Saturday, August 31, 2013

တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိ၍ ရမ်းဗြဲတွင် တကိုယ်တော် ဆန္ဒပြ

နိရဉ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် အမျိုးသား တစ်ဦးက ပိုစတာ တစ်ခုကို ကိုင်ဆောင်ပြီး တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ အမြန်ဆုံး ချပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ကာ တောင်းဆိုသွားသည်ဟု သတင်း ရရှိသည်။

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိသည်မှာ ၃ လခန့် ကြာမြှင့်နေပြီ ဖြစ်သဖြင့် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထွန်းထွန်းဦးမှ ဆရာဝန်များကို အမြန်ဆုံး ချထားပေးရန် တောင်းဆိုသွားသည်ဟု လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ကိုသန်းဝင်းက ပြောသည်။

“ သူက ပထမ လေးတောင်ကို လာပြီး ပိုစတာ တစ်ခုကို ကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒပြပါတယ်။ ဆန္ဒပြတာကတော့ မြဇင်ကျေးရွာ အနီးကနေ လေးတောင် ထိ လမ်းလျှောက်ပြီး တိုက်နယ်ဆေးရုံနဲ့ လေးတောင် ရဲစခန်းရှေ့မှာ ဆန္ဒပြပါတယ်။

နောက်တော့ လေးတောင်ကနေ ရမ်းဗြဲထိ ချီတက်ပြီး ဆက်လက် ဆန္ဒပြပါတယ်” ဟု ဆိုသည်။ ရမ်းဗြဲမြို့တွင် လှည့်လည် ဆန္ဒပြပြီး နံနက် ၁၀ နာရီကျော်တွင် ဆန္ဒပြပွဲကို ရပ်နားလိုက်သည်ဟု ဆိုသည်။ သူကိုင်ဆောင်ထားသော ပိုစတာထဲတွင် “ လေးတောင်တိုက်နယ်နဲ့ စကုတိုက်နယ် ဆေးရုံများတွင် ဆရာဝန် အခုချပေး”
ဟု ရေးသား ထားသည်ဟု ဆိုသည်။

ရမ်းဗြဲမြို့နယ် လေးတောင်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ မရှိသဖြင့် ရောဂါ ဖြစ်ပွားနေသော လူနာများ အနေဖြင့် ဆေးဝါးကုသရန် အထူးခက်ခဲနေသည်ဟု ကိုသန်းဝင်းက ပြောသည်။ မိုးရာသီ ဖြစ်သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ မကြာခဏ ချောင်းဆိုး အအေးမိပြီး ဖျားနာကြသော်လည်း ဆရာဝန် မရှိသဖြင့် ဆေးမကုရဘဲ ဖြစ်နေကြရသည်ဟု သူက ဆိုသည်။

ကလေး တပ်သား များ၏ ဘ၀ကို ပြန်လည် ထူထောင် ပေးမည့် ILO အစီစဉ်

ရွှေဟင်္သာ

ကလေး တပ်သား များ၏ ဘဝ ရှင်သန် ရပ်တည်ရေးအား ပြန်လည် ထူထောင် ရာတွင် လိုအပ်သော အချက်အလက်များ ရရှိရန် ကွင်းဆင်း လေ့လာ မှုများ ပြုလုပ် ပြီးမှ ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်များ စတင် သွားမည်ဟု ရန်ကုန် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရုံးမှ စီမံကိန်း နည်းပညာပိုင်း ဆိုင်ရာ အရာရှိ မစ္စတာ မက်ကာဆန်မှ ဆိုပါသည်။

“လောလောဆယ်မှာတော့ အချက်အလက်တွေ ရှာဖွေ စုဆောင်းရေးနဲ့သုသေတန ပြုတဲ့ အဆင့်မှာပဲ ရှိနေ ပါသေးတယ်၊ အဲဒါ စက်တင်ဘာ တတိယ အပါတ်လောက်မှာမှ ပြီးနိုင်မယ်လို့ ခန့်မှန်းတယ်၊ ဒီတော့ အဲဒီ နောက်ပိုင်း ကျမှ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင် သွားနိုင်မယ်” ဟု ဆိုပါသည်။

ILO ၏ စီမံကိန်းနှင့် နည်းပညာပိုင်း ဆိုင်ရာ အဖွဲ့သည် ထိုသုတေသန ကွင်းဆင်း လေ့လာချက် များမှ ရရှိသည့် အချက်အလက် များအား ILO ရုံးချုပ် ထံသို့ ပေးပို့သွားမည် ဖြစ်သည်။

ဤစီမံကိန်းသည် စစ်အစိုးရ အုပ်စိုးစဉ် ကာလ၌ ကလေး စစ်သား အဖြစ် စုဆောင်းခြင်း ခံရပြီး တပ်စခန်း အသီးသီး၌ စစ်မှု ထမ်းနေရသည့် ကလေး တပ်သားများ၏ ဘ၀ ရှင်သန် ရပ်တည်ရေးကို ဦးစားပေးသော စီမံကိန်း ဖြစ်သည်။ အထူးသဖြင့် ကလေး တပ်သား များသည် အရပ်ဘက်သို့ ကူးပြောင်းရာ၌ ၄င်းတို့၏ ဘဝ ရှင်သန် ရပ်တည်ရေး၊ အရပ်ဘက် လူ့အသိုင်း အဝိုင်းနှင့် သဟာဇာတ ဖြစ်ရေးနှင့် အသက်မွေး ဝမ်းကျောင်း ပညာရပ်များကို သင်ကြား ပေးသော စီမံကိန်း ဖြစ်ပါသည်။

သို့သော်လည်း ယင်းစီမံကိန်းသည် ငွေကြေး မြောက်မြားစွာ ကုန်ကျမည် ဖြစ်သည့် အတွက် နိုင်ငံတကာ၏ အကူအညီ ပေးမှုလည်း လိုအပ်နေသဖြင့် ILO မှ ညှိနှိုင်း ဆောင်ရွက် သွားရန် ရှိကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ယင်းစီမံကိန်း ကို ၂၀၁၄ ခုနှစ်ဆန်းမှ စတင်နိုင်မည်ဟု မစ္စတာ မက်ကာဆန်မှ ဆိုပါသည်။

ကုလ သမဂ္ဂလုံခြုံရေး ကောင်စီနှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) တို့သည် မြန်မာ့ တပ်မတော်တွင်း ကလေးစစ်သား တည်ရှိ နေမှုကို နှတ်ထွက် ခွင့်ပြုရန် တောင်းဆို ခဲ့ပါသည်။ ဤသို့ကြောင့် မြန်မာ့ တပ်မတော်မှ ကလေး စစ်သားများကို (၄) ကြိမ်ခန့် နှုတ်ထွက်ခွင့် ပြုခဲ့ပြီး စုစုပေါင်း ကလေး စစ်သား ၁၇၆ ဦးနှုတ်ထွက် ခွင့် ရခဲ့ပါသည်။ ဤသို့ကြောင့် ILO သည် ဤကလေး စစ်သား များ၏ ဘ၀ကို ပြန်လည် ထူထောင်ရန် လိုအပ် လာခြင်း ဖြစ်ပါသည်။

နောက်ဆုံး စတုတ္ထ အကြိမ် ကလေး စစ်သားများ မြန်မာ့ တပ်မတော်မှ နှုတ်ထွက်ခွင့် ပြုသည့် အခမ်းအနားကို ဇွန်လ (၇) ရက်နေ့၌ ပြုလုပ်ခဲ့ပြီး ကလေး စစ်သား (၆၈) ဦး နှုတ်ထွက်ခွင့် ပြုခဲ့သည်။ ထိုမတိုင်ခင်၂၀၁၂ စက်တင်ဘာလ၌ ၄၂ ဦး၊ ၂၀၁၃ ဖေဖော်ဝါရီတွင် (၂၄) ဦး၊ ဇူလိုင်လတွင် (၄၂) ဦးခန့် အသီးသီး နှုတ်ထွက်ခွင့် ပြုခဲ့ပါသည်။


မြန်မာနိုင်ငံသည် အရွယ် မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး သဘော တူညီချက် တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ (၂၇) ရက်နေ့တွင် (UN CTFMR) နှင့် လက်မှတ် ရေးထိုး ထားပြီး ဖြစ် ပါသည်။

ထိုသဘော တူညီချက် အရ အကောင်အထည် ဖေါ်မည့် လုပ်ငန်းစဉ် တစ်ရပ်ကိုလည်း ရေးဆွဲ ထားပြီး ဖြစ်သည့် အတွက် (၁၈) လတာ ကာလ အတွင်း တပ်မတော်တွင်း၌ ကလေးသူငယ် စစ်သား လုံးဝ မကျန်ရှိ စေရန် ဆောင်ရွက် သွားရမည်ဖြစ်သည်။

မန်မာ့ တပ်မတော်သည်လာမည့် ၂၀၁၄ ခုနှစ် အကုန်၌ ကလေး စစ်သား လုံးဝ ပပျောက်စေရမည် ဖြစ်သည်။ ဤသို့ ကြောင့် တပ်မတော် တွင်း၌ ကလေး စစ်သား လုံးဝ မကျန်ရှိ စေရန် စီမံချက် ရေးဆွဲပြီး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သြဂုတ်လ (၇) ရက်နေ့ ရက်စွဲဖြင့် ပြန်ကြားရေး ဝန်ကြီး ဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြ ထားပါသည်။

မြန်မာ့ တပ်မတော်၌ ကလေး စစ်သား မည်မျှ ရှိသည်ကို စာရင်း ဇယားဖြင့် အတိအကျ သိရှိနိုင်ရန်မှာ ခဲယဉ်း လှပါသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်ခန့်၌ ကလေး စစ်သား စတင် လွှတ်ပေးသေးခြင်း မရှိသေးသည့် အခြေအနေတွင် မြန်မာ့ တပ်မတော်၌ စစ်မှု ထမ်းနေသည့် အရွယ် မရောက်သည့် ကလေး စစ်သား (၅၀၀၀) နီးပါးခန့်ရှိမည်ဟု မစ္စတာ မက်ကာဆန်က ဆိုပါသည်။

နေ့စား ပညာရေး ဝန်ထမ်းများ ခံစားခွင့် နှစ်ဆရမည်

မေခ


နေ့စား ပညာရေးဝန်ထမ်းများ၏ ခံစားခွင့်ကို နှစ်ဆ တိုးမြှင့်ခံစားခွင့် ပေးရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံ ပညာရေးစီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

“နေ့စားပညာရေးဝန်ထမ်းတွေအတွက် အခု ဘတ်ဂျက် တွက်ချက်နေတယ်။ ဒီပညာရေးနှစ် မကုန်ခင်ပဲ ဖြစ်မလား၊ နောက်နှစ်ပဲ ဖြစ်မလားတော့ မသိသေးဘူး။ အမြန်ဆုံး ဖြစ်အောင်တော့ လုပ်နေပါတယ်” ဟု ၎င်း တာဝန်ရှိသူက ဆိုသည်။

ဝေးလံခေါင်ဖျား နေရာများကို သွားရောက် တာဝန်ထမ်းဆောင်နေသော အမြဲတမ်း ပညာရေးဝန်ထမ်းများကို လစာ ၁ ဆ တိုးပေးကာ ခံစားခွင့် ပေးထားသော်လည်း နေ့စား ပညာရေးဝန်ထမ်းများမှာမူ နဂို ခံစားခွင့်ထက် ပို၍ခံစားခွင့် မရခဲ့ သေးကြောင်း သိရသည်။

“နေ့စားတွေက တနေ့ကို ၂၇၀၀ ရတယ်။ တခြား ခံစားခွင့်မရှိဘူး။ ဒေသစရိတ် ခံစားခွင့်ရှိတဲ့ နေရာတွေသွားရင် ခံစားခွင့် ပေးမှာပေါ့။ ဒေသစရိတ် ခံစားခွင့်မရှိတဲ့ နေရာပဲ ဆိုရင်တော့ မူလအတိုင်း ၁ ရက် ၂၇၀၀ ပဲ ခံစားခွင့်ရှိပါမယ်။ကျောင်းပိတ်ရက် မပါဘူး။ အမြဲတမ်း ပညာရေးဝန်ထမ်း တွေကတော့ လစာ ၆၀၀၀၀ ရရင် ဝေးလံခေါင်ဖျား သတ်မှတ် နေရာသွားရင် ခံစားခွင့်က လစာနည်း တူရတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပညာရေး သင်ကြားမှုတွင် မြို့ပေါ်ဖြစ်ပါက အေအဆင့်၊ မြို့ပြင်ဖြစ်ပါက ဘီအဆင့်၊ မြို့ပြင်နေ့ချင်းပြန် သွားနိုင်ပါက စီအဆင့်၊ တပတ်တကြိမ်သာ သွားနိုင်လျှင် ဒီ အဆင့်၊ တလတကြိမ်သာ သွားနိုင်လျှင် အီး အဆင့် စသည်ဖြင့် အဆင့် သတ်မှတ် ချက်များ ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

ဝေးလံခေါင်ဖျား နေရာအဆင့် သတ်မှတ်ချက်ကိုမူ အဆင့်သတ်မှတ် သင်ကြားရာတွင် မြို့ပြင် နေ့ချင်းပြန်သွားနိုင်ပါက စီအဆင့်၊ တပတ် တကြိမ်သာ သွားနိုင်လျှင် ဒီအဆင့်၊ တလတကြိမ်သာ သွားနိုင်လျှင် အီးအဆင့်ဖြင့် သတ်မှတ် ထားကြောင်း သိရသည်။

“နေ့စား ပညာရေးဝန်ထမ်း ဆိုတာက များသောအားဖြင့် အမြဲတမ်း ဝန်ထမ်းတွေထက် ပိုပြီး ဝေးလံ ခေါင်ဖျားတဲ့ နေရာတွေ ပိုသွားရတယ်။ အခု သူတို့ပေးဖို့ စီစဉ်တာကလည်း လောက်ငှမှု မရှိပေမယ့် နဂိုကထက် စာရင်တော့ တော်သေးတယ် ပြောရမှာပါ။ ကျမတို့မှာ တခြား ခံစားခွင့် ဘာမှမရှိပါဘူး။ ကျန်းမာရေး ဘာညာဆိုတာလည်း ခံစားခွင့် ရှိတာမဟုတ်ဘူး” ဟု နေ့စား ပညာရေးဝန်ထမ်း မခင်နှင်းဆွေက ပြောပြသည်။

လက်ရှိတွင် နေ့စားဝန်ထမ်းများ အနေဖြင့် ဒေသစရိတ် ခံစားခွင့်ရ နေရာများကို သွားမည်ဆိုပါက တနေ့လျှင် ၂၇၀၀ နှုန်း၊ ဒေသစရိတ် ခံစားခွင့်အရ တနေ့ ၂၇၀၀ နှုန်း၊ ပေါင်း တနေ့လျှင် ၅၄၀၀ နှုန်း ခံစားခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

နေ့စားဝန်ထမ်းများကို အများအားဖြင့် စီအဆင့်၊ ဒီအဆင့်၊ အီးအဆင့် နေရာများကို စေလွှတ်နိုင်ရေးအတွက် ၂၀၁၃ -၂၀၁၄ ပညာရေးနှစ် အတွက် နေ့စားဝန်ထမ်း ၅၀၀၀၀ ကျော်ကို ခန့်အပ်ထားကြောင်း၊ ၎င်းတို့ကို ဒေသစရိတ် ခံစားခွင့်ရ နေရာများကို သတ်မှတ်ကာ နေရာချပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

“နေ့စားဝန်ထမ်းတွေကို အမြဲတမ်း ဝန်ထမ်းဖြစ်ဖို့အတွက် ကတော့ သတ်မှတ်ထားတဲ့ ဆရာဖြစ် မွမ်းမံ သင်တန်းတွေ ပေးပြီးရင်တော့ အမြဲတမ်း ပညာရေးဝန်ထမ်း အနေနဲ့ ခန့်အပ်သွားမှာပါ။ သင်တန်းတွေကိုတော့ ကျောင်းပိတ်ရက်တွေမှာ သင်ပေးပါတယ်။ အဆင့်ဆင့် စာမေးပွဲဖြေပြီးရင် အမြဲတမ်း ပညာရေးဝန်ထမ်း ခန့်အပ်ပါတယ်” ဟု ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပညာရေး သတ်မှတ်ချက်အရ တနိုင်ငံလုံးတွင် ဒေသစရိတ် ခံစားခွင့်ရှိသည့် ဝေးလံခေါင်ဖျားသော မြို့နယ်ပေါင်း ၁၁၀ နေရာရှိကြောင်း၊ ဝေးလံခေါင်ဖျားသော မြို့နယ်ပေါင်း ၁၁၀ နေရာတွင် ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ မကွေး စသည့် ပြည်နယ်တိုင်းများရှိ မြို့နယ်များ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်ချက်အရ သိရသည်။

အသက်မပြည့်သည့် ကလေးကို စစ်တပ်သို့ လိမ်ညာခေါ်သွင်းဟု ကလေးမိဘကဆို

ကေဇင်ဦး

အသက်မပြည်သေးသည့် ကလေးများကို လိမ်ညာပြီးခေါ်ဆောင်ကာ စစ်တပ်သို့ ထည့်သွင်းထားသည် ဟုဆိုကာ သြဂုတ် ၂၉ ရက်တွင် မိဘများက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ အသိပေးရှင်းလင်း ခဲ့သည်။

ယင်းရှင်းလင်းပွဲတွင် အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူ၏ မိဘနှစ်ပါး နှင့် အသက်၁၉ နှစ်အရွယ်ဖြစ်သူ၏ မိဘတစ်ဦးက ယင်းတို့၏ ကလေးများကို လိမ်လည်လှည့်ဖျားကာ စစ်တပ်ထဲသို့ အသွင်းခံရကြောင်း ရှင်းလင်းခဲ့သည်။

အထက်တန်း ကျောင်းသားတစ်ဦးဖြစ်သည့် မောင်ခိုင်စောလင်း၏ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းမာက “ကျွန်မ ကလေး က ဆယ်တန်းတက်နေတာပါ သူ့ကို မစုစုခင်ဆိုတဲ့ အမျိုးသမီးက ကလေးရဲ့နာမည်နဲ့ မိဘတွေရဲ့ နာမည်ကို ပါလိမ်ပြီး မှတ်ပုံတင်အတုနဲ့ မိသားစုသန်းခေါင်စာရင်းအတုတွေ အကုန်လုပ်ပြီး သူသား မောင်ဇော်သက်ဦးဆိုပြီး မန္တလေး၊ သာစည်က ဆရာကြီးအောင်ရွှေ ငွေနှစ်သိန်းခွဲယူပြီး ပို့လိုက်တယ် သူကိုယ်တိုင် ကျွန်မတို့ကိုအင်းတိုင် NLD ရုံးမှာ ၀န်ခံထားပြီးပါပြီ။ အခုထိ စစ်တပ်မှာပဲ ရှိပါသေးတယ်” ဟု ဆိုသည်။

မောင်ခိုင်စောလင်းသည် ဒဂုံမြို့သစ် တောင်ပိုင်းအမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒသမတန်း ပညာသင်ကြားလျှက်ရှိပြီး ကျောင်းတက်ရန်သွားရာက ပျောက်ဆုံးခဲ့သည်ဟု မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းမာကပြောသည်။ ယင်းသို့ပျောက်ဆုံးသွားပြီး ရပ်ကွက်တွင်းမှ ကလေးရှိမည့်ဖုန်းနံပါတ်ဟုဆိုကာ ဆက်ကြည့်ရာမှ ဆက်သွယ်ခဲ့ရာမှ ဗိုလ်ကြီးတစ်ဦး၏ ဖုန်းဖြစ်နေသည်ဟု ယင်းက ဆိုသည်။

“ဗိုလ်ကြီးကျော်သူမောင်က ကလေးကသူ့ဖာသာ စစ်တပ်ထဲကိုရောက်လာလို့ သူကတစ်လ၊ နှစ်လ ထိန်းသိမ်း ထားတာလို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မတို့က မယုံကြည်တဲ့အတွက် ဆက်စုံစမ်းလို့ မစုစုခင်ဆိုတဲ့ အမျိုးသမီး ဆီကတဆင့် ရောက်လာတာကို သိရတာပါ”ဟု မောင်ခိုင်စောလင်း၏ မိခင်က ပြောသည်။

လက်ရှိတွင် မောင်ခိုင်စောလင်းသည် သပိတ်ကျင်းလေ့ကျင့်ရေးတပ်တွင်ရှိနေပြီး မိဘအရင်းများနှင့် စစ်တပ်ထဲသို့ လိမ်လည်သွင်းခဲ့သော ဒေါ်စုစုခင်တို့ သွားရောက်ပြီး ကလေးကိုထုတ်ယူသော်လည်း တွေ့ခွင့်မရရှိခဲ့ဟု ကလေး၏ ဖခင်ဖြစ်သူ ဦးကိုကိုနိုင်က ပြောသည်။

“ကျွန်တော်တို့က ကလေးကို ပြန်ထုတ်ချင်လို့ ဗိုလ်ကြီးကျော်သူမောင်ကို တင်ပြတော့ အထက်ကို တင်ပြပေးမယ် လို့ ပြောတယ်။ ဒီလ ၂၇ ရက်အကြောင်းပြန်မယ်လို့ ပြောတယ်။ ဒါပေမယ့် အကြောင်း မပြန်သေးဘူး။ အဲဒီလေ့ကျင့်ရေး တပ်ရှေ့မှာ အသက် ၁၈ နှစ်မပြည့်သေးသူကို စစ်တပ်ထဲဝင်ခွင့် မရှိဆိုတဲ့ ကျောင်းဝတ်စုံနဲ့ ကလေးအရုပ်ပါတဲ့ ဆိုင်းဘုတ်ကြီးလည်းရှေ့မှာရှိတယ်။ ကျွန်တော်တို့က ကလေးကို တပ်မတော်ထဲ မ၀င်စေ ချင်တာ မဟုတ်ပါဘူး ပညာကို အရင်ဆုံးသင်ပြီးမှ စစ်တပ်ထဲဝင်ချင်ရင် ၀င်ခိုင်းမှာပါ”ဟု ဦးကိုကိုနိုင်က ပြောသည်။

ဒုတိယတစ်ဦးဖြစ်သည့် မောင်ကျော်စွာလင်းကို ရန်ကုန်မြို့တွင် ကားမောင်းသင်ပေးမည်ဟု ဆိုကာ ခေါ်ဆောင် သွားပြီး တစ်လခွဲအကြာတွင် မောင်ကျော်စွာလင်းက ဖုန်းဆက်အကြောင်းကြားခဲ့ရာမှ သိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော့်ကို တပ်ကြပ်ကြီးမင်းနိုင်က ကားမောင်းသင်ပေးမယ်ဆိုပြီး ခေါ်လာတယ်။ ဒီရောက်တော့ စစ်တပ်ဖြစ်နေပြီး ပြန်ထွက်ချင်တယ်လို့ပြောတယ်။ အဲဒါကြောင့် ကျွန်တော် အသနားခံစာ တင်လိုက်တယ်။ အသက်က ၁၉ နှစ်ပါ သူ့ကို့ ကိုယ်စားလှယ်က မတီ်္ထလာသင်တန်းကျောင်းကို လာခေါ်တဲ့ အခါမှာ ရထားပေါ်မှာ ကျွန်တော်နဲ့တွေ့ခွင့်ရပြီးပြောတာပါ” ဟု ဖခင်ဖြစ်သူ ဦးအောင်သောင်းက ပြောသည်။

လက်ရှိတွင် မောင်ကျော်စွာလင်းမှာ ကော့သောင်း အမတ အမြောက်တပ် (၃၀၃) တွင် ရှိသည်ဟု မိဘများကပြောသည်။

မြစ်ကြီးနားဒေသခံ လူငယ် ၂ ဦး အမည်မသိလူအုပ် ရိုက်နှက်ခံရ

KNG

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် သြဂုတ်လအတွင်း ဒေသခံ အမျိုးသား ၂ ဦးကို အမည်မသိ လုပ်အုပ်၏ ရိုက်နှက်မှု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမည်မသိလူအုပ်၏ရိုက်နှက်ခံရသောသူ၂ဦးသည် မြစ်ကြီးနားမြို့ ၁၀ မိုင်၊ နောင်နန်းကျေးရွာနေ မောင်ဆိုင်းဒူ (၁၉) နှစ်နှင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ဆရာ ဟောင်းလွမ်းတို့ဖြစ်ပြီး သြဂုတ်လ ၉ ရက်နေ့က တနေရာစီ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

နောင်နန်းကျမ်းစာကျောင်းသားဖြစ်သော အလယ်ကုန်းရပ်ကွက် မလိယန်ကျေးရွာမှ ဆရာ ဟောင်းလွမ်းကို ညအချိန် ကွန်ပျူတာဆိုင်မှဆိုင်ကယ်နှင့်အပြန်လမ်းတွင် ရိုက်နှက်မှုခံခဲ့ရခြင်းဖြစ်ပြီး အတွင်းဒဏ်ရာ ပြင်းထန်မှုကြောင့် သတိလစ်နေဆဲဖြစ်ကြောင်း မိသားစုဝင်တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“ည ၉ နာရီခွဲလောက်မှာ ကွန်ပျူတာသွားလုပ်မယ်ဆိုပြီး မြစ်ကြီးနား ဈေး (၁) ဈေး (၂) ကိုဝင်ပြီး အပြန်မှာ ရိုက်ခံရတာပါ။ သူ့ကို ရိုက်နှက်ထားပြီး ဖုန်းနဲ့ ဆိုင်ကယ်တွေကိုတော့ ဒီတိုင်းထားပေးခဲ့တယ်။ ခုထိစကား မပြောနိုင်သေးဘူး။ သူကသွေးတိုးလည်းရှိတော့ အခုက သတိလစ်ပြီး လေဖြတ်သလိုဖြစ်နေတယ်။ အဲဒီ လူတွေက သေနတ်ကိုင်တဲ့သူတွေဟုတ်တယ်။ ၅ ယောက်ဆိုပြီး လက်ထောင်ပြတယ်။ ဆေးရုံကနေ ပြီးခဲ့တဲ့ အပတ်ကဆင်းပြီး အိမ်မှာပဲတိုင်းရင်းဆေးနဲ့ပြန်ကုနေတယ်။ ကျောင်းတောင်မတက်နိုင်တော့ဘူးထင်တယ်။”


ယခုချိန် ဆေးရုံမှအိမ်သို့ ပြန်လည်အနားယူလျက်ရှိသော်လည်း စကားကောင်းမွန်စွာ မပြောနိုင်သေးသောကြောင့် တိုင်းရင်းဆေးဖြင့်သာ ဆက်လက်ကုသနေဆဲဖြစ်ကြောင်းသိရသည်။

နောင်နန်းကျေးရွာမှ မောင် ဆိုင်းဒူသည် ၄င်း၏အိမ်သို့အပြန်လမ်းတွင် အမည်မသိ မြန်မာစကားပြော လူနှစ်ဦးက ဆီးတားကာ အပြစ်မဲ့ရိုက်နှက်ခံခဲ့ရပြီး နဖူးတွင် တလက်မခန့် ဓါးဒဏ်ရာရရှိခဲ့ကြောင်း KNG ကချင်သတင်းဌာသို့ ပြောပြခဲ့သည်။

“အိမ်နဲ့မနီးမဝေးမှာပဲ လူနှစ်ယောက်က အင်္ကျီအနွေးထည်တွေ ၀တ်ထားပြီး ဆကော့စ် ဖိနပ်ရှည်စီးထားတယ်။ ရပ်တော့မလိုလို နေရာမေးမလိုလိုနဲ့ ကျွန်တော့်ကို ဘိန်းစားလားဆိုပြီးမေးတယ်။ ပြီးတာနဲ့ တခါထဲ ဆင်းပြီးရိုက်တယ်။ ၁၀ ကြိမ်ထက်မကဘူး ဘိန်းမစားဘူးလို့ ပြောရင်လည်း စားလား၊ စားလား ဆိုပြီးရိုက်တာ ပြီးတော့ ဥက္ကဌဘယ်သူလဲဆိုပြီးလည်းမေးတယ်။ ကျွန်တော်က အရမ်းကြောက်လို့ဘာမှမပြောရဲတော့ဘူး။ ဓါးအရှည်နဲ့လည်း ကျွန်တော့်လည်ပင်းမှာထောက်တယ်။ အဲဒါကျွန်တော်လှုပ်လိုက်တော့ နဖူးမှာထိသွားတာ။ လမ်းမှာလည်းဘယ်သူမှမရှိဘူး။ ကျွန်တော်အော် လိုက်ရင်လည်း ဓါးနဲ့ထိုးသတ်မှာစိုးလို့ မအော်ရဲဘူး။ ကြောက်လို့ ဒီတိုင်းပဲခံလိုက်တယ်” ဟု မောင်ဆိုင်းဒူကပြောသည်။

မောင်ဆိုးဒူသည် ဒာဏ်ရာပြင်းထန်စွာရရှိခြင်းမရှိသော်လည်း ရိုက်နှက်မှုကြောင့် နာကျင်ကိုက်ခဲမှုဖြစ်ပြီး ဓါးဒဏ်ရာကိုလည်း ဆေးကုသခဲ့ရကြောင်းသိရသည်။

သြဂုတ်လအတွင်း ဒေသခံလူငယ်များ ၄ ဦးထက်မနည်း အပြစ်မဲ့ ရိုက်နှက်ခံခဲ့ရကြောင်း ဒေသခံများ ပြောဆိုသော်လည်း ၄င်းကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုဖမ်းဆီးရန် သက်သေအထောက်ဖြင့် စွပ်စွဲရန်ခက်ခဲသည့်အပြင် အစိုးရလုံခြုံရေးချထားသော အဖွဲ့များအား သင်္ကာမကင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုအဖြစ်အပျက်များသည် နိုင်ငံတော်ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်း နှင့်အဖွဲ့ ကချင်ပြည်နယ်သို့ လာရောက်ချိန်လည်းဖြစ်သောကြောင့် အစိုးရတပ်ဖွဲ့ဝင်များဖြစ်သည်ဟု စွပ်စွဲပြောဆိုခြင်းဖြစ်သည်။

သို့သော် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရပ်ရွာတွင်း သက်ဆိုင်ရာအာဏာပိုင်များကလည်း တစုံတရာ စုံစမ်းစစ်ဆေးရန်မရှိကြောင်းပြောဆိုခဲ့သည်။ ထိုရိုက်နှက်ခံရသည့် အဖြစ်ပျက်များကြောင့် ယခုချိန် လူငယ်များအပြင်သို့သွားလာရန် လုံခြုံရေးအတွက် အစိုးရိမ်ကြောက်လန့် နေကြသည်။

လိုင်ဇာအပြီး နမ်ဘီးယား မိတ္ထီလာဝင်

မေစစ်ပိုင်

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ၊ ကချင် လွတ်လပ်ရေး အဖွဲ့KIO ဌာနချုပ်ကို သွားအပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေလ်နမ်ဘီးယားဟာ မကြာသေးမီက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လလယ်ပိုင်းက မြန်မာနိုင်ငံကို ခေတ္တရောက်ရှိလာခဲ့တဲ့ မစ္စတာဗီဂျေလ်နမ်ဘီးယားဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၄ ခု နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရဲ့ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို မနေ့က မိတ္ထီလာမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းအချို့၊ မီးလောင်ပြင်နေရာတွေနဲ့ ဘာသာပေါင်းစုံ အဖွဲ့အစည်းကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“မစ္စတာ နမ်ဘီးယား က မိတ္ထီလာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းတခု၊ ချမ်းအေးဗလီ၊ မင်္ဂလာဇေယျုံနဲ့ ရတနာမောင် ရပ်ကွက်မှာရှိတဲ့ ဘင်္ဂလီဗလီတွေနဲ့ မီးလောင်ပြင်တွေကို သွားကြည့်တယ်၊ ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့တွေ့တယ်ပေါ့၊ အဓိက မစ္စတာနမ်ဘီးယားပြောတာ ကတော့ အားလုံး ငြိမ်းချမ်းစွာနေဖို့ပဲ ပြောပါတယ်။ မြို့ကို လာပြီး လေ့လာသွားတဲ့ သဘောပဲ။ ညနေ ၃ နာရီခွဲလောက်လာပြီး ၅ နာရီလောက် နေပြည်တော်ကို ပြန်သွားတယ်”လို့ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဧရာဝတီင်္ကို ပြောပါတယ်။

မစ္စတာနမ်ဘီးယားအနေနဲ့ မိတ္ထီလာမြို့ကို လာတုန်းက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်လည်း အတူ လိုက်ပါလာတယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက်ကလည်း မစ္စတာနမ်ဘီးယားက မြစ်ကြီးနားမြို့မှာ ရှိတဲ့ ဂျမိုင်ကောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို သွားခဲ့ပြီး KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးသည့်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး အခြား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ တအောင်း-ပလောင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့၊ ABSDF မြောက်ပိုင်းအဖွဲ့နဲ့ SSA မြောက်ပိုင်းအဖွဲ့တွေနဲ့ လည်း အလွတ်သဘော တွေ့ခဲ့တယ်လို့ သိရပါတယ်။

“ KIO နဲ့ အစိုးရကြားမှာ ယုံကြည်မှု တည်ဆောက်ပေးတဲ့အနေနဲ့လာတာဆိုတော့ ရှေ့ဆက်မယ့်ငြိမ်းချမ်းရေးအတွက်တော့ အများကြီး အထောက်အကူပြုမယ်လို့ ထင်တယ်၊ KIO နဲ့ အစိုးရ လက်မှတ်ရေးထိုးတုန်းက သူလည်း ပါဝင် လက်မှတ်ထိုးထား တော့ သူ့မှာလည်း တာဝန်ရှိတယ်လို့ ယူဆပြီး အားဖြည့်တဲ့သဘောပေါ့။ အဓိကကတော့ ငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့ လာတာပေါ့။ UN က KIO ဌာနချုပ်ကို လာတာဆိုရင် ဒါ ပထမဆုံး အနေအထားပဲ”လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်းအောင်က ဧရာဝတီကိုပြောပါတယ်။

မစ္စတာနမ်ဘီးယား အနေနဲ့ ကချင်ဒုက္ခသည်စခန်းတွေကို လာရောက်လေ့လာတာက ကောင်းတဲ့သဘောမျိုးဆောင်ပြီး ဒီနယ်မြေမှာဖြစ်ပျက်နေတဲ့ အခြေအနေကို သိချင်လို့ လာတာဖြစ်နိုင်တယ်လို့ ဦးဆန်းအောင်က ဆိုပါတယ်။

ဒါ့အပြင် မစ္စတာနမ်ဘီးယားက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ရဲ့ ဥက္ကဌ ဦးအောင်မင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို ဒီနေ့မှာလည်းမွေးမြူုရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်တို့နဲ့ တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ် စစ်ဒဏ်ကြောင့် နေရပ်ထွက်ခွာ လာသူများအား နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ နေအိမ်များပြန်လည်ထူထောင်ရေး၊ KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စတာတွေအပေါ် ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

KIO အလုပ်အဖွဲ့နှင့် အစိုးရ နည်းပညာအထောက်အကူပြုအဖွဲ့တို့ စက်တင်ဘာမှာ မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည်

ဖနိဒါ

ကချင်လွတ်လပ်ရေးအဖွဲ့ KIo ငြိမ်းချမ်းရေးလုပ်ငန်း ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့Technical Team နှင့်ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ၏ နည်းပညာ အထောက်အကူပြု အဖွဲ့တို့ လာမည့် စက်တင်ဘာလအတွင်း မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း KIO အလုပ်အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက် MPC က KIO ဘက်မှ ငြိမ်းချမ်းရေးလုပ်ငန်း ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ Technical Team နှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးကြရန် တရားဝင်စာပေးပို့မှုကို လက်ခံရရှိကြောင်း ပြန်ကြားစာပေးပို့ရန် ပြင်ဆင်နေသည်။

“သူတို့ စာပို့ထားတယ်။ ကျွန်တော်တို့လည်း လက်ခံရရှိကြောင်း အခု စာပြန်ဖို့ လုပ်နေတယ်။ အင်တာနက်ကော်နက်ရှင်က သိပ်အဆင်မပြေဘူး ဖြစ်နေတယ်။ ရက်အတိအကျ မသိသေးဘူး။ ရက်တော့ မသတ်မှတ်ရသေး ဘူး။ ဒါပေမဲ့ ဒီကြားထဲမှာ နောက်လတွေ့နိုင်ဖို့ အမြန်ဆုံးလုပ်နေတယ်”ဟု ဆရာဒေါင်ခါးက ပြောသည်။

ယခုအကြိမ်သည် ပထမဆုံး တွေ့ဆုံခြင်းဖြစ်၍ အစိုးရနှင့် KIO0 သဘောတူညီထားသော အချက် ခုနစ်ချက် အပေါ် ဆွေးနွေးသွားမည် ဖြစ်သည်။

“ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတာက ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အကန့်အသတ်ဖြစ်စေတဲ့ဟာတွေကို အရင်ရှင်းဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ခုနစ်ချက် သဘောတူညီချက်တွေကို ဘယ်ကဏ္ဍတွေကို ဘယ်လို ၀ိုင်းလုပ်ကြမယ်ဆို ပြင်ဆင်မှုကို ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ဆရာဒေါင်ခါးက ပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်က အစိုးရနှင့် KIO ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်အရ အလုပ်အဖွဲ့ Technical Team ဖွဲ့စည်းမှုအား မြစ်ကြီးနားမြို့တွင် ကိုယ်စားလှယ်များနှင့်အတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်က ရုံးဖွင့်လှစ်ထားပြီး ဖြစ်သည်။

ထို့ပြင် နိုင်ငံရေးအရ ဆက်လက် ဆောင်ရွက်ရေး၊ နှစ်ဖက်တပ်များ ပစ်ခတ်မှုလျှော့ချရေး၊ စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့Join Mornitoring committeeဖွဲ့စည်းရေး၊ စစ်ပြေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေး၊ တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ညှိနှိုင်းဆောင်ရွက်ရေးတို့ သဘောတူညီထားသည်။

မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် ကမ်းလှမ်းထားသဖြင့် နှစ်ဖက်တွေ့ဆုံနိုင်မှု အကြောင်းကြားထားဆဲဖြစ်ပြီး စာလက်ခံနိုင်ခြင်း မရှိသော်လည်း မကြာမီ တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဂေဟာ MPC မှ ဦးလှမောင်ရွှေက မဇိ္ဈမကို ပြောသည်။

“ကျွန်တော်တို့ဘက်က တွေ့ဖို့ သူတို့ကို ကမ်းလှမ်းထားတာ။ တရားဝင် စာပို့ထားပါတယ်။ သူတို့ အကြောင်းမပြန်သေးဘူး။ သူတို့ အဆင်ပြေတဲ့အချိန်တော့ တွေ့နိုင်မှာပါ။ သူတို့လည်း ပြင်ဆင်နေတဲ့ သဘောရှိပါတယ်”ဟု သူက မဇိ္ဈမကို ပြောသည်။

မြို့နှင့် အလှမ်းဝေးသည့် နေရာတွင် လယ်ယာမြေမှတ်ပုံတင်ရန် အခက်အခဲရှိ

ဖြိုးဝေအောင်

ကယားပြည်နယ် ရှားတောမြို့နယ်ဘက်နှင့် မြို့ဘက် အလှမ်းဝေးသည့် နေရာဒေသများတွင် လယ်ယာမြေ မှတ်ပုံခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် အခက်အခဲများရှိ၍ ကြန့်ကြာမှု ရှိနေသည်ဟု ပြည်နယ်မြေစာရင်းဌါနမှ ဒုတိယညွန်ကြားရေးမှူး ဦးအောင်ဆွေက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရှားတောမြို့နယ် နေရာဒေသဘက်တွင် သီးနှံစိုက်ပျိုးနေကြသည့် တောင်သူများသည် ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်မှ လာရောက် စိုက်ပျိုးကြသဖြင့် မြေစာရင်းဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ချိတ်ဆက်ရန် အခက်အခဲရှိနေသည်။

"တောင်သူတွေကသူတို့ သီးနှံကိုလာပြီးတော့ ထွန်ယှက်မယ် ကြဲမယ် သူတို့မြို့နယ်ကို ပြန်ထွက်သွားတယ်။ အဲဒီအခါမှာ အဲရွာသားတွေကို အချိတ်အဆက်လုပ်ဖို့ အခက်အခဲရှိတယ်" ဟု ဦးအောင်ဆွေက ပြောပါသည်။

ထို့ပြင် ရှားတောမြို့နယ် တောင်ပိုင်းအုပ်စုနေရာတချို့များတွင် ယခင်မူပိုင် လုပ်ကိုင်စိုက်ပျိုးခဲ့သည့် ဒေသခံတချို့များက နယ်စပ်ဒုက္ခသည်စခန်းဘက်တွင် သွားရောက်နေထိုင်လျက်ရှိကြရာ လက်ရှိတွင် နီးစပ်ရာများက ဆက်လက် စိုက်ပျိုးလုပ်ကိုင်နေကြသည့်အတွက် လယ်ယာမြေ မှတ်ပုံတင်ရန်မှာလည်း မိရိုးဖလာ အမွေဆက်ပေးရန်မှာလည်း အဆင်မပြေဖြစ်နေကြာင်း သိရသည်။

မြို့နယ်တိုင်းတွင် ဌာနဆိုင်ရာများမှ လယ်ယာမြေမှတ်ပုံတင် လျှောက်ထားရန် လျှောက်လွှာများ ဖြန့်ဝေပေးသော်လည်း လာရောက်လျှောက်ထားခြင်းမရှိကြောင်း ဦးအောင်ဆွေက ပြောသည်။

ယခုလို လယ်ယာမြေမှတ်ပုံတင်ခြင်းပြုလုပ်ရာမှာ လွိုင်ကော်မြို့အနေနဲ့ (၈၀.၇) ရာခိုင်နှုန်း ပြီးစီးလေ့ရှိပြီး စက်တင်ဘာလ ဒုတိယပတ်မှာ အပြီးအစီးကြိုးစား ဆောင်ရွက်မှာဖြစ်ကြောင်း ဆိုပါတယ်။


လယ်ယာမြေမှတ်ပုံတင်ရာတွင် လွိုင်ကော်မြို့၌ (၈၀.၇) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တပြည်နယ်လုံး အတိုင်းအတာတွင် (၅၄.၄၆) ရာခိုင်နှုန်းသာ ပြီးစီးထားကြောင်း သိရသည်။

လယ်ယာမြေမှတ်ပုံတင်ခြင်း လက်မှတ်ရှိမှသာလျှင် တောင်သူလယ်သမားအတွက် လယ်ယာမြေ သိမ်းဆည်းမှုများတွင် သက်သေအထောက်အထားပြနိုင်ရန် အာမခံချက်ရှိကြောင်း သားစဉ်မြေးဆက်အတွက် အကျိုးရှိကြောင်း ပြောသည်။

ဦးအောင်ဆွေက “လယ်သမားအတွက်ကိုတော့ ဒါ အခိုင်အမာအကျိုးရှိစေတဲ့ ကိစ္စတစ်ခုပဲ” ဟု ပြောသွားပါသည်။

ဂျပန် လေကြောင်းလိုင်းနဲ့ Asian Wings ပူးပေါင်းမှု ဈေးကွက် ပျက်နိုင်သလား

ရန်ပိုင်


ဂျပန် လေကြောင်းလိုင်း All Nippon Airways(ANA) နဲ့ ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း Asian Wings Airways(AWA) တို့ရဲ့ ပူးပေါင်း လုပ်ကိုင်မှုဟာ ပြည်တွင်း လေကြောင်းလိုင်း ဈေးကွက် ကို ပျက်သွားစေနိုင်ကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်း က ဝေဖန် ပြောဆို နေကြပါတယ်။

မြန်မာ့ လေကြောင်း(MA) က အမည်မဖော်လိုတဲ့ အရာရှိကြီးတဦး က“ပြည်တွင်း ဈေးကွက်မှာက လေကြောင်းလိုင်းကများပြီး ခရီး သည်က နည်းနည်းလေးပဲရှိတယ်၊ ဒါကိုပဲ မျှပြီးဆွဲနေကြရတဲ့ အချိန်မှာ လေကြောင်းလိုင်း အကြီးတခု ထပ် ၀င်လာတယ်ဆိုတာက စိုးရိမ်စရာပါ”လို့ ပြောပါတယ်။

အခုလို ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) နဲ့ ပြည်တွင်းလေကြောင်းလိုင်း (AWA) တို့ရဲ့ ပူးပေါင်းမှုကို နမူနာယူကာ တခြား ပုဂ္ဂလိက လေကြောင်းတွေနဲ့ ပြည်ပ လေကြောင်းလိုင်းကြီးတွေ အနေနဲ့လည်း ဖက်စပ်လုပ်ကိုင် လာကြမယ်ဆိုရင် ပြည်တွင်း ဈေးကွက်ပျက် သွားနိုင်တဲ့အတွက် Asian Wings Airways အနေ နဲ့ နိုင်ငံတကာဈေးကွက် ဘက်ကို ပိုပြီး ထိုးဖောက်သင့်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

ဂျပန်လေကြောင်းလိုင်းနဲ့ Asian Wings Airways ရဲ့ ပူးပေါင်းတဲ့ လုပ်ရပ်ဟာ ပြည်တွင်းလေကြောင်းလိုင်းတွေ အကြား သဘောတူ ညီထားရှိခဲ့တဲ့ နိုင်ငံခြား လေကြောင်းလိုင်းတွေနဲ့ ဖက်စပ် လုပ်ကိုင်တဲ့အခါ အကန့်အသတ်တွေ ထားရှိဖို့ မူအားဖြင့် သဘော တူညီချက် ကို ချိုးဖောက်ရာကြတယ်လို့ လေကြောင်းလိုင်း လုပ်ငန်းရှင်တွေကလည်း ပြောဆိုထားပါတယ်။

ဂျပန်လေကြောင်းလိုင်း (ANA)က ပုဂ္ဂလိကပိုင် မြန်မာ့ ပြည်တွင်းလေကြောင်းလိုင်း Asian Wings Airways(AWA) ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းဝယ်ယူ ရင်းနှီးမြုပ်နှံလိုက်ခြင်းဖြင့် မြန်မာ့လေကြောင်းဈေးကွက်ကို ပထမဆုံး စတင် ထိုးဖောက် ၀င်ရောက်လာခဲ့ခြင်း ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း All Nippon Airways အနေနဲ့ အမေရိကန်ဒေါ်လာ ၃၁.၄၅ သန်းနဲ့ ၀ယ်ယူလိုက်ခြင်းဖြစ်ကြောင်းနဲ့ လာမယ့် ၅နှစ်အတွင်း အဲဘတ်စ် အမျိုး အစားလေယာဉ်တွေနဲ့ ဖြည့်တင်းပျံသန်းသွားမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းလေကြောင်း AWAရဲ့ အမှုဆောင် ဒါရိုက်တာ ဦးလွင်မိုးက“ကျနော်တို့နဲ့ ANA ရဲ့ အကြိုညှိနှိုင်းဆွေးနွေးချက်အရ ၂၀၁၈ ခုနှစ်မှာတော့ အဲဘတ်စ် အမျိုးအစား (A320) ၁၀ စင်းလောက်နဲ့ ဒေသတွင်းကို တိုးချဲ့မယ်လို့မှန်းတယ်”လို့ ဆိုပါတယ်။

All Nippon Airways (ANA) လေကြောင်းလိုင်းကတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်းတွေထဲက တခု အပါအ၀င် ဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပခရီးစဉ်တွေကိုပါ ပျံသန်းနေပါတယ်။

လက်ရှိအခြေအနေကတော့ ပြည်တွင်းလေကြောင်းလိုင်းတွေမှာ ခရီးသည်နည်းပါးနေပြီး ပွင့်လင်း ရာသီရောက်မှသာ နိုင်ငံခြား ခရီးသွား အများအပြားရှိတယ်လို့ သိရပါတယ်။

ပြည်တွင်း ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကတော့ မြန်မာ့လေကြောင်းလိုင်းနဲ့ Royal Myanmar Transport ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတဲ့ MAI လေကြောင်းလိုင်း၊ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်း၊ ဦးအောင်ကိုဝင်း ပိုင် Air KBZ၊ ဘဏ်လုပ်ငန်းရှင်တွေ စုပေါင်းတည်ထောင်ထားတဲ့ Golden Myanmar Airline ၊ Air Mandalay၊ Yangon Airway စတဲ့ လေကြောင်းလိုင်းတွေ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာတော့ လေကြောင်းလိုင်း အများစုဟာ အရင်စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမားကြီးတွေကသာ ပိုင်ဆိုင်ကြပြီးလွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် စတင်ဖွဲ့စည်းခဲ့တဲ့ Union of Burma Airways (UBA)၊ မြန်မာ့ ဆိုရှယ်လစ် လမ်း စဉ်ပါတီ ခေတ် Burma Airways Corporation (BAC)၊ စစ်အစိုးရလက်ထက် Myanma Airways (MA) ဆိုပြီး အမည်ပြောင်းခဲ့တဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းတောင်မှ အခုအခါမှာ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးအောင်ကိုဝင်း က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင် ထားပြီဖြစ် တယ်လို့ သိရပါတယ်။

အလားတူ ဂျပန်လေကြောင်းလိုင်းနဲ့ ဖက်စပ် လုပ်ကိုင်မယ့် Asian Wings Airways လေကြောင်းလိုင်းဟာလည်း စစ်အစိုးရ လက် ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇနဲ့ Sun Far Travels & Tours Co., Ltd ကုမ္ပဏီတို့ ပူးပေါင်းပြီး စတင် ထူထောင်ခဲ့တာဖြစ်တယ်လို့ ပြည်တွင်းစီးပွားရေး အသိုင်းအ၀ိုင်းက လုပ်ငန်းရှင်ကြီးတွေက ဆိုပါတယ်။

“ကိုလွင်မိုးက မြန်မာ့လေကြောင်းက လေယာဉ်မောင်း၊ အဲဒီက အဲပုဂံ လေယာဉ်မယ်တွေကို သင်ပေးတဲ့ဆရာ၊ အခုတော့ Asian Wings မှာ ဒါရိုက်တာ ၀န်ထမ်းတဦးပါ၊ ဦးသန်းဦးကတော့ Sun Far ပိုင်ရှင်ပဲ၊ ဦးတေဇက ဆန်ရှင်ကိုရှောင်ချင်လို့ လေကြောင်း လိုင်း တခုထောင်တာ တဲ့၊ စထောင်ကတည်းက နာမည်လည်း မပါဘူး၊ အခမ်းအနားလည်း မတက်ဘူး”လို့ စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုပါတယ်။

AWA အမှုဆောင် ဒါရိုက်တာ ဦးလွင်မိုးကတော့ ၎င်းတို့အနေနဲ့ ဦးတေဇပိုင် Air Bagan နဲ့ ဘာမျှ မပတ်သက်ကြောင်း၊ ဦးလွင်မိုးက ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး၊ ဦးသန်းဦးက ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ကာ လေယာဉ်သုံးစီးနဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပျံသန်းနေတယ် လို့ ပြောဆို သွားပါတယ်။

Asian Wings Airways လေကြောင်းလိုင်းဟာ စတင်တည်ထောင်စဉ်က အသုံးပြုပြီးသား ATR 72 လေယာဉ်နှစ်စီးနဲ့ စတင်ခဲ့ပြီး နောက် အဲဘတ်စ် A321 တစင်း ထပ်မံဝယ်ယူကာ နိုင်ငံတကာဈေးကွက် သို့ ၀င်ရောက်ဖို့ စီစဉ်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားပြီးသည့်နောက် ကြီးထွားလာမယ့် မြန်မာ့ ခရီးသွား ဈေးကွက်ကို ရည်ရွယ်ကာ Asian Wings Airways အနေနဲ့ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ ပတ်သက်ပြီး ရေးသားထုတ်ပြန်နေတဲ့ CAPA ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ဒေါ်နော်အုန်းလှကို ထောင်ဒဏ်နှစ်နှစ် ချမှတ်

ခိုင်ခိုင်

လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်သူ ဒေါ်နော်အုန်းလှကို သြဂုတ်၂၉ ရက်တွင် မုံရွာမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ရှေ့နေ ဦးရောဘတ်ဆန်းအောင်က မဇ္ဈိမကို အတည်ပြု ပြောသည်။

မုံရွာမြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင် ဒဏ်နှစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားရုံးတွင် သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ ရုံးချိန်း သုံးရက်ဆက်တိုက် သတ်မှတ်ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်နော်အုံးလှ၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ယခုဖြစ်စဉ်မှာ ဆန္ဒထုတ်ဖော်ခွင့် မရရှိခြင်းကြောင့်ဖြစ်လာသော အကြောင်းအရာများသာဖြစ်ပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ထုတ်ခွင့် ပေးသင့်ကြောင်း၊ ယခုချမှတ်သော ပြစ်ဒဏ်မှာ အနည်းငယ်ပြင်းထန်သည်ဟု ထင်မြင်ကြောင်း မဇ္ဈိမကို ပြောသည်။

၎င်းက “ဒေါ်နော်အုံးလှ ဆန္ဒပြခွင့်မရဘဲဆန္ဒပြတာက ခွင့်ပြုချက်မရတာကြောင့် မုံရွာမှာပြဖို့တင်တာ ကိုးကြိမ်ရှိပြီ။ တစ်ခါမှ မရခဲ့ဘူး။ ခွင့်ပြုချက်မရတာက ခွင့်မပြုလို့ဘဲ။ လွှတ်တော်သုံးရပ်မှာ ဆွေးနွေးသင့်တယ် ဆွေးနွေးပေး ပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

ဒေါ်နော်အုန်းလှကို သြဂုတ် ၁၃ ရက် မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ ဖမ်းဆီးခဲ့သည်ဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့ပြီး အမှုအတွက် တရားလိုပြုလုပ်ခဲ့သူမှာ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ရွှေဖြစ်ကြောင်း လည်း ဦးရောဘတ်စန်းအောင်က ပြောသည်။

ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဘထူးကလည်း ဒေါ်နော်အုန်းလှကို အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး ကြိုတင်စီစဉ်ထားသော အမိန့်ချမှတ်မှုသာဖြစ်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာ သြဂုတ် ၁၃ ရက်က မုံရွာမြို့ပေါ်တွင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊ ကြေးနီစီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် ရဲများအား အရေးယူပေးရေး စသည်တို့ကို တောင်းဆို ဆန္ဒပြခဲ့ရာ ၎င်းအပါအ၀င် ဆန္ဒပြသူ ၁၀ ဦးကို ရဲများက ဖမ်းဆီးခဲ့ သည်။ ယင်းနေ့ညနေတွင်ပင် ဒေသခံကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်နော်အုန်းလှကို ဆက်လက် ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၀ ရက်ကလည်း ရန်ကုန်တွင် ဒေါ်နော်အုန်းလှနှင့် မတရားဖမ်းဆီးခံရသူရွာသားများ လွှတ်ပေးရန် Generation Youth အဖွဲ့မှ ကိုကျော်သူက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဒေါ်နော်အုန်းလှကို အမိန့်ချခဲ့သည့် သြဂုတ် ၂၉ ရက်သည် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည့် ကိုးလပြည့်နေ့လည်းဖြစ်သည်။ ယင်းနေ့တွင်ပင် မုံရွာ၌ လူအင်အား ၁၂၀၀ ခန့်က စီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသေးသည်။

KIO အပေါ် မစ္စတာ ဗီဂျေနမ်ဘီးယား၏ တိုက်တွန်းချက်

အဲာပိုန်

ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူး၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားသည် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာသို့ ခေတ္တ ရောက်ရှိစဉ် အစိုးရနှင့် ဆွေးနွေး ခဲ့သည့် မြစ်ကြီးနား သဘော တူညီချက် အတိုင်းသာ ဆက်လက် အကောင်အထည် ဖေါ်သွား သင့်သည်ဟု KIO အား တိုက်တွန်း ခဲ့ကြောင်းတွေ့ဆုံ ဆွေးနွေးရေး ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ဆိုပါသည်။

“ မေလကုန်က တွေ့ခဲ့တဲ့ မြစ်ကြီးနား ပွဲမှာ သူပါတယ်လေ။ အဲဒီ သဘော တူညီချက် အတိုင်း အကောင်အထည် ဖေါ်ဖို့ တိုက်တွန်း ခဲ့တာပါ။ လိုင်ဇာကို ရောက်ဖို့ အရေးမှာလည်း သူက အချိန် သိပ်မရ လိုက်ဘူးလေ။ (၃) နာရီ လောက်ဘဲ ကချင်ပြည်နယ် ဝန်ကြီးက ခွင့်ပေးတယ် ဆိုတော့ စကား ပြောခွင့်တောင် သိပ်မရ လိုက်ပါဘူး” ဟု ဆိုပါသည်။

ထို့အတူ KIO ကလည်း နောက်နောင် ကျင်းပသည့် KIO နှင့် အစိုးရ တို့၏ တွေ့ဆုံ ဆွေးနွေးပွဲ များတွင် UN ကိုယ်စားလှယ် အဖြစ် ပါဝင်ပေးပါရန် ဗီဂျေနမ်ဘီးယားအား တောင်းဆို ခဲ့ပါသည်။ ဤကဲ့သို့ တောင်းဆို လိုက်သဖြင့် ဗီဂျေနမ်ဘီးယားသည် အတတ်နိုင်ဆုံး ကြိုးစား ပါဝင် ပေးမည် ဖြစ်ကြောင်း သဘော ထားပေး ခဲ့သည်ဟု ဆိုပါသည်။

ဗီဂျေနမ်ဘီးယား တင်ပြသော သဘော တူညီချက် ဆိုသည်မှာ ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့တွင် KIO နှင့် အစိုးရတို့ မြစ်ကြီးနား မြို့ ၌ ဆွေးနွေးစဉ် ရရှိထားသော သဘော တူညီချက် (၇) ချက်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ၄င်းတို့မှာ-

(၁)-နိုင်ငံတော် အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ရန် သဘောတူသည်။

(၂)-နှစ်ဖက် တပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက် သွားရန် သဘောတူသည်။

(၃)-နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

(၄)-နယ်မြေ လုံခြုံရေး အရ နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူ များအတွက် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘော တူသည်။


(၅)-တပ်ပိုင်း ဆိုင်ရာ တပ်နေရာ ချထားမှုများနှင့် ပတ်သက်ပြီး ဆက်လက် ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

(၆)-လိုအပ်သော လုပ်ငန်း စဉ်များကို ညှိုနှိုင်း ဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ် အဖွဲ့ကို မြစ်ကြီးနား မြို့တွင် ထားရှိ သွားရန် သဘော တူသည်။

(၇)-နောက်တကြိမ် ဆွေးနွေးပွဲတွင် ယခုအကြိမ် တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည် တက်ရောက်ရန် သဘော တူညီသည်။ အခြား ဖိတ်ကြား လိုသော အဖွဲ့များ ရှိပါက နှစ်ဖက် ညှိုနှိုင်း ဆောင်ရွက် သွားရန် သဘော တူညီကြပါသည်။

ဤသဘော တူညီချက်များကို အကောင်အထည် ဖေါ်ရန် KIO သည် နည်းပညာ ရှင်များ အဖွဲ့ (Technical Team) ကိုဖွဲ့ စည်းပြီး အစိုးရ နည်းပညာ အဖွဲ့၏ ညှိနှိုင်းရေး ကမ်းလှမ်း မှုကို စောင့်နေ ခဲ့သော်လည်း ယနေ့အထိ ဖိတ်ကြားခြင်း မရှိသေးဟု ဆွမ်လွတ်ဂမ်က ဆိုပါသည်။

အစိုးရ နည်းပညာရှင် အဖွဲ့ကမူ KIO နည်းပညာရှင် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု မကြာခဏ ပြောဆိုနေသော်လည်း မည်သည့် အချိန်တွင် တွေ့ဆုံ ဆွေးနွေးနိုင်မည်ကို ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပေ။ ဤသို့ကြောင့် KIO အား သဘော တူညီချက် အတိုင်းသာ ဆောင်ရွက်ရန် ဗီဂျေနမ်ဘီးယားမှ တိုက်တွန်း နေသော်လည်း လက်တွေ့တွင် အစိုးရတပ် များသည် KIO အား တိုက်ခိုက် နေဆဲ ရှိပါသည်။

KIO သည် မစ္စတာ ဗီဂျေနမ်ဘီးယား၏ လိုင်ဇာ ခရီးစဉ် အတွက်ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ အရာရှိ (၄) ဦး နှင့် KIO အလုပ်အဖွဲ့မှ အရာရှိ (၂) ဦးပါသော အဖွဲ့ဖြင့် အစအဆုံး အကူအညီ ပေးခဲ့ပါသည်။ ဗီဂျေနမ်ဘီးယား အဖွဲ့သည် သြဂုတ်လ ၂၈ ရက်နေ့မနက် ၇ နာရီခွဲ အချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ထွက်ခွာ လာခဲ့ပြီး နေ့လည် ၁၁ နာရီ အချိန်တွင်KIO လိုင်ဇာ ဗဟိုဌာနချုပ်သို့ ရောက်ရှိ လာခဲ့သော်လည်း မွန်းလွဲ (၃) နာရီတွင် ပြန်လည် ထွက်ခွာ သွားခြင်းဖြစ် ပါသည်။


ယင်းခရီးစဉ်၌ ဗီဂျေနှင့် အတူ ICRC အဖွဲ့ဝင် (၁၂) ဦးလည်း ပါလာခဲ့ပါသည်။ ICRC အဖွဲ့တို့သည်လိုင်ဇာ ဆေးရုံ အတွက် ခွဲစိတ်ခန်း သုံးပစ္စည်းများ၊ ဆေးဝါး အမျိုးပေါင်း (၅၀)ခန့်၊ဆေးထိုး အပ်များနှင့် ဓါတ်ဆား ရည်များ ကူညီခဲ့ပါ သည်။ ထို့အပြင် ခွဲစိတ်ရမည့် လူနာ များအားကူညီ ခွဲစိတ်ပေးခြင်း၊ စစ်ပြေး ဒုက္ခသည်များ အတွက် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုနှင့် ကလေးပြုစုနည်းများ သင်တန်းပေးခြင်း အပြင် ဒုက္ခသည်များ၏ ကျန်းမားရေး အခြေအနေများကို စစ်ဆေး ပေးခဲ့ပါသည်။

၎င်းတို့ အဖွဲ့၏ ခရီးစဉ်သည် လာမည့် စက်တင်ဘာ တရက်နေ့တွင် အဆုံးသတ်မည် ဖြစ်သည်ဟု ကချင် စစ်ပြေး ဒုက္ခသည် စခန်းများ တာဝန်ခံ ဦးဒွဲဗီဆာက ဆိုပါသည်။ ICRC ကိုယ်စားလှယ် အဖွဲ့သည် လိုင်ဇာမြို့သို့ဒုတိယ အကြိမ် လာရောက်ခြင်း ဖြစ်သော်လည်း ခွဲစိတ် ကုသပေးမှုကို ပထမဆုံးကြိမ် အကူအညီ ပေးခဲ့ခြင်းဖြစ်ပါသည်။

RCSS/SSA ၏ အကောက်ခွန်မှူးအား အစိုးရစစ်တပ်ဖမ်းဆီး

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါမြို့နယ်ခွဲုတွင် RCSS/SSA ၏ အကောက်ခွန်မှူး တပ်သား တဦးအား မြန်မာစစ်တပ်က ဝိုင်းရံပိတ်ဆို့ဖမ်းဆီးပြီးကျောက်မဲမြို့သို့ပို့ဆောင် ချုပ်နှောင်ထားကြောင်း ကိုယ် တွေ့မျက်မြင်ကြုံတွေ့ရသည့် အုပ်စုသားတဦးကပြောသည်။

“တောင်ပိုင်းသျှမ်းတပ်ဖွဲ့ စစ်ဝတ်စုံအပြည့် ဝတ်ထားတဲ့ စစ်သား တယောက်ကို သူတို့ဖမ်းတာ။ RCSS ရဲ့ အကောက်ခွန်မှူးလို့ မြန်မာစစ်သားတွေက ပြောတယ်။ အခွန်ကောက်ထားတဲ့စာရင်းတွေလဲ သူ့လက်ထဲမှာ တွေ့ရ တယ်။ မိုင်းငေါ့အုပ်စု မြောက်ဘက် ၈ မိုင်လောက်ကွာတဲ့ ဝမ့်လွယ်ပက် မှာဖမ်းမိတာတဲ့။ အခုတော့ သူ့ကို ကျောက်မဲကို ပို့ထားတယ်” ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ရသော အုပ်စုသားတဦးက သျှမ်းသံတော်ဆင့်အားပြော ပြ သည်။

ယမန်နေ့ မနက်ပိုင်းက အဆိုပါ RCSS/SSA တပ်သားအား ဖမ်းဆီးမိခဲ့ ခြင်းဖြစ် သည်ဟုဆိုပါသည်။

အဆိုပါတပ်သားသည် တောင်ပိုင်း စစ်ဝတ်စုံဖြစ်သော ကျားပုံပါ ပြောက်ကျားဝတ်စုံဝတ်၊ လက်နက်ကိုင်ဆောင် ထားပြီး အသက် ၂၀ ကျော်ခန့် ရှိသည်ဟုဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထံမှ သီးခြားအတည်ပြုချက် မရ သေးပေ။

အမည်မဖော်လိုသည့် အဆိုပါ ဒေသခံက- “သူ့ကို ရိုက်ထားကြတယ်။ မျက်လုံးတွေဖွင့်မရလောက် အောင်ဖူး ယောင်ကုန်တာ။ တကယ့်ကိုပြစ်မှုကြီး မားတဲ့အကျဉ်းသမားတယောက်လိုဖမ်းသွားကြတာ။ လည်ပင်းမှာကြိုး နဲ့ချည်။ လက်နှစ်ဘက်ကိုနောက် ပြန်ပြီးကြိုးတုပ် ခြေထောက် ၂ ဖက်လုံးကို လဲကြိုး တွေနဲ့ချည်။ အဲဒီကြိုး တွေ ကိုစုပြီး အနောက်မှာ စစ် သားတယောက်ကကိုင်ထား။ အရှေ့ဘက်ခြမ်းမှာလဲ အဲလိုဘဲ ကြိုးကိုစုပြီးနောက် တယောက်က ကိုင် ထား။ သူ့ရဲ့ဘေး လေးဘက်လေးတန် ပတ်ပတ် လည်မှာ လက်နက်ကိုင် မြန်မာ စစ်သား ၆ ယောက်ဝိုင်း ရံပြီးလိုက်ပါတာ။ မလွယ်ဘူး။” ဟု ဆက်၍ ပြောပြသည်။

ဂျွန်လက RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင် သည့်အဖွဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက် သည့်ဆွေးနွေးမှုအတွက် သမ္မတကြီးနှင့် နေပြည်တော်၌ သွားရောက်တွေ့ဆုံစဉ် ကလည်း သီပေါမြို့တွင် ၎င်းတို့ တပ်ဖွဲ့ဝင် ၃ ဦး အဖမ်းခံခဲ့ရသည်။ ယနေ့တိုင်လွတ်မြောက်ခြင်းမရှိသေးပေ။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မြန်မာစစ်တပ် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၄ တို့ အခြေစိုက်လှုပ်ရှား ပါသည်။

Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ

မြတ်သူအောင်

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။

အဲဒီ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ခင်ဝင့်ဝါဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုက္ခဗေဒ ကျောင်းသူ တဦးဖြစ်ပြီး မော်ဒယ်လ် တဦးလည်း ဖြစ်သလို Miss Myanmar သရဖူကို ရရှိပြီးချိန်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘီလာရုစ်မှာ သွားရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ ဂုဏ်ဆောင် Miss တဦး ဖြစ်ပါတယ်။

သူ့ရဲ့ facebook စာမျက်နှာမှာ ခင်ဝင့်ဝါက “ပရိသတ်ကြီး မင်္ဂလာပါ။ ညီမကို အားပေးတယ်ဆိုရင် အောက်က Link က တဆင့် အနီရောင် စာလုံးကို နှိပ်ခြင်းဖြင့် ညီမကို Vote ပေးနိုင်ပါတယ်။ နေ့စဉ် မဲပေးနိုင်ပါတယ်၊ သြဂုတ် ၂၆ ရက်နေ့က စပြီး စက်တင်ဘာ ၄ ရက်နေ့ည ၁၂ နာရီ အထိ မဲပေးလို့ရပါတယ်။ Chrome ကနေ မဲပေးပြီးပေမယ့် Firefox နဲ့ ဖွင့်ပြီး မဲပေးလို့လည်း ရပါတယ်။ Browser မတူပါက မဲထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ်။ ညီမလေး ကြိုးစား ထားပါတယ်ရှင့်၊ ခင်ဝင့်ဝါရဲ့ ဓာတ်ပုံ (သို့) အမည်ကို Click လုပ်ပြီး နေ့စဉ် စိတ်ကြိုက် မဲပေးနိုင်ပါတယ်” လို့ သူ့ကို အားပေးတဲ့ မြန်မာ ပရိသတ်တွေကို ရေးသား တောင်းဆိုထားတာကို တွေ့ရပါတယ်။

ခင်ဝင့်ဝါဟာ ဒီနေ့ဒီအချိန်အထိ ပရိသတ်တွေက ပေးတဲ့ မဲ အနေနဲ့ ၂၃၄၃၉၁ မဲ ရရှိထားပြီး သူနဲ့ အပြိုင် Miss တွေကတော့ Miss Luxembourg ၂၃၅၇၉၅ မဲ၊ Miss Russia က ၁၂၅၈၁၆ မဲ၊ Miss Sweden က ၁၂၃၄၈၀ မဲ၊ Miss Australia က ၇၀၁၂၂ မဲ၊ Miss Thailand က ၆၉၉၂၈ မဲနဲ့ Miss Philippines က ၅၄၆၄၂ မဲတို့ ဖြစ်ကြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညကတော့ ခင်ဝင့်ဝါနဲ့ Miss Philippines တို့ဟာ မဲ ၅ သောင်းကျော်နဲ့ အပြိုင်ဖြစ်နေရာက ဒီနေ့ သြဂုတ် ၃၀ ညနေမှာ ခင်ဝင့်ဝါက မဲ အပြတ်အသတ် ကျော်ဖြတ်တက်ခဲ့တာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ facebook မှာ သူ့ကို အကဲဖြတ်ဒိုင်များက မေးခွန်းများမေးတဲ့အချိန် သူ ပြန်လည် ဖြေဆိုထားတဲ့ Link တွေကိုလည်း တွေ့ရပါတယ်။

သူ့ရဲ့ ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို ဒိုင်တွေက မေးမြန်းတဲ့အခါမှာ “ကျမ အရမ်းကို စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံရပ်ခြားကို တခါမှ မရောက်ဖူးဘူးလေ” လို့ ဖြေကြားထားတာ တွေ့ရပါတယ်။

ဒါ့အပြင် သူက သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံ တခုမှာ ခြားနားတဲ့ အရာတွေကို မြင်ရတာ အရမ်းကောင်းတယ် ဆိုတဲ့ အကြောင်း၊ မြန်မာနိုင်ငံက အရမ်းလှပသလို၊ ဘီလာရုစ် ကလည်း အတူတူပဲ ဆိုတဲ့အကြောင်း၊ နှစ်နိုင်ငံ စလုံးမှာ ကောင်းမွန်တဲ့ အရာတွေ၊ သွားရောက်လည်ပတ်ဖို့ ကောင်းတဲ့ နေရာတွေ ရှိတယ် ဆိုတဲ့ အကြောင်းတွေလည်း ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံက လတ်တလော အဟြေင်းအလဲတွေ အကြောင်းကို မေးတဲ့အခါ သူက “ကျမတို့ နိုင်ငံက အခုဆိုရင် ပိုပြီး ပွင့်လင်းလာပါပြီ။ လှပပြီး အရောင်အသွေးစုံတဲ့ ကျမတို့နိုင်ငံကို အလည်လာဖို့ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။

အကဲဖြတ် ဒိုင်တွေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်ဖို့ အကြံပြုချင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက သွားစရာ နေရာတွေ အများကြီးရှိတဲ့ အကြောင်း၊ ဒါပေမယ့် လာရောက်လည်ပတ် သူတွေ အနေနဲ့ အချိန်နည်းမယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကို သွားစေချင်တဲ့ အကြောင်း အကြံပြုထားပါတယ်။

“အချိန် ပိုရမယ်ဆိုရင်တော့ မြန်မာဘုရင်တွေရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုသွားပါ။ မြန်မာနိုင်ငံရဲ့လှပမှုတွေ၊ အရောင်အသွေး စုံလင် မှုတွေက ရှင်တို့ကို အံ့သြစေလိမ့်မယ်လို့ ကျမဟြေရဲပါတယ်” လို့လည်း သူက ဆက်ပြော ထားပါတယ်။

ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ အင်္ဂလိပ်စကား အားနည်းမှုကို ခွင့်လွှတ်ဖို့ ဒိုင်တွေကို တောင်းပန်တဲ့အခါမှာ ဒိုင်တွေက “Miss Supranational 2013 ပြိုင်ပွဲဝင်များထဲမှာ ချစ်စရာ အကောင်းဆုံးနဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး ဖြစ်တဲ့ Miss Myanmar က သူရဲ့ အင်္ဂလိပ်စကား အားနည်းမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်တဲ့ အတွက် ကျနော်တို့က သူရဲ့ အင်္ဂလိပ်စကား အမှန်တကယ် ကောင်းမွန်ပါတယ်” လို့ ပြန်လည် ဟြေဆိုခဲ့ပါတယ်။

အဲဒီလို ဒိုင်တွေက ပြောတဲ့ အခါမှာ သူက ပြုံးလိုက်ပြီး “ကျမ ကျေးဇူးတင်ပါတယ်၊ ကျမ တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်ပြီး ချောချောမွေ့မွေ့ မဟြေနိုင်ပါဘူး၊ ကျမထပ်ပြီး သင်ယူချင်ပါ သေးတယ်၊ မနက်ဖြန်မှာ လုပ်မယ့် ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲမှာ ကျမတို့ တိုင်းပြည်ရဲ့ ရိုးရာအက ကပြဖို့ ပြင်ဆင်ထားပါတယ်။ ရှင်တို့ သဘောကျမယ်လို့ ကျမ မျှော်လင့်ပါတယ်” လို့ ပြန်ပြောတာ တွေ့ရပါတယ်။

နောက်ဆုံး ပရိသတ်တွေကို စကားဟြေတဲ့ အခါမှာတော့ ခင်ဝင့်ဝါက သူ့ကို အားပေးတဲ့ သူတွေထဲမှာ သူ လုံးဝ မသိတဲ့သူတွေ ပါနေတဲ့အတွက် သူ့ကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

“အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်၊ ကျမ သူတို့ကို သိစေချင်တာက ဒီသရဖူကို မြန်မာနိုင်ငံကို ယူလာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာပါပဲ။ ကျမ အားလုံးကို ချစ်ပါတယ်ရှင်” လို့ သူက အားပေးတဲ့ ပရိသတ်တွေကို တလေးတစား ကတိပေး ဖြေကြားတဲ့အကြောင်း ဖော်ပြထားပါတယ်။

မြန်မာနှင့် ဘင်္ဂလာတို့ လေကြောင်းပျံသန်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး

နိရဉ္စရာ

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် နိုင်ငံ (၂) ခုအကြား လေကြောင်း ပျံသန်းရေးအတွက် ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

၎င်းလက်မှတ်ထိုးပွဲအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြို့တော် ဒက္ကားတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘက်မှ လေကြောင်း ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်း တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှ လေကြာင်းဆိုင်ရာ ဥက္ကဌ မူဟာမတ် ဟူစိန် မှ တက်ရောက် လက်မှတ်ထိုးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီး ဖာရုဒ်ခန် အပါအ၀င် နှစ်ဘက်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီး ဖာရုဒ်ခန်က ယခု လက်မှတ်ရေးထိုးလိုက်သော သဘောတူညီချက်အရ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ခရီးသည်နှင် ကုန်တင် လေယာဉ်များ အနေဖြင့် ပြေးဆွဲ ပျံသန်းနိုင်ကြတော့မည်ဟု ဆိုသည်။ ဘင်္ဂလာဒေခ်ျ့ပိုင် ဘီမန် လေကြောင်းအနေဖြင့် ရန်ကုန်-ဒက္ကားလေကြောင်းကို ယခုနှစ် နိုဝင်္ဘာလ တွင် နောက်ဆုံး (သို့မဟုတ်) ဒီဇင်္ဘာလ အတွင်း စတင် ပြေးဆွဲနိုင်တော့မည်ဟု ဆိုသည်။

နိုင်ငံ (၂) ခု အကြား လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းခြင်းအားဖြင့် ခရီးသွား လုပ်ငန်းကို တိုးတက်စေမည် ဖြစ်သလို ကုန်သွယ်ရေးကိုလည်း တိုးမြှင့်စေမည်ဟု လက်မှတ်ရေးထိုးပွဲတွင် ၀န်ကြီး ဖာရုဒ်ခန်က ပြောဆိုသည်။ မြန်မာကိုယ်စားလှယ် ဦးဝင်းရွှေထွန်းမှလည်း လေကြောင်းလိုင်းများ ဖွင့်လှစ် ပျံသန်းခြင်းဖြင့် ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းကို တိုးတက်စေမည်ဟု ဆိုသည်။

၎င်းပြင် မြန်မာလေကြောင်းလိုင်းများအားလည်း ရန်ကုန်နှင့် ဒက္ကားအကြား ပြေးဆွဲ ပျံသန်းနိုင်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ယခင်က ဘီမန် လေကြောင်းလိုင်းမှ တိုက်ရိုက်ပျံသန်းမူ ရှိခဲ့သော်လည်း အရှုံးပေါ်သဖြင့် ၂၀၀၇ ခုနှစ်တွင် ရပ်နားခဲ့ရသည်။

ကုမ္ပဏီက တွေ့ဆုံရန် ခေါ်ထားသော်လည်း တွေ့ခွင့်မရ၍ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ မကျေနပ်ဟုဆို

ကေဇင်ဦး

ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်ပြီး တွေ့ဆုံရန်အတွက် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က မြန်မာ - တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ (MCPWC) ကို ဖိတ်ကြားခဲ့သော်လည်း တွေ့ဆုံခွင့်မရ၍ ကော်မတီအနေဖြင့် ကျေနပ်မှုမရှိကြောင်း ကော်မတီဝင်များက သြဂုတ် ၂၉ ရက်တွင် စာနယ်ဇင်းများကို ပြောသည်။

မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီဝင်များက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင်ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခြင်းဖြစ်ပြီး ၎င်းတို့ဘက်က တွေ့ဆုံရန် ပြောသည့် လူဦးရေထက် တစ်ဦးပိုများနေသောကြောင့် ကုမ္မဏီဘက်က တွေ့ဆုံခြင်းမရှိဟု ဆိုသည်။

သြဂုတ် ၂၉ ရက်တွင် တွေ့ဆုံရန်အတွက် ကော်မတီဝင်များသို့ သြဂုတ်တတိယပတ်အတွင်းကပင် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံမည့်နေ့တွင် လူတစ်ယောက်ပိုသည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆိုခြင်း ဖြစ်သည်။

မြန်မာ- တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ အကြံပေးတာဝန်ခံ ဦးတင်သစ်က “ကျွန်တော်တို့ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့ကို သူတို့ကအရင်ဖိတ်တာပါ။ ပြီးတော့ တွေ့ဆုံမယ့်နေရာကိုလည်း ကျွန်တော်တို့ကိုရွေးချယ်ခွင့် မပေးပါဘူး။ သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ တွေ့မယ့်နေရာကိုလည်း မတွေ့ခင်တစ်နာရီအလိုမှာပြောင်းလဲလိုက်ပါတယ်။ ကျွန်တော်တို့သွားတော့ ကျွန်တော်တို့မှာ လူတစ်ယောက် ပိုနေတယ်ဆိုပြီး အတွေ့မခံတော့ပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

တွေ့ဆုံခွင့်ရပါက ကော်မတီအနေဖြင့် ပိုက်လိုင်းတစ်လျှောက် ဒေသခံများ၏ လယ်ယာမြေများ လျော်ကြေး အပြည့်အ၀ မရရှိမှုများ၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ သဘာဝပတ်ဝန်းကျင် အကျိုး သက်ရောက် မှု (EIA)၊ လူမှုဘ၀ သက်ရောက်မှု (SIA) စစ်တမ်းများ ကောက်ယူထားမှု ရှိမရှိ မေးမြန်းရန်၊ ထိုသို့ စစ်တမ်းများ ကောက်ယူထားပါက ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ အသိပေးရန်နှင့် မပြုလုပ်သေးပါကပြုလုပ်ရန် တိုက်တွန်းခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း၏ လုံခြုံရေးနှင့် ပတ်သက်သော သိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးသွားရန်ရှိသည်ဟု ကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ဓာတ်ငွေ့က လွှတ်နေပြီ။ လျော်ကြေးတွေက ခုထိ အပြည့်အ၀ မရကြသေးဘူး။ နောက်ပြီး ပိုက်လိုင်း လုံခြုံမှုကို ဘယ်လိုတာဝန်ယူမလဲ။ ပိုက်လိုင်းဖြတ်တဲ့နေရာတွေမှာ လက်နက်ကိုင်တပ်တွေရှိရင် ရှိ မယ်။ တောမီးလောင်ချင် လောင်မယ်။ ဒါတွေကြောင့် ပိုက်လိုင်း တစ်စုံတစ်ခုဖြစ်ရင် ဘယ်လို ဆောင်ရွက်ပေးမှာလဲ။ ဓာတ်ငွေ့က လွှတ်ပြီဆိုရင် ဒါတွေက ကြိုတင်လုပ်ထားဖို့လိုတယ်” ဟု ဆိုသည်။

မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီအနေဖြင့် ဇူလိုင် ၂၈ ရက်တွင် ပိုက်လိုင်းစီမံကိန်းမှ ရရှိမည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ ရရှိသည့် ၀င်ငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ရန် အပါအ၀င် အချက် ၁၀ ချက်ကို မန္တလေးမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြီး တောင်းဆိုခဲ့သည်။

မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး ပိုက်လိုင်းနှင့် ပတ်သက်၍ တောင်းဆိုထုတ်ပြန်ချက် နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ယင်းအဖွဲ့သည် ပိုက်လိုင်း ဖြတ်သန်း ရာ ဒေသတစ်လျှောက်ရှိ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲစည်းထားသော လူမှုအခြေပြု အဖွဲ့အစည်း တစ်ခုဖြစ်သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပို့လွှတ်ခြင်းကို ဇူလိုင် ၁၅ ရက်ကစတင်ခဲ့ပြီး ဇူလိုင် ၂၈ ရက်က ဓာတ်ငွေ့ပိုက်လိုင်းကို တရားဝင် ဖွင့်လှစ်ခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထုအမြင် ရယူရန် ရှင်းလင်းပွဲ တရပ် KNU ကျင်းပ

နော်ဆွိ

အပစ်အခတ် ရပ်စဲရေးမှ ရရှိထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေ များအား တင်ပြပြီး လူထု ဆန္ဒ ရယူရန် ဆန္ဒ ခံယူပွဲ တရပ်ကို ထိုင်းနိုင်ငံ တာ့ခရိုင်ရှိ မယ်လ ဒုက္ခသည် စခန်းတွင် ယမာန်နေ့ နံနက်ပိုင်း၌ ကျင်းပ ခဲ့သည်ဟု စည်းရုံး လှုံ့ ဆော်သူ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗဟို ကော်မီတီဝင် ပဒို စောလှထွန်းက ဆိုပါသည်။

“ KNU ကတော့ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ နိုင်ငံရေး ပြသနာကို ဖြေရှင်းနေတော့ အဲဒီ အခြေအနေတွေကို တင်ပြ ခဲ့ပါတယ်။ ပြီးတော့ လောလောဆယ် ရင်ဆိုင်နေရတဲ့ ဒုက္ခသည် ပြန်ပို့ရေး ကိစ္စ၊မြေယာ အဓမ္မ သိမ်းဆည်းနေတဲ့ ကိစ္စ၊ ဖွံ့ဖြိုးရေး ကိစ္စနဲ့ စီးပွားရေး ကိစ္စတွေကို ချပြပြီး လူထု ဆန္ဒ ခံယူတဲ့ပွဲပါ” ဟု ဆိုပါသည်။

ယင်းဆန္ဒ ခံယူပွဲသို့ ဒုက္ခသည်များ၊ ဆရာ ဆရာမ၊ စခန်း ကော်မတီများ၊ CBO ခေါင်းဆောင်များ၊ KNU တပ်မဟာ(၇) အုပ်ချုပ်ရေး မှူးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ကရင် အမျိုးသားနှီးနှော ဖလှယ်ပွဲ ကျင်းပရေး ကော်မတီ ၀င်များ၊ လူမှု အဖွဲ့အစည်းနှင့် လူမျိုးစုံ တိုင်းရင်းသားများ အပါအ၀င် စုစုပေါင်း လူထု (၃၀၀) ခန့် တက်ရောက် ခဲ့ပါသည်။

KNU သည် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းဖြင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ ကြောင်း၊ ထို့အပြင် ပြန့်ကျဲနေသည့် ကရင်လူမှု အဖွဲ့အစည်း များကို ပြန်လည် စုစည်းရန် ကရင် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကိုလည်း တချိန်ထဲတွင် တည်ဆောက် နေကြောင်း အပြင် လောလောဆယ် ရင်ဆိုင် နေရသည့် ဒုက္ခသည် ဆိုင်ရာ ပြသနာများ၊ မြေယာ သိမ်းဆည်း ခံနေရခြင်း ကိစ္စ၊ ဖွံ့ဖြိုးရေး ကိစ္စနှင့် စီးပွားရေး ကိစ္စ အခြေအနေ များကို တင်ပြကြ ပါသည်။

ဤအကြောင်းအရာ များကို KNU ဗဟို ကော်မတီဝင်များ ဖြစ်ကြသော ပဒို စောဒေါ်လေမူး၊ ပဒို စောအယ်ကလုစေးနှင့် ပဒိုစောလှထွန်းတို့က ဦးဆောင် ဆွေးနွေး ခဲ့ပါသည်။ KNU သည် လက်နက်ကိုင် လမ်းစဉ်ဖြင့် ချီတက် နေဆဲ ဖြစ်ပြီး တဖက်တွင် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်လည်း ကျင့်သုံး သွာမည်ဟု ဆိုပါသည်။

ဤသို့ကြောင့် ယခု ကျင်းပသော လူထု ဆန္ဒခံယူ ပွဲသည် အခြေအနေ အရပ်ရပ်ကို သိစေလိုပြီး၊ အကောင်းဆုံး ဖြစ်လာရန် မည်သို့ ဆောင်ရွက် ကြမည်ကို အကြံဥာဏ် ရယူခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။ တက်ရောက်သူ များကမူ ကွဲပြားနေသော ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည် ညီညွတ်ရေးနှင့် ဒုက္ခသည်များ ပြန်ပို့ရေး အခြေအနေ များကို ပိုမို စိတ်ဝင်စားကြောင်း ဆိုပါသည်။

ဒုက္ခသည်များ နေရပ် ပြန်ပို့ရေးတွင် ထိုင်းနိုင်ငံ၏ သဘောထားနှင့် ရရှိ ထားသည့် အချက်အလက်များ၊ ဒုက္ခသည် ထောက်ပံ့မှု စနစ်နှင့် ရိက္ခာ လျှော့ချမှု အခြေအနေများအား တင်ပြ သွားခဲ့ သည်ဟု ကရင် ဒုက္ခသည် ကော်မီတီ (KRC) ၀င် တဦးက ဆိုပါသည်။

KNU အနေဖြင့်လည်း ဒုက္ခသည် ပြန်ပို့ရေး အဆင့်ထက် အခြေအနေ တင်ပြနေခြင်း ဖြစ်ပြီး အကြံဥာဏ် ရယူသည့် အစီအစဉ် ဖြစ်ကြောင်း ဆိုပါသည်။ ဒုက္ခသည် များကမူ ပြန်လည် နေရာ ချထားရေး၌ နေရပ်ရင်း ဖက်ကို ပြန်ပို့ရေးထက် နေရာဒေသ သတ်မှတ်ပြီး နေရာ ချထားသည့် ပြသနာ၊ နေရပ်ရင်း ပြန်လိုသူများ ကလည်း မြေယာ၊ အိမ်ယာ မရှိတော့သည့် ပြသနာများကို တင်ပြကြပါသည်။

KNU သည် ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်ကို ပြည်သူ လူထုတွေ သိရှိနိုင်ရန် တင်ပြခြင်း ဖြစ်ကြောင်း၊ ဒုက္ခသည် များ၏ တင်ပြ ထားသည့် အကြံပြုချက်နှင့် မေးမြန်းချက် များအား အခြေခံပြီး အကောင်အထည်ဖေါ် လုပ်ဆောင် သွားရန် ရှိသည်ဟု ဆိုပါသည်။


ဤသို့ကြောင့် သတင်းအမှန် ရရှိရေးကို အမြင်ဖလှယ် ကြပြီးမှမှန်ကန်သည့် ပူးပေါင်း လုပ်ဆောင်မှုများ ရရှိလာမည် ဖြစ်သည်။ လက်တွေ့ အကောင်အထည် ဖေါ်ရာတွင်လည်း လူထုများနှင့် KNU တို့ ပူးပေါင်းပြီး နိုင်ငံတကာ စံချိန် စံနှုန်း နှင့်အညီ ရရှိ လာရေးကို ဆောင်ရွက်နိုင်မည်ဟု ဆွေးနွေး ခဲ့ကြပါသည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် ရရှိထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် အခြေအနေ များကို ကရင် လူထုအား စဉ်ဆက် မပြတ် ရှင်းလင်း တင်ပြ လာခဲ့ ပါသည်။ အထူးသဖြင့် လူထုနှီးနှော ဖလှယ်ပွဲများ၊ ကရင် လက်နက်ကိုင် တပ်များ ညီညွတ်ရေး လုပ်ငန်းများ၊ လူထု ရှင်းလင်းပွဲများနှင့် ဆန္ဒ ခံယူပွဲများ ကျင်းပ လာခဲ့မှာ (၁၀) ကြိမ် ထက်မနည်း ရှိခဲ့ပြီး ဖြစ်ပါသည်။

တရားမျှတမှု အိပ်မက်သည် မပျောက် မပျက် ခိုင်မာလျက်

ညီစောလွင်

၂၀၁၃ သြဂုတ်လ ၂၈ ရက်နေ့ ဆိုရင် အမေရိကန် လူမည်းခေါင်းဆောင် မာတင် လူသာကင်းရဲ့ “ကျနော့်ဆီမှာ အိပ်မက်တခု ရှိတယ်” သမိုင်းဝင် မိန့်ခွန်း ရွှေရတု ပြည့်ပါပြီ။ အမေရိကန် ပြည်ထောင်စုမှာ ပထမဆုံး လူမည်းသမ္မတ ဘားရတ် အိုဘားမားရဲ့ ဒုတိယသက်တမ်းနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ ထူးခြားတဲ့ တိုက်ဆိုင်မှု ဖြစ်သလို တရားမျှတမှုနဲ့ လွတ်လပ်မှုအတွက် ရုန်းကန် တိုက်ပွဲဝင်သူတွေ အတွက်လည်း အဓိပ္ပါယ် ရှိတဲ့ တိုက်ဆိုင်မှုလို့ ဆင်ခြင်မိပါတယ်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်မှုတွေ အပေါ် ပြန်လည် ဆင်ခြင်ဖို့ အချိန်ကောင်းပါပဲ။

မာတင်လူသာကင်းက “ဂန္ဒီရဲ့ အကြမ်းမဖက် အာခံနည်းဟာ ကျွန်ုပ်တို့ လှုပ်ရှားမှုရဲ့ လမ်းပြ အလင်းရောင်” ဖြစ်တယ်လို့ ဆိုခဲ့ဖူးသလို သမ္မတ အိုဘားမားက “ဂန္ဒီသာ မပေါ်ခဲ့ရင် သူလို လူမည်း တယောက် အမေရိကန် သမ္မတဖြစ်လာမှာ မဟုတ်ဘူး”လို့ ပြောခဲ့တဲ့အတိုင်း ဂန္ဒီလမ်းစဉ်အကြောင်း အရင်ဆုံး ဆင်ခြင်ကြည့်မိပါတယ်။ ကမ္ဘာကြီးမှာ ဖက်ဆစ်ဝါဒ၊ စစ်ပွဲတွေနဲ့ ၀ရုန်းသုန်းကား ကာလမျိုးမှာ ဂန္ဒီက အကြမ်းမဖက်လမ်းစဉ်၊ ငြိမ်းချမ်းရေးတရားတွေကို သင်ကြားပေးခဲ့တယ်။ ဂန္ဒီက “အမုန်းတရားက နောက်ထပ် အမုန်းမီးကိုပဲ ပွားစေလိမ့်မယ်၊ အကြမ်းဖက်မှုဟာလည်း နောက်ထပ် အကြမ်းဖက်မှုကိုပဲ မွေးဖွားလိမ့်တယ်၊ အမုန်းအင်အားကို နှလုံးရည်နှင့် ရင်ဆိုင်ရမယ်” လို့ ဆိုခဲ့တယ်။ မာတင်လူသာကင်းကလည်း ဂန္ဒီရဲ့ သစ္စာဂြဟ လှုပ်ရှားမှုကို နည်းယူပြီး အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး တိုက်ပွဲမှာ လက်တွေ့ အကောင် အထည် ဖော်တယ်။ တနေ့ကျရင် “ ကျွန်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေနဲ့ ကျွန်ပိုင်ရှင်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေ မောင်ရင်းနှမလို ချစ်ကြည်ရင်းနှီးစွာ အတူတူ နေထိုင်နိုင်ကြလိမ့်” လို့ အိပ်မက်ခဲ့တယ်။ သူတိှု့နှစ်ယောက်စလုံး အကြိမ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခံခဲ့ရ၊ နောက်ဆုံးမှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတယ်။

သိက္ခာမဲ့တဲ့ သူတွေနဲ့ ရင်ဆိုင်ရတာဟာ သိက္ခာစောင့်ထိန်းတဲ့ သူတွေနဲ့ ရင်ဆိုင်တာလောက် မလွယ်ဘူးဆိုတာ ယုံမှားစရာ မရှိပါဘူး။ ပြည်တွင်းနဲ့ နိုင်ငံတကာကို အလေးမထားတဲ့ အစိုးရမျိုးတွေနဲ့ ရင်ဆိုင်ရတာ မလွယ်ပါဘူး။ ဒီနေ့ခေတ်မှာ ဂန္ဒီနဲ့ မာတင်လူသာကင်းတို့ လမ်းစဉ်ကို လေးစား အားကျသူတွေထဲမှာ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်ပြည်က လူရှောင်ဘိုကနေ ပါကစ္စတန်က မာလာလာအထိ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်ကို စနစ်ကို ရင်ဆိုင်နေသလို၊ လူရှောက်ဘိုက ကွန်မြူနစ် အာဏာရှင်၊ မာလာလာက အကြမ်းဖက် ၀ါဒကို အာခံနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က သိက္ခာမဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေကို ဂန္ဒီလမ်းစဉ်နဲ့ ရင်ဆိုင်ရင်း နှစ်ပေါင်းများစွာ အကျဉ်းချခဲ့ရတယ်။ လူရှောင်ဘိုလည်း လွတ်လပ်မှုကို တန်ဖိုးမထားတဲ့ ကွန်မြူနစ် အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ အခုအချိန်အထိ လှောင်ပိတ်ခံနေတယ်။ အသက် ၁၆ နှစ်အရွယ် မာလာလာကို တာလီဘန်တွေက ဦးခေါင်းကို သေနတ်နဲ့ပစ်လို့ သေလုမျောပါး ဖြစ်ခဲ့ရတယ်။

ဂန္ဒီလမ်းစဉ်ဟာ သူ့ခေတ်နဲ့သူ၊ ထူးခြားတဲ့ အခြေအနေ၊ ထူးခြားတဲ့ သမိုင်းနောက်ခံမှာ အသုံးဝင်မှုကို မှတ်ကျောက်တင်ခံခဲ့တာမှန်ပေမယ့် ယနေ့ကမ္ဘာမှာ ဂန္ဒီရဲ့ ကြီးကျယ်မှုမျိုးကို လိုက်မှီဖို့ မလွယ်တော့တာ အမှန်ပါပဲ။ ဂန္ဒီလမ်းစဉ်ကလည်း အခါခပ်သိမ်း အောင်မြင်နေတာတော့ မဟုတ်ပါဘူး။ ဂန္ဒီကွယ်လွန်ချိန် နောက်ပိုင်း နှစ်တွေမှာ လူသန်း ၂၀ ဟာ စစ်ပွဲတွေ၊ ဆူပူအုံကြွမှုတွေ အတွင်းမှာ အသက်ဆုံး သွားကြတယ်။ အိန္ဒိယမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာ မွန်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုလို၊ အမေရိကန် ပြည်ထောင်စုမှာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုလို ကမ္ဘာကြီးမှာ အကြမ်းဖက်ဝါဒ၊ စစ်ပွဲတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အနာမကျက် သွေးမတိတ်သေးပါဘူး။ အစိုးရတွေဟာ လက်နက်တွေကို နျူးကလီယား လက်နက်တွေ အပါအ၀င် လက်နက်တွေ အပြိုင်အဆိုင်တပ်ဆင်နေကြ၊ စစ်အသုံးစရိတ်ကို ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍထက် ဦးစားပေး နေကြတုန်းပါပဲ။


မြန်မာပြည်က စစ်အာဏာရှင်တွေကို ရင်ဆိုင်တဲ့ နေရာမှာလည်း ဂန္ဒီနည်းက တကယ် ထိရောက်ပါ့မလားလို့ သံသယရှိသူတွေ မနည်းပါဘူး။ တာလီဘန် အကြမ်းဖက်သမားတွေကို ရင်ဆိုင်တဲ့နေရာမှာရော အကြမ်းမဖက်နည်းလမ်းက လက်တွေ့ထိရောက်ပါ့ မလားဆိုတာ မေးခွန်းထုတ်တာတွေက သဘာဝကျပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်မှောက်ခေတ် အကြမ်းမဖက်နည်းရဲ့ အရှုံးတွေဟာ ဂန္ဒီတို့ခေတ်မှာ ဟစ်တလာရဲ့ ဂျူးသုတ်သင်ရေးကို မကာကွယ်နိုင်ခဲ့တာလောက် ဆိုးရွားမယ်လို့ မထင်ပါ။ ဂန္ဒီကို အမြဲတမ်း လေးစားအား ကျခဲ့သူတွေထဲမှာ တောင်အာဖရိက ခေါင်းဆောင် နယ်ဆင်မန် ဒဲလားလည်း ပါဝင်ပါတယ်။ ဒါပေမယ့် နယ်ဆင်မန်ဒဲလားက တောင်အာဖရိကရဲ့ အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးမှာ အကြမ်းမဖက်နည်းက ထိရောက်မှု မရှိဘူးလို့ ဆိုခဲ့ဖူးတယ်။ မန်ဒဲလား ကိုယ်တိုင်လည်း အနှစ် ၃၀ နီးပါး ထောင်သွင်း အကျဉ်းချခံခဲ့ရတယ်။ တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားမှုစနစ်ဟာ နှစ်ပေါင်း တစ်ရာနီးပါး ကြာခဲ့ပြီး မျိုးဆက်တွေ တဆက်ပြီး တဆက် တရားမျှတမှုအတွက် နည်းလမ်းပေါင်းစုံသုံးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ သမတ ရာထူး လက်ခဲ့တဲ့နေ့မှာ မန်ဒဲလားက သူဟာ “ရှေ့က လျှောက်သွားခဲ့တဲ့ အာဖရိက မျိုးချစ်တွေ အားလုံးရဲ့ ပေါင်းလဒ်မျှသာ ဖြစ်တယ်” လို့ ခံစားရတဲ့ အကြောင်း လွတ်လပ်ရေးသို့ခရီးရှည် (Long Walk to Freedom) စာအုပ်မှာ ရေးထားတယ်။

မာတင်လူသာကင်းရဲ့ အမေရိကန် ပြည်ထောင်စုကို ကြည့်ရင်လည်း ကျေးကျွန်စနစ်ကို ဖျက်သိမ်းလိုက်တာနဲ့ အသားအရောင် ခွဲခြားတဲ့ ဥပဒေတွေကို ဖျက်သိမ်းတဲ့ကြားမှာ အနှစ် ၁၀၀ ၀န်းကျင် ကြာခဲ့တယ်။ အသားအရောင်ခွဲခြားတဲ့ ဥပဒေကို ဖျက်သိမ်းတာနဲ့ ဘားရတ် အိုဘားမား ဆိုတဲ့ လူမည်းသမ္မတ တစ်ယောက် ပေါ်ပေါက်လာဖို့ နောက်ထပ် အနှစ် ၅၀ နီးပါးကြာခဲ့တယ်။ ဆိုလိုတာကတော့ ဘယ်လောက်ပဲ အချိန်ကြာကြာ၊ တရားမျှတမှုအတွက် တိုက်ပွဲဟာ နောက်ဆုံးမှာတော့ အောင်ပွဲခံတာပါပဲ။

မြန်မာပြည်ရဲ့ မျက်မှောက်သမိုင်းမှာလည်း တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ ဂန္ဒီရဲ့ နှလုံးရည် တိုက်ပွဲနည်းသာမက တခြားနည်းလမ်းတွေကိုလည်း တွေ့ရပါတယ်။လွတ်လပ်ရေးရတဲ့ အချိန်က စရေတွက်ရင် အချိန်ကာလအားဖြင့် ရာစုနှစ်တ၀က်ကို ကျော်လာပါပြီ။ ဘယ်လိုပဲ ဖိနှိပ်မှုတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူတွေရဲ့ တရားမျှတမှုအတွက် တိုက်ပွဲဟာ ဘယ်တုန်းကမှ နောက်ဆုတ်မသွားတဲ့ သာဓကတွေ အမြောက်အများ ရှိပါတယ်။ အခုဆိုရင် တရားမျှတမှု ရုန်းကုန်မှုရဲ့ အောင်ပွဲ အသီးအပွင့်တွေကို စတင်မြင်နေရပါပြီ။ နောက်ထပ် ရုန်းကန်ရမှာတွေ ကျန်ပါသေးတယ်။


ဒီလိုပဲ ပါကစ္စတန်က မာလာလာနဲ့ တရုတ်ပြည်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူရှောင်ဘိုတို့ ဦးဆောင်တဲ့ တရားမျှတမှု အတွက်တိုက်ပွဲဟာလည်း တနေ့မှာ မုချအောင်ပွဲခံရမှာပါပဲ။ ဖိနှိပ်မှုတွေဟာ ယာယီ အခိုက်အတန့်အနေနဲ့ အနိုင်ရကောင်းရနိုင်ပေမယ့် ရေရှည်တိုက်ပွဲမှာ ကျဆုံးတာပါပဲ။ တရားမျှတမှုအတွက် ရုန်းကန်မှုတွေဟာ ယာယီအခိုက်အတန့်အနေနဲ့ ကျဆုံးသယောင် ထင်ရပေမယ့် နောက်ဆုံးမှာတော့ အောင်ပွဲခံတာ ဓမ္မတာပါပဲ။

ဂန္ဒီသေပါပြီ၊ မာတင်လူသာကင်း သေပါပြီ။ ဒါပေမယ့် ကမ္ဘာကြီးမှာ ဂန္ဒီဝါဒမသေသလို၊ မာတင်လူသာကင်းဝါဒလည်း မသေ။ မသေရုံသာမက သူတို့ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာ ဆက်ပြီး အောင်ပွဲခံနေတုန်းပါပဲ။ ဒီလိုပဲ ကမ္ဘာကြီးမှာ ဟစ်တလာရဲ့ နာဇီဝါဒ၊ နယ်ချဲ့ကျူးကျော်ရေးဝါဒတို့ ခေါင်းမထောင်နိုင်သလို လက်ကျန် ဖိနှိပ်တဲ့ အကြမ်းဖက်တဲ့ အာဏာရှင်ဝါဒတွေ အားလုံးလည်း တနေ့မှာ မုချ ကျဆုံးသွားရမှာ မလွဲပါ။

ဖုန်းကဒ် ထုတ်ပေးသူ ခရီးစရိတ် ပြည်သူများထံမှ သုံးဆတိုးမြှင့် ကောက်ခံ

မောင်ရမ္မာ

ရခိုင်ပြည်နယ် အတွင်း ဆက်သွယ်ရေးဌာနမှ ဆက်သွယ်ရေး လွယ်ကူစေရန် ဖုန်းကဒ်များ ထုတ်ပေးနေသော်လည်း ထုတ်ပေးသူများက ခရီးစရိတ်ဟု ဆိုကာ ဖုန်းကဒ် တန်ဖိုးထက် သုံးဆများသော ငွေကြေးများကို ပိုမို တောင်းယူကောက်ခံနေသဖြင့် ဖုန်း ကဒ် ၀ယ်ယူသုံးစွဲသူများ အနေဖြင့် အခက်အခဲကြုံနေကြရသည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့ ကမ်းထောင်းကြီးကျေးရွာမှာ ဇူလိုင်လကုန်ပိုင်းက တကြိမ်၊ အခု သြဂတ်စ်လက တကြိမ် မဲ စနစ်နဲ့ ဖုန်းကဒ်တွေကို ထုတ်ပေးပါတယ်။ အစိုးရက တရားဝင်ထုတ်ပေးတာက ဖုန်းကဒ် တစ်ခုကို ၁၅၀၀ ကျပ်ပါ။ ထုတ်ပေးတဲ့သူတွေက ၁၅၀၀ အပြင် သူတို့ ခရီးစရိတ်ခဆိုပြီး နောက်ထပ် ၅၀၀၀ ကျပ် တောင်းယူပါတယ်။ ဖုန်းကဒ် ပေါက်တဲ့သူတွေက ဖုန်းကဒ်တခု ရရှိဖို့အတွက် စုစုပေါင်း ၆၅၀၀ ကျပ် ပေးရပါတယ်” ဟု ဖုန်းကဒ် မဲပေါက်သူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာတွင် ဇူလိုင်လအတွင်းက တကြိမ် မဲစနစ်ဖြင့် ဖုန်းကဒ် ၃၀ နှင့် သြတ်စ်လ ၂၈ ရက်နေ့က ဖုန်းကဒ် ၅၄ ခု မဲစနစ်ဖြင့် ထုတ်ဝေခဲ့သည်ဟု သိရသည်။

ကမ်းထောင်းကြီးကျေးရွာတွင် အိမ်ထောင်စုပေါင်း ၃၀၀၀ ခန့်ရှိပြီး ပထမအကြိမ် မဲပေါက်သူများကို ချန်လှပ်ကာ ကျန်အိမ်ထောင်စုများကို ပြန်လည် မဲဖေါက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒုတိယ အကြိမ် မဲဖေါက်ရာတွင် ပထမအကြိမ် ပေါက်ပြီးသူများကို ချန်လှပ်ပြီး ကျန်ရှိသော အိမ်ထောင်စုများကို မဲဖေါက်ရာတွင် ကျေးရွာအုပ် ချုပ်ရေးမှူးအဖွဲ့ဝင်များက မတရားသောနည်းဖြင့် ပြုလုပ်ခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

“ အုပ်ချုပ်ရေးမှူး အဖွဲ့က ပထမတစ်ကြိမ် ဖုန်းကဒ်အရေအတွက်၃၀ မဲဖောက်တဲ့ခါ ရွာကလူတွေကို စာရင်းပေးရပြီး အခု ဖုန်းအရေအတွက် ၅၄ ခု ဖောက်တဲ့ခါ စာရင်းမလိုတော့ပြီဆိုပြီး ပြောပါတယ်။ မဲဖေါက်တဲ့ အခါမှာလဲ ဘယ်သူ ပေါက်တယ်ဆိုပြီး စာရင်းကို မဖေါ်ပြတဲ့အပြင် မဲဖေါက်ပြီးရင်လဲ ဖုန်းကဒ် ၆ ခု ကျန်ရှိသေးပါတယ်။ အဲဒါကို ကျေးရွာသားတွေက မကျေနပ်ကြပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖုန်းကဒ်တခုလျှင် အစိုးရသတ်မှတ်ဈေး ၁၅၀၀ ကျပ်ရှိသော်လည်း ပြင်ပတွင် ဖုန်းကဒ် တခုကို ကျပ်ငွေ တစ်သိန်းခွဲအထိ ဈေးရှိနေကြောင်း စစ်တွေ မြို့ခံ တစ်ဦးက ပြောသည်။

“ စစ်တွေမှာ ဖုန်းကဒ်တွေ မဲဖေါက်တဲ့အခါမှာလဲ အဓိက ၀န်ထမ်းတွေကို ဦးစားပေး ဖေါက်ပေးပါတယ်။ ထုတ်ပေးတဲ့ ဖုန်းကဒ်အရေအတွက်က နည်းတော့ ဖုန်းကဒ်လိုချင်တဲ့သူတွေက ဖုန်းကဒ်ပေါက်တဲ့သူတွေဆီမှာ ကျပ်ငွေ တစ်သိန်းခွဲထိ ပေးပြီး ၀ယ်ယူနေရတယ်။ ငွေမရှိတဲ့ သူတွေ အတွက်ကတော့ ဖုန်းသုံးဖို့ အခက်အခဲ အများကြီး ရှိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တိုင်းတွင် မဲစနစ်ဖြင့် ဖုန်းကဒ်များကို တစ်ခုလျှင် ၁၅၀၀ ကျပ် ဈေးနှုန်းသတ်မှတ် ကာ ထုတ်ဝေပေးနေသော်လည်း တချို့မြို့နယ်များတွင် အုပ်ချုပ်သူများက ဖုန်းကဒ်တခုလျှင် ဈေးနှုန်းအမျိုးမျိုး ကောက်ခံနေသည်ဟုလည်း သိရှိရသည်။

မြန်မာ သင်္ဘောတစီး ဗီယက်နမ်တွင် ဖမ်းဆီးခံရ

လင်းသန်

မြန်မာသင်္ဘောတစီးကို ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ဒီဇယ်ဆီ တင်သွင်းသည်ဟု စွပ်စွဲ၍ ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

နမ်ဒင်း(Nam Dinh) မြောက်ပိုင်းခရိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ကင်းလှည့်စဉ် နင်း(Ninh) ကမ်းရိုးတန်းမှ အရှေ့ တောင် ဘက် ရေမိုင် ၂၁ မိုင်အကွာတွင် သံသယဖြစ်ဖွယ် သင်္ဘော ၂ စီးသို့ ချဉ်းကပ်ခဲ့ရာ သင်္ဘောသားများက ဗီယက်နမ် သင်္ဘောတစီးပေါ်သို့ ဒီဇယ်ဆီများ ရွှေ့ပြောင်းနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဗီယက်နမ်နိုင်ငံ အခြေစိုက် Thanh Nien News သတင်း တပုဒ်၌ ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

“ရောင်ဝင်း”(Yong Win) အမည်ရ မြန်မာသင်္ဘော တစီးကို အင်္ဂါနေ့က တရားမ၀င် ဒီဇယ်ဆီများ၊ သင်္ဘောသားများ နှင့် အတူ ဖမ်းဆီးလာပြီး ဟိုင်သင်း(Hai Thinh) သင်္ဘောဆိပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒီဇယ်ဆီ အရောင်းအ၀ယ်လုပ်နေကြသည့် သင်္ဘော ၂ စီးမှ သင်္ဘောသားများကလည်း တရားမ၀င် လောင်စာဆီ ရောင်း ၀ယ်မှုတွင် ပါဝင်ပတ်သက်ကြောင်း ၀န်ခံကြသည်ဟု အဆိုပါ သတင်းက ဖော်ပြသည်။

သင်္ဘောသား ၇ ဦးပါသော ဗီယက်နမ် သင်္ဘောသည် သင်္ဘောသား ၁၇ ဦးပါသော “ရောင်ဝင်း” အမည်ရ မြန်မာ သင်္ဘော ထံက ဒီဇယ်ဆီ တန်ချိန် ၅၀၀၀ ကျော် ၀ယ်ယူရန် ရှိခဲ့ကြောင်းလည်း Thanh Nien News သတင်းက ဆိုသည်။

နောက်ဆက်တွဲ သတင်းအရ “ရောင်ဝင်း” မြန်မာသင်္ဘောတွင် ကပ္ပတိန်နှင့် သင်္ဘောသား ၁၆ ဦး ပါရှိကာ သင်္ဘောသားများထဲ က ၁၄ ဦး မှာ မြန်မာများဖြစ်ကြပြီး ၂ ဦးမှာ တရုတ်များဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်များထံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော် လည်း အဆက်အသွယ် မရခဲ့ပါ။

၁၅၀ဝ တန်ဖုန်းဆင်းကဒ် မဲပြဿနာများဖြစ်ပေါ်နေ

အေမီအောင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ခွဲတမ်းဖြင့်ရောင်းချနေသော ၁၅၀ဝ တန် ဆင်းမ်ကဒ် မဲနှိုက်စနစ်ကြောင့် ဆင်းမ်ကဒ်မှောင်ခိုဈေးကွက် တဖြည်းဖြည်းအရှိန်မြင့်လာပြီး ပြဿနာများဖြစ်ပေါ်နေသည်ဟု သိရသည်။

အဆိုပါ ဆင်းမ်ကဒ် မဲပေါက်သူအများစုသည် အသုံးပြုရန်မဟုတ်ပဲ ဈေးနှုန်းအမြင့်ဖြင့် တဆင့်ပြန်လည် ရောင်းချနေပြီး ဆင်းမ်ကဒ်တစ်ခုကို ကျပ် ၉ သောင်းမှ ၁သိန်း ၂သောင်းအထိ ဈေးပေါက်နေသည်ဟု သံဖြူဇရပ် မြို့ခံတစ်ချို့က ပြောသည်။

သံဖြူဇရပ်မြို့ခံတဦးက “လိုသလောက် မပေးတဲ့ အတွက်ကြောင့် အောက်ခြေလူတန်းစားတွေက သူတို့အသုံးပြုဖို့အတွက် တန်းစီတာမဟုတ်ဘူး ၊မဲပေါက်ရင် ဘယ်လောက်မြတ်မလဲ၊ အလုပ်မလုပ်ပဲ အချိန်ကုန်ခံပြီး တန်းစီနေကြတယ်”ဟု ပြောသည်။

ဆင်းမ်ကဒ်မဲနှိုက်ရောင်းချပေးသည့် မြို့နယ်၊ ရပ်ကွက် ၊ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း မသမာမှုများရှိနေပြီး ယခုကဲ့သို့ပြဿနာများရင်ဆိုင်နေရသည်ဟု သူကဆက်ပြောသည်။

သံဖြူဇရပ်မြို့နေ ဒေါ်ခင်စိန်က “တန်ဖိုးနည်းဆင်းမ်ကဒ် ဆိုတော့ ရချင်တာပေါ့နော်။ တကယ်လိုအပ်တဲ့ သူတွေကျတော့ လွယ်လွယ်နဲ့မရနိုင်ကြဘူး”ဟုပြောသည်။

အစိုးရမှ အကန့်အသတ်ဖြင့်ထိန်းချုပ်နေသမျှ ကာလပတ်လုံး သတ်မှတ်နှုန်းအတိုင်း မဝယ်ယူနိုင်သည့်ပြဿနာများ ဆက်ရှိနေမည်ဟုလည်း မိုဘိုင်းလုပ်ငန်းရှင် တစ်ချို့ကပြောသည်။

ထို့အပြင် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆင်းကဒ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးများက စိတ်ကြိုက်ခွဲတမ်းသတ်မှတ်ပေးခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “ပြီးခဲ့တဲ့လက ဘုရားသုံးဆူအတွက် ဆင်းကဒ် ၂၀ဝ ရောက်လာတာ ဌာနဆိုင်ရာဝန်ထမ်းအတွက် ၈၀ ကဒ်ယူလိုက်တယ်၊ ဝန်ထမ်းဆိုပြီး အခွင့်ထူးခံတာမျိုးဖြစ်နေတယ်” ဟု ပြောသည်။

မွန်ပြည်နယ်တွင် ၅ ကြိမ်မြောက် မိုဘိုင်းဆင်းကဒ်များကို သြဂုတ်၂၃ရက်အထိ ဆက်လက်ရောင်းချသော်လည်း ယခုချိန်အထိ အောက်ခြေပြည်သူများ ရရှိခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း၊ ဌာနဆိုင်ရာအချို့တွင် ရာထူးကြီးစဉ်ငယ်လိုက်ပေးခြင်းမှာ မမှန်ကန်ကြောင်း၊ မိသားစုတစ်ခုတည်းသာ မဲပေါက်နေခြင်းသည် မဖြစ်သင့်ဟု မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြားခဲ့သည်။

တိုင်းရင်းသားတွေ ဦးသိန်းစိန်ကို ယုံရမလား

ဟန်ညောင်ဝေ

တိုင်းရင်းသား ခေါင်းဆောင် အများအပြားအတွက် ဖြေရှင်းရခက်သည့် အကြောင်းတခုရှိနေပါသည်။ သူတို့က စကား တခွန်းကို စာချုပ်တခုလို မှတ်ယူသည့် နိုင်ငံရေး အစဉ်အလာကို လက်ကိုင်ထားကြသည်။ သူတို့က စစ်ပွဲ တွေကို ရပ်ပြီး ဆွေးနွေးညှိနှိုင်းချင်ကြသည်။ သို့သော် သမ္မတဦးသိန်းစိန်ကို ယုံကြည်ပေးဖို့ စိတ်ထဲမှာ မ၀ံ့မရဲ ဖြစ်နေကြသေး၏။

ဦးသိန်းစိန်၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ၀န်ကြီးဦးအောင်မင်းက ဘာကြောင့် စကားမတည်နိုင်ရသနည်းဟု သူတို့ စောကြောနကြသည်။ ဦးအောင်မင်းသည် တပ်မတော်ကို အမှန်တကယ် မထိန်းချုပ်နိုင်ခြင်းလား သို့တည်းမဟုတ် စကားပရိယာယ် သုံးနေခြင်းလား သူတို့ စဉ်းစားနေကြသည်။ အစိုးရက တပ်မတော်ကို ဘာကြောင့် အပြည့်အ၀ မထိန်းချုပ်နိုင်သည့် အသွင်မျိုးဖြစ်နေရသနည်း ဆိုသည့် မေးခွန်းက သူတို့အတွက် အရေးအကြီးဆုံး မေးခွန်းဖြစ်လာသည်။ သို့သော်လည်း တိုင်းရင်းသားများသည် ဦးသိန်းစိန် အစိုးရနှင့် ဆက်သွယ်ပတ်သက်ဖို့ လိုအပ်ပါသည်။

အဘယ်ကြောင့် ပတ်သက်ဖို့ လိုအပ်ရသနည်း။ ပြည်ထောင်စု မြန်မာနိုင်ငံဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ဗမာလူမျိုး အမျိုးသားရေးစိတ်ဓာတ်ရှိသူတွေ အားထုတ်မှုသက်သက်ကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ပါ။ များစွာသော တိုင်းရင်းသားများမှ ရွေးကောက်ပေးထားသော ခေါင်းဆောင်များနှင့် ပူးပေါင်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ နယ်မြေများကို စုပေါင်း၍ ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ရန် ပင်လုံတွင် အားလုံး သဘောတူညီခဲ့ကြသည်။ တိုင်းရင်းသားများသည် ပြည်ထောင်စု မြန်မာနိုင်ငံကို ဗမာတွေကဲ့သို့ အတူတူ ပူးတွဲပိုင်ဆိုင်သူများ ဖြစ်ကြသည်။ ထို့အတူ နိုင်ငံ ပြည်လည် ဖွဲ့စည်းတည်ဆောက်ရေး ဗမာတွေနှင့် တန်းတူ အခွင့်အရေးနှင့် တာဝန်တွေ ရှိ သူများ ဖြစ်ကြသည်။ နိုင်ငံတည်ဆောက်ရေး တာဝန်ကို ဗမာတွေချည်းသာ ယူဖို့ မထားနိုင်ကြပါ။ နှစ်ပေါင်း ၅၀ လောက် မူပိုင်ယူထားခဲ့ပြီး ကမောက်ကမ အရှုပ်အထွေးတွေ လုပ်ခဲ့ကြပြီး၍ ဖြစ်သည်။

လွတ်လပ်ရေး ရစဉ်အခါက မြန်မာနိုင်ငံတွင် ပညာတတ်လူတန်းစား အများစုက ရခိုင်နှင့် ကရင်များဖြစ်သည်။ အစောပိုင်း နှစ်များတွင် နိုင်ငံက မတည်မငြိမ်နှင့် ဖရိုဖရဲဖြစ်ခဲ့ရသည်။ သို့သော်လည်း ပြဿနာကို လေ့လာကြည့်မည်ဆိုလျှင် တိုင်းရင်းသား လူမျိုးများက စတင်ခဲ့ခြင်း မဟုတ်သည်ကို တွေ့ရှိရပါလိမ့်မည်။ ပထမဆုံးနှင့် အရေးအပါဆုံးသော အန္တရာယ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အုံကြွတော်လှန်မှုဖြစ်သည်။ ထို့ပြင် ၀န်ကြီးချုပ် ဦးနု၏ နိုင်ငံရေး ပြိုင်ဘက်ရန်သူများလည်း ပါဝင်ကြသည်။

မြန်မာ့တပ်မတော်ပင်လျှင် ပုန်ကန်မှုတွင်ပါဝင်ခဲ့ပြီး ဦးနု၏ အစိုးရသည် ဆက်လက်သစ္စာခံကြသည့် ချင်း၊ ကချင်နှင့် ကရင် သေနတ်ကိုင် တပ်ရင်းများကြောင့်သာ ဆက်လက်ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က နိုင်ငံတော် သမ္မတသည် ရှမ်း လူမျိုးဖြစ်၍ ၀န်ကြီးချုပ်က ဗမာလူမျိုးဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်တို့က ကရင်လူမျိုးများ ဖြစ်ကြသည်။ တိုင်းရင်သား လူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံတခုကို ဖန်တီးတည်ဆောက်ဖို့ ကြီးကျယ်သော စမ်းသပ်ချက် တခုလည်း ဖြစ်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ် နေ၀င်းက အာဏာသိမ်းယူလိုက်ပြီးနောက် သူက သမိုင်းကို ပြန်၍ရေးသည်။ ဗမာမဟုတ်သူ များကို အရေးပါသည့် နေရာများမှ ဖယ်ထုတ်ပြီး ဗမာကြီးစိုးရေး လုပ်ငန်းစဉ်များကို စတင်ခဲ့သည်။ သူနှင့် နိုင်ငံရေး အယူ အဆ ကွဲပြားသူများကို လက်နက်ကိုင်တိုက်ခိုက်မှုမှ လွဲ၍ အခြားပြန်လည်လုပ်ဆောင်ရမည့် နည်းလမ်းမရှိအောင် ဖိနှိပ် ပစ်ခဲ့သည်။ လက်နက်မရှိသူများသည် ဒုတိယတန်းစားနိုင်ငံသားများ အဖြစ်သို့ရောက်ရှိသွားနိုင်သည့် အတွက် တောတောင်များထဲတွင် သွားရောက်ပုန်းအောင်းကြရသည်။ ဒုက္ခသည်များ ဖြစ်လာကြသည်။ သို့မဟုတ် နိုင်ငံရပ်ခြားမှာ ဘ၀ အသစ် တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းရှာကြရတော့သည်။

ပထမဆုံးသော အလင်းရောင်ကို ဗိုလ်ချုပ်နေ၀င်း အာဏာစွန့်သွားရပြီးနောက် ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြန်လည်မြင်ခွင့်ရခဲ့သည်။ တိုင်းရင်းသားပါတီများ ထိုရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်း မခံခဲ့ရသော်လည်း အောင်မြင်မှုက တိုင်းရင်းသား လူမျိုးစုများကို နိုင်ငံရေး အရ စကားပြောနိုင်အောင် လမ်းဖွင့်ပေးနိုင်ခဲ့သည်။ နောက်ပိုင်း နှစ် ၂၀ အတွင်း တိုင်းရင်းသားတို့၏ အရေးကိစ္စများ နှင့် ရည်မှန်းချက်များကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များသည် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်သူများ၊ သောင်းကျန်းသူများ မဟုတ်ကြဘဲ သူတို့၏ အခွင့်အရေး၊ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်သွင်ပြင်လက္ခဏာများကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံရေးလှုပ်ရှားမှု၏ တစိတ်တပိုင်းအဖြစ် ဆောင်ရွက်နေကြသူများ ဖြစ်ကြောင်း သိရှိနားလည်လာကြသည်။

နောက်ထပ် အခွင့်အရေးတခုက ၂၀၁၀ ရွေးကောက်ပွဲနှင့် အတူရောက်ရှိလာခဲ့သည်။ တိုင်းရင်းသားပါတီများ တိုးတက်မှုကို ရှာဖွေနိုင်ခဲ့သည်။ လွှတ်တော်တွင် တိုင်းရင်းသားအရေးကိစ္စများ ပြောဆိုနိုင်ရန် လုံလောက်သည့်နေရာ ရရှိခဲ့ပြီး သူတို့၏ နေရပ် ပြည်နယ်များတွင် သြဇာလွှမ်းမိုးနိုင်ဖို့ အားထုတ်လာကြသည်။ ထိုရွေးကောက်ပွဲ နှစ်ခုသည် ဗိုလ်ချုပ်နေ၀င်း အစပြုခဲ့သည့် လမ်းကြောင်းကို ပြန်လည်၍ ဆန်တက်ခြင်းဟု ယူဆ၍ ရနိုင်ပါသည်။

ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးစကားပြောဖို့ ဖိတ်ခေါ်မှုသည်လည်း လက်နက်ကိုင်ထားသူများကို နိုင်ငံရေးပွဲခင်းသို့ ပြန်လာအောင် ဖွင့်ပေးသည့် လမ်းကြောင်းတခု ဖြစ်ပါသည်။

ကျနော့်ကို အထင်မလွဲစေလိုပါ။ ၁၉၆၀ ကာလများအတွင်းက လက်နက်ကိုင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပါ။ လက် နက်ကိုင် တိုက်ခိုက်မှုသာ မလုပ်ခဲ့လျှင် တိုင်းရင်းသားတို့၏ စရိုက်လက္ခဏာ အမြောက်အများ ကွယ်ပျောက်သွားရတော့မည် ဖြစ်သည်။ ကျနော်၏ မိခင်နှင့် အကို ဖြစ်သူတို့လည်း ထိုလက်နက်ကိုင်တော်လှန်ရေးတွင် အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့ကြပါသည်။ သို့သော်လည်း ယခုအချိန်သည် လက်နက်ကိုင်လှုပ်ရှားခြင်းထက် နိုင်ငံရေးအရ လှုပ်ရှားခြင်းဆီသို့ ပြန်သွားရမည့် အချိန်ဖြစ်သည်ကို သူတို့ ကျနော်နှင့် သဘောတူကြမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးစံနစ်က ဒီမိုကရေစီ ဆန်လာပြီး တိုင်းရင်းသားများက နိုင်ငံရေးနည်း အရ အဖြေရှာဖို့ကြိုးစားသည်နှင့်အမျှ အာဏာကို ရယူ ထိန်းချုပ် ထားနိုင်ရန် မဖြစ်နိုင်မှန်း ဗိုလ်ချုပ်နေ၀င်း ကောင်းစွာ သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူက လုပ်ပိုင်ခွင့်အာဏာကို ရယူ ထိန်းချုပ်ထားနိုင်ရန်အတွက် စနစ်ကို ဖျက်ဆီးလိုက်ပြီး တိုင်းရင်းသားများကို တောကြိုအုံကြားသို့ ပို့ဆောင် ပစ်လိုက်သည်။

အကယ်၍ လိုအပ်သည်ဆိုပါလျှင် တိုင်းရင်းသားများသည် နောက်ထပ် နှစ် ၅၀ကြာသည်အထိလည်း ဆက်လက် တိုက်ခိုက်နိုင်စွမ်းရှိသည် ဆိုသည်ကို ကျနော် သံသယ မရှိပါ။ သို့သော်လည်း တနိုင်ငံလုံး အတွက် အကျိုးမရှိသလို တိုင်းရင်းသားများကိုလည်း အကျိုးမဲ့စေနိုင်ပါသည်။ နောက်သို့ နှစ်ပေါင်း ၅၀ ပြန်၍ကြည့်လိုက်မည်ဆိုလျှင် ပညာရေး အားအနည်းဆုံးနှင့် အဆင်းရဲဆုံးမှာ မည်သူတွေဖြစ်ပါသနည်း။ ဗမာတွေ မဟုတ်ပါ။ နိုင်ငံ၏ အနာဂါတ်အတွက် အရေးပါသော ဆုံးဖြတ်ချက်များ အားလုံးကို မည်သူတွေ ချမှတ်နေကြပါသနည်း။ တိုင်းရင်းသား လူမျိုးတွေ မဟုတ်ကြပါ။

တိုက်ပွဲတွေ ကြာရှည်စွာ ဆက်လက်ဖြစ်ပေါ်နေသည်နှင့် အမျှ တိုင်းရင်းသားတို့၏ အခြေအနေ အဆင့်အတန်းသည် ပို၍ ကျဆင်းလာမည် ဖြစ်သည်။ နောက်ဆုံးတွင် သူတို့ကို မြောက်အမေရိကမှ ရှေးကျသည့် မျိုးနွယ်စုများလို ယဉ်ကျေးမှု အတွက် အထူးသီးသန့်စောင့်ရှောက်ထားသည့် နေရာမျိုးတွင်သာ မြင်နိုင်တော့မည်။

လွန်ခဲ့သော ၆၅ နှစ်က ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့် ကိုလိုနီအုပ်ချုပ်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများသည့် စစ်ပွဲတခုကို ဖြတ်ကျော်၍ နိုင်ငံအသစ် တခုမွေးဖွားပေါ်ပေါက်လာသည်။ ထိုနိုင်ငံတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတနိုင်ငံ ဖြစ်နိုင်သည့် ကြီးကျယ်သော အလားအလာများလည်း ရှိနေသည်။ သို့သော်လည်း ထိုအလားအလာကောင်းများသည် မည်သည့် အခါမှ လက်တွေ့ဖြစ်မလာခဲ့ပါ။ နိုင်ငံသည် ပြည်တွင်းစစ်၏ အရှုပ်အထွေးနှင့် ပဋိပက္ခများကြားတွင် ရောက်ရှိနေခဲ့ရသည်။

ကွန်မြူနစ်တို့၏ စစ်မှန်သည့် ပြောင်းလဲခြင်းကို တော်လှန်ရေးဖြင့်သာရနိုင်သည်ဆိုသည့် အယူအဆက အရေးပါသည့် သော့ချက် အကြောင်းရင်း တခုဖြစ်သည်။ ကွန်မြူနစ်တို့ ယုံကြည်သော အပေးအယူ ညှိနှိုင်းမှုဆိုသည်မှာ တဖက်ဖက်က သူ့အယူအဆကို စွန့်လွှတ်ပေးဖို့ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ဗြိတိသျှတို့ကပေးသော လွတ်လပ်ရေးကို အစစ် အမှန် အဖြစ် လက်ခံပေးဖို့ ငြင်းပယ်ခဲ့သည်။

ကွန်မြူနစ်ပါတီနှင့် လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်သည့် အခြားသော အဖွဲ့များသည် တိုင်းပြည်ကို နှစ် ၅၀ ကြာအောင် စစ်အာဏာရှင်လက်အတွင်း ဆက်လက်ရှိနေစေမည့် စိုးရိမ်စရာလမ်းကို ခင်းခဲ့ကြသူများ ဖြစ်သည်။ နောက်ထပ် အကြောင်းတခုမှာ ဗမာခေါင်းဆောင်များအတွင်းမှ ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှု ကြီးမားခြင်းဖြစ်သည်။ တိုင်း ပြည်အတွက်ဟု ရှုမြင်ရမည့်အစား ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ ဖုံးလွှမ်းခဲ့ကြသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ဖိနှိပ်ကန့်သတ်သည့် အာဏာရှင်စနစ်မှ ကျော်လွန်ခဲ့ပြီးသော ယနေ့အချိန်တွင် အလားတူ အဖြစ်မျိုးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သို့သော်လည်း အများစုက အပြောင်းအလဲသည် တော်လှန်ရေးမှတဆင့် ရရှိလာခြင်း မဟုတ်သည့်အတွက် အစစ်အမှန် မဟုတ်ဟု ယူဆနေကြသည်။ ကျားသစ်သည် ကိုယ်ပေါ်က အစက်အပြောက်များကို ပြောင်းလဲခြင်း မပြုနိုင်သကဲ့သို့ အာဏာရှင်သည် ဒီမိုကရေစီကို လက်ခံမည်မဟုတ်ဟု ဆိုကြသည်။ လွတ်မြောက်ခြင်းကို တော်လှန်ရေးမှသာ ရရှိနိုင်လိမ့်မည်၊ စေ့စပ်ညှိနှိုင်းရန်ဆိုသည်မှာ အခြားသူတယောက်၏ အတွေးအခေါ်ကို စွန့် လွှတ်ဖို့ ညှိနှိုင်းခြင်း ဖြစ်သည် စသည့် အယူအဆများနှင့် ဗမာခေါင်းဆောင်ပိုင်း၏ ပုဂ္ဂိုလ်ရေး ပြိုင်မှုများက ကြီးမားနေဆဲဖြစ် သည်။

ကျနော်တို့၏ အမှားတွေထဲမှ ကျနော်တို့ သင်ခန်းစာ ယူနိုင်ကြပါပြီလား။ ယခုအချိန်အထိ အခြေအနေတွေက အကောင်းဆုံး စံနမူနာပြလောက်စရာဆီ ရောက်မလာသေးပါ။ အကောင်းဆုံး အခြေအနေကို ကျနော်တို့ ထိုင်စောင့်နေရမည်လား။ သို့မဟုတ် အကောင်းဆုံး အခြေအနေကို ကျနော်တို့လုပ်ယူပြီး ပို၍ကောင်းလာအောင်လုပ်နိုင်ဖို့ ကြိုးစားရတော့မည်လား။


(ဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ သားတဦးဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးဝိုင်းများတွင် ပါဝင်ဆောင်ရွက်နေသော ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။ ၎င်း၏ Can President Thein Sein Be Trusted? ကို နိုင်မင်းသွင် ဘာသာပြန်သည်)

အထက်လွှတ်တော်၊ ကြံ့ခိုင်ရေးပါတီအမတ်ကို ပြည်သူများ ဆန္ဒပြ

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှ ပြည်သူ ၁၀၀ ကျော်သည် အထက်လွှတ်တော်အမတ် ဒေါက်တာမြဦးကို အလိုမရှိကြောင်း သြဂုတ် ၂၈ ရက် နံနက် ၈ နာရီကျော်က ဆန္ဒပြခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ထို အမျိုးသားလွှတ်တော်အမတ်သည် ပေါင်းတည်မြို့ရှိ ကုသိုလ်ဖြစ်ဆေးခန်းမှာ နိုင်ငံရေးပါတီတစ်ခု၏ ကျောထောက်နောက်ခံဖြစ်ပြီး နိုင်ငံခြားအကူအညီများ ရယူထားကြောင်း၊ ပရဟိတအသင်းများသည် မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ငွေအားဖြင့် ဖိခိုင်းနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုခဲ့သည်။

“တစ်ယောက် ကျပ်တစ်ထောင်စီ ထည့်ပြီး ဆေးခန်းဖွင့်ထားတာ သူလည်း တစ်ပြားမှ ထည့်တာမဟုတ်ဘူး။ပြည်သူတွေ အကုန်လုံး ဒေါသဖြစ်ရတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ဦးအေးလွင်က ပြောကြားခဲ့သည်။

သြဂုတ် ၂၀ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဆေးခန်းကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ကိုယ်စားလှယ်များ က အမတ်ကို မေးခွန်းမေးမြန်းရာ ၎င်းက ပြန်လည်ဖြေကြားခြင်းမရှိဘဲ ထိုသို့ပြောကြားခဲ့သဖြင့် ဒေသခံများကဒေါသထွက်နေခြင်းဖြစ်သည်ဟု ကာယကံရှင်တို့ထံမှ စုံစမ်းရရှိသည်။

အဆိုပါ ဆေးခန်းမြေနေရာသည် ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းယူထားသော မော်တော်ယာဉ်အသင်း ပိုင်မြေနေရာ ဖြစ်သော်လည်း မူလပိုင်ရှင်များက ဆေးခန်းသို့ လာရောက် လှူဒါန်းသဖြင့် ထိုမြေနေရာကို ဥပဒေဘောင်အတွင်းမှ တရားဝင်ရရှိရေး မည်သို့ လုပ်ဆောင်သင့်သည်ကို လွှတ်တော်အမတ်ထံမေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ဆေးခန်းဥက္ကဋ္ဌ ဦးလူမြင့်က ရှင်းပြသည်။

“အလှူရှင်တွေက သူပြောတဲ့စကားပေါ်မှာ မူတည်ပြီး အထင်အမြင် လွဲသွားနိုင်တယ်။ ဦးလေးတို့ဘက်ကတော့ပြန်လည် ရှင်းလင်းချင်တယ်။ အေးချမ်းတဲ့နည်းနဲ့ သဘောထားအမှန်ကို သိစေချင်တယ်။ ဖြေကြားချက်တွေ အပေါ်မှာ လူထုက မကျေနပ်တာတွေရှိတယ်”ဟု ၎င်းက ဆက်ပြောခဲ့သည်။

သြဂုတ် ၂၈ ရက်က ဆန္ဒပြပွဲသည် အာဏာပိုင်တို့ထံ ခွင့်ပြုချက်မယူဘဲ ပြုလုပ်ခြင်းဖြစ်သဖြင့် ရဲများက ဆန္ဒပြ သူများကို လူစုခွဲပေးရန် လာရောက်တားမြစ်ခဲ့ပြီး လိုက်နာခြင်းမရှိလျှင် တရားစွဲမည်ဟု အသံချဲ့စက်ဖြင့်အော်ဟစ် အသိပေးခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ဒေသခံများ ဆန္ဒမပြမီ တစ်ရက်အလိုတွင် အထက်လွှတ်တော်အမတ် ဒေါက်တာမြဦး၏ အမတ်သက်တမ်း လပေါင်း ၃၀ အတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ဆောက်ရွက်ဆဲလုပ်ငန်းများကို ပြည်သူများထံ အသိပေးသည့်အနေဖြင့် လေးခေါက်ချိုးစာရွက်များဖြင့် ထိုအမတ်၏ပါတီက ပေါင်းတည်မြို့ခံများထံ လိုက်လံဝေငှ ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ပါမောက္ခ ဒေါက်တာမြဦးသည် ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်မဲဆန္ဒနယ်သုံးခုမှ အမျိုးသားလွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး ယခင်က ကျန်းမာရေးဒု-၀န်ကြီးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စစ်တပ်တွင်လည်း ဗိုလ်မှူးကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစားတစ်ဦးဖြစ်သည်။

ထားဝယ်မြို့၌ လယ်သိမ်းမရ၍ လယ်သမား တစ်ဦးအား ထောင်ဒဏ်ချမှတ်

ထားဝယ်လူငယ်အစည်းအရုံး

ထားဝယ်မြို့နယ်၊ ဝဲကျွန်းထိန်သစ် ရပ်ကွက်၊ ကမြောကင်းလမ်း၊ ကမြောကင်း တံတား နံဘေး၌ လက်ရှိ လယ်စိုက်ပျိုးလျှက် ရှိသော လယ်သမား ဦးစံလင်းအား ထားဝယ် ခရိုင် အုက်ချုပ်ရေးမှူး ဦးကျော်ဆွေမှ ၁၈၇၆ ခုနှစ်မြေယာနှင့် အခွန်တော် ဥပဒေ ပုဒ်မ (ဏ) ဖြင့် တရားစွဲဆိုကာ၂၆-၈-၂၀၁၃ (တနင်္လာနေ့) တွင် ဒဏ်ငွေ ၂၀၀နှင့် ထောင်ဒဏ် ၁ လကို ထားဝယ်မြို့နယ် တရားသူကြီး ဦးထွန်းလင်းက ချမှတ်ခဲ့သည်။

ဦးစံလင်းသည် ထားဝယ် ခရိုင်အတွင်း တရားမျှတမှု မရှိသည့် လယ်ယာမြေ သိမ်းဆည်းမှုနှင့် ပတ်သက်၍ ပထမဆုံး ထောင်ကျ ခံရသော လယ်သမား ဖြစ်သည်ဟု သမီးဖြစ်သူ မရွှေစင်ယုမှ ပြောကြားသည်။

“ထားဝယ် အများပိုင် ကုမ္ပဏီက လယ်မြေကို သိမ်းတယ်။ မူလပိုင်ရှင် ဆိုတာ ရှိပေမယ့် ကျွန်မ အဖေကို သူကိုယ်တိုင် လယ်မလုပ်နိုင်လို့ လယ်လုပ်ပိုင်ခွင့်ကို လွန်ခဲ့တဲ့ ၄နှစ် ခန့်လောက် ကတည်းက လွှဲပြောင်းပေးထားပြီး ကျွန်မတို့ တစ်မိသားစုလုံး ဒီလယ်ကို စိုက်လာခဲ့တာ ပတ်ဝန်းကျင်က လယ်သမားတွေ အကုန်လုံးလည်း အသိဘဲ။ ကျွန်မတို့က ဘာလျှော်ကြေးမှ မယူထားတော့ ထွက်ပေးစရာလည်း မလိုဘူး။ သူတို့ပေးတဲ့ လျှော်ကြေး ဆိုတာ ကျွန်မတို့ ဘဝအတွက် ဘာအာမခံချက်မှ မရှိဘဲ၊ လယ်သမား လယ်ပျောက်ရင် ထမင်း ငတ်မှာပေါ့၊ အခုတော့ ကုမ္ပဏီက လယ်ကို မတရား သိမ်းချင်တယ်၊ ကျွန်မတို့က အသိမ်းမခံဘူး၊ ကုမ္ပဏီကို ပေးချင်တော့ ခရိုင် အုပ်ချုပ်ရေးမှူးက တရားစွဲတယ်၊ ကျွန်မအဖေ ထောင်ကျတယ်၊ ကောင်းပါတယ်၊ ကျွန်မအဖေက ထားဝယ်မြို့ရဲ့ စံပြ လယ်သမား ဖြစ်သွားတာပေါ့” ဟု မရွှေစင်ယုက ဆက်လက် ပြောကြား ခဲ့သည်။

ဦးစံလင်းအား ထောင်ချ ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထားဝယ် လယ်သမား များကလည်း သဘောမတူ ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး လယ်သမားများ၏ ဂုတ်သွေးစုတ် အမြတ် ထုတ်သည့် ‘ထားဝယ် အများပိုင် ကုမ္ပဏီ’ အား ထားဝယ် ခရိုင် အတွင်းရှိ လယ်သမားများ အနေဖြင့် ထားဝယ် လယ်သမားများ သမိုင်း၏ ကုမ္ပဏီဆိုး အဖြစ် သတ်မှတ်ကာ ထားဝယ်ခရိုင် အတွင်းရှိ လယ်သမား မိသားစုဝင် တိုင်း၏ သမိုင်း တာဝန် တစ်ရပ် ပမာ စဉ်ဆက် မပြတ် သပိတ်မှောက် သွားနိုင်သည် အထိ စည်းရုံး သွားမည် ဟု ထားဝယ် လယ်သမားများ အစည်းအဝေးမှ ထုတ်ပြန်ကြေငြာခဲ့သည်။

၂၇-၈-၂၀၁၃ (အင်္ဂါနေ့) တွင် ဦးစံလင်းအား ဂုဏ်ပြုသည့် အနေဖြင့် သူ၏ လယ်မြေ၌ စိုက်ပျိုးရန် ကျန်ရှိ နေသေးသော လယ်ကွက်များ၌ သူ၏ မိသားစု လယ်သမား များနှင့် အတူ စပါး စိုက်ပျိုး ကြမည်ဟု လယ်သမားများ ထံမှ သိရပါသည်။

ယနေ့ မြန်မာ့ရေးရာသတင်းများ August,31st,2013

( 30 )လက်ကျန် နိုင်ငံရေး အကျဉ်းသား ၁၂၂ ဦး ရှိ

( 29 )Myanmar to play against Omen in AFC U-22 Championship

( 28 )ကချင်ဒုက္ခသည် ပြန်လည်နေရာချရေး ကုလအထူးကိုယ်စားလှယ် ဆွေးနွေး

( 27 )New investment regulations will benefit Myanmar and its investors

( 26 )အမေရိကန် တရားဥပဒေနဲ့ မူးယစ်ဆိုင်ရာ လက်ထောက် ဝန်ကြီး မြန်မာနိုင်ငံလာမည်

( 25 )Myanmar Economic Holdings in brewery contract dispute

( 24 )ဒုက္ခသည်အသိုင်းအ၀ိုင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ကေအဲန် ယူ တွေ့ဆုံဆွေးနွေး

( 23 )Firm wins contract to fix gas turbines in Myanmar

( 22 )လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းသည့် ဥပဒေကြမ်း ဆက်ဆွေးနွေးရန် တောင်းဆု

( 21 )Sagaing Police Arrest More Suspects After Latest Sectarian Unrest

( 20 )၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်နိုင်ရန် KNU နှင့် ကရင်နိုင်ငံရေး ပါတီများ ဆွေးနွေး

( 19 )Universities to conduct Higher Education survey

( 18 )လူဦးရေစာရင်း အမှန်ရရှိရေး ကရင်ပြည်သူ့ပါတီ ကြိုးပမ်း လုပ်ဆောင်

( 17 )Bangladesh, Myanmar to resume direct Dhaka-Yangon flights

( 16 )သတင်းအတတ်ပညာသင် တက္ကသိုလ် ဖွင့်နိုင်ရေး သမ္မတကို တင်ပြမည်

( 15 )Burmese Beauty Queen Wins Over Facebook Fans

( 14 )မြန်မာ့ရွှေဈေး မြင့်တက်

( 13 )Aung San Suu Kyi to visit Singapore

( 12 )အမေရိကန် ရခိုင်အမျိုးသားညီလာခံ မနက်ဖြန် ကျင်းပတော့မည်

( 11 )Bangladesh can’t take in more Rohingyas

( 10 )ကမ္တာလှည့်ခရီးသွား ကုမ္ပဏီတခု စတင်ဖွင့်လှစ်

( 9 )An un-Buddhist-like movement threatens progress

( 8 )(၇၄) နှစ်မြှောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား မြန်မာနိုင်ငံ အနှံ့ ခန်းနားကြီးကျယ်စွာ ကျင်းပမည်

( 7 )India must mend its fences with Myanmar

( 6 )ဖုန်းလိုင်းပြတ်တောက်နေသဖြင့် ဆက်သွယ်ရေး အခက်အခဲကြုံတွေ့ရ

( 5 )Thailand faces labor shortage as neighboring economies grow

( 4 )မြောက်ကိုရီးယားနှင့် စစ်ရေး ဖြတ်တောက်ရန် မြန်မာကို အမေရိကန် တိုက်တွန်း

( 3 )Burmese deal a first for Wood

( 2 )၂၀၁၃ ဆီးဂိမ်းမှာ မြန်မာ့ ငါးပျံများ မြူးကြပါ့မလား

( 1 )Nay Pyi Daw gets its connection to Bangkok Don Mueang

Friday, August 30, 2013

နော်အုန်းလှကိုတရားရုံးက ထောင်ဒဏ် ၂နှစ်ချမှတ်

ABC

မြန်မာနိုင်ငံ ​စစ်ကိုင်းတိုင်း ​မုံရွာခရိုင်က ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်း ​ဖျက်သိမ်းပေးရေးနဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ဖျက်သိမ်းရေး ​တောင်းဆိုဖို့အတွက် ​ဆန္ဒပြဖို့ကြိုစားခဲ့တဲ့ ​အမျိုးသမီးကွန်ယက်အဖွဲ့က ​ဒေါ်နော်အုန်းလှကို ​မနေ့က ​မုံရွာတရားရုံးကနေပြီး ​ထောင်ဒဏ် ​၂နှစ်ချမှတ်လိုက်တယ်လို့ ​သိရပါတယ်။

ဒေါ်နော်အုန်းလှကို ​ပြီးခဲ့တဲ့ ​သြဂုတ်လ ​၁၃ရက်နေ့ ​ညနေမှာ ​ဖမ်းဆီးအမှုဖွင့်ခဲ့တာဖြစ်ပြီးတော့ ​၂၇ရက်နေ့မှာ ​မြို့နယ် ​မယက ​အုပ်ချုပ်ရေးမှူး ​ဦးညွှန့်ဆွေက ​တရားလိုလုပ်ပြီး ​စတင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ​တရားရုံးက ​ဒေါ်နော်အုန်းလှကို ​နိုင်ငံတော် ​အကြည်အညိုပျက်စေမှု ​ပုဒ်မ ​၅၀၅နဲ့ ​မနေ့က ​ထောင်ဒဏ် ​၂နှစ်ချမှတ်လိုက်အပေါ် ​သူ့ရဲ့ ​ရှေ့နေ ​ဦးရောဘတ် ​ဆန်းအောင် ​က ​အခုလိုပြောပြပါတယ်။

“ပြစ်မှုဆိုင်ရာ ​ဥပဒေပုဒ်မ ​၅၀၅ ​ပုဒ်မခွဲ ​ခ ​အရ ​ထောင်ဒဏ် ​၂ ​နှစ်ချတယ်။ ​ရှေ့လထဲမှာ ​အယူခံကို ​တင်မှာပါ။ ​ပြစ်မှုဆိုင်ရာ ​ဥပဒေ ​ပုဒ်မ ​ခ ​ခွေးဆိုတာက ​ရဲ ​အရေးပိုင်တဲ့ ​အမှုမဟုတ်ပါဘူး။ ​သူတို့ ​က ​ရဲအရေးမပိုင်တဲ့အမှုပုံစံနဲ့ ​ဖွင့်ပြီးတော့ ​တရားရုံးကို ​တရားစွဲတင်ပါတယ်။ ​နော်အုန်းလှကို ​ဖမ်းပြီမှ ​အမှုဖွင့်တာ ​ဖြစ်ပါတယ်။ ​ဖမ်းတဲ့အချိန်မှာလည်းပဲ ​သူက ​ပြစ်မှုမညှိစွန်းသေးဘူးလို့ပဲ ​ပြောရမှာပေါ့။” 

ဒေါ်နော်အုန်းလှကို ​ထောင်ဒဏ်မချမှတ်ခင် ​သြဂုတ်လ ​၂၈ ​ရက်နေ့မှာ ​ဒေါ်နော်အုန်းလှရဲ့ ​ရှေ့နေမပါပဲနဲ့ ​အတင်းရုံးတင်ခဲ့သလို ​မနေ့ကအမိန့်ချမှတ်ချိန်မှာလည်း ​သူမရဲ့ရှေ့နေ ​တက်ရောက်နိုင်ခြင်းမရှိတဲ့အတွက် ​ဒါဟာ ​တရားမျှတမှုမရှိဘူးလို့ ​သူမရဲ့ ​ရှေ့နေ ​ဦးရောဘဆန်းအောင်က ​ပြောပါတယ်။

ဒေါ်နော်အုန်းလှ ​ဟာ ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​NLD ​ပါတီဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ​ဒေါ်အောင်ဆန်းစုကြည် ​နေအိမ်အကျယ်ချူပ်ကျခံထားရချိန်မှာ ​ဒေါ်အောင်ဆန်းစုကြည် ​လွတ်မြောက်ရေးအတွက် ​အင်္ဂါနေ့တိုင်း ​ရွှေတိဂုံဘုရားမှာ ​ဦးဆောင်ဝတ်ပြုဆုတောင်းပေးခဲ့သူတစ်ဦး ​ဖြစ်ပါတယ်။

မြစ်ဆုံ ​ရေကာတာတည်ဆောက်မှု ​ရပ်တန့်ရေး၊ ​နိုင်ငံရေးအကျဉ်းသားများ ​လွတ်မြောက်ရေး ​စတဲ့ ​ဆန္ဒပြတောင်းဆိုမှုတွေမှာလည်း ​တက်တက်ကြွကြွ ​ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ​၁၉ ​၉ ​၂ ​ခုနှစ်ကနေ ​၂၀၀၇ ​ခုနှစ်အထိ ​၆ ​ကြိမ် ​ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသူဖြစ်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ခဲ့တာ ​ဖြစ်ပါတယ်။

ဒေါ်နော်အုန်းလှကို ​ထောင်ဒဏ်ချမှတ်လိုက်တဲ့ ​တရက်ထဲမှာပဲ ​မုံရွာခရိုင်၊ ​ဆားလင်းကြီးမြို့နယ်၊ ​လက်ပံတောင်းတောင်ဒေသက ​တုံရွာမှာ ​လက်ပံတောင်းစီမံကိန်း ​ဖျတ်သိမ်းရေး၊ ​မီးလောင်ဗုံးနဲ့ ​အကြမ်းဖက်ခံရတဲ့အမှု ​ဖော်ထုတ်ပေးရေးတို့အတွက် ​သက်ဆိုင်ရာ ​အာဏာပိုင်တွေက ​ဒေသခံတွေကို ​ဆန္ဒပြခွင့်ပြုခဲ့တယ်လို့ ​သိရပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့များအား အပြတ်ရှင်းလင်းပစ်ရန် တိုင်းရုံးအား ကာ/ချုပ် ညွှန်ကြား

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းရုံးတွင် ပြုလုပ်သော ၄ လပတ် အစည်းအဝေးသို့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးအားရှင်းလင်းပစ်ရန် ကာကွယ်ရေး ဦးစီး ချုပ်ကြီး၏ ညွှန်ကြားစာကို တိုင်းမှူး ကဖတ်ပြသည်ဟု ပြောက်ကျားထွက်လာသော စာရွက်စာတမ်းများက ဆိုပါသည်။

ရမခ တိုင်းရုံး၌ ပဌမ ၄ လပတ် အစည်း အဝေးကျင်းပစဉ်က စစ်တိုင်းမှူးဗိုလ်မှူးချုပ်အောင်စိုးက - “ ပြီးခဲ့တဲ့ ၂၀၁၂ စက်တင်ဘာလတုန်းက ကချင် KIA တပ်ကို မြန်မာစစ်တပ်က တပ်မ ၁၀ ခု သုံးပြီး တိုက်ခိုက်ရတယ်။ ၄ လ အတွင်း တိုက်ပွဲပေါင်း ၃၅၅ ကြိမ်ဖြစ်ပွါးခဲ့တယ်။ ဒီအထဲမှာမှ အပြင်း ထန်ဆုံးတိုက်ပွဲက ၉၅ ကြိမ်ရှိပါတယ်။ ၄ လ အတွင်း သေကြေဒဏ်ရာရတဲ့ တပ်သား ၁၀၀၀ ကျော်ပါတယ်။ အခုလို ဆုံးရှုံးမှုများပြားတာဟာ တပ်မတော် အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေ မကျွမ်းလို့ အတွေ့ အကြုံနည်းပါးလို့ဖြစ်ရပါတယ်။ သို့သော် လက်နက်ကြီးတွေသုံး၊ ဝေဟင်က အင်အားတွေကိုသုံးတိုက်ပြီး တပ်စခန်းအားလုံးကိုသိမ်းပိုက် နိုင်ခဲ့ပါတယ်” ဟု ပါရှိပါသည်။

ရမခတိုင်း၏ ပဌမ ၄ လပတ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေး နောက်ဆုံးရက်ဖြစ်သော ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်စာ၊ မှာကြားစာကိုတိုင်းမှူးကဖတ်ပြရာတွင် - ၁- ရမခတိုင်းအတွင်း ကေအိုင်အေ တပ်မဟာ ၄ ၊ ကိုးကန့် (ဖုံကြားရှင်းလက်ကျန်တပ်)တို့အား ခေါင်းပြန်မထောင်နိုင်အောင် ရှင်းလင်းတိုက်ခိုက် ပစ်ရမည်။ ၂- နောင်ချိုမှ တရုတ်နယ်စပ်အထိ အသွားလမ်းတလျှောက် လှုပ်ရှားနေသည့် လက်နက်ကိုင် တိုင်း ရင်းသားတပ်ဖွဲ့များအား စခန်းမချနိုင်အောင် ရှင်းလင်းပစ်ရန်။ (အဆိုပါ ဒေသတွင် RCSS/SSA, SSPP/SSA, KIA,TNLA) တို့လှုပ်ရှားနေပါသည်။ ၃- သံလွင်မြစ်အနောက်ဘက်ခြမ်းတလျှောက် မြန်မာစစ်တပ် တပ်စခန်းများ အခိုင်အမာချထားရန်နှင့် ကားလမ်းကိုလည်း သုံးရာသီသုံးနိုင်သည့်ကားလမ်းဖြစ်အောင် ပြုပြင်ထားရန်။ ၄- ရခိုင်ပြည်နယ်မှ တရုတ်ပြည် သွယ်တန်းသည့် ဂက်စ်ပိုက်လိုင်း လုံခြုံရေးကို တင်းကျပ်ချစွာထားရန်၊ ရွှေလီရေ အားလျှပ်စစ်စီမံကိန်းကိုလည်း လုံခြုံရေးချထားရန် - အစရှိအရေးကြီးအချက်များအပါအဝင် အချက်အများ အပြား ပါရှိကြောင်း ဆိုပါသည်။


မြန်မာ့တပ်မတော် ၄ လပတ်ထိပ်သီး အစည်းအဝေးကို ဂျန္နဝါရီတွင်တကြိမ်၊ မေလတွင်တကြိမ်နှင့်စက်တင် ဘာတွင်တကြိမ် တနှစ်သုံးကြိမ် ကျင်းပကြောင်း သိရပါသည်။ ထိုအစည်း အဝေး များ ပြီးဆုံးပြီးနောက်ပိုင်း အစည်းအဝေးတက်ရောက်သည့် စစ်ခေါင်းဆောင်များ သက်ဆိုင်ရာမိမိတိုင်းဌာနချုပ်သို့ပြန်၍ ပြန်လည် ရှင်း လင်းပြသသည့်အစည်းအဝေး ထပ်မံကျင်းပကြရကြောင်းလည်း စစ်တိုင်းရုံးနှင့်နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

သို့သော် မြန်မာအစိုးရနှင့် ကချင်တပ်မတော်တို့ မေလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံကာ အချက် ၇ ချက်ပါ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအနက် ၁- လက်ရှိ တိုက်ပွဲများလျှော့ချရေး၊တိုက်ပွဲမဖြစ်ရန်ရှောင်ရှားရေး ၂- မြစ်ကြီးနား မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ( ဂျူလိုင်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်ပြီး) တို့လည်းပါဝင်သည်။ သို့သော် ယနေ့တိုင် ရင်ဆိုင်တိုက်ပွဲများဆက်ဖြစ်ပွါးနေဆဲဖြစ်ပါသေးသည်။

ထိုင်း-မြန်မာနယ်စပ်ဂိတ် ၄ ခုတွင် ပတ်စပို့ဖြင့်ဝင်ထွက်သွားလာနိုင်ပြီ

မင်းလုံး

အပြည်ပြည်ဆိုင်ရာအဆင့် ထိုင်း-မြန်မာ ဝင်ထွက်ပေါက် ၄ ခုတွင် နိုင်ငံကူးလက်မှတ်ပတ်စပို့နှင့်ပြည်ဝင်ခွင့်ဗီဇာပါရှိသူများ ဝင်ရောက်သွားလာနိုင်ရန် ဂိတ် ၄ ခုကို ယမန်နေ့က ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-နမ့်ဖုရော်စသည့် နယ်စပ်ဂိတ် ၄ ခုကို အပြည်ပြည်ဆိုင်ရာအဆင့် ဝင်ပေါက်ထွက်ပေါက်အဖြစ် နှစ်နိုင်ငံသဘောတူညီချက်အရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် ဖွင့်လှစ်ပွဲအခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင် တို့က တက်ရောက်မိန့်ခွန်း ပြောခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ဦးခင်ရီက “အခုလိုအပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်အဖြစ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဟာ ကရင် ပြည်နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူများအတွက်ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှု အလုပ်အကိုင်ဖန်တီးပေး နိုင်မှုစတဲ့အခွင့်အလမ်းကောင်းများကိုလည်း ပိုမိုဖေါ်ဆောင်နိုင်ဖို့ဖြစ်တယ်” ဟု ပြောသည်။

ယမန်နေ့ကဖွင့်လှစ်ထားသော မြဝတီဂိတ်တွင် ပတ်စ်ပို့ကိုင်ဆောင်ထားသူ ခရီးသည်များ စတင်သွား လာနေကြကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။

သူက ” ဒီနေ့ နိုင်ငံခြားခရီးသွား ၄ ယောက် အဲဒီဂိတ်ကနေပဲဖြတ်သွားတယ်၊ ထိုင်းဘက်ကိုနှစ်ယောက် ၂ ယောက်ထွက်သွားပြီး မြန်မာနိုင်ငံထဲကို ၂ ယောက်ဝင်လာတယ် ဒီဂိတ်ကြီးဖြစ်သွားတာကလဲ နိုင်ငံခြားခရီးသွားတွေအတွက်အများကြီးအဆင်ပြေပါတယ်” ပြောသည်။

အလားတူ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာရရှိထားသည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များနယ်စပ်ဂိတ်မှတဆင့် ဝင်ထွက်သွားလာနိုင်ရန် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်-မယ်ဆိုင် ဂိတ်ဖွင့်လှစ်ပွဲအခမ်းအနားကို ထိုင်းမြန်မာချစ်ကြည်ရေးတံတားဖြစ်သည့် အမှတ် ၁ တံတားပေါ်တွင် ယမန်နေ့နံနက်က ပြုလုပ်ခဲ့သည်။

ယင်းဂိတ်မှ ဝင်ရောက်လာသောနိုင်ငံခြားသားများအနေနှင့် ယခင်က သွားလာခွင့်မပြုသည့် မိုင်းပြင်း၊ ပုံပါကျင်၊ မိုင်းယောင်၊ မိုင်းတုံ၊ မိုင်းခုတ်၊ မိုင်းပေါက်၊ မိုင်းဆတ်၊ မုန်းထော၊ မုန်းထ၊ မိုင်းယု၊ မိုင်းယန်း စသည့် ရှမ်းပြည်အရှေ့ပိုင်း မြို့နယ်များကို လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိသည်ဟု သိရသည်။

သံတွဲ (၅၂)နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အခမ်းအနား ပြည်သူလူထု သောင်းချီပါဝင်

မောင်နီမိုး

၁၉၆၁ခုနှစ်၊သြဂုတ်လ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတ မန်းဝင်းမောင် ကြေညာခဲ့သည့် နိုင်ငံတော် ဘာသာနေ့ ၅၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့၌ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ကကြီးမှူးကျင်းပရာ ဒေသခံ ပြည်သူလူထု သောင်းချီ၍ ပါဝင်ခဲ့သည်။

ပြည်သူလူထု ပရိတ်သတ် သောင်းကျော် ပါဝင် ဆင်နွဲခဲ့သည့် သံတွဲမြို့၏ နိုင်ငံတော် ဘာသာနေ့ ကျင်းပပုံနှင့် ပတ်သက်၍ ဆရာတော်အရှင်ကောသလက နိရဉ္ဇရာသတင်းဌာနကို ယခုလို မိန့်ကြားသည်။

“ သြဂတ်စ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁နာရီ ကနေ ၂နာရီထိ လေးမျက်နှာ ဓမ္မာရုံမှာ သံဃာတော်တွေ တစ်မြို့နယ်လုံးက ရောက်လာတဲ့ လူပုဂ္ဂိုလ်တွေကို ငါးပါးသီလ ပေးပြီးတော့ ပရိတ်ရွတ်ကြတယ်။ အဲဒီနောက်ညနေ၅နာရီ နီးပါးထိ ငါးရာလောက်ရှိတဲ့ သံဃာ တော်တွေမြို့တွင်းလှည့်လည် ဆွမ်းခြောက် ခံကြတယ်။ ရခိုင် စည်တော် အဖွဲ့က သာသနာတော်စည်တီးခတ်ပြီး ရတနာ သုံးပါးရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ် ဆွမ်းခြောက် ခံပါတယ်။ လမ်းတလျှောက်မှာတော့ သောင်းနဲ့ ချီပြီး ရှိတဲ့ပြည်သူတွေက အားပါးတရ ဆွမ်းခြောက်တွေ လောင်းလှူ ဒါန ပြုပြီးတော့ သာဓု အနုမောဒနာ ခေါ်ကြတာတွေ့ရတယ်” ဟု ပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့က သံတွဲမြို့တွင်း သာသနာ့ အလံများ စတင်စိုက်ထူချိန်မှ စ၍ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ရာ ကျော်ခန့်ကို ပွဲတော်ပြီးဆုံးသည့် ကာလထိ မြို့ပေါ်၌ နေရာအနှံ့ချထားကြောင်း ဒေသခံတို့ကဆိုသည်။

ဗုဒ္ဓဘာသာ ပွဲတော်များတွင် ယခင်နှစ်များနှင့် မတူဘဲ တင်းကြပ်စွာချထားသည့် လုံခြုံရေးအနေထားနဲ့ ပတ်သက်၍ ရခိုင်လူမှုကွန်ယက်မှ ဦးမြင့်မိုးက ယခုလို ဆိုသည်။

“နှစ်စဉ်နှစ်တိုင်း ဘာသာရေးပွဲတွေကျင်းပခဲ့တဲ့နေရာမှာ ဒီလောက်များပြားလှတဲ့ လုံခြုံရေးတွေကို တခါမှ မတွေ့ခဲ့ရဘူး။ ကောလာဟလတွေ ကြိုထွက်နေတာမို့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ ၀င်တွေကို မြို့အနှံ့ ချထားပုံ ရတယ်။”


ပွဲတော် မကျင်းပမီ သံတွဲမြို့ရှိ မွတ်ဆလင် လူမျိုးများ၏ နေအိမ်များကို ဗုဒ္ဓဘာသာသာသနာ့ အလံများ လိုက်လံ ထိုးစိုက်နေပြီး မြို့ပေါ်ရှိ ဘာသာခြားများကိုလည်း ဗုဒ္ဓဘာသာ ရဟန်းတော် များက အတင်းအကြပ် ရဟန်းဝတ်ပေးနေသည် စသည်ဖြင့် အင်တာနက် စာမျက်နှာ အချို့၌ စွပ်စွဲ ဖော်ပြသည့် ကောလာဟလများ ပျံ့နှံ့နေခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အင်တာနက်မှ သတင်းများသည် လုံးဝမဟုတ်မှန်ကြောင်း နိုင်ငံတော် ဘာသာနေ့ ကြီးမှူး ကျင်းပသည့် သံတွဲမြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့က သြဂုတ်လ ၂၅ ရက် တွင် ကြေငြာချက် တစ်စောင်ကိုထုတ်ပြန်၍ ရှင်းလင်းခဲ့ရကြောင်း သိရသည်။

တောင်ကုတ်မြို့မှ ရခိုင် အမျိုးသမီးငယ်တစ်ဦးကို သံတွဲမှ မူဆလင်ဘာသာဝင် နှစ်ဦးက အဓမ္မ ပြုကျင့်ခဲ့မှု အပြီး ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သဖြင့် သံတွဲမြို့တွင်ဇွန်လ ၂၉ရက်နေ့မှ စ၍ ညနေ ၇ နာရီမှ မနက် ၇နာရီထိ ညမထွက်ရ အမိန့်ကို ပြန်လည် ထုတ်ပြန်ထားသည်။

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု တရားခံ ဖော်ထုတ်မပေးသေး၍ ဆားလင်းကြီးတွင် လူ ၁၀၀၀ ကျော် ဆန္ဒပြ

ဖိုးစိုးသူ | သောကြာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၃

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက်နှိမ်နင်းမှုအပေါ် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထိရောက်သော အရေးယူဖော်ထုတ်ပေးမှုများ မရှိသည့်အတွက် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာဒေသခံ ၁၂၀၀ ခန့်က သြဂုတ် ၂၉ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းကို ဆားလင်းကြီးမြို့နယ် တုံရွာထိပ်မှ စတင်ကာ ညောင်ပင်ကြီးဇက်ဆိပ်အထိ ဒေသခံ ၁၂၀၀ ခန့်က တရားဝင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်သူ တုံရွာသစ်မှ ဦးလေးဝင်းက “တိုင်းပြည်နဲ့ ပြည်သူ့မျက်နှာကိုမကြည့်ဘဲ လုပ်ငန်းတွေ ဆက်လုပ်နေတာ၊ ဒေသခံတွေအတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ၊ မီးလောင်ဗုံးနဲ့ သံဃာတော်တွေအပေါ် အကြမ်းဖက်ဖြိုခွဲပြီး တရားခံကို မဖော်ထုတ်ပေးတာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပါဝင်လှုပ်ရှားပေး ခဲ့တဲ့လူတွေကို ၀ရမ်းထုတ်ထားတာတွေနဲ့ပတ်သက်ပြီး မကျေနပ်လို့ ဆန္ဒဖော်ထုတ်ရတာ” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြမှုကို ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် တရားဝင် ခွင့်ပြုချက်ယူ၍ ဆန္ဒပြခြင်းဖြစ်ကာ ဆားလင်းကြီးမြို့နယ် အတွင်းရှိ မိုးကြိုးပြင်၊ တုံရွာသစ်၊ မြောက်ရွာ၊ တောင်ရွာ၊ ရွာသစ်၊ တုံရွာမ၊ ကောချောင်း၊ အလယ်တောကျေးရွာ အစရှိသော ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံများ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်မြမြအေးကလည်း “ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေဖြစ်တဲ့အတွက် ဒေသခံရွာ သားတွေအတွက် အကန့်သတ်ဖြစ်ရတယ်။ ကျန်းမာရေးဆိုင်ရာဖြစ်လို့ ညအချိန်မြို့သွားဖို့တောင် မလွယ်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒါကြောင့် ပုဒ်မ ၁၄၄ကို ရုပ်သိမ်းပေးဖို့ ဆန္ဒဖော်ထုတ်တာပါ” ဟု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၀မ်ပေါင်ကုမ္ပဏီရှေ့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၉ ရက်က သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည်။ ထိုသို့ ဖြိုခွင်းမှုကြောင့် သံဃာအပါး ၈၀ ခန့်နှင့် ဒေသခံများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြမှုများသည် မုံရွာအပြင် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ယခု ဒေသခံ ၁၂၀၀ ခန့် ဆန္ဒပြခြင်းသည် အကြမ်းဖက်နှိမ်နင်းမှု ကိုးလပြည့်သည့် နေ့လည်း ဖြစ်သည်။

ယင်းအပြင် အကြမ်းဖက်နှိမ်နင်းမှု ရှစ်လပြည့်သည့် ဇူလိုင် ၂၉ ရက်တွင်လည်း ရန်ကုန်မြို့တွင် Genera- tion Youths အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။

လက်ပံတောင်းတောင်စီမံကိန်း ရပ်တန့်သွားပြီး အကြမ်းဖက်ဖြိုခွဲသူများကို ဖော်ထုတ် အရေးယူဆောင်ရွက်ပေး သည်အထိ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒေသခံ ဆန္ဒပြသူများက ဆိုသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ငန်းစာချုပ်သစ်ကိုလည်း ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့ပြီးဖြစ်သည်။ လက်ပံတောင်းတောင် စီမံကိန်းကြောင့် လက်ပံတောင်းဒေသတစ်ဝိုက် အပါအ၀င် ရန်ကုန်တွင်လည်း ဆန္ဒပြမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။