Monday, February 18, 2013

ကရင်မိန်းကလေးငယ်ကို နှိပ်စက်သူလင်မယား ထွက်ပြေး

နန်းမြနဒီ

အသက် ၁၂ နှစ်အရွယ် ကရင် မိန်းက လေးငယ်ကို ၅ နှစ်ကြာ ကျွန်ပြုနှိပ်စက်တယ်ဆိုပြီး စွပ်စွဲခံ ရတဲ့ ထိုင်းအလုပ်ရှင် လင်မယား ၂ ဦးဟာ ဒီနေ့ ကမ်ဖိုင်ဖစ်ခရိုင် အထူးစုံ စမ်းစစ်ဆေးရေး ရဲတပ် ဖွဲ့ရဲ့ချိန်းဆိုချက်ကို မလာရောက်ဘဲ ပျက်ကွက်ခဲ့တယ်လို့ ခရိုင် ရဲစခန်းညွှန်ကြားရေးမှူး ဗိုလ်မှူး ကြီး အခရဆွန် ဆီဆူဖတ်က ထိုင်းသတင်းဌာနကို ပြောပါတယ်။

ထိုင်းအလုပ်ရှင် လင်မယားနဲ့ အဆက်အသွယ်ပြတ်တာ ၁ ပတ်ရှိနေပြီး သူတို့ဟာ ဘဏ်ကနေ ငွေ ၁ သန်းကျော် ထုတ်ယူပြီး ခရိုင်ဧရိယာပြင်ပကို ထွက်ပြေးသွားတယ်လို့ ခရိုင်ရဲစခန်းက ပြောပါ တယ်။ နောက် ၇ ရက်အတွင်း ရဲကို မဆက်သွယ်ရင် အာမခံထားငွေ ၇ သိန်းကိုနိုင်ငံပိုင်သိမ်းမယ် လို့ ဆိုပါတယ်။

အမှတ် ၆ တိုင်းဒေသ ရဲမှူးကြီး ဒု-ဗိုလ်ချုပ်ကြီး ၀မ်းချိုင်း ထနကစ်ကတော့ သူ့ရဲ့ ဒေသတွင်းမှာ အ ဆိုပါ ထိုင်းအလုပ်ရှင် လင်မယား နိုင်းနထိ ဒိုင်းအွန် (အသက် ၃၅)နှစ်နဲ့ နန်းရတ်တန ပီယ၀ပ် (အ သက် ၃၃နှစ်) တို့ကို ပိုက်စိပ်တိုက်ရှာဖွေဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေးထားပြီး တွေ့ရှိပါက သတင်းပေး နိုင်သူကို ဘတ်ငွေ ၁ သိန်း ဆုချမယ်လို့ ကြေညာလိုက်ပါတယ်။

ရဲအရာရှိတွေက ကရင်မိန်းကလေးငယ် မအဲကို နှိပ်စက်တဲ့ ရေနွေးကရားအိုးနဲ့ ခွေးလှောင်အိမ် စတဲ့ သက်သေခံပစ္စည်းတွေကို သွားရောက် ပြ သစေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကူညီနေတဲ့ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်းကို မေးမြန်းရာမှာ “ကျနော်တို့ ထိုင်းဘက်က နိုင်ငံခြားရေးဌာနကို စာတွေ ဘာတွေပို့ထားတာ ရှိတယ်။ ဒီဟာကို လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ပေါ့နော်။ ကျနော့်ဘက် ကတော့ အဲဒါ တောင်းဆိုထားတယ်။ သူတို့ ထွက်ပြေးသွားတဲ့အမှု၊ ဖမ်းတာဆီးတာကတော့ သူတို့ ထိုင်းနိုင်ငံထဲမှာ ဖြစ်နေတဲ့ကိစ္စ ဆိုတော့ သူတို့အာဏာပိုင်တွေက သူတို့ဟာ သူတို့ဆက်လုပ်လိမ့်မယ်နဲ့တူတယ်” လို့ ပြောပါတယ်။

မနေ့က ခရိုင်ဆေးရုံ ဆရာဝန်ကြီးနဲ့ ခရိုင်ဝန်တို့ ၂ ဦးလည်း အဲဒီ ကရင်မိန်းကလေး နေထိုင်နေတဲ့ ကယ်ဆယ်ရေးဂေဟာကို သွားရောက်ပြီး ဒဏ်ရာကုသရေးနဲ့ စိတ်ကျန်းမာရေးကိစ္စတွေ ဆွေးနွေးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

No comments:

Post a Comment