Tuesday, July 17, 2012

ဘင်္ဂါလီလူမျိုး ၇ ဦး မြန်မာ့ ရေတပ် ဖမ်းဆီး

ခင်ဦးသာ

ရခိုင်ပြည်နယ် ပေါက်တော ဒေသသို့ တရားမ၀င်ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၇ ဦးကို မြန်မာ့ တပ်မတော် ရေတပ် က ဖမ်းဆီးမိပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“သူတို့ကို စစ်ဆေး နေတုန်းပါ၊ ဥပဒေ အရ ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။

ဖမ်းဆီးထားသူများအား စစ်ဆေးမေးမြန်းရာ တံငါသည်များ ဟု ပြောဆိုကြောင်း၊ ၎င်းတို့သည် ရခိုင်ပြည်နယ်မှ သစ်များကို သယ်ဆောင်ရန် လာခြင်းဖြစ်သည်ဟု ကြားသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သို့သော် ၎င်းတို့အား မည်သည့် အမှုဖြင့် စစ်ဆေးနေကြောင်းကိုမူ ဦးဝင်းမြိုင် က အသေးစိတ် ပြောဆိုခြင်း မရှိပေ။

စစ်တွေ ဒေသခံများ၏ ပြောဆိုချက်အရ ရခိုင်ပြည်နယ် ပေါက်တော ဒေသသို့ ရောက်ရှိလာသည့် ထိုဘင်္ဂါလီများကို မြန်မာ ရေ တပ် က ဇူလိုင် ၁၅ ရက်နေ့တွင် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ အန္တရာယ်ပြုနိုင်သော လက်နက်ပစ္စည်း တချို့ဖမ်း ဆီး ရမိကြောင်း သိရသည်။

နိရဉ္ဇရာ သတင်း၌ ယင်းဇူလိုင် ၁၅ ရက်နံနက်ပိုင်းက ပေါက်တော မြို့နယ် သဲခုံရွာ အနီးတွင် မြန်မာ့ ရေတပ်နှင့် စက်လှေဖြင့် ရောက်ရှိ လာ သော အမည်မသိ အဖွဲ့ တဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ယင်းအဖွဲ့မှ တဦး ဒဏ်ရာရရှိပြီး ၇ ဦးကို ဖမ်းဆီးရမိကြောင်း၊ ဒဏ်ရာ ရသူ ကို ဆေးရုံသို့ ပို့ဆောင်ပြီး ဖမ်းဆီးမိသူများကို စစ်တွေထောင်သို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။

အင်တာနက် သတင်းတချို့တွင်မူ မြန်မာရေပိုင်နက်သို့ စက်လှေ ၃ စီးနှင့်လူများ ၀င်ရောက်လာကြောင်း၊ သို့သော်လှေတစီးနှင့် အတူလူ ၈ ဦး ကိုသာ ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးရမိသူများမှာ နူရ်အာလောင်၊ မာဆင်၊ အဏ္ဏ၀ါဂ ၊ ဆာဒဲလ်၊ မိုဟာမက် အီနုစ်၊ နူရ်မာမောက်၊ ဆွေယော့ ဒူလာမီရ်၊ မာမတ်အာလောင် တို့ ဖြစ်ကြောင်း ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ တရားမ၀င်ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ ၀န်း ကျင်အား အမ်းမြို့၌ ပြီး ခဲ့သည့် လ အတွင်း ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သေးသည်။

ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ လုံခြုံရေး တင်း ကျပ်ထားပြီး ပင် လယ်ပြင် တွင် လည်း နှစ်နိုင်ငံ စလုံး၏ ရေတပ် သဘောင်္များ ကင်းလှည့်နေကြောင်း သိရ သည်။

No comments: