်သည့်အကြောင်းအရာအရ ၁ ပတ်မှ ၁ လအထိ ရှိသည်။

“မြန်မာနိုင်ငံသား အများစုက လက်မှတ်မရှိကြဘူး။ ရေရှည်နေဖို့ကိုလည်း သက်ဆိုင်ရာက ထုတ်ပေးတာ မရှိဘူး။ ဒီလိုပဲ သဘောတူညီမှုတခုနဲ့ နေခွင့်ပေးထားတာဆိုတော့ သူတို့ ဖမ်းချင်တဲ့အချိန် ဖမ်းလို့ရတယ်လေ။ အဲလိုဖြစ်နေတာ” ဟု ကိုထွေးက ရှင်းပြသည်။

မီဇိုရမ်ပြည်နယ်တွင်းနေ မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ ရက်ကန်းလုပ်ငန်း၊ ရွှေပန်းထိမ်လုပ်ငန်း၊ အိမ်ဖော်၊ ပန်းရံ၊ မြေတူး၊ လွှဆွဲ၊ လမ်းဖောက် စသည့် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သည့် တရားမ၀င်နိုင်ငံခြားသားများအနက် မြန်မာနိုင်ငံသားအများစုမှာ ပြည်နယ်တွင်း ဖြစ်ပွားသည့် ရာဇ၀တ်မှုများ၊ အထူးသဖြင့် မူးယစ်ဆေးဝါး၊ အရက်သေစာ ရောင်းဝယ်ဖောက်ကားခြင်းတို့တွင် ပါဝင်ပတ်သက်နေရာ အဆိုပါ ပြစ်မှုများကို ထိန်းချုပ်လိုသောကြောင့် ယခုကဲ့သို့ စီမံချက်ချ ဖမ်းဆီးမှုများ ပြုလာခြင်းဖြစ်နိုင်သည်ဟု တချို့က သုံးသပ်သည်။

မီဇိုရမ် ဒေသခံတဦးက “ပြည်နယ်အစိုးရက တရားမ၀င် နိုင်ငံခြားသားကိစ္စတွေကို ဖြေရှင်းချင်တာကြာပြီ။ တဖက်မှာလည်း ဒီအလုပ်သမားတွေကို မှီခိုနေရတဲ့အပိုင်းကလည်း ရှိနေတယ်။ နေထိုင်ခွင့်ပေးထားပြန်တော့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်တာတွေ ဖြစ်လာ၊ ပြည်နယ် အေးချမ်းတည်ငြိမ်ရေးကို နှောင့်ယှက်တာတွေက ဖြစ်လာတော့ ပြည်နယ် လုံခြုံရေးအတွက်ကလည်း သူတို့အတွက် စဉ်းစားစရာတွေ ဖြစ်လာတာပေါ့” ဟု ပြောသည်။

ဖမ်းဆီးခံရသူများသည် အနည်းဆုံး ဒဏ်ငွေ ရူပီး ၅၀၀ ပေးဆောင်ရဖွယ် ရှိသည့်အပြင် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ပြန်ပို့ခံရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုများကြောင့် အိုက်ဇောမြို့သို့ ပြန်ရောက်လာကြဦးမည့် သံသရာဖြစ်စဉ်အား သက်ဆိုင်ရာမှ မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရဦးမည်ဟု ၎င်းက ဆိုသည်။

အိုက်ဇောမြို့တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သား ၅ သောင်းထက် မနည်း ရှိကြောင်း သိရသည်။

ဦးရုက္ခစိုးနှင့် အဟောင်းအမြင်း ဝါဒီများ

ရန်ကုန်သားတာတေ

“ဟရေး … ဘာဘား ... ဗဲရီးးးးးးးးးးးးးးးးး ဂွတ်ထ … အရမ်း ခေါင်းဒယ်နော်”
“နိဟောင်မာ … ဝ လည်း စီလိုပဲ ထင်လယ် … အရမ်း ကောင်းလယ်”
“ဆဝါဒီခရပ် … အနိ ... ဒီမာ့ … ကောင်းတယ် ကောင်းတယ်”

ဦးရုက္ခစိုး ရုံးစိုက်ရာ ချင်းမိုင်မြို့က “ဟိုလို” အမည်ရှိ မြန်မာ စားသောက်ဆိုင်တွင် မြန်မာပြည်၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မံမီပြန်ဆင်း၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် နံကြားချောင်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အပီဆစ် ဝက်ဆီတွေဝ တို့ သုံးဦးသား စားရင်းသောက်ရင်း လေပန်းနေကြခြင်း ဖြစ်သည်။ သူတို့ဘေးတွင် ဦးရုက္ခစိုးလည်း ရှိနေသည်။

ရုက္ခစိုး။ ။ ကောင်းကြလား … ကောင်းရင်ထပ်မှာလေ။ ပြီးရင်တော့ ကိုယ်စားတာကိုယ်ရှင်းနော်။ ကျုပ်က ပိုက်ဆံ မကိုင်ဘူး။

မံမီ။ ။ ဟရေး … ဦးရုက္ခစိုးနော် … ။ တကယ်ပဲ နောက်တယ်ပြောတယ်။ ချွန်ဒေါ်တို့ ပြောချင်တာက စားလို့ သောက်လို့ ခေါင်းဒါ မဟုတ်ဘူး ...။

နံကြား။ ။ အဲလာ ခက်လာပဲ … ဝ လို့ ပြောချင်လာက … မြန်မာပြည် … အီစိုးရအတစ် ပြောင်းတာ ကောင်းလယ် … အဲဒါ။

ရုက္ခစိုး။ ။ ဘယ်က အစိုးရအသစ်ကမှာလဲ … အစိုးရအဟောင်းကို ဘော်ဒီပြန်ထု၊ ပတ်တီးပုတ်ပြီး ဆေးမှုတ် … အသစ်ယောင် ဆောင်ထားတာပါ။

အပီဆစ်။ ။ ခရပ် … သိတယ် … ခေါက်ပုံ …။ ဒါပေမယ့် အဲဒါကိုက တော်တော်ကောင်းနေပြီလေ။ ဘာပဲပြောပြော အရင်က စစ်အစိုးရ၊ အခု အရပ်သား အစိုးရ ဖြစ်သွားပြီ။ ကြိုဆိုရမယ်။ ခေါက်ပုံ။

နံကြား။ ။ ဟုတ်တယ်။ ကြိုဆိုပါလယ် ...။ ပိုပြီးကောင်းတာက အီရင်က ဝန်ကြီးချုပ်က အီခု သမ္မတဆိုတော့ ဝ တို့အနေနဲ့ လူသစ်တွေနဲ့ စီကားပြောစရာ မီလိုဘူးလေ။ ဘီလောက်ကောင်းလဲ။ ဒုတိယ သမ္မတ ဦး ၈ လုံးဆိုရင်လည်း တိုင်းပြည်ရဲ့ ဘဏ္ဍာရေးကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ ဘယ်လို အိတ်ထဲထည့်ရမယ်ဆိုတာ နောကျေနေပြီးသားလေ ...။ စူတို့လို လူတွေပဲ ဒါတွေ ပြန်ကိုင်တော့ ဝ တို့လည်း မြန်မာပြည်ကို ပိုဖဲ့လို့ကောင်း … အဲ … ယောင်တွားလို့နော် ...။ မြန်မာပြည် တိုးတက်ဖို့ ပို ကူညီလို့ ကောင်းတာပေါ့ … အဲဒါပြောတာပါ။ ရှဲ့ရှဲ့နော် ရှဲ့ရှဲ့။

ရုက္ခစိုး။ ။ ဒါပေမယ့် အများစုက ဝေဖန်နေကြတာကတော့ … တိုင်းပြည်က အရင်အတိုင်းပဲ ဆိုတော့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး ဆိုပါလား။

မံမီ။ ။ ဟရေး ဘာဘား … ဒါတွေက မနာလိုတဲ့သူတွေ ပြောတဲ့ စကားနော် အဘား …။ ချွန်ဒေါ်ပြောမယ် … ဒီမိုကရေစီနော် … တထိုင်းတည်းနဲ့ မရဘူးနော် … စောင့်ပါ … သီးခံပါ … ချွန်ဒေါ့်အထင် ပြောရရင်တော့ တနေ့နေ့တော့ ပြောင်မှာပါ … အဲ ပြောင်းမှာပါ။ နည်းနည်း လေးတော့ … သီးခံပါ။ အစိုးရ အသစ်နော် … အရမ်းကို ဟောင်းပါတယ်။ ယောင်တွားလို့နော် ကောင်းပါတယ်လို့ ပြောတာ။ ချွန်ဒေါ်ဆို မွိတ်ဆွေ ဟောင်းတွေနဲ့ပဲ ဆက်ဆံရမှာဆိုတော့ ပျော်လွန်းလို့ အိပ်လို့တောင် မပျော့ဘူး ...။

အပီဆစ်။ ။ ခေါက်ပုံ … ထောက်ခံပါတယ်။ သစ်တိုင်းကောင်းတာ မဟုတ်ဘူးလေ ဦးရုက္ခစိုးရဲ့။ ငယ်ကချစ် အနှစ်တရာ မမေ့သာ ဆိုတာ ကြားဖူးတယ် မဟုတ်လား … ခေါက်ပုံ။ ကျုပ်ကတော့ ယနေ့မှစ နှစ် ၁၀၀ တိုင်စေလို့ ဆုတောင်းပေးပါတယ်။

ရုက္ခစိုး။ ။ အဲဒါက မင်္ဂလာဆောင်တွေမှာ ဆုတောင်းတာလေ။

အပီဆစ်။ ။ ခေါက်ပုံ။ သိပ်မထူးပါဘူး။ ဒါလည်း မင်္ဂလာဆောင်သလိုပါပဲ။ မြန်မာပြည်ဆိုတဲ့ သတို့သမီးလေး မင်္ဂလာပြန်ဆောင်တဲ့ သဘောပေါ့။

ရုက္ခစိုး။ ။ အောင်မလေး မလုပ်လိုက်ပါနဲ့ဗျာ။ နှစ် ၂၀ ကျော်နဲ့တောင် တော်တော် နှိပ်စက်ခံနေရတာ … အနှစ် ၁၀၀ တိုင်ဆို သေရချည်ရဲ့။

နံကြား။ ။ ခက်တာပဲ ဦးရုက္ခစိုးက အစိုးရရဲ့ စေတနာတွေကို နားလည်ပုံမရဘူး။ အကောင်းဘက်က နည်းနည်းလောက် လှည့်တွေးကြည့်စမ်းပါ။ ကျုပ်တို့ဆို မြန်မာပြည်နဲ့ ပတ်သက်လာရင် ဒီနေ့အထိ အဟောင်းပဲ မြင်တယ်။ အဲ … အကောင်းပဲ မြင်တယ်။

ရုက္ခစိုး။ ။ အကောင်း မြင်မှာပေါ့။ အကောင်းက ပြည်ကြီးမပြန်ဘဲ မန္တလေးကို သိမ်းပိုက်ပြီး ကြီးပွားနေတာကိုး။

နံကြား။ ။ အဲလို မီပြောနဲ့လေ ...။ ဝတို့က ကောင်းစေချင်တဲ့စေတနာနဲ့ပါ။ မန္တလေးကို ဝတို့ တီလုတ်ပြည်ကြီးလို ဖြစ်စေချင်လို့ … အဲဒါကို နားလည်ပါ။ အခုဆိုရင် ဦးရုက္ခစိုး သွားကြည့်လိုက် မန္တလေးကို လုံး …..... ဝ မမှတ်မိစေရဘူး။

ရုက္ခစိုး။ ။ ဟုတ်ပါ့ မှတ်ကို မမှတ်မိဘူး။ မန္တလေးက တရုတ်ပြည် ကျနေတာပဲ။

အပီဆစ်။ ။ ကျုပ်တော့ မစ္စတာနံကြားချောင်ပြောသလိုပဲ အကောင်းဘက်က နည်းနည်း လှည့်တွေးစေချင်တယ်ဗျာ။ အခုပဲ အစိုးရ အကြံပေးအဖွဲ့ ဖွဲ့လိုက်ပြီ။ ဒါကောင်းတဲ့ကိစ္စပဲ။

ရုက္ခစိုး။ ။ အကြံပေးအဖွဲ့ဆိုတာကတော့ ကျုပ်သိတာ အစိုးရကို ဒီလူတွေက အကြံပေးရမယ် မထင်ပေါင်။ သူတို့ကိုပဲ အစိုးရက ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက်နဲ့ သူတို့စားလို့သောက်လို့ ကျန်တဲ့ အကျန်တွေကို ပေးပြီး ခိုင်းဦးမှာ။

နံကြား။ ။ လုကတော့ လုပ်ပြန်ပြီ။ နတ်ဖြစ်ပြီး တော်တော်လေး အဆိုးမြင်ပါလား။ ဒုက္ခတော့ တွေ့ဦးမယ်။

ရုက္ခစိုး။ ။ ဘာ ဒုက္ခ တွေ့ရမှာလဲ။ အစိုးရသစ် အတုကြီးကို မကောင်းဘဲနဲ့ ကြံဖန်ကောင်းတယ်ဆိုပြီးတော့ မပြောနိုင်ဘူးဗျာ။ ခင်ဗျားတို့ကလည်း မမြှောက်ပေးသင့်ပါဘူး။ ခင်ဗျားတို့လုပ်တာနဲ့ ဒါကြီးက သက်ဆိုးရှည်ဦးမယ်။

မံမီ။ ။ ဟရေး … ရှည်လေ ကောင်းလေပေါ့ ဦးရုက္ခစိုးရယ်။ မြန်မာပြည်က သစ်တွေ၊ သဘာဝ ဓာတ်ငွေ့တွေက တကယ့်ကို ကောင်းမှ ကောင်းပဲဟာ။ ရှလွတ် ...။

နံကြား။ ။ မြန်မာပြည်က ရွှေနဲ့ ကျောက်စိမ်းလည်း ကောင်းပါတယ်။ ဈေးပေါပေါနဲ့ ရတာ ဒီအစိုးရ တခုပဲ ရှိတယ်လေ။ ဟောင်လား … ဟောင်လား။ ရှဲ့ရှဲ့နီ ဦးသိန်းဂိန်။

ရုက္ခစိုး။ ။ အဲဒါပြောတာပေါ့ … ခင်ဗျားတို့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာပြည်ရဲ့ သယံဇာတတွေကို ဈေးပေါပေါနဲ့ ရပြီး ကောင်းတယ်၊ ကောင်းတယ် ဖြစ်နေတာ။ မြန်မာပြည်သူ ပြည်သားတွေကျတော့ ငတ်ပြတ် ဆင်းရဲနေတာ … ဘာ တိုးတက်မှုမှ မရှိဘူး။

အပီဆစ်။ ။ ဟား ခင်ဗျား မြန်မာ့အမှောင် သတင်းစာ မဖတ်ဘူး ထင်တယ်။ လေ့လာမှုအား တော်တော်နည်းတဲ့ နတ်ပဲ။ မြန်မာပြည်ကြီးတိုးတက်နေတာ မသိဘူးလား။ တံတားတွေ ဆောက်ထားတာများ ကျုပ်တို့ ထိုင်းနိုင်ငံတောင် အဲဒီလောက် များတဲ့ တံတားတွေ မဆောက်နိုင်ဘူး။

ရုက္ခစိုး။ ။ တံတားတွေက စားလို့ ရလို့လား …။ လူတွေ မွဲတေ ငတ်ပြတ်နေတာကို အရင်ကြည့်ရမှာပေါ့။ မြန်မာပြည် အလယ်ပိုင်းဆို သောက်စရာ ရေတောင် မရှိဘူး။ ကလေးတွေ၊ အသက်ကြီးတဲ့ သူတွေ သေကုန်မှာပေါ့။

မံမီ။ ။ အိုး … ဦးရုက္ခစိုး … ခင်ဗျား နတ်မို့လို့လားတော့ မသိဘူး။ တော်တော်လေး နက်ဂတစ်ဆိုက်က မြင်တာပဲ။ ချွန်ဒေါ်တောင် သိတယ်။ ရေ မရဘူးနော် … ကျော်သူရှိတယ် ...။ သေကုန်မယ်နော် … ပူစရာမလိုဘူး … ကျော်သူရှိတယ်။ ကျုပ်တို့ဆီမှာတောင် အိန္ဒိယကျော်သူ တယောက်လောက် လိုချင်တာ … မရှိဘူးနော် … အဘား … ကံနော် သိပ်ဆိုးပါတယ်။

နံကြား။ ။ ဝ ထောက်ခံတယ် ...။ ဒီမှာ ဦးရုက္ခစိုး … လုက ဝတို့ မြန်မာပြည်နဲ့ ကပ်ပြီး ချမ်းသာနေတာကို မီနာလို မဖြစ်ပါနဲ့။ ဝတို့က ဒီလိုဖြစ်အောင် ဘယ်လောက် ကြိုးစားရတယ် မှတ်လဲ။ လုလည်း ချမ်းသာချင်ရင် ကြိုးစားပါ။

ရုက္ခစိုး။ ။ ဘယ်လို ကြိုးစားရမှာလဲ … မြန်မာပြည် နယ်စပ်ဒေသတွေမှာ အနှိပ်ခန်းတွေ၊ ကာရာအိုကေတွေ၊ ကာစီနိုတွေ သွားဖွင့်ရမှာလား။

အပီဆစ်။ ။ ခေါက်ပုံ … နယ်စပ် … ဟုတ်ပ နယ်စပ်။ အခုမှ သတိရတယ် ဦးရုက္ခစိုး။ ကျုပ်တို့ခေါင်းပေါ်မှာ တောက်လျှောက် တင်ထားရတဲ့ ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေရဲ့ ပြဿနာတွေ၊ အဲဒီနယ်စပ်ကနေ ဝင်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာတွေ … အဲဒါတွေကြောင့် ကျုပ်တို့ ဘယ်လောက် ခေါင်းခဲရတယ်မှတ်လဲ။ အခု မြန်မာအစိုးရအသစ် တက်တဲ့အချိန်မှာ ဒါတွေ အားလုံးပြေလည်တော့မယ်။ ဘယ်လောက်ကောင်းလဲ။

ရုက္ခစိုး။ ။ ဘယ်လို ပြေလည်မှာလဲ ...။ စဉ်းစဉ်းစားစားလည်း ပြောပါဦး။ ဒါတွေက တထိုင်တည်း ပြေလည်ပါ့မလား။

အပီဆစ်။ ။ (MRTV တွင်လွှင့်သည့် ကြော်ငြာမင်းသမီး စတိုင်ဖြင့်) လွယ်း … လွယ်လေးပဲ။ အားလုံး ငြိမ်းချမ်းနေပြီပဲဟာ။ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ပို့လိုက်မှာပေါ့။

ရုက္ခစိုး။ ။ ဟာ … အဲလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒုက္ခသည်တွေက သူတို့နေရပ်မှာ တကယ်ကို စစ်ဘေးဒဏ်ခံရလို့ ဒီဘက် ရွှေ့လာတာလေ။ ပြန်ပို့ရင် အကုန်လုံး မြေမြှုပ်မိုင်းတွေ ထိကုန်မှာပေါ့။

အပီဆစ်။ ။ ထိထိဗျာ၊ မတတ်နိုင်ဘူး။ ဒီဒုက္ခသည်တွေကို ထမ်းမထားနိုင်တော့ဘူး။

ရုက္ခစိုး။ ။ မလုပ်ပါနဲ့ဗျာ … တကယ့် ဒုက္ခသည်တွေ ပြန်ဒုက္ခရောက်ကုန်ပါ့မယ်။

မံမီ။ ။ ဟရေး … ဦးရုက္ခစိုးက အဲဒီလို ပြောနေတယ်နော် … မစ္စတာ အပီဆစ် … တူလည်း ဒုက္ခသည် နတ်ပဲနော်။

အပီဆစ်။ ။ ဟား … ဟုတ်တယ်။ အခုမှ သတိရတယ်။ ဦးရုက္ခစိုးလည်း ရွှေ့ပြောင်းနတ်ပဲ။ ခင်ဗျားကို အရင်ဆုံး ပြန်ပို့မယ်။

ထိုင်းဝန်ကြီးချုပ် အပီဆစ် ဝက်ဆီတွေဝ၏ စကားဆုံးသည်နှင့် ဦးရုက္ခစိုးမှာ “ကွိုင်ပဲ … လျှာဝင်ရှည်မိလို့ ပြန်ပို့ ခံရတော့မယ်။ မြန်မာပြည် မှာကလည်း နာဂစ်ဝင်သွားပြီးကတည်းက သစ်ပင်မရှိတော့လို့ သစ်ပင်မဲ့ ရုက္ခစိုးတွေတောင် ဒီလောက်ပေါနေတာ။ မဖြစ်ဘူး … လစ်မှ” ဟု စိတ်ကူးရင်း အမြန်ဆုံး ကိုယ်ယောင်ဖျောက် ထွက်ပြေးရလေတော့သည်။

နံကြား။ ။ ကောင်းလယ်၊ ကောင်းလယ် …။ ဝ ပြောသားပဲ ဒုက္ခတွေ့မယ်လို့ … ။ နတ်အလုပ် မလုပ်ဘဲ ဝင်ဝင်ရှုပ်တာကိုး … နတ်အရေး အော်မယ့် သူတွေ စတိတ်မန့် မထုတ်မချင်း ကိုယ်ယောင်ဖျောက်ပြီးသာ နေပေတော့ … ဦးရုက္ခစိုးရေ … ရှဲ့ရှဲ့နီ … မစ္စတာ အပီဆစ် ဝက်ဆီတွေဝ။ ။

MKO မှ မလေးရောက် ကရင်လူမျိုး ၃၀၀ကျော်ကို ဆေးဝါး၊ ရိက္ခာ ကူညီခဲ့

စောခါးစူးညား (ကေအိုင်စီ)

မလေးရှား ကရင်အဖွဲ့အစည်း(MKO)၊ ACTS ကျန်းမာရေးဝန်ထမ်းများနှင့် International Catholic Movement for Intellec-tual and Cultural Affairs-ICMICA တက္ကသိုလ်မှ လေ့လာရေး ကျောင်းသူကျောင်းသားများသည် မလေးရှားနိုင်ငံ Pahang ပြည်နယ် Sugai Jalit ဒေသမှ ကရင်ရွှေ့ပြောင်းအလုပ်သမား ၃၀၀ကျော်ကို ရိက္ခာ၊ အစားအစာ၊ အ၀တ်အထည်၊ ဆေးဝါးများ ဧပြီလ ၂၃နှင့် ၂၄ရက်နေ့များက သွားရောက်ကူညီခဲ့သည်။

အဆိုပါအဖွဲ့များသည် မြို့ပြဒေသနှင့် အလှမ်းဝေးသည့် Sugai Jalit တောင်ပေါ်ဒေသမှ ကရင်ရွှေ့ပြောင်းအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှုနှင့် လုပ်ငန်းတွင် အခက်အခဲများကြောင့် သွားရောက်ကူညီရခြင်းဖြစ် ကြောင်း MKO ဥက္ကဌ မန်းစိန်သန်းက ယခုလို ပြောသည်။

“ကျနော်တို့ ဒီလို သွားကူညီရတာက အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေါ့။ သူတို့ကို မလေးရှားအစိုးရက နားလည်မှုနဲ့ နေခွင့်ပေးထားပေမဲ့ တရားမ၀င် ဖြစ်နေသေးတော့ အပြင်မှာ သွားလာခွင့် မရှိဘူး။ အပြင်အလုပ်လည်း ထွက်လုပ်ခွင့်မရတော့ တော်တော်ဒုက္ခရောက်တယ်။ ဒါကြောင့် ကျနော်တို့နဲ့အတူ ACTS ကျန်းမာရေးဝန်ထမ်းတချို့နဲ့ ဒီအခြေအနေကို သိချင်တဲ့ IC-MICA ကျောင်းသားတချို့က လေ့လာရေးအဖြစ် သွားကြတာ။”ဟု သူက ပြောသည်။

MKO အဖွဲ့ဝင် ၅ဦး၊ A Call To Serve-ACTS ၀န်ထမ်း ၄ဦးနှင့် မလေးရှား၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဆာဘား နှင့် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသား ၈ဦး ပါဝင်သည့် International Catholic Movement for Intellectual and Cultural Affairs-ICMICA အဖွဲ့က ဒုက္ခသည်များကို သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

ICMICA မှ ကျောင်းသားလူငယ်များအနေဖြင့် ၎င်းတို့၏ ကွင်းဆင်းလေ့လာမှုအပေါ် လက်တွေ့ကျကျ အကောင်အထည်ဖော် နိုင်ရန်အတွက် ဒုက္ခသည်များအား ကူညီပံ့ပိုးနိုင်ရေး ကွန်ယက်အဖွဲ့တခု ဖွဲ့စည်းဆောင်ရွက်ပေးသွားမည်ဟု ICMICA ခေါင်း ဆောင်ဖြစ်သူ အေဒရင်း(Adrain)က MKO ကို ပြောဆိုသွားခဲ့သည်။

MKO မှ ၎င်းရွှေ့ပြောင်းအလုပ်သမားများကို အစားအစာ၊ ဆေးဝါးနှင့် အ၀တ်အထည်တို့ကို ၁လတစ်ကြိမ်၊ ၂လတစ်ကြိမ် သို့မ ဟုတ် ၃လ တကြိမ် အလျင်းသင့်သလို သွားရောက်ကူညီပေးလျှက်ရှိသည်ဟု သိရသည်။

“ဒုက္ခရောက်နေတဲ့ ကျနော်တို့ ကရင်တွေကို ဒီလိုကူညီလာတာ ၅နှစ်လောက်ရှိပြီ။ သူတို့တွေထဲမှာ အမျိုးသားများပြီး အမျိုး သမီးနည်းတယ်။ အဲဒီဒေသမှာ ကျောင်းမရှိတဲ့အတွက် သူတို့ကလေးတွေ ကျောင်းနေနိုင်ဖို့ ကျနော်တို့ MKO အနေနဲ့ တတ်နိုင် သလောက် ပညာသင်ကြားပေးတယ်။ သူတို့ကို ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်ကူညီရင်း UNHCR အကူအညီနဲ့ တတိယနိုင်ငံ ထွက်နိုင်အောင် ကြိုးစားပေးချင်တယ်။”ဟု MKO ဥက္ကဌ မန်းစိန်သန်းက ဆက်လက် ပြောဆိုသည်။

ကရင်ရွှေ့ပြောင်းအလုပ်သမားများသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၏မြောက်ဘက် ၁၂၀ ကီလိုမီတာ အကွာအဝေးရှိ မလေးရှားနိုင်ငံ Sugai Jalit ဒေသတွင် ပြီးခဲ့သည့် ၈နှစ်ခန့်ကတည်းက ရောက်ရှိနေကြပြီး ၎င်းဒေသ၏ ပဲ၊ ခရမ်း၊ သခွါး၊ ခရမ်း၊ ခရမ်းချဉ်၊ ငြုပ်၊ ဒူးရင်း၊ ငှက်ပျော၊ မုံညှင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင် လျှက်ရှိသည်။

မြန်မာနိုင်ငံသား ၄၀ ကျော် မီဇိုရမ်ရဲကထပ်ဖမ်း

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသား အယောက် ၄၀ ကျော်ကို မီဇိုရမ်ရဲများက ယနေ့ ထပ်မံဖမ်းဆီးလိုက်သည်ဟုသိရသည်။

အိုင်ဇောလ်မြို့ပေါ် Chawlhhmun ရပ်ကွက်တွင် အိမ်ငှါးပြီးနေထိုင်နေကြသည့် မြန်မာနိုင်ငံမှ ချင်းလူမျိုး အယောက် ၃၀ ခန့်ကို ရပ်ကွက်ကောင်စီအဖွဲ့၊ ရပ်ကွက်လူငယ်အဖွဲ့နှင့် vaivakawn ရဲများကပူးပေါင်းပြီး ယနေ့နံ နက်ပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဘာကြောင့်ဖမ်းတာလဲဆိုတာတော့အတိအကျမသိရဘူး၊ ရပ်ကွက်ကောင်စီအဖွဲ့ နှင့် မီဇိုးလူငယ်အသင်းအဖွဲ့ တွေက ရပ်ကွက်ထဲမှာနေထိုင်ကြတဲ့ မီဇိုရမ် ID (မှတ်ပုံတင်)မရှိတဲ့သူတွေကို လိုက်စစ်ပြီး မရှိတဲ့သူကိုအကုန်လုံး ဖမ်း တာ” ဟု Chawlhhmun ရပ်ကွက်တွင်နေထိုင်သည့် ချင်းအမျိုးသမီးတဦးကပြောသည်။

အဖမ်းခံရသူများကို အချူပ်ကားဖြင့်တင်ဆောင်သွားကာ ရဲစခန်းဌါနချူပ်သို့ခေါ်ဆောင်သွားကြသည်ဟုသိရသည်။ အဖမ်းခံရသည့်အထဲတွင် ကလေးငယ်တချို့လည်းပါဝင်ကြောင်းသိရသည်။

”မိဘနှစ်ပါးစလုံးကိုဖမ်းသွားတယ်ဆိုတော့ သူတို့ကလေးတွေကို ဒီတိုင်းထားခဲ့ရမှာကိုစိတ်မချတာကြောင့် ကလေးငယ် တချို့လည်း သူတို့မိဘတွေနဲ့အတူပါသွားကြတယ်၊ ကလေး ဘယ်နှစ်ယောက်ပါသလဲဆိုတာ တော့အတိအကျမသိဘူး” ဟုအဆိုပါချင်းအမျိုးသမီးကပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း အိုင်ဇောလ်မြို့မဈေးရှိ စားသောက်ဆိုင်နှစ်ဆိုင်တွင် တည်ခိုနေကြသည့် မြန်မာ နိုင်ငံမှ ချင်းအမျိုးသား ၁၆ ဦးကို အိုင်ဇောလ်ရဲများကလာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

အဖမ်းခံရသူများထဲမှ ၅ ဦးမှာ အိန္ဒိယနိုင်ငံဘက်သို့ ကျမ်းစာကျောင်းတက်ရန် ချင်းပြည်နယ်မှရောက်ရှိလာကြ သူများ ဖြစ်ပြီး အများစုမှာ မီဇိုရမ်တွင် လွှစွဲရန်ရောက်ရှိလာကြသူများဖြစ်သည်ဟုသိရသည်။

” ကျနော့်ဆိုင်မှာလာဖမ်းသွားတဲ့ ၅ ဦးက ကုလားပြည်မှာကျမ်းစာကျောင်းတက်ဖို့  ချင်းပြည်နယ်ကနေရောက် လာတဲ့သူ တွေပါ၊ မနက်ဖြန်ကို ဒီကနေ ထွက်ဖို့ ကားလက်မှတ်တွေလည်းဖြတ်ထားပြီးပြီ၊ ဒါပေမဲ့ အခုအဖမ်းခံ ရတယ်ဆိုတော့ ဘယ်လိုလုပ်ကြမလဲမသိဘူး” ဟု စားသောက်ဆိုင်ပိုင်ရှင်ကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း အိုင်ဇောလ်မြို့ဇောင်းသွေရပ်ကွက်တွင် သင်္ကြန်ပွဲဆင်နွှဲနေကြသည့် မြန်မာ ယက္ကန်းသမား ၁၃ ဦးကို မီဇိုရမ်ရဲများကဖမ်းဆီးခဲ့ပြီးဖြစ်သည်။

၎င်းတို့ကို အိုင်ဇောလ်မြို့ ဗဟိုအကျဉ်းထောင်သို့ ထိန်းသိမ်းထားပြီး လာမည့် မေလ ၂ ရက်နေ့တွင် တရားရုံး သို့ အမှု ပြန်လည်ကြားနာကြမည်ဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း အိုင်ဇောလ်မြို့ရပ်ကွပ်တချို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများကိုလည်း မီဇိုး လူငယ် အသင်းများက စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရသည်။

”ကျနော်တို့အိမ်ကို မီဇိုးလူငယ်အသင်းအဖွဲ့ဝင်တချို့ရောက်လာပြီးတော့ အိုင်ဇောလ်မြို့မှာနေထိုင်တာကြာပြီ လား၊ ဘယ်ဒေသကနေပြောင်းရွှေ့လာကြတာလဲ၊ ပြောင်းရွှေ့လက်မှတ်ရှိမရှိလာမေးတယ်၊ မရှိရင်တော့ တခုခု ပြသနာဖြစ် လာနိုင်မယ်လို့ထင်တယ်”ဟုအိုင်ဇောင်မြို့ electric ရပ်ကွက်တွင်နေထိုင်သူမြန်မာနိုင်ငံသားတဦးက ပြောသည်။

အဆိုပါ ဒေသတခုမှ ဒေသတခုသို့ ပြောင်းရွှေ့လက်မှတ်ကို အိုင်ဇောလ်မြို့တခြားရပ်ကွက်တွင်လည်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ သည်။

ဂီရိဆိုင်ကလုန်းမုန်တိုင်း ၆ လအလွန်

ခင်ဦးသာ


လူဦးရေ ၂ သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့တာ အခုဆိုရင် ၆ လ ပြည့်မြောက်ပြီဖြစ်ပေမယ့် ဒုက္ခသည် အများစုဟာ အမိုးအကာမလုံလောက်မှု၊ စားဝတ်နေရေးခက်ခဲမှု၊ အလုပ်အကိုင် မရှိမှု စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စားတာတော့ ကြုံသလိုပဲ၊ တရက်ရှာ တရက်စားနေရတာပေါ့။ မိုးအားနဲ့ရွာရင်တော့ ကောင်းတဲ့အိမ်မှာ သွားပြီး စုနေကြပါတယ်။ အိမ်ခြေ ၂၃၀ ရှိတဲ့ ရွာမှာတောင် လုံးဝနီးပါးကောင်းတဲ့အိမ်က ၅ အိမ်လောက်ပဲ ရှိသေးတယ်” လို့ ဂီရိဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ မြေပုံမြို့နယ် ပြည့်ချောင်းရွာမှ အိမ်ရှင်မတဦးက ဆိုပါတယ်။

“ညဘက်တွေမှာ ရုတ်တရက်မိုးရွာချရင် ဘယ်နားကပ်နေလို့နေရမှန်းမသိ ဖြစ်နေကြတယ်။ နေ့ခင်းဆိုရင်တော့ အဆင်ပြေသလိုပဲ နေကြရတာပေါ့” လို့ အိမ်ရှင်မက ဆက်ပြောပါတယ်။

၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှာ တနာရီမိုင် ၁၂၀ ၀န်းကျင်နဲ့ တိုက်ခတ်သွားခဲ့တဲ့ ဂီရိဆိုင်ကလုန်း မုန်တိုင်းကြီးဟာ ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်ရိုးတန်းဒေသကို ဖြတ်ကာ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေကို တိုက်ခတ်ခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကွပ်ကဲမှုရုံး (UNOCHA) ရဲ့ ၂၀၁၁ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာအရ ဒုက္ခသည် ၂ သိန်း ၆ သောင်းကျော်အနက် ၁ သိန်း ၄ ထောင်ကျော်ဟာ အခုချိန်အထိ အိုးအိမ်မဲ့နေပြီး တခြားသူတွေရဲ့အိမ်တွေမှာ မီခိုနေရဆဲလို့ ဖော်ပြထားကာ အလုပ်လက်မဲ့ ပြဿနာကြောင့် အကြွေးတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်းပဲ အစီရင်ခံစာက ဆိုပါတယ်။

နေစရာမလုံလောက်တာ၊ စားသောက်စရာ မလုံလောက်တာ၊ အလုပ်မရှိတာတွေနဲ့ ကြုံနေတဲ့အချိန်မှာပဲ နောက်ထပ်စိုးရိမ်စရာ ကိစ္စတခု ပေါ်လာတာကတော့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ငါးဖမ်းလုပ်ငန်းကို ပြည်နယ်အစိုးရသစ်က လေလံ ပစ်တော့မယ်ဆိုတဲ့ကိစ္စလို့ ဒေသခံတွေက ပြောပြပါတယ်။

“လေလံပေးလိုက်ရင် လေလံရသွားတဲ့သူကပဲ ပင်လယ်ပြင်ကို လက်ဝါးကြီးအုပ်စိုးမိုးတော့မယ်။ တနိုင်တပိုင် အသက်မွေးသူတွေကို လုပ်ပိုင်ခွင့်မရှိတော့ဘူး” လို့ ပြောပြီး လက်ရှိမှာတော့ ငါးဖမ်းဖို့အတွက် ပိုက်တွေ၊ လှေတွေမပြည့် စုံပေမယ့် ကြုံသလိုပဲ ရှာဖွေစားသောက်နေကြတယ်လို့ ပေါက်တောမြို့ခံ တဦးက ပြောပါတယ်။

လေလံအောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပင်လယ်ပြင်ကို လက်ဝါးကြီးအုပ်ပြီး လူမိုက်တွေမွေးကာ တနိုင်တပိုင် ငါးဖမ်းဝမ်းစာရှာသူတွေကို နိုင်ထက်စီးနင်း ပြုလေ့ရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ၀န်ကြီးတဦးကတော့ “ကျနော်တို့ ပြည်နယ်အစိုးရသစ်က လေလံပစ်မယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် တနိုင်တပိုင် ဖမ်းဆီးတာ၊ ရှာဖွေတာတွေကို လုပ်ခွင့်ရအောင် ကွင်းဆင်းဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ အားလုံးကို မျှတအောင် ဥပဒေအတိုင်း လုပ်ဆောင်ပေးသွားမှာပါ” လို့ ပြောပါတယ်။

ပင်လယ်ငါးဖမ်းလုပ်ကိုင်တဲ့သူက ငါးဖမ်းပစ္စည်းတွေ လုံးဝမရှိတော့သလို လယ်လုပ်တဲ့သူမှာလဲ လယ်မြေဖြစ်တဲ့ တာတမံတွေ၊ စပါးခင်းတွေရေမြှုပ်၊ ကျိုးပျက်သွားခဲ့အတွက် စားစရာ ဆန်မရှိတဲ့အပြင် နောက်နှစ်အတွက် မျိုးစပါးဆိုတာလည်း ဘာမှမရှိကြတော့ပါဘူး။

UNOCHA ရဲ့ အစီရင်ခံစာမှာတော့ မြေပုံမြို့နယ်ထဲက လယ်မြေ ၉၀ ရာခိုင်နှုန်းဟာ လုံးဝပျက်စီးသွားပြီး ပြန်လည်ထူထောင်မှု မပြုနိုင်သေးဘူးလို့ဆိုထားပါတယ်။

ဂီရိဒေသတ၀ိုက်မှာ ကူညီမှုလုပ်ငန်းတွေလုပ်နေတဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ ၉ ဖွဲ့ဟာလည်း ယခုအခါ ပြန်လည်ရုပ်သိမ်းသွားပြီဖြစ်ပြီး အဲဒီအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေအတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း (ကျပ်သန်း ၅၃၀၀၀ ခန့်) လိုအပ်ပြီး လက်ရှိမှာ ဒေါ်လာ ၂၂ သန်း (ကျပ် သန်း ၂၂၀၀) သာ ရရှိသေးတယ်လို့လည်း UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြေပုံမြို့နယ် ပြင်ဝန်းရွာသား တဦးက “လုပ်လို့ရတဲ့လယ်ကွက်တချို့မှာ စပါးစိုက်မယ်ဆိုရင်တောင် မျိုးစပါးက လုံးဝမရှိတော့ဘူး။ ဒီနေရာတွေမှာက ဆားငန်ရေခံနိုင်တဲ့ မျိုးစပါးပဲ စိုက်လို့ရပါတယ်” လို့ ပြောပြပါတယ်။

ဂီရိဒုက္ခသည်တွေနဲ့ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုအပြည့်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ “မိုးမကျခင်မှာပဲ အမိုးအကာ အလုံအလောက်ရဖို့နဲ့ မျိုးစပါးတွေ ရဖို့အတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားပါတယ်။ ကျနော်တို့က အာဏာပိုင်အဖွဲ့မဟုတ်တော့ အာဏာပိုင်တွေလို လုပ်ပေးလို့မရဘူး” လို့ဆိုပါတယ်။

အဖွဲ့အစည်းတချို့ဟာ ကျပ် ၅ သိန်း၊ ၆ သိန်း လောက်တန်မယ့် နေအိမ်တွေ ဆောက်ပေးမယ်လို့ စာရင်းကောက်ပြီး အိမ်တွေ ဆောက်ပေးတဲ့အခါမှာတော့ ကျပ် ၅ သောင်းဝန်းကျင်သာ ကုန်ကျတဲ့ ရွက်ဖျင်တဲ၊ မာကြောမှုမရှိတဲ့ သစ်သားတိုင်လေးတွေနဲ့ လာဆောက်ပေးလို့ ဒေသခံတချို့က လက်မခံဘူးလို့ သိရပါတယ်။

အဲဒီအဖွဲ့အစည်းတွေ ဆောက်ပေးတဲ့ နေအိမ်တွေဟာ ၂၅ မိုင်နှုန်းလောက်ရှိတဲ့ လေတိုက်ရင်တောင် ပါသွားနိုင်ပြီး ခိုင်ခန့်မှု လုံးဝမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ငွေကြေး အဆင်ပြေတဲ့လူတချို့ကတော့ မိမိတို့ရဲ့ ရွှေထည်ပစ္စည်းတွေ၊ ကျွဲ၊ နွားတွေကို ရောင်းချပြီးတော့ နေအိမ်ကိုပဲ ဦးစားပေး တည်ဆောက်နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေကတော့ ဒုက္ခသည်တွေ အားလုံးနီးပါးကို အလုပ်အကိုင်တွေ၊ နေထိုင်စရာစရာတွေ စီစဉ်ပေးထားပြီးဖြစ်တယ်လို့ အစိုးရမီဒီယာတွေက ဖော်ပြရေးသားလေ့ရှိပါတယ်။

အချိန်တွေကြာလာတာနဲ့အမျှ လူတွေရဲ့အာရုံစိုက်မှု လျော့ကျလာသလို ကူညီထောက်ပံ့နေကြတဲ့ အဖွဲ့အစည်းတွေကလည်း အကြောင်းကြောင်းကြောင့် တဖြည်းဖြည်း ရုပ်သိမ်းသွားကြပါတယ်။

Save the Children, ယူနီဆက်ဖ်၊ ကြက်ခြေနီ စတဲ့အဖွဲ့တွေကတော့ တခါတလေ လာရောက်ပြီး စားသောက်စရာ တချို့၊ ဆေးဝါးတချို့ ကူညီပေးတယ်လို့ သိရပါတယ်။

ကူညီကယ်ရေးတွေ လုပ်ပေးခဲ့တဲ့ မင်္ဂလာမြန်မာအဖွဲ့ရဲ့ခေါင်းဆောင် ဒေါက်တာဖုန်းဝင်းက “ဆုံးရှုံးမှုတွေ၊ လိုအပ်ချက်တွေက တအားကြီးမားပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် အစိုးရရော နိုင်ငံတကာကပါ ပါဝင်မှ အဆင်ပြေမှာပါ” လို့ ပြောဆိုပြီး NGO အဖွဲ့တွေဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် ကူညီမှုတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။

မုန်းတိုင်းတိုက်ခတ်ခါစ အချိန်တုန်းက ပြည်တွင်း၊ ပြည်ပ INGO တွေ၊ NGO တွေ၊ စေတနာရှင်တွေ၊ လူမှုရေးအဖွဲ့တွေက တတ်နိုင်သလောက် ကူညီခဲ့ကြပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ထိရောက်အောင် လုပ်မပေးနိုင်ခဲ့ကြပါဘူး။

“ဂီရိစဖြစ်တုန်းကတော့ NGO တွေဟာ သူကူမယ်၊ ငါကူမယ် ဆိုပြီးတော့ နေရာရဖို့ လုနေခဲ့ကြတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှန်းသိတော့ အသံတွေအားလုံး တိတ်သွားပြီ” လို့ နာဂစ်မုန်တိုင်းနဲ့ ဂီရိမုန်တိုင်း ဒဏ်ခံဒေသတွေမှာ လယ်ယာလုပ်ငန်းတွေကို ပြန်လည်ထူထောင်ရေး ကူညီလုပ်ပေးနေတဲ့ ရန်ကုန်အခြေစိုက် NGO အဖွဲ့တခုက ဆိုပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ April,30th,2011

( 25 )Myanmar seeks help in military training

( 24 )ကော့သောင်း ခရိုင်အုပ်ချုပ်ရေးမှူး အမိန့်ကြောင့် အစည်းဝေးပျက်

( 23 )China expands presence in Myanmar with railway line

( 22 )Myanmar president picks Suu Kyi's friend as adviser

( 21 )လယ်ပြေစာကို နံမည် ပြောင်းခံရပြီး တရားစွဲဆို ခံနေရ

( 20 )Warrandyte activists to share their Burmese insights

( 19 )ထိုင်း - မြန်မာ နယ်စပ် ကုန်သွယ်ရေး ပွဲတော် ကျင်းပ

( 18 )UN to debate world’s ‘most vulnerable’ countries

( 17 )မိုင်းလင်းတွင် ငလျင် အသေးစားများ နေ့စဉ်လှုပ်

( 16 )Myanmar-China border trade fair launched in Muse

( 15 )စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာအစိုးရ သက်ဆိုင်မှုမရှိဟု အကြံပေးပုဂ္ဂိုလ် ပြောကြား

( 14 )Myanmar reports outbreaks of PRRS in Naypyidaw region

( 13 )Thai PTTEP to end exploration in Myanmar's Block M4

( 12 )သတ်မှတ်နယ်မြေ မကျော်ဖို့ အပစ်ရပ်အဖွဲ့များကို အစိုးရစစ်တပ်သတိပေး

( 11 )Burma, Bangladesh agree to improve military cooperation

( 10 )ဝနဲ့ မိုင်းလား တပ်ရုပ်ဖို့ အစိုးရဖိအားပေး

( 9 )Myanmar and China to build cross-border railway link

( 8 )မြန်မာ ကွန်ရက်အဖွဲ့ ၁၁ ဖွဲ့က ဦးသိန်းစိန်အစိုးရကို ဝေဖန်ထောက်ပြ

( 7 )Political parties ask EU to grant Burma lower tariffs

( 6 )ဘာသာရေး လွတ်လပ်ခွင့် မရှိဆုံးနိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်

( 5 )First US Ambassador to Asean Expected to Press Burma

( 4 )စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား

( 3 )Signs of Change in Burma's Media Landscape?

( 2 )ဒေါ်အောင်ဆန်းစုကြည် အယ်လယ်နာ ရုစဗဲ့ ဆု ရရှိ

( 1 )Nowhere To Go, Nowhere To Hide: What’s Next For Burmese Refugees?

Friday, April 29, 2011

ကျောက်ဖြူ ပြည့်တန်ဆာခန်းများ အာဏာပိုင်များ ကာကွယ်ပေးနေ

ခင်ဦးသာ Friday, 29 April 2011

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရပ်ကွက်တချို့၌ ကာရာအိုကေဆိုင်များ၊ ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာပြီး ထိုလုပ်ငန်းများ၏ လုံခြုံရေးကို သက်ဆိုင်ရာ အာဏာပိုင်များက အခကြေးငွေယူကာ တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

“ည ၉ နာရီ၊ ၁၀ နာရီလောက်ဆိုရင် ရေနက်ဆိပ်ကမ်းအတွက် ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေက ပိုက်ဆိပ် ရပ်ကွက်ဘက်ကို အလှူသွားသလိုပဲ အစုလိုက် အပြုံလိုက် သွားနေကြတာ။ သူတို့ရဲ့လုံခြုံရေးကို ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်တွေက တာဝန်ယူပေးထားတယ်” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။

ကျောက်ဖြူမြို့တွင် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှစ၍ ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာကြောင်း၊ ရန်ကုန်မြို့မှ လိင်အလုပ်သမ ရာနှင့်ချီ ခေါ်ဆောင်လာကာ ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်၊ စေတီတောင် ရပ်ကွက်တို့၌ ဖွင့်လှစ်ထားသော ပြည့်တန်ဆာခန်းများတွင် လုပ်ကိုင်ခိုင်းထားကြောင်း သိရသည်။

ထိုလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြသောကြောင့် ဒေသခံများက ၎င်းတို့၏ သားသမီးများ၊ ပညာသင်အရွယ် လူငယ်များအတွက် စိုးရိမ်မှုများဖြစ်နေကြသည်ဟု မြို့ခံများက ဆိုသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်၌ တည်ဆောက်နေသော ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သန့်စင် စက်ရုံစီမံကိန်း လုပ်ငန်းများအတွက် ရောက်ရှိနေသော တရုတ်နိုင်ငံသားများ၏ လိင် ဖြေဖျော်ရေးအတွက် အဆိုပါ ပြည့်တန်ဆာခန်းများကို ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ရှင်းပြသည်။

စီမံကိန်းလုပ်ငန်းများအတွက် တရုတ်နိုင်ငံသားများ ထောင်နှင့်ချီ၍ ကျောက်ဖြူမြို့သို့ ရောက်ရှိနေပြီး မေလနှင့်ဇွန်လတွင် တရုတ်နိုင်ငံသား ၁၀၀၀ ခန့် ထပ်မံရောက်ရှိဦးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ပြီးခဲ့သည့်ရက်ပိုင်းက ကျောက်ဖြူမြို့သို့ ရောက်လာစဉ် ပြောဆိုသွားကြောင်း မြို့ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င် တဦးက ပြောသည်။

“ဦးလှမောင်တင်က တရုတ်တွေရဲ့လုံခြုံရေး၊ နေထိုင်ရေးတွေကို ဒေသခံတွေ ပါဝင်ကူညီပေးဖို့လည်း ပြောသွားတယ်။ ဒီအပေါ်မှာ မြို့ခံတွေက ၀န်ကြီးချုပ်ကို မကျေမနပ် ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ကျောက်ဖြူမြို့သို့ ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသူ တဦးအနေဖြင့် လာ ရောက်ခဲ့သော်လည်း ကြံ့ဖွံ့ပါတီဝင်များနှင့်သာ တွေ့ဆုံခဲ့ပြီး တခြားသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် များနှင့် တွေ့ဆုံမှုမရှိခဲ့ဟု သိရသည်။

“သူက ကြံ့ဖွံ့ပါတီဝင်ဆိုပေမယ့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေပြီလေ။ ဒါပေမယ့် ပါတီစွဲ ပုဂ္ဂိုလ်စွဲ ထားနေတုန်းပဲ။ ဒေသခံ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်” ဟု ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီဝင် တဦးက ဝေဖန်သည်။

ကျောက်ဖြူမြို့ပေါ်၌ ပြည့်တန်ဆာလုပ်ငန်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့် ကိစ္စကိုမူ ပြည်နယ်ဝန်ကြီးက တစုံတရာ ပြောဆိုသွားခြင်း မရှိဟု သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်အပြင် အဖွဲ့ဝင် ၀န်ကြီးများသည်လည်း ကျောက်ဖြူမြို့သို့ မကြာခဏ ရောက်ရှိနေသည့်တိုင် ထိုဒေသ တ၀ိုက်၌ ဒေသအာဏာပိုင်များ၏ ခြိမ်းခြောက်မှု၊ ဒေသခံ စစ်တပ်၏ ဆက်ကြေး မတရားတောင်းခံနေမှု၊ အခွန်အခ မတရား
ကောက်ခံနေမှု များသည် တစုံတရာ အပြောင်းအလဲမရှိဘဲ ပိုမိုဆိုးလာသည်ဟု ကျောက်ဖြူဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းပေါ်ပေါက်ပြီးနောက်ပိုင်းတွင် လုံခြုံရေးအတွက်ဟုဆိုကာ စစ်တပ်အင်အားတိုးချဲ့လာပြီး ကျောက်ဖြူ လေတပ်စခန်း ဌာနချုပ် လက်အောက်ခံ စစ်တပ်မှ စက်လှေများသည် ပင်လယ်ပြင်အား ကြီးစိုး၍ ဆက်ကြေး တောင်းခံခြင်းများ ဆက်တိုက် လုပ်နေကြောင်း သိရသည်။

“ကျောက်ဖြူဆိပ်ကမ်းကို ဘယ်လိုလှေမျိုးပဲ လာလာ ပိုက်ဆံတောင်းတယ်၊ ပင်လယ်ထဲမှာ စစ်တပ်စက်လှေတွေ ဟိုနားတစင်း၊ ဒီနားတစင်း ဖြန့်ချထားပြီး မြင်တဲ့ စက်လှေတိုင်းကို ကပ်ခိုင်းတယ်၊ လှေပေါ်တွေ့တာယူတယ်၊ ပိုက်ဆံတောင်းတယ်၊ ကပ်ခိုင်းလို့ မကပ်ပေးရင် သေနတ်နဲ့ ပစ်တယ်” ဟု ကျောက်ဖြူ - တောင်ကုတ် ပြေးဆွဲနေသော စက်လှေပိုင်ရှင် တဦးက ဆိုသည်။

“မြို့ပေါ်သွားရင် ဟိုပစ္စည်းဝယ်လာပေးပါ၊ ဒီပစ္စည်းဝယ်လာပေးပါ ဆိုပြီးမှာတယ်။ ၀ယ်လာပေးပြီးရင် ပိုက်ဆံပြန်မပေးဘူး၊ကျေးဇူးပဲ သွားလို့ရပြီ ဆိုပြီး ပြောတယ်” ဟု စက်လှေပိုင်ရှင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

မောင်းလာသည့် စက်လှေအား ပိုက်ဆံတောင်းရန် ကမ်းကပ်ခိုင်းရာ အနည်းငယ်နောက်ကျသွား၍ ကျောက်ဖြူ မြို့နယ် အခြေစိုက် တပ်ရင်း ၅၄၂ မှ တပ်ကြပ် တဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကျောက်ဖြူမြို့ ကွင်းချောင်းအုပ်စု မင်းတပ်ချောင် ကျေးရွာမှ အသက် ၂၆ နှစ် အရွယ်ရှိ ကိုမောင်ဝင်း ပြီးခဲ့သည့် ၂၀၁၀ ဒီဇင်ဘာလကသေဆုံးခဲ့ရသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအပြင် ၎င်းနှင့်ဆက်နွှယ်နေသော စီမံကိန်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်း မလာကျွန်း၊ ကျောက်ဖြူမြို့ပေါ်တို့၌ အသီးသီး တည်ဆောက်နေကြပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ
ကျောက်ဖြူ - လားရှိုး - မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ ဖောက်လုပ်မည့် မီးရထားလမ်း စီမံကိန်းကိုလည်း မကြာမီ တည်ဆောက်မည်ဟု သိရသည်။

မီးရထားလမ်း စီမံကိန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ China Railway Engineering Corporation ၏ ဥက္ကဋ္ဌ Mr-Li Chang Jin ဦးဆောင်သော တရုတ်အဖွဲ့နှင့် မြန်မာအစိုးရ တို့သည် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ထိုစီမံကိန်းသည် ၃ နှစ်ခန့်ကြာမြင့်မည်ဟု ဧပြီလ ၂၈ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

NDF အကွဲအပြဲ ပြဿနာ ရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်မည်

ခင်ဦးသာ Friday, 29 April 2011

အမျိုး သား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) မှ ထုတ်ပယ်ထားခြင်းခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်သည် ပါတီအား ကိုယ်စားပြုခြင်း ရှိမရှိကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၉ ရက်နေ့တွင် ဆုံးဖြတ်ပေးမည်ဟု သိရသည်။

ဦးသိန်းညွန့်အား တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရေးအတွက် ထိုနေ့၌ ဆုံးဖြတ်ပေးသွားမည်ဟု ဆိုသည်။

“ဦးသိန်းညွန့်ကို ထုတ်ပယ်တာ ဥပဒေနဲ့ညီမညီ ကို ရန်ကုန်တိုင်းကော်မရှင်က ပါတီကိုမေးမြန်းတာတွေရှိတယ်၊ ကျနော်တို့က သူ့ကို ပါတီစည်းကမ်း၊ ပါတီ ဥပဒေ ကို မလိုက်နာလို့ ထုတ်ပယ်လိုက်တာပါ”ဟု NDF ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီ ကို ပြောသည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်သည် ယခုရက်ပိုင်းတွင် NDF ပါတီရုံးသို့လာရောက်၍ တာဝန်ရှိသူများအား မေးမြန်း၍ သိလိုသည့်အချက်အလက်များကို စုဆောင်းနေပြီး မေလ ၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ တင်ပြ၍ နှစ်ဦးနှစ်ဘက်စလုံးကို မေးမြန်း အဆုံးအဖြတ် ပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။

အကယ်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်ပေါင်းစည်းရေး ဆုံးဖြတ်ပေးပါကလည်း ပါတီဝင်အဖြစ် လုံးဝ လက်ခံတော့မည်မဟုတ်ကြောင်း ဦးခင်မောင်ဆွေ က ဆိုသည်။

“ပါတီ စည်းကမ်း မလိုက်နာလို့ ထုတ်ပယ်ထားတာ ပြန်လည် လက်ခံစရာ အကြောင်းမရှိတော့ဘူးလေ”ဟု ၎င်းက ပြောသည်။

NDF ပါတီ၏ ဒုတိယခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခံထားရသော ဦးသိန်းညွန့်ကမူ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ တို့နှင့် ၆ နှစ်တာ နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်ခဲ့သည့်ကာလအတွက် နောင်တရမိကြောင်း တုံ့ပြန် ပြောဆိုသည်။

“ကျနော်က ကော်မရှင်ရဲ့ဆုံးဖြတ်မှုကိုပဲ အလေးထားလိုက်နာမှာပါ”ဟု ဦးသိန်းညွန့်က ဆိုသည်။

NDF ပါတီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ခွဲထွက်ကာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့ ဦးဆောင်သောအဖွဲ့နှင့် ဦးသိန်းညွန့် ဦးဆောင်ဆောင်သော အဖွဲ့ဟူ၍ ထပ်မံ ကွဲခဲ့ကြသည်။

NDF ပါတီ၏ ခေါင်းဆောင်များသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မဲဆွယ်စည်းရုံးစဉ်ကာလ ကတည်းက ပါတီ၏ ငွေကြေး ပြဿနာများအား ပြင်ပသို့ ပြောဆိုသည်ဟု ဆိုကာ ဦးသိန်းညွန့်အား နိုဝင်ဘာလ ဆန်းပိုင်းတွင် ပါတီမှ ထုတ်ပယ်ခဲ့သည်။

ဦးသိန်းညွန့်သည် ၁၉၉၀ ရွေးကောက်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ်မှ ရွေးကောက်ခံခဲ့ရသောကိုယ်စားလှယ်တဦးဖြစ်ပြီး၂၀၁၀ ရွေးကောက်ပွဲ၌လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် သင်္ဃန်းကျွန်းမြို့နယ်မှ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသည်။

၎င်းတို့နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် တဦးကမူ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့သည် တန်းတူအနေအထားများဖြစ်နေခြင်း၊ ထိန်းကွပ်ပေးသူ မရှိခြင်း စသည်တို့ကြောင့် ယခုကဲ့သို့ဖြစ်နေကြကြောင်း ပြောဆိုသည်။

အစိုးရပြောင်းသော်လည်း အုပ်ချုပ်ရေး ပုံစံ မပြောင်း၍ ပြည်သူများ မကျေနပ်

အစိုးရ အပြောင်းအလဲ ဖြစ်သွားသော်လည်း အုပ်ချုပ်ရေး စနစ်ကို မပြောင်းသည့် အပြင် ကျေးရွာ ရယက ဥက္ကဌများကို အမည်ပြောင်းပြီး အုပ်ချုပ်ရေးမှူး အဖြစ် ဆက်ခန့်ထားသဖြင့် ပြည်သူများ အထူး မကျေမနပ် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ်ရှိ ကျေးရွာများတွင် ယခင် ခန့်အပ်ထားခဲ့သော ရယကများမှာ ကြံ့ခိုင်ရေး ပါတီမှ သူတို့ စိတ်ကြိုက် ခန့်အပ်ထားသူများ ဖြစ်ပြီး လူထု သဘောဖြင့် ရွှေးချယ်ထားသော ရယက အဖွဲ့ဝင်များ မဟုတ်ကြောင်း ကျေးရွာသားများက ပြောသည်။

“ အခု ကျွန်တော်တို့ လူထုတွေ လိုလားနေတာက ကျေးရွာ ဥက္ကဌ အသစ်တွေကို လိုလားနေပါတယ်။ အရင်စနစ်နဲ့ အရင်လူတွေကို မလိုတော့ဘူး။ သူတို့က စစ်အုပ်ချုပ်ရေးတုန်းကတည်းက တက်လာတဲ့ သူတွေ ဖြစ်တဲ့ အတွက် အဲသလို စနစ်မျိုးနဲ့ဘဲ ရွာသားတွေကို ဆက် အုပ်ချုပ်နေတဲ့ အတွက် ရွာတွေမှာ ပြဿနာတွေ တက်နေတာတွေ အများကြီးပါဘဲ” ဟု ပေါက်တောမြို့နယ် ဆင်ပိုက်ရွာသား တစ်ဦးက ပြောသည်။

နအဖ စစ်အုပ်စုမှ ရေးဆွဲ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ် တစ်ဦးဦးကို ဥပဒေနှင့် အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပါရှိသည်။

“ အခု သူတို့ ခန့်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်ဦးမှ အဲသလို ချမှတ်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီတာ မပါဘူး။ သူတို့ဟာ ရပ်ရွာက ကြည်ညိုလေးစားတဲ့ သူတွေလည်း မဟုတ်ဘူး။ အကုန်လုံးက ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူနဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေသာ ဖြစ်ကြပါတယ်” ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်မူ ကျေးရွာအုပ်ချုပ်ရေးမှူးများကို လူထုက လေးစားကြည်ညိုပြီး သိက္ခာ သမာဓိရှိသူများကို တာဝန်ပေးအပ်ခြင်း မဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို ငွေပေး နိုင်သူများကိုသာ တာဝန်ပေး ခန့်အပ်နေကြောင်း သတင်း ရရှိသည်။

ရတပ ပါတီ အအတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက “ အခု မင်းပြားမြို့နယ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဆက်လုပ်ချင်တဲ့ ရယက ဥက္ကဌတွေဆီက မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်ဦးကို ကျပ် ၅၀၀၀၀ ကနေ ၃၀၀၀၀၀ ထိ တောင်းခံနေတယ်။ မပေးနိုင်ရင် ဖြုတ်ပစ်မယ်ဆိုတဲ့ အတွက် တောင်းတဲ့ငွေကို ပေးနေရတယ်လို့ ကြားခဲ့ပါတယ်” ဟု ပြောသည်။

အလားတူ မြေပုံမြို့နယ်မှာလည်း ယခင်က ရယက ဥက္ကဌဟောင်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ အဖြစ် ခန့်အပ်နေသဖြင် ကျေးရွာ အတော်များများတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း လွှတ်တော် အမတ် ဦးဖေသန်းက အတည်ပြု ပြောကြားသည်။

အစိုးရသစ်လက်ထက် သတင်းလွတ်လပ်ခွင့် မျှော်လင့်ချက်မရှိ

ဧရာဝတီ Friday, 29 April 2011

မြန်မာအစိုးရသစ် စတင် အာဏာ ရယူလာ သည်မှာ ၁ လနီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်မရရှိသေးဘဲ အစိုးရသစ်ကို တိုက်တွန်းဝေဖန် ထောက်ပြသော သတင်းများ၊ အစိုးရ၀န်ထမ်း လာဘ်ပေးလာဘ်ယူ သတင်းများ အပါအ၀င် သတင်းအများစုကို ဖြုတ်ပယ်မှုများ ရှိနေသေးကြောင်း သတင်းရရှိသည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများတွင် ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဟုခေါ်သော သတင်း မီဒီယာများ၏ ကဏ္ဍ အရေးကြီးကြောင်း ထည့်သွင်းပြောဆိုခဲ့သော်လည်း ယခုအချိန်အထိ သတင်းလွတ်လပ်ခွင့် မပေးဘဲ ပိတ်ပင်မှုများ ဆက်လက်
ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

“အရင်ထက် စာရင်တော့ စိစစ်ရေးက သတင်းတွေ လွှတ်ပေးတာရှိပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတွေ အဓိက လုပ်ရမယ့် အစိုးရ၀န်ထမ်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲသင့်တဲ့ အကြောင်းတွေကိုတော့ အခုအချိန်အထိဖော်ပြခွင့် မပေးသေးဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အပြုသဘော ကြိုဆိုသည်ဆိုသော သတင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်ပေးရန် နိုင်ငံရေးအင်အားစုများက တောင်းဆိုသည့် သတင်း စသည်ဖြင့်ဖော်ပြနိုင်ရန် သတင်းဂျာနယ်တချို့က စာပေစိစစ်ရေးကို တင်ပြကြကြောင်း၊ သို့ရာတွင် စာပေစိစစ်ရေးက ယင်းသတင်းများအား လုံးဝ ဖော်ပြခွင့်မပေးဘဲ ဖြုတ်ပယ်ခဲ့ကြောင်း သိရှိရသည်။

“နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်လို့ ပြည်တွင်း မီဒီယာတွေကို ကျယ်ကျယ်လောင်လောင် ပြောလာတယ်။ စာပေစိစစ်ရေးက အဲဒီ သတင်းတွေမှန်သမျှကို လုံးဝပယ်ချတယ်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုသတင်းတွေလည်း ဖော်ပြခွင့်မရဘူး။ ဒါက သတင်း လွတ်လပ်ခွင့် မရသေးဘူးဆိုတာ ထင်ထင်ရှားရှား ပြနေပါတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာဦးက ဆိုသည်။

ယခုတပတ်ထုတ် သတင်းဂျာနယ်များတွင် နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် ဓာတ်ပုံများကို ဂျာနယ် အတွင်းစာမျက်နှာများတွင် ဖော်ပြခွင့် ပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က နာရေးကူညီမှုအသင်းသို့ အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ လှူဒါန်းသည့် သတင်းနှင့် NLD မှ ဦးဝင်းတင်က ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းအနား တက်ရောက်သည်ဆိုသော သတင်းများကိုမူ စာပေ စိစစ်ရေးက ဂျာနယ်အများစုတွင် ဖြုတ်ပယ်ခဲ့သည်။

သို့ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဝင် ဒေါက်တာတင်ထွန်းဦး အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူသော Myanmar Times ဂျာနယ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအောက်၌ ပုံစာအဖြစ် ငွေလှူသည့် အကြောင်းကို ဖော်ပြခွင့် ပြုထားသည်။

အစိုးရ ၀န်ထမ်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ သတင်းများလည်း ဖော်ပြခွင့် မရကြောင်း ဂျာနယ်အသိုင်းအဝန်းက ပြောသည်။

“မှတ်ပုံတင်လုပ်ဖို့ လ၀က ကို ပိုက်ဆံပေးရတာ၊ ရန်ကုန်လေဆိပ်မှာ ပြန်လာတဲ့ အလုပ်သမားတွေကို ပိုက်ဆံ တောင်းနေတာ၊ ဆေးရုံတွေမှာ ပိုက်ဆံပေးမှ ခွဲစိတ်ပေးတာ အဲဒီလို သတင်းမျိုးတွေက လူထုကြားထဲက တက်လာတဲ့ သတင်းတွေပါ။ ဒါပေ မယ့် စာပေစိစစ်ရေးက ဒါမျိုးတွေကို ဖော်ပြခွင့်မပေးသေးဘူး။ ဒီသတင်းတွေက တကယ့်ကို လူထုအကျိုးပြု သတင်းတွေ ဖြစ်တဲ့အတွက် ဖော်ပြခွင့်ပေးသင့်ပါတယ်”ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။

မကြာသေးမီကလည်း သာသနာရေး ဝန်ကြီးဌာနမှ သတင်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားမှုကြောင့် ဝန်ထမ်းများအား ခေါ်ယူစစ်မေးခြင်း၊ နယ်ပြောင်းအရေးယူခြင်းတို့ ပြုခဲ့သည်။

သတင်းဂျာနယ် အများစုက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရရှိရန် မျှော်လင့် နေကြသော်လည်း ယခုအချိန်အထိ အစိုးရက တရားဝင် ခွင့်ပြုချက် မပေးသေးဘဲ စစ်တပ် ကျောထောက်နောက်ခံပေးထားသော မြ၀တီသတင်းစာ တစောင်ကိုသာ ထုတ်ဝေခွင့် ပေးခဲ့ခြင်းက မမျှတသော လုပ်ရပ်ဖြစ်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကမူ သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များမှအပ အားကစား၊ နည်းပညာ၊ ဖျော်ဖြေရေး၊ သုတ၊ ရသ၊ ကလေးစာပေ အပါအ၀င် စာပေ အမျိုးအစား ၆ မျိုးကို စာပေစိစစ်ရေး တင်ရန် မလိုဘဲ ထုတ်ဝေခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။

မြစ်ရေခန်း၍ ဘုရားသုံးဆူဟောင်းသို့ သွားရောက်လေ့လာသူ များ

မင်းတော်လ၀ီ

မြစ်ရေ ခန်းခြောက် ခြင်း ကြောင့် ပေါ်လာသည့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ် ၀င်းကရွာဟောင်းရှိ ဘုရားသုံးဆူစေတီဟောင်းသို့ သွားရောက်လေ့လာသူ များပြားကြောင်း တွေ့ရသည်။

ယခင်နှစ် ဧပြီလမှ ရေခန်းခြောက်မှုကြောင့် ဘုရားသုံးဆူစေတီဟောင်း နှင့်အတူ ၀င်းကရွာဟောင်း၊ ကျောင်းဟောင်းနှင့် သိမ်ဟောင်းလည်း ပေါ်လာခဲ့ပြီး မိုးရာသီတွင် ခေတ္တနစ်မြုပ်ခဲ့ရာမှ ယခုနွေရာသီ၌ ပြန်ပေါ်လာခဲ့သည်။

နေ့စဉ် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ လာရောက်လေ့လာသူ ၅၀ – ၆၀ ခန့် ရှိပြီး ရုံးပိတ်ရက်များတွင် အယောက်တရာကျော် လာရောက်လေ့လာကြကြောင်း ဝင်းကဘုန်းတော်ကြီးကျောင်းမှ သံဃာတော်တပါးက မိန့်သည်။

“ဗုဒ္ဓဂါယာစေတီ နဲ့ ၀င်းကကျောင်းကြီးကို လာရောက်ဖူးမျော် လေ့လာသူတွေဟာ ဘုရားသုံးဆူ စေတီဟောင်းဆီကိုလည်း သွားကြပါတယ်၊ ရွာဟောင်းအနီးမှာ ရှိတဲ့ စေတီဟောင်းထိ ကားလမ်းကောင်းနေတော့ ကားနဲ့သွားလို့ အဆင်ပြေတယ်” ဟု အထက်ပါ သံဃာတော်က မိန့်သည်။

လွန်ခဲ့သော ၂၇ နှစ်က ထိုင်းအစိုးရ၏ ထွန်ဖါဖွန် ရေအားလျပ်စစ် စီမံကိန်းကြောင့် ၀င်းကရွာဟောင်း တခုလုံး ရေမြုပ်ခံရပြီး အဆိုပါ ဘုရားသုံးဆူစေတီသည်လည်း ရေအောက် လုံးလုံး နစ်မြုပ်သွားရသည်။

စံခလယ်ချောင်း ၊ဘီခီး (ခေါ်) ကင်းချောင်း၊ လန်တီချောင်း သုံးသွယ် ပေါင်းဆုံရာ အရပ်၌ အဆိုပါ ဘုရားသုံးဆူ တည်ရှိသည်။

ကန်ချနပူရီခရိုင်ရှိ ထွန်ဖါပွန် ရေအားလျပ်စစ် ဓါတ်အားပေး စက်ရုံသည် ဤဒေသရှိ မြစ်ချောင်းရေများကို အဓိက အားထားနေရသည်။

သာမန်နှစ် နွေရာသီ ရေအနည်းဆုံး အချိန်တွင် စံခလယ်ချောင်း၌ ရေအနက် ၁၈ ပေခန့် ရှိသော်လည်း ယခင်နှစ် ရေခန်းစဉ်က ၉ ပေသာ ကျန်ရှိသည်။ ယခုလက်ရှိတွင် စံခလယ် ချောင်း၌ ရေ ၁၂ ပေ ကျန်ရှိကြောင်း ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခပူရီ သစ်သားတံတားအနီး ဖေါင်အိမ် ငှားခြင်းဖြင့် ၂၆ နှစ်ကျော် အသက်မွေးလာခဲ့သူ နိုင်ချစ်ငွေ က ပြောသည်။

“မနှစ်က ရေမှတ်ကို ရောက်ဖို့ သုံးပေပဲ လိုတော့တယ်။ ဖေါင်အိမ်နဲ့ သွားလာရတာ ခက်တော့ ပဲ့ချိတ်စက်လှေတွေနဲ့ သွားကြတာ များတယ်၊ ၀င်းကရွာဟောင်းနဲ့ ဘုရားသုံးဆူ စေတီဟောင်းကိုပဲ သွားကြတာ များတယ်” ဟု နိုင်ချစ်ငွေက ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ကျော်ဝန်းကျင် ဟံသာဝတီ နေပြည်တော် ပျက်သုဉ်းစဉ်က ထိုင်းနိုင်ငံသို့ ၀င်ရောက်ခိုလှုံခဲ့သော မွန်လူမျိုးများက အဆိုပါဘုရားသုံးဆူကို တည်ခဲ့သည် ဟု လက်ရှိဘုရားသုံးဆူရွာ (ထိုင်း နိုင်ငံ) တွင် သီတင်းသုံးလျက် ရှိသော ကျောင်းထိုင်ဆရာတော် အသျှင်ဟံသာရာဇာက ၂၅၃ ကြိမ်မြောက် ဟံသာဝတီ နေပြည်တော် ပြန်လည်အောက်မေ့ဘွယ် အခမ်းအနားတရပ်၌ သြ၀ါဒ မြွက်ကြားးစဉ် ထည့်သွင်း ပြောကြားသည်။

ယခုပေါ်လာခဲ့သည့် ဘုရားသုံးဆူဟောင်းနှင့် လက်ရှိခေါ်တွင်နေသည့် ထိုင်း မြန်မာ နယ်စပ် ဘုရားသုံးဆူမှာ ကီလိုမီတာ ၃၀ ခန့် ကွာဝေးပြီး သက်ကြီးရွယ်အိုတို့၏ ပါးစပ်ရာဇ၀င်အရ ဤဘုရားသုံးဆူဟောင်းသည် ရှေးဧကရာဇ်မင်းများ လက်ထက်က ထိုင်းမြန်မာ နယ်စပ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ မဲသမာမှုများ ပြန်လည်စစ်ဆေး

ဖနိဒါ

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့သဖြင့် ရွေးကောက်ပွဲ မဲမသမာမှုဆိုင်ရာ အမှုများကို ၂ လကျော်ကြာ ဆိုင်းငံ့ထားရာမှ ဗုဒ္ဓဟူးနေ့တွင် ပြန်လည်စစ်ဆေးနေပြီ ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၇၆ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အနိုင်ရသည်ဟု ကြေညာခဲ့သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပါတီအချို့က ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်တန်းခဲ့သည့် အမှုများ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ တွင် အနိုင်ရခဲ့သူ အမတ် ဒေါက်တာမြတ်ဥာဏစိုးသည် မဲမသမာမှု ပြုခဲ့သည်ဟု စွပ်စွဲခဲ့သော ကြံ့ဖွံ့ပါတီမှ စာရေးဆရာ တက္ကသိုလ်မြတ်သူကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်၏ ဗုဒ္ဓဟူးနေ့ ခုံရုံးက စစ်ဆေးခဲ့သည်။

“ကြံ့ဖွံ့ကတင်တဲ့ ကန့်ကွက်လွှာကို ပြန်ပြင်တာကို ခွင့်ပြုမိန့် ချလိုက်တယ်။ သူတို့က ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ တရားမဲ့ ပြုကျင့်မှု ပေါ်ပေါက်တယ်လို့ ကန့်ကွက်တာကိုး။ ဒါပေမဲ့ ကျနော်တို့က တရားမဲ့ ပြုကျင့်မှု ဥပဒေအထောက်အထားတွေ မပါတဲ့အတွက် ကန့်ကွက်လွှာ ပြန်ပြင်ခွင့် အမိန့်ချလိုက်တာ” ဟု ဒေါက်တာမြတ်ဉာဏစိုး၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။

လာမည့် မေလ ၉ ရက်မှ ၁၂ ရက်နေ့အထိ ရုံးချိန်းပေးလိုက်ရာ ထိုရက်များတွင် ကြံ့ဖွံ့ပါတီမှ သက်သေများကို စစ်ဆေးသွားမည်ဖြစ်သည်။

ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ရှုံးနိမ့်သူ NDF ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ကြံ့ဖွံ့ပါတီမှ လက်ရှိ သမဝါယမဝန်ကြီး ဦးအုန်းမြင့်သည် မဲမသမာမှု ပြုခဲ့သည်ဟူသော စွပ်စွဲထားသည်ကိုလည်း လာမည့် မေလ ၃ဝ နှင့် ၃၁ ရက်နေ့များသို့ ချိန်းဆိုလိုက်သည်။

လွှတ်တော်တက် အမတ်များတွင် တရားမဲ့ ပြုကျင့်မှု ပေါ်ပေါက်ပါက လွှတ်တော်မှ နုတ်ထွက်ရမည်ဖြစ်ပြီး၊ ကြားဖြတ် ရွေးကောက်ပွဲများ ရှိလာနိုင်သဖြင့် မဲမသမာမှု အမှုများကို အမြန်ဆုံး စစ်ဆေးဖွယ်ရှိကြောင်း ဦးမြင့်သွင်က ခန့်မှန်းပြောဆိုသည်။

မြေကျင်း တူးရသူ အမျိုးသမီးနှစ်ဦး ILO ကို တိုင်

ကျော်ခ

ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီး ၂ ဦးက ၎င်းတို့ကို မြေကျင်းပေါင်း ၃ဝ တူးခိုင်းသည့် ကျေးရွာအုပ်ချုပ်ရေး အတွင်းရေးမှူးကို အဓမ္မလုပ်အားပေးစေခိုင်းမှုဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ထံ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက တိုင်ကြားခဲ့ကြသည်။

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သုံးခွမြို့နယ် သဲကုန်းတူးမြောင်းကျေးရွာသူ ဒေါ်မြင့်သန်းနှင့် တနှစ်ကျော်ကြာ ကွာရှင်းပြီး ခင်ပွန်းဟောင်းတို့ အချင်းများသည်ကို ဆူပူမှုဟုဆိုကာ ဒဏ်ပေးသည့်အနေဖြင့် ကျေးရွာအုပ်ချုပ်ရေး အတွင်းရေးမှူးဖြစ်သူ ဦးလှရီက အနက် ၁ ပေ၊ အကျယ် ၁ဝ ပေ ကျယ်ဝန်းသော မြေကျင်းများ တူးခိုင်းခဲ့သည်။

ခင်ပွန်းဖြစ်သူကို အရေးယူအပြစ်မပေးသော်လည်း ထိုအခင်းဖြစ်ပွားစဉ်အတွင်း ဒေါ်မြင့်သန်း၏ ညီမဖြစ်သူ ဒေါ်ဝင်းက အမဘက်မှ ဝိုင်းဝန်းကူညီပြောဆိုခဲ့သဖြင့် မြေကျင်းတူးရာတွင် ပူးတွဲဒဏ်ပေးခံခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီးများနှင့် မမျှတသည့် အဆိုပါ ပြစ်ဒဏ်ပေးခြင်းကို မခံနိုင်သဖြင့် ယခုကဲ့သို့ တိုင်တန်းခြင်းဖြစ်သည်ဟု အသက် ၅၃ နှစ်အရွယ် ဒေါ်မြင့်သန်းက မဇ္ဈိမကို ပြောသည်။

“စစခြင်း ကျမတို့ကို မြေကျင်း ၅ဝ ကို ကိုယ်တိုင်တူးခိုင်းပါတယ်။ ကျမတို့က မိန်းမသားလည်း ဖြစ်တယ်၊ သက်အရွယ်အရလည်း မလုပ်နိုင်တဲ့အကြောင်း ပြောပြတော့ ရွာထဲက လူကြီးတွေကလည်း ဝိုင်းအသနားခံတယ်။ အဲဒါနဲ့ ၃ဝ ပဲ တူးခိုင်းတယ်။ ကျမတို့က မတူးနိုင်တော့ လူငှားပြီး ၃ ရက်ထဲ အပြီးတူးပေးရတယ်” ဟု သူက ဆိုသည်။

မြေကျင်းတူးခအဖြစ် တကျင်းလျှင် ၁၅ဝဝ ကျပ်ဖြင့် လူငှားတူးခဲ့ရပြီး အဆိုပါ လုပ်အားခများကိုလည်း ကျပ် ၁ဝဝ ကို ၁၅ ကျပ်တိုးဖြင့် ချေးငှား၍ တူးခဲ့ရကာ ယခုတိုင် အကြွေးမကျေသေးဟု ဆိုသည်။ ဒေါ်မြင့်သန်းသည် ထမင်းဟင်းချက်ပြုတ် ရောင်းချသူဖြစ်ပြီး၊ ခင်ပွန်းနှင့် ကွဲကွာခဲ့စဉ်က ကလေး ၄ ယောက်ကျန်ခဲ့ကာ ယခုအခါ ညီမဖြစ်သူ ဒေါ်ခင်ဝင်းနှင့်အတူ နေထိုင်ကြသည်။

အခင်းဖြစ်စဉ်မှာ တနှစ်ခန့် ရှိခဲ့ပြီဖြစ်သော်လည်း ကာယကံရှင်ဖြစ်သူများမှာ တရားဥပဒေအရ ဖြေရှင်းပေးနိုင်ရန် သုံးခွမြို့ပေါ်ရှိ မြို့နယ် မယက (ယခု အုပ်ချုပ်ရေးမှူးရုံး) နှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာရုံးသို့ သွားရောက် တိုင်တန်းခဲ့သော်လည်း အရေးယူခြင်း မရှိခဲ့ပေ။

သုံးခွမြို့ပေါ်ရှိ အမျိုးသမီးရေးရာရုံးသို့ သွားရောက်တိုင်တန်းရာတွင် ကျေးရွာဥက္ကဋ္ဌက လုပ်အားပေးစေခိုင်းခြင်းသာ ဖြစ်သဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်ပေး၍ မရကြောင်း ပြောဆိုသလို မယကရုံး တာဝန်ရှိသူများကလည်း ခြိမ်းခြောက်မှုများ ပြုလုပ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်များ၏ အကူအညီဖြင့် ယခုကဲ့သို့ ILO ထံသို့ တိုင်ကြားနိုင်ခဲ့ကြောင်း ဒေါ်မြင့်သန်းက ပြောပြသည်။

ယင်းဖြစ်စဉ်တွင် လိုက်လံကူညီပေးနေသည့် သုံးခွမြို့နယ် NLD လူငယ် ကိုရင်အေးက “ဒီအမျိုးသမီးတွေက တခုလပ်၊ မုဆိုးမတွေ။ သူတို့က မကျေနပ်လို့သာ ဇွဲရှိရှိနဲ့ တိုင်နေတာ။ စီးပွားရေးကလည်း အဆင်ပြေတာမဟုတ်ဘူး။ သူတို့အနေနဲ့ အကူအညီတောင်းလာတဲ့အပေါ်မှာ ကျနော်တို့ရုံးချုပ်က ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်မြင့်သန်းနှင့် ဒေါ်ဝင်းတို့ ၂ ဦး၏ တိုင်ကြားချက်များကို ရန်ကုန်မြို့ပေါ်ရှိ ILO ရုံးအနေဖြင့် ရရှိထားပြီးဖြစ်ကာ၊ စိစစ်နေဆဲဖြစ်ကြောင်း ထိုရုံး၏ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“ဒီကိစ္စမှာ ကျနော်တို့ သိရသလောက်တော့ အတွင်းရေးမှူးက လုပ်ပိုင်ခွင့်အာဏာထက် ပိုပြီး လုပ်ထားတဲ့ သဘောပါ။ ဒီအတွက် ကျနော်တို့ဘက်က ဒီကိစ္စကို ဆက်ပြီး လုပ်ဆောင်ပေးသွားမှာပါ” ဟု သူက ဆိုသည်။

ILO အနေဖြင့် မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ကိစ္စများ တိုင်ကြားရေးအတွက် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် နားလည်မှုစာချွန်လွှာကို ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာအစိုးရနှင့် နေပြည်တော်၌ နောက်ထပ် တနှစ်သက်တမ်းတိုးခဲ့သည်။

စာချွန်လွှာထဲတွင် အတင်းအဓမ္မ ခိုင်းစေမှုကို ဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စအဖြစ် သတ်မှတ်ကာ အကယ်၍ ယခင်က ဥပဒေများသည် အတင်းအဓမ္မ ခိုင်းစေမှုကို အားပေးသလို ဖြစ်နေပါက ထိုဥပဒေများအား ပြင်ဆင်ရန်နှင့် ရုပ်သိမ်းရန်၊ ပုံစံအမျိုးမျိုးဖြင့် ရှိနေသည့် အဓမ္မ လုပ်အားပေး ပပျောက်စေရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျူးလွန်သူများကို အရေးယူသည့် ဥပဒေ အပါအဝင် အဓမ္မခိုင်းစေမှု တိုက်ဖျက်ရေး ဥပဒေများ အသုံးချမှုနှင့် လိုက်နာမှုများ မြင့်တက်လာစေရေး ဆောင်ရွက်ရန်တို့ ဖြစ်သည်။

သို့သော် ၂ဝဝ၅ ခုနှစ်တွင် ကျော်ကြားသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးများကို ယခုကဲ့သို့ တိုင်တန်းခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်ကြိမ်းဝါးသည်ဟူသည့် စွပ်စွဲချက်ဖြင့် အာဏာပိုင်များက ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။

ပိတောက်ခင်းလမ်းထက် လှမ်းကာတက်ခဲ့

ခင်မမ

မြန်မာသင်္ကြန် နှစ်ဦးအခါမှာ ပွင့်လန်းလေ့ရှိတဲ့ ပန်းပိတောက်ရွှေဝါတွေ ဒီတနှစ်တော့ ရွှေစိတ်တော်ကောက် နောက်ကျနေခဲ့လေရဲ့။ ဒါပေမဲ့လည်း မနေ့တုန်းက မိုးလေး တဖြိုက်နှစ်ဖြိုက်ကျလို့ ဒီကနေ့မှာဖြင့် ပန်းရွှေဝါတွေဟာ ရန်ကုန်မြို့တခွင်လုံး ဆင်ကာမြန်းကာ၊ ပွင့်ကာလန်းကာနဲ့ နေရာယူလာခဲ့ပါပြီ။

ပိတောက်ပွင့်ရက်ကို ဒီနှစ် မြန်မာနှစ်ကူးရဲ့ နေ့သစ်နေ့အဖြစ် ဝမ်းသာအယ်လဲ ကြိုဆိုသူတွေ ရန်ကုန်မှာ ရှိပါတယ်။ ပိတောက်ရနံ့တွေ ဖုံးလွှမ်းနေတဲ့ နေ့ကောင်းရက်မြတ်လေးအဖြစ်။

“မနက် အိပ်ရာနိုးနိုးချင်း တံခါးဖွင့်လိုက်တော့ ပိတောက်ပန်းနံ့က မွှေးနေတာနဲ့ ပိတောက်တွေ ပွင့်ပြီဆိုတာ သိတယ်။ ရုံးလာတဲ့လမ်းမှာ လူတွေလက်ထဲ၊ ခြင်းတွေထဲမှာ ပိတောက်ပန်းတွေ တွေ့တယ်။ ကားတွေထဲမှာလည်း တွေ့တယ်။ တချို့က ပိတောက်ပန်းခိုင်ကြီးတွေ ပိုက်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ဒီနေ့မှ တမြို့လုံး ပိတောက်တွေချည်းပဲ’’

ရန်ကုန်မြို့ခံ လူလတ်ပိုင်းအရွယ် အမျိုးသမီးတဦးက အားရဝမ်းသာ ပြောလာတာပါ။ ရှားရှားပါးပါး ပန်းမကြိုက်တဲ့ သူ့ခေါင်းထက်မှာလည်း ပိတောက်ပန်းပါပဲတဲ့။

“ညီမက ပန်းပွင့်တာကိုကြည့်ပြီး စိတ်ထဲ အရမ်းကြည်နူးတယ်။ အိမ်မှာ ပန်းအိုးထားရတာလည်း သဘောကျတယ်။ ပန်းပန်တာ လုံးဝ ဝါသနာမပါဘူး။ ဒါပေမဲ့ ပိတောက်က တနှစ်မှ တခါပွင့်တာလေ။ ပြီးတော့ သူ့အနံ့ကို အရမ်းကြိုက်တာရော၊ သူ့အရောင်ကို ကြိုက်တာရောကြောင့် ပန်လိုက်တယ်’’

ဈေးဆိုင်တွေ၊ ကားတွေနဲ့ အနှေးယာဉ်တွေမှာ ဝံ့ကာကြွားကာ၊ အမျိုးသမီးတွေ ဆံကေသာထက်မှာ တခဲနက် နေရာယူလို့ပေါ့။

မြေသင်းနံ့နဲ့ ပိတောက်ပန်းရနံ့ လွှမ်းခြုံနေတဲ့ ရန်ကုန်ရဲ့ ဒီကနေ့မနက်ဟာ တိမ်ထူထူ မင်းမူပြီး၊ မိုးဖွဲလေးပါ ကွက်ကျားရွာနေလို့ မြို့ခံတွေအတွက် လောကဓာတ်တခွင် ကြည်လင်ရှင်းသန့်နေပါတယ်။

ပိတောက်ဟာ မြန်မာ့သင်္ကြန်ပွဲတော်မှာ ပွဲဝင်ပန်းအဖြစ် နှစ်ပေါင်းများစွာ ရှင်သန်ဖြတ်သန်းလာတဲ့ ယဉ်ကျေးမှု ပြယုဂ်လို့ဆိုရင် မမှားပါဘူး။ ၁၂ လရာသီ ပွဲတော်တွေမှာ ဦးဆုံးဖြစ်တဲ့ သင်္ကြန်ကာလ မြန်မာနှစ်သစ်ကူး အခါသမယဟာဖြင့် မပါရင် မပြီး၊ မရှိရင် မပြည့်စုံသူကတော့ ပိတောက်ပါပဲ။

သင်္ကြန်မိုးဖွဲလေးကျအပြီး ပွင့်လေ့ပွင့်ထရှိတဲ့ သင်္ကြန်ပန်း ခေါ် ပိတောက်ပန်းဟာ လွန်ခဲ့တဲ့ ၁ဝ စုနှစ် တခုနီးပါးမှာ တဖြည်းဖြည်း အရောက်နောက်ကျလာခဲ့ပါတယ်။ ခေတ်ရဲ့ အတတ်ပညာဖြစ်တဲ့ လက်မှုထည် စက္ကူပိတောက်ပန်းတွေနဲ့ပဲ သင်္ကြန်ပွဲတွေကို ရန်ကုန်သူ ရန်ကုန်သားတွေဟာ ဖြတ်သန်းခဲ့ရတာပါ။ တကယ့်ကို ပိတောက်ရနံ့ကင်း၊ ပင်ယံကိုင်းထက် ရွှေရောင်အဆင်း ကင်းကင်းနဲ့ပဲပေါ့။

သင်္ကြန်မိုးဟာ တခါတရံ သင်္ကြန်မတိုင်ခင် ရွာသွန်းပေးရင်း ပိတောက်ကို ကြိုခေါ်တာမျိုးတွေ၊ လနဲ့ချီ နောက်ကျပြီးမှ ကမ်းလင့်တာမျိုးတွေ ရှိတတ်ပါတယ်။ လူတွေပါးစပ်ဖျား အပြောများလာတာကတော့ ’’ပိတောက်တွေ သစ္စာမရှိတော့ဘူး’’ တဲ့။ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုချင်သူတွေက ''တယောက်ဆို တယောက်၊ ပိတောက်ဆို ပိတောက်''၊ ''ပိတောက်က သစ္စာရှိတယ်၊ သင်္ကြန်မှ ပွင့်တယ်'' ဆိုတာတွေကလည်း ဒဏ္ဍာရီဆန်ဆန် ဖြစ်သွားဟန်လိုနဲ့ပဲ အားမလိုအားမရ ခံစားခဲ့ကြရတာ။

မြန်မာသာမက ကမ္ဘာကြီးပါ လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်း အပြင်းအထန် အားမာန်တင်းကာ အပြောင်းအလဲကြီးတွေ ပြောင်းခဲ့ရတာကိုး။ နိုင်ငံရေး၊ လူမှုရေး၊ ရာသီဥတုနဲ့ လူတွေရဲ့ စိတ်သန္တာန်၊ စရိုက်ဟန်တွေက သဘာဝကျကျ ပြောင်းလဲဖြစ်တည်နေရသမို့ ပိတောက်လည်းပဲ တာရှည်မခံ မလွန်ဆန်နိုင်တော့ပြီပဲလား။

ရန်ကုန်ကို အဝင်အရောက်နောက်ကျတာဖြင့် ကမ္ဘာကြီး ပူနွေးလာတာကြောင့်လား၊ ရန်ကုန်က ကားဟောင်းတွေ၊ မီးစက်တွေ၊ အဲယားကွန်းတွေကနေ ဖိတ်အန်လွှင့်မှန်လာတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ်တွေကြောင့်လား။ ဒါမှမဟုတ် ပိတောက်ကိုယ်တိုင်ပဲ သစ္စာမဲ့သွားသလား၊ ပိတောက်ကို သစ္စာပျက်အောင် သဘာဝမိခင်ကြီးကပဲ သိမ်းသွင်းလိုက်သလားလည်း မပြောတတ်။ ဘယ်သူ့ကို ယိုးမယ်ဖွဲ့ရတော့မှာလဲ။

ဘယ်လိုပဲ ရှိပါစေ၊ ပန်းပိတောက်တွေဟာ ရန်ကုန်သားတွေရဲ့ စိတ်အာရုံထဲ ခါတော်မီအရောက် ပေါက်ချလာခဲ့ပါပြီ။

ပိတောက်ကို မျှော်နေသူတွေ ပျော်ကြ၊ ချစ်ခင်သူတွေ ရွှင်ပြနေရပါပြီ။

တကယ်ပဲ ပွင့်လာပြီမို့ ရန်ကုန်လမ်းတွေပေါ်မှာ ပိတောက်တွေ ကျဲပြန့်နေတာဖြင့် ခဏတဖြုတ်ဖြစ်ဖြစ် တည်ရှိနေပါပြီ။ ရန်ကုန်မြေဟာ ပိတောက်လွှမ်းနေပါပြီ။

ပိတောက်ခင်းပေးတဲ့ လမ်းအထက် အားယူတက်ရင်း၊ ပိတောက်နံ့ကို ခဏတာ ရှူကာရှိုက်ကာဖြင့် အာရုံနောက်စရာတွေကို နောက်မှာချန်၊ မေ့ဟန်ပြုလိုက်ဦးစို့ရဲ့။

ယနေ့ မြန်မာ့ရေးရာ သတင်းများ April,29th,2011

( 28 )နေပြည်တော် ၀က်ရောင်းဝယ်သူများ တိမွေးကု ထောက်ခံစာယူရန်လို

( 27 )Burma, Bangladesh agree to improve military cooperation

( 26 )ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအရေး ကုလ ဆွေးနွေးမည်

( 25 )ဓာတ်ငွေ့သယ် ရထားလမ်းအတွက် မြန်မာ-တရုတ် လက်မှတ်ထိုး

( 24 )ရေအောက်စံ ဘုရားသုံးဆူ စေတီဟောင်း ပြန်ပေါ်

( 23 )အနှစ် ၄၀ အတွင်း မွန်အမျိုးသားဝတ်စုံ ဝတ်ဆင်သူ အလွန်များပြား

( 22 )မြန်မာ့အရေး တိဘက်အစိုးရသစ် ဆက်လက်ထောက်ခံ

( 21 )Myanmar, China agree to build rail link to seaport

( 20 )ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အမျိုးသမီးအဖွဲ့ ဂုဏ်ပြု

( 19 )အီးယူ အထွေထွေသက်သာခွင့် ပြန်ရရေး ၁၁ ပါတီ တောင်းဆို

( 18 )မြန်မာ့ ဒီမိုကရေစီရေးထောက်ကူမည့် ဆုံးဖြတ်ချက်မျိုး အီးယူ ချမှတ်စေလို

( 17 )Manipur rebels ‘leaving Chin state’

( 16 )အမေရိကန်နိုင်ငံခြားရေးဌာန ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်

( 15 )Fishery owners protest Thai arrests

( 14 )လူထု အခြေပြု သဘာဝဘေးဒဏ် စီမံခန့်ခွဲမှု တာလေမြို့နယ်မှာ ပြုလုပ်

( 13 )Presidential ‘advisors’ raise eyebrows

( 12 )လွှတ်တော်၏လုပ်ပိုင်ခွင့်ချဲ့ထွင်ဖို့ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြောကြား

( 11 )Authorities issue petition warning

( 10 )ပဲခူးတိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု စတင်

( 9 )Myanmar president enlists confidante of opposition leader Suu Kyi as adviser

( 8 )မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ကင်းမဲ့

( 7 )Pinoy GMs trounce Yangon-Myanmar

( 6 )မြန်မာကို ကုန်သွယ်မှု သက်ညှာခွင့် ပြန်ပေးဖို့ ပါတီတွေ တိုက်တွန်း

( 5 )Burma govt advisor ‘relying on Suu Kyi’

( 4 )မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေး ဗြိတိန် ကူညီဆောင်ရွက်မည်

( 3 )China and India Warm to Burma

( 2 )သမ္မတမိန့်ခွန်း အကောင်အထည်ဖော်ဖို့ တိုင်းရင်းသား ၅ ပါတီ တောင်းဆို

( 1 )Corruption in Burma, Part V: Applying for a passport

Thursday, April 28, 2011

လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရန် ၅ ပါတီ တိုက်တွန်း

ကိုဝိုင်း | ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁

သမ္မတသစ် ဦးသိန်းစိန်အနေဖြင့် အမျိုးသား ချစ်ကြည်စည်းလုံးရေးကို ရှေးရှုလျက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တရပ် အမြန်ကြေညာပေးသင့်ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ၅ ပါတီက ရန်ကုန်၌ နှစ်ရက်ကြာ အစည်းအဝေးအပြီး ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီ ပါဝင်သည့် ညီနောင် ၅ ပါတီ Brotherhood Forum ဟုခေါ်သည့် ပါတီအစုအဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။

“ကျနော်တို့ကတော့ General Amnesty ပေါ့ဗျာ။ ကျနော်လည်း ၁၉၈ဝ General Amnesty နဲ့ ထောင်ထဲက လွတ်လာတဲ့ ကျောင်းသားလူငယ်ပါ။ General Amnesty ဆိုတာ ယေဘုယျတော့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအားဖြင့် အကျဉ်းကျတဲ့လူတွေ အကုန်လုံးပါတယ်ခင်ဗျ” ဟု အစည်းအဝေးတက်သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက မဇ္ဈိမကို ပြောသည်။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးထုတ်ပြန်သင့်သည့်ယူဆချက်အပါအဝင် ကြေညာချက် ၅ ချက်ကို တင်ပြခြင်းသာ ဖြစ်သည်။

“ဒီမိုကရေစီအစိုးရသစ်၏ မင်္ဂလာအခါသမယတွင် နိုင်ငံအသီးသီး ထုံးတမ်းစဉ်လာနှင့်အညီ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အမျိုးသားချစ်ကြည်စည်းလုံးရေးကို ရှေးရှုလျက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တရပ်ကို အမြန်ဆုံး ထုတ်ပြန်ကြေညာပေးသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်” ဟု ကြေညာချက်က ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၅၇ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁၆ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၃၅ ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ၉ ဦးနှင့် ချင်းအမျိုးသားပါတီ ၁ဝ ဦး အနိုင်ရရှိထားသဖြင့် စုစုပေါင်း အမတ်ဦးရေ ၁၂၇ ဦး အင်အားရှိသည့် ပါတီအစုအဖွဲ့ဖြစ်သည်။ လွှတ်တော် ၃ ရပ် စုစုပေါင်း အမတ်ဦးရေမှာမူ ၁၁၅၄ ဦး ဖြစ်သည်။

၎င်းတို့ ၅ ပါတီက နိုင်ငံရေးအကျဉ်းသားများရှိနေသည်ဟု ယူဆသော်လည်း မြန်မာအစိုးရအဆက်ဆက်ကမူ နိုင်ငံရေးအကျဉ်းသား မရှိဘဲ “တည်ဆဲဥပဒေ” ချိုးဖောက်သူများသာ ဖြစ်သည်ဟု ငြင်းဆိုလေ့ရှိသည်။ နိုင်ငံတကာနှင့် အတိုက်အခံများကမူ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိသည်ဟု ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

အထွထွေလွတ်ငြိမ်းသာခွင့် ကြေညာပိုင်ခွင့်ကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက သမ္မတနှင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့ကို ပေးအပ်ထားသည်။

ကြေညာချက်များထဲ၌ ပြည်နယ်များတွင် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေးကို ပြီးပြည့်စုံသည်အထိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ လျော့ပါးနေသည်ကို ဦးစားပေး ဖြေရှင်းရန်တို့ကိုပါ အစိုးရအသစ်ထံ တိုက်တွန်းသည်။

လွတ်လပ်ရေးရချိန်မှစ၍ ပြည်တွင်းစစ်နှင့် တပါတီအာဏာရှင်စနစ်တို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေရသည့် တိုင်းရင်းသား ဒေသများအတွက် အကူအညီများပေးကြရန်လည်း နိုင်ငံတကာသို့ တောင်းဆိုထားသည်။

ညီနောင် ၅ ပါတီနှင့် တိုင်းရင်းသားပါတီမဟုတ်သော အခြားပါတီ ၆ ပါတီ ပါဝင်သည့် “ဒီမိုကရေစီ မိတ်ဆွေပါတီများ” အစုအဖွဲ့ကလည်း “နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် ပြည်ပရောက် နိုင်ငံရေး သဘောထားကွဲသူများ” အားလုံးအကျုံးဝင်စေမည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာရန်၊ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ပါဝင်သက်ဆိုင်သူအားလုံး တက်ရောက်နိုင်မည့် ပြည်ထောင်စု ညီလာခံတရပ် ကျင်းပပေးရန် အစိုးရအသစ်ကို ယခုလဆန်းက တိုက်တွန်းထားသည်။

သမ္မသစ်ဦးသိန်းစိန်ကမူ သူ၏ ပထမဆုံးမိန့်ခွန်းအတွင်း၌ သဘောထား မတူသူများအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခံရမည်ဖြစ်ပြီး ရွေးကောက်ပွဲနည်းဖြင့်သာ နိုင်ငံရေးအာဏာ ရယူမည်ဟု ဆိုထားသည်။

အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတဦးသိန်းစိန်က ပြည်နယ်နှင့် တိုင်းများတွင် အထူးစီမံကိန်းများကို အကောင်အထည်ဖော်ရမည်ဟု ဧပြီလ ၂၂ ရက်နေ့ အဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သို့သော် ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စများနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စများကိုမူ ယနေ့အထိ ပြောဆိုခြင်း မရှိသေးပေ။

နယ်စပ်အခြေစိုက် အတိုက်အခံများ ထိုင်း နှိမ်နင်းဖွယ်ရှိ

ဧရာဝတီ Thursday, 28 April 2011

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ ရုံးများနှင့် လူနေအိမ်များကို ထိုင်း ရဲတပ်ဖွဲ့က မကြာမီ ၀င်ရောက် ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည်ဟု ကရင်ပြည်နယ် မြ၀တီခရိုင် ရဲ တပ်ဖွဲ့နှင့်နီးစပ်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တွင် ယမန်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲချုပ်ဦးဆောင်သည့်အဖွဲ့နှင့် မြ၀တီခရိုင် ရဲမှူး ဦးဆောင် သောအဖွဲ့တို့ ပြုလုပ်သည့် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲမှုခင်းတိုက်ဖျက်ရေး စည်းဝေးပွဲတွင် ယင်းသို့ မြန်မာ အတိုက် အခံများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကမြ၀တီမှာ ထိုင်းနဲ့မြန်မာရဲတွေ အထူးစည်းဝေးပွဲလုပ်ကြတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နယ်စပ်ရေးရာနဲ့ မဲဆောက်မှာရှိနေတဲ့ မြန်မာ အတိုက်အခံအဖွဲ့တွေကို ထိုင်းဘက်ကအရေးယူပေးဖို့ ကိစ္စတွေ ပါတယ်၊ မြန်မာရဲဘက်က ထိုင်းရဲကိုပေးတဲ့ သက်သေခံအထောက်အထားတွေထဲမှာ မြန်မာအတိုက်အခံတွေရဲ့ရုံး တွေနဲ့ လူနေအိမ်တွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ဓာတ်ပုံအထောက်အထားတွေနဲ့ ပေးလိုက်တယ်”ဟု အထက်ပါ အစိုးရ ၀န်ထမ်းက ပြောသည်။

မြန်မာဘက်က အဓိကဆွေးနွေးသည့်အချက်တွင် မြ၀တီခရိုင်အတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများသည် ထိုင်းဘက်တွင်အခြေစိုက်သည့် မြန်မာအတိုက်အခံအဖွဲ့များက ပြုလုပ်နေခြင်းဖြစ်သည့်အတွက် ထိုင်းဘက်မှအမြန်ဆုံး အရေးယူမှုများပြုလုပ်ပေးရန်ပါရှိသည်ဟု သိရသည်။

ယမန်နေ့ကပြုလုပ်သည့် ထိုအထူးစည်းဝေးပွဲသို့ ထိုင်းနိုင်ငံတာ့ခ်ခရိုင်ရဲမှူးကြီး Pol. Maj.Gen Chamlong Nomsian နှင့် အတူ ခရိုင်အဆင့် အကောက်ခွန်ဌာန၊ ထိုင်းလ၀က၊ ကာကွယ်ရေးဌာန၊ နယ်ခြားကော်မတီ စသည့်အဖွဲ့များမှ အဆင့်မြင့် အရာရှိများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာဘက်မှ မြ၀တီခရိုင် ရဲမှူး ဒုရဲမှူးကြီး ခင်ကျော်၊ ရဲမှူး လေးစိုး(ဦးစီး)၊ ရဲမှူး လင်းဦး(သတင်းတပ်ဖွဲ့)၊ ဒုရဲမှူး အောင်ငွေ၊ ဒုရဲမှူး ကြီးရွှေ(လူကုန်ကူး-အထူး)၊ ဒုရဲမှူး စောလေးဝါး(မူးယစ် အထူး)၊ ရဲအုပ်သိန်းလွင်(မူးယစ်အထူး-BLO)၊ ရဲအုပ် အောင် မျိုးလွင် နှင့် ဒုရဲအုပ် ဆွေလတ် တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးမှ နှစ်နိုင်ငံ တာဝန်ရှိသူများ သဘောတူညီချက်အရ မကြာမီ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ နှင့် မြ၀တီခရိုင်အတွင်း ရာဇ၀တ်မှုနှိမ်နှင်းရေးဆိုင်ရာ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လာနိုင်သည်ဟု မဲဆောက်ရှိဝါရင့် ထိုင်း သတင်းထောက် တဦးက ပြောဆိုသည်။

ထိုင်း၌ မြန်မာ အလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ

ဧရာဝတီ Thursday, 28 April 2011

ထိုင်းနိုင်ငံ မြောက်ပိုင်း ဖဲ့ချဘွန်း (Phechabun) ခရိုင် Bueng Samphan မြို့နယ်တွင်ရှိသော Saha Farms ကြက်သား စက်ရုံ ကုမ္ပဏီမှ လုံခြုံရေး အစောင့်အကျပ်များနှင့် မြန်မာ အလုပ်သားများ ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီခန့်က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီးတွင် မြန်မာအလုပ်သမားများ ဂစ်တာတီး နေစဉ် လုံခြုံရေး အစောင့်အကျပ်များက လာရောက် ပြောဆိုရာကနေ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများက ယင်းစက်ရုံကို ထိန်းချုပ်ထားပြီး လုံခြုံရေး အစောင့်အကျပ်တဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးထားကြောင်း၊ ဆက်လက်တင်းမာနေပြီး ယင်း လုံခြုံရေး အစောင့်အကျပ်ကိုလည်း ယခုအထိ ပြန်မလွှတ်သေးကြောင်း ယနေ့ထုတ် The Nation သတင်းစာ၌ ရေးသားထားသည်။

မြန်မာ အလုပ်သမားများက အလုပ်သမား ရုံးခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ မဖြေရှင်းပေးသည့် အတွက် ပြဿနာ ကြီးထွားခဲ့ ကြောင်း အလုပ်သမား ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

“ဖြေရှင်ပေးဖို့ ပြောတော့ အလုပ်သမား ရုံးခန်းက လူကြီးက မဖြေရှင်းပေးနိုင်ဘူး မိုးလင်းမှ ဖြေရှင်းပေးမယ် ပြောလို့ အလုပ်သမား တွေက မကျေမနပ်ဖြစ်ပြီး ၀ုန်းဒိုင်း ကြဲကြတယ်၊ လုံခြုံရေးတွေ စီးတဲ့ ကားတွေကို ဖျက်ဆီးပစ်ကြတယ်၊ ကားလေး ငါးစီးလောက်ပါ တယ်၊ ဆိုင်ကယ်လည်း သုံးလေး စီးလောက်ပါတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားတွေ အဆိုအရ အသက် ၂၀ အရွယ်ရှိ ကိုမင်းမင်းကို လုံခြုံရေး အစောင့်အကျပ်များက ၀ိုက်ရိုက်လိုက်သဖြင့် နားထင် နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

ယနေ့တွင် ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးဌာန(လ၀က)မှ တာဝန်ရှိများ ပူးပေါင်းထားသော အင်အား ၁၀၀ ခန့်က အလုပ်သမားများကို ၀င်ရောက် ဖမ်းဆီးမည့် အနေအထား တွေ့ရကြောင်း အလုပ်သမားများက ပြောသည်။

မြန်မာ အလုပ်အမားများကို အလုပ်ပိုင်ရှင် သူဌေးက ဆွေးနွေး ညှိနှိုင်းခဲ့ပြီး တချို့တောင်းဆိုချက်များကိုလည်း လိုက်လျောပေးခဲ့ကြောင်း သိရသည်။

အလုပ်ပိုင်ရှင် သူဌေးအနေဖြင့် အလုပ်သမားများအား ရိုက်နက် အနိုင်ကျင့်သော အစောင့်အကျပ်များကို ထိုက်တန်သည့် အပြစ် ပေးမည်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကိုမင်းမင်းကိုလည်း ဆေးဝါး ကုသစရိတ် တာဝန်ယူပေးမည်ဖြစ်ကြောင်း မြန်မာ အလုပ် သမား ကိုရဲက ပြောသည်။

ယင်း အလုပ်ရုံတွင် အလုပ်လုပ်နေသူများသည် မြန်မာနှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြပြီး တရားဝင် အလုပ်လုပ်သမား လက်မှတ် မရှိသူများကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား တသန်းသုံးသိန်းခန့်ရှိကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူနှင့် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၂ သန်းခွဲမှ ၄ သန်း အတွင်း ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုသည်။

ဈေးစည်ပင်ကြောင့် သီရိမင်္ဂလာဈေးသစ် ဆိုင်ခန်းရှင်များ အခက်ကြုံ

ယုယမိုး Thursday, 28 April 2011

ရန်ကုန် သီရိမင်္ဂလာဈေးကြီး၏ ဈေးသူဈေးသားများ၊ ဆိုင်ခန်း ပိုင်ရှင်များသည် ဈေးများဌာန စည်ပင်သာယာရေး ကော်မတီ၏ မတရား အခွန်ကောက်ခံမှု၊ အဂတိလိုက်စားမှု များကြောင့် အခက်အခဲများ ရင်ဆိုင်နေရသည်ဟု သိရသည်။

ရန်ကုန်မြို့၏ အကြီးဆုံး ကုန်စိမ်းဈေးကြီးဖြစ်သည့် သီရိမင်္ဂလာဈေးကြီးကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ ကတည်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများမှာ ယခုအထိ မပြီးစီး သေးကြောင်း၊ ဆောက်လုပ်ရေး ကုန်ကျစရိတ်များကိုလည်း ဈေးဟောင်းမှပြောင်းရွှေ့ ရောင်းချလာသူ ဈေးသူဈေးသား များထံမှ ကောက်ခံ နေကြောင်း၊ ထို့အပြင် ဈေးစည်ပင်သာယာရေးမှ တာဝန်ယူ ကုန်ကျခံရမည့် ဈေးလုံခြုံရေး လမ်း လျှပ်စစ်မီတာခ များအား ဆိုင်ခန်း အကျယ်အ၀န်းကို လိုက်ကာ ပေးဆောင်ရမည်ဟု ဈေးစည်ပင်မှ ထုတ်ပြန်လိုက်ကြောင်း သီရိမင်္ဂလာဈေးတွင် ကုန်စိမ်းများ ရောင်းချနေသည့် ဦးချိုကြီးက ပြောသည်။

“ကျနော်တို့ ဈေးသစ်ကို မပြောင်းခင်ကတော့ ဈေးစည်ပင်သာယာရေး ဌာနမှူး ဦးတင်ကိုကို ကိုယ်တိုင်က တည်ဆောက် ရေးတွေ အားလုံးပြီးမှ ပြောင်းရမယ်၊ ဆိုင်ခန်းတွေကို အတိအကျ ပြန်နေရာ ချထားပေးမယ်၊ ဘာအခွန်အခမှ ထပ် မတောင်းဘူးလို့ မနှစ်က မတ်လမှာ အသေအချာ ပြောခဲ့ပါတယ်။ အခုတော့ ဆိုင်ခန်း ဆောက်လုပ်ရေးတွေ မပြီးသေးခင် ဈေးပြောင်းပေးရတဲ့အပြင်၊ ဆောက်လုပ်ဆဲ ဆိုင်ခန်းတွေရဲ့ ကုန်ကျစရိတ်တွေပါ ပေးရတယ်” ဟု သူက ဆိုသည်။

ယခုလ ၂၃ ရက်နေ့ကလည်း ဈေးလုံခြုံရေး လျှပ်စစ်မီးဖိုးများကို ကောက်ခံသွားကြောင်း၊ အစိုးရ ယူနစ်အတိုင်း ကောက်ခံပါက တဈေးလုံးအတွက် ကျပ် ၈ သောင်း ၀န်းကျင်သာ ကုန်ကျမည် ဖြစ်သော်လည်း ထိုစနစ်ဖြင့် ကောက်ခံခြင်း မဟုတ်ဘဲ ဆိုင်ခန်းအကျယ်အ၀န်းပေါ် မူတည်ပြီး ကောက်ခံသဖြင့် နစ်နာကြောင်း ၎င်းက ဆက်ပြောသည်။

“ဆိုင်ခန်းကျဉ်းရင် တခန်းကို ကျပ် ၅၀၀ နှုန်း၊ ကျယ်ရင် ၁၀၀၀ နှုန်းပေးရတယ်။ ဧပြီတလတည်းရဲ့ မီးဖိုးမဟုတ်ဘဲ ၄ လစာ မီးဖိုး ဆိုပြီး Back Date နဲ့ ပေးရမှာပါ” ဟု ဦးချိုကြီးက ဆိုသည်။

သီရိမင်္ဂလာဈေးသစ်တွင် ဆိုင်ခန်းစုစုပေါင်း ၂၀၀၀ ကျော် ရှိသဖြင့် လုံခြုံရေး မီတာခမှာ တဈေးလုံးအတွက် ကျပ် သိန်း ၁၀ ဂဏန်းချီ ပေးဆောင်နေရသည်ဟု သူက ပြောသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီက ဈေးဌာနမှူး ဦးတင်ကိုကို အား ဆက်သွယ်မေးမြန်းရာ ဖြေဆိုခြင်း မရှိပေ။

ဆိုင်ခန်းပိုင်ရှင်များသည် ဈေးစည်ပင်မှ သတ်မှတ်ပေးသော နေရာများတွင်သာ ရောင်းချရပြီး နေရာကောင်းသည့် ဆိုင်ခန်းများ အား ဈေးစည်ပင်က လေလံတင် ရောင်းစားထားမှုများလည်း ရှိကြောင်း သိရသည်။

“ကျမတို့ ဆိုင်ခန်းတွေဆို ဈေးဝင်ပေါက်နဲ့ နီးတဲ့နေရာမျိုး မဟုတ်ဘဲ ချောင်ကျတဲ့ အနောက်ဘက် နားလောက်ကို ပေးထားတယ်။ ဆိုင်ခန်းပိုင်ရှင် တော်တော်များများလည်း ကျမလိုပဲ။ ဆိုင်ခန်းနေရာ ကောင်းတွေကိုတော့ ဈေးစည်ပင်က လေလံတင် ရောင်းစားဖို့ သိမ်းထားတယ်။ ဇန်န၀ါရီ လတုန်းကတောင် ဆိုင်ခန်းတချို့ လေလံတင်သေးတယ်” ဟု ငှက်ပျောသီး ပွဲရုံပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

ဈေးသစ်တွင် ယခင် ဈေးဟောင်းကဲ့သို့ အရောင်းအ၀ယ် မကောင်းကြောင်း၊ ဈေးသစ်သို့ ပြောင်းရွှေ့ လာသည်မှာ ၄ လခန့် ရှိပြီဖြစ်သော်လည်း ပုံမှန် မဖြစ်သေးဘဲ ယခင် ၀ယ်နေကြ ဖောက်သည်များမှာ ဆိုင်ခန်းနေရာများကို မမှတ်မိသဖြင့် နီးစပ်ရာ ဆိုင်များတွင်သာ ဝယ်ယူကြသောကြောင့် နစ်နာရကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ သူက “ကုန်တင်ကုန်ချ အလုပ်သမား စရိတ်များလည်း ယရင်ထက် ၂ ဆပို ပေးနေရတယ်။ အခုလို လမ်းမီး မီတာခတွေကို ကျမတို့ ဈေးသူဈေးသားတွေကပဲ အကုန်အကျ ခံရမယ်ဆိုတော့ အခက်အခဲ တွေ့နေကြပါတယ်” ဟု ပြောသည်။

သီရိမင်္ဂလာ ဈေးသူဈေးသားများသည် ယခင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က ယာဉ်ကျောပိတ်ဆို့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် အဓမ္မ ပြောင်းရွှေ့ခိုင်းမှုကြောင့် ကြည့်မြင်တိုင်မြို့နယ် ဈေးဟောင်းနေရာမှ ယခုလှိုင်မြို့နယ် ပိတောက်ချောင်း အနီးသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသည်။

မြန်မာနှင့် စစ်ရေး ပူးတွဲ လေ့ကျင့်ရန် အိန္ဒိယ စစ်သင်္ဘောနှစ်စီး ထွက်ခွာ

နိရဉ္စရာ

မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန်အတွက် အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် ယနေ့နံနက်ပိုင်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သတင်း ရရှိသည်။

ထွက်ခွာသွားသော စစ်သင်္ဘော နှစ်စီးမှာ Vajra နှင့် Razia Sultana တို့ ဖြစ်သည်။

“ ဒီ သင်္ဘောနှစ်စီးက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှာ ၄ ရက်ကြာ စစ်ရေး ပူးတွဲ လေ့ကျင့်မူ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့ နံနက်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များသို့ ပြောသည်။

အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် မြန်မာ ရေတပ်နှင့် ဘင်္ဂလာဒေခ်ျ့တွင် ပြုလုပ်ခဲ့သော အလားတူ စစ်ရေး ပူးတွဲ လေ့ကျင့်မူကို မြန်မာ့ ပင်လယ်ပြင်တွင် ၄ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဘိန်းရာသီအတွင်း မြန်မာအစိုးရမှ ဘိန်းခွန်ကောက်ခံခဲ့

KNG

မူးယစ်ပ ပျောက် ရေး ၁၅ နှစ်စီမံကိန်းကာလ စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရသစ်သည် ပြီးခဲ့သည့် ဘိန်းစိုက်ပျိုးရာသီအတွင်း ကချင်ပြည်နယ်တွင် ဘိန်းခွန်ကောက်ခံခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်နှင့်မတူဘဲ ကချင်ပြည်နယ်တွင် အောက်တိုဘာလမှ မတ်လအတွင်းသာ တစ်နှစ်လျှင် တစ်ရာသီသာ ဘိန်းစိုက်ပျိုးသည်။

မြန်မာစစ်တပ်နှင့် အစိုးရမူးယစ်နှိမ်နင်းရေးအထူးရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ထိန်းချုပ်နယ်မြေ ၀ိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းပိုင်ရှင်များထံမှ အခွန်ကောက်ခံခဲ့သည်ဟု ဒေသခံများဆိုသည်။

ဘိန်းကို မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ပြောင်းလဲသွားသည့် အမျိုသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်း၏ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army-Kachin, NDA-K) ဒေသများတွင် အဓိက စိုက်ပျိုးသည်။

၂၀၀၉ ခုနှစ် နိုင်ဝင်ဘာလတွင် NDA-K သည် ၎င်း၏ တပ်ရင်း ၃ ရင်းကို အမှတ် (၁၀၀၁)၊ အမှတ် (၁၀၀၂) နှင့် အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

ဆက်လက်ပြီး မြန်မာစစ်အစိုးရက ၂၀၁၄ ခုနှစ်အထိ ဒေသတွင်းဘိန်းစိုက်ပျိုးခွင့်ပြုခဲ့သည်ဟု ယင်းနယ်ခြားစောင့်တပ် အရာရှိတစ်ဦးပြောသည်။

မြန်မာအစိုးရသစ် မူးယစ်စစ်ဆင်ရေးပူးပေါင်းတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်နယ်မြေထဲရောက်ရှိလာပြီး ဘိန်းခင်းပိုင်ရှင်များထံမှ အခွန်ကောက်ခံကြောင်း နယ်ခြားစောင့်တပ်အရာရှိတစ်ဦး အတည်ပြုပြောဆိုသည်။

၃ လ သို့မဟုတ် ၄ လ လျှင်တစ်ကြိမ်တပ်အလှည့်အပြောင်းတွင် နယ်ခြားစောင့်တပ်ဒေသသို့ မြန်မာစစ်တပ်များရောက်လာသည်ဟု ဆက်ဆိုသည်။

တနိုင်းမြို့နယ်၊ ရှထူးဇွပ်ရွာ နယ်မြေခံ ခလရ ၂၉၇ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်မိုးဦးဆောင်သည့် ၁၀ ကျော်သည့်တပ်ဖွဲ့က ယခုနှစ် ဧပြီလ ၁၂ နှင့် ၁၃ တွင် ဘိန်းခင်းပိုင်ရှင် မဂျီကော့ဖန်ထံမှ ကျပ်ငွေ ၅၀၀၀၀ ကောက်ခံခဲ့သည်ဟု ဒေသခံများပြောသည်။

ဝိုင်းမော် နယ်မြေခံ ခလရ ၅၈ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်တို့အား ဘိန်းခင်းပိုင်ရှင်များက လာဘ်ပေးရသည်ဟု နယ်ခြားစောင့်တပ်မှ သိရသည်။

ဘိန်းခင်းပိုင်ရှင်အများစုသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ဘိုရှန်နှင့် ထိန်ချုန်းဒေသမှ ဖြစ်သည်ဟု နယ်ခြားစောင့်တပ်ကဆိုသည်။

ထွက်ရှိသည့် ဘိန်းစိမ်းများကို တရုတ်နိုင်ငံမြို့ကြီးများသို့ အဓိကအရောင်းချပြီး အချို့ကို ရှမ်းပြည်နယ်ရှိ ဘိန်းဖြူချက်စခန်းများသို့ ဖြန့်ဖြူးသည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် မြန်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်အကူအညီဖြင့် ဘိန်းစီးပွားရေးသမားများက ဘိန်းဖြူထုတ်လုပ်နေသည်ဟု ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပြောသည်။

နယ်ခြားစောင့်တပ်ဒေသတွင် ဘိန်းစိုက်ဧက ၂၀၀၀၀ ကျော်ရှိကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မူးယစ်တိုက်ဖျက်ရေးဗဟိုကော်မတီပြောခွင့်ရ နော်ဘူပြောသည်။

နယ်ခြားစောင့်တပ်နယ်မြေနယ်စပ်တစ်လျှောက် KIO ၏ ဘိန်းခင်းဖျက်ဆီးခြင်းကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်များက ပိတ်ပင်မှုများပြုလုပ်ခဲ့သည်ဟု KIO ပြောခွင့်ရ နော်ဘူ ထပ်ဆိုသည်။

အာဏာပိုင်များ သာသနာ့နုဂ္ဂဟအသင်းဖွဲ့ပြီး ပြည်သူများကို အတင်းအဓမ္မအသင်းဝင်ခိုင်း

ရိုးမ ၃

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဧပြီလ (၉)ရက်နေ့က စတင်ပြီး ထေရဝါရ ဗုဒ္ဓသာသနာနုဂ္ဂဟအသင်းဝင်ဖို့ ကျေးရွာလူထုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် ဒေသအာဏာပိုင်များက ဖိအားပေး ခိုင်းစေနေသည်။

အာဏာပိုင်များက သာသနာ့နုဂ္ဂဟအသင်းဝင်ရန် အတင်းအကြပ်ခိုင်းစေသည့် မြို့နယ်များမှာ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်များဖြစ်ပြီး အဆိုပါ မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများကို အတင်းအကြပ် အသင်းဝင် ခိုင်းနေခြင်း ဖြစ်သည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါတယ်။ ကျေးရွာတွေမှာဆိုရင် ကျေးရွာအုပ်စု စားရေးတွေပေါ့ သူတို့က လုပ်နေတာ။ သာသနာ့ နုဂ္ဂဟအသင်းဝင်ရမယ်ပေါ့ဗျာ။ ရပ်ကွက်ဆိုရင် တရပ်ကွက်ကို (၁၅)ယောက် ကျေးရွာကြတော့ တအုပ်စုကို အယောက် (၃၀) အဲလိုမျိုး ဝင်ခိုင်းတာဗျ။ မဖြစ်မနေဝင်ရမယ်ပေါ့ဗျာ ခြိမ်းခြောက်ပြီးတော့ လုပ်နေတာ”ဟု ဒေသခံ ကျေးရွာသားတဦးက ပြောသည်။

အခုလို သာသနာ့ နုဂ္ဂဟအသင်းကိုခုတုန်းလုပ်ပြီး ဒေသအာဏာပိုင်များက အတင်းအကြပ်လူစုဆောင်းခြင်းမှာ နောင်မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးများ ရွေးသည့်အခါ အဆိုပါ သာသနာ့နုဂ္ဂဟအသင်းဝင်ထားသူများအနေဖြင့် အာဏာပိုင်များက အုပ်ချုပ်ရေးမှူး ဖြစ်စေချင်သည့်သူများကို မဲပေးရွေးချယ်နိုင်ဖို့ စီမံလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ အခုနှစ် ဖေဖေါ်ဝါရီနှင့် မတ်လအတွင်းကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဧ်။ ညွန်ကြားချက်နှင့်ဟုဆိုကာ ရန်ကုန်တိုင်းအတွင်း သက်ဆိုင်ရာမြို့နယ် ရပ်ကွက်များတွင် ရယကအဖွဲ့ဝင်များက မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်းကြီး ဖွဲ့စည်းရေးအတွက် ဝန်ထမ်းများကို အတင်းအဓမ္မအသင်းဝင်ခိုင်းခဲ့သည်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး အဆိုပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အထက်လွှတ်တော်အမတ်မှာ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေဖြစ်ပြီး မြန်မာနိုင်ငံထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်း ဥက္ကဋ္ဌလည်းဖြစ်သည်။

ယခုကြံ့ခိုင်ဖွံ့ဖြိုးရေပါတီသည် စစ်အစိုးရအာဏာပိုင်များ မူလဖွဲ့စည်းစဉ်က လူမှုရေးအသင်းပုံစံဖြစ်ပြီး ထိုစဉ်က ကျောင်းသားကျောင်းသူများနှင့် အရွယ်ရောက်ပြီးသူတိုင်းကို မတ်လုံးပေးပြီး အသင်းဝင်အဖြစ် သွတ်သွင်းခဲ့သည်။ ကြံ့ဖွံ့အသင်းဝင်ကဒ်ရရှိသူများသည် နိုင်ငံသားမှတ်ပုံတင်မပါဘဲ အစစ်အဆေးမရှိ နိုင်ငံတွင်း ခရီးသွားလာနိုင်သည်အထိ အခွင့်ထူးပေခဲ့ပြီး ထိုမှတဆင့် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ဦးစားပေးလုပ်ရန် တိုင်းရင်းသား ပါတီများ တောင်းဆို

ခင်ဦးသာ

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော တိုင်းရင်းသားပါတီ ၅ ခုသည် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူခြင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပေးခြင်း၊ သမ္မတသစ် မိန့်ခွန်းကြိုဆိုခြင်း စသည်ဖြင့် အချက် ၅ ချက်ပါသောကြေညာချက်တစောင်ကို ရန်ကုန်မြို့၌ပြုလုပ်သော ယနေ့ အစည်းအဝေးမှ ထုတ်ပြန်လိုက်သည်။

သမ္မတသစ်ဦးသိန်းစိန်၏ မိန့်ခွန်းကို ကြိုဆိုသည့်အပြင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ယုံကြည်၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

“ပြောရုံ သက်သက်မဟုတ်ဘဲ လက်တွေ့မှာ ထိရောက်အောင်လုပ်ပေးဖို့၊ နယ်စပ်ဒေသတွေကို အားသွန်ခွန်စိုက်လုပ်ပေးဖို့၊ တိုင်းနဲ့ပြည်နယ် တန်းတူဖြစ်ဖို့ ဆိုတာတွေကို ကြေညာချက်ထဲမှာ ရေးထားတယ်”ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။


ဖွံ့ဖြိုးမှု နောက်ကျနေသော နယ်စပ်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး စသည့်လူမှု အထောက်အကူပြု ကိစ္စများ၌ နိုင်ငံ တကာ အကူအညီမှုများ ပိုမိုရရှိရေး လုပ်ဆောင်ပေးနိုင်ရန်အတွက်လည်း ကြေညာချက်၌ ပါရှိသည်။

တိုင်းရင်းသားဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများ၊ ပဋိပက္ခများ၊ ပြည်တွင်းစစ်မီးများသည် လက်ရှိအချိန်ထိ တောက်လောင် နေဆဲဖြစ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အလွန်ပင်အရေးကြီးကြောင်း၊ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင် ရန် အရေးကြီးကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။

အစည်းအဝေး၌ လွှတ်တော်တွင်တင်ပြခဲ့သော အားလုံးနီးပါး ပယ်ချခံခဲ့ရသည့် အဆိုပြုချက်များ ပြန်လည်ဆွေးနွေးနိုင်ရန်နှင့် တိုင်းရင်းသား ဒေသများ၌ သက်ဆိုင်ရာ စာပေ၊ ယာဉ်ကျေးမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေး စသည့်အရေးများကို လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“လွှတ်တော်မှာ တင်သွင်းတာတွေအားလုံးက လိုအပ်တာတွေချည်းပါ၊ ဒါတွေကို ဘာကြောင့်ပယ်ချခံရတယ်ဆိုတာတော့ ကျနော်တို့လည်း နားမလည်ဘူး”ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ခေါ် ကျားဖြူပါတီ ၏ လွှတ်တော် ကိုယ်စား လှယ် တဦးက ပြောသည်။

သမ္မတသစ်ဦးသိန်းစိန်က နိုင်ငံအတွင်းရှိ ရေခြားမြေခြားဖြစ်နေသည့်ဒေသများကိုတဆက်တစပ်တည်းဖြစ်ရန် လမ်းတံတားများတည်ဆောက်၍ တိုင်းရင်းသားဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သွားမည်ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး(၁/၂၀၁၁) ၌ ပြောဆိုထားသည်။

ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က“တိုင်းရင်းသားဒေသတွေအားလုံးကို ဖွံ့ဖြိုးစေချင်တဲ့ စေတနာရှိရင် အဲဒီစေတနာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာအရင် လုပ်ရမှာပါ၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုတွေရှိမှ ဖွံ့ဖြိုးရေးတွေ လုပ်နိုင်မှာပေါ့”ဟု ဧရာဝတီကို ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်လည်းပဲ ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ အားသာချက်၊ အားနည်းချက်တွေကို နားလည်ပေးပြီး ညီရင်းအစ်ကိုလို သဘောထားမယ်၊ ငြိမ်းချမ်းရေး ယူသူတွေရဲ့လုံခြုံရေးတွေကအစ အကာအကွယ်ပေးပြီး တော့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအရင် လုပ်ဖို့လိုအပ်ပါတယ်”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

ရေခြားမြေခြား တသီးတခြားစိတ်ဓာတ်များပပျောက်ပြီး ပြည်ထောင်စုစိတ်ဓာတ်ပေါ်ပေါက်လာစေရန် လမ်းပန်းဆက် သွယ်ရေး အရေးကြီးကြောင်း၊ တိုင်းရင်းသားနယ်စပ်ဒေသများအားလုံး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုး တက်စေလိုသည့် အစိုးရ၏ စေတနာ ကို နားလည်ယုံကြည်လက်ခံလာစေရေးအတွက် လက်တွေ့လုပ်ပြလိုကြောင်း ဦးသိန်းစိန်ကပြော ဆိုခဲ့သည်။

အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး ပီပြင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အာဏာစက်သည် နယ်စပ်အစွန်အဖျားထိ ရောက်ရှိရန်အရေးကြီးကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များသည် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စများကိုလည်း အလေးထားဆွေးနွေးခဲ့ကြပြီး တခြားသော နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများက ထိုကိစ္စကို ဆက်တိုက်တောင်းဆိုနေကြသော်လည်း အစိုးရသစ်အနေဖြင့် တစုံတရာ ပြန်လည်တုံ့ပြန်မှု မရှိသေးပေ။

“အစိုးရက လွှတ်မပေးသေးပေမယ့် ကျနော်တို့တွေက တောင်းဆိုနေရမှာပါ၊ တောင်းဆိုနေရတာက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံ ရေး အခင်းအကျင်းသစ်တခု ပေါ်ပေါက်လာစေချင်လို့ပါ၊ နိုင်ငံရေးပါတီတွေ၊ အာဆီယံ၊ တရုတ်၊ အမေရိကန် စတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကပါ မကြာခဏတောင်းဆိုနေမယ်ဆိုရင် အစိုးရအနေနဲ့ စဉ်းစားလာနိုင်တယ်”ဟု ဒေါက်တာအေးမောင်က ပြော သည်။

နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်များ၊ အင်အားစုများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကိုလွှတ်ပေးပါက အစိုးရ သစ် ၏ အာဏာအား ထိခိုက်၊ လှုပ်ခတ်သွားနိုင်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စသည် ကာလ တခုကြာဦးမည် ဟု နိုင်ငံရေး အကဲခတ် တချို့က ပြောဆိုကြသည်။

“ဥပမာ မင်းကိုနိုင်၊ ဌေးကြွယ်၊ ကိုကိုကြီး စတဲ့ ၈၈ ခေါင်းဆောင်တွေလွတ်လာရင် ဒေါ်စုနဲ့ပေါင်းပြီးတော့ နိုင်ငံရေးအင်အားစုကြီး တခုပေါ်လာနိုင်တယ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်လာမယ်၊ ဒီလူတွေအားကောင်းလာရင် အစိုးရအတွက် ခြိမ်းခြောက်မှုလို မျိုး ဖြစ်လာနိုင်တယ်”ဟု နိုင်ငံရေး အကဲခတ် တဦးက ပြောသည်။

အစိုးရသစ်သည် ၎င်းတို့၏ အာဏာကို အောက်ခြေအဆင့်မှစ၍ ဆက်လက်ချုပ်ကိုင်ထားလိုသည့် သဘောရှိကြောင်း၊ သို့ဖြစ်၍ အောက်ခြေအဆင့် ရယက၊ မယက စသည့်အဖွဲ့၌ ယခင်လူများကိုသာ ပြန်လည်ခန့်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည့် တိုင်းရင်းသားပါတီ ၅ ခုမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်း အမျိုးသားပါတီ၊ ကရင်ပါတီ ( ဖလုံ-စဝေါ်)တို့ဖြစ်သည်။

မြန်မာအစိုးရနှင့် KIO ကြား တင်းမာမှုကြောင့် ဒေသခံများအခက်ကြုံ

KNG

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရကြား ဆက်လက်တင်းမာနေဆဲအခြေအနေကြောင့် နှစ်ဖက် စစ်ရေးပြင်ဆင်မှုများသည် ပြည်သူလူထုများ၏ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းအားထိခိုက်စေသည်။

လွန်ခဲ့သည့်နှစ်မှစ၍စစ်ရေးပြင်ဆင်မှုများပြုလုပ်ရာတွင် KIO တပ်အနီးတ၀ိုက် လုံခြုံရေးမှိုင်းများချထားရာ ဒေသခံများသည် ၄င်းတို့၏ အားကိုးအားထားလုပ်ကိုင်နေသည့် တောင်ယာ စိုက်ခင်းများတွင် တားမြစ်ဧရိအဖြစ်သတ်မှတ်ခံရသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ တောင်သူတွေ အလုပ်လက်မဲ့အခက်ခဲရင်ဆိုင်နေရသည်ဟု တောင်သူများပြောသည်။

ဟိုဘက်မသွားရဘူး ဒီဘက်မသွားရဘူး ဟိုဘက်ကလည်း တပ်ချထားတဲ့နေရာကနေ ၄၊ ၅ မိုင်ပတ်လည်မှာ မသွားရဘူး။ ဟိုဘက်ချောင်းအင်းအိုင်မှာမထွက်ရဘူးအဲလိုပေါ့ သူတို့မြုပ်ထားတဲ့ဗုံးတွေကြောင့်ပေါ့လေ။ ဒါတွေပေါက်ကွဲလို့ရှိရင်လျော်ရမယ်တဲ့။ နောက်ပြီးတော့ ဟိုဘက်သွားဒီဘက်သွားဆိုရင်လည်း ပူပန်ပြီးမှ တောင်ယာဘက်သွားမယ်ဆိုရင် ဒါမျိုးအခက်ခဲများပေါ်မလားလို့ စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတယ် သူတို့ဒီလိုလုပ်ထားတာတော့။”

ဒေသခံများ အသက်မွေးဝမ်းကြောင်းရန် အဓိထားလုပ်ကိုင်၍ ကျက်စားနေသည့် တောတောင်နယ်မြေတွင်း တားမြစ်နယ်မြေအဖြစ်သတ်မှတ်ခြင်းကြောင့် ကြောက်လန့်နေရပြီး မိသားစုစားဝတ်နေရေးများ ပိုမိုကျပ်တည်းလာသည်ဟု မြစ်ကြီးနားမှတောင်သူက ဆက်ပြောသည်။

“အခုအချိန်မှာ စီးပွားရေးကတွင်တွင်ကျယ်ကျယ်လုပ်နိုင်တဲ့အနေအထားမှာမရှိတော့ တောရွာမှာ ထင်းခွေ ကျောက်မီးသွေးဖုတ် နောက်ပြီးမှ တောင်ယာလုပ်ရင်းသစ်ခုတ်ပြီးမှ အသက်မွေးတဲ့လူရွာသူရွာသားတွေက ဒီလိုပဲ တောရွာမှာ အသွားအလာလုပ်ပြီးမှ ရှာဖွေရတဲ့အချိန်မှာ ဒီလို တိုင်းပြည်ရဲ့တင်းမာမှုကြောင့်ပေါ့လေ ဟိုဘက်ကလည်း ဒီဘက်ကလည်း ဒီလိုအဟန့်အတားတွေ အများကြီး မသွားရဘူး မလုပ်ရဘူး ဆိုတဲ့အခါမှာ ဘာမှလုပ်ဆောင်နိုင်ခြင်းမရှိ။ စီးပွားရေး ငွေရေး စားဝတ်နေရေးမှာ ပြသနာအများကြီးပေါ်ပေါက်လာတဲ့ အနေအထားမှာရှိတယ်။”

ယခုလို KIA တားမြစ်နယ်မြေအတွင်း သွားလာခဲ့တဲ့ဒေသခံတချို့ မှိုင်းပေါက်ကွဲမှုကြောင့် ထိခိုက် ဒာဏ်ရာရ သေဆုံးမှုများလည်းရှိနေသည်။

သို့သော် မှိုင်းကြောင့်သေဆုံးသူများသည် KIA မှ တားမြစ်နယ်မြေထဲကိုမ၀င်ရန် အတိအလင်းကြေငြာထားသည့်ကြား၌ သွားလာခြင်းကြောင့်လည်းဖြစ်သည်ဟု KIA အဖွဲ့ဝင်တစ်ဦးမှပြောသည်။

“နီးစပ်ရာ နီးစပ်ကြောင်းတော့အကုန်လုံးကို အကြောင်းကြားထားပါတယ်။ အတိအလင်းတော့ ပြောမပြထားပါဘူး။ ကန့်သတ်ထားတဲ့နေမြေမှာမ၀င်ရဘူးလို့တော့ အားလုံးကို ပြောပြထားတယ်။ တချို့ကတော့ နေပူလို့ မြေမှာပေါက်ကွဲတာတွေရှိတယ်။ တချို့ကျတော့ မြန်မာစစ်တပ်က မ၀င်ခိုင်းတာကို ၀င်လာလို့ ဒါဏ်ရာရတာလဲရှိတယ်။ အဲလို မြန်မာစစ်တပ်တွေဝင်လာနိုင်တဲ့နေရာ သူတို့နင်းတဲ့နေရာတွေတ၀ိုက်မှာ မြုပ်ထားတာတော့ရှိတယ်။ ပြည်သူတွေရဲ့ တောင်ယာတွေမှာဆိုရင်လည်း စစ်တပ်က ချက်ချင်းဝင်လို့ရတဲ့နေရာ သူတို့နဲ့နီးတဲ့နေရာတွေမှာ ထောင်ထားတာတော့ရှိပါတယ်။”

ကချင်ပြည်သူလူထုများသည် KIA တပ်နှင့် မြန်မာစစ်တပ်ကြား ယခုလိုအခြေအနေ အတိုးအလျှော့မရှိ ပုံမှန်စစ်ရေးပြင်ဆင်မှုဖြင့်သာ ဆက်လက်ရှိနေလျှင် ပြည်သူလူထု၏ စားဝတ်နေရေးလှုပ်ရှားသွားလာမှုတွင် သာ၍ထိခိုက်နိုင်သည်ဟု သုံးသပ်နေသည်။

လွန်ခဲ့သည့်နှစ် ၂၀၁၀ အောက်တိုဘာလမှာစ၍ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား မြန်မာစစ်အစိုးရ တောင်းဆိုခဲ့သည့် နယ်ခြားစောင့်တပ် လက်မခံသောကြောင့် သောင်းကျန်သူအဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီး ထိုချိန်မှစ၍ နှစ်ဖက်တင်းမာမှုစတင်ဖြစ်ပေါ်လာပြီး KIA တပ်တွေချထားသည့်နေရာတ၀ိုက်တွင် လုံခြုံရေးမှိုင်းများ မြုပ်ထားခဲ့သည်ဟု KIO အရာရှိများပြောသည်။

ပါးပေါ်က သနပ်ခါး အစစ်လား၊ အတုလား

ကြည်ဝေ

“ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ ယူ၊ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ” ဆိုသည့် နန်းတော်ရှေ့ ဆရာတင်၏ နာမည်ကြီး သီချင်းမှသည် ယနေ့ခေတ် Black Whole အဖွဲ့၏ “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ၊ သူများတွေထက် မထင်ရှားလည်းပဲ ကိုယ့်အတွက် လမင်းလေးပါ” ဆိုသည့် “သနပ်ခါးချစ်သူ” သီချင်းအထိ ခေတ်အလိုက် သနပ်ခါး သီချင်းများကို လူငယ်တို့ ဆိုညည်းကြသည်အထိ သနပ်ခါးက ရေပန်းစားလှသည်။

ယခုအခါတွင် မြန်မာအမျိုးသမီးများ၏ ပါးပြင်တွင်မူ သနပ်ခါးအစစ် ရနံ့ သင်းပျံ့ပျံ့အစား ကံ့ကော်ရနံ့၊ နှင်းဆီရနံ့၊ စံပယ်ရနံ့စသည့် ပန်းရနံ့အတုများဖြင့် အစားထိုး ဖန်တီးထားသော သနပ်ခါးဘူးများက တဖြည်းဖြည်း နေရာယူလာပြီဖြစ်ကြောင်း လှိုင်သာယာ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်သည့် မစန်းသော်တာဝင်းက ပြောပြသည်။

“သနပ်ခါးတုံး တတုံးဆိုရင် ကျပ် လေး၊ ငါးထောင်ပေးမှ ရတော့ ကျမတို့ ၀ယ်မလိမ်းနိုင်ကြဘူး။ သနပ်ခါး မလိမ်းရင်လည်း မနေနိုင်တော့ ဈေးသက်သာတဲ့ သနပ်ခါးဘူးတွေ ၀ယ်လိမ်းနေရတာပဲ။ အစစ်လို မဟုတ်ပေမယ့် အာသာပြေပေါ့” ဟု မျက်နှာပြင် အပြည့် ပါးကွက်ကျား နှစ်ဘက်ကွက်ထားသော မစန်းသော်တာဝင်းက ဆိုသည်။

သနပ်ခါးတုံး ဈေးကောင်းလာသည့်အတွက် သနပ်ခါးကြိုက်သော မြန်မာအမျိုးသမီးတို့မှာ သနပ်ခါးတုံးအနှစ်သားနှင့် တခြားသော ကြာရှည်ခံ ဓာတုပစ္စည်းများ၊ ရနံ့များ ရောနှော ပြုလုပ်ထားသည့် ဈေးသက်သာသော သနပ်ခါးခဲများ၊ သနပ်ခါးဘူးများကိုသာ ၀ယ်လိမ်း နေကြရသည်။

လက်ရှိ သနပ်ခါးဈေးကွက်တွင် ရှင်မတောင်သနပ်ခါး လူကြီး လက်ကောက်ဝတ်လုံးပတ်၊ အရှည် တထွာခန့်အရွယ် သနပ်ခါး တတုံးလျှင် အနည်းဆုံး ကျပ် ၃ ထောင်မှ ၈ ထောင်ဈေးအထိ ရှိပြီး လက်တ၀ါးစာအရွယ် သနပ်ခါးခြမ်း တတုံးလျှင် အနည်းဆုံး ကျပ် ၅ ထောင်မှ အမြင့်ဆုံး ၁ သောင်းခွဲ ဈေးအထိ ပေါက်လျက်ရှိကြောင်းသိရှိရသည်။ သနပ်ခါး ဈေးကွက်အတွင်း အပွေး သနပ်ခါး အနေဖြင့် ရှားပွေး၊ မာလကာပွေး၊ အ၀ါပွေး၊ ဖြူပွေးတို့မှာ လူကြိုက်များ အရောင်းသွက်ကြောင်း သနပ်ခါး ကုန်သည်များက ပြောသည်။

သနပ်ခါးတုံး စစ်စစ်သည် လိမ်းလိုက်လျှင် သနပ်ခါးရနံ့ သင်းပျံ့၍ ပါးပြင်ကို အေးမြစေပြီး ရာသီဥတု အပူဒဏ်ကို အံတု နိုင်သော်လည်း သနပ်ခါးဘူးများကမူ သနပ်ခါး အစစ်လောက် မအေးကြောင်း၊ ရနံ့မှာလည်း သဘာဝ ရနံ့မဟုတ်ဘဲ ဖန်တီး ထားသော ရနံ့ ဖြစ်သောကြောင့် ပြင်းလွန်းလှသည့်အတွက် မကြိုက်ကြောင်း ရန်ကုန် ညောင်ပင်လေးဈေးတွင် ကုန်ခြောက် ရောင်းနေသည့် မအေးမြကြည်က ပြောသည်။

“သနပ်ခါးတုံးက ဈေးကြီးပေမယ့် အသားအေးတယ်၊ အပူဒဏ်ကို ခံနိုင်တယ်၊ ဆေးဖက် ၀င်တယ်။ သနပ်ခါးဘူးတွေကတော့ တဘူးကို ကျပ် ၅၀၀ လောက်ပဲ ရှိပေမယ့် မြေကြီးတွေ ရောတယ်လို့လည်း ကြားတော့ မလိမ်းရဲဘူး။ မကြိုက် တာလည်းပါတယ်” ဟု မအေးမြကြည်က ပြောသည်။

သနပ်ခါးလိမ်းခြင်းနှင့် သနပ်ခါးစားခြင်း ဓလေ့ကို ငယ်စဉ် ကလေးဘ၀ကတည်းက ရရှိခဲ့ကြသော မြန်မာပြည်သူတို့မှာ သနပ်ခါးဖြင့် ကင်းကွာပြီး မနေနိုင်ကြကြောင်း၊ နိုင်ငံခြားဖြစ် နာမည်ကြီး မိတ်ကပ်များ၊ အသားလှရည်များကို မည်သို့ပင် ပြောင်းလဲကာ လိမ်းခဲ့သော်လည်း အိမ်၌ နေစဉ်တွင်မူ မျက်နှာအေးသော သနပ်ခါးကိုပင် လိမ်းကြကြောင်း ထို့ကြောင့်လည်း သနပ်ခါးတုံးဈေး မည်မျှပင် ကြီးစေကာမူ ၀ယ်လိမ်းနေရဦးမည် ဖြစ်ကြောင်း သူက ဆိုသည်။

“ကလေးတွေ ဆိုရင်လည်း သနပ်ခါးလူးပေးရင် လက်ညှိုးနဲ့တကော်လောက် ကျွေးလိုက်ရမှ၊ သနပ်ခါးစားရင် အညှော်ဒဏ် နိုင်တယ်၊ ၀မ်းအေးတယ်ဆိုပြီး ဓာတ်စာလိုလည်း စားခဲ့ကြတော့ သနပ်ခါးတုံးစစ်စစ်ကို ဘယ်လောက်ပဲ ပေးရပေးရရှာဝယ် ဖြစ်တာပါပဲ” ဟု မအေးမြကြည်က ပြောသည်။

မြန်မာ့ရိုးရာ သင်္ကြန်အခါတွင်လည်း ရိုးရာမပျက် သနပ်ခါးသွေး ပြိုင်ပွဲများ ကျင်းပကြဆဲ ဖြစ်သည်ကို သတင်းများအရ သိရသည်။

သနပ်ခါးတုံးများ ဈေးကောင်းလာသောကြောင့် သနပ်ခါးဈေးကွက်အတွင်းဝယ် သစ်ပလွေသား၊ သီးသား၊ ဥသျှစ်သား၊ ဆူးဖြူသား၊စသည့် သနပ်ခါးပွေးနှင့်တူသည့် အပင်၊ အခေါက်အတုံးတို့ကို လိမ်ညာရောင်းသူများလည်း ရှိလာကြောင်း၊ ထိုသနပ်ခါး အတုတုံးများပင် တတုံးလျှင် ကျပ် ၃ ထောင်ဈေး အနည်းဆုံး ရောင်းနေကြကြောင်း သိရသည်။

အလှကုန် ဈေးကွက်အတွင်း ပြည်တွင်းဖြစ် သနပ်ခါးဘူး အမှတ်တံဆိပ်ပေါင်း ၂၀ ခန့်အထိ ရှိပြီး ဈေးနှုန်းများမှာလည်း တဘူးလျှင် အနည်းဆုံး ကျပ် ၅၀၀ မှ ၁၀၀၀ ခန့်အထိ ဈေးရှိသည်။

ထို့အပြင် သနပ်ခါးအမြစ်တုံးများကို ကြိတ်ထားသည့် သနပ်ခါးခဲများလည်း ရှိကြောင်း၊ ထိုသနပ်ခါးခဲများမှာ အနံ့မမွှေးသည့်အတွက် လူကြိုက်နည်းသော်လည်း ဈေးနှုန်း သက်သာသောကြောင့် သုံးစွဲသူ များကြောင်း သိရှိရသည်။

“သနပ်ခါးခဲက အမြစ်တုံးကို ပြန်ကြိတ်ထားတာဆိုတော့ သနပ်ခါးစစ်တယ်။ ဈေးသက်သာတယ် ဆိုပေမယ့် တခဲကို ၂၀၀ ကျပ် လောက်နဲ့ရောင်းမှပဲ ကိုက်တော့တယ်။ အရင်တုန်းကတော့ တခဲကို ၁၀၊ ၁၅ ကျပ်လောက်ပဲ ဈေးရှိခဲ့တာ” ဟု သနပ်ခါး ကြိတ်စက် လုပ်ငန်းရှင်တဦးက ပြောသည်။

သနပ်ခါးတုံးများ ဈေးမြင့်တက်လာရခြင်းမှာ သဘာဝ သနပ်ခါးပေါက်ပင်များ ရှားပါးလာခြင်း၊ သနပ်ခါးပင် စိုက်စရိတ် မြင့်တက်လာခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာခြင်း တို့ကြောင့်ဖြစ်ကြောင်း သနပ်ခါးကုန်သည် ကိုသန်းဦးက ပြောသည်။

“ကျနော်က ရေစကြိုကနေ သနပ်ခါးပင်တွေကို ၀ယ်ပြီး ရန်ကုန်မှာ ရောင်းတယ်။ တတုံးကို အနည်းဆုံး ကျပ် ၃ ထောင်မှ မရရင် မရောင်းနိုင်ဘူး၊ မကိုက်ဘူး။ ပြန်ရောင်းတဲ့ လူတွေကလည်း တတုံးကို အနည်းဆုံး ကျပ် ၅ ထောင်လောက်မှ မရရင် မကိုက်တော့ ဘူး၊ ရှုံးတယ်။ ဆိုင်ခန်းခတွေ၊ သယ်ယူစရိတ်တွေက လည်းရှိသေးတော့ သူတို့ အရင်းကိုပဲ ၄ ထောင်လောက် ရှိနေပြီ” ဟု ကိုသန်းဦးက ဆိုသည်။

ယခုအခါ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရှင်မတောင် ပတ်လည် ကျေးရွာများတွင် သနပ်ခါး ပျိုးပင် ရောင်းချရေးလုပ်ငန်း၊ သနပ်ခါးပင် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေကြပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း ရောင်းချလာကြကြောင်း သိရှိရသည်။

“သနပ်ခါးက ဈေးကောင်းလာတယ်။ စိုက်စရိတ်က ၅ ဧကကို အနိမ့်ဆုံး ကျပ်သိန်း ၂၀၀ လောက် ရင်းရတယ်။ အဲဒီကနေ ၆ နှစ်၊ ၇ နှစ်လောက် ကြာရင် ကျပ်သိန်း ၂ ထောင်လောက် ပြန်ဝင်နိုင်ပါတယ်” ဟု ကိုသန်းဦးက ပြောသည်။

သနပ်ခါးပင်သည် နေရာဒေသမရွေး စိုက်ပျိုး ပေါက်ရောက်နိုင်သော်လည်း အပူခံနှစ်ရှည်ပင်မျိုး ဖြစ်သည့်အတွက် မိုးခေါင်ရေရှားသည့် ကုန်းခေါင်ခေါင် အညာဒေသတွင်သာ ဖြစ်ထွန်းအောင်မြင်ကြောင်း သိရှိရသည်။

သနပ်ခါးတွင် သဘာဝပေါက်ပင်နှင့် စိုက်ပျိုးပင်ဟု ရှိသော်လည်း ယခုအခါ သနပ်ခါးပင်များ ရှားပါးလာသည့်အတွက် ပိုမို စိုက်ပျိုးလာကြသည်။ သနပ်ခါးကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ပဲခူးတိုင်း ပြည်ခရိုင်၊ မကွေးတိုင်း ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ် စသည့် ဒေသတို့တွင် စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာပြီဖြစ်သည်။

“၇ နှစ် သက်တမ်းရှိတဲ့ သနပ်ခါးပင်တပင်ကို အနိမ့်ဆုံး ကျပ် ၅ သောင်းကနေ သိန်းဂဏန်းအထိ ပေါက်ဈေးရှိတယ်။ သနပ်ခါးပင် က တခါဖြတ်ရောင်းပြီးရင်လည်း အမြစ်ကနေ အပင်ပြန်ဖြစ်တယ်။ အဲဒီလို ပြန်ဖြစ်တဲ့ အပင်တွေက မူရင်း အပင်ထက်ကို ပိုကောင်းတယ်။ ပိုက်ဆံချမ်းသာတဲ့ သူတွေကတော့ စိုက်နိုင်ကြပါတယ်” ဟု ကိုသန်းဦးက ပြောသည်။

သနပ်ခါးပင်သည် နှစ်ရှည်ပင် ဖြစ်ပြီး အနည်းဆုံး ၃ နှစ်သားမှ ၇ နှစ်သားအရွယ်တွင် ခုတ်ရောင်းနိုင်ကြောင်း၊ သို့ရာတွင် သနပ်ခါး အပင် နုစဉ် မသေစေရန်နှင့် အပင်ပိုးမကျစေရန် စနစ်တကျ စိုက်ပျိုးရကြောင်း သိရှိရသည်။

သနပ်ခါး စိုက်ပျိုးသူများသည် တဧကလျှင် ပင်ရေ ၂၀၀ ခန့်အထိ စိုက်ပျိုးပြီး သနပ်ခါးပင်များ ကြားတွင် ပဲတီစိမ်း၊ နှမ်း စသည့် သီးနှံများကိုပါ စိုက်ပျိုးလေ့ရှိသည်။

ယခုအခါ သနပ်ခါးဈေးကွက် ကျယ်ပြန့်လာပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပရောက် မြန်မာများအတွက် ရောင်းချရာမှ ၂၀၀၆ ခုနှစ်ခန့်က စတင်ကာ ပြည်ပနိုင်ငံ တချို့ကိုပါ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“သနပ်ခါး အိတ်စ်ပို့လုပ်စတုန်းကတော့ ဒေါ်လာရမယ်ဆိုပြီး လွှတ်ပျော်ကြတာပဲ။ နောက်တော့ ပွဲစားတွေက မြန်မာငွေနဲ့ပဲ ၀ယ်တာ။ ပြီးမှ သူတို့က နိုင်ငံခြား ပို့တာလို့ ပြောတယ်။ သနပ်ခါးပင် ဈေးကောင်းလာတာတော့ အမှန်ပဲ။ ထင်ထားသလိုတော့ သနပ်ခါး စိုက်တဲ့သူတွေ သူဌေး မဖြစ်ပါဘူး။ ရရစားစားတွေပါပဲ” ဟု ရေစကြိုမြို့တွင် သနပ်ခါးစိုက်သည့် ကြီးတော်သန်းက ပြောသည်။

ယခုအခါ ပြည်ပသို့ ပို့ရသောကြောင့် သနပ်ခါး ဈေးကောင်းရလာသည်နှင့်အမျှ ပိုးမထိစေရန် ပိုးသတ်ဆေး၊ အပင်ကြီးထွားစေရန် မြေသြဇာ စသည်ဖြင့် ပံ့ပိုးရခြင်း၊ သယ်ယူပို့ဆောင်ခများ ကြီးမြင့်လာခြင်းတို့ကြောင်း သနပ်ခါးစိုက်သူများမှာ အကျိုးအမြတ် ပိုမို မရရှိကြောင်း ၎င်းက ရှင်းပြသည်။

“အရင်က သနပ်ခါး တပင်ကို အများဆုံးရရင် ကျပ် ၂ သောင်းပဲ။ အခုတော့ ၅ သောင်း၊ ၆ သောင်းပေါ့။ ဒါပေမယ့် ကုန်ကျစရိတ်တွေ များလာတော့ ဈေးကောင်းပေမယ့် ကျုပ်တို့တွေ ပိုမရဘူးလို့ မှတ်တာပဲ။ အရင်က သနပ်ခါးပင် တပင်ကို ကျပ် ၁၀၀ လောက်နဲ့ ရောင်းရရင်လည်း အဲဒီ ၁၀၀ က တန်ဖိုးရှိတယ်။ ဆန်ဖြစ်တယ်၊ ဆီဖြစ်တယ်။ ဒီခေတ်မှာ သနပ်ခါးပင် တပင်ကို ကျပ် ၅ သောင်းလောက် ရပေမယ့် ဆန်ပဲဖြစ်မယ်၊ ဆီမဖြစ်တော့ဘူး ဆိုတော့ စဉ်းစားသာ ကြည့်တော့၊ ကိုက်မကိုက်ကို” ဟု ကြီးတော်သန်းက ဆိုသည်။

သနပ်ခါးစိုက် တောင်သူများ ညည်းတွားနေသကဲ့သို့ သနပ်ခါးချစ်သူ အမျိုးသမီးများလည်း သနပ်ခါး ဈေးကြီးသောကြောင့် ညည်းညူနေကြသည်။

“ကျမတို့တော့ သနပ်ခါးတုံးတွေ ဈေးကြီးလွန်းလို့ အမြစ်တုံးတွေ သွေးလိမ်းရတာ။ အမေတို့၊ အဘွားတို့တုန်းကလိုပဲ သနပ်ခါးတုံးအစစ်နဲ့ သနပ်ခါးထူထူ လိမ်းချင်ပေမယ့် မလိမ်းနိုင်ဘူး။ လူကြီးတွေပြောသလို နေပူရင် သနပ်ခါးထူထူလိမ်းမှ အေးတယ်၊ ဆောင်းတွင်းမှာဆိုလည်း သနပ်ခါး ထူထူလိမ်းရင် နွေးတယ်ဆိုတဲ့စကားကို ကြားပဲ ကြားဖူးတော့တယ်။ မလိမ်းဘူးတာ ဆယ်စုနှစ် တခုလောက်ရှိပြီ” ဟု မစန်းသော်တာဝင်းက ပြောသည်။

၎င်းအနေဖြင့် သနပ်ခါး အစစ်တုံးဖိုး မတတ်နိုင်သောကြောင့် သနပ်ခါး အမြစ်တုံးများ၊ သနပ်ခါးဘူးများသာ လိမ်းနေရသဖြင့် သနပ်ခါး အစစ်နံ့ကိုပင် မမှတ်မိတော့ဟု ဆိုသည်။ ။