Sunday, July 31, 2011

ရေကြီး စိုက်ခင်းပျက်၍ လူကြီး တဦး ကြိုးဆွဲချ သေဆုံး

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အသက် ၅၃ နှစ် အရွယ်ရှိ လူကြီး တစ်ဦးမှာ ရေကြီး၍ စိုက်ပျိုးထားသော စပါးစိုက်ခင်းများ ပျက်စီးသွားသည့် အပြင် ဆိပ်ကမ်းတွင် ချည်နှောင် စုပုံထားသော ၀ါးများ ရေစီးနှင့် မျောပါသွားသဖြင့် ကြံရာမရ ဖြစ်ကာ နောက်ဆုံးတွင် ကြိုးဆွဲ ချပြီး မိမိကိုယ်ကို အဆုံးစီရင် သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာမှ ဦးမောင်ထွန်းလှ (အသက် ၅၃ နှစ်) ဖြစ်သည်။

သူ၏ ဆွေမျိုးတစ်ဦးက ဦးမောင်ထွန်းလှ သေဆုံးသွားရပုံကို ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

" ဒီလ ၂၆ ရက်နေ့က ကြိုးဆွဲချ သေဆုံးသွားတာ ဖြစ်ပါတယ်။ သူက တခြားသူတွေဆီက လယ်ကို ဌားရမ်းပြီး လုပ်ကိုင် စားသောက်တဲ့ သူ ဖြစ်ပါတယ်။ မသေခင် ရက်အနည်းငယ်က မိုးကြီးပြီး ရေမြုပ်တော့ သူစိုက်ပျိုးထားတဲ့ စပါး စိုက်ခင်းတွေ အကုန်လုံး ပျက်စီးသွား ပါတယ်။ အဲသလို ပျက်စီးသွားတဲ့ အပြင် ဆိပ်ကမ်းမှာ စုပုံ ချည်နှောင်ထားတဲ့ ၀ါး ၈၀၀ လည်း ရေနဲ့ အတူ ပါသွားတော့ စိတ်ပျက် လက်ပျက် ဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသွားတာ ဖြစ်ပါတယ်။"

ဦးမောင်ထွန်းလှသည် ရေနစ်မြုပ်ခဲ့သဖြင့် ပျက်စီးသွားသော လယ်ကို ပြန်လည် လုပ်ကိုင်ရန် အခက်အခဲ ဖြစ်ရာမှ နောက်ဆုံး ဤလမ်းကို ရွှေးသွားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" လယ်က ၇ ဧကခန့်ရှိပါတယ်။ သူအနေနဲ့ ဆင်းရဲတော့ ဘယ်လိုမှ ပြန်လည် လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆတယ် ထင်ပါတယ်။ မျိုးစပါး၊ ဓါတ်မြေသြဇာ၊ ထွန်နွားတွေ ဌားရမယ်ဆိုတော့ သိပ် မလွယ်တော့ နောက်ဆုံး သူ ဒီလမ်းကို ရွှေးသွားတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးမောင်ထွန်းလှတွင် ဇနီး ဒေါ်ဦးမြသိန်းနှင့် သမီး ဦးမေသန်း၊ လှမေသန်း နှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ်ဟိုင်းကို ၀ိုင်းရံထားတဲ့ မြန်မာတပ် ဆုပ်ခွာ

နော်နိုရင်း

ရှမ်းပြည်တပ်မတော် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီဌာနချုပ် ဝမ့်​ဟိုင်း​ဒေသကို ၀ိုင်းရံထားတဲ့ မြန်မာအစိုးရတပ်တချို့ ပြန်လည်ရုတ်သိမ်းသွားတယ်လို့ ရှမ်း​ပြည် တိုး​တက်​ရေး​ပါတီရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက် ရှမ်းပြည်တပ်မတော် ၀မ်းဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ အစိုးရတပ်ရင်း ၁၄ ခု ထက်မနက် ၀ိုင်းရံထားပြီး အခုနောက်ပိုင်း တပ်ကို ပြန်ဆုတ်ခွာသွားတဲ့အတွက် တပ်ရင်း ၇ ခုလောက်သာ ကျန်တော့တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“၀မ်ဟိုင်း အနီးနားဝန်းကျင်မှာ ၁၄ ရင်းလောက် ရှိတာ အခု ၇ ရင်းလောက်ပဲ ကျန်တော့တယ်။ တရားဝင်တော့ ပြောဆိုမှု မရှိပါဘူး။ ဒါပေမယ့် သူတို့ တပ်တွေကို တတပ်ပြီး တတပ် ဆုတ်သွားတာတော့ တွေ့နေရတယ်။”

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ် ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြားဝင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးပို့ပြီး နောက်ပိုင်း မြန်မာ အစိုးရတပ်က ရုတ်သိမ်းသွားတာလို့ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

အစိုးရတပ်အနေနဲ့ ၀မ်ဟိုင်းဌာနချုပ် ၀ိုင်းရံရာကနေ ဆုတ်ခွာသွားတဲ့အပေါ် အခုလို သူက သုံးသပ်ပါတယ်။

“ကျနော့်အမြင်ကတော့ သူတို့ဘက်က စစ်ရပ်စဲဖို့ စိုင်းပြင်းနေတော့ အဲဒါလည်းတခု ဖြစ်နိုင်တယ်။ နောက် သူတို့ နည်းဗျူဟာ ချိန်းမယ်ဆိုလည်း ချိန်းနိုင်တာပေါ့။ ဥပမာ တပ်မတွေ ပြန်ဝင်မလား။ သူတို့ စစ်ကို မရပ်ဘူးဆိုရင်တော့ တပ်ချိန်းဖို့ပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခြေအနေ သုံးသပ်ရတာက တပ်ချိန်းမယ် ဆိုရင်လည်း ချိန်းမယ့်တပ်တွေ ၀င်လာမှ သူတို့ ဆုတ်ရမှာ။ အခုက ချိန်းတဲ့တပ်လည်း မလာဘူးဆိုတော့ တချို့တ၀က် ယုတ်သွားတယ်ဆိုတော့ စစ်ရပ်ဖို့ ဖိအားပေးတဲ့ အဖွဲ့တွေ များနေတော့ အဲဒါနဲ့ ပတ်သက်မလားတော့ မသိဘူး။ ဒေါ်အောင်ဆန်းစုကြည် အိပ်ဖွင့်စာပေးပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြန်ဆုတ်သွားတာ။”

ရှမ်းပြည် တိုးတက်ရေးပါအတီအနေနဲ့လည်း အပစ်ခတ်ရပ်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နည်းလမ်းကို လိုလားပေမယ့် အခြေအနေကို စောင့်ကြည့်ရ ဦးမယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ အချက်တိုင်းပဲလေ။ စစ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က ကျနော်တို့က လိုလားတာပါ။ အဲဒါ ဖြစ်လား မဖြစ်လားဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်။ ကျနော်တို့က အကြမ်းဖက်ပြီးတော့ လက်နက်ကိုင်နေတာ မဟုတ်ဘူးလေ။ ကျနော်တို့ နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့၊ တန်းတူရေး၊ အဲဒီကိစ္စတွေက အများကြီးပေါ့ဗျာ။ သူတို့တွေက အဲဒီလို ယုတ်သွားတော့လည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ဖြစ်လာရင် ပိုပြီးကောင်းမယ်လို့ ကျနော်တို့လည်း မျှော်လင့်ထားတယ်။”

တင်အောင်မြင့်ဦးနှင့် ကချင် လူသတ်မှုများ

ဘကောင်း

ဒုသမ္မတ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဖြစ်စဉ်က ရှမ်းပြည်နယ်တွင်း ဖြစ်ပျက်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအတွက် တာဝန်ရှိသဖြင့် ကုလသမဂ္ဂက အထူးကော်မရှင်ဖွဲ့၍ အရေးယူ စုံစမ်းသင့် ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ပြောကြားလိုက်သည်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများ၌ KIA ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်၊ ဗိုလ်မှုးချုပ် ဂွမ်မော်၊ ဗိုလ်မှုးကြီး ဇော်ရော တို့က မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် လွန်ခဲ့သော ဆယ်စုနှစ် ကာလများ၌ အစိုးရတပ်က ၎င်းတို့၏ စစ်သားများ၊ ဒေသခံ ပြည်သူများအား အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပုံကို မြေပုံ၊ ဓာတ်ပုံ အထောက် အထားများဖြင့် ရှင်းပြခဲ့သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အနက် ဖြစ်စဉ် ၂ ခုမှာ ဦးတင်အောင်မြင့်ဦး အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး တာဝန်ယူထားစဉ် ၂၀၀၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် ယခင်က ဖွင့်ချခြင်း မပြုခဲ့ရသနည်း ဟုမေးမြန်းရာ ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနေသည့်ကာလ၊ နိုင်ငံရေး အရ တစုံတရာ အပြောင်းလဲများ ဖြစ်လာမည်လားဟူသော မျှော်မှန်းချက်များကြောင့် ထိုစဉ်က လူသိရှင်ကြား ပြောဆိုမှုများ မလုပ်ခဲ့ခြင်း ဖြစ်သည်ဟု KIA ခေါင်းဆောင်များက ပြောဆိုသည်။

လွန်ခဲ့သည့်လမှစ၍ နှစ်ဖက် ပြန်လည် ပစ်ခတ်မှုများကြောင့် အပစ်အခတ် သဘောတူညီချက် ပျက်ပြားသွားပြီးနောက် ထိုအမှုများကို ကုလသမဂ္ဂသို့ တင်ပြလိုသည်ဟု KIA ခေါင်းဆောင်များက ဆိုသည်။ ၎င်းတို့၏ ပြောဆိုချက်များအရ အစုလိုက် သတ်ဖျက်ခံရမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ဘာသာဖြင့် ရေးသားထားသော KIA မှတ်တမ်းများအရ ပထမဖြစ်စဉ်မှာ ရှမ်းပြည်နယ် မူဆယ်မြို့ လောက်ကျိုင် (Lau Jai) ကျေးရွာတွင် ၂၀၀၁ မတ်လက ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထိုဒေသည် KIA တပ်ရင်း ၉ ထိန်းချုပ်ရာ ဒေသ ဖြစ်သည်။

မတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီခန့်၌ ထိုကျေးရွာသို့ မူဆယ်ရှိ ခြေမြန်တပ် ၂၄၂ တပ်ရင်းမှ ဗိုလ်မှူးခင်မောင်လှ ဦးစီးသော တပ်ဖွဲ့ဝင် ၁၀၀ ကျော် ရောက်ရှိလာပြီး လုံခြုံရေး တာဝန် ယူထားသော KIA တပ်သား ၄ ဦး အား ရွာမှ ၂ ဖာလုံခန့်ဝေးသည့် ရှောက်ဟော်ရွာသို့ လမ်းပြ လိုက်ပို့ပေးရန် ပြောဆိုခဲ့သည်။ ရွာမှ ထွက်ခွာလာပြီး မကြာမီ KIA တပ်သားများအား လက်နက်ဖြုတ်ပြီး ကြိုးဖြင့် ချည်နှောင်ထားလိုက်ကြောင်း KIA မှတ်တမ်းများက ဆိုသည်။

နေ့လယ် ၂ နာရီခန့်၌ ၎င်းတို့ ၄ ဦးအား ပစ်သတ်လိုက်ပြီး တောထဲတွင် မြုပ်နှံထားခဲ့ကြောင်း သိရသည်။ ရုပ်အလောင်းများအား KIA က ၁ လအကြာမှသာ ပြန်လည်တူးဖော်တွေ့ရှိရကြောင်း၊ သတ်ခံသူများမှာ တပ်ကြပ် ဇတူးဒေါဟောင်း၊ တပ်သား လဖိုင်ဇော်ဘောက်၊ ဒရှီးနောင်ခွန်း၊ ကရန်းတူးလန်တို့ ဖြစ်ကြောင်း ၎င်းတို့အတွက် ဈာပနအား ထိုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသတ်ဖြတ်မှုများ ဖြစ်ပျက်ခဲ့သည့် မတ်လ ၂၂ ရက်နေ့မှာပင် ရှမ်းပြည်နယ် မုန်းစီးခရိုင် နောင်တောင်ဆီဆာပါ ကျေးရွာ၌ KIA တပ်မဟာ ၄ ၏ ပန်းဂျုံစိုက်ပျိုးရေးခြံ ၌ KIA စစ်သား ၅ ဦးနှင့် အရပ်သား ၂ ဦးတို့ အား အစိုးရစစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများအရ သိရသည်။ ဖြစ်စဉ်အရ ထို့နေ့တွင် ခြေမြန် တပ်ရင်း ၂၄၂ (ပထမဖြစ်စဉ်တွင် စွပ်စွဲခံရသည့် တပ်ရင်းပင် ဖြစ်သည်) မှ ဒုဗိုလ်မှုးကြီး ညိုဝင်းဦးစီးသော အင်အား ၇၀ ရှိသည့် စစ်ကြောင်း တကြောင်း သည် စိုက်ပျိုးရေးခြံသို့ ရောက်လာပြီး KIA ဒုဗိုလ် နော်ဆင်း နှင့်တွေ့ဆုံလိုကြောင်း လာရောက် အကြောင်း ကြားသည်။

သို့သော် နော်ဆင်း မအားလပ်သဖြင့် အရာခံဗိုလ်ဂမ်ဆင်းက ထွက်တွေ့ခဲ့ရာ အစိုးရတပ်က ၎င်းအား ဖမ်းဆီး ချည်နှောင်လိုက်ကြောင်း၊ တပြိုက်နက်တည်းမှာပင် အစိုးရတပ်များက စိုက်ပျိုးရေးခြံသို့ ဝင်ရောက်ပြီး ဒုဗိုလ် နော်ဆင်း အပါအဝင် KIA ရဲဘော် ၅ ဦး နှင့် အရပ်သား ၂ ဦးတို့အား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

KIA မှတ်တမ်းများအရ ၎င်းတို့အား အနီးရှိ တောအုပ်သို့ ခေါ်ဆောင်သွားပြီး တညလုံး ညှဉ်းပန်း နှိပ်စက်ကြောင်း၊ နောက်တနေ့ မိုးလင်းချိန်တွင် ၎င်းတို့အားလုံး သေဆုံးသွားကြောင်း သိရသည်။

“စိတ်ကြိုက် နှိပ်စက်ပြီးမှ သတ်လိုက်တာ" ဟု အင်အား ၂၀၀၀ ရှိ KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက မှတ်တမ်းများကို ဖတ်ပြရင်း ပြောပြသည်။

ရက်သတ္တပတ် အတန်ကြာတွင် KIA က ရုပ်အလောင်းများကို မြုပ်နှံထားသောတောအုပ်၌ ပြန်လည် တူးဖော်ခဲ့သည်။ အလောင်းများကိုစစ်ဆေးရာတွင် KIA စစ်သားနှင့်အရပ်သား ၂ ဦးသည် အသတ် မဆုံးရှုံးစဉ်က လှံစွပ်ဖြင့် အကြိမ်ကြိမ် အထိုးခံခဲ့ရကြောင်း၊ လိင်အင်္ဂါများအား မီးရှို့ခံခဲ့ရကြောင်း တွေ့ရှိရသည်။ အလောင်းများတွေ့ရှိသော တောအုပ်ရှိသစ်ပင် တချို.တွင်လည်း သွေးနှင့်ဆံပင်များ ရောပြွမ်းကပ်နေသည်ကို တွေ့ရှိခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။

“အားရအောင် ရိုက်ထားပြီးမှ သတ်လိုက်သည်၊ အလောင်း စစ်ဆေးရာ အရိုးများ ကြေနေသည်" ဟု မှတ်တမ်းများက ဆိုသည်။ သေဆုံးသူများမှာ ဒုဗိုလ် နော်ဆင်း၊ အရာခံဗိုလ် ဂမ်ဆင်း၊ ဒုတပ်ကြပ် အိုက်ညီ၊ တပ်သားများဖြစ်သည့် ဘမ်အောင်မိုင် နှင့် မအိုက်ညီ တို့ဖြစ်သည်။ သေဆုံးသူ တခြား အရပ်သား ၂ ဦးမှာ ထိုစဉ်က တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်၏ တူဖြစ်သူ ဇွမ်ဇမ်းဟောင်လွန်း (Zum Zang Hawng Lum) ဖြစ်ပြီး နောက်တဦးမှာ တရုတ်လူမျိုး အရပ်သားဟုသာ ဖော်ပြထားသည်။

ဗိုလ်မှုးချုပ် ဂျိမ်းစ်လွန်းဒေါင်မှာ ရှမ်းပြည်နယ် ကွတ်ခိုင်၊ သီပေါ၊ သိန္နီ နှင့် မူဆယ် ရှိ KIA တပ်မဟာ ၄ အား တာဝန်ယူခဲ့ပြီး ၂၀၀၇ နှစ်တွင် ထိုရာထူးမှ အနားယူခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်မှုများကို ဦးတင်အောင်မြင့်ဦးက ဦးစီး၍ အစိုးရ တပ်များက KIA တပ်အား တမင် ရန်စ တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဧရာဝတီမဂ္ဂဇင်းနှင့် လိုင်ဇာတွင် တွေ့ဆုံရာ၌ ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်က ပြောဆိုသည်။

“ကြီးနိုင်ငယ်ညှင်းပေါ့ဗျာ၊ ရည်ရွယ်ချက်ကတော့ ကျုပ်တို့တပ်တွေကို ရှမ်းပြည်နယ်က ထွက်သွားအောင် လုပ်ချင်တာပဲ" ဟု ၎င်းက ဆိုသည်။ သတ်ရသည့် အကြောင်းနှင့်ပတ်သတ်၍ မေးမြန်းရန် ဗိုလ်မှုးချုပ် ဂျိမ်း(စ်) လွန်းဒေါင်သည် လားရှိုးသို့သွားပြီး ဦးတင်အောင်မြင့်ဦးအား သွားရောက်တွေ့ဆုံခဲ့သည်။

ဘာလို့ သတ်သလဲ မေးတော့ သူက ဘာမှ သိပ်ပြန်မပြောဘူး၊ ပိုက်ဆံ ကျပ်ငွေ ဆယ်သိန်း ထုတ်ပေးတယ်။ ကျုပ်လည်း မယူဘဲ ပြန်ထွက်လာတယ်" ဟု ဂျိမ်း(စ်) လွန်းဒေါင်ကပြောပြသည်။

"ကျုပ်တို့က ဒေါသ သိပ်ထွက်နေတာပေါ့၊ ဘာမှ မသိဘူး၊ ဒေါသ ထွက်နေတာပဲ သိတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေက အမျိုးသားညီလာခံ မပြီးသေးဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးတာ မပြီးသေးဘူး၊ သည်းခံကြဖို့ ပြောတယ်" ဟု သူက ထိုစဉ်အခါက အခြေအနေကို ပြန်လည်ရှင်းပြသည်။ KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် KIO သည် ထိုစဉ်က အမျိုးသားညီလာခံ တက်ရောက်နေပြီး နောင်တွင်မူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လက်မခံနိုင်ကြောင်း ပယ်ချခဲ့သည်။

အစိုးရ စစ်တပ်က သတ်ဖြတ်သည်ဟု စွပ်စွဲထားသည့် နောက်ဖြစ်စဉ်မှာ ၂၀၀၅ သြဂုတ်လက ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ် အတွင်းရှိ ဟော့ကိုင်ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်တွင် တင်အောင်မြင့်ဦးမှာ အရှေ့မြောက် တိုင်းမှူး မဟုတ်တော့ဘဲ ၎င်း၏ နေရာတွင် ယခု အစိုးရသစ်၌ ဆည်မြောင်းဝန်ကြီး တာဝန် ယူထားသူ ဗိုလ်ချုပ်မြင့်လှိုင် ဖြစ်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနမှ ဗိုလ်မှူးကြီးစံရွှေသာ ဦးစီးသော စစ်ကြောင်းက KIO အုပ်ချုပ်ရေးမှူး ဦးစံလုကို ဆက်ကြေး ကောက်ခံသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ နောက်တနေ့တွင် ရွာအပြင် ကျောက်ဆောင်တခု၌ သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ဦးစံလု သေဆုံးနေသည်ကို တွေ့ရသည်၊ ဦးခေါင်းခွံ အက်ကွဲနေပြီး နံရိုး ၂ ချောင်းကျိုးနေသည်ကို တွေ့ရသည်ဟု ဆိုည်။

“ KIO က ဒေသတွင်းမှာ စီးပွားရေး လုပ်ငန်းတွေဆီက အခွန် ကောက်နေတာ ကြာပြီ၊ ဦးစံလုက သူ့တာဝန် သူထမ်းဆောင်ရင်း အကြောင်းမဲ့ ရက်ရက် စက်စက် သတ်ဖြတ်ခံခဲ့ ရတယ်" ဟု KIA ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

KIA ခေါင်းဆောင်များက ၂၀၀၆ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့် ၎င်းတို့စစ်သည်များ အလားတူ အစုလိုက် အပြုံလိုက် သတ်ခံရမှုကို ပို၍ပင် ကြိတ်မနိုင်ခဲမရ ဖြစ်ကြသည်။ ထိုဖြစ်စဉ်မှာ မူဆယ်မြို့တောင်ဘက်ရှိ ဘွမ်ပရိဘွမ် ဒေသတွင် KIA စစ်သား ၅ ဦးနှင့် အရပ်သား တဦး သတ်ဖြတ်ခံခဲ့ရသည့် အမှု ဖြစ်သည်။

၂၀၀၆ ဇန်နဝါရီလ ၂ ရက်နေ့၌ အစိုးရတပ်မှ ဗိုလ်မှူးလှမိုးဦးစီးသော တပ်ဖွဲ့ဝင် ၁၂ ယောက် ဘွမ်ပရိဘွမ် ရှိ KIO အုပ်ချုပ်ရေးရုံးသို့ ရောက်လာရာ ရုံးရှိ KIA တပ်သားများက အစား အသောက်နှင့် ဧည့်ခံရန် ပြင်ဆင်စဉ် အစိုးတပ်က ၎င်းတို့အား ရုံးတွင်းနှင့် မီးဖိုချောင်၌ပင် ပစ်ခတ် သတ်ဖြတ်ခဲ့သည် ဟု မှတ်တမ်းများက ဆိုသည်။ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ KIA မှ ဓာတ်ပုံ မှတ်တမ်းများ ဧရာဝတီသို့ ပေးခဲ့သည်။

“ဖြစ်လျှင်ဖြစ်ခြင်း အစိုးရတပ်က အင်အားဖြည့်ပြီး တခြား KIA တပ်တွေ ဝင်လာလို့ မရအောင် တားလိုက်တယ်။ အလောင်းတွေ သွားသယ်လို့မရဘူး ဖြစ်သွားတယ်" ဟုမှတ်တမ်းများကဆိုသည်။

အသတ်ခံရသည့် စစ်သည်အလောင်းများ ပြန်လည်ရရှိရန် လက်ရှိ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဂွမ်မော် ဦးဆောင်သည့် အဖွဲ့နှင့် အစိုးရ စစ်တပ်အရာရှိများ တွေ့ဆုံခဲ့သည်။ ထို့နောက် အလောင်းကောက်ရန် ခွင့်ပြုချက်ရ၍ ဇန်နဝါရီလ ၆ ရက်နေ့ ၌ အလောင်းကောက်သွားသောအခါ ထိုအလောင်းများကိုမတွေ့ရဘဲ မီးင်္သဂြိုလ်နှင့်ပြီးသား ဖြစ်သောကြောင့် ပြာအိတ်များကိုသာ တွေ့ရသည် ဟု KIA ခေါင်းဆောင်များက ဆိုသည်။

ထိုဖြစ်စဉ်၌ အသက် ဆုံးရှူံးသူများမှာ KIO အုပ်ချုပ်ရေး အရာရှိ လဘန်ဂမ်ဖန်း၊ တပ်ကြပ်ကြီး ဘရမ်မိုင်၊ ရုံးအကူ ဇခွန်ကဝမ်ခန်၊ မရမ်တူးရှမ်၊ ဘရမ်ရှောင် နှင့် ရွာသား အိုက်ညွန့်တို့ ဖြစ်ကြောင်း KIA မှတ်တမ်းများက ဆိုသည်။

“ပြာပဲ ရတော့ မှန်းပြီး အစုလိုက်၊ အစုလိုက် ခွဲပြီး သင်္ဂြိုဟ်လိုက်ရတယ်၊ ကျုပ်တော့ မျက်ရည်ကျခဲ့ရတယ်" ဟု ထိုစဉ်က သတ်ဖြတ်ခံရသူ စစ်သည်များ၏ ဈာပနတွင် ဗိုလ်မှူးချုပ်ဂွမ်မော်နှင့် အတူ ဦးဆောင် ပါဝင်ခဲ့သူ ဗိုလ်မှူးကြီးဇော်ရောက ဧရာဝတီကို ရှင်းပြသည်။

သူက ရှမ်းပြည်နယ်တွင် လှုပ်ရှားနေသော KIA တပ်မဟာ ၄ ၏ လက်ရှိ တာဝန်ခံဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးအတွက် ကျင်းပခဲ့သော အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သည့် KIO ၏ ထိပ်တန်း ကိုယ်စားလှယ် တဦး ဖြစ်သည်။ သူက လွန်ခဲ့သည့်လ မိုးမောက်မြို့နယ် တာပိန်ရေအား လျှပ်စစ်စက်ရုံ အနီး KIA နှင့် အစိုးရတပ်တို့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည် အချိန်မှစ၍ အစိုးရတပ်မှစစ်သုံ.ပန်းများ အား KIA က ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းများကို ထောက်ပြ၍ အလားတူ ဆက်ဆံမှုမျိုး အစိုးရစစ်တပ်က ကျင့်သုံးခဲ့ခြင်း မရှိကြောင်း ပြောဆိုသည်။

KIA မှတ်တမ်းများအရ ၂၀၀၅ အောက်တိုဘာလ သီးခြားဖြစ်စဉ် ၂ ခုတွင် ရှမ်းပြည်နယ်ရှိ KIO အုပ်ချုပ်ရေးမှူး ၂ ယောက် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ KIA ခေါင်းဆောင်များက ၂၀၀၅၊ ၂၀၀၆ ဖြစ်စဉ်များတွင် အဓိက တာဝန်ရှိသူမှာ ထိုအချိန်က တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်မြင့်လှိုင် ဖြစ်ကြောင်း ပြောဆိုကြသည်။

ဗိုလ်မှူးချုပ်ဂွမ်မော်က KIA ခေါင်းဆောင်များကယခုဖြစ်စဉ်များအားနိုင်ငံတကာ သိရှိရန်ယခင်က မကြိုးပမ်းခဲ့ခြင်းမှာ ရေရှည် နိုင်ငံရေးဖြစ်ထွန်းမှုများကိုထောက်ချင့်၍ မ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“သတ်ခံတာရတာတွေက သမရိုးကျ မဟုတ်ဘူးလို့ ပြောလို့မရဘူး။ ဒီလို အကြောင်းမဲ့ သတ်လာတာတွေ များလို့ သမရိုးကျ လို့တောင် ပြောလို့ရတယ်" ဟု သူက လိုင်ဇာရှိ KIA စစ်ဆင်ရေးများ ကွပ်ကဲသည့် ခန်းမ၌ ဧရာဝတီနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“သတ်ခံရတာတွေကတော့ အချည်းအနှီး မဖြစ်ပါဘူး၊ လွန်ခဲ့တဲ့လက ကျုပ်တို့ တပ်ကြပ် ၁ ယောက် မိုးမောက်က ကျုပ်တို့ ဆက်ဆံရေးရုံးမှာ အစိုးရတပ်က ဖမ်းပြီး အသတ်ခံလိုက်ရတယ်၊ ဒါလည်း အချည်းအနှီး မဖြစ်ပါဘူး၊ နိုင်ငံတကာက သိသွားတာပေါ့” ဟု သူက ဆိုသည်။

လွန်ခဲ့သည့်လ နှစ်ဘက် ပစ်ခက်မှုများ စတင် ဖြစ်ပွားပြီးနောက် KIA က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရယူမည် ဆိုလျှင် ထိုသဘောတူညီချက်၌ ခိုင်မာ၍ အနှစ်သာရရှိသည့် နိုင်ငံရေးတွေ့ဆုံတွေ့ဆုံဆွေးနွေးမှုပါရှိရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက စစ်ပွဲများ ဆက်လက်ဖြစ် ပွားနေမည် ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုထားသည်။

သို့ရာတွင် KIA အရာရှိများ၊ ရဲဘော်များက ငြိမ်းချမ်းရေးကာလ သတ်ဖြတ်ခံရမှုများကို ထောက်ပြပြီး နောက်တကြိမ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ရေးကို အလွန်တရာ မနှစ်မြို့သည့် အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် ဦးတင်အောင်မြင့်ဦး ကဲ့သို့ စစ်ခေါင်းဆောင်ဟောင်းများ ဦးစီးသော အစိုးရအဖွဲ့နှင့် ညိုနှိုင်းရန် ယုံကြည်မှု ပျက်သုဉ်းနေသည်ကို တွေ့ရသည်။

၂၀၀၅ ခုနှစ် အမေရိကန်တွင် နိုင်ငံရေး ခိုလှုံသွားသော အစိုးရတပ်မှ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ကမူ အထက်ဖော်ပြပါ သတ်ဖြတ်မှုများသည် ၂၀၀၀ ပြည့်နှစ်အချိန်လောက်မှစ၍ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ အမိန့်အရ စစ်တပ်က တိုင်းရင်းသား အပစ်အခတ် အဖွဲ့များအား ခပ်ကြမ်းကြမ်း ကိုင်တွယ်ရန်၊ အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသများ၌ စစ်အင်အား တိုးချဲ့ရန် စသည့် မူဝါဒများနှင့် အဓိက သက်ဆိုင်သကဲ့သို့၊ ဦးတင်အောင်မြင့်ဦး၏ ကြမ်းကြမ်း တမ်းတမ်း အုပ်ချုပ်မှုများကြောင့်လည်း ဖြစ်သည်ဟု ဧရာဝတီအား လွန်ခဲ့သည့် အပတ်က ပြောကြားခဲ့သည်။

တင်အောင်မြင့်ဦး ဆိုတာ တပ်ထဲမှာတော့ လူသတ်သမားလို့ နာမည်ကြီးတဲ့လူပါ။ သူရဲ့ ဆောင်ပုဒ်က ရန်သူကို မညှာနဲ့၊ ရှင်းစရာရှိရင် အပြတ်ရှင်း၊ ဒါကသူပြောနေကျ။ ရန်သူကို ညှာလာလို့ ဆိုပြီး ဗိုလ်မှူးလောက် အဆင့် ရှိတဲ့သူကို ပါးရိုက်ပစ်တာ ကျုပ်ကိုယ်တိုင် မြင်ဖူးတယ်” ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

KIA အရာရှိများက ဆက်လက် ဖြစ်ပွားနေသော KIA နှင့် အစိုးရတပ် တိုက်ပွဲများတွင် အဓိက ပါဝင်နေသူတဦးမှာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်သည်ဟု ယူဆကြသည်။ ဗိုလ်မှူးကြီးဇော်ရောနှင့် အခြား KIA အရာရှိများက ဖော်ပြပါ သတ်ဖြတ်မှုများအား ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကင်တားနား အဆိုပြုထားသည့် မြန်မာနိုင်ငံ အတွင်း စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ စုံစမ်းရေးကော်မရှင် နှင့် တခြား နိုင်ငံတကာ တာဝန်ရှိသည့် အဖွဲ့အစည်းများက စုံစမ်း အရေးယူ ဖော်ထုတ်သင့်ကြောင်း ပြောဆိုကြသည်။

“ကုလသမဂ္ဂက ဒီကိစ္စတွေကို စုံစမ်း ဖော်ထုတ်စေချင်တယ်။ ကျုပ်တို့တော့ ဒီကိစ္စတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး" ဟု ဗိုလ်မှူးကြီးဇော်ရောက ဆိုသည်။

KIA ဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု
မှတ်တမ်းရုပ်သံ အပိုင်း ၁၊ ၂
http://www.irrawaddyblog.com/2011/07/kia.html

မှတ်တမ်းရုပ်သံ အပိုင်း ၃၊ ၎
http://www.irrawaddyblog.com/2011/07/blog-post_2611.html

သားမယား ပြုကျင့်ရန် ကြံစည်မှုကြောင့် မာရမာ မိသားစု ၃ ဦး အသတ်ခံရ

မောင်ရမ္မာ

ဘင်္ဂလာ ဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် ( ရွာတော်) ခရိုင် လမားမြို့နယ်ရှိ ဘင်္ဂါလီ အခေါ် နော်ရပါရာ၊ ရခိုင်အခေါ် ရွှေအောင် (မာဇောင်းရွာ) ၌ ယနေ့ နံနက် ၁၀ ရီခန့်တွင် သားမယားပြုကျင့်ရန် ကြံရွယ်မှု တစ်ခုတွင် မိသားစုသုံးဦး အသတ်ခံ လိုက်ရ သည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူ မိသားစုသုံးဦးမှာ အဖိုးဖြစ်သူ ဦးအောင်သာဦး (အသက် ၆၅နှစ်)၊ သမီးဖြစ်သူ လှမိုးသူ (အသက် ၃၆နှစ်)နှင့် ၈ နှစ်သားအရွယ် မြေးယောက်ျားလေး တဦးတို့ ဖြစ်သည်။

သေဆုံးရပုံနှင့် ပတ်သက်ပြီး ဒေသခံတဦးက " ဒီနေ့ နံနက် ၁၀ နာရီလောက်မှာ အသတ်ခံရတာ ဖြစ်ပါတယ်။ ဘင်္ဂလီ အမျိုးသားတဦးက သေဆုံးသွားတဲ့ မိသားစု အလုပ်လုပ်နေကြတဲ့ ယာတဲနားကို ရောက်လာပြီးတော့ ပထမ ဆုံး အဖိုးကြီးဆီက သစ်ပင်တပင် ခုတ်စရာရှိတယ်။ ဓါးကို ခဏ ငှားပါ ဆိုပြီး တောင်းပါတယ်။ ဓါးရတာနဲ့ အဖိုးကြီးကို ခုတ်သတ်လိုက်တယ်။ နောက်တခါ အဖိုးကြီးရဲ့သမီးဖြစ်သူ ဒေါ်လှမိုးသူကို ခုတ်သတ် လိုက်တယ်။ နောက်ပြီးတော့ အနားမှာရှိတဲ့ အဖိုးကြီးရဲ့ မြေး၊ ဒေါ်လှမိုးသူရဲ့သား ၈နှစ်အရွယ်ကလေးငယ်ကို ခုတ်သတ်လိုက်တယ်။ အဲဒီ နေရာမှာဘဲ သုံးဦးစလုံး သေဆုံးသွားတာဖြစ်တယ်။"

ဓါးဖြင့် ခုတ်သတ်သူ မူဆလင်အမျိုးသားမှာ အသက် ၂၀ အရွယ် အဘူလ်မူဆိန်းဖြစ်ပြီး သေဆုံး သွားသည့် ဒေါ် လှမိုးသူ၏ သမီး ၁၄ နှစ်အရွယ် ဦးမသိန်းကို သားမယား အဖြစ် ပြုကျင့်ရန် အကြံ အစည်ဖြင့် ရောက်ရှိလာစဉ် မြေးအဖိုး သုံးယောက် စလုံးကို အရင် အသတ်ခံလိုက်ခြင်း ဖြစ်သည်။

ဦးမသိန်း လွတ်မြောက်လာခြင်းနှင့်ပတ်သက်ပြီး အဆိုပါ ဒေသခံက " ဦးမသိန်းက အိမ်ထဲမှာ ရှိနေတယ်၊ အပြင်မှာ အဖိုး၊ အမေနဲ့ မောင်လေးကို ခုတ်သတ် နေတာကို မြင်လို့ ကြောက်ရွံ့နေတဲ့ ဦးမသိန်းကို လည်ပင်းပေါ် ဓါးတင်ပြီး သားမယားအဖြစ် ပြုကျင့်ဖို့ အကြံနဲ့ အိမ်ပေါ်ကို တက်ဆိုပြီး ခြိမ်းခြောက်တဲ့ အခါ ဦးမသိန်းက ရှင် အယင်တက်၊ ကျွန်မ နောက်က တက်မယ်ဆိုပြီး ဘင်္ဂါလီ အမျိုးသား အိမ်ပေါ်အတက်မှာ ဦးမသိန်းက ထွက်ပြေး လွတ်မြှောက်လာတာ ဖြစ်ပါတယ်။"

ထွက်ပြေး လွတ်မြောက်လာသူ ဦးမသိန်း၏ အကူအညီ တောင်းမှုကြောင့် အနီးအနားကျေးရွာမှ လူများက ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ရာ ရဲမှ လူသတ်တရားခံကို ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေ သည်ဟု သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းများကို ဘင်ဒရိုဘင်ခေါ် ရွာတော်မြို့သို့ စစ်တပ်မှ ယူဆောင် သွားပြီဖြစ် ကြောင်း သိရသည်။

ယခုအခါ ဒေသခံ မာရမာ ဗုဒ္ဓဘာသာများနှင့် ဘင်္ဂလီ လူမျိုးများ အကြား ပြဿနာ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံစစ်တပ်က တောင်ပေါ်သားများကို အခင်းဖြစ်ပွားရာ နေရာသို့ သွားလာခွင့် မပြုဘဲ ပိတ်ပင်ထား သည်ဟု သိရသည်။

အဆိုပါ ဒေသသည် မရမာ အမည်ခံ ရခိုင်မျိုးနွယ်စုနှင့် မြို၊ မြုံ စသော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ဒေသဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ရန် ဘန်ကီမွန်း တိုက်ရိုက်ဖုန်းဆက် တောင်းဆို

ပီတာအောင်

မြန်မာနိုင်ငံထဲ အကျဉ်းထောင်တွေထဲမှာ မလွတ်မြောက်သေးဘဲ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်ကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြောကြားပြီး ထပ်မံ တောင်းဆိုခဲ့တယ်လို့  ကုလသမဂ္ဂက သတင်းထုတ်ပြန် လိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့​​ တွေ့​ဆုံမှုအပေါ် ကြိုဆိုလိုက်ပြီးနောက် ရက်ပိုင်းအတွင်း မစ္စတာဘန်ကီမွန်းက ခုလို တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးတာဟာ မြန်မာအစိုးရ လုပ်ဆောင်နိုင်တဲ့ တခုတည်းသော အရေးအကြီးဆုံး အလုပ်ဖြစ်တယ် ဒါကိုမြန်မာအစိုးရက လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအ၀န်းက မျှော်လင့်နေတာ ဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောတဲ့အကြောင်း ကုလသမဂ္ဂ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားရာမှာ မြန်မာအစိုးရအဖွဲ့သစ် ကြေညာထားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သူ့ အနေနဲ့ လူသိရှင်ကြား ကြိုဆိုတဲ့တယ်လို့ အတွင်းရေးမှူးချုပ်က အလေးထား ပြောကြားခဲ့ကြောင်း ဘန်ကီမွန်းရဲ့  ပြောခွင့်ရသူက ပြောပါတယ်။

မြန်မာအစိုးရဟာ ခုဆိုရင် အကောင်အထည် ပြနိုင်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နေပြီး နိုင်ငံကို ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီကျတဲ့၊ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်အောင် ရှေ့ခရီးဆက် လှမ်းနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ အစိုးရတပ်တွေ အကြား လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်မှုကို စိုးရိမ်ပူပန်ကြောင်းနဲ့ အစိုးရအနေနဲ့ အခြေအနေကို ငြိမ်းချမ်စွာဖြေရှင်းဖို့ လိုတယ်လို့ လည်း မစ္စတာဘန်ကီမွန်းက ဦးဝဏ်ဏမောင်လွင်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဘန်ကီမွန်းရဲ့ ပြောဆို တိုက်တွန်းချက်တွေကို မြန်မာဝန်ကြီးက ဘယ်လို တုံ့ပြန်ပြောဆိုခဲ့တယ် ဆိုတာတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်ထားပေမယ့် မြန်မာ အစိုးရ အဆက်ဆက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

စစ်တပ် ရိက္ခာတင် လှေတစီး ရေထဲမြုပ်၊ လှေထိုးသား တဦးသေဆုံး

ခိုင်သော်က

ရခိုင်ပြည်နယ် ကုလားတန်မြစ်ဖျား ပလက်ဝမြို့နယ်အတွင်း တာဝန်ကျနေသော ရှေ့တန်းစစ်ကြောင်းတခုမှ ရိက္ခာ တင်ယူရန် ရှော့ဆွဲလာသော လှေတစီးသည် မိုးသည်းထန်းစွာ ရွာချမှု့ကြောင်း ရေစီးဆန်ပြီး မျော့ပါ၍ ကျောက်ဆောင်းကို ၀င်တိုက်သဖြင့် လှေထိုးသားတဦး သေဆုံးပြီး လှေမှာလည်း ရိက္ခာ အပြည့်နဲ့ ရေထဲ မြုပ်ပါ သွားသည်ဟု သိရသည်။

အဆိုပါ ရှေ့တန်း စစ်ကြောင်းမှာ နပခ စစ်ဌာနချုပ် လက်အောက်ခံ ကျောက်ဖြူမြို့ အခြေစိုက် ခလရ ၃၄ တပ်ရင်က ရှေ့တန်းမှူး ဗိုလ်ကြီး မျိုးနိုင်ဝင်း ဦးစီးသည့် စစ်ကြောင်း ဖြစ်သည်ဟုလည်း သိရသည်။

တာဝန်ကျ ရှေ့တန်း နယ်မြေဖြစ်သော ကုလားတန်မြစ်ဖျား ပလက်ဝ မြို့နယ် လပ၀ ကျေးရွာနေ ဦး စိန်ထွန်း အောင်၏ လှေကို ရွာသား ၂ ဦးနဲ့ အတူ ရိက္ခာတင်ယူရန်အတွက် ဇူလိုင်လ ၁၇ ရက်နေ့က ရှော့ ဆွဲယူသွားပြီး ပလက်ဝမြို့မှ ဆန်၊ ဆား ၊ ငရုပ် ၊ သကြား ၊ နိုစည် ၊စားဆီ နဲ့ ကျမ်မာရေး ဆေးပစ္စည်းများကို အပြည့်တင်ပြီး လုံခြုံရေး ရဲဘော် ၃ ဦး လှေထိုးသား ၂ ဦးဖြင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီကျော်ခန့် တွင် ကုလားတန် မြစ်ဖျား စစ်ကြောင်း အခြေပြုနေရာသို့ ရေဆန်တက်လာရာ ညနေ ၄ နာရီကျော်ခန့်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာချမှု့ကြောင့် ရေစီးဆန်၍ လှေမျောပါပြီး ကျောက်ဆောင်ကို ၀င်တိုက် သဖြင့် သေဆုံခဲ့ကြောင်း ၄င်းဒေသမှ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သေဆုံးသော လှေထိုးသားမှာ ပလက်ဝမြို့နယ် လပ၀ ကျေးရွာမှ အဘ ဦးလှဘော်(ကွယ်လွန်)၏ သားကြီး လှထွန်းဦး၊ အသက် ၄၈ နှစ်ဖြစ်ကြောင်း သူ့မှာ ဇနီး ချမ်းမေ နဲ့ သမီးကြီး မလှမေ၊ ၁၅ အရွယ်တဦးနဲ့ ၁၁ နှစ် သားတဦး၊ ၈ နှစ်သမီးငယ်တဦး ကျန်ရှိလိုက်သည်ဟု ၎င်းဒေသခံတဦးကပြောပြသည်။

လုံခြုံရေး လိုက်ပါ လာသော ရဲဘော် ၃ ဦးမှာလည်း လက်နက်များ ရေထဲကျ ၍ ဆုံးရှုံးခဲ့ကြောင်း စုံစမ်း သိရသည်။

ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း ၁၀ကျော် ပိတ်ပစ်လိုက်ရ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင် နယ်ခြားစောင့်တပ် ခွဲထွက်အဖွဲ့နှင့် လက်ကျန် နယ်ခြားစောင့် တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွား မှုကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စာသင်ကျောင်း ၁၄လုံးကျော် ပိတ်ပစ် လိုက်ရ သည်ဟု ကရင် ကျောင်းဆရာများ သမဂ္ဂ(KTWG) ၀က်ဘ်ဆိုက် စာ မျက်နှာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားသဖြင့် လှိုင်းဘွဲမြို့နယ်ရှိ မယ့်ကွီးထာ၊ လော်ပူ၊ ၀ဲပျာ့၊ ၀ါ့တမူ့၊ မဲ့ဆေ၊ မဲ့ လော်ထာ၊ ထီးလာနဲ၊ ယော်ပို၊ တကြီကလား၊ သေရဖုိးကြီး၊ ကမားထာ၊ ကြီးေလး၊ ပနွယ့်သာကလား(ရွာသစ်)၊ ထီးပယ် စသည့်ကျေး ရွာများမှ စာသင်ကျောင်းအားလုံး ပိတ်ပစ်လိုက်ရသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်နေသည့် ခွဲထွက် နယ်ခြားစောင့် တပ်မှ ဆေးမှူးတဦးက KTWG ကို ပြောသည်။

ဒီကေဘီအေ ဆေးမှူး စောပေါ်ခလာက “နယ်ခြားစောင့်တပ်တွေက မြင့်တဲ့နေရာကို တက်နေပြီးတော့ သူတို့ စိတ်မချရတဲ့နေရာဆို လက်နက်ကြီးတွေနဲ့ လိုက်လံပစ်ခတ်တဲ့အတွက် လူနေအိမ်တချို့ကို ထိတယ်။ ရွာသူရွာသားတွေ ကြောက်လန့်ကြတဲ့အတွက် အခြား နေရာကို ရှောင်တိမ်းသွားကုန်တော့ ကျောင်းတွေလည်း အကုန်လုံး ပိတ်ပစ်လိုက်ရတယ်။”ဟု ပြောသည်။

ထိုသို့ ခွဲထွက်သွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ကို (၁၀၁၂)တပ်ရင်းမှူး ဗိုလ်မှူးစောဘိက ဦးစီးလျှက်ရှိပြီး တပ်အင်အား ၁,၀၀၀ ကျော် ရှိသည်။

ထို့အပြင် ပစ်ခတ်မှုများကြောင့် ကျောင်းသားမိဘ အများစုသည် ၎င်းတို့၏ ကလေးများအား ကျောင်းဆက်မထားတော့ဘဲ အပြီးအ ပိုင် ကျောင်းထုတ်ပစ်ကာ ၎င်းတို့ပြောင်းရွှေ့ရာ နေရာများသို့ တပါတည်း ခေါ်ဆောင်သွားကြောင်း စောပေါ်ခလာက ပြောသည်။

ခွဲထွက် BGF တပ်ဖွဲ့၏ ဇနီးတဦးက “ကျမ အမျိုးသားက နယ်ခြားစောင့်တပ်ကနေ ခွဲထွက်သွားကတည်းက ကျမကလေးတွေကို ကျောင်းထုတ်လိုက်တယ်။ ကလေးတွေကတော့ အသက်အန္တရာယ် ဘယ်လောက်အထိ စိုးရိမ်ရလဲဆိုတာ ဘာမှမသိကြရှာပါဘူး။” ဟု ပြောသည်။

ပညာတက်ရင်း ကျောင်းထွက်လိုက်ရသည့် မြိုင်ကြီးငူမှ ၇တန်းကျောင်းသူ နော်ဘလယ်ဘလယ်က “ကျောင်းက စာအတူသင်ရတဲ့ သူငယ်ချင်းကို အရမ်းသတိရတာပဲ။ အခု သူတို့တွေ ဘယ်ကို ရောက်နေပြီလဲ မသိတော့ဘူး။ စာသင်ရသေးလားတော့ သမီး မသိ ဘူး။ သူတို့တွေနဲ့အတူ ကျောင်းပြန်တက်နိုင်ဖို့ သမီးမျှော်လင့်ပါတယ်။”ဟု ဆိုသည်။

၎င်းပစ်ခတ်မှုများကြောင့် ထိုဒေသရှိ ဒေသခံရွာသားတချို့သည် ၎င်းတို့ နေရပ်ကိုစွန့်ခွာ၍ ထိုင်း-မြန်မာနယ်စပ် မဲ့သဝေါကျေးရွာ တနေရာတွင် ရောက်ရှိလာပြီး ယခုလ ၂၅ရက်နေ့အထိဆိုလျှင် ရွာသူရွာသား ၁၀၀ဦးကျော်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး (အပိုင်း - ၁၃)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း

၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ။

သီးစားခ။ ။ ဆိုသည်မှာ လယ်ယာမြေ တရပ်ရပ်ပေါ်တွင် လုပ်ကိုင်စိုက်ပျိုး၍ အကျိုးခံစားခွင့် ရရှိသည့်အတွက်မြေရှင်တဦးဦးအား ပေးရသည့် အခကြေးငွေကို ဆိုလိုသည်။ (ပုဒ်မ ၂ (၁) (ဂ) သီးစား။ ။ ဆိုသည်မှာ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်သည့် အတွက် သီးစားခ ပေးရန် တာဝန်ရှိသူကို ဆိုလိုသည်။ (ပုဒ်မ ၂ (၁) (င)

ရှင်းလင်းချက်။ ။ ထိုစကားရပ်တွင် အဖွဲ့အစည်းများ ပါဝင်သည်။

မြေရှင်။ ။ ဆိုသည်မှာ မြေနှင့် အခွန်အက်ဥပဒေ၊ သို့တည်းမဟုတ် မြန်မာနိုင်ငံ အထက်ပိုင်းမြေနှင့် အခွန်ရက်ဂူလေးရှင်း ဥပဒေအရ လယ်ယာမြေ လက်ဝယ်ထားရှိနိုင်သည့်၊ သို့တည်းမဟုတ် ပိုင်ဆိုင်သည့် အခွင့်အရေးရသော ပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းကို ဖြစ်စေ ဆိုလိုသည်။ ထိုစကားရပ်တွင် မြေရှင်၏ ကိုယ်စားလှယ် ပါဝင်သည်။ (ပုဒ်မ ၂ (၁) (စ)

မြေခွန်။ ။ ဆိုသည်မှာ အစိုးရက မြေနှင့် အခွန်အက်ဥပဒေသို့တည်းမဟုတ် မြန်မာနိုင်ငံအထက်ပိုင်း မြေနှင့်အခွန် ရက်ဂူလေးရှင်း ဥပဒေအရ၊ အစိုးရက လယ်ယာမြေ များအပေါ် စည်းကြပ်သည့် အခွန်ကို ဆိုလိုသည်။ ထိုစကားရပ်တွင် ဆည်မြောင်း အက်ဥပဒေအရ အစိုးရက လယ်ယာမြေများကိုရေသွင်းပေးသည့်အတွက် စည်းကြပ်သည့် ရေခွန် မပါဝင်ချေ။ (ပုဒ်မ ၂ (၁) (ဃ)

၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ။

လယ်ယာမြေ။ ။ ဆိုသည်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်းမဟုတ် လက်ရှိထားရှိသည့် မြေကို ဆိုလိုသည်။

ရှင်းလင်းချက် ၁။ ။ ထိုစကားရပ်တွင် လူအများ အခေါ်အဝေါ်အားဖြင့် လယ်၊ ယာ၊ ကိုင်းမြေဟုသော်၎င်း၊ ကြက်ပေါင်စေး၊ ဓနိ၊ ဥယျာဉ်ခြံမြေဟု၎င်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမာလ် စိုက်ပျိုးသည့် ခြံမြေဟုသော်၎င်း၊ ကျွန်း၊ မြေနုကျွန်းပေါ်ဟုသော်၎င်း သတ်မှတ်သည့် မြေများ ပါဝင်သည်။

ရှင်းလင်းချက် ၂။ ။ ထိုစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ယာများ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေကွက်များ မပါဝင်ချေ။

ရှင်းလင်းချက် ၃။ ။ ထိုစကားရပ်တွင် လယ်ယာမြေပေါ်တွင် တည်ရှိနေသည့် အဆောက်အအုံများ အကျုံးဝင်သည်။
(ပုဒ်မ ၂ (က)

တောင်သူ လယ်သမား။ ။ ဆိုသည်မှာ လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်း အဖြစ်ဖြင့်၊ မိမိလက်ဖြင့် လုပ်ကိုင်သူကို သို့တည်းမဟုတ် မိမိလက်ဖြင့် အစဉ်တစိုက် လုပ်ကိုင်ခဲ့သူကို သို့တည်းမဟုတ် ဆိုင်ရာနှစ်တွင် လယ်ယာမြေကို၊ မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန် တလျှောက်လုံး ကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်သူကို ဆိုလိုသည်။ (ပုဒ်မ ၂ (ခ) ဤဥပဒေ ပုဒ်မ ၃။ ။ (၁) တည်ဆဲ အခြားတရားဥပဒေ တရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ၊ တရားမရုံး တခုခု၏ ဒီဂရီ၊ သို့တည်းမဟုတ် အမိန့်ဖြင့် -

(က) လယ်ယာမြေကိုသော်၎င်း၊ လယ်ယာမြေ လုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ၊ နွားနှင့် ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာ တန်ဆာပလာ၊ အခြား သက်ရှိသက်မဲ့ ကိရိယာ တန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေမှ ထွက်သော ပစ္စည်းများကိုသော်၎င်း၊ ဝရမ်းကပ်ခြင်း၊ သိမ်းဆည်းခြင်း မပြုရ။

(ခ) လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်၎င်း၊ လယ်ယာမြေထဲသို့ မဝင်ရဟုသော်၎င်း တားဆီးခြင်း မပြုရ။

(ဂ) လယ်ယာမြေကို လုပ်ကိုင်သည့် ကျွဲ၊ နွားနှင့် ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာ တန်ဆာပလာများ ကိုသော်၎င်း၊ အခြားသက်ရှိ သက်မဲ့ ကိရိယာ တန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေမှ ထွက်သော ပစ္စည်းများကိုသော်၎င်း မရွှေ့မပြောင်းရဟု သို့တည်းမဟုတ် ရောင်းချသုံးစွဲ ထုခွဲခြင်း မပြုရဟု တားဆီးခြင်း မပြုရ။

(ဃ) အပိုဒ် (က) (ခ) (ဂ) ပါ ကိစ္စတခုခုနှင့် စပ်လျဉ်း၍ တောင်သူလယ်သမား တဦးဦးကို ဖမ်းဆီးချုပ်နှောင်ခြင်း
မပြုရ။ ဟု ဖော်ပြထားပါသည်။

၈) အနိမ့်ဆုံး အခကြေးငွေနှင့် သီးစားခ

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော ”ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဤအခြေခံဥပဒေ၏ အခန်း ၃ ။ တောင်သူ လယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန် ဝတ္တရားများ၊ ပုဒ်မ ၃ဝ -

(၁) နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။

(၂) ဤအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မြေယာပိုင်ဆိုင်ခွင့် စနစ်များကို စည်းမျဉ်းတကျဖြစ်စေရန်သော်၎င်း၊ လွှဲပြောင်းရန်သော်၎င်း၊ ဖျက်သိမ်းရန်သော်၎င်း၊ နိုင်ငံတော်၌ အခွင့်အရေး ရှိရမည်။ သို့တည်းမဟုတ် မည်သည့်မြေယာကို မဆိုလည်း သိမ်းယူပြီးလျှင်၊ ထိုမြေယာကို စုပေါင်းစိုက်ပျိုးရေးအတွက်ဖြစ်စေ၊ သမဝါယမ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ လယ်သီးစားသမားများသို့ဖြစ်စေ၊ ဝေငှပေးရန် အခွင့်အရေး ရှိရမည်။

(၃) မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာအမြောက်အမြား ပိုင်ဆိုင်နိုင်သော အခွင့်အရေး မရှိစေရ။ တဦးတည်းပိုင်ဖြစ်သော မြေယာ၏ အများဆုံး မြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။ ဟု ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက လယ်ယာမြေအများစုကို တောင်သူလယ်သမား မဟုတ်သော ငွေရှင်ကြေးရှင်များ လက်ထဲသို့ လယ်ယာများ ရောက်နေခြင်းကြောင့် တောင်သူလယ်သမားများ အများထုကြီးသည် သီးစားခ ကြီးမားလွန်း၍ လယ်ယာကို စွဲစွဲမြဲမြဲ မလုပ်ကိုင်နိုင်ခြင်း၊ လက်ငုတ်လယ်ယာ လက်မဲ့ဖြစ်ရခြင်း၊ ကြွေးမြီတင်ခြင်း စသည့် ပြဿနာ မြောက်မြားစွာနှင့် တွေ့ကြုံရင်ဆိုင်ခဲ့ကြရသည်။

ထို့ကြောင့် ”လယ်လုပ်သူသာ လယ်ပိုင်ရမည်” ဟူသော သဘောတရား ပေါ်ထွက်လာခဲ့သည်။ လယ်ယာမလုပ်သူတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေများကို သိမ်းယူ၍ လယ်လုပ်ခွင့် မရသူတို့အား ဝေပေးရန်အတွက် ”၁၉၄၈ ခုနှစ်တွင် သီးစားချထားရေး ဥပဒေနှင့် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၈ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို လက်တွေ့ဆောင်ရွက်ရာ၌ ၁၉၅ဝ ခုနှစ်တွင် သန်လျင်မြို့၌ စတင်ကျင့်သုံးရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရသော ချွတ်ယွင်းချက်များ တွေ့ရှိခဲ့ရသည်။ ထိုကြောင့် ၎င်းချွတ်ယွင်းချက်များကို ပြုပြင်ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို အသစ်တဖန်
ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၃ ခုနှစ် သီးစားချထားရေး ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့သည်။

မြန်မာနိုင်ငံတွင် (၁) ၁၉၃၉ ခုနှစ် သီးစားအက်ဥပဒေ (၂) ၁၉၄၆ ခုနှစ် သီးစားအက်ဥပဒေ (၃) ၁၉၄၈ ခုနှစ် သီးစားချထားရေး အက်ဥပဒေ (၄) ၁၉၅၃ ခုနှစ် သီးစားချထားရေး အက်ဥပဒေ ဟူ၍ သီးစား ဥပဒေများပေါ်ပေါက်လာခဲ့ပြီးနောက်ဆုံး တော်လှန်ရေး ကောင်စီလက်ထက် ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေကို ပြီးပြည့်စုံပြီဟု မယူဆသည့်အတွက် ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကိုထပ်မံပြဋ္ဌာန်းခဲ့ပြန်သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေတွေ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အမြား သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ ”ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့ သူအမေ ကြောက်တတ်တဲ့ အမျိုးဟာမို့” ဟု စာချိုးခဲ့သည့် အဖိုးသခင် ကိုယ်တော်မှိုင်း ကို တိုင်တည်ရပါတော့မည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေနှင့် ပတ်သက်၍ ”လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ ဥပဒေအမှတ် ၄၄) ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤ ၁၉၄၈ ခုနှစ် အက်ဥပဒေ ပုဒ်မ - ၃ တွင် ”မည်သည့် အလုပ်ရှင်မဆို သူရင်းငှား တယောက်ကို ငှားသည်ရှိသော် ထိုသူရင်ငှားအား -

(က) တတုံးထွန်ထက် ပိုမိုသည့် လုပ်ခွင်ကို ချထားလုပ်ကိုင်စေခြင်း မပြုရ။
(ခ) လယ်ယာထွန်ယက်ခြင်း မပြုသည့် အချိန်တွင် ခိုင်းနွားတရှဉ်း ထိန်းကျောင်းကျွေးမွေးရန် တာဝန်ထက်ပိုသော တာဝန်ကို ချထားခြင်း မပြုရ၊

ဤဥပဒေ ပုဒ်မ - ၄ တွင် ”(၁)(က) ကျီဝင် သူရင်းငှားတဦး၏ အခကြေးငွေမှာ ထိုသူ၏ လုပ်ခွင်မှ ထွက်သည့် သီးနှံ၏ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ဖြစ်စေရမည်။ ထို့အပြင် အလုပ်ရှင်က ထိုသူရင်းငှားအား ငှားရမ်းသည့် အချိန်ကာလပတ်လုံး ကျွေးမွေးထားရမည်။ (ခ) ကျီဝင် သူရင်ငှားမှအပ အခြားသူရင်းငှားများ ပုတ်ပြတ် လယ်ယာအလုပ်သမားများ၊ နေ့စား လယ်ယာအလုပ်သမားများအတွက် အခကြေးငွေကို နိုင်ငံတော် သမ္မတက ကျီဝင်သူရင်းငှားများ၏ နှုန်းနှင့် နှိုင်းယှဉ်ပြီး သင့်တော်သည့် နှုန်းကို ကန့်သတ်ပေးရမည်။ သို့သော် တနှစ်ပတ်လုံး လုပ်ကိုင်ရသည့် သူရင်းငှားများကို ပိုမို၍ ငှားရမ်းစေခြင်းငှာ နှုန်းများကို နိုင်ငံတော် သမ္မတက ပြုပြင်ပေးနိုင်သည်။” ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။

အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ ဥပဒေအမှတ် ၆၆) ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်တို့၌ လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများအား သင်တင့်လျောက်ပတ်စွာနေထိုင်စားသောက်နိုင်လောက်သော အခကြေးငွေကို ရရှိစေရန် ရည်ရွယ်၍ ၁၉၄၉ ခုနှစ် နိုဝင်လာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေပုဒ်မ (၂) (၁) တွင် ”အလုပ်သမား” ဆိုသော စကားရပ်တွင် အလုပ်ရှင်နှင့် ပဋိညာဉ်ပြုလုပ်ခဲ့သူ၊ သို့တည်းမဟုတ် ပဋိညာဉ်အရ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သူကို ဆိုလိုသည်။

(က) အလုပ်ရှင်၏ စီးပွားရေး လုပ်ငန်းအတွက် မဟုတ်ဘဲ အခြားကိစ္စအတွက် ခေတ္တခဏ ခိုင်းစေခြင်း ခံရသူ၊

(ခ) အစိုးရဌာနကဖြစ်စေ၊ အစိုးရကိုယ်စားလှယ်ကဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းမှတပါး အခြားကိစ္စအတွက် နိုင်ငံတော် အစိုးရက ခိုင်းစေခြင်းခံရသူ၊ ထို့အပြင် -

(ဂ) ၁၉၄၈ ခုနှစ် လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် သက်ဆိုင်သော အလုပ်သမား။ ဟူ၍ ဖော်ပြပါရှိပါသည်။

အနည်းဆုံး အခကြေးငွေ ကောင်စီများ ဖွဲ့စည်းခြင်း၊ ထိုကောင်စီများ၏ အရာရှိများနှင့် ကောင်စီများ၏ဆောင်ရွက်မှုများ။ကို ပထမ ဇယား (ပုဒ်မ ၈) တွင်၎င်း၊ စုံစမ်းရေးကော်မရှင် အဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့၏ အရာရှိများနှင့် ကော်မရှင်အဖွဲ့များ၏ ဆောင်ရွက်မှုများ။ ကို ဒုတိယဇယား (ပုဒ်မ ၉) တွင်၎င်း ဖော်ပြထားသည်။ ဒုတိယဇယား အပိုဒ် (၁) တွင် ”စုံစမ်းရေးအဖွဲ့တွင် နိုင်ငံတော် သမ္မတက ခန့်ထားသူများ ပါဝင်ရမည်။ ထိုသူများသည် -

(က) အလုပ်ရှင် အလုပ်သမားတို့နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်များအနက် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် ၃ ဦးထက် မပိုသော သူများ။
(ခ) အလုပ်ရှင် ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။
(ဂ) အလုပ်သမား ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။” ဟူ၍ ဖော်ပြထားသည်။

ပြဋ္ဌာန်းဥပဒေများ၏ အခွင့်အရေးများကို မုချမသွေ အလုပ်သမား လယ်သမားများ ခံစားကြရပေမည်။ သို့သော် ခေတ်အဆက်ဆက် အစိုးရများက ဥပဒေသည် ဥပဒေပြဋ္ဌာန်းသူများ အတွက်သာ ပြဋ္ဌာန်းခြင် ဖြစ်သည်ဟု ကြွေးကြော်လာခဲ့ကြသည်မှာ ယခုလောလောဆယ် နအဖ စစ်အစိုးရလက်ထက်ထိပင် ဖြစ်သည်။ လက်တွေ့ ဖြစ်ပျက်နေသည်များကို တစေ့တစောင်း ဖော်ပြရလျှင် မြန်မာနိုင်ငံရှိ အလုပ်သမား တဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၁၂ဝဝဝ/ကျပ်) ဖြစ်ကာ အစိုးရဝန်ထမ်းတဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၃ဝဝဝဝ/ကျပ်)ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပေသည်။ လုံးဝ ငြင်းမရပါ။

အထက်ပါ ဥပဒေများအပြင် နောက်ဆုံး လက်ရှိတည်ဆဲ ဥပဒေဖြစ်သည့် ၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေနှင့် ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေများ၌ သီးစားခကို ငွေဖြင့်သာပေးရမည်။ (၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၄ (၃) ဟု ဖော်ပြထားသည်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ပုဒ်မ ၃ (၁) (က) တွင် ”လယ်ယာမြေကိုသော်၎င်း၊ လယ်ယာမြေ လုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ၊ နွားနှင့် ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာတန်ဆာပလာ၊ အခြားသက်ရှိ သက်မဲ့ ကိရိယာ တန်ဆာပလာများကိုသော်၎င်း၊လယ်ယာမြေမှထွက်သောပစ္စည်းများကိုသော်၎င်း၊ ဝရမ်းကပ်ခြင်း၊ သိမ်းဆည်းခြင်း မပြုရ။” (ခ) တွင် ”လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်၎င်း၊ လယ်ယာမြေထဲသို့ မဝင်ရဟုသော်၎င်း တားဆီးခြင်း မပြုရ။” ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားပါသည်။

တရားဥပဒေကို လေးစားလိုက်နာပြီး တရားဥပဒေပါ အခွင့်အရေးများကို လယ်သမား၊ အလုပ်သမားများ ရရှိခံစားခွင့် ရှိပါသလား။ ယခုကျင်းပခဲ့သော ပြည်သူ့လွှတ်တော် (၉ -၃ - ၂ဝ၁၁) နေ့တွင် ဦးအောင်ခင် (ပုဇွန်တောင်၊ မဲဆန္ဒနယ်) နှင့် ဦးရဲထွန်း (သီပေါ မဲဆန္ဒနယ်) တို့ မေးမြန်းခဲ့သော ”လယ်သမားများ၏ လယ်မြေများကိုလျော်ကြေးငွေဖြင့် သိမ်းယူခြင်း၊ စက်ရုံတည်ဆောက်ရန် သိမ်းယူခြင်း ကိစ္စများကို ဖြေရှင်းပေးရန် ရှိမရှိ” မေးခွန်းနှင့် ”ကုမ္ပဏီများ၏ လျော်ကြေးအနည်းငယ်ပေး သိမ်းယူမှု၊ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်သာရှိ၊ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် မရှိခြင်း၊ လယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အာမခံချက်ပေးရန် ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခြင်း ရှိမရှိ” မေးခွန်းများကို မေးမြန်းခဲ့ကြသည်များ ရှိသည်ကို တွေ့ရှိရပါသည်။ ဦးဋ္ဌေးဦး (လယ်ဆည်ဝန်ကြီး) က တခွန်းတည်း ဖြေကြားသည်မှာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည် ဟူ၍သာ ဖြစ်သည်။ ဤစကားကို ကြားရရုံဖြင့် စည်းမဲ့ကမ်းမဲ့ နိုင်ငံနှင့်အဝှန်း လယ်သမားများထံမှ လယ်မြေများကို မတရား သိမ်းဆည်း ထားခြင်းကြောင့် ILO (နိုင်ငံတကာ အလုပ်သမားသမဂ္ဂ) က ပါဝင်ဆောင်ရွက်နေရသည်ကို နိုင်ငံတကာမှာ သက်သေခံ အထောက်အထားများ ရောက်ရှိနေပါလျက်သားနှင့် လိမ်ညာဖြေကြားခဲ့သောကြောင့်အုတ်အော်သောင်းနင်းဖြစ်ကုန်ပါသည်။ လည်ဆယ်ဝန်ကြီး ဦးဋ္ဌေးဦးကြောင့် ပြည်သူ့လွှတ်တော်တခုလုံး ပြည်သူလူထုကို လိမ်ညာနေကြောင်း မတော်မတရား ဥပဒေတွေ ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သိနေကြပေပြီ။

အလုပ်သမား၊ လယ်သမား တည်းဟူသော မြင့်မိုရ်တောင်ကြီးကို မဖြစ်စလောက် လွှတ်တော်များက ဇီးစေ့နှင့် ပေါက်၍ ရွေ့နိုင်ပါမည်လော။

နောက်ဆုံးအပိုင်း ၁၄ ကို ဆက်လက်ဖော်ပြပါမည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ July,31st,2011

( 21 )Former refugee to represent Hawaii in Washington D.C.

( 20 )ပြည်နယ်ဝန်ကြီးအိမ်ယာများ အကုန် မပြီးစီးသေး

( 19 )The curious case of Rohingya refugees

( 18 )မြောက်ဦး ဘုရားများ ရှေးဟောင်း သုတေသနသို့ မပင့်တော့

( 17 )‘FINDING GEORGE ORWELL IN BURMA’

( 16 )Refugee's pain replaced with pride

( 15 )နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံပြောကြား

( 14 )Need To Release All Remaining Political Prisoners

( 13 )နာဂ စစ်ပြေးတွေ အကူအညီ မရ

( 12 )Oman awarded win in qualifier

( 11 )ကချင် စစ်ပြေးဒုက္ခသည် ပိုများလာ

( 10 )Oman official hit by rocks

( 9 )ငါးမွေးမြူရေးလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေ

( 8 )Police want clarification of possible buildings at helicopter crash sites

( 7 )မလေးရှားပွဲစားက ရိုက်နှက်လို့ မြန်မာအမျိုးသမီး ၄ ဦး ထွက်ပြေးနေရ

( 6 )အစိုးရတပ်များ ရှမ်းဌာနချုပ်က ဆုတ်ခွာ

( 5 )Former Burmese political prisoner chosen for U.N. input

( 4 )ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ လူစာရင်း ပြန်လည်ကောက်ခံ

( 3 )A Town So Close, But Yet So Far

( 2 )နိုင်ငံတကာ ၀င်ဆန့်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမည်

( 1 )Phuket Visa Runners Warned as Man Drowns in Killer Storm

Saturday, July 30, 2011

ဒေါ်​အောင်​ဆန်းစုကြည်​ ကမ်းလှမ်းချက် ကေအိုင်အို​ ကြိုဆို

အေး​နိုင်

ဇူလိုင် ၂၈ ရက်နေ့တုန်းက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြားဝင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကချင်လွတ်လပ်ရေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

“ကျနော်တို့ အဲဒီစာကို မနေ့က ညနေပိုင်း ရပါတယ်ခင်ဗျ။ အဲဒီစာကို ကျနော်တို့ ကေအိုင်အို ဗဟိုကော်မတီအားလုံးကို ဖြန့်ဝေပြီးတော့ အားလုံးကနေ လေးလေးနက်နက် စဉ်းစားကြပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဒီနေ့ မနက်ပဲ ဗဟိုကော်မတီအစည်းအဝေးမှာ အားလုံးရဲ့ အမြင်သဘောထားကို စုပြီးတော့ ဆုံးဖြတ်ချက် ချပါတယ်။

“အဲဒီ ဆုံးဖြတ်ချက်က ဘာလဲဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ ပြောလာတဲ့ ပေးလာတဲ့ စာဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကို စုစည်းနိုင်အောင် သူ ဖော်ဆောင်ပေးချင်တဲ့ ဆန္ဒကို သူတို့ အဲဒီလိုပဲ သဘောထား မှတ်ချက် ချပါတယ်ခင်ဗျ။

“ဒါကြောင့်မို့ ဒီကိစ္စဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့အစည်း ကနေပြီးတော့ တုံ့ပြန်တဲ့ ကြေညာချက်ထုတ်ဖို့ ကျနော် မလုပ်ပါဘူး ခင်ဗျ။ ဒါကို အားလုံးနဲ့ ကိုယ်စားပြုနိုင်တဲ့ ကျနော်တို့ လက်နက်ကိုင်အင်အားစု ကိုယ်စားပြုဖွဲ့စည်းထားတဲ့ ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ) ကနေပဲ သူတို့ ထုတ်ပြန် ကြေညာချက်တွေကို အချိန်နဲ့ တပြေးညီ ဖြစ်နိုင်အောင် ထုတ်ပြန်သွားမှာပါ။ အဲဒီလို ထုတ်ပြန်သွားဖို့ကလည်း ကျနော်တို့ ယူအန်အက်ဖ်စီ ကိုလည်း ကျနော်တို့ရဲ့ ဆန္ဒတွေကို တင်ပြထားပြီးပါပြီ။ အဲဒီစာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့အစည်း တခုရဲ့ အမြင်ကတော့ အဲဒီစာကို ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်က ကြိုဆိုတယ်။ စာပါ အကြောင်းအရာကို လက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင်ပဲ အားလုံး ဝိုင်းပြီးတော့ ကြိုးစားရမယ် ဆိုတာတော့ ဒါ ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းရဲ့ အမြင်ပေါ့နော်။ ဒီလောက်ပဲ ပြောနိုင်တယ်ခင်ဗျ။”

လက်နက်ကိုင်တစုလှုပ်ရှားမှူကြောင့် ပြည်သူ့စစ်များအား နယ်မြေ လုံခြုံရေး တာဝန်ပေး

KHONUMTHUNG NEWS GROUP

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝ တပ်စခန်း ( ခလရ ၂၃၈ ) တာဝန်ကျ စစ်တပ်က ၄င်းတို့ တပ်နယ်အတွင်း လက်နက်ကိုင် တစု လှုပ်ရှားမှူကြောင့် ကျေးရွာ (၈) ရွာမှ ပြည်သူ့စစ်များအား ဇူလိုင်လကစပြီး နယ်မြေလုံခြုံရေး တာဝန် ပေးသည်ဟု သိရ သည်။

ရွေလိုက်ဝ၊ ကင်ဝ၊ လယ်တဲ၊ ဒလူဝ၊ ဆင်အိုးဝ၊ ဓါးသွေးကျောက်၊ ရာရီတောင်၊ ရကန် စသည့် ကျေးရွာမှ ပြည်သူ့ စစ်သင်တန်းတက်ရောက်ပြီး သူများအား ၄င်းတို့ ရွာအလိုက် တာဝန်ချထားခြင်းဖြစ်သည်။
” ၆ ယောက်တဖွဲ့ခွဲပြီးတော့ တရက်စီ လုံခြုံရေးတာဝန်ယူခိုင်းတယ်၊ အဓိက လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဧည့်သည် အ၀င် အထွက်ကို စောင့် ကြည့်ခိုင်း တယ်” ဟု ပြည်သူ့စစ်သင်တန်းဆင်းတဦးက ပြောသည်။

ယခုတလော Mara People Army ( MPA) ဟု ခေါ်သော ချင်းမျိုးနွယ်စု လက်နက်ကိုင်တစုသည် အဆိုပါ ဒေသအတွင်း လှုပ်ရှား မှုပြုနေကြောင်း သိရသည်။

” လက်နက်ကိုင်တွေ လက်နက်မဲ့ ရွာထဲဝင်လာပါက ဖမ်းဆီးပြီး စစ်တပ်ထံ အပ်ဖို့ ပြောကြတယ်” ဟု ရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ရှင်းလက်ဝတပ်စခန်းမှ နအဖ စစ်တပ်များနှင့် ချင်းအမျိုးသား တပ်မတော် သား များ ဆင်အိုးဝရွာတွင်
ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ရဲဘော်တဦးကျဆုံးခဲ့သည်။

မြန်မာစစ်အစိုးရသည် ပြည်သူ့စစ်သင်တန်းကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ကတည်းက ချင်းပြည်နယ်တခုလုံး ပို့ချခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် စာအပေါ် KIO မှ ကြေညာချက်ထုတ်မည် မဟုတ်

KNG

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာသည် တနိုင်ငံလုံးနှင့်သက်ဆိုင်သောကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အနေဖြင့် သီးသန့် ကြေညာချက် ထုတ်သွားမည်မဟုတ်ဟု KIO အထွေထွေ အတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ပြောသည်။

“တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အချက်တွေပါနေတယ်။ ပြီးတော့ သူညွှန်းတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းကြီး ၄ ခု နာမည်ပါနေတယ်။ ဒီလက်နက်ကိုင်အဖွဲ့ကြီး ၄ ခုဟာ UNFC အဖွဲ့ဝင်တွေဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့အသံကို ထုတ်ပြန်ဖို့လိုမယ်ဆိုရင် UNFC ကနေပြီးထုတ်ပြန်သွားမယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သည် ငြိမ်းချမ်းရေးဘက်သို့လှမ်းဖို့ ပထမခြေလှမ်း လှမ်းလိုက်ခြင်းဖြစ်သည့်အတွက် အိတ်ဖွင့် ပေးစာ အပေါ်မှာ အကောင်းဘက်မှရှုမြင်သည်ဟု ဆက်ဆိုသည်။

“ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။” ဟု သမ္မတ ဦးသိန်းစိန်၊ KIO၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်တပ်မတော် (SSA) သို့ လိပ်မူထားသော ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) မှ အိတ်ဖွင့်ပေးစာအပေါ် ချက်ချင်း အကြောင်းမပြန် နိုင်သေး သော်လည်း ယေဘုယျအားဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟူသောမူရှိသည်ဟု UNFC ပြောခွင့်ရ မွန်ပြည်သစ်ပါတီ အထွေအထွေအတွင်းရေးမှူး နိုင်ဟံသာ ပြောသည်။

ဇူလိုင် ၁၅ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအစိုးရ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှုပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းမှုကိစ္စ များအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများအတွက် ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ၃ ရက်အကြာ ယင်းအိတ်ဖွင့်ပေးစာ ထွက်ပေါ်လာသည်။

နယ်ခြားစောင့် ၁၀ဦး KNLA တပ်မဟာ(၇)ထံ လာရောက် ပူးပေါင်း

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နယ်စပ်တနေရာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၁၀ဦးသည် ယမန်နေ့က ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၇)ထံသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။

နယ်ခြားစောင့်(၁၀၁၂)တပ်ရင်း၊ တပ်ခွဲ(၁)မှ တပ်ကြပ်ကြီး စောဒီ့ကျူ ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၀ဦးသည် နယ်ခြားစောင့်အနေ ဖြင့် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သောကြောင့် KNLA နှင့် ယခုလို လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း စောဒီ့ကျူက ပြောသည်။

“ကျနော်တို့ လူမျိုးတွေကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးနေတဲ့ ဒီအစိုးရလက်အောက်မှာ မလုပ်ချင်တော့လို့ ကျနော်တို့ ညီအစ်ကိုတွေနဲ့ လာရောက်ပူးပေါင်းတာ ဖြစ်တယ်။ ကျနော်တို့တပ်ရင်းမှူး ဗိုလ်ဘိလည်း အစိုးရကို ပြန်တော်လှန်နေပြီလေ။ ဒါ ကြောင့် ကျနော်တို့လည်း တပ်ရင်းမှူးနဲ့အတူ အစိုးရကို ပြန်တော်လှန်ဖို့ ဒီလိုလုပ်တာပါ။”ဟု စောဒီ့ကျူက ပြောသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ဦးမှာ တပ်ကြပ်ကြီး ဒီ့ကျူ ၅၀နှစ်၊ ဒုတပ်ကြပ် ဖားဆွဲ့ ၄၀နှစ်၊ တပ်ကြပ် ဖားနို ၂၃နှစ်နှင့် တပ်သားများဖြစ်သည့် ဒီ့တို ၂၁နှစ်၊ ဖောကလူ ၁၉နှစ်၊ ဒီ့ကွီ ၁၈နှစ်၊ ဒို့ဝါး ၁၇နှစ်၊ တာ့ဘလယ့် ၁၆နှစ်၊ အယ်ခူ ၁၅နှစ်၊ မောင် သန်း ၁၃နှစ်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ AR ၆လက်၊ မက္ကဇင်း ၂၄ချပ်၊ AR စက်လတ် ၁လက်၊ မက္ကဇင်း ၁ချပ်၊ 79 ၁လက်၊ ကျည် ၂၀လုံး၊ AK ၁လက်၊ မက္ကဇင်း ၂ချပ်၊ အီကွင့်မန့် ၅စုံ၊ စကားပြောစက် ၂လုံး ပါရှိသည်။

ကေအဲန်အယ်လ်အေနှင့် လာရောက်ပူးပေါင်းသည့် အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် အစိုးရအား ပြန်လည် တော် လှန်ခုခံရန် အလွန် စိတ်အားထက်သန်လျှက်ရှိသည်ဟု ပြောသည်။

တပ်သားဒီ့တိုက “ဒီမှာ တရက်နှစ်ရက်နေပြီးရင် ခေါင်းဆောင်တွေ ညွှန်ကြားတဲ့အတိုင်း တပ်ရင်းမှူး ဗိုလ်ဘိဆီကို ပြန်သွားပြီး အစိုးရစစ်တပ်ကို ပြန်တိုက်မယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ခံနိုင်ဖို့အတွက် ကျနော်တို့တွေ အားလုံး ပြင်ဆင်ထား တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုသို့ ရောက်ရှိလာသည့် ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင် ၁၀ဦးအနက် ၄ဦးမှာ အသက်မပြည့်သေးသည့် ကလေးစစ်သားများဖြစ်၍ နှစ် ဦးနှစ်ဖက် ညှိနှိုင်းတိုင်ပင်ပြီး အဆိုပါ ကလေးစစ်သားများ၏ ရှေ့ရေးကို အကောင်းဆုံး စီစဉ်ဆောင်ရွက်သွားမည်ဟု ကေအဲန် အယ်လ်အေ တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ကေအိုင်စီကို ယခုလို ပြောသည်။

“ဒီကေဘီအေကနေ နယ်ခြားစောင့် အသွင်ပြောင်းမယ့်အချိန်မှာ တပ်အင်အား မပြည့်တဲ့အတွက် အစိုးရက မဖြစ်မနေ အတင်း အဓမ္မ လိုက်လံစုဆောင်းခိုင်းလို့ ဒီကလေးတွေ ပါသွားတာဖြစ်တယ်။ ကျနော်တို့ ကေအဲန်အယ်လ်အေမှာ အသက်မပြည့်သေး တဲ့ ကလေးစစ်သားတွေကို လုံးဝ လက်မခံဘူး။ အဲဒါကြောင့် ဒီကလေးတွေ နားလည်အောင်ရှင်းပြပြီးတော့ သူတို့အတွက် အ ကောင်းဆုံး စီစဉ်ပေးမှာပါ”ဟု ပြောသည်။

ကေအဲန်အယ်လ်အေ တပ်မဟာ(၇)တွင် ယခုလ ဇူလိုင်လအတွင်း နယ်ခြားစောင့်တပ်-BGF ၂၆ဦး လက်နက်ခဲယမ်းများနှင့် အတူ လာရောက်ပူးပေါင်းခဲ့ပြီး ၎င်းအထဲတွင် တပ်ကြပ်ကြီး ၄ဦး ပါဝင်သည်ဟု ကေအဲန်အယ်လ်အေမှတ်တမ်းအရ သိရသည်။

သမ္မတဦးသိန်းစိန်မှ လောကမဉ္စူ ရှေ့ဟောင်းဘုရားကို မြောက်ဦးတွင် ကိုးကွယ်ခွင့်ပြုလိုက်ပြီ

မောင်အေး

မြောက်ဦးမြို့တွင် ရောက်ရှိနေသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးမှ တူးဖေါ်ရရှိသော လောကမဉ္စူ ရွှေဆင်းထု ဘုရားအပါအ၀င် တခြား ရှေးဟောင်း ဘုရားများကို မြောက်ဦးမြို့တွင် ဆက်လက်ထားရှိ ကိုးကွယ်ရန် ယနေ့ခွင့်ပြုလိုက်ကြောင်း သတင်း ရရှိသည်။

ယနေ့နံနက် ၁၀ နာရီခွဲတွင် မြောက်ဦးဟိုတယ်တွင် ဒေသခံ မြို့မိ မြို့ဖ များနှင့်တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ထိုသို့ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ခံ လူကြီး တဦးက ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီလောကမဉ္စူဘုရားကို စလို့တွေ့ပြီးနောက် သက်ဆိုင်ရာက မြောက်ဦး ပြတိုက်မှာထားမယ် ဆိုပြီး ရှေ့ဟောင်းသုတေသန ဌာနကတောင်းနေပါတယ်။ ကျွန်တော်တို့ မြို့သူမြို့သားတွေနဲ့ ဂေါပကတွေက ပြည်နယ် ၀န်ကြီးချုပ်ထံကို စာရေးပြီး ရတနာ့ မာန်အောင် ကျောင်းမှာဘဲထားဖို့ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။ ဒီနေ့ နိုင်ငံတော် သမ္မတကြီး ရောက်လာတဲ့အခါ ရတနာမာန်အောင်ကျောင်းမှာဘဲ ဗိမာန်ဆောက်ပြီး အများ ပြည်သူဆန္ဒအရ ပူဇော်ပါ ဆိုပြီး ခွင့်ပြုလိုက် ပါတယ်။”

ယခုကဲ့သို့ သမ္မတက ခွင့်ပြုချက် ပေးလိုက်သဖြင့် ယခုအခါ မြောက်ဦးမြို့သူ မြို့သားများ အထူး ၀မ်းသာနေကြကြောင်းလည်း သိရသည်။

အဆိုပါ ဆင်းထုတော်အား ရတနာမာန်အောင် ဆရာတော်ကြီး ကမ္မဌာန စရိယ ဘဒ္ဒန္တ ၀ါယာမိန္ဒနှင့်တကွ မြို့သူမြို့သားများပူးပေါင်းပြီး ဆက်လက်ထိမ်းသိမ်းသွားမည့် အစီစဉ်ကိုလည်း သူကဆက်ပြောသည်။

“ဆရာတော် ဘုရားကြီးက ငွေကျပ် သိန်းတရာ မတည်ထားပါတယ်။ ကျွန်တော်တို့ တခြား အလှူငွေတွေ လည်း သိန်း ၄၀ နီးပါး ရထားပါတယ်။ နောက်ထည့်ဝင်ပေးဖို့ အလှူရှင်တွေလည်း ရှိတယ်။ ရတနာမာန်အောင် ကျောင်းထဲမှာဘဲ ဘုရားကိန်းဝပ်ဖို့ ဗိမာန်တခုကို တင့်တင့်တယ်တယ် ဆောက်ပြီး ကျွန်တော်တို့ ဂေါပကအဖွဲ့ သာမက မြို့မိမြို့ဖတွေပါ အားလုံးပေါင်းပြီး အဖွဲ့တဖွဲ့ ဖွဲ့ပြီးတော့ စနစ်တကျ ထိမ်းသိမ်းသွားဖို့ စီစဉ်ထားပါ တယ်။”

မြောက်ဦးမြို့ခံဘုန်းတော်ကြီးတပါးကလည်း အဆိုပါဘုရားကို မြောက်ဦးမြို့တွင် ထားရှိမည့် အစီစဉ်မှာ သင့်တော် ကောင်းမွန်သော အစီအစဉ် ဖြစ်ကြောင်းပြောသည်။

“မြောက်ဦးမှာ အဆောင်တခုဆောက်ပြီး ထားမယ့် အစီအစဉ် သင့်တော် ကောင်းမွန်ပါတယ် ။ အယင် စကြာမုနိ ဘုရားကို ရရှိတုန်းကလည်း သီးခြား အဆောင်တခုဆောက်ပြီး စစ်တွေမှာ အပူဇော်ခံ ကိုးကွယ် ထားသလို အခုလည်း လောကမဉ္စူဘုရားကို သီးခြားအဆောင်တခု ဆောက်ပြီး မြောက်ဦးမှာ ကိုးကွယ် ထားတာဟာ အာလုံးအတွက် ကောင်းပါတယ်။”

အဆိုပါဘုရားရရှိပြီးနောက် ဇွန်လ ၄ ရက်နေ့တကြိမ် ဇူလိုင် လ ၁၇ ရက်နေ့ကတကြိမ် နှစ်ကြိမ်တိုင်တိုင် အာဏာပိုင်များမှ နေပြည်တော်သို့ယူဆောင်ရန် ကြိုးစားသော်ခဲ့သော်လည်း မြောက်ဦးမြို့ခံများက ကန့်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ သမ္မတသိန်းစိန်က သူ၏ မြောက်ဦး ခရီးစဉ်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဘုရားကို မြောက်ဦးမြို့ လောကမဉ္စူ စေတီတော်ပြန်လည်ပြုပြင်ရန် မေလ ၃၀ ရက်နေ့က ရှင်းလင်းစဉ် တူးဖော် ရရှိခဲ့ခြင်းဖြစ်ပြီး အများက ရွှေဟု ယူဆထားပြီး အလေးချိန် ၄ ပိဿာ ၆၄ ကျပ်သားရှိပြီး အေဒီ ၈ ရာစုခန့်ကသွန်းလုပ်ခဲ့သည့် ဈာနမုဒြာအမျိုးစားဖြစ်သည်။

အဆိုပါဘုရားနှင့်အတူ လောကမဉ္စူစေတီတော်မှ တခြားဗုဒ္ဓရုပ်ပွားတော်အပါအ၀င် ဌာပနာ ၃၇ ခုကို ရရှိခဲ့ သည်။

မြန်မာစစ်တပ် အချင်းချင်း မော်တာကျည်ဖြင့် အပြန်အလှန် ပစ်ခတ်ကြ

KNG

ကချင်ပြည်နယ်တောင်ပိုင်း မန်မော် (ဗန်းမော်)ခရိုင်၊ မန်ဂျေ(မံစီ)မြို့နယ် မုံခေါင်(Mung Hkawng)ကျေးရွာ၌ ဇူလိုင် ၂၈ ရက်တွင် မြန်မာစစ်တပ်အချင်ချင်း မော်တာကျည်ဆံဖြင့် အပြန်အလှန်ပစ်ခတ်သည်ဟု သိရသည်။

ဆားမှော်နယ်မြေခံ ခလရ (၁၀၅)၏ မုံခေါင်ရောက် လှုပ်ရှားစစ်ကြောင်းတစ်ခုသည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်း မုံခေါင်အနီး ပန်ဆပ်(Pang Sap)ကျေးရွာ အောက်ပိုင်း၊ ကျွန်းသစ်စိုက်ကွင်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)၏ လုံခြုံရေးမိုင်း နင်းမိသည်။

ဇူလိုင် ၂၈ ရက် ဗုံးပေါက်သည့်နေရာတွင် နေရာယူနေဆဲ မြန်မာတပ်များအား KIA တပ်ရင်း ၂၇ က ပစ်ခတ် သွားပြီးနောက် မုံခေါင်ရှိမြန်မာတပ်နှင့် မြန်မာစစ်ကြောင်းတပ်များကြား မော်တာကျည်ဆံဖြင့် အပြန်အလှန် ပစ်ခတ် ကြခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးပြောသည်။

“အဲဒီစစ်ကြောင်းက မုံခေါင်ရွာထဲကို လက်နက်ကြီးနဲ့ လေးခါပစ်ထည့်လိုက်ကြတယ်တဲ့ မနေ့က ၂ နာရီခွဲလောက်မှာ မော်တာကျည်က စာသင်ကျောင်းနားမှာ တစ်ခု၊ ရပ်ကွက် ၄ မှာတစ်ခု၊ RCM (Roman Catholic Mission) ဘုရားရှိခိုးကျောင်းနားမှာ တစ်ခု၊ သူတို့(ခလရ၁၀၅)စစ်တပ် နားမှာတစ်ခု၊ ၁၀၅ တွေအချင်းချင်း၊ ဒီလိုနဲ့ မုံခေါင်ဘက်က ပြန်ပစ်လိုက်၊ ၂ ခေါက်တောင်” ကျောင်းစာသင်ချိန်တွင် ကျည်ပေါက်ကွဲသံကြောင့် အလန့်တကြား ၀ပ် ကြရသည်ဟု မုံခေါင်အထက်တန်းကျောင်းဆရာမတစ်ဦးနှင့် နီးစပ်သူများမှ တဆင့်သိရသည်။

မုံခေါင် တပ်စခန်းမှ တပ်ကူရောက် မ လာသည့်အတွက် မြန်မာတပ်အချင်းချင်း ရှေ့တန်းစစ်ကြောင်းက နောက်တန်းကို တမင်တကာ ပစ်လိုက်ပုံရသည်ဟု KIA အရာရှိက ထင်မြင်သည်။

မုံခေါင် ခလရ ၁၀၅ တပ်စခန်းနှင့် ၎င်းတို့ရှေ့တန်းစစ်ကြောင်းမှာ သုံးမိုင်ခန့် ကွာဝေးကြကာ မြေပြန့်တွင် ဖြစ်သည်ဟုလည်း သိရသည်။ သေကြေဒဏ်ရာရမှု ရှိမရှိ မ သိရပါ။

ရုက္ခစိုးနှင့် ဆွေးနွေးပွဲ နောက်ကွယ်က ဇာတ်လမ်း

ရန်ကုန်သားတာတေ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးကြောင်စီစီတို့ တွေ့ဆုံဆွေးနွေးရာ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာအတွင်း၌ ဦးရုက္ခစိုး ရောက်ရှိနေလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဦးရုက္ခစိုးက ၎င်းတို့ နှစ်ဦး၏ တနာရီကျော် အကြာ ဆွေးနွေးပွဲ အကြောင်းကို အောက်ပါအတိုင်း ပြန်လည် ဖောက်သည်ချနိုင်ခြင်း ဖြစ်သည်။ စာဖတ်သူတို့ ရှင်းလင်းစွာ သိမြင်စေရန် ဦးရုက္ခစိုး၏ ထင်မြင်ချက်များကို ချန်လှပ်၍ အပြန်အလှန်စကားပြောများကိုသာ ရေးပြပါမည်။

ကြောင်စီ။ ။ နေကောင်းတယ်နော် အစ်မကြီး။ ဒီနေ့ ထမင်းစားပြီးပြီလား။ ဘာဟင်းနဲ့ စားလဲ။

စု။ ။ အခုတလောမှာ ဝက်နားရွက်ပြာတွေက အကင်းသေမသေ မသေချာသေးလို့ ဝက်သားတော့ မစားသေးဘူး။ ကြက်သားကလည်း ဈေးက ခေါင်ခိုက်နေတော့ မစားဖြစ်ဘူး။ ကန်ဇွန်းရွက်တလှည့် ချဉ်ပေါင်တလှည့် စားနေတာ ကြာပြီ။ ဒီနေ့တော့ အဖေ့ကို သတိရတာနဲ့ ပဲပြုတ်ကြော်နဲ့ပဲ စားလိုက်တယ်။

ကြောင်စီ။ ။ နောက်တခါကျ ပဲပြုတ်မစားပါနဲ့လို့ တိုက်တွန်းပါရစေ။ တတ်နိုင်ရင် ပြောင်းဖူးပြုတ်တို့၊ ကန်ဇွန်းဥပြုတ်တို့ … ပြုတ်ပါတဲ့ဟာတွေ မစားပါနဲ့ခင်ဗျာ။ ဆန်ပြုတ်တို့ ခေါက်ဆွဲပြုတ်တို့ကောပေါ့။

စု။ ။ ကောင်းပြီလေ ...။ မစားနဲ့ဆိုလည်း မစားရုံပေါ့။ ဒါနဲ့ ကျမနဲ့ တွေ့မယ့်ကိစ္စက ဘာလဲ။

ကြောင်စီ။ ။ ဘာရယ်တော့ မဟုတ်ပါဘူး။ အစ်မကြီးနဲ့ တွေ့ရမယ်လို့ အထက်က ညွှန်ကြားတာနဲ့ ကျနော်လည်း လာတွေ့တာပါ။

စု။ ။ ဒါဆိုရင်တော့ ကြုံတုန်းလေး ပြောရဦးမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စ ဘယ်လိုရှိလဲ။ အဲဒါတွေ မလုပ်ဘဲနဲ့ ကျမကို စကားလာပြောတာတော့ အလကားပဲလေ။

ကြောင်စီ။ ။ ဒီကိစ္စ ကျနော်လည်း ဘာမှ မတတ်နိုင်ပါဘူးခင်ဗျာ။ ကျနော်က အလုပ်သမားဝန်ကြီး ဆိုတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ မဆိုင်ပါဘူး။ ခဏလေးနော် အစ်မကြီး ...။ နည်းနည်းလောက် ပြုံးလိုက်ပါဦး။

စု။ ။ ဘာလို့ ပြုံးရမှာလဲ။

ကြောင်စီ။ ။ ဓာတ်ပုံရိုက်မယ်လေ။ ဓာတ်ပုံရိုက်ရင် ပြုံးမှဖြစ်မှာပေါ့။ ဒါမှ သတင်းစာထဲမှာ ကျနော်နဲ့ အစ်မကြီးတို့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံတယ် ဘာညာ ရေးလို့ ကောင်းမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်က မပြုံးချင်ပြုံးချင်ပုံစံဖြင့် ပြုံးလိုက်စဉ် ဓာတ်ပုံ ရိုက်လိုက်သည်။

စု။ ။ ကဲ … ရှင်က အလုပ်သမားဝန်ကြီးဆိုတော့ ရှင်နဲ့ စကားပြောနေလဲ အပိုပဲဖြစ်တော့မှာပဲ။ ဒါပေမယ့် ကျမကတော့ မေးစရာ ရှိတာ မေးရဦးမှာပဲ။ ရှင်တို့ရဲ့ ဒုသမ္မတကြီးက ကျမကို သာမန်လူလို့ ပြောထားပြီး ဘာလို့ အစိုးရ ဝန်ကြီး တယောက်က စကားလာပြောရတာလဲ။

ကြောင်စီ။ ။ ဒါကတော့ ကျနော်တို့က အဆင့်အတန်း မခွဲခြားတဲ့သဘောပါ။ ဝန်ကြီးအနေနဲ့ သာမန်လူ တယောက်ကို အဆင့်အတန်းမခွဲခြားပဲ စကားပြောတယ်ဆိုတာ လူတွေ သိစေချင်တယ်လေ။ ဒါကလည်း အထက်က ညွှန်ကြားလို့ပါ။ ကျနော်တို့က ညွှန်ကြားတဲ့အတိုင်းပဲ လုပ်တတ်ပါတယ်။ ဘာခိုင်းခိုင်း ပြန်မပြောနဲ့၊ ပြန်မမေးနဲ့၊ အကြောင်းပြချက် မပေးနဲ့ဆိုတာ ကျနော်တို့အတွက် အကျင့်ပါနေပါပြီ။

စု။ ။ ကျမနဲ့ စကားပြောရတဲ့ ရည်ရွယ်ချက်ကို သေသေချာချာ သိချင်တယ်။

ကြောင်စီ။ ။ ဒါက ဒီလိုပါ။ အခုလို အစ်မကြီးနဲ့ စကားပြောတယ် ဆိုမှတော့ နိုင်ငံတကာက ကျနော်တို့ကို စိတ်ဝင်စားမယ်၊ သဘောထား ပျော့ပြောင်းလာတယ်လို့ တွေးမယ်၊ အဲဒီတော့ ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ ရာထူးရဖို့လည်း နီးစပ်သွားတာပေါ့။

စု။ ။ ဒါဆို ရှင်တို့က ကျမကို တွေ့တယ်ဆိုတာ တကယ့်ကို တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးပြေလည်အောင် ဆောင်ရွက်ဖို့ မဟုတ်ဘူးပေါ့။ ရှင်တို့ အကျိုးအတွက် တွေ့တာပေါ့ ဟုတ်လား။

ကြောင်စီ။ ။ ဒီလိုတော့ မပြောပါနဲ့ အစ်မကြီးရယ်။ နားလည်ပေးပါ။ ကျနော်တို့အစိုးရကိုက သူတို့ အကျိုးအတွက်ပဲ ကြည့်တတ်လို့ပါ။ တကယ်ပြောတာပါ။ ဘုရားစူးရ ပါစေရဲ့။ မှန်တာပြောရင် တသက်လုံး ဒီရာထူးမှာမြဲရပါစေ။

စု။ ။ ကဲပါလေ … ထားလိုက်ပါတော့။ ဒါနဲ့ အခုထိ ဘာတခုမှ အရေးပါတာ မပြောသေးဘူးနော်။ အဲဒီတော့ ကျမကို ရှင်နဲ့ ဘာတွေပြောခဲ့လဲလို့ အများက မေးလာရင် ဘယ်လိုပြောရမလဲ။

ကြောင်စီ။ ။ ဟာ … ဒါအတွက်လည်း မပူပါနဲ့ခင်ဗျာ။ ပြီးတာနဲ့ သတင်းစာ ရှင်းလင်းပွဲကျင်းပမှာပါ။ အဲဒီအခါကျ အားလုံး ဖြေလိုက်ရုံပါပဲ။

စု။ ။ ကျမက ဘာဖြေရမှာလဲ။ ဘာမှဖြင့် မပြောရသေးတာကို။

ကြောင်စီ။ ။ အစ်မကြီး ဘာမှ ပြောစရာမလိုဘူးလေ။ ပြောရင် ပါးစပ်ညောင်းနေဦးမယ်။ အားလုံး ကျနော်ပဲ လုပ်ကြံ ဖန်တီးပြီး ပြောလိုက်ပါ့မယ်၊ ပြီးတော့မှ ဒါ နှစ်ယောက်စလုံးရဲ့ ပူးတွဲကြေညာချက်လို့ ပြောင်လိမ်လိုက်မယ်လေ။ ဒါ ကျနော်ကျွမ်းပါတယ်။ သြော် … အစ်မကြီးအနေနဲ့ ပါတီရုံးခန်း ပြန်ရောက်ရင်လည်း ကျနော်နဲ့ ဘာတွေ ပြောခဲ့တယ်ဆိုတာ သတင်းမထုတ်ပြန်ပါနဲ့နော်။

စု။ ။ ထုတ်ပြန်ရအောင်ကလဲ ဘာမှဖြင့် ပြောစရာမရှိဘဲနဲ့။

ကြောင်စီ။ ။ ဒီလိုလေ ...။ ဘာမှ ပြောစရာ မရှိဘူး ဆိုပေမယ့် ဘာမှ မပြောခဲ့ဘူးဆိုရင်လည်း အဓိပ္ပာယ်က မရှိဘူး ဖြစ်နေဦးမယ်။ ဒီတော့ တခုခုတော့ ပြောလိုက်ပါ။

စု။ ။ ဘာပြောရမှာလဲ။

ကြောင်စီ။ ။ သြော် … ကျမတို့ကတော့ ကျမတို့ဖြစ်ပါတယ်ပေါ့နော် … ဘာညာကွိကွပေါ့။ အစ်မကြီး ပြောတတ်ပါတယ်။

စု။ ။ ရှင့်ဟာကလည်း ရှုပ်နေတာပဲ ခေါင်းတောင် မူးလာပြီ။ အများက ကျမတို့ ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ရှိမယ်လို့ သေချာပေါက် မျှော်လင့်ကြမှာပဲ။

ကြောင်စီ။ ။ အဲဒါလည်း မပူပါနဲ့။ တရက်လောက်ပဲစောင့်ပါ။ မြန်မာအစိုးရက အရူးကွက်နင်းတိုင်း ဝင်ဝင်အားပေးတတ်တဲ့ သူတွေက ဘုမသိဘမသိနဲ့ ဒီဆွေးနွေးပွဲကို ကြိုဆိုပါတယ်လို့ ပြောမှာ စိတ်ချ။ ဒါဆို ကမ္ဘာကလည်း ရလဒ်ကောင်း ဆိုပြီး လက်ခုပ်တီးပေးလိမ့်မယ်။ ကဲ အစ်မကြီး။ ကျနော်တို့ ဆွေးနွေးပွဲကတော့ ဒီလောက်ပါပဲ။ ဆွေးနွေးပွဲ အောင်မြင်တယ်နော်။ ဘယ်သူမေး အစ်မကြီးကို မေးရင်လည်း အောင်မြင်တယ်ပဲ ပြောနော်။

၎င်းတို့၏ ဆွေးနွေးပွဲမှာ ၁၀ မိနစ်ခန့်နှင့် ပြီးသွားတော့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဦးကြောင်စီစီကို ဘာမှ ပြန်မပြောဘဲ မှုန်တေတေဖြင့် ငြိမ်နေသည်။ ထိုစဉ် ပြူးပြူးပြာပြာနှင့် အရပ်ပုပု လူတဦး အခန်းတွင်းသို့ ဇွတ်ဝင်လာရာ ဒေါ်အောင်ဆန်း စုကြည်ကော ဦးကြောင်စီစီပါ လန့်သွား၏။

ကြောင်စီ။ ။ ဟာ ဝန်ကြီး ဦးဆော်ကြမ်း။

စု။ ။ ကျမကိုတွေ့မှာ ဦးကြောင်စီစီ တယောက်တည်းဆို။

ဆော်ကြမ်း။ ။ ဟုတ်ပါတယ်။ အစကတော့ ဦးကြောင်စီစီနဲ့ပဲ တွေ့ကြဖို့ပါပဲ။ အခု ကျနော်ဝင်လာတာကတော့ ကြားဖြတ် အစီအစဉ်ပါ။ မေးစရာ ပြောစရာလေးတွေလည်း ရှိနေလို့ပါ။

ကြောင်စီ။ ။ သတိထားပါဦး ဝန်ကြီး၊ တော်ကြာ သမ္မတကြီး သိသွားရင် မကောင်းဘူးလေ။

ဆော်ကြမ်း။ ။ ဘာမှ သတိထားစရာမလိုဘူး။ သမ္မကြီးက ရေဘေးဒုက္ခသည်တွေကို သွားတွေ့ပြီး သနားချင်ယောင် ဆောင်နေရတယ်။ မအားဘူး။

စု။ ။ သနားချင်ယောင် ဆောင်တာတော့ မကောင်းပါဘူး။ တကယ်သွားတဲ့နောက် တကယ်ပဲ ကြင်နာသနားသင့်ပါတယ်။

ဆော်ကြမ်း။ ။ ကျုပ်တို့သမ္မတကြီးက သနားတယ်ဆိုတဲ့ ဝေါဟာရကို သေချာ မသိဘူးဗျ။

စု။ ။ သြော် … ဒီလိုလား။ ဒါဆို နောက်မှ ကျမတို့ အဖွဲ့ချုပ်ရုံးမှာ သနားနည်းသင်တန်းလေး ဘာလေး ဖွင့်ဦးမယ်။ ရှင်တို့ သမ္မတကြီးကို လာတက်ခိုင်းလိုက်ပေါ့။

ဆော်ကြမ်း။ ။ ကျုပ်လည်း လာတက်မယ်လေ။ အယ် … ယောင်ကုန်ပါပြီ။ ဒီမယ် ကျုပ်ပြောမယ် ဒေါ်အောင်ဆန်းစုကြည်။ ခင်ဗျားက သာမန်လူဖြစ်ပြီး ဘာလို့ သာမန်လူလို မနေချင်ရတာလဲ။

စု။ ။ ကျမက သာမန်လူလိုပဲ နေတာပဲ။ မင်းသမီးဝတ်စုံတွေ၊ နန်းဝတ်နန်းစားတွေ ဝတ်နေလို့လား။ ဘာဖြစ်လို့လဲ။

ဆော်ကြမ်း။ ။ ဘာဖြစ်ရမှာလဲ။ ခင်ဗျားက ပုဂံဘုရားတွေ ပြုပြင်ရမယ်၊ ပုဂံမိတ်ဆွေများအဖွဲ့ ဖွဲ့ရမယ် ဆိုပြီး လျှောက်ပြောတော့၊ ကျုပ်က အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးဖြစ်နေပြီး မလုပ်လို့၊ မပြောလို့ ဘယ်ကောင်းတော့မလဲ။ သမ္မတကြီးကလည်း တခုခု ပြောကို ပြောရမယ် ဆိုပြီး ကျုပ်ကို ပွမ်နေပြီ။

စု။ ။ အင်း … လုပ်လေ။ ကျမကလည်း ရှင်တို့ အဲဒီလို လိုက်လုပ်မယ်ဆိုတာသိလို့ အစဖော်ပေးခဲ့တာပဲဟာ။ အစိုးရ တရပ်အနေနဲ့ လုပ်တော့ ပိုကောင်းတာပေါ့။

ဆော်ကြမ်း။ ။ အလုပ်ကနောက် အပြောက အရင်ဗျ။ အရင်ဆုံး ခင်ဗျားကို နိုင်အောင်ပြောဦးမှာ။ သနားတယ်ဗျာ။ ခင်ဗျားက ပုဂံဘုရားတွေ ပြုပြင်သင့်တယ် လောက်ပဲ ပြောတာ။ ကျုပ်က လူသား ဘယ်ကစလဲ ဆိုတာကနေ စပြောမှာဗျ။

စု။ ။ ပြောပေါ့။ အများကြီးပြောလေ ပါးစပ်ညောင်းလေပဲ ဖြစ်မှာပေါ့။

ဆော်ကြမ်း။ ။ ညောင်းချင် ညောင်းပါစေဗျာ။ လူသားအစ ဘယ်ကလဲ ခင်ဗျားသိလား။

စု။ ။ ဒါဝင်ကြီး ပြောခဲ့တာတော့ မျောက်က စတာပဲ။

ဆော်ကြမ်း။ ။ သွားပြီ … အဲဒီမှာ လွဲသွားပြီ။ ဒါဝင်တွေ ဟိုဟာထွက်တွေ ကျုပ်မသိဘူး။ လူသားအစ မြန်မာကဗျ။ ဟားဟားဟား ...။ ဒါလေးတောင် မသိဘူးလား။

ထိုစဉ် ဦးကြောင်စီစီက “လူသားအစ မျောက်က၊ လူသားအစ မြန်မာက၊ လူသားအစ မျောက်က၊ လူသားအစ မြန်မာက” ဟူ၍ တဦးတည်း တတွတ်တွတ် ရွတ်နေလေသည်။

ဆော်ကြမ်း။ ။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည် … ခင်ဗျားအနေနဲ့ မိကျောင်းမင်းကို ရေကင်းလာမပြပါနဲ့ဗျာ။ ပုဂံဘုရားတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ ပြုပြင်ရမယ်ဆိုတာ ကျုပ်လည်းသိပါတယ်။

စု။ ။ သိပေမယ့် ကျမပြောမှ နောက်က လိုက်ပြောတာ မဟုတ်လား။

ဆော်ကြမ်း။ ။ ခင်ဗျား မပြောခင်ကတည်းက ကျုပ်တို့ ဘဘ ချိုကုပ်ဒူးကြီးက လုပ်ပြီးသားပါဗျ။

စု။ ။ ဘာလုပ်တာလဲ … ။ ပုဂံဘုရားပျက်တွေ ပေါ်မှာ ရွှေထီးတော်တွေ လိုက်တင်တာတို့၊ နံရံပန်းချီတွေပေါ် ထုံးသုတ်တာတို့၊ ထုံးစေတီကြီးတွေကို ရွှေရောင်သုတ်တာတို့လား။

ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် ဦးကြောင်စီစီက ရုတ်တရက် “ဟာ … သိပြီ” ဟု ထအော်လိုက်သဖြင့် နားထောင်နေသော ဦးရုက္ခစိုးပင် အနည်းငယ် လန့်သွားသည်။

ကြောင်စီ။ ။ လူသားအစ မျောက်က၊ လူသားအစ မြန်မာက ဆိုတော့ အီကွေးရှင်းချကြည့်ရင် မြန်မာအစ မျောက်ကပေါ့နော် … အဲဒါကြောင့် ထင်တော့ထင်တယ်၊ ဝန်ကြီးဦးဆော်ကြမ်းကို ဘယ်သူနဲ့တူပါလိမ့်လို့ ကြည့်နေတာ။ ဟိုတခါကလည်း ဧည့်ခံပွဲတခုမှာ ဝန်ကြီး မျောက်ကကတာ တွေ့လိုက်သေးတယ်။ အဲဒါ ရှေးဘိုးဘေးတွေကို ဂုဏ်ပြုတဲ့ အကလားဟင်။

ဦးကြောင်စီစီ၏ ကြောင်တောင်တောင် မေးခွန်းကြောင့် အခြေအနေက အနည်းငယ် တင်းမာသွားသည်။ ဦးဆော်ကြမ်းက ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေသည်။ သူ ခုန်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကြောင်စီစီတို့၏ ပုခုံးကို မကျော် နိုင်ပေ။ ဦးကြောင်စီစီက မျက်ရိပ်ပြလိုက်သဖြင့် ဆွေ့ဆွေ့ခုန်နေသော ဦးဆော်ကြမ်းကို သူ၏ သက်တော်စောင့် တဦးက ချိုင်းမှ မ၍ စိမ်းလဲ့ကန်သာ အနောက်ပေါက်မှ ဆွဲထုတ်သွားသည်။

ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကြောင်စီစီတို့၏ သတင်းစာ ရှင်းလင်းပွဲအတွက် သတင်းထောက်များ စောင့်ဆိုင်းနေသဖြင့် သူတို့ ၂ ဦး ထွက်သွားကြသည်။ အခန်းထဲတွင် ဖြစ်ပွားခဲ့သော တင်းမာမှုများကြောင့် ၎င်းတို့ မျက်နှာများတွင် စိတ်ရှုပ်ထွေးနေသည့်ဟန် ဖြစ်ပေါ်နေသည်ကို မသိကြဘဲ သတင်းများက အမျိုးမျိုး ဝေဖန် ရေးသားကြလေသည်။

ထို့အပြင် ထို ဆွေးနွေးပွဲ အဘယ်ကြောင့် ၁ နာရီကျော် ကြာသွားရသည်ကို သိသူမှာလည်း အထက်ပါ လူ ၃ ဦးအပြင် ဦးရုက္ခစိုး တပါးတည်းသာ ရှိသောကြောင့် မိတ်ဆွေတော်ကြီးများ ဖြစ်ကြသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အား ပြန်လည် ဖောက်သည်ချရန် အမြန်ဆုံးနည်းဖြင့် ကိုယ်ယောင်ဖျောက်ကာ ထိုနေရာမှ ထွက်ခွာသွား လေတော့သတည်း။

ဆက်ကြေးမပေးနိုင်၍ ဘုရား သုံးဆူ လူထုအချို့နေအိမ် များမှ ရှောင်တိမ်းနေကြ

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရပ်ကွက်လူကြီးများမှတ ဆက်ကြေး များ တောင်းခံပြီး ဇူလိုင်လကုန် နောက်ဆုံးထားကာ ပေးခိုင်းသည့်အတွက် ယခုဆိုလျှင် မြို့ခံတချို့မှာ မိမိတို့၏ နေ အိမ်များမှ ရှောင်တိမ်း နေကြသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)နေ ပရိဘောဂလုပ်ငန်းရှင်တစ်ဦးက “ရပ်ကွက်တခုတည်းကို ဘတ် လေးသိန်းတောင်းတယ်။ ကျနော်တို့က ဘယ်လိုပေးနိုင်မလဲ။ အခုတလော လုပ်ငန်းကလည်း မကောင်းတော့ အဆင်မပြေဘူး။ ဒီ ၇လပိုင်းအကုန်မှာ ပေးခိုင်းတော့ အခုဆိုရင် ငွေကြေးအတန်အသင့် ရှိသူတွေတောင် ရှောင်ပြေးကုန်ကြပြီ။”ဟု ပြောသည်။

မွန်သတင်းဌာနတွင် ဖော်ပြချက်အရ ရာမညအမည်ရှိ ၎င်းလက်နက်ကိုင်အဖွဲ့သည် ရပ်ကွက်လူကြီးထံ တယ်လီဖုန်းမှတဆင့် ဆက်ကြေးကောက်ခံကာ ဇူလိုင်လအကုန်တွင် ပေးဆောင်ခိုင်းခဲ့ပြီး မပေးဆောင်ပါက မြို့အတွင်း မီးရှို့ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုသေးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မွန်အဖွဲ့တစ်ဖွဲ့ကနေ ရပ်ကွက်လူကြီးဆီမှာ ဖုန်းဆက်ပြီး ဆက်ကြေးတောင်းတယ်။ ဒီလကုန်ရင်ပေးရမယ်တဲ့။ မပေး ရင် မြို့တွင်းထဲမှာ မီးရှို့မယ်။ ဒါမှမဟုတ် တစ်ခုခုလုပ်မယ်ဆိုပြီးပြောသွားတယ်။ ဒါကြောင့် တချို့လူတွေဆို နီးစပ်တဲ့မြို့တွေ၊ ထိုင်းနိုင်ငံဘက်နဲ့ မြန်မာပြည်အောက်ဘက်ကို ရှောင်သွားကြတယ်။”ဟု ဆိုသည်။

ဘုရားသုံးဆူမြို့တွင် လူအများစုသည် ပရိဘောဂလုပ်ငန်းကို လုပ်ကိုင်ကြပြီး လတ်တလော လုပ်ငန်းများ အဆင်မပြေမှုကြားမှ ယခုလို ဆက်ကြေးတောင်းခံလာမှုအပေါ် ပစ်ခတ်မှုများဖြစ်လာမည်စိုး၍ အချို့ဈေးသည်များပင် ဆိုင်ခန်းများ ပိတ်ထားကြ သည်ဟု သိရသည်။

အဆိုပါအဖွဲ့သည် ယခင်ကလည်း ဘုရားသုံးဆူမြို့အနီးရှိ ကရင်နှင့် မွန်လူမျိုးများ နေထိုင်သည့် ကျေးရွာအချို့နှင့် ရာဘာ ခြံများတွင် ဆက်ကြေးကောက်ခံလျှက်ရှိပြီး မြို့ပေါ်တွင် ကောက်ခံခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း မွန်သတင်းထောက် တစ်ဦးက ရှင်းပြသည်။

ရာမညအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနိုင်ရှောင်သည့် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့ပြီး ကျန်ရှိနေသည့် အဖွဲ့ဝင်အချို့မှ ယခုလို ဆက်ကြေး ဆက်လက် တောင်းခံနေခြင်း ဖြစ်သည်။

ဘုရားသုံးဆူမြို့တွင် အဓိကအားဖြင့် ရပ်ကွက်(၄)ခုရှိရာ ယခု ဆက်ကြေးအတောင်းခံရသည့် ရပ်ကွက်မှာ ငွေကြေးတတ်နိုင် သူ အများစု နေထိုင်သည့်ရပ်ကွက်ဖြစ်ပြီး ဇွန်လ ၁၄ရက်နေ့က ၎င်းရပ်ကွက်နေ ဦးအောင်တင်ဝင်း၏ ရွှေဆိုင်နှင့်တွဲလျှက် ကုန် စုံဆိုင်ကို မျက်နှာဖုံးစွပ်လက်နက်ကိုင် ၇ဦးခန့်က လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လက ဘုရားသုံးဆူမြို့မဈေးအနီးရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ ၀င်များ ၀င်ရောက်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မြို့ခံအချို့ ထိခိုက်သေကြေကြသည့်အပြင် ဘုရားသုံးဆူမြို့ခံ ၃၀,၀၀၀ခန့် မှာ ယနေ့အချိန်ထိ ထိတ်လန့်နေကြဆဲဖြစ်သည်။

နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁၀ ဦး​ ​ကေအန်ယူနှင့်​ပူး​ပေါင်း

နော်နိုရင်း

ကရင်ပြည်နယ် မြိုင်ကြီး​ငူ​ဒေသဘက်မှာ တာဝန်ကျတဲ့​ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၁၀ ဦး​ ကရင်အမျိုး​သား​အစည်း​အရုံး​နဲ့​ လာ​ရောက် ပူး​ပေါင်း​ခဲ့​ပါတယ်။

မြိုင်ကြီး​ငူမှာ တာဝန်ကျတဲ့​ နယ်ခြား​စောင့်​တပ်ရင်း​ ၁၀၁၂ လက်​အောက်က တပ်ကြပ် ​ဒေး​ဂျိုး​နဲ့​အဖွဲ့​ ၁၀ ဦး​ဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ တပ်မဟာ ၇ နဲ့​ မ​နေ့​က ပူး​ပေါင်း​တာဖြစ်ပါတယ်။

လာ​ရောက်ပူး​ပေါင်း​တဲ့​ တပ်ကြပ်​ဒေး​ဂျိုး​က “ကျ​နော်တို့​ ပူး​ပေါင်း​ရတဲ့​ အ​ကြောင်း​အရင်း​က ဗမာစစ်တပ်​တွေ ကျ​နော်တို့​ ကရင်တပ်ဖွဲ့​ကို နယ်ခြား​စောင့်​တပ်​ပြောင်း​ပြီး​ ဒီ​ကေဘီ​အေကို ​ဖျောက်ဖျက်ပစ်လိုက်တာ​ကြောင့်​ဖြစ်တယ်” လို့​ ​ပြောပါတယ်။

နယ်ခြား​စောင့်​တပ်ရင်း​ ၁၀၁၂ တပ်ရင်း​မှူး​ဟာ ဒု-ဗိုလ်မှူး​ကြီး​ ပိုဘိဖြစ်ပြီး​ လွန်ခဲ့​တဲ့​ ဇွန်လတုန်း​က နယ်ခြား​စောင့်​တပ်တံဆိပ်ကို ဖြုတ်ပြီး​ ဒီ​ကေဘီ​အေအ​နေနဲ့​ ပြန်လည်ရပ်တည်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ​ကေအန်ယူနဲ့​ တရား​ဝင် ပူး​ပေါင်း​ခြင်း​တော့​ မရှိပါဘူး

အခု ပူး​ပေါင်း​လာတဲ့​ သူ့​လက်​အောက်ခံတပ်ဖွဲ့​ဝင် ၁၀ ဦး​က​တော့​ တရား​ဝင်ပူး​ပေါင်း​လာတာဖြစ်တယ်လို့​ ​အေအန်ယူ တပ်မဟာ ၇ ရဲ့​ ရုံး​ထိုင်မှူး​ ​စောအယ် ဆဲဆဲက ​ပြောပါတယ်။

“ဇူလိုင် ၂၈ ရက်​နေ့​မှာ ည​နေပိုင်း​လောက်မှာ ကျ​နော်တို့​ ဆီမှာ ​ရောက်လာတယ်။ တာဝန်ရှိတဲ့​လူ ​ပြောတဲ့​ပုံအရက​တော့​ သူတို့​ အရင်က တခါ ဒီ​ကေဘီ​အေက​နေပြီး​တော့​ တခါသွား​ပြီး​ပြီ။ ​နောက်​တော့​ နအဖ ရန်သူက​နေ ပြီး​တော့​ သူတို့​ကို နယ်ခြား​စောင့်​တပ်လုပ်ခိုင်း​တဲ့​အ​ပေါ်မှာ သူတို့​ အဲဒီမှာ သူတို့​ မကြိုက်ဘူး​ သူတို့​ လည်း​ နယ်ခြား​စောင့်​တပ် တံဆိပ် မတတ်ပါဘူး​။ အဲဒါ​ကြောင့်​မို့​ သူတို့​ မိခင်အဖွဲ့​အစည်း​ဆီကို ပြန်လာတယ်ဆိုတဲ့​အ​ကြောင်း​၊​ ​နောက်ပြီး​တော့​ လူကြီး​ ​ခေါင်း​ဆောင်ကလည်း​ ဒီ် ​ရှေ့​တန်း​မှာ ပူး​ပေါင်း​ပြီး​တော့​ သတ်ဖြတ်​နေတဲ့​ အ​ကြောင်း​ပေါ့​။”

မြန်မာနိုင်ငံ တောင်သူလယ်သမားအရေး (အပိုင်း - ၁၂)

ဦးမျိုး (ဥပဒေ)

လေ့လာသုံးသပ်ချက် စာတမ်း

(၇) မြန်မာနိုင်ငံ လယ်သမားများနှင့် လယ်ယာမြေဆိုင်ရာ ဥပဒေများ။

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များကို သမ္မတ စဝ်ရွှေသိုက်က တိုင်းပြုပြည်ပြု လွှတ်တော်ပါလီမန်၌ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကြေညာခဲ့ရာ ”တောင်သူလယ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် မြေပိုင်ရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုးရက ရည်သန်သည်။ အလုပ်သမားတို့၏ အခွင့်အရေးများကိုလည်း တိုးတက်စေလျက် အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုးရက ရည်သန်သည်။” ဟုပါရှိပါသည်။

ပထမဦးဆုံး ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဥပဒေနိဒါန်းတွင် ”လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ လွတ်လပ်စွာ တွေးကြံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသား ဖော်ပြနိုင်မှု၊ လွတ်လပ်စွာ ယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန် စသည်တို့သို့ သွားလာဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသန ရှာမှီးနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်မှု၊ အဆင့်အတန်း ညီမျှမှု၊ အခွင့်အလမ်း ညီမျှမှု၊ တရားဥပဒေ
အရာတွင် ညီမျှမှု တို့ကို နိုင်ငံသားအားလုံးတို့ ရရှိခံစားနိုင်စေခြင်းငှာ အခိုင်အမာ ခံဝန်ပြုရန် သန္နိဌာန်ချ၍၎င်း” ဟူ၍ ဖော်ပြပါသည်။

ဤအခြေခံဥပဒေ၏ အခန်း ၃ ။တောင်သူလယ်သမားများနှင့်အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန်ဝတ္တရား
များတွင် ပါရှိသော ”ပုဒ်မ (၃ဝ) ။ ။ (၁) နိုင်ငံတော်သည်မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။ (၂) ဤအခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မြေယာပိုင်ခွင့် စနစ်များကို စည်းမျဉ်းတကျ ဖြစ်စေရန်သော်၎င်း၊ လွှဲပြောင်းရန်သော်၎င်း၊ ဖျက်သိမ်းရန်သော်၎င်း နိုင်ငံတော်၌ အခွင့်အရေး ရှိရမည်။ သို့တည်းမဟုတ် မည်သည့်မြေယာကိုမဆို ပြန်လည်သိမ်းယူပြီးလျှင်၊ ထိုမြေယာကို စုပေါင်းစိုက်ပျိုးရေး အတွက်ဖြစ်စေ၊ သမဝါယမ စိုက်ပျိုးရေး အတွက် ဖြစ်စေ၊ လယ်သီးစားသမားများသို့ဖြစ်စေ၊ ဝေငှပေးရန် အခွင့်အရေးရှိရမည်။ (၃) မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာအမြောက်အမြား ပိုင်ဆိုင်နိုင်သော အခွင့်မရှိစေရ။ တဦးတည်းပိုင်ဖြစ်သော မြေယာ၏ အများဆုံးမြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။”

ပုဒ်မ (၃၁)။ ။ စီးပွားရေး၌ သူတပါးကို နစ်နာစေ၍ ကိုယ်ကျိုးရှာခြင်းမှ ကာဆီးရေးအတွက်၊ မိမိတို့အချင်းချင်းပေါင်းသင်းဖွဲ့စည်းနိုင်ကြစေရန် အလုပ်သမားများအား နိုင်ငံတော်သည် စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်ဖြင့်၎င်း၊ အခြားဆောင်ရွက်ချက်များဖြင့်၎င်း ကူညီနိုင်သည်။

အလုပ်သမားများအား စည်းရုံးပိုင်ခွင့် ပေးစေရန်၎င်း၊ အလုပ်လုပ်သော အချိန်နာရီတို့ကို ကန့်သတ်စေရန်၎င်း၊ နှစ်စဉ် အားလပ်ရက်များ ရခွင့်ရှိအောင် စီမံစေရန်၎င်း၊ အလုပ်အကိုင်၏ အခြေအနေကို ကောင်းမွန်အောင် ပြုစေရန်၎င်း ရည်ရွယ်၍ နိုင်ငံတော်သည် ဥပဒေပြု ပေးခြင်းဖြင့် အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရမည်။ ထို့ပြင် အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း၊ နေခင်း ထိုင်ခင်းနှင့် ထောက်ပံ့မှု အာမခံစနစ်တို့အတွက် စီမံချက်များကို အားပေးခြင်းဖြင့်လည်း၊ ကာကွယ်စောင့်ရှောက်ရမည်။” ဟု ပါရှိပါသည်။

စီးပွားရေးဆိုင်ရာ အခွင့်အရေးများ။ ပုဒ်မ -၂၃ (၁) ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ စီးပွားရေး ကိစ္စတွင် ပစ္စည်း ပိုင်ဆိုင်ခွင့်နှင့် ကိုယ်ပိုင်လုပ်ကိုင် တီထွင်နိုင်ခွင့်တို့ ရှိရမည်ဟု နိုင်ငံတော်က အခိုင်အမာ ခံဝန်ပြုသည်။ (၂) ကိုယ်ပိုင်ပစ္စည်း အသုံးချနိုင်သော အခွင့်အရေးကို ပြည်သူ့အကျိုး ပျက်စီးအောင် မည်သူမျှ အသုံးမပြုရ။ (၃) ဈေးနှုန်းများကို ချုပ်ကိုင်ရန်သော်၎င်း၊ အရောင်းအဝယ်တို့ကို လက်ဝါးကြီးအုပ်ရန်သော်၎င်း၊ ဖွဲ့စည်းသော သို့တည်းမဟုတ် နိုင်ငံတော်၏ စီးပွားရေး ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်သော ကာတယ်အဖွဲ့များ၊ ဆင်ဒီကိတ်အဖွဲ့များ၊ ထရတ်အဖွဲ့များ အစရှိသော ကိုယ်ပိုင်လက်ဝါးကြီးအုပ် အဖွဲ့များ မရှိရ။ ဟု ပြဋ္ဌာန်းထားပါသည်။

နိုင်ငံတော်၏ ဝါဒ ရည်ညွန်းချက်မူများ၊ ပုဒ်မ - ၄၄ (၁) ပြည်သူသုံးလုပ်ငန်းများကို နိုင်ငံတော် အစိုးရ ကိုယ်တိုင်ကသော်၎င်း၊ ဒေသန္တရ အဖွဲ့များကသော်၎င်း၊ ပြည်သူတို့၏ သမဝါယမ အစည်းအရုံးများကသော်၎င်း၊ တည်ထောင် လုပ်ကိုင်စေရန် နိုင်ငံတော်အစိုးရ၌ ဝါဒ ထားရှိ၍ ထိုဝါဒအတိုင်း ရှေးရှုဆောင်ရွက်ရမည်။

(၂) ပြည်ထောင်စု နိုင်ငံတော်အတွင်းတွင် ဓနပစ္စည်းထွက်မည့် သဘာဝပင်ရင်း အခြေအမြစ်များကို နိုင်ငံတော်အစိုးရ ကိုယ်တိုင်က သော်၎င်း၊ ဒေသန္တရ အဖွဲ့များကသော်၎င်း၊ ပြည်သူတို့၏ သမဝါယမ အစည်းအရုံးများကသော်၎င်း၊ လုပ်ကိုင်သုံးစွဲစေရန် နိုင်ငံတော် အစိုးရ၌ ဝါဒထားရှိ၍ ထိုဝါဒအတိုင်း ရှေးရှုဆောင်ရွက်ရမည် ဟုလည်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေနှင့် ပတ်သက်၍ ”လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ ဥပဒေအမှတ် ၄၄)” ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤ ၁၉၄၈ ခုနှစ် အက်ဥပဒေ ပုဒ်မ ၃ တွင် ”မည်သည့် အလုပ်ရှင်မဆို သူရင်းငှား တယောက်ကို ငှားသည်ရှိသော် ထိုသူရင်းငှားအား -

(က) တတုံးထွန်ထက် ပိုမိုသည့် လုပ်ခွင်ကို ချထား လုပ်ကိုင်စေခြင်း မပြုရ။

(ခ) လယ်ယာထွန်ယက်ခြင်း မပြုသည့် အချိန်တွင် ခိုင်းနွားတရှဉ်း ထိန်းကျောင်းကျွေးမွေးရန် တာဝန်ထက်ပိုသော တာဝန်ကို ချထားခြင်း မပြုရ။

ဤပုဒ်မ - ၄ တွင် (၁) (က) ကျီဝင် သူရင်းငှားတဦး၏ အခကြေးငွေမှာ ထိုသူ၏ လုပ်ခွင်မှ ထွက်သည့် သီးနှံ၏ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ဖြစ်စေရမည်။ ထို့အပြင် အလုပ်ရှင်က ထိုသူရင်းငှားအား ငှားရမ်းသည့် အချိန်ကာလ ပတ်လုံး ကျွေးမွေးထားရမည်။ (ခ) ကျီဝင် သူရင်းငှားမှအပ အခြားသူရင်းငှားများ ပုတ်ပြတ် လယ်ယာ အလုပ်သမားများ နေ့စား လယ်ယာအလုပ်သမားများအတွက် အခကြေးငွေကို နိုင်ငံတော်သမ္မတက ကျီဝင် သူရင်းငှားများ၏ နှုန်းနှင့် နိုင်းယှဉ်ပြီး သင့်တော်သည့် နှုန်းကို ကန့်သတ်ပေးရမည်။ သို့သော် တနှစ်ပတ်လုံး လုပ်ကိုင်ရသည့် သူရင်းငှားများကို ပိုမို၍ ငှားရမ်းစေခြင်းငှာ နှုန်းများကို နိုင်ငံတော် သမ္မတက ပြုပြင်ပေးနိုင်သည်။” ဟု ဖော်ပြထားသည်။

အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ ဥပဒေအမှတ် ၆၆) ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်တို့၌ လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများအား သင့်တင့်လျောက်ပတ်စွာနေထိုင်စားသောက်နိုင်လောက်သော အခကြေးငွေကို ရရှိစေရန် ရည်ရွယ်၍ ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေ ပုဒ်မ (၂) (၁) တွင် ”အလုပ်သမားဆိုသော စကားရပ်တွင် အလုပ်ရှင်နှင့် ပဋိညာဉ်ပြုလုပ်ခဲ့သူ သို့တည်းမဟုတ် ပဋိညာဉ်အရ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သူကို ဆိုလိုသည်။

(က) အလုပ်ရှင်၏ စီးပွားရေး လုပ်ငန်းအတွက် မဟုတ်ဘဲ အခြားကိစ္စအတွက် ခေတ္တခဏ ခိုင်းစေခြင်း ခံရသူ။

(ခ) အစိုးရဌာနကဖြစ်စေ၊ အစိုးရ ကိုယ်စားလှယ်ကဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း မှတပါး အခြားကိစ္စအတွက် နိုင်ငံတော်အစိုးရက ခိုင်းစေခြင်းခံရသူ၊ ထို့အပြင် -

(ဂ) ၁၉၄၈ ခုနှစ် လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် သက်ဆိုင်သော အလုပ်သမား။ ဟူ၍ ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက လယ်ယာမြေအများစုကိုတောင်သူ လယ်သမား မဟုတ်သော ငွေရှင်ကြေးရှင်များ လက်ထဲသို့လယ်ယာများ ရောက်နေခြင်းကြောင့်တောင်သူလယ်သမားများ အများထုကြီးသည် သီးစားခကြီးလွန်း၍ လယ်ယာကို စွဲစွဲမြဲမြဲ မလုပ်ကိုင်နိုင်ခြင်း၊ လက်ငုတ်လယ်ယာ လက်မဲ့ဖြစ်ရခြင်း၊ ကြွေးမြီတင်ခြင်း စသည့် ပြဿနာ မြောက်မြားစွာနှင့် တွေ့ကြုံရင်ဆိုင် ခဲ့ကြရသည်။ ထို့ကြောင့် ”လယ်လုပ်သူ လယ်ပိုင်ရမည်။” ဟူသော သဘောတရား ထွက်ပေါ်လာခဲ့သည်။ လယ်ယာမလုပ်သူတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေများကို သိမ်းယူ၍ လယ်လုပ်ခွင့် မရသူတို့အား ဝေပေးရန်အတွက် ”၁၉၄၈ ခုနှစ်တွင် သီးစားချထားရေး ဥပဒေနှင့် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၈ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို လက်တွေ့ဆောင်ရွက်ရာ၌ ၁၉၅ဝ ခုနှစ်တွင် သန်လျင်မြို့၌ စတင်ကျင့်သုံးခဲ့ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရသော ချို့ယွင်းချက်များ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ၎င်းချို့ယွင်းချက်များကို ပြုပြင်ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကို အသစ်တဖန် ပြဋ္ဌာန်းခဲ့သည်။ ၁၉၅၃ ခုနှစ် သီးစားချထားရေး ဥပဒေကိုလည်းပြဋ္ဌာန်းခဲ့သည်။

မြန်မာနိုင်ငံတွင် - (၁) ၁၉၃၉ ခုနှစ် သီးစားအက်ဥပဒေ (၂) ၁၉၄၆ ခုနှစ် သီးစားအက်ဥပဒေ (၃) ၁၉၄၈ ခုနှစ် သီးစားချထားရေး အက်ဥပဒေ (၄) ၁၉၅၃ ခုနှစ်သီးစားချထားရေး အက်ဥပဒေ ဟူ၍ သီးစားဥပဒေများပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံး တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေကို ပြီးပြည့်စုံပြီဟု မယူဆသည့်အတွက် ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ပြန်သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေများ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အမြား သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ “ဥပဒေနောက်ထပ် မတိုးလိုက်ပါနဲ့“ စာချိုးခဲ့သည့် စာဆိုကြီး အဖိုးသခင် ကိုယ်တော်မှိုင်းကို တိုင်တည်ရပါတော့မည်။ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံကြီးက ”နိုင်ငံတော်လည်း ကျဆုံးခဲ့ပြီ အဖိုးရေ့” အော်ခဲ့သည်ကို ယနေ့တိုင် ကြားနေရပါသည်။ ဘာကြောင့်ပါလဲ။ နိုင်ငံ၏ ထမင်းရှင် လယ်သမားထုကြီးတရပ်လုံး လယ်မဲ့ယာမဲ့ ပစ္စည်းမဲ့ဘဝနှင့် အဆင်းရဲဆုံး နိုင်ငံဘဝ ကျရောက်သွားသောကြောင့် ဖြစ်ပါသည်။

အပိုင်း ၁၃ - ဆက်လက်တင်ပြပါမည်။



ယနေ့ မြန်မာ့ရေးရာ သတင်းများ July,30th,2011

( 28 )တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့အတူကြိုးပမ်းဖို့ မူအားဖြင့်သဘောတူ

( 27 )Rising Blood by James Fleming

( 26 )အိတ်ဖွင့်ပေးစာအပေါ် အပြုသဘော ဆောင်ရွက်မှုလို့ သမ္မတအကြံပေးရှုမြင်

( 25 )ကေအိုင်​အေသ​ဘောတူညီချက်မရဘဲ အပစ်ရပ်​ရေး​လက်မှတ်ထိုး​ရန် အစိုး​ရ ကိုယ်စား​လှယ်လွှတ်မည်ဟုဆို

( 24 )Discover the temple treasures of Laos and Myanmar

( 23 )ကျောက်မဲပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံး

( 22 )Ban underlines need to release all remaining political prisoners

( 21 )လူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပ

( 20 )Voices from Burma’s Gulag

( 19 )အလုပ်ဖြုတ်ခံ သကင်္န်း​ကျွန်း​ လင်း​ထက်စက်ရုံ ဝန်ထမ်း​များ​ ကိစ္စအဆင်​ပြေ

( 18 )ဒေါ်အောင်ဆန်းစုကြည် ၃ ရက်တရားစခန်းဝင်

( 17 )Most dangerous country online - Myanmar?

( 16 )ဥရောပရောက် မြန်မာတွေရဲ့ ညီလာခံ

( 15 )Oman awarded win over Myanmar

( 14 )ပညာပါရမီ​ကျောင်း​ဖွင့်​ရန် တား​မြစ်ခံရ

( 13 )Violence mars Burma World Cup qualifier

( 12 )ချင်းပြည်နယ်ကို အိန္ဒိယ က ဒေါ်လာ ၂ သန်း ကူညီ

( 11 )UN: Burma Must Release Remaining Political Prisoners

( 10 )ရခိုင်ပြည်နယ်ကမူစလင်တွေ ခရီးသွားခွင့်ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်ပြီ

( 9 )Nagas in Burma, FNR for common aspirations

( 8 )ကိုဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင် နယူးဇီလန်မှာ အောင်မြင်

( 7 )Myanmar: Cyber war: Myanmar leader in attacks in 2011

( 6 )ငါးထောင်တန်ငွေစက္ကူ သတိထားနေကြရ

( 5 )At a critical juncture, Burma’s government needs a Plan B

( 4 )နိုင်ငံခြားငွေ လဲလှယ် နှုန်းပြောင်းဖို့ စီစဉ်နေ

( 3 )Suu Kyi offers help for ceasefire

( 2 )အစိုးရနဲ့ တိုင်းရင်းသားကြား ပဋိပက္ခ ဖြေရှင်းရေး ဒေါ်စု ကူညီရန် အသင့်ရှိ

( 1 )Burma’s ethnic conflict product of flawed constitution Unity in diversity the sole way out

Friday, July 29, 2011

ပြင်ပတရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း မပြုရန် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင် တားမြစ်

သျှမ်းသံတော်ဆင့်

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်လိုသော နိုင်ငံရေးပါတီများ ပြင်ပတရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း မပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ခဲ့ကြောင်း သိရှိရပါသည်။

“နိုင်ငံရေးပါတီတွေက တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်လို့မရဘူး။ ငြိမ်းချမ်းရေး အတွက် အကျိုးဆောင်ချင်ရင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မှာတင်ပြပါ။ အဲကနေတဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြပါ။ ဥပဒေဘောင်တွင်းကနေလုပ်ပါလို့ ပြောတယ်” ဟု ကျားဖြူပါတီမှ စီးပွားရေးတာဝန်ခံ ဦးစောသန်းမြင့် က ပြောပါသည်။

ဂျူလိုင် ၂၇ ရက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား ခေါ်ယူတွေ့ဆုံစဉ် ကျားဖြူပါ တီ က မည်သည့်ရွေးကောက်ပွဲကော်မရှင်မဆို လိုက်နာရမည့် ရွေးကောက်ပွဲဥပဒေတစ်ခုတည်း ထုတ်ပြန်စေလို ကြောင်းနှင့် သျှမ်းပြည်တွင်း မငြိမ်းချမ်းသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်ငြိမ်းချမ်းရေး အတွက် ပါဝင်လုပ်ဆောင်လိုကြောင်း တင်ပြခဲ့သည်ဟု ဆို၏။

ငြိမ်းချမ်းရေးအတွက် သာမက လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အချက်အလက်များ နေ့စဉ်ရက်ဆက် စုဆောင်း နေကြောင်း၊ ရရှိလာသော အချက်အလက်များကို မှန်/မမှန် ပြန်လည်ဆန်းစစ်ကာ နေ့ရက် အချိန်နှင့် မှတ်တမ်း တင်ထားကြောင်း ဦးစောသန်းမြင့် က ဆက်ပြောပါသည်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သျှမ်းပြည်ဝန်ကြီးချုပ်ဆီ တင်ပြထားပေမဲ့ လက်ရှိအနေအထားက ပြည်နယ် ဝန်ကြီး ချုပ်က လုပ်ဆောင်လို့ရတဲ့အပိုင်း ဖြေရှင်းပေးနိုင်တဲ့အပိုင်း မရှိဘူးလေ။ ပြည်ထောင်စုလွှတ်တော်ကဘဲ ဆုံးဖြတ်နိုင် တယ်။ ဒါကြောင့် ကဏ္ဍာအလိုက်ခွဲပြီး စက်တင်ဘာလလောက်မှာခေါ်မဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြမယ်”

ဂျူလိုင်လဆန်းပိုင်း ခမရ ၅၁၃ မှ ကိုယ်ဝန်ဆောင် သျှမ်းအမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် ၁၂ နှစ် အရွယ် မိန်းကလေးတစ်ဦးအား မုဒိန်းကျင့်ခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းအမျိုးသမီးရေးရာဆက် သွယ် လှုပ် ရှားဆောင်ရွက်ရေးအသင်း၏ အစီရင်ခံစာတစ်စောင်တွင် ရေးသားထားသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်က ဒေသခံ ရွာသူရွာသားများအား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ ရှေ့ဆောင်လမ်းပြလုပ် ခိုင်း ခြင်း၊ ဒေသခံများ၏ ဆန်၊ ကြက်၊ ဝက်တို့ကို ယူငင်စားသောက်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း စသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA အား မြန်မာစစ်တပ် ထိုးစစ်ဆင်မှုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက် တိုက်ကျူးလွန်ခဲ့သောကြောင့် လဲချားပြည်သူ့လွှတ်တော်အမတ် စိုင်းမောင်တင် က သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်ထံ ဂျူလိုင်လလယ်ပိုင်းက တင်ပြခဲ့သည်။

ကစထမှူး​ ၂ ဦး​ကို အနား​ပေး

ဒီဗွီဘီ

မကြာ​သေး​မီရက်ပိုင်း​က ကာကွယ်​ရေး​ဝန်ကြီး​ဌာန စစ်ဆင်​ရေး​အထူး​အဖွဲ့​ (ကစထ) မှူး​ ၂ ဦး​ကို တာဝန်က အနား​ပေး​လိုက်တဲ့​အတွက် ကစထမှူး​နှစ်ဦး​သာ ကျန်ရှိ​တော့​ကြောင်း​ စစ်ဘက်သတင်း​ရပ်ကွက်အရ သိရပါတယ်။

ပြီး​ခဲ့​တဲ့​နှစ်၊​ ဩဂုတ်လကုန်ပိုင်း​က တပ်တွင်း​ရာထူး​အ​ပြောင်း​အ​ရွှေ့​တွေအတွင်း​ အ​နောက်​မြောက်တိုင်း​စစ်ဌာနချုပ် တိုင်း​မှူး​မှ ကစထမှူး​ဖြစ်လာတဲ့​ ဗိုလ်ချုပ် မြင့်​စိုး​နဲ့​ အလယ်ပိုင်း​တိုင်း​စစ်ဌာနချုပ် တိုင်း​မှူး​မှ ကစထမှူး​ဖြစ်လာသူ ဗိုလ်ချုပ်တင်​ငွေတို့​ နှစ်ဦး​ကို တာဝန်ထမ်း​ဆောင်တဲ့​ သက်တမ်း​ ၁ နှစ်မပြည့်​ခင်မှာ စစ်ဘက်က အနား​ပေး​လိုက်တာ ဖြစ်ပါတယ်။

ကာကွယ်​ရေး​ဝန်ကြီး​ဌာန စစ်ဆင်​ရေး​အထူး​အဖွဲ့​ (ကစထ) မှူး​ ရာထူး​ကို ၂ဝဝ၃ ခုနှစ်မှ စတင် ဖြည့်​စွက်ကျင့်​သုံး​လာပြီး​ အဲဒီ ကစထမှူး​က စစ်တိုင်း​ဌာနချုပ် ၃ ခု​လောက်ကို တာဝန်ယူ ကွပ်ကဲ​နေရတာပါ။ အ​စောပိုင်း​ ကာလ​တွေမှာ ကစထမှူး​ ၄ ဦး​သာ ရှိ​နေရာမှ ​နောက်ပိုင်း​ ကစထမှူး​ ၆ ဦး​အထိ တိုး​ချဲ့​ထား​ရှိခဲ့​ပါတယ်။

ပြီး​ခဲ့​တဲ့​နှစ်၊​ ဩဂုတ်လကုန်ပိုင်း​က ကစထမှူး​တွေဖြစ်လာခဲ့​တဲ့​ ​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ် တိုင်း​မှူး​ဟောင်း​ ဗိုလ်ချုပ် စိုး​ဝင်း​ကို အခုနှစ် ဧပြီလမှစလို့​ ဒုတပ်မ​တော် ဦး​စီး​ချုပ်အဖြစ်လည်း​ကောင်း​၊​ ​တောင်ပိုင်း​တိုင်း​ စစ်ဌာနချုပ်တိုင်း​မှူး​ဟောင်း​ ဗိုလ်ချုပ်လှမင်း​ကို ကာကွယ်​ရေး​ဝန်ကြီး​ဌာန ပြည်​ထောင်စု ဝန်ကြီး​အဖြစ်လည်း​ကောင်း​ ​ပြောင်း​ရွှေ့​တာဝန် ​ပေး​ထား​ခဲ့​ပြီး​ ဖြစ်ပါတယ်။

ဒါ​ကြောင့်​မို့​ ကစထမှူး​ ၆ ဦး​ရှိတဲ့​အနက် အခုအခါ အ​ရှေ့​မြောက်တိုင်း​ တိုင်း​မှူး​ ​ဟောင်း​ ဗိုလ်ချုပ် ​အောင်သန်း​ထွဋ် နဲ့​ အ​ရှေ့​တောင်တိုင်း​စစ်ဌာနချုပ် တိုင်း​မှူး​ဟောင်း​ ဗိုလ်ချုပ် သက်နိုင်ဝင်း​တို့​ နှစ်ဦး​သာ ကျန်ရှိ​နေပြီး​ အသစ်ခန့်​အပ်အစား​ထိုး​တာလည်း​ မရှိတဲ့​အတွက် အဲဒီ ကစထမှူး​ ရာထူး​နေရာ​တွေကို​တောင် ဖယ်ရှား​ကောင်း​ ဖယ်ရှား​နိုင်တယ်လို့​ စစ်ဘက်သတင်း​ရပ်ကွက်အရ သိရပါတယ်။

အခု စစ်ဘက်က အနား​ပေး​လိုက်တဲ့​ ကစထမှူး​တွေဟာ သူတို့​တိုင်း​မှူး​ဘဝက အိမ်ရာ​မြေ​ရောင်း​စား​တဲ့​ကိစ္စ​တွေဖြစ်ပြီး​ ရန်ကုန်တိုင်း​မှူး​ဟောင် ဗိုလ်မှူး​ချုပ် ထွန်း​သန်း​ ကိုလည်း​ အလား​တူ​မြေရာကိစ္စ​တွေနဲ့​ စစ်ဘက်ကအနား​ပေး​ကာ စစ်​ဆေး​မှု​တွေ လုပ်ခဲ့​ တယ်လို့​ စစ်ဘက်နဲ့​ နီး​စပ်တဲ့​သတင်း​တွေအရ သိရပါတယ်။

ခုံရုံးကြောင့် NLD အာဏာနှင့်လွဲဟု ကော်မရှင်ပြော

လင်းသန့် Friday, 29 July 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များကို နိုင်ငံတကာ နျူရင်ဘတ် ခုံရုံးတင်ကာ အရေးယူရန် ပြောဆိုခဲ့သဖြင့် အာဏာ အလွှဲမခံရခြင်း ဖြစ်သည်ဟု နေပြည်တော်အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ပြောဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီ ၃၇ ခု၏ ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူတို့ အာဏာလွှဲမပေးခဲ့တာ အဲဒါကြောင့် လို့ ကော်မရှင် ဥက္ကဋ္ဌက မိန့်ခွန်းမှာ ထည့်ပြောတာ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နျူရင်ဘတ် ခုံရုံး ဟူသော အသုံးအနှုန်းကို ၁၉၉၀ ရွေးကောက်ပွဲကာလ NLD ကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်သည့် ဦးကြည်မောင်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဟောင်ကောင် အခြေစိုက် Asiaweek မဂ္ဂဇင်းမှ နိုင်ငံခြား သတင်းထောက်တဦး၏ “စစ်တပ်က စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာတွေကို NLD က တရားစွဲဖို့ လိုအပ်သလား” ဟူသော မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ” (“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည်ပြောဆိုခဲ့သည်။ ထိုအကြောင်း ၁၉၉၀ ဇူလိုင်လက Asiaweek တွင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်စဉ် ဦးကြည်မောင်၏ ပြောဆိုချက်ကို မှားယွင်းကိုးကားခဲ့သည်ဟု ဦးသုဝေက ထောက်ပြသည်။

“အဲဒီတုန်းက ဦးကြည်မောင် ပြောတာလည်း အဲဒီလို မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲမှာ ဦးကြည်မောင်က အဲဒီလို ပြောခဲ့တယ်ဆိုပြီး အဓိက ပြောခဲ့တာ။ မဟုတ်မှ မဟုတ်တာ” ဟု ဦးသုဝေက ဆိုသည်။

ဦးကြည်မောင်သည် ၂၀၀၄ ခုနှစ်က ကွယ်လွန်ခဲ့သည်။

သူ၏ ပြောဆိုချက်တွင် ပါဝင်သော နျူရင်ဘတ်သည် ဒုတိယ ကမ္ဘာစစ်ကာလ အတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော ဂျာမန်တို့ကို အပြစ်ပေး အရေးယူသည့် နိုင်ငံတကာ ခုံရုံးတခု ဖြစ်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ဦးကြည်မောင်၏ပြောဆိုချက်ကို နားလည်မှုလွဲခြင်း ဖြစ်သည်ဟု လက်ရှိ NLD ခေါင်းဆောင်များက ဆိုသည်။

“ကျနော်တို့ NLD မှာ အဲဒီလို သဘောထား လုံးဝ မရှိဘူး” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ရှင်းပြသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း “NLD ဟာ ဒီလိုမျိုး သဘောထား မရှိခဲ့ဘူး။ ဦးကြည်မောင်ကလည်း အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို NLD က ထောက်ခံကြောင်း၊ ထိုကော်မရှင်သည် ခုံရုံး မဟုတ်ကြောင်း၊ အချက်အလက် ပြည့်စုံအောင် စုံစမ်းမည့် အဖွဲ့သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်သူများဖြစ်သည်ဟု နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးများက နိုင်ငံတကာခုံရုံးနှင့် ပတ်သက်ပြီး လိုလားခြင်း မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က ဦးကြည်မောင်၏ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ပြောဆိုချက်အပြီးတွင် အာဏာပိုင်တို့က သူ့ကို ထိန်းသိမ်းလိုက်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်ပြီး ထပ်မံ ပြောကြားလိုက်ပြန်သည်။

ထိုစိုးရိမ်ချက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ NLD ကို စစ်တပ်က အာဏာမလွှဲရခြင်း ဖြစ်ကြောင်း အရပ်သား အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် တရားဝင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတင်အေးက ဆက်လက်ပြောသည်မှာ တပ်မတော်အစိုးရက လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။

အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးတို့က ထိုရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသားညီလာခံ (၁၉၉၃-၂၀၀၇) သို့ တက်စေပြီး အခြေခံဥပဒေ ရေးဆွဲရန် စီစဉ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း အာဏာပိုင်တို့က ကြေညာပြီး ရွေးကောက်ပွဲတခုကို ထပ်မံကျင်းပခဲ့သည်။

ကျောက်ဖြူ အများပြည်သူပိုင် မြေကွက်များ ဗိုလ်ချုပ်ကြီးများ နာမည်ခံပြီး ဖေါ်ထုတ်ရောင်းစား

မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ပြည်သူများ အသုံးပြုသော မြေကွက်များ အပါအ၀င် ပင်လယ် ကမ်းခြေရှိ နေရာကောင်းများကို စစ်ဗိုလ်ချုပ်ကြီးများ အမည်ခံ ဖေါ်ထုတ်ပြီး ရောင်းစားနေသည်ဟု သတင်း ရရှိသည်။

ဒေသခံ လူကြီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

" အခု ပင်လယ် ကမ်းခြေ တလျှောက် ယခင်က ဂေါက်ကွင်း၊ ကစားကွင်း၊ ပြည်သူတွေ အပန်းဖြေ အနားယူ နေတဲ့နေရာတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှမင်းက သူ့နာမည် ခံပြီးတော့ မြန်မာရွှေသရဖူ ကုမ္ပဏီ ( Myanmar Golden Crown ) ကုမ္ပဏီကို စပေါင် ဆာပေးပြီး လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ကျောက်ဖြူမြို့နယ်မှာ လပ ၃၉ (လယ်ယာမြေပိုင်ဆိုင်မှု ဥပဒေ ၃၉) မရှိဘဲ ဘိုးစဉ်ဘောင်ဆက် ပြည်သူတွေ လုပ်ကိုင်စားသောက် နေကြတဲ့ မြေကွက်တွေ၊ ပြည်သူတွေ စုပေါင်း ပိုင်ဆိုင်ထားတဲ့ မြေကွက်လပ် တွေကို ဗိုလ်ချုပ်ကြီးတွေက လပ ၃၉ ဖေါက်ပြီးတော့ ပြန်လို့ ရောင်းစားနေပါတယ်။"

ယခုလက်ရှိ ဗိုလ်ချုပ်ကြီး လှမင်း နာမည်ခံထားသော မြေနေရာတွင် ဇူလိုင်လ ၁၅ ရက်နေ့က စပြီး MGC ခေါ် မြန်မာ့ ရွှေသရဖူ ကုမ္ပဏီက ပင်လယ်နှင့်ကားလမ်းကြားမှာ တည်ရှိသော မြေသားများကို တူးဖေါ်ပြီး မြေကွက် ဖေါ်ထုတ်ရေးအတွက် လုပ်ဆောင်နေပြီ ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ မြေများကို တူးဖေါ် ယူနေသောကြာင့် ကားလမ်းများ ပြိုကျနိုင်သလို လေယဉ်ကွင်းပါ ပျက်စီးသွားနှိင် ကြောင်း အဆိုပါ ဒေသခံက ယခုကဲ့သို့ပြောသည်။

" ပင်လယ်ရေအောက်က မြေတွေ၊ သဲတွေကို ယူတာကတော့ သိပ်အရေးမကြီးပါဘူး။ အခု ပင်လယ်နားနီးတဲ့ ကုန်းပေါ်က မြေကြီးတွေကို ယူပစ်ရင် ရေအောက်က ဂလိုဏ်ဆွဲပြီးတော့ ကားလမ်းတွေ ပြိုကျသွားနိုင်တယ်။ ကားလမ်း ပြိုရင် လေယဉ်ပျံကွင်းဖက်ကိုပါ ပြိုကျသွားနိုင်တယ်။ ဘာဖြစ်လို့လဲ အခုလုပ်နေတဲ့နေရာက လေယဉ်ကွင်းရဲ့ ထိပ်တည့်တည့်နေရာ ဖြစ်ပါတယ်။"

ယခုအခါ ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေတလျှောက်ရှိ ပြည်သူများ ပိုင်ဆိုင်သော မြေကွက် လပ်များမှာ စစ်တပ် အရာရှိများလက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူက ယခုကဲ့သို့ ဆက် ပြောသည်။

" ကျောက်ဖြူမှာ ပင်လယ်ကမ်းတလျှောက်မှာရှိတဲ့ အများပြည်သူပိုင် မြေကွက် တခုမှ မရှိတော့ဘူး။ အကုန်လုံးကို အာဏာရှိတဲ့သူတွေက သူတို့မိသားစုတွေနဲ့ နာမည် ဖေါက်ပြီး ယူသွားကြတယ်။ ကျွန်တော် ရမ်းဗြဲကျွန်းမှာ ဆိုလို့ရှိရင် ရမ်းဗြဲ၊ ဇင်ချောင်း၊ ကျောက်ဖြူ၊ မင်းပြင် အဲဒါတွေဟာ ပင်လယ် ကမ်းခြေ တွေ ဖြစ်ပါတယ်။ အခု အဲဒီ ကမ်းခြေတွေမှာ နိုင်ငံခြားက ၀ယ်ဖို့ကောင်းတဲ့နေရာတွေ၊ စီးပွားရေး လုပ်ကိုင်လို့ ရမယ့် အချက်အချာနေရာတွေ အကုန်လုံးကို ဗိုလ်ချုပ် တွေက ချက်ချင်း လပ ၃၉ ( လယ်ယာမြေ ပိုင်ဆိုင်မှု ဥပဒေ ၃၉) ဖေါက်ပြီးတော့ ဗိုလ်ချုပ်တွေရဲ့ ဇနီး မိသားစုတွေ နာမည်ခံပြီး သူတို့ပိုင် လုပ်ထားလိုက်ကြပြီ ဖြစ်ပါတယ်။"

ယခုအခါ ကျောက်ဖြူမြို့နယ်တွင် နေရာကောင်းများကို စစ်ဗိုလ်များက နာမည်ခံပြီး ပြန်လည်ရောင်း စားနေကြသဖြင့် မြေကွက်ဈေး မှာလည်း တဖြည်းဖြည်း မြင့်တက်လာရာ ကျောက်ဖြူမြို့ အနီး ပတ်ဝန်းကျင်တွင် ယခုအခါ အတော်အသင့် ကြီးသော မြေကွက် တကွက်ဈေးနုန်းမှာ ကျပ်ငွေ သိန်း ၅၀၀ မှ ၁၀၀၀ ထိ ပေါက်ဈေးရှိနေသည်ဟု သိရသည်။

ကေအိုင်​အေကို ​သောင်း​ကျန်း​သူအဖြစ် ရှုတ်ချသည့်​ဆွေး​နွေး​ပွဲ ပြုလုပ်

ဒီဗွီဘီ

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) အဖွဲ့​ကို အပစ်ရပ်စဲ​ရေး​ပြုလုပ်ဖို့​ ပြည်နယ်အစိုး​ရအ​နေနဲ့​ ကမ်း​လှမ်း​တာ​တွေလုပ်​ပေမယ့်​ ​ကေအိုင်​အေအဖွဲ့​က ဥပက္ခာပြုပြီး​ လမ်း​၊​ တံတား​တွေ ဖျက်ဆီး​နေတဲ့​အတွက် ​သောင်း​ကျန်သူအဖြစ် သတ်မှတ်ရှုတ်ချတဲ့​ ​ဆွေး​နွေး​ပွဲ​တွေကို ဇူလိုင် ၂၇၊​ ၂၈ ရက်​တွေက မြစ်ကြီး​နား​မြို့​မှာ ကျင်း​ပသွား​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

အဲဒီ​ဆွေး​နွေး​ပွဲ​တွေကို ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီး​ချုပ်ရုံး​က ဦး​ဆောင်ပြုလုပ် ​နေတာဖြစ်ပြီး​ ဝန်ကြီး​ချုပ် ကိုယ်တိုင်​တော့​ မတက်ဘဲ ဝန်ကြီး​အဆင့်​ကသာ တက်​ရောက်​ကြောင်း​၊​ အခုလ ၂၇ ရက်​နေ့​က မြစ်ကြီး​နား​၊​ ယုဇနရပ်ကွက်က ​ရွှေပြည့်​စံ စား​သောက်ဆိုင်ခန်း​မမှာ ပြုလုပ်ခဲ့​ပြီး​ ဒုတိယအကြိမ်အဖြစ် မြို့​တော်ခန်း​မမှာ မ​နေ့​က ကျင်း​ပသွား​တယ်လို့​ ဝန်ထမ်း​တွေနဲ့​ နီး​စပ်သူ မြစ်ကြီး​နား​မြို့​ခံက အခုလို ​ပြောပါတယ်။

“မြစ်ကြီး​နား​မြို့​တော်ခန်း​မမှာ ​သောင်း​ကျန်း​သူ ရှုတ်ချပွဲဆိုပြီး​ ပြန်လုပ်တယ်။ ပြည်နယ်ဝန်ကြီး​ချုပ်ရုံး​က ဦး​ဆောင်တယ်လို့​ ​ပြောတယ်။ ပြည်နယ် ဝန်ကြီး​တွေပါတယ်၊​ ဝန်ကြီး​ချုပ်လည်း​ မပါဘူး​။ ဝန်ကြီး​တွေက သဘာပတိ တလှည့်​စီ လုပ်သွား​တယ်။ ရပ်မိရပ်ဖ​တွေ ​ခေါ်လို့​ရှိရင် ​တောင်​ပြော ​မြောက်​ပြောနဲ့​ မဟုတ်တာ​တွေ ပါသွား​မှာ စိုး​လို့​တဲ့​၊​ အဲဒါ​ကြောင့်​ စိတ်ချရတဲ့​သူ၊​ ဘာမှ မ​ပြောမဆိုတဲ့​သူ သူတို့​သ​ဘောအတိုင်း​ လိုက်ပြီး​မှ လက်ညှိုး​ထောင်မယ့်​သူ အင်အား​ ၃ဝ ​လောက်နဲ့​ လုပ်သွား​တယ်​ပြောတယ်။ ပထမရက်လုပ်တဲ့​ဟာက အင်အား​ ရဝ ​လောက်ရှိတယ်တဲ့​။”

မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ်က စစ်ဖက်အရာရှိ​တွေ​တောင် လာ​ရောက်ခြင်း​မရှိတဲ့​ အဲဒီစည်း​ဝေး​ပွဲ​တွေကို စည်း​လုံး​ညီညွတ်​ရေး​နှင့်​ ဒီမိုက​ရေစီပါတီ၊​ ကြံ့​ခိုင်​ရေး​ပါတီတို့​မှ စည်း​ရုံး​ရေး​မှူး​တွေ၊​ အစိုး​ရဌာနဆိုင်ရာမှ အရာရှိ​တွေသာ တက်​ရောက်ခဲ့​ကြ​ကြောင်း​ အဲဒီ မြစ်ကြီး​နား​မြို့​ခံက ​ပြောပါတယ်။

အခုအခါ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရစစ်တပ်​တွေအကြား​ တိုက်ပွဲဖြစ်လာ ကတည်း​ကစလို့​ ​ဒေသခံလူထုမှာ ကျီး​လန့်​စာစား​ ​နေထိုင်စား​သောက်​နေရပြီး​ စီး​ပွား​ရေး​ လုပ်ငန်း​များ​ ထိခိုက်​နေပါတယ်။

ပြည်တွင်း​စစ်ပွဲ​တွေ ကြီး​မား​ကျယ်ပြန့်​လာမှာကို စိုး​ရိမ်ပြီး​ နှစ်ဖက်အပစ်ရပ်စဲရန် ​ဒေသခံလူထု​တွေ လိုလား​နေချိန်မှာ ​ကေအိုင်​အေအဖွဲ့​အ​ပေါ် ​သောင်း​ကျန်း​သူအဖြစ် သတ်မှတ်တဲ့​ စည်း​ဝေး​ပွဲ​တွေကို ကချင်ပြည်နယ် ဝန်ကြီး​ချုပ်ရုံး​က ပြုလုပ်ခဲ့​တာပါ။

ကရင်နီဒုက္ခသည်များ အပြင်သို့ အလုပ်ထွက်လုပ်ခွင့် ပိတ်မည်ကို စိုးရိမ်

နှောင်းလှိုင်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှ စခန်းအပြင်သို့ တောင်ယာထွက်လုပ်သော လူစာရင်းများအား ထိုင်း အာဏာပိုင်မှ စခန်းအုပ်ချုပ်ရေးကို ကောက်ခိုင်းသဖြင့် အလုပ်ထွက်လုပ်ခွင့် ပိတ်ပင်မည်ကို ဒုက္ခသည်များ စိုးရိမ်နေကြသည်။

“ကျနော်က ဟင်းသီးဟင်းရွက် စပါးတွေ စိုက်တာပေါ့။ အခုစခန်းထဲမှာ နာမည်စာရင်းတွေ ကောက်နေတယ်။ ကျနော်တို့ စာရင်း ကောက်ပြီး ဘာလုပ်မလဲတော့ မသိဘူး။ တစ်ခုခု လုပ်မှာတော့ သေချာတယ်”ဟု ဒုက္ခသည်စခန်းမှ နယ်စပ် တာဖရားလဲ ကျေးရွာသို့ အလုပ်သွားလုပ်သော ဒုက္ခသည် တစ်ဦးက ပြောသည်။

တာဖရားလဲကျေးရွာသည် ထိုင်း-မြန်မာနယ်စပ် ရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်သည့် နယ်မြေနှင့် နီးပြီး ထိုနယ်စပ်တလျှောက်တွင် တောင်ယာထွက်ခုတ်သော ဒုက္ခသည် လူဦးရေ ၂၀၀ လောက်ရှိသည်ဟု ၄င်းက ပြောသည်။

ဒုက္ခသည်များ ထိုသို့ အပြင်ထွက် အလုပ်လုပ်ရခြင်း အကြောင်းအရင်းတွင် ဒုက္ခသည်များအတွက် စားနပ် ရိက္ခာ လျှော့ချမှုလည်း ပါဝင်ကြောင်း အထက်ပါ ဒုက္ခသည်က ဆက်ပြောသည်။

ဒုက္ခသည်စခန်းထဲတွင် ထိုင်းနိုင်ငံအခြေစိုက် (Thai Burma Border Consortium) TBBC အဖွဲ့က ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ပဲ၊ သကြား စသည့် ရိက္ခာများနှင့် ထမင်းဟင်းချက်ရန် မီးသွေးနှင့် သစ်ဝါးများ ထုတ်ပေးလေ့ရှိသော်လည်း ယခုနှစ်တွင် ယခင် ဆန် ၁၆ ကီလို ပေးနေရာမှ ၁၃ ကီလိုခွဲသို့ လျှော့ချပေးကာ စားဆီနှင့် ပဲများ စသည့် အဓိက စားသောက်ကုန်များကိုလည်း လျှော့ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်ပတ်အကြာက ကရင်နီဒုက္ခသည် စခန်းကော်မတီ၊ စခန်းလုံခြုံရေး၊ ဆယ်အိမ်ခေါင်းများ၊ ကရင်နီဒုက္ခသည်စခန်းအရေး အားလုံးနှင့်ဆိုင်သော ကရင်နီ ဒုက္ခသည် ပင်မကော်မတီ(KnRC)၊ ဒေသခံအာဏာပိုင်တို့နှင့် တာဖရားလဲရွာမှ ရွာသူကြီးသည် တာဖရားလဲကျေးရွာတွင် ဒုက္ခသည်များ တောင်ယာထွက်ခုတ်သည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

“တောင်ယာမခုတ်ရ ဆိုတဲ့ ဥပဒေကလည်း ထုတ်ထားတော့ ဒါပေမယ့် သူတို့က တောင်ယာခုတ်ပြီးမှ လာပြောတော့ စပါးရိတ် သိမ်းတဲ့အထိ ခွင့်ပြုလိုက်မယ်။ နောက်တစ်နှစ်ဆို ခွင့်မပြုတော့ဘူး” ဟု ကရင်နီ ဒုက္ခသည် ပင်မကော်မတီမှ အတွင်းရေးမှူး ၃ ခူးဆော်ရယ်က ပြောသည်။

ဒုက္ခသည်များအား အပြင်သို့ အလုပ်လုပ်ခွင့်နှင့် သစ်ဝါးများ ခုတ်ခွင့်ကို ထိုင်းအာဏာပိုင်များက ပိတ်ပင်ထားသည်။

စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် နှစ်ပေါင်း ၂၀ ကျော် ခိုလှုံနေထိုင်လာခဲ့သူလည်းဖြစ် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း ဥက္ကဌလည်းဖြစ်သည့် ခူးအီရယ်က “ဒေသခံ အာဏာပိုင်ခွင့်မပြုဘဲ မလုပ်တာ အကောင်းဆုံး” ဟု ပြောဆိုသည်။

ယခုလက်ရှိ ကရင်နီ ဒုက္ခသည် စခန်း အမှတ် ၁ တွင် မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးရောက်ရှိလာသော ဒုက္ခသည် ဦးရေ ၁၅၀၆၂ ခန့်ရှိသည်။

ကျောက်မဲ ပစ်ခတ်မှု ၃ ဦးသေ

ရန်ပိုင် Friday, 29 July 2011

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်တွင် ယနေ့နံနက် ၅ နာရီခန့်က အမည်မသိ သေနတ်သမားများ ၀င်ရောက် ပစ်ခတ်မူကြောင့် လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားသည်။

လက်နက်ကိုင်ဆောင်ထားသည့် လူ ၁၀ ဦးခန့်က ထိုသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ် ကယ်ရီသမားတဦးကောက်ညင်းပေါင်း သည် အမျိုးသမီးတဦးနှင့် ကလေးတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဆိုင်ကယ်ဖြင့် ဈေးရောင်းသူ အမျိုးသမီးတဦးက ၀မ်းဗိုက်တွင် သေနတ်ထိမှန်သည့် ဒဏ်ရာ၊ ကလေးတဦးက ခြေထောက်တွင် ဒဏ်ရာနှင့် တခြားတဦးလည်း ဒဏ်ရာရသွားကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။

“ပစ်တဲ့သူတွေက အရပ်သားမှန်း သိလျက်နဲ့ ပစ်တာ။ ဈေးသည်တွေ၊ အရပ်ဝတ်တွေနဲ့။ အရင်စစ်တပ်ကစောင့်တဲ့ ဘန်ကာမှာ ဆိုင်ကယ် ကယ်ရီသမားက ၀င်အိပ်နေတာကို ပစ်သွားတာ။ တဖောင်းဖောင်းနဲ့ တွေ့တဲ့လူ ပစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဝမ်းဗိုက်တွင် ဒဏ်ရာရသူ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ပြီး ကျောက်မဲဆေးရုံရှိ ဆရာဝန်များက ကုသပေးနေကြောင်း၊ အသတ်ခံရသည့် ရုပ်အလောင်းများကို ခွဲစိတ်ခြင်းမပြုရသေး၍ မနက်ဖြန်မှသာ သင်္ဂြိုလ်နိုင်မည်ဖြစ်သည်ဟု အဆိုပါ မြိုခံက ပြောသည်။

တချိန်တည်းမှာပင် ကျောက်မဲမြို့ နောင်အမ်းကျေးရွာတွင် တပ်စွဲထားသည့် တပ်မတော်မှ တပ်စုတစုနှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSA-N) တပ်များ တိုက်ပွဲဖြစ်ရာ စစ်သား ၅ ဦး ဒဏ်ရာရသွားသောကြောင့် မေမြို့ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟုလည်း အဆိုပါ မြို့ခံက ပြောသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျအရာရှိ ဒုရဲအုပ် ကိုကိုလွင်က ဖြေဆိုခြင်း မရှိဘဲ ဖုန်းချသွားသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရော မြောက်ပိုင်းကပါ ယင်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက SSA- N တပ်ဖွဲများ စိမ့်ဝင်လှုပ်ရှားနေကြောင်း စစ်ဘက်မှ ပြောဆိုမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ည ၉ နာရီခန့်က ဗုံးတလုံးပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာရရှိသွားသေးသည်။

ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။