Monday, September 30, 2013

လိုင်စင်မဲ့ မရှိတော့အောင် နယ်လှည့်ပြီး လိုင်စင်လုပ်ပေးမယ်လို့ဆို

ABC

မြန်မာနိုင်ငံမှာ ​လိုင်စင်မဲ့ ​မော်တော်ကားနဲ့၊ ​လိုင်စင်မဲ့ ​မော်တော်ဆိုင်ကယ်တွေ ​မရှိအောင်လုပ်ဆောင်တဲ့အနေနဲ့ ​ယာဉ်မောင်းလိုင်စင် ​သက်တမ်းတိုးတာတွေကို ​ လာမည့်အောက်တိုဘာလအတွင်း ​နယ်လှည့်ဆောင်ရွက်ပေးမယ်လို့ ​သိရပါတယ်။

လိုင်စင်လုပ်ပေးတဲ့ ​ကိစ္စကို ​အောက်တိုဘာလမှာ ​စတင်မှာဖြစ်တယ်လို့လည်း ​ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှု ​ဦးစီးဌာနက ​ပြောပါတယ်။

နေပြည်တော် ​လယ်ဝေးမြို့၊ ​ရန်ကုန်တိုင်း ​မှော်ဘီမြို့၊ ​မန္တလေးတိုင်း ​စဥ့်ကူးနဲ့ ​မလှိုင်မြို့အပါအဝင်၊ ​ရှမ်းပြည်နယ် ​ဖယ်ခုံ၊ ​မိုးနဲမြို့၊ ​လင်းခေး၊ ​နမ့်ဆန်၊ ​မိုင်းခတ်၊ ​မိုင်းတုန်၊ ​မိုင်းယန်းမြို့နဲ့ ​ကယားပြည်နယ် ​ဘော်လခဲ၊ ​ဖာဆောင်း၊ ​မယ်စဲ့မြို့တွေမှာ ​ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ​အဲ့ဒါ့အပြင် ​ကချင်ပြည်နယ် ​တနိုင်း၊ ​မိုးကောင်းမြို့၊ ​တနင်္သာရီတိုင်း ​ဘုတ်ပြင်းမြို့၊ ​ပဲခူးတိုင်း ​ရွှေကျင်၊ ​သဲကုန်း၊ ​မင်းလှ၊ ​မကွေးတိုင်း ​ရေစကြို၊ ​ငဖဲ၊အောင်လံမြို့၊ ​ မွန်ပြည်နယ် ​ရေးမြို့၊ ​ရခိုင်ပြည်နယ် ​သံတွဲ၊ ​ဂွ၊ ​တောင်ကုတ်မြို့နဲ့ ​ဧရာဝတီတိုင်း ​ကျုံပျော်၊ ​ဒေးဒရဲ၊ ​ရေကြည်၊ ​လေးမျက်နှာ ​အစရှိတဲ့ ​မြို့နယ်တွေမှာ ​လိုင်စင်ဆောင်ရွက်ပေးတာတွေ၊ ​လိုင်စင် ​သက်တမ်းတိုးတာတွေ ​ပြုလုပ်ပေးမယ်လို့ ​သိရပါတယ်။

လိုင်စင်မဲ့မရှိအောင် ​အခုလိုမျိုး ​နယ်လှည့်ပြီး ​လိုင်စင်လုပ်ပေးမှာဖြစ်သလို ​နောင်ကျရင် ​လိုင်စင်မဲ့သူတွေကို ​အရေးယူမှုတွေ ​ပိုမို ​ပြုလုပ်သွားမယ်လို့လည်း ​ ကုန်းလမ်းပို့ဆောင်ရေးနှင့် ​ညွှန်ကြားမှု ​ဦးစီးဌာနက ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​၂၀၁၁ ​ခုနှစ် ​နိုဝင်ဘာလနောက်ပိုင်း ​ကားတင်သွင်းခွင့် ​ဆိုင်ရာမူကို ​ပြောင်းလဲပေးခဲ့ပြီး ​နောက်ပိုင်း ​ကားတင်သွင်းမှုနှုန်း ​မြင့်တက်လာပြီး ​လိုင်စင်ရှိယာဉ်တွေအပြင် ​လိုင်စင်မဲ့ယာဉ်တွေပါ ​ဝင်ရောက်လာတဲ့အတွက် ​ခုလို ​လုပ်ဆောင်တာဖြစ်တဲ့အကြောင်း ​မြစ်မခသတင်းအရ ​သိရပါတယ်။

မော်ကျွန်းမြို့နယ် အပေါင်ဆုံးမြေများတွင် လယ်ထွန်သူ ၂၄ ဦးအား ထောင်ဒဏ်များ ချမှတ်

အေးမြင့်စန်း

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များထံတွင် အပေါင်ဆုံးထားသည့် လယ်မြေများပေါ်တွင် ၀င်ရောက်လယ်ထွန်သည့် လယ်သမား၂၄ ဦးကို စက်တင်ဘာလထဲတွင် ထောင်ဒဏ်လေးလမှ ရှစ်လ အသီးသီးမော်ကျွန်းမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

ထိုလယ်သမားများကို စက်တင်ဘာ ၄ ရက်၊ ၁၀ ရက်၊ ၁၇ ရက်များတွင် အသီးသီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး လပွတ္တာခရိုင် တရားရုံးတွင် အယူခံဝင်သွားမည်ဟု မော်ကျွန်းလယ်သမားခေါင်းဆောင် ဦးအေးမော်ကပြောသည်။

အကျဉ်းချခံရသော လယ်သမား ၂၄ ဦးသည် မော်ကျွန်းမြို့နယ်ရှိ တံခွန်တိုင်ကျုံဝါးကျေးရွာ၊ ဖိုခမီဒေါက် ကျေးရွာတို့မှ လယ်သမားများဖြစ်သည်။ ထိုသို့ အပေါင်ဆုံးထားသော မြေများပေါ်တွင် ၀င်ရောက် စိုက်ပျိုးရာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တရားစွဲဆိုခံခဲ့ရသည်။

“ထောင်ကျသွားတဲ့ လယ်သမား ၂၄ ဦးထဲမှာ အသက် ၇၆ နှစ်ကျော်တဲ့ ဒေါ်ဂျမ်းပုံက မြောင်းမြထောင်မှာ ကျတာ။နောက် အသက် ၁၅ နှစ်ကျော်သာရှိသေးတဲ့ ကျောင်းသား နှစ်ဦးလည်းပါတယ်။ ထောင်ဒဏ် အပြစ်ပေး ခံရတဲ့ လယ်သမားတွေအတွက် လပွတ္တာခရိုင်တရားရုံးမှာ အယူခံတင်သွားမယ်”ဟု မော်ကျွန်း လယ်သမား ခေါင်းဆောင် ဦးအေးမော်က မဇ္ဈိမကို ပြောသည်။

အတိုးမပေးနိုင်သောကြောင့် ဆုံးရှုံးခဲ့သည့်မြေများပေါ်တွင် ၀င်ရောက်လယ်ထွန်ခဲ့သည့် လယ်သမားများအား ပိုင်နက် ကျူးလွန်သည့်အမှု ပုဒ်မ ၁၄၄၊ အကျိုးစီးပွားဖျက်ဆီးသည့်အမှု ပုဒ်မ ၄၂၇ တို့နှင့် ရှစ်လ အကျဉ်းချခံရသူ နှစ်ဦး၊လေးလ အကျဉ်းခံရသူ၂၂ ဦးစီ အသီးသီး အမိန့်ချခံရခြင်းဖြစ်သည်ဟု ဦးသန့်ဇော်ဦးက ပြောသည်။

“ဖိုခမီဒေါက်ကျေးရွာကဆို တစ်အိမ်သားလုံး ထောင်ကျခံရတဲ့အထဲမှာ ပါသွားတယ်။ လယ်သမား မောင်နှမ လေးဦးပေါ့။ လယ်ဝင်ထွန်လို့ဆိုပြီး ပုဒ်မ ၄၄၇ နဲ့တရားစွဲခံရပြီး ထောင်ကျသွားတာ”ဟု ဧရာဝတီတိုင်း လယ်သမားသမဂ္ဂမှ အတွင်းရေးမှူး ဦးသန့်ဇော်ဦးက မဇ္ဈိမကို ပြောသည်။

ပိုင်ရှင်မတူသည့် လယ်မြေအသီးသီးတွင် လယ်ထွန်ကြသော လယ်သမားများကို ဇူလိုင်လတစ်လတည်း တွင်ပင် တရားစွဲဆိုပြီး စက်တင်ဘာလ တစ်လတည်းတွင် ထောင်ဒဏ်ချမှတ်ခြင်းသည် အဂတိလိုက်စား မှုရှိနိုင်ပြီး ဧရာဝတီ တိုင်း လယ်သမားသမဂ္ဂအနေဖြင့် ထိုကိစ္စအား စုံစမ်းကာ ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ အကြောင်းကြား သွားမည်ဖြစ်ကြောင်း ဦးသန့်ဇော်ဦးက ပြောသည်။

ထိုလယ်သမားများသည် ၎င်းပိုင်မြေများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံတွင် ၁၉၉၄-၉၅ ခုနှစ်က ပေါင်နှံခဲ့ပြီး အသီးသီး အပေါင်ဆုံးခဲ့ကြခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂနှင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့တို့ အောက်တိုဘာ လ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်တွင် လယ်မြေ ၀င်ရောက် ထွန်ယက်စိုက်ပျိုးမှုအတွက် တရားစွဲဆိုခံရသော အမှုပေါင်း ၁၆၀ ကျော် ရှိနေသည်။

စာပေယဉ်ကျေးမှု အခွင့်အရေးဖြင့်သာ ဖြေသိမ့်မနေကြရန် မွန်အမျိုးသားကွန်ဖရင့် သဘာပတိပြော

မင်းသုတ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပဆဲ မွန်အမျိုးသားကွန်ဖရင့်(၂၀၁၃) ဖွင့်ပွဲ၌ ပထမနေ့သဘာပတိအဖြစ်ဆောင်ရွက်သော မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က မွန်အမျိုးသားများအနေဖြင့် စာပေယဉ်ကျေးမှုအခွင့်အရေးဖြင့်သာ ဖြေသိမ့်မနေကြရန် အခမ်းအနားအဖွင့် မိန့်ခွန်းတွင် တိုက်တွန်းပြောကြားခဲ့သည်။

“မိမိမွန်အမျိုးသားတို့ရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေ နားလည်သိရှိဖို့လိုအပ်သလို အမျိုးသားအကျိုးစီးပွားတွေကို ထိခိုက်စေနိုင်တဲ့ အစွမ်းရောက်မှုတွေသတိထားရှောင်ကြဉ်ရပါမယ်၊ သမိုင်းကြောင်းအရ မိမိလူမျိုးသာ အမြတ်ဆုံးဆိုပြီး အခြားလူမျိုးတွေအပေါ်နှိမ့်ချတာတွေကို ဖယ်ရှားကြပါ” ဟုလည်း နိုင်ထောမွန်က ပြောသည်။

ထို့အပြင် မိမိတို့၏ရိုးရာယဉ်ကျေးမှုအပေါ် အထင်ကြီးပြီး တပါးလူမျိုးအပေါ် အထင်အမြင်သေးခြင်းနှင့် အမျိုးသားရေးဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်ရေးဦးစားပေးသည့်ချဉ်းကပ်မှုများအား ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ခန်းမ၌ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်တွင် မွန်အမျိုးသားကွန်ဖရင့်(၂၀၁၃) ဖွင့်ပွဲစတင်ကျင်းပခဲ့ရာ မွန်နိုင်ငံရေးခေါင်းဆောင်များ၊ အထင်ကရ မွန်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ မွန်လူမှုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် မွန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ လေ့လာသူနှင့် ဧည့်သည်တော်များအပါအဝင် တက်ရောက်သူ ၄၀ဝ ဦးခန့် ရှိသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လာမည့်အောက်တိုဘာလအတွင်း တစ်ပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကျင်းပသည့်အခါ သက်ဆိုင်သည့်ပါတီအဖွဲ့အစည်းများ တက်ရောက်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်၏ မိန့်ခွန်းတွင်လည်း “ကျနော်ဝန်ကြီးချုပ်ဖြစ်တဲ့သက်တမ်းမှာ ဒီလိုမွန်အမျိုးသားကွန်ဖရင့် ကျင်းပနိုင်ခဲ့တာကို အလွန်ဝမ်းမြောက်ဂုဏ်ယူမိတယ်” ဟု ပြောသည်။

ယခုကျင်းပသည့် မွန်အမျိုးသားကွန်ဖရင့်တွင် မွန်ပြည်သစ်ပါတီက “ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး”၊ မွန်ဒီမိုကရေစီပါတီက “မွန်တမျိုးသားလုံး စည်းလုံးညီညွတ်ခြင်း၏ အင်အားစုတစ်ရပ်”၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက “တည်ငြိမ်အေးချမ်းသာယာ တိုးတက်သောနိုင်ငံတော်သို့” စာတမ်းများ အသီးသီးတင်ပြကြမည်ဟု ကျင်းပရေးကော်မတီထုတ်ပြန်ချက်အရ သိရသည်။

ယခုညီလာခံကျင်းပပြီး ထွက်ပေါ်လာမည့်ရလဒ်များကိုအခြေခံ၍ လာမည့် ဒီဇင်ဘာလတွင် မွန်အမျိုးသားညီလာခံ Mon National Convention တစ်ရပ် ဆက်လက်ကျင်းပသွားရန် စီစဉ်ထားကြောင်း ကွန်ဖရင့်ဖြစ်မြောက်ရေးဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်အမျိုးသားကွန်ဖရင့်သည် (၁) မွန်အမျိုးသားညီလာခံ Mon National Convention တစ်ခု ကျင်းပရေး၊ (၂) မွန်တစ်မျိုးသားသွေးစည်း ညီညွတ်ရေး၊(၃) ပြည်ထောင်စုတွင် အဓွန့်ရှည်သောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးနှင့်(၄) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်၌ မွန်အမျိုးသားများပါဝင်ရေး စသည့်ဦးတည်ချက်(၄) ရပ်ပါဝင်ကြောင်း သိရသည်။

မွန်တိုင်းရင်းသားကွန်ဖရင့်သည် ယခုအခါမော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ယခင်ကာလက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများ၌ ၆ ကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

လျှပ်စစ်မီတာပျက်စီးမှုအတွက် လျော်ကြေးငွေ သိန်းတစ်ရာကျော် မပေးဆောင်သူ အမှုဖွင့် ခံရ

ဇော်ဇော်ထွေး

လျှပ်စစ်မီတာ ပျက်စီးမှုအတွက် သတ်မှတ်လျော်ကြေးငွေ (၁၁၇) သိန်း မပေးဆောင်သူကို အရေးယူပေးရန် တိုင်ကြားမှုကို မရမ်းကုန်းရဲစခန်းက စက်တင်ဘာ ၂၅ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အမှုတွင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနေ ဦးစန်းလှိုင်၏ နေအိမ်တွင် ပလပ်စတစ်လုပ်ငန်းအား ပါဝါမီတာ အမှတ် XN-7863 ဖြင့် လုပ်ကိုင်နေခဲ့ရာတွင် မီတာလုံခြုံမှုစနစ်အရ တပ်ဆင်ထားသည့် Cover Seal လေးလုံးအနက် တစ်လုံးကျွတ်ထွက်နေသည်ကို ဇွန်လ ၅ ရက်က စစ်ဆေးတွေ့ရှိ ခဲ့သည်ဟုလည်း ရဲမှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် လျှပ်စစ်စမ်းသပ်ရေးဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ပြုပြင်၍ မရသော မီတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသောကြောင့် အဆိုပါ မီတာအတွက် လျော်ကြေးငွေ သိန်းတစ်ကျော် ကျပ် ၁၁၇၂၈၄၀၀ အား ပေးဆောင်ရန် အကြောင်းကြားခဲ့သည်ဟုလည်းတရားလိုက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

သို့သော်လည်း ပေးဆောင်ခြင်းမရှိသဖြင့် လျော်ကြေး၊ နစ်နာကြေး၊ ဒဏ်ကြေးများ ပေးသွင်းရန် ပျက်ကွက်သည့် အပြင် ဌာနပိုင် လျှပ်စစ်မီတာအား မီတာယူနစ် မတက်အောင် ပြုလုပ်ဆောင်ရွက်ခဲ့သူ ဦးစန်းလှိုင်အား အရေးယူပေးရန် မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူးက အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထား ရသူ ဦးစန်းလှိုင်အား စစ်ဆေး လျက်ရှိကြောင်းနှင့် ပြစ်မှုကျုးလွန်ထားသည်ကို ဟုတ်မှန်ကြောင်း တွေ့ရှိပါက လျှပ်စစ်ဥပေဒ ပုဒ်မ ၃၃/၃၄ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်

ရန်ပိုင်

ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ (၉၀)နှစ်သည် ယမန်နေ့ည ၁၁ နာရီခန့်က အိန္ဒိယ နိုင်ငံ ဘုံဘေမြို့ နေအိမ်တွင် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားသည်။

ဈာပနကို မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ သားဖြစ်သူ ဗန္ဓုလ ကုမ္ပဏီပိုင်ရှင် ဦးရွှေနှင့် မိသားစုဝင်တချို့လည်း ယနေ့ နေ့လယ်က အိန္ဒိယနိုင်ငံသို့ လိုက်ပါ သွားကြပြီဖြစ်ကြောင်း နီးစပ်သူတဦးက ပြောသည်။

မာရာဝါရီ လူမျိုး ဆရာကြီး ဦးဂိုအင်ကာ ကို ၁၉၂၄ ခုနှစ်က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ဘိုးဘွားများမှာ သီပေါမင်းလက်ထက် ကတည်းက အိန္ဒိယနိုင်ငံမှ မန္တလေးမြို့ ပြောင်းရွေ့ကာ အထည်အလိပ်နှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ဖြစ် သည်။

ငယ်စဉ်က မန္တလေး စိန့်ပီတာကျောင်းတွင် တက်ရောက်သင်ကြားခဲ့ပြီး မိဘလက်ငုတ်စီးပွားရေး လုပ်ငန်းများဖြစ်သည့် အရောင်း အ၀ယ်လုပ်ငန်းများ ဖွံဖြိုးရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။

စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် ခေါင်းကိုက် ရောဂါ ဝေဒနာ ခံစားနေရသည်ကို ခေတ်မီ ဆေးပညာဖြင့် ကုသသော်လည်း ပျောက်ကင်းခြင်း မရှိပေ။

ထိုကြောင့် ၁၉၅၅ ခုနှစ်၌ ငွေစာရင်းမင်းကြီး ဦးဘခင် ဦးစီးသည့် တရားရိပ်သာတွင် လယ်တီ ဆရာတော်ဘုရားကြီး၏ တပည့် အနာဂါမ် ဆရာသက်ကြီး ၏ နည်းအတိုင်း အာနာပါန ၀ိပဿနာ ကမ္မဌာန်းတရားကို ၁၀ ရက် အားထုတ်ရာ သိသိသာသာ ပျောက် ကင်း ခဲ့သည့်အတွက် ၀ိပဿနာ ကမဌာန်းတရား ပြန့်ပွားရေး လုပ်ဆောင်ခဲ့သည်။

ထိုအတောအတွင်း ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် စီးပွားရေး လုပ်ငန်းတချို့ ပြည်သူပိုင် အသိမ်းခံခဲ့ရသည့် အပြင် အိန္ဒိယနိုင်ငံ ၌ ရောက်ရှိနေသည့် ဦးဂိုအင်ကာ ကိုယ်တိုင်လည်း မြန်မာပြည်သို့ ပြန်လာခွင့် ပိတ်ပင်ခြင်း ခံခဲ့ရသည်။

၁၉၆၉ ခုနှစ်မှ စတင်ပြီး အိန္ဒိယနိုင်ငံတွင် ကမ္မဌာန်းတရားပြ ဆရာ အဖြစ် ရိပ်သာကြီးများ ဖွင့်လှစ်ကာ ဆက်လက်လုပ်ဆောင် ကမ္ဘာ ကျော် တရားပြ ဆရာကြီး ဖြစ်လာခဲ့ပြီး ပျောက်ကွယ်နေသည့် ဗုဒ္ဓတရားတော်များ အတိုင်း ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည်။

၁၉၇၆ ခုနှစ်၌ အာကာပူရီ တရားပြ စခန်းကို စတင် တည်ထောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အင်ကာပူရီ စခန်းသည် ၀ိပဿနာ အင်စတီကျူ ဖြစ်လာခဲ့သည်။

ယခုဆိုလျှင် ကမ္ဘာအနှံ့ နိုင်ငံပေါင်းများစွာတွင် အမြဲတမ်း တရားရိပ်သာ ၁၅၀ ကျော်နှင့် ယာယီ တရားရိပ်သာပေါင်း များစွာ ဖွင့်လှစ် ထားပြီး လက်ထောက် တရားပြဆရာပေါင်း ၁၀၀၀ ခန့်နှင့် တရားဓမ္မ ပြန့်ပွားရေးများကို လုပ်ဆောင်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်လည်း ထောင်တွင်း တရားရိပ်သာ ၃ ခု အပါအ၀င် တရားရိပ်သာ ပေါင်း ၁၅ ခု ဖွင့်လှစ်ထားပြီး ယာယီ တရား ရိပ်သာ များလည်း ဖွင့်လှစ်ထားသည်။

မန္တလေးမြို့ရှိ ဆရာကြီး၏ တရားရိပ်သာတွင် တရားအားထုတ်ဖူးသူ တဦးက “ဆရာကြီးက အရမ်းကိုလေးစားဖို့ကောင်းတယ်၊ သူ့တရားက အလုပ်ပါတယ်၊ မိရိုးဖလာ ဗုဒ္ဓဘာသာ ကနေ တကယ်ကို ဗုဒ္ဓတရားတော်အကြောင်း သိအောင်လုပ်ပေးခဲ့တာပါ”ဟု ဆို သည်။

၂၀၀၀ ခုနှစ်က ကုလသမဂ္ဂ၌ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် နိုင်ငံပေါင်းစုံ ဘာသာရေး ခေါင်းဆောင်များ၏ ထောင်စုနှစ် ရည်မှန်းချက် များ တွေ့ဆုံပွဲတွင် ဆရာကြီး ဂိုအင်ကာ ၏ ငြိမ်းချမ်းရေး ဟောပြောချက်မှာ အထူးကျော်ကြားခဲ့သည်။

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

ဇော်ဇော်ထွေး

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ်္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။

အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးဖြစ်သူက ပြောပြရာတွင် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီအချိန်က နေအိမ်တွင် မီးပျက်နေသဖြင့် လမ်း အတွင်းရှိ ဈေးဆိုင်သို့ ဖယောင်းတိုင် သွားဝယ်ရာမှ ဈေးဆိုင် မရောက်ခင် လမ်းတွင် ပြစ်မှုကျုးလွန် ခံရခြင်းဖြစ်သည်ဟုလည်း ဖခင်က ရဲကို ထွက်ဆိုထားသည်။

သူမမှာ လမ်းအတွင်းတွင် မျိုးမင်းထိုက် (၃၂)နှစ် မင်္ဂလာဒုံမြို့နယ်နေသူ ပါသုံးဦးကို အရက်မူးလာသည်ကို တွေ့ရှိ ခဲ့ရသည်ဟု ဆိုထားသည်။ ထို့နောက် အမည်မသိသူ နှစ်ဦးက သူမအား လမ်းဘေးသို့ ဆွဲချ၍ မျိုးမင်းထိုက်က သားမယားပြုကျင့်ခဲ့ပြီးကျန်နှစ်ဦးကလည်း ဘေးမှ နေ၍ မဖွယ်မယာပြုလုပ်ခဲ့ကြသည်ဟု ရဲအား တိုင်တန်းထွက်ဆို ထားသည်။

ထို့ကြောင့် မျိုးမင်းထိုက် အပါအ၀င် သုံးဦးစလုံးကို အရေးယူပေးရန် ကာယကံရှင်၏ ဖခင်ဖြစ်သူက စွပ်စွဲ တိုင်တန်း လိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကြောင့် မင်္ဂလာဒုံ ရဲစခန်းက စက်တင်ဘာ ၂၅တွင် (ပ)၅၉၅/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထား ရသူ မျိုးမင်းထိုက်ကို ဖမ်းဆီးစစ်ဆေးနေကာ ကျန်နှစ်ဦးကိုလည်း ဖမ်းဆီးရမိရေး စုံစမ်းနေသည်။

ယင်းတို့ကို ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆/၁၁၄ဖြင့် တရား စွဲတင်မည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

ယင်းနေ့တွင်ပင် အသက် (၁၁)နှစ်အရွယ် ကလေးငယ်အား အသက်(၂၈)နှစ်ရှိ အိမ်ထောင်သည် အမျိုးသားတစ်ဦး က အဓမ္မပြုကျင့်ဟုဆိုကာ တိုင်တန်းထားမှု တစ်ခုကိုလည်း တာမွေရဲစခန်းက(ပ)၄၁၈/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံး၏ မှတ်တမ်းများအရ သိရသည်။

KIA နှင့် အစိုးရတို့ ရရှိထားသည့် သဘော တူညီချက်များ ပြန်လည် သုံးသပ်ရန်ရှိ

ရွှေဟင်္သာ

လာမည့် အောက်တိုဘာ ပထမ အပါတ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကိုယ်စားလှယ်များသည် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့နှင့် ရရှိထားသည့် သဘော တူညီချက်များ ပြန်လည် သုံးသပ်ကြရန် အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေး ကြရန် ရှိ သည်ဟု ပြောရေးဆိုခွင့်ရှိသူ KIA နည်းပညာ အဖွဲ့၏ ပြန်ကြားရေး အရာရှိ ဆရာ ဒေါင်းခါးက ဆိုပါသည်။

“ ကျနော်တို့ ကတော့ ပြီးခဲ့တဲ့ မေလ (၃၀) ရက်နေ့က သဘော တူထားတဲ့ အချက်တွေကို ပြန်လည် သုံးသပ်မယ်။ ပြီး တော့ ရှေ့ဆက် ဘယ်လို သွားမလဲ အပေါ်မှာ တင်ပြကြမှာ ဖြစ်တယ်။ အစိုးရ ဖက်ကတော့ ပြည်ထောင်စု အဆင့် ဆွေး နွေးပွဲလို့ ပြောနေတာကတော့ သူတို့ကိစ္စပါ။ ကျနော်တို့ကတော့ မေ(၃၀)ရဲ့ ဒုတိယ အကြိမ် ပြန်လည် သုံးသပ်တဲ့ ဆွေး နွေးပွဲ သဘောဘဲ သတ်မှတ်ပါတယ်” ဟု ဆိုပါသည်။

လာမည့် အောက်ဘိုဘာ (၈၊၉၊၁၀) ရက်နေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်ဟု သဘော တူထားပါသည်။ အစိုးရတပ်ဖွဲ့ များသည် KIA အားစစ်ဆင်မှု လျှော့ကျ သွားခဲ့သော်လည်း KIA တပ်မဟာ (၃) နှင့် တပ်မဟာ (၄)တွင် နေ့စဉ်နှင့် အမျှ အစိုးရတပ်များက လာရောက် တိုက်ခိုက် နေသဖြင့် ကြိုကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်ဟု ဆိုပါသည်။

တချို့တိုက်ပွဲ များသည် အစိုးရ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လုံခြုံရေးနှင့် ပါတ်သက် နေလိမ့်မည် ဖြစ်ကြောင်း၊ အထူးသဖြင့် တပ်မဟာ (၄) နယ်မြေတွင် အစိုးရ ဂက်စ်ပိုက်လိုင်း လုံခြုံရေး နယ်မြေ ဖြစ်နေသည်ဟု တွက်ဆ ရကြောင်း KIA အရာရှိက ဆိုပါသည်။

ဤသို့ကြောင့် အဆိုပါ ပြသနာများကို ပြန်လည် သုံးသပ်ပြီး ဖြေရှင်းသွားရန်နှင့် ရှေ့ဆက် အစီစဉ်များ ကို ဆွေးနွေးကြ ရန်ဖြစ်ပါသည်။ အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းကမူ အပစ်အခတ် ရပ်စဲရန် ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်း (၁၆) ဖွဲ့ အနက် (၁၄) ဖွဲ့နှင့် ၄င်းတို့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ နောက်နှစ်ဖွဲ့ဖြစ်သည့် ပလောင်နှင့် KIA တို့အား အပစ်အခတ် ရပ်စဲရန် ပြည်ထောင်စု အဆင့်ဖြင့် ကြိုးစား သွားမည်ဖြစ်ကြောင်း ယမာန်နေ့ ငြိမ်းချမ်းရေး စင်တာ ၌ကျင်းပခဲ့သော နိုင်ငံရေး ပါတီ (၃၇) ဖွဲ့ မှ ကိုယ်စားလှယ် (၆၈) ဦး တက်ရောက်သော ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့ပါသည်။

KIA ဖက်ကမူ ဆက်ဆံရေးရုံး ထားရှိရေးကို ယင်းဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။ KIA နှင့် အစိုးရတို့ ပြန်လည် သုံးသပ် ကြမည့် ငြိမ်းချမ်းရေး သဘော တူညီချက် ၇ ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁)-နိုင်ငံတော် အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ရန် သဘောတူသည်။

(၂)-နှစ်ဖက် တပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

(၃)-နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

(၄)-နယ်မြေ လုံခြုံရေး အရ နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

(၅)-တပ်ပိုင်းဆိုင်ရာ တပ်နေရာ ချထားမှုများနှင့် ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

(၆)-လိုအပ်သော လုပ်ငန်းစဉ်များကို ညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီး နားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

(၇)-နောက်တကြိမ် ဆွေးနွေးပွဲတွင် ယခု အကြိမ် တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည် တက်ရောက်ရန် သဘော တူညီသည်။ အခြား ဖိတ်ကြား လိုသော အဖွဲ့များ ရှိပါက နှစ်ဖက် ညှိုနှိုင်း ဆောင်ရွက်သွားရန် သဘော တူညီကြပါသည်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ ပြသနာကို ဖြေရှင်းရာ၌KIA သည် အပစ်အ ခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲထက် နိုင်ငံရေး အရ ဆွေးနွေးမှု ပြေလည်စေသည့် နည်းဖြင့် အဖြေရှာရန် သဘောထားပြီး၊ အစိုးရသည် အပစ်အခတ် ရပ်စဲ လက်မှတ် ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးရန် သဘောထားခဲ့ပါသည်။

KIA သည် အစိုးရ အဆိုပြု သလို ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပါသည်။ သို့သော် အစိုးရ သည် KIA တပ်များ နယ်ခြား စောင့်တပ် အသွင်ပြောင်းခိုင်းရေး ဖိအားဖြင့် ၂၀၁၁ ခုနှစ် ဇွန်လတွင် စတင် တိုက်ခိုက် လာရာမှ အစိုးရသည် အပစ်အခတ် ရပ်စဲရေးကို ဖျက်ဆီး ခဲ့ပြီးဖြစ်ပါသည်။

အင်းစိန်က ဟွားဝေဖုန်းဆိုင် ဖောက်ထွင်းခဲ့သူမှာ ထောင်ဒဏ် ၈၃ နှစ်ကျခံနေရသူဖြစ်

ဇော်ဇော်ထွေး

အင်းစိန်မြို့နယ်အတွင်းရှိ ဟွားဝေ ဖုန်းဆိုင်အား ဖောက်ထွင်းခဲ့သူမှာ ခိုးမှုများဖြင့် ထောင်ဒဏ် ၈၃ နှစ်ကျခံနေရ သည့် ထောင်ပြေးတစ်ဦးဖြစ်ပြီး ယင်းကို စက်တင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက မှုခင်းသတင်း ထုတ်ပြန်လိုက်သည်။

အမှုမှာ စက်တင်ဘာ ၈ရက်က အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရှိ ဟွားဝေဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင် ကို ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဖောက်ထွင်းမှုကြောင့် ဖုန်းဟန်းဆက်မျိုးစုံ (၁၂၄)လုံး၊ တစ်သောင်းတန်ငွေဖြည့်ကတ် (၅၉)ကတ်၊ ငါးထောင်တန် ငွေဖြည့်ကတ် (၆၆)ကတ်တို့ ခိုးယူခံရပြီး တန်ဘိုးအားဖြင့် ငွေကျပ် တန်ဘိုး သိန်း(၁၈၀) ကျော်ဖိုးအထိ ဆုံးရှုံးခဲ့ရသော အမှုတစ်ခုလည်း ဖြစ်သည်။

ယင်းဖောက်ထွင်းခံရမှုကြောင့် ဆိုင်တာဝန်ခံဖြစ်သူ မသူဇာက စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့်ခဲ့ရာ အင်းစိန်ရဲ စခန်းက (ပ) ၉၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ တို့ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

စုံစမ်းစဉ်အတွင်း ဆက်စပ်ပြည်သူများ၏ ကူညီမှုကြောင့် ပြစ်မှုကျူးလွန်ခဲ့သူမှာ ကျော်မင်းလွင် ရွှေလင်းဗန်း စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်နေသူဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်ဟုလည်း ဆိုထားသည်။

၎င်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာတွင် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ကြည့်မြင် တိုင် အနောက်ပိုင်း ဆေးရုံအနီးတွင် တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူသည် ဖောက်ထွင်းမှု၊ ခိုးမှုများဖြင့် ၂၀၀၀ပြည့်နှစ်တွင် ထောင်ဒဏ်(၈၃)နှစ်ထိ ကျခံနေရသူ တစ်ဦး ဖြစ်သည်ကို စစ်ဆေးတွေ့ရှိထားသည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

၎င်းသည် ၂၀၁၂ခုနှစ်(၁၁)လပိုင်းက မွန်ပြည်နယ်၊ မုပ္ပလင်ရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့သူလည်းဖြစ်သည်။

ထို့ပြင် ဖုန်းဆိုင် ဖောက်ထွင်းမှုတွင်လည်း အခင်းဖြစ်ဆိုင်၏ နောက်ဘက် ပြူတင်းပေါက်အား သံတူရွင်းဖြင့် ကလော်ဖွင့်ပြီး အတွင်းရှိ သံပန်းတံခါးသော့ကို ဖျက်ဆီးဝင်ရောက်ကာ အမှုမှ ပျောက်ဆုံးပစ္စည်းများကို ခိုးယူခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ထို့ကြောင့် ယင်းခိုးယူခဲ့သော သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်နေပြီး ယင်းကိုလည်း တရားစွဲတင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ် ပြန်ထားသည်။

တစ်ရက်လျှင် မြေသိမ်းပြဿနာ ၂ မှုနှုန်း ဖြေရှင်းပေးမည်ဟု အစိုးရ ကတိပြု

မင်းမင်း

ဒု-သမ္မတဦးဥာဏ်ထွန်းဦးဆောင်ကာ အသစ်ဖွဲ့စည်းလိုက်သော မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီက လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တိုင်ကြားထားသည့် မြေသိမ်းပြဿနာအမှုများအားလုံးကို တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟု ယင်းကော်မတီက ကတိပြုပြောဆိုလိုက်သည်။

ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းထားသော လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ထံပြည်သူများတိုင်ထားသည့် လယ်ယာမြေပြဿနာပေါင်း ၇၄၅ မှု ရှိနေသည့်အတွက် တစ်ရက်လျှင် ၂ မှုနှုန်းဖြေရှင်းပေးမည့်သဘောဖြစ်နေသည်။

"ဒီနေ့အထိရရှိလာတဲ့ ၇၄၅မှု ကို တစ်နှစ်အတွင်းပြီးပြတ်အောင် ရည်မှန်းပြီးတော့ ဆောင်ရွက်နေတာ။ အတတ်နိုင်ဆုံးတော့ ပြီးနိုင်ဖို့ဆောင်ရွက်မယ်" ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းကပြောသည်။

မြေယာပြဿနာများကိုဖြေရှင်းရန် စက်တင်ဘာလ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၏ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား စက်တင်ဘာလ ၂၇ ရက်က နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရှိ အင်ကြင်းခန်းမတွင် မီဒီယာများကို ဖိတ်ကြားပြီး ထုတ်ပြန်ရှင်းလင်းစဉ် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကော်မတီတွင်အဖွဲ့ဝင်ဖြစ်သည့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကလည်း "ပြီးပြတ်အောင်ကျွန်တော်တို့လုပ်သွားမယ်။ နောက်နောင်လည်းဒီလိုမဖြစ်ရအောင် တစ်ခုခုလုပ်တော့မယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်။ မူလပိုင်ရှင်တွေနဲ့ ကျေလည်အောင်ညှိနှိုင်းမယ်"ဟု ကတိပြုပြောဆိုသည်။

မြေအသုံးချမှုစီမံခန့်ခွဲ့ရေးကော်မတီတွင် ဗဟိုကော်မတီတစ်ရပ်အဖြစ် ဒုသမ္မတဦးဥာဏ်ထွန်းက ဥက္ကဌ၊ ပြည်ထဲရေးနှင့် လယ်/ဆည်ဝန်ကြီးနှစ်ဦးက ဒုတိယဥက္ကဌနှင့် ပြည်ထဲရေးဒုတိယဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အားလုံးရှိ ဝန်ကြီးချုပ်များက အဖွဲ့ဝင်အဖြစ်ဆောင်ရွက်မည်ဖြစ်သည်။

ဗဟိုကော်မတီ၏ လက်အောက်တွင် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအားလုံးတွင်လည်း မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမျာကို ဖွဲ့စည်းထားသည်။

မြေယာပြဿနာဖြစ်ပွားသည့်နေရာသို့ ခရိုင်နှင့်မြို့နယ်ကော်မတီတို့က ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ပြီး ထိုကဲ့သို့လာရောက်စစ်ဆေးပါက ထိုမြေများနှင့်ပတ်သက်သည့် စာရင်းဇယားအချက်အလက်မှန်ကန်စေရန် ရပ်ကွက်/ကျေးရွာအုပ်စုကော်မတီက ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ကော်မတီဖြေရှင်းပေးမည့် လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ထံသို့ တိုင်ကြားထားသည့် တိုင်ကြားစာများတွင် စစ်တပ်ကသိမ်းထားသည့် လယ်ယာမြေများ၊ အစိုးရစီမံကိန်းလုပ်ငန်းများအတွက် သိမ်းထားသည့် လယ်ယာမြေများနှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ သိမ်းထားသော လယ်ယာမြေတို့ဖြစ်သည်။ တိုင်စာ ၇၄၅ မှုအနက် စစ်တပ်သို့ တိုင်ကြားထားသည့်စာမှာ ၅၆၅ မှု ရှိသည်။

တိုင်စာအများဆုံးဖြစ်သည့် စစ်တပ်သိမ်းမြေများမှာ နိုင်ငံတစ်ဝန်းတွင် ဧကပေါင်း ၂၉၇၀၀၀ ကျော်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင်က ဝန်ခံပြောဆိုထားသည်။

အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရက ပိုင်ရှင်လယ်သမားများအား အမြန်ပြန်ပေးရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဩဂုတ် ၂၉ ရက်က သမ္မတထံသို့ သဝဏ်လွှာပို့ထားသေးသည်။

ဂျပန်က ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်ရန်သာ သုံးမည်ဟု ဆို

ကျော်ခ

ဂျပန်နိုင်ငံမှပေးအပ်မည့် ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက်သာ အသုံးပြုရန် စီစဉ်ထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပသော အဆင့်မီ မြို့ပတ်ရထား စတင်ပြေးဆွဲခြင်းကိစ္စနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရထားတွဲတွေ အဆင့်မြှင့်တင် ပြေးဆွဲရေးကတော့ အခုချက်ချင်းလက်ငင်း ဖြစ်လာနိုင်ရန် မလွယ်သေးဘူး။ နောက်ရလာတဲ့ ချေးငွေကလည်း ရထားတွဲတွေပါ အဆင့်မြင့်ဖို့၊ ဘူတာတွေ အဆင့်မြင့်ဖို့လောက်အထိ မရဘူး။ တဖြည်းဖြည်းချင်း လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ယခင်ဝန်ကြီးများ လက်ထက်က အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှ ရရှိခဲ့သည့် ချေးငွေများနှင့် စက်ခေါင်းသစ်၊ လူစီးတွဲ၊ ကုန်တွဲများ ဝယ်ခြင်း၊ စက်ခေါင်း ထုတ်လုပ်သည့် စက်ရုံတည်ခြင်း၊ သင်တန်းကျောင်းများ အဆင့်မြှင့်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ ကြောင်း၊ ယခုရရှိမည့် ဂျပန်ချေးငွေကိုမူ လမ်းပိုင်း အဓိကထားကာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန် မန္တလေး ရထားလမ်းပိုင်း အဆင်မြှင့်ရေးအတွက် ၁. ၇ ဘီလီယံ သုံးရန် စီစဉ်ထားကြောင်း၊ ကျန်ရှိငွေများကို မြို့ပတ်လမ်းပိုင်း အဆင့်မြင့်ရေး အတွက် သုံးစွဲမည် ဖြစ်ကြောင်း ၎င်းက ချေးငွေသုံးစွဲမှုနှင့် ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည် ဖြေကြား ခဲ့သည်။

ထို့အပြင် မြေအောက်ရထား၊ မိုးပျံရထား ပြေးဆွဲရေး၊ ဘူတာများ အဆင့်မြှင့်ရေး အတွက် နိုင်ငံတကာမှ အကူအညီ ရယူရန် စီစဉ်ထားကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို တင်ပြပေးရန် နိုင်ငံ ၅ ခုကို ပြောကြားထားပြီး ဖြစ်ကြောင်း၊ အကောင်းဆုံး တင်ပြနိုင်သည့် နိုင်ငံနှင့် လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဘူတာတွေမှာ အိမ်တွေပါ ပါမယ့် အလွှာလိုက် နေနိုင်မယ့် အဆောက်အဦးတွေ ဆောက်ဖို့ စီစဉ်ထားတယ်။ ဘယ်သူနဲ့ လုပ်မလဲ ကတော့ ရွေးတုန်းပဲမို့ မပြောတတ်သေးဘူးပေါ့။ ဒါလိုတွေလုပ်မှ ရထားစီးသူ များလာမယ်။ ဒီအတွက် လုပ်မှာပါ။ ပထမဆုံး ကတော့ လမ်းပိုင်း ပြင်ပါမယ်” ဟု ဦးသန်းဌေးက ဆက်ပြောသည်။

ရထားသံလမ်းပိုင်း အဆင့်မြှင့်တင်ရေးတွင် ပြေးလမ်းသစ် ထပ်မံရှာဖွေ သွားရန် အတွက်လည်း စီစဉ်ထားကြောင်း၊ လက်တွေ့တွင် ရထားလမ်းပိုင်း၌ အမြန်ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ ဖြတ်လမ်းပိုင်းများနှင့် အောက် ခံပိုင်းများအား အမြန် ပြေးဆွဲနိုင်ရေးအတွက် လဲလှယ်ပြင်ဆင်ရန် လိုအပ်နေကြောင်း၊ သံလမ်းအနီးနားတွင် လူနေအိမ်များရှိခြင်း၊ ဈေးရောင်းချ နေခြင်းတို့ကြောင့် ဖြစ်ကြောင်း သူက ဆိုသည်။

“ပထမအဆင့်ကတော့ ရထားသံလမ်းပိုင်းနားက လူတွေကို သူတို့ဟာ ကျူးကျော်တွေ ဆိုတာ အကြောင်း ကြားထားပါတယ်။ ဘယ်တုန်းက စနစ်ကြောင့် ဘယ်လိုတွေ ရောက်လာလဲဆိုတာ ပြန်စစ်ရမယ်။ ခက်တော့ ခက်တယ်။ ကျူးကျော်သူတွေက ကျူးကျော်နေတာကို မသိဘဲ ဆန္ဒပြမယ်ဆိုတော့ ဥပဒေ စိုးမိုးမှုက ပြောရခက်တယ်။ တခုကတော့ အခုသံလမ်းနားက အိမ်ယာ ဘယ်လောက် ကျူးကျော်နေတယ် ဆိုတာကို စာရင်း လိုက်ကောက်နေတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာတော့ ပြောရ စောသေးတယ်။ သေချာတာကတော့ စာရင်း စကောက်နေပါပြီ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် သံလမ်းတလျှောက် ဈေးရောင်းချခြင်း၊ အမှိုက်ပစ်ခြင်း တို့ကြောင့် လမ်းပိုင်း အဆင့်မြှင့်ရေးမှာ အခက်အခဲ များစွာရှိ နေကြောင်း သိရသည်။

“လူပေါက်စေ့တော့ ဝန်ထမ်းတွေက လိုက်မကြည့်နိုင်ဘူး။ အဆင့်မြင့်မြင့် စီးချင်ရင် တယောက်ချင်းစီက စည်းကမ်းရှိဖို့ လိုတယ်။ အကောင်းအတိုင်း စီးစေချင်လို့ ချပေးရင်တောင် ဖျက်ဆီးသွားတာတွေ၊ အမှိုက်မပစ်ရဆို ပစ်တယ်။ ဥုံဖွ မန်းပြီး လုပ်လို့မှ မရတာ။ ရှေ့ကလုပ်၊ နောက်က ဖျက်ဆီးဆိုလည်း မခံနိုင်ဘူး။ အခုက ရထားက မလုပ်လို့လို့ ပြောကြတယ်။

အကုန်လုံးကို နေ့စဉ်အလုပ် လိုက်ကြည့်စေချင်တယ်၊ မနိုင်တာ။ အမှိုက်ကောက် မနိုင်ဘူး၊ ရထားလမ်းပေါ် ဈေးရောင်း၊ရထားလာရင် ခါးလေးကော့ရှောင်နဲ့ ဘယ်လို လုပ်ရမလဲဆိုတာ တော်တော် ခေါင်းခြောက်ရပါတယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုမှ အဆင့်မမြင့်နိုင်ဘူး”
ဟု ဦးသန်းဌေးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ကြုံတွေ့နေရသော ယာဉ်ကျောပိတ်ဆို့မှုကို ကုစားနိုင်ရန်အတွက် အဆင့်မီ အဲကွန်း မြို့ပတ်ရထားကို အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ စမ်းသပ်အနေဖြင့် တွဲဆိုင်း ၅ ဆိုင်းပါ ရထားတစီးဖြင့်သာ စတင် ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ နောက်ပိုင်းတွင် ထပ်တိုးကာ ပြေးဆွဲသွားရန် စီစဉ်ထာေးကြာင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် စတင်ပြောင်းလဲ ပြေးဆွဲမည့် အဆင့်မီ အဲကွန်း မြို့ပတ်ရထားကို လူတဦးလျှင် ၄၀၀ ကျပ်နှုန်း၊ နိုင်ငံခြားသား တဦး လျှင် ၂ ဒေါ်လာ နှုန်းဖြင့် လာမည့် အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွဲများတွင် ပစ္စည်း ဝန်စည်စလယ်များ တင်ဆောင်ခွင့်မပေးဘဲ လူစီး သီးသန့်သာ လက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

“ပြေးဆွဲမှုတခေါက်ကို ငွေကျပ် ၁ သိန်းကျော် ရှုံးပါတယ်။ ရထားဝန်ကြီးဌာနရဲ့ လုပ်ငန်းပိုင်းအရ ပထမဆုံး အနေနဲ့ စတင်လုပ် ဆောင်တာပါ။ အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ နည်းပညာနဲ့ ငွေကြေးပိုင်းကို ဝန်ကြီးဌာနကနေ တာဝန်ယူပြီး လုပ်နေပါတယ်။ ကျနော်တို့ ပြည်သူတွေက မပါဝင်ဘဲနဲ့တော့ မလုပ်နိုင်ပါဘူး။ တွဲတွေ ရေရှည်ခံဖို့ ပြည်သူတွေက ဝိုင်းထိန်း ပေးစေချင်တယ်” ဟု ဦးသန်းဌေးက ပြောသည်။

အဆိုပါ ရထားတွဲမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ချက်ချင်းရပ်တန့်နိုင်သည့် တစီးတည်းသော ရထားဖြစ်ပြီး သန့်စင်ခန်းမှာ လည်း ယခင်စနစ်များကဲ့သို့ မဟုတ်သည့် လေယာဉ်ပျံများတွင် သုံးသော ပြန်သိမ်းစနစ်ကို သုံးစွဲထားကြောင်း သိရသည်။

“ဘူတာက ၁၃ ဘူတာပဲ ရပ်မယ်။ မြို့တပတ်ကို အရင်က ပတ်ရင် ၂ နာရီ မိနစ် ၅၀ ကြာတယ်။ ဒီရထားက အရင် ရထားတွေ ပြေးချိန်ထက် ၃၅ မိနစ် ပိုသက်သာတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိ ပြေးဆွဲနေသည့် မြို့ပတ်ရထားများတွင် ကုန်စည် တင်နိုင်ရန်အတွက် ကုန်စည်တွဲများကို ချိတ်သွားရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွဲများတွင်သာ ကုန်စည်များ တင်ရမည်ဖြစ်ပြီး တခြား တွဲများတွင် ကုန်စည်တင်ခွင့်ကို အောက်တိုဘာလမှ စ၍ ခွင့်မပေးတော့ကြောင်း၊ ကုန်စည်တွဲများကို ရုံးချိန်တွင်း ဆွဲသည့် မနက် ၈ နာရီမှ ၁၀ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီ စသည့် ရထား နှစ်စင်းမှ လွဲ၍ ကျန်အချိန် ပြေးဆွဲသည့် မြို့ပတ်ရထားတိုင်းတွင် ချိတ်ဆွဲသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အထွေထွေ မန်နေဂျာ ဦးမြင့်ဝေက ရှင်းပြသည်။

စတင်ပြေးဆွဲမည့် အဆင့်မီ မြို့ပတ်ရထားများကို အင်းစိန် – မင်္ဂလာဒုံ – ရန်ကုန်မြို့ပတ် အဖြစ် အောက်တိုဘာ ၆ ရက်နေ့မှ ၈ ခေါက်စီ စတင် ပြေးဆွဲမည် ဖြစ်ကာ ဘုရားလမ်းဘူတာ၊ ကြည့်မြင်တိုင် ဘူတာ၊ ကမာရွတ် ဘူတာ၊ သမိုင်း ဘူတာ၊ အင်းစိန် ဘူတာ၊ ဒညင်းကုန်း ဘူတာ၊ မင်္ဂလာဒုံ ဘူတာ၊ ပုရွက်ဆိတ်ကုန်း ဘူတာ၊ ရထားကလေး ဘူတာ၊ ကံဘဲ့ဘူတာ၊ မလွှကုန်း ဘူတာ၊ ပုစွန်တောင် ဘူတာနှင့် ရန်ကုန်ဘူတာကြီး တို့တွင်သာ ရပ်သွားမည်ဖြစ်ပြီး လပေး စီးနင်းမှုများကိုလည်း ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို

မောင်အေး

ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။

၎င်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အတွင်းရှိ ၁၇ မြို့နယ်မှ တစ်မြို့နယ် (၃) ဦးကျစီဖြင့် ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ခဲ့ပြီး လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ဆိုသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း ၆၅ နှစ် ကာလအတွင်း နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး စသည့် ဘက်ပေါင်းစုံ အခက်အခဲများနှင့် အထူး ဆိုးဝါးစွာ ရင်ဆိုင်နေကြရာ နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ပထမဆုံး ရခိုင်အမျိုးသားက တွေ့ဆုံပြီး မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ ရင်ဖွင့် ပြောဆိုခွင့် ရရှိခဲ့သဖြင့် အကျိုးရှိသော တွေ့ဆုံမူဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ မတည်မငြိမ် ဖြစ်သော ဘင်္ဂလီ ကိစ္စ၊ စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမူကြောင့် ရခိုင်လူမျိုးများ နေရပ်ရင်း စွန့်ခွာနေရသော လူမျိုးရေး ဆိတ်သုန်းမူ လမ်းသော ဦးတည်နေသော ကိစ္စ၊ ရခိုင်မှ ထွက်ရှိသော သဘာဝ သယံဇာတများကို ဆင်းရဲ နိမ့်ကျနေသော ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခွဲဝေ သုံးစွဲခွင့် ရရှိရေး ကိစ္စရပ်များကို ရခိုင် အမျိုးသားများဘက်ကမှ အလေးအနက် တင်ပြ ခဲ့ကြသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ်များက တင်ပြခဲ့သည့် အကြောင်းအရာများကို ယင်းမြို့နယ် ကိုယ်စားလှယ် ဆရာထွန်းလွင်က နိရဉ္စရာသို့ ယခုလို ပြောသည်။

“ ကျွန်တော်တို့က စာတမ်း တစ်ခုတင်ပါတယ်။ ၃ မိနစ်သာ ဆွေးနွေးခွင့်ရတဲ့အတွက် ရွှေဂစ် ကိစ္စရယ်၊ ဘင်္ဂလီနဲ့ ပတ်သတ်တဲ့ကိစ္စ အပါအ၀င် တခြားအချက်တွေကိုလည်း ဆွေးနွေး တင်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ဘင်္ဂလီကိစ္စကိုတော့ အားလုံးမြို့နယ်တိုင်းက ကိုယ်စားလှယ်တွေ တင်ပြ ဆွေးနွေးကြပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်တိုင်းမှ ကိုယ်စားလှယ်များ တင်ပြဆွေးနွေးကြသည့် အထဲတွင် ဘင်္ဂလီ လူမျိုးများ၏ ကျူးကျော်မူနှင့် ရခိုင်ပြည်နယ်ကို အပိုင်သိမ်းရန် ကြံရွယ်ချက်များကို တင်ပြကြရာ သူရ ဦးရွှေမန်းမှ အလေးအနက်ထား နားထောင်ပြီး၊ တစ်စုံတစ်ရာ ကောက်ချက်ချ မပြောကြားသော်လည်း လွတ်တော်တွင် ဆွေးနွေးရန် လိုအပ်သည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ဆရာထွန်း လွင်က ဆိုသည်။

“ သူရ ဦးရွှေမန်းကတော့ ရွှေ သဘာဝ ဓါတ်ငွေ့နဲ့ တခြားကိစ္စတွေကိုတော့ နားထောင်ရုံ သက်သက်ဘဲ။ ပြန်ဆွေးနွေးတာမရှိဘူး။ ဘင်္ဂလီ ကိစ္စကို မြို့နယ်တိုင်းက တင်ပြဆွေးနွေးကြတဲ့ အတွက် လွတ်တော်မှာဆက်ပြီး ဆွေးနွေးရမယ်။ ရခိုင်တွေရဲ့အကြောင်းကို နားလည်ရုံနဲ့ မပီးဘူး။ ရခိုင်တွေရဲ့ ခံစားနေရတာတွေကို ကိုယ်ချင်းစာနာရုံနဲ့ မပီးဘူး။ လွှတ်တော်ဘက်က ဆောင်ရွက် ပေးသင့်တာကို ဆောင်ရွက် ပေးနိုင်ဖို့အတွက် လွတ်တော်မှာဆက်ပြီး ဆွေးနွေးရမယ်လို့ သူက ပြောဆို သွားပါတယ်” ဟု ကိုထွန်းလွှင်က ပြောသည်။

ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ရန်ကုန်မြို့ရှိ နိုင်ငံတကာ စီးပွားရေး ခန်းမ (IBC) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့မှ ကိုယ်စား လှယ်များ (၅၀) ကျော်အပါအ၀င် တခြား ဖိတ်ကြား ထားသူ စုစုပေါင်း ပရိသတ် ၅၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုစိန်ချစ်ကလည်း သူတို့မြို့နယ်အတွက် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များ ကို ယခုကဲ့သို့ပြောသည်။

“ ကျွန်တော်တို့က ၁၉၈၂ ခု နိုင်ငံသားဥပဒေနဲ့ ဆွဲ၊တင်၊စစ်ကိစ္စ။ နောက်တခါ တရားရေး စနစ်ကို ပြန်လည် ဆန်းစစ်သင့်တဲ့ ကိစ္စ၊ နောက်ပြီး ပုဒ်မ ၁၈ ကို ပြည်သူ့လွတ်တော်မှာ ပြန်လည် ဆန်းစစ် သင့်တယ် ဆိုတဲ့ အချက်တွေနဲ့ တခြား အချက် တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် မြို့အသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မိမိတို့မြို့နယ် အလိုက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး စာတမ်းများကိုလည်း တင်ခဲ့ကြသည်။

ဆွေးနွေးပွဲကို လွှတ်တော် ဥက္ကဌ သူရရွှေမန်း၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်း အစိုးရ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

လာမည့်လွတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ ကိစ္စများကို ဆွေးနွေးရန်ရှိသည့်အတွက် ရခိုင်တိုင်း ရင်းသားများမှ ယခုကဲ့သို့တင်ပြခွင့်ရသည့်အတွက် ဆွေးနွေးပွဲကို ကြေနပ်မှု ရှိကြောင်းလည်း ကျောက်ဖြူ ကိုယ်စားလှယ် ဆရာထွန်းလွင်က ဆိုသည်။

ယခုတွေ့ဆုံမူသည် သမိုင်းနှင့်ချီပြီး ဗမာ အုပ်ချုပ်သူများ အပေါ် ရခိုင်အမျိုးသားများမှ ယုံကြည်မူ ကင်းမဲ့နေမူနှင့် ရခိုင်ပြည်နယ် မဖွံ့ဖြိုး မတိုးတက်ဘဲ အဘက်ဘက်မှ နိမ့်ကျနေရခြင်းမှာ လူမျိုးရေး အရ ဗမာ အုပ်ချုပ်သူများက ပေါ်လစီချမှတ် ကျင့်သုံးနေသည်ဆိုသော သံသယကို အထိုက်အလျှောက် ပြေလျှော့ကျစေလိမ့်မည်ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။


မြန်မာ အုပ်ချုပ်သူများသည် ရခိုင်လူမျိုးများအား မယားပါသားကဲ့သို့ သဘောထားပြီး ရခိုင်ပြည်နယ်ကိုမူ ပထွေးဆီက အမွေရသော ပစ္စည်းပမာ သဘောထားကာ လုံးဝ လျစ်လျူရှု့ ပစ်ပယ်ထားသည်ဟု ရခိုင်ပြည်သူ အများစုမှ ထင်မြင် ယူဆနေကြသည်မှာ ဆယ်စုနှစ်နှင့် ချီပြီး ရှိနေပြီ ဖြစ်သည်ဟု သိရှိရသည်။

မုံရွာမြို့ပြည်ထောင်စု လမ်းဆုံအနီး ရထားနှင့် ကားတိုက်

ကိုတိုးကြီး (မုံရွာ)

ကားနှင့်ရထား ကန့်လန်ဖြတ်ကာတိုက်သည့် ယာဉ်တိုင်မှုတစ်ခု မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် အင်းရွာသစ်အောင်မင်္ဂလာလမ်းနှင့် ပြည်ထောင်စုလမ်းဆုံအနီး ရထားလမ်းဖြတ်တစ်နေရာတွင် စက်တင်ဘာ ၂၆ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ခင်ဦး-မုံရွာရထားလမ်းပိုင်းရှိ တင်းတိန်ရံဘူတာမှ မုံရွာဘူတာသို့ ခုတ်မောင်းလာသည့် လော်ကယ်ရထား စက်ခေါင်း အမှတ် ၁၂၈ သည် မုံရွာမြို့ ပြည်ထောင်စုလမ်းဆုံအနီးသို့ ရောက်ရှိစဉ် ရထားလမ်းပေါ် ဖြတ်ကျော် လာသည့် ပါဂျဲရိုးအမျိုးအစားယာဉ် အမှတ် ၇ခ/၅၃၅၃ကို ကန့်လန့်ဖြတ်တိုက်မိခြင်း ဖြစ်သည်ဟု မုံရွာခရိုင်အမှတ် ၁၄ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးခင်ဇော်မြင့်က ပြောသည်။

ကားနှင့်ရထားတိုက်မိခြင်းကြောင့် ရထားစက်ခေါင်းရှေ့တွင် ပါဂျဲရိုးကား ချိတ်လျက် ပါသွားပြီး ပေ ၁၀၀ ကျော် အကွာအဝေးထိ ရောက်ရှိသွားခဲ့သည်။ ကားမောင်းသူ ဒေါက်တာမင်းမင်းကျော်က ထိုအချိန်တွင် မိုးသည်းထန်စွာ ရွာနေခြင်း ကြောင့် မှန်တံခါးများကို အလုံပိတ်ကာ မောင်းနှင်လာရာမှ ကားနှင့် ရထားတိုက် မိခြင်းဖြစ်သည်ဟု မဇ်္ဈိမကို ပြောသည်။

ထိုကဲ့သို့ ကားနှင့်ရထား တိုက်မိခြင်းကြောင့် ဦးမင်းမင်းကျော်ခြေမပွန်းဘဲ ဒဏ်ရာနှင့် ၀ဲဘက်လက်ဖမိုးတို့တွင် ဒဏ်ရာများ ရရှိသွားခဲ့သည်။ ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ ရောက်ရှိနေသူ မုံရွာ မီးရထားဘူတာရုံပိုင်ကြီး ဦးဇော်လွင် ၏ ပြောပြချက်များအရ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရထားပေါ်၌ စီးနင်းလိုက်ပါသူ ခရီးသည် ၁၀၀ ၀န်းကျင်ခန့် လိုက်ပါသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု လုံးဝမရှိဟု ဆိုသည်။

ယဉ်တိုက်မှုအတွက် မုံရွာမြို့ မီးရထားတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။

သံတွဲ ပဋိပက္ခ မပြန့်ပွားစေရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်း ထိန်းချုပ်

ထက်နိုင်ဇော်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခအချို့ ထပ်မံဖြစ်ပွားရာ နေအိမ်နှစ်လုံး မီးရှို့ခံရပြီး အကြမ်းမှုဖက်မှုများ ဆက်လက် ဖြစ်ပွားခြင်း မရှိစေရန် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ဦးကျော်ဇံလှ ပိုင်ဆိုင်သော ငပလီ အထွေထွေ အရောင်းဆိုင်ရှေ့တွင် ကိုရဲသီဟ၏ သာသနာ့ အလံပါ သုံးဘီးဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ကိုရဲသီဟက တရားလိုပြုလုပ်၍ သံတွဲမြို့မ ရဲစခန်း၌ သွားရောက်တိုင်ကြားခဲ့သည်။

တိုင်ကြားမှုကို သံတွဲမြို့မ ရဲစခန်းက လက်ခံ၍ ဦးကျော်ဇံလှအား ဆဲဆိုမှုဖြင့် အမှုဖွင့်ပေးခဲ့သော်လည်း သာသနာကို အကြည်ညိုပျက်စေမှု မပါသောကြောင့် သံတွဲဒေသခံများက လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် ရဲစခန်းက သာသနာကို အကြည်ညိုပျက်စေမှု အပါအအ၀င် ဆဲဆိုမှုတို့ဖြင့် သံတွဲ/(ပ)၇၈/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၅၀၆ အရ အမှုဖွင့်ပေးခဲ့ရကြောင်း၊ အမှုဖွင့်ထားသော ပုဒ်မများမှာ အာမခံ ပေးနိုင်သောကြောင့် ဦးကျော်ဇံလှကို အာမခံ ပေးလိုက်သော်လည်း အာမခံပေးသည်ဟု ဆိုကာ မြို့ခံ ဗုဒ္ဓဘာသာများက ထပ်မံ ပြဿနာရှာခဲ့ကြောင်း သံတွဲမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတဦးက ဧရာဝတီသို့ ရှင်းပြသည်။

အစ္စလာမ် ဘာသာဝင် ဦးကျော်ဇံလှကို အာမခံ ပေးသည့်အတွက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရဲစခန်းသို့ လူစုလာသောကြောင့် သံတွဲမြို့မိမြို့ဖများနှင့် ဒေသခံ တာဝန်ရှိသူများ ဆွေးနွေးတိုင်ပင်ပြီး ပဋိပက္ခ ပိုမို မကြီးထွားစေရန် ဦးကျော်ဇံလှကို ပြန်ဖမ်းရေး သဘောတူညီခဲ့သော်လည်း ညနေပိုင်းတွင် အကြမ်းဖက်မီးရှို့မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အာမခံပေးတာကို မြို့ခံဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ လူတွေက မကျေနပ်ဘဲ ဦးကျော်ဇံလှကို ပြန်ဖမ်းပေးဖို့ ရဲစခန်းမှာ လာတောင်းဆိုကြတယ်။ ဦးကျော်ဇံလှကို နောက်ဆုံး တည်ဆဲ ဥပဒေအရ ဆယ်သိန်းနဲ့ အာမခံပေးထားတာ။ မကျေနပ်တော့ မနေ့က နေ့လည်ပိုင်းမှာ မြို့နယ် ဥပဒေအရာရှိ ရပ်မိရပ်ဖတွေ ခယက ဥက္ကဌ၊ မယက ဥက္ကဌတွေ အစည်းအဝေး လုပ်ကြတယ်။ နောက်ဆုံး သဘောတူလိုက်တာက တရားခံ ဦးကျော်ဇံလှကို ကျနော်တို့က ပြန်ဖမ်းပေးရမယ်။ အစည်းအဝေးလုပ်ပြီးရုံပဲ ရှိသေးတယ်၊ ဟိုဘက်မှာ ကျော်ဇံလှအိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ကြတော့တာပဲ” ဟု အထက်ပါ ရဲတပ်ကြပ်ကြီးက ဆိုသည်။

ဦးကျော်ဇံလှအိမ်ကို ခဲပေါက်မှုနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား ကိုညီညီလွင်နှင့် ကိုဇော်မင်းထိုက်တို့ နှစ်ဦးကို သံတွဲ/ပ/၇၉/၂၀၁၃၊ ပုဒ်မ ၃၃၆/၄၂၇ နေအိမ်ကို ခဲပေါက်မှုဖြင့် မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးခဲ့ရကြောင်း၊ လုံခြုံရေး ယူထားသော်လည်း ညနေ ၆ နာရီခန့်မှ စတင်ကာ မီးရှို့မှုများ စတင်ခဲ့ပြီး အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦး၏ အိမ် အပါအ၀င် အိမ်နှစ်လုံး မီးလောင်ခဲ့ရပြီး ဓာတ်ဆီဆိုင်ကိုမူ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သံတွဲမြို့ခံ အစ္စလာမ် ဘာသာဝင် ကိုကျော်လင်းက “ကျနော်တို့ ဘာသာဝင်တွေရဲ့ အိမ်တွေ မီးရှို့ခံရတယ်။ လုံခြုံရေးကလည်း အားနည်းတယ်။ နောက်ပိုင်းမှ လုံခြုံရေးက ရောက်လာတာ။ ဒီနေ့ ဦးကျော်ဇံလှကို ရုံးထုတ်မယ်။ ဒီနေ့က ပိုစိုးရိမ်ရတယ်” ဟု ပြောသည်။

လူတဦးကို ဖမ်းဆီးရန်၊ ထောင်ချရန် လူအုပ်စုဖြင့် ရဲစခန်းကို ၀ိုင်းရဲသောသူများစွာ ရှိနေခြင်းသည် ယနေ့ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်ကြောင်း သူက ဆိုသည်။

သံတွဲလူမှုကွန်ရက် အဖွဲ့ဝင်တဦးကမူ တိုင်ကြားခံရသူကို ရဲစခန်းက လွှတ်ပေးထားသောကြောင့် မြို့ခံများက မကျေမနပ်ဖြစ်၍ ပဋိပက္ခမှာ ပိုမိုကြီးထွားသွားခဲ့ကြောင်း ပြောသည်။

သံတွဲမြို့တွင် ယခင် ပဋိပက္ခဖြစ်ပွားခဲ့စဉ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိ အခြေအနေများအရ ညမထွက်ရအမိန့်ကို ဆက်လက် အတည်ဖြစ်စေရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မြို့တွင်းတွင် အသံချဲ့စက်ဖြင့် လှည်ပတ်ကြေညာခဲ့ရာ ခဲဖြင့် အပေါက်ခံရသဖြင့် ပြန်လှည့်ခဲ့ရကြောင်း သံတွဲမြို့မှ ရဲစခန်းမှ သိရသည်။

ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟု ပြည်မြို့ နယ်မှ ကျောင်းဆရာ စွပ်စွဲခံရ

ရေခဲ (ပြည်)

ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးသည် ကိုးနှစ်အရွယ် စတုတ်္ထတန်းကျောင်းသားတစ်ဦးကို လိင်တူဆက်ဆံရန် ဖျားယောင်းသည်ဟု စွပ်စွဲကာ ကျောင်းသား မိဘများက မြို့နယ်ပညာရေးမှူးရုံးသို့တိုင်ကြားထားသည်။

“ကျောင်းသားမိဘနဲ့ ကျောင်းကော်မတီဝင်တွေ လာကြတယ်။ ရုံးအနေနဲ့ ခံဝန်လက်မှတ်ထိုးပေးထားတဲ့ အစီအစဉ်လောက်နဲ့ မကျေနပ်နိုင်ဘူး။ ဆရာကြီးကို ဒီကျောင်းက ပြောင်းပေးဖို့ပါ နှုတ်နဲ့ တိုင်သွားတယ်”ဟု အဆိုပါ အခြေခံ မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးက မဇ်္ဈိမကို ပြောသည်။

တိုင်ကြားခံရသူ ကျောင်းဆရာမှာ ၀န်ထမ်းလုပ်သက်၂၂ နှစ်ရှိပြီဖြစ်သည်။

ကျောင်းဆရာနှင့် ကျောင်းသားတို့ ကျောင်း အိမ်သာအတွင်းအတူ ရှိနေသည်ဟု စွပ်စွဲကာ ကျောင်းသားမိဘများ က တိုင်ကြားကြခြင်းဖြစ်သည်။ ““ဘောင်းဘီ ၀တ်ထားရင် ဘောင်းဘီမျှော့ကြိုးကို ဖြည်ပြီး ဆရာကြီးက အတင်းနှိုက်တဲ့ အကြောင်း ကလေးက ပြောတယ်။ ကလေးက မေးလို့ မရဘူး။ ငိုဘဲငိုနေတယ်” ဟု ကျောင်းသား မိဘက ပြောသည်။

ကျောင်းသားမိဘများ၏ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင်ထွန်းသို့ ဆက်သွယ်မေးမြန်းရာတွင် စွပ်စွဲခံရသူ ကျောင်းဆရာနှင့် ဆွေးနွေးရန် ရှိသည်ဟု ပြန်လည်ဖြေကြားသည်။ စွပ်စွဲခံရသူ ကျောင်းဆရာကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။

အရစ်ကျထုတ်ပေးသည့် လယ်ယာပစ္စည်း ဝယ်ယူလိုအားမြင့်တက်ဟုဆို

ဖဲဘူး

စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူလယ်သမားများအတွက် အရစ်ကျရောင်းချပေးနေသည့် လယ်ယာသုံးစက်ပစ္စည်းများအနက် လက်ကိုင်ရှည်ထွန်စက် (ကိုင်းရှည်) အမျိုးအစားသည် တောင်သူများလုပ်ငန်းခွင်တွင် အသုံးပြုမှု များပြာလာသည့်အတွက် ယခုနှစ်အတွင်း ဝယ်လိုအားမြင့်တက်လာသည်ဟု ကယားပြည်နယ် စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းခိုင်ကပြောသည်။

“ကိုင်းရှည်စက်က ဒီဒေသကပိုကြိုက်ပါတယ်။ ဒီကိုင်းရှည်စက်က အင်ဂျင်ကလည်းဆီ .. ၁၁ ကောင် အင်ဂျင်တင်ထားတော့ ဆီစားသက်သာပါတယ်။ ပြီးတော့ ဒီလိုလယ်ကွက်ကျဉ်းကျဉ်းလေးတွေ တောင်စောင်းတွေ အဲလိုနေရာတွေမှာ သုံးလို့ရတယ်”

ပြီးခဲ့သည် ၂၀၁၂ ခုနှစ်အတွင်း လက်ကိုင်ရှည်ထွန်စက် (ကိုင်းရှည်)ကို အစီး ၃၀၀ ကျော်ခန့် ရောင်းချရပြီး ယခုနှစ်ဝက်အတွင်းတွင် အစီး ၁၇၀ ကျော်ခန့်ရောင်းချပြီးနေပြီဖြစ်ကြောင်း သိရသည်။

စက်မှုလယ်ယာဦးစီးဌာနမှ အရစ်ကျရောင်းချပေးနေသော လယ်ယာသုံးစက်ပစ္စည်းများမှာ လက်ကိုင်ရှည် ထွန်စက်(ကိုင်းရှည်) ၊ ဒေါင်းဖန်းထွန်စက်(ကျွဲချို)၊ နှင့်ထွန်စက်ကြီးတို့ဖြစ်ပြီး တနှစ်လျှင်ကျသင့်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်း စီဖြင့် သုံးနှစ် အရစ်ကျပေးချေရမည်ဟု သိရသည်။

“အဲလိုအရစ်ကျပေးတာက ငွေမရှိတဲ့လူတွေအတွက် ကောင်းတာပေါ့။ ငွေတတ်နိုင်ရင်တော့ တခါထဲအပြီးဝယ်ရင် ပိုကောင်းတယ်လေ” ဟု လယ်သမားတဦးဖြစ်သော ပရေးရယ်ကပြောသည်။

လက်ကိုင်ရှည်ထွန်စက် (ကိုင်းရှည်) မြင်းကောင်ရေ ၁၁ကောင်အင်ဂျင်နှင့် အပိုပစ္စည်းများဖြစ်သည့် လေးပိုင်းထယ်၊ နှစ်သွားထယ်၊ ထွန်စက်များပါဝင်သည့် လယ်ထွန်စက်တစီးကို ကျပ် ၁၄ သိန်းနှင့် ခုနှစ်ထောင်ဖြစ်ပြီး ဒေါင်းဖန်းထွန်စက်(ကျွဲချို) မြင်းကောင်ရေ ၂၂ ကောင်အင်ဂျင်နှင့် သုံးသွားထယ်ပါ လယ်ထွန်စက်အမျိုးအစားကို ကျပ်၁၅သိန်းကျော် အပြင် အိန္ဒိယ နိုင်ငံထုတ် ဆိုနာလီကာ အမျိုးအစား လယ်ထွန်စက်ကြီး မြင်းကောင်ရေ ၇၅ ကောင် ကို ကျပ်သိန်း ၂၀၄ သိန်းဖြစ်ပြီး မြင်းကောင်ရေအား ၉၀ ရှိသည့် လယ်ထွန်စက်ကြီးကိုတော့ ၂၁၇ သိန်း ၂သောင်းဖြင့် အရစ်ကျရောင်းချပေးနေကြောင်း သိရသည်။

လယ်ထွန်စက်များကို ၁၉၉၂-၉၃ ခုနှစ်တွင် တကြိမ် တရုတ်နီပစ္စည်း လယ်ယာ ၁၂ အမျိုးအစားထုတ်ပေးခဲ့ရာ တောင်သူများ အသုံးပြုမှုများပြားလာခဲ့ပြီး ၁၉၉၅-၉၆ ခုနှစ်နောက်ပိုင်းတွင် မြန်မာ-တရုတ်ဖက်စပ်ပစ္စည်းဖြစ်သည့် လယ်ယာ ၁၆ အမျိုးအစားများကို ကျပ် ၇ သိန်းခွဲဖြင့်အရစ်ကျ စနစ် ထပ်မံထုတ်ပေးခဲ့ရာ စက်ပစ္စည်းအရည်အသွေး မကောင်းသဖြင့် အရှုံးပေါ်ခဲ့ကြကြောင်း သိရသည်။

စက်မှုလယ်ယာဦးဌာနမှ ရောင်းချပေးသော လယ်ယာသုံးစက်ပစ္စည်းများ ၀ယ်ယူသူများကို after save service အဖြစ် ပြန်လည်ပြုပြင်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူရဦးရွှေမန်းနှင့် ရခိုင်မိသားစု တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

မောင်ကြီးသျှင် (မြောက်ဦး)

ရခိုင်ပြည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့ ပြည်လမ်းမရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာနခန်းမ (IBC)တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ လူထုကိုယ်စားလှယ်များ၊ လွတ်တော်အမတ်များ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့ရှိ ရခိုင်လူမှုအသင်းအဖွဲ့များနှင့် ဂုဏ်သရေရှိ ရခိုင်လူကြီး လူကောင်းများ (၃၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ထာဝရငြိမ်းချမ်းမှု ရရှိစေရန်နှင့် အေးချမ်းသာယာသည့် အနာဂတ်များ တည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှ နုတ်ခွန်းဆက်အမှာ စကားပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ရခိုင်ပြည်နယ် သမိုင်းအကျဉ်းနှင့် လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ထွီးက ၄င်းတွေ့ဆုံပွဲတွင် ဆွေးနွေးပွဲခဲ့ကြသော အကြောင်းအရာတချို့ကို ယခုလိုပြောသည်။

" ဆွေးနွေးကြတာကတော့ ရခိုင်ပြည်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြကြတဲ့အခါမှာ နိုင်ငံတော်လုံခြုံရေးအနေနဲ့ မြန်မာနိုင်ငံအတွင်း ဘင်္ဂလီများ စိမ့်ဝင်ပျံ့နှံ့လာတဲ့အကြောင်းရယ်၊ ပဋိပက္ခများအတွင်းမှာလည်း ရခိုင်ပြည်သူများအနေနဲ့ အသက်အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရတာတွေကို အထူးတလေ တင်ပြသွားခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်ဖွယ်ရာကောင်းလာတဲ့ နယ်စပ်ဒေသများဖြစ်တဲ့ ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်၊ မောင်တော မြို့နယ်များမှာ လုံခြုံရေးအရ ဘင်္ဂလီတွေပျံ့နှံ့နေထိုင်တာတွေကို အထူးစိစစ် အကာအကွယ်ပြုဖို့ တင်ပြသွားခဲ့ကြပါတယ်။ နောက်ပြီး တော့ မြန်မာနိုင်ငံ လုံခြုံရေးအခြေအနေအရ ၁၉၈၂ နိုင်ငံသားဥပဒေအား ထောက်ခံကြောင်း၊ ယာယီမှတ်ပုံတင်ကိစ္စနဲ့ မဲမေးခွင့်အား ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ ရွေးကောက်ပွဲဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ပြန်လည် စီစဉ်ပေးဖို့ တောင်းဆိုသွားခဲ့ကြတယ်။ အဲဒီလိုပဲ တိုင်းရင်းသား တွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကိုလည်း ကြိုဆိုထောက်ခံကြောင်း၊ ဒေသန္တာရဥပဒေကိုလည်း ပြဋ္ဌာန်းရန်းလိုအပ်ကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအရ တက္ကသိုလ်ကျောင်းများသို့သွားသည့် လမ်းတဖက်တချက်ရှိ ဘင်္ဂလီများ အခြေစိုက် နေထိုင်နေကြတဲ့ ကျေးရွာများနှင့် စစ်တွေမြို့ရှိ ဘင်္ဂလီများ အခြေချ နေရာယူထားတဲ့ အင်ပါလာရပ်ကွက်ကို ရွေ့ပြောင်းပေးဖို့၊ ဒေသအတွင်း ဘင်္ဂလီများ ခိုးဆိုးလုယှက်မှု၊ သတ်ဖြတ်မှုတွေကို အရေးယူပေးဖို့၊ မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တားဆီးပေးဖို့နဲ့ ရခိုင်ဒေသလုံခြုံရေးအတွက် ရခိုင်လူထုတွေကို ရခိုင်သားတို့ ကာကွယ်ဖို့ ရခိုင်ပြည်သူ့ စစ်တပ်ဖွဲ့ကို ဖွဲ့စည်းပေးဖို့ တင်ပြ တောင်းဆိုသွားခဲ့ကြပါတယ်။ " ဟု ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း INGO များအခြေစိုက်လှုပ်ရှားမှုသည် နိုင်ငံတော်လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာသည့်အတွက် နိုင်ငံတော်မှ စီစစ်ထိမ်းချုပ်ရန်၊ ၄င်းတို့ အခြေချမည့်ဒေသများ၊ လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများကို ရခိုင်လူထုအား အသိပေးရန် တင်ပြတောင်းဆို ခဲ့ကြသည်။

ရခိုင်ပြည်တွင် လျှပ်စစ်မီး (၂၄)နာရီ ဈေးနှုန်းချိုသာစွာပေးရန်၊ ရခိုင်ပြည် ထွက်ကုန်ပစ္စည်းများ ကုန်သွယ်စီးပွားကောင်းမွန်လာစေရန်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာအောင် ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်သူလူထု အလုပ်အကိုင်နှင့် စီးပွားရေးကောင်းမွန်လာစေရေးအတွက် စက်ရုံ အလုပ်ရုံများ၊ အပန်းဖြေစခန်းများနှင့် ဟော်တည်ဇုံများကို အဆင့်မှီ တည်ဆောက်ပေးရန်၊ ပင်လယ်ထွက်ကုန်ပစ္စည်းများနှင့် လယ်ယာထွက်ကုန် ပစ္စည်းများ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ထိထိရောက်ရောက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန်၊ အထူးစီပွားရေးဇုန်များတွင် နည်းပညာမြင့်မားသည့် နိုင်ငံများကိုလည်းကောင်း၊ နိုင်ငံသားများကိုလည်းကောင်း ရင်းနှီးမြှုပ်နှံ့ခွင့်များပေးရန်၊ ရခိုင်ပြည်၏ ပညာရေး၊ ကျန်းမာရေးအခန်းကဏ္ဍများ၊ စိုးပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ၊ နည်းပညာများကိုနှင့် အကူအညီများကို ပိုမိုမြင့်တင်ပေးရန်၊ အစိုးရနှင့် ပြည်သူများပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရခိုင်ပြည်မှထွက်သည့် သဘာဝသယံဇာတများအား ရခိုင်ပြည်နယ် အပါအ၀င် မြန်မာပြည်သူလူထုအား အကျိုးခံစားခွင့်ပေးရန်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်များ၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်း များကို တတ်ရောက်နိုင်ရန် တည်ဆောက်ပေးရန်နှင့် အခွင့်အလမ်းများပေးရန်၊ လယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေကြီးမှရွှေသီးနိုင်ဖို့် ရေမြောင်းနှင့် တာတမံများတည်ဆောက်ပေးရန်၊ တိမ်မြှုပ်ပျောက်ကွယ်တော့မည့် ရခိုင်လုံချည်နှင့် ရခိုင်ယက်ကမ်းအလုပ်ကို လူ့စွမ်းအားနှင့် အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးရန်၊ ခေတ်အဆက်ဆက်တန်ဖိုးထားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ပေးရန်၊ စသည်တို့ကို တရားဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်တို့ကို အကြောင်းအရာများအလိုက် အသေးစိပ်ဆွေးနွေးပြီး တင်ပြတောင်းဆို သွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အခြေအနေများကို တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူမှလည်းကောင်း၊ ရခိုင်ပြည်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရေးပါပုံများကို ဥပဒေပညာရှင် ဦးသာပွင့် စစ်တွေမှလည်းကောင်း၊ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လူမှုစီးပွားဆိုင်ရာများကို ဦးသိန်းရွှေမှလည်းကောင်း၊ ရခိုင်ပြည်နယ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ဖွံ့ဖြိုးရေးအတွက် ရခိုင်သဟရအသင်း ဥက္ကဋ္ဌ ဦးလှမောင်သိန်းမှလည်းကောင်း၊ လက်ရှိ ရခိုင်ပြည်ပညာရေးအခြေအနေများကို ရန်ကုန်ပညာရေး တက္ကသိုလ်မှ မောင်ဇော်မျိုးလှိုင်မှလည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလော လိုအပ်ချက်များကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်မှလည်းကောင်း ဆွေးနွေးတင်ပြသွားခဲ့ကြောင်းသိရသည်။ ထို့နောက် ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ လူထုကိုယ်စားလှယ်များက သက်ဆိုင်ရာမြို့နယ်များ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို တောင်းဆိုသွားခဲ့ကြောင်းသိရသည်။

ထိုသို့ ဆွေးနွေးတင်ပြသွားချက်များအပေါ် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ အကျဉ်းချုပ် စုစည်းတင်ပြထားသည့် စာတန်းနှင့် တသားတည်း ကိုက်ညီနေသည့်အတွက် အားရကျေနပ်ကြောင်း ဦးကျော်ထွီးက ဆက်လက် ပြောကြားခဲ့သည်။

" ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဆွေးနွေးပွဲကို စာတန်းတစ်ခုတင်သွင်းခဲ့ပါတယ်။ ရခိုင်ပြည်သူ လူထုတင်ပြချက်နှင့် လိုအပ်ချက်တွေက ကျနော်တို့ တင်ပြချက်က တသားတည်းထင်ဟပ်ပေါ်လွင်စေတာကြောင့် ကျနော့်အနေနဲ့ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူနဲ့လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ရေး အလုပ်တွေ အတူတကွ တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အစိုးရကိုလည်း ရခိုင်ပြည်သူလူထု ဆန္ဒနဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်ပေးဖို့ ကျနော်တို့ အဖွဲ့အနေနဲ့ စဉ်ဆက်မပျက် စောင့်ကြည့်သွားမယ်၊ တောင်းဆိုသွားမယ်၊ လိုအပ်ချက်နဲ့အညီ လူထုပညာပေး လုပ်ငန်းတွေ ဆောင်ရွက်သွားမှာပါ။ " ဟု ပြောသည်။

ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲမှ တင်ပြချက်များ၊ တောင်းဆိုချက်များကို ပြည်ထောင် စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့အပါအ၀င် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အချို့သော လုပ်ငန်းစဉ်များကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်နေပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အလင်းဝင် ကေအိုင်အေ ဒု-ဗိုလ်တစ်ဦးအား မမှန်မကန်ရန်သူသတင်းပေးသူဟု စွပ်စွဲကာ အမှုဖွင့်

ဇော်ဇော်ထွေး

ကေအိုင်အေမှ အလင်းဝင်ရောက်ခဲ့သူ ဒု-ဗိုလ်တစ်ဦးအား မမှန်မကန် ရန်သူ သတင်းပေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားစွဲတင်ရန် ဒလရဲစခန်းတွင် စက်တင်ဘာ ၂၄ ရက်က အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အမှုဖွင့် တိုင်တန်းခံထားရသူမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၂)၊ တပ်ရင်း(၆)မှ ကိုယ်ပိုင် အမှတ် ..ဒုဗိုလ်အဆင့်ရှိသည့် တူးအောင် (ခ)ဂျော်ကာ(၃၄)နှစ်၊ ရွှေမှော်လုပ်သား၊ ကချင်/ဗုဒ္ဓ၊ ဖားကန့်မြို့နယ် ကချင်ပြည်နယ်နေသူဖြစ်သည်။

၎င်းသည် စက်တင်ဘာ ၁၇ ရက်က ည ၈ နာရီအချိန်က ဒလမြို့နယ် သပြေကုန်းကျေးရွာရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(ရေ)သို့ လာရောက်ပြီး သံဖြူဇရပ်ဘက်မှ (KIO) အဖွဲ့ ဗိုလ်အဆင့်ရှိသူ တစ်ဦးပါ ကျား(၆)ဦး၊ မ(၄)ဦးတို့သည် လက်နက်မျိုးစုံ(၁၀)လက်ဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်သို့ လာရောက် အလင်းဝင်ရောက်မည်ဟု သတင်းပေးခဲ့သည်။

ထို့ကြောင့် ၎င်းကို စစ်ကြောရေးဆိုင်ရာ တွေ့ဆုံမေးမြန်း စစ်ဆေးခဲ့ရာတွင် တူးအောင်(ခ)ဂျော်ကာသည် အမှတ်(၃၅)ခြေလျင်တပ်ရင်း (သာယာဝတီ)မှ တစ်ဆင့် တောင်းပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့သို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်က နက်နက်မဲ့အလင်း ၀င်ရောက်လာသူဖြစ်သည်ကို မှန်ကန်စွာ စစ်ဆေးတွေ့ရှိခဲ့သည်။

သို့သော်လည်း တိုင်းစစ်ဌာနချုပ်က အလင်းဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း ထောက်ခံချက် မူရင်းအား ပြသနိုင်ခြင်း မရှိဘဲ လက်ရေးဖြင့် ပြန်လည်ရေးသားထားသောစာရွက်တွင် တပ်ဖွဲ့မှူးအရာရှိ လက်မှတ်အား ရေးထိုး ထားခြင်း၊ သက်ဆိုင်ရာတံဆိပ်တုံးအား လက်ရေးဖြင့် ရေးဆွဲအသုံးပြုထားခြင်းနှင့် မမှန်မကန် ရန်သူသတင်းများဖြန့်ဝေသူတစ်ဦးဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သည် ဟုလည်း စစ်ဘက်မှ တရားလိုက ဆိုထားသည်။

ထို့ကြောင့် ၎င်းင်းအား အရေးယူပေးရန် စစ်ဘက်ရေးရာတပ်ဖွဲ့(ရေ) ဒလမြို့နယ်မှ အုပ်ခွဲတပ်ကြပ်ကြီး ထိန်လင်းက အမှုဖွင့်တိုင်တန်း ခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် တရားစွဲတင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဦးသိန်းစိန်အစိုးရ မြေမသိမ်းဟု ကတိပြု

မေခ

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်က လယ်ယာမြေ သိမ်းဆည်းမှုများ မဖြစ်ပေါ်စေရန် ဂရုစိုက် လုပ်ဆောင် သွားမည် ဖြစ်ပြီး မြေသိမ်းမှုများ ပပျောက်ရေးအတွက် မြေယာစီမံခန့်ခွဲမှု ဥပဒေကြမ်း ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်း သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းက ကတိပြု ပြောဆိုသည်။

နေပြည်တော်တွင် စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော မြေယာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ သတင်းစာရှင်း လင်းပွဲတွင် အစိုးရသစ် အနေဖြင့် မြေသိမ်းမှုများ မဖြစ်စေရန် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ပြီး လယ်ယာမြေ သိမ်းဆည်းမှုများကို ဟန့်တားနိုင်ရေး ဥပဒေမူကြမ်း တရပ် ရေးဆွဲလျက်ရှိကြောင်း ဦးဝင်းထွန်းက ပြောဆိုသည်။

“ဒီအစိုးရ လက်ထက်မှာတော့ မြေယာသိမ်းတာတွေ မဖြစ်အောင်လုပ်သွားမှာပါ။ တတ်နိုင်သမျှ သိမ်းဖို့ မရှိနိုင်အောင် လုပ်မှာပါ။ ဥပဒေကြမ်း ကလည်း အမျိုးသား အဆင့် အနေနဲ့ ရေးဆွဲတာပါ။ လာမယ့်နှစ် ဧပြီလမှာ အပြီး သတ်မယ်။ ဒီထဲမှာက မြို့နယ်၊ ကျေးရွာထိပါ လိုက်နာရမယ့် ဥပဒေတွေ၊ မြေအသုံးချမှုတွေ ပါမယ်။ အရင်က မရှိခဲ့တော့ လုပ်ချင်သလို လုပ်ခဲ့တယ်။ ဥပဒေတွေ ရှိပေမယ့် နည်းစနစ်ပိုင်း အားနည်းလို့ ဖြစ်လာတာဆိုတော့ ဒီဥပဒေက အကောင်းဆုံး ထိန်းနိုင် မှာပါ”ဟု ဦးဝင်းထွန်းက ဆိုသည်။

အစိုးရက မြေယာ သိမ်းဆည်းမှု ဟန့်တားနိုင်မည့် ဥပဒေကြမ်းရေးဆွဲရာတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကုလသမဂ္ဂ နှင့် အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ပညာရှင်များကို အကူညီတောင်းခံထားကြောင်း သိရှိရ သည်။

ပြည်ထောင်စု လွှတ်တော် လယ်မြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်က အစိုးရထံ တင်ပြ ထားသည့် မြေသိမ်းဆည်းမှု အမှုပေါင်း ၇၄၅ ခုကို ပြန်လည် စစ်ဆေး လျက်ရှိပြီး အမှုများကို ပြန်လည် စစ်ဆေးပြီး ပါက မူလ ပိုင်ရှင်ပြည်သူများထံ ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း၊ စစ်တပ်က သိမ်းထည်း ထားသော မြေဧက ၃၈၀၀၀ ကို မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

“ ဒီတနှစ်အတွင်း ပြန်ပေးနိုင်အောင် စီစဉ်ထားတယ်။ နောက်ပိုင်းလည်း ဒီလိုမြေသိမ်းတာတွေ နည်းအောင် ဖွဲ့စည်း ထားတဲ့ ကော်မတီတွေကနေ လုပ်မယ်။ ဖြစ်လာရင်လည်း ဖြေရှင်းပေးမယ်။ ဥပဒေ၊ နည်းဥပဒေ ထွက်လာရင် လည်း အဲဒီတိုင်း လုပ်သွားမယ်”ဟု ဦးဝင်းထွန်းက ပြောသည်။

အစိုးရက ဖွဲ့စည်းထားသော မြေယာသိမ်းဆည်းမှုများ ဖြေရှင်းရေး ကော်မတီတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များ အဖြစ် အစိုးရ၀န်ကြီးများပါဝင်ကြောင်း သိရှိရသည်။

တက္ကစီကား လုယက်သူသုံးဦး ညတွင်းချင်း ဖမ်းမိ

ဇော်ဇော်ထွေး

တက္ကစီယာဉ်မောင်းအား ဓါးထောက်ပြီး ဆွဲကြိုးနှင့် မော်တော်ယာဉ်တို့ကို လုယက်ခဲ့သူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင် ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၂၄ ရက် ည ၉နာရီခွဲ အချိန်က လှိုင်သာယာမြို့နယ်မှ အငှားယာဉ်မောင်းဖြစ်သူ ကိုချစ်စံဝင်းမောင်းနှင်သော ပရိုဘောက် အငှားယာဉ်အား လှိုင်သာယာ ဘီအိုစီအ၀ိုင်း၌ ရပ်ထားစဉ် အမည်မသိ အမျိုးသား သုံးဦးက မီးခွက်ဈေးအောက်ထိပ်သို့ ငွေကျပ် (၁၅၀၀) ဖြင့် ငှားရမ်းသဖြင့် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

မီးခွက် ဈေးအောက်ထိပ်သို့ ရောက်ရှိစဉ် စက်မှုဇုန်(၄)ဘက်သို့ ထပ်မံမောင်းနှင်ခိုင်းသဖြင့် ဆက်လက်မောင်းနှင်လာခဲ့ရာ ဘုတ်ဆုံမ မှတ်တိုင်အနီးအရောက်တွင် အပေါ့သွားရန် ကားရပ်ခိုင်းခဲ့သည်။

ယင်းအချိန်တွင်ပင် ကားငှားစီးလာသူ သုံးဦးတို့က အချွန်၊ ဓါးမြှောင်များဖြင့် ထောက်ကာ ကိုချစ်စံဝင်း၏ အလေးချိန် သုံးမတ်သားရှိ ရွှေဆွဲကြိုး တစ်ကုံးကို ဖြုတ်ယူခဲ့ပြီး ကျန်နှစ်ဦးက ကိုချစ်စံဝင်းအား ယာဉ်နောက်ခန်းတွင် ညှပ်၍ ထိုင်ခိုင်းထားပြီး ဆွဲကြိုးဖြတ်ယူသူက ရန်ကုန်-ပုသိမ်လမ်းအတိုင်း ယာဉ်အား မောင်းနှင်ခဲ့သည်ဟု ထွက်ဆိုချက် တွင် ဖော်ပြထားသည်။

ယင်းသို့ မောင်းနှင်စဉ် ဘုရားလမ်းမှတ်တိုင်အနီးတွင် စက်ဘီးနှင့် ဆိုက်ကားတို့အားလည်းကောင်း၊ ဘီအိုစီအ၀ိုင်း မှတ်တိုင်အနီးတွင် ရပ်ထားသော ချယ်ရီဝက်ဂွန်ယာဉ်အားလည်းကောင်း တိုက်မိခဲ့သည်ဟုလည်း ဆိုထားသည်။

ယင်းအပြင် ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း ဆက်လက်မောင်းနှင်ခဲ့ရာ (၅)ထိပ် မှတ်တိုင်အနီး အရောက်တွင်မော်တော်ယာဉ်မှာ လမ်းဘေးမြောင်းထဲသို့ ကျသွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ပက်ဝန်းကျင်ရှိ ပြည်သူများနှင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီးခဲ့၍ အဆိုပါသုံးဦးအနက် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကို-----အား ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ဟု ရဲဌာနက ဆိုထားသည်။

ယင်းတို့ နှစ်ဦးကိုလည်း ချက်ချင်းပင် လိုက်လံ စုံစမ်းဖမ်းဆီးရာ စက်တင်ဘာ ၂၅ ရက်နံနက် ၂ နာရီအချိန်တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ဆွဲကြိုးနှင့် ယာဉ်လုယက်ခံရသူ ကိုချစ်စံဝင်းတွင်လည်း အခင်းဖြစ်စဉ်က ဓါးထောက်ခံရသဖြင့် လည်ပင်း ယာဘက်၊နောက်ကျောနှင့် ၀ဲ/ယာဝမ်းဗိုက်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့သည်။

အမှုဖြင့် ဖမ်းဆီးရမိထားသူ သုံးဦးကို လှိုင်သာယာရဲစခန်းက (ပ)၁၀၈၈/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေကာ ပြစ်မှု ထင်ရှားပါက ပုဒ်မ ၃၉၄/၁၁၄ တို့ဖြင့် တရားစွဲတင်မည်ဟု ရဲဌာနက မှုခင်းသတင်းထုတ်ပြန်ထားသည်။

မဲဆောက်မြို့တွင် No.1 Government စက်ရုံမှ အလုပ်သမား ၆၅ ဦး အလုပ်ထုတ်ခံရ

မြတ်နိုးခင်

လွန်ခဲ့သော စက်တင်ဘာ ၂၆ ရက်နေ့၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ MFC ဘောလုံးကွင်းအနီးတွင်ရှိသော No.1 Government မြန်မာအခေါ် (ပလာတာ) စက်ရုံမှ အလုပ်သမား ၆၅ ဦး အလုပ်ထုတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

လုပ်အားခ ၃ လစာကို ထုတ်မပေးသည့်အပြင် အလုပ်သမားများအား စက်ရုံမှမထွက်လျှင် ပုလိပ်များနှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ကာ နှင်ထုတ်ခဲ့ကြောင်း အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

" စက်ရုံက အလုပ်သမား ၆၅ ဦးစလုံး အလုပ်ထုတ်ခံရပါတယ်။ လစာက ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလခ ရမှာပါ။ တစ်ယောက်ကို ပိုက်ဆံ (ဘတ်) ၅၀၀ စီပေးပြီးတော့ ကျန်တာတွေကို နောက်မှအေးဆေး ထုတ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်။ ကျွန်မတို့က ပိုက်ဆံမယူဘူးဆိုတော့ ပုလိပ်နဲ့ ဖမ်းခိုင်းမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်။ ကျွန်မတို့လည်း ကြောက်တာနဲ့ ၂၆ ရက်နေ့ စက်ရုံက ထွက်လာကြပါတယ်။ လစာကတော့ ဘာမှမရခဲ့ပါဘူး။ အခု ကျွန်မတို့ကို ဧရာဝတီ အသင်းရုံးခန်းမှာ နေရာချပေးထားပါတယ်။ ဒီိမှာ ၂၀ ကျော်လောက်ပဲ ရှိပါတယ်။ ကျန်တဲ့သူတွေကတေ့ စက်ရုံတွေမှာ နေကြပါတယ်။ " ဟုပြောသည်။

အလုပ်သမားများက လစာမထုတ်ပေးသောကြောင့် ၁၆ ရက်နေ့ကတည်းက အလုပ်မလုပ်ဘဲ နေခဲ့ကြကြောင်း၊ အလုပ်ရှင် သူဌေးမဖြစ်သူ ဖိဝေမှ ၂၁ ရက်နေ့မှ စတင်ကာ ထမင်းမကျွေးတော့ဘဲ နောက်နေ့များတွင် ရေ၊ မီးများကိုပါ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။


အလုပ်ထုတ်ခံရသူ အလုပ်သမား ၆၅ ဦးတွင် ယောက်ျား ၄ ဦးနှင့် မိန်းကလေး ၄၁ ဦးပါဝင်ပြီး ထိုအလုပ်သမားထဲတွင် လုပ်အားခလစာ သုံးလစာအပြင် passport လုပ်ရန်အတွက် တစ်လကို ဘတ် ၅၀၀ စီနှင့် (၈)လ ဖြတ်ခံထားရသူများနှင့် သူဌေးမက မြန်မာပြည်ကိုပြန်ရန် ကားလက်မှတ် ဝယ်ပေးမည်ဟုဆိုကာ ဘတ် ၅၀၀ စီ ဖြတ်ခံထားရသူများလည်း ပါဝင်ကြောင်း သိရသည်။

" passport ခ ဖြတ်ခံထားရသူ ၁၄ ယောက်၊ မြန်မာပြည်ပြန်ဖို့အတွက် ကားလက်မှတ်ခ အဖြတ်ခံရသူကတော့ ၉ ယောက်ဖြစ်ပါတယ်။ သူတို့ တောင်းဆိုကြတာကတော့ လစာ ၃ လစာ ပေးဖို့၊ passport ခ ဖြတ်ထားတာတွေနဲ့ မြန်မာပြည် ကားလက်မှတ်ခ ဖြတ်ထားတာတွေကို ထုတ်ပေးဖို့ အတွက် တောင်းဆိုထားပါတယ်။ အခုလောလောဆယ်မှာတော့ စားသောက်ဖို့အတွက် နေရာချပေးထားပါတယ်။ " ဟု အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသော ALC ( Arakan Labour Campaign ) မှ ကိုအောင်အောင်မှ ပြောသည်။

ယခုအမှုအား ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဖြစ်ပြီး မနက်ဖြန် အလုပ်ရှင်နှင့် ဆွေးနွေး ညှိနှိုင်းရန်အတွက် အလုပ်သမားရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

" အမှုကတော့ ကြာသပတေးနေ့ကတည်းက လာအပ်တာ ဖြစ်ပါတယ်။ သောကြာနေ့က ကျွန်တော်တို့ ရုံးသွားတာ့ ညှိနှိုင်းဖို့ အဆင်မပြေသေးတာနဲ့ ပြန်အကြောင်းကြားမယ်လို့ ပြောပါတယ်။ ကြားထဲမှာ စနေ၊ တနင်္ဂနွေ ခြားသွားတော့ မနက်ဖြန်မှသွားပြီးတော့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ " ကိုအောင်အောင်က ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ သုံးသိန်းခန့်ရှိပြီး လုပ်အားခ ဖြတ်တောက်မှုများနှင့် အပြည့်အဝ မရရှိမှုများအပြင် အကြောင်းအမျိုးမျိုးဖြင့် အလုပ်ရှင်မှ ခြိမ်းခြောက်ကာ အလုပ်ထုတ်ခြင်းများကို ရင်ဆိုင်နေကြရပြီး မဲဆောက်မြို့ရှိ အလုပ်သမားများ၏ တစ်ရက်လုပ်အားခ အများဆုံးမှာ ဘတ် ၁၀၀ ခန့်သာ ရရှိကြောင်း သိရသည်။

ဘုဝဏ္ဏဘုံမိ သထုံပြည်ကြီးရဲ့သမိုင်းဝင်ရှေးဟောင်း ရေဆေး ပန်းချီကား ပျောက်ဆုံးခြင်းအား ဖော်ထုတ် တော့မည်

Hotnews

မွန်ပြည်နယ် သထုံမြို့နယ်နှင့် ဆက်စပ်လျက် ရှိသော ပေါ်တော်မူ ကွင်းအမှတ် (၆၄၉) စန်္ဒကူးကျောင်း (ယခင်ရဟန္တာတိုက်ကျောင်း) တွင် ရှေးယခင် ကတည်းက တည်ရှိခဲ့သော သထုံသမိုင်း ရေးဆေး ပန်းချီ ကားချပ်များ ပျောက်ဆုံး သွားသည့် ကိစ္စနှင့် ပတ်သက်၍ ဖော်ထုတ် အရေးယူရန် စုပေါင်း လက်မှတ် ရေးထိုး ကြကြောင်း ၎င်းပိုင်ကျေးရွာ (၄) ရွာမှ ရပ်မိရပ်ဖ များက ပြောကြားသည်။

သုဝဏ္ဏဘုံမိ သထုံပြည် သမိုင်းနှင့် သာသနာပြုခဲ့တဲ့ မင်းတို့ရဲ့ရေဆေး ပန်းချီ ကားချပ် ကြီးများ ပျောက်ဆုံး ခြင်းသည်မှာ နှစ်ပေါင်း (၂၀) ခန့်ရှိပြီဖြစ်၍ ယခုအခါ ၎င်းပျောက်ဆုံးနေသော ပန်း ချီကားများအား ပြန်လည် ရရှိဖို့ အတွက် အစည်းအဝေး ထိုင်လက်မှတ် ရေးထိုး ခဲ့ကြကြောင်း ရပ်မိရပ်ဖများက ပြောသည်။

“အဘ အခု အသက် (၇၉) နှစ်ရှိပြီ ဒီပန်းချီ ကားချပ်တွေ့ရှိတဲ့ ရဟန္တာကျောင်းမှာ အဘတို့ ငယ်ငယ် ဘုန်းကြီးကျောင်းသား ဘ၀တုန်းက ပုံထဲကပါတဲ့ ရုပ်ပုံတွေ လှုပ်ရှားမှု အတိုင်း ကိုရင် ကျောင်းသားတွေ ငြင်းကြ ခုန်ကြပျော်ကြပေါ့။ အသက် (၆၀) နီးလာတော့ ဒီပန်းချီကား ကြီးတွေက မရှိတော့ဘူး။ အဘတို့မှာ ဟိုအရင်တုန်းက ခေတ်အခြေအနေက သိပ်မကောင်းတော့ ရင်ထဲမှာ စိတ်မကောင်းကြီးစွာနဲ့ ဘဲငြိမ်နေခဲ့ရတာ။

အဲဒီတုန်းက ဒီလို ပန်းချီ ကားချပ် ဘုရားပုံတွေ့တိုင်းတွေ့ တိုင်းမျက်ရည်တောင်ကျခဲ့ရတဲ့အဖြစ်ပါ ကွာ။ အခုတော့ အားလုံးကလည်း တက်ညီလက်ညီ ပါလာပြီ ဆိုတော့ တို့ဆုံးခန်း တိုင်အောင် တို့ရဲ့ ဘုရားစေတီ ပစ္စည်းတွေကို တို့မသေခင် သမိုင်းကို သမိုင်းအတိုင်း ရှိဖို့ဝိုင်းပြီး ဖော်ထုတ် မယ်လို့ ရည် ရွယ်ချက်နဲ့ အခုလို လုပ်ခဲ့ကြတာပါ”
ဟု ရွာဦးရွာကြီးမှ ဦးသောင်းငွေက ဆိုသည်။

“ပန်းချီ ကားချပ်တွေ ပျောက်ဆုံး သွားခြင်းဟာ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတာ တာဝန်ရှိခဲ့တဲ့ သူတစ်နေ့ပေါ်ပေါက်လာမှာပါ။ ဗုဒ္စ ဘာသာတိုင်းဟာ ဘုရားကျောင်းကန်တွေ အပေါ် အထွဋ်အမြတ် ပဲလေ ဘုရားကျောင်းကန် ပစ္စည်းကို ဖျောက်ဖို့ ကြိုးစား တာတော့ မကောင်းဘူးဗျ။ သမိုင်းရဲ့တရားခံ တော့ပေါ်လာမယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့် ဒီကိစ္စအတွက် အမြန်ဆုံး စီစဉ်ကြတာ။ အကောင်အထည် ဖော်ဖို့ အစည်းအဝေး လုပ်ခဲ့ကြတာပါ”ဟု ရပ်မိ ရပ်ဖ တစ်ဦး ဖြစ်သူ ဦးအောင်မြင့် က လည်း ဆိုပါသည်။

သထုံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား မေးမြန်းကြည့်ရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ “ကျွန်တော် လွှတ်တော်မှာ တာဝန် ယူရတာက နိုင်ငံသား များရဲ့မူလအခွင့်အရေး ဒီမိုကရေစီ အရေး ဆိုတော့ ဒီကိစ္စ ဟာလည်း ကိုးကွယ်သူ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတိုင်းမှာ စိတ်ထိ ခိုက်နေရ သလိုရုပ်ပိုင်း ဆိုင်ရာ အရ ဆုံးရှုံးနေတယ် နစ်နာနေတယ်။ ခိုးယူတဲ့ အဆင့် ထိရာ ဇ၀တ်မြောက်နေ တယ်ဆိုတော့ အတတ်နိုင်ဆုံး ဖြေရှင်းရမယ်။ အတတ်နိုင်ဆုံး အကောင်အထည် ဖော်ပေးမှာပါဟု သထုံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ နိုင်ငံသား များရဲ့မူလ အခွင့်အရေး ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဦးစောဘသိန်းက အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။

သဘောထား ကွဲပြားနေသော လူ့အဖွဲ့အစည်းအတွက် အခြေခံဥပဒေပုံစံ (၁)

အာရင်းဒ် လစ်ခ်ျပါ့တ်


ဒီမိုကရေစီ နိုင်ငံတွေအတွက် ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲထားပါပြီ။ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ခါစ နိုင်ငံတွေက သူတို့ကို အုပ်စိုးခဲ့သူ ကိုလိုနီ သခင်ဟောင်းတွေရဲ့ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ကူးချခဲ့ပါတယ်။ တခြားရွေးချယ်စရာ ဘာတွေ ရှိနိုင်သေးလဲ ဆိုတာကို အလေးအနက် မစဉ်းစားခဲ့ကြပါ။ အခြေခံဥပဒေ တခုချင်းစီမှာ အားသာချက်တွေ၊ အားနည်းချက်တွေ ရှိနေတာကြောင့် ဒီနေ့မှာတော့ အခြေခံဥပဒေ ရေးဆွဲသူတွေက နမူနာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ အများကြီး ရှိတဲ့ထဲကနေ သေချာ အလေးအနက် ရွေးချယ်လာကြပါပြီ။ ဒီလိုရွေးချယ်စရာတွေ အများကြီးရှိလာတာက ရုတ်တရက်ကြည့်လိုက်ရင် အကျိုးရှိတဲ့ ဖြစ်ထွန်းတိုးတက်မှုလို့ ထင်ရပေမယ့် တကယ်တမ်းမှာတောာ့ အကောင်းနဲ့ အဆိုး ၂ မျိုး ရောနေပါတယ်။ သူတို့ တကယ် လွယ်လင့်တကူ လေ့လာသုံးသပ်နိုင်တာထက် ပိုပြီး ရွေးချယ်စရာတွေက များနေတာကြောင့် အခြေခံဥပဒေ ရေးဆွဲသူတွေအတွက် မှားယွင်းဆုံးဖြတ်မိနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ဖြစ်နိုင်ခြေတွေ၊ ရွေးချယ်စရာတွေ တပုံတခေါင်းကြီးကို ချပြလိုက်လို့ မနိုင်မနင်း ဖြစ်ကုန်မှာထက်စာရင် တိကျတဲ့ အကြံပြုချက်တွေ လမ်းညွှန်ချက်တွေကို ပညာရှင်တွေ ချမှတ်ပေးလိုက်တာက တကယ်လက်တွေ့ ရေးဆွဲသူတွေအတွက် ပိုပြီး အထောက်အကူ ပြုနိုင်ပါတယ်။

တိုင်းရင်းသား လူမျိုးရေးကြောင့်နဲ့ တခြား အရေးကိစ္စတွေကြောင့် နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားနေတဲ့ နိုင်ငံတွေမှာ ဘယ်လို အခြေခံဥပဒေမျိုး လိုအပ်မလဲဆိုတာကို အဓိက အာရုံစိုက်ပြီး အကြံပြုချက် တစုံကို ဒီအက်ဆေးမှာ တင်ပြထားပါတယ်။ အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးမှသာ အဲဒီလို နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားနေတဲ့ နိုင်ငံတွေက လူအဖွဲ့အစည်းတွေ အုပ်စုတွေအသီးသီးရဲ့ တောင်းဆိုမှုနဲ့ အကျိုးစီးပွားတွေကို လိုက်လျော ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လို အာဏာခွဲဝေ ကျင့်သုံးရေး စည်းမျဉ်းတွေ စနစ်တွေနဲ့ အဖွဲ့တွေက အကောင်းဆုံးဖြစ်မလဲ၊ ဘာကြောင့် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို ကျနော့်ရဲ့ အကြံပြုချက်တွေက တတ်နိုင်သလောက် တိတိကျကျ ညွှန်ပြမှာ ဖြစ်ပါတယ်။ အဲဒီလို စည်းမျဉ်းတွေနဲ့ စနစ်တွေက တခြားလူ့အဖွဲ့အစည်းတွေ အတွက်လည်း အတိအကျ မဟုတ်ရင်တောင် တနည်းတဖုံနဲ့ အသုံးဝင်နိုင်ပါတယ်။


နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားမှုတွေက ဒီမိုကရေစီကို အကြီးအကျယ် ခြိမ်းခြောက် အန္တရာယ်ပေးနိုင်ပြီး လူမျိုးတမျိုးတည်း နေထိုင်တဲ့ နိုင်ငံတွေမှာထက် လူမျိုးတွေ အများကြီး နေထိုင်ပြီး ကွဲပြားနေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီကို တည်ဆောက် ထိန်းသိမ်းဖို့က ယေဘုယျအားဖြင့် ပိုခက်ခဲတတ်တယ် ဆိုတာကို ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေ အကြောင်းကို လေ့လာနေတဲ့ ပညာရှင်တွေ၊ အခြေခံဥပဒေ ရေးဆွဲရေးပညာရှင်တွေ အများစုက ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားပါတယ်။ ဒီမိုကရေစီစနစ် အခြေကျခိုင်မာပြီးသား နိုင်ငံတွေမှာထက် ဒီမိုကရေစီ မကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဒါမှမဟုတ် အပြည့်အ၀ မကျင့်သုံးသေးတဲ့ နိုင်ငံတွေမှာ တိုင်းရင်းသားလူမျိုးကြောင့်နဲ့ တခြား အရေးကိစ္စတွေကြောင့် ဖြစ်တဲ့ ကွဲပြားမှု ပြဿနာတွေက ပိုကြီးမားနိုင်ပြီး အဲဒီလိုကွဲပြားမှုတွေက ၂၁ ရာစုမှာ ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အဓိက အဟန့်အတားကြီးတခု ဖြစ်တယ်ဆိုတာကိုလည်း သူတို့က သဘောတူကြပါတယ်။ အဆိုပါ အချက် ၂ ချက်နဲ့ ပက်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ သဘောတူချက်တွေကို အားလုံးကလည်း လက်ခံထားပုံပါ။

ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဒီမိုကရေစီအစိုးရကို အောင်အောင်မြင်မြင် တည်ထောင်နိုင်ဖို့ဆိုရင် အာဏာခွဲဝေ ကျင့်သုံးမှုနဲ့ အုပ်စုအလိုက် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပေးခြင်းဆိုတဲ့ အဓိက အစိတ်အပိုင်း ၂ ခု လိုတယ်ဆိုတာကို ပညာရှင် အားလုံးမဟုတ်ရင်တောင် တော်တော်များများက လက်ခံသဘောတူကြပါတယ်။ အာဏာခွဲဝေ ကျင့်သုံးမှု ဆိုတာကတော့ အရေးကြီးတဲ့ အုပ်စုတွေ၊ အဖွဲ့အစည်းတွေ အားလုံးက ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချခြင်း၊ အထူးသဖြင့် အုပ်ချုပ်ရေးကဏ္ဍအတွင်း ဆုံးဖြတ်ချက်ချခြင်းမှာ ပါဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ အုပ်စုအလိုက် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ဆိုတာကတော့ အဆိုပါ လူ့အဖွဲ့အစည်းတွေက သူတို့ရဲ့ ကိုယ်ပိုင်အတွင်းရေး ကိစ္စတွေနဲ့ ပက်သက်ပြီး စီမံခန့်ခွဲနိုင်ခွင့် အာဏာကို ဆိုလိုပါတယ်။

အထူးသဖြင့်တော့ ပညာရေးနဲ့ ယဉ်ကျေးမှုလို ကိစ္စတွေ ဖြစ်ပါတယ်။ အဆိုပါ ဂုဏ်အင်္ဂါရပ် ၂ ခု အဓိက ပါဝင်နေတဲ့ ဒီမိုကရေစီ စနစ်မျိုးကို အာဏာခွဲဝေ ဒီမိုကရေစီစနစ် ဒါမှမဟုတ် နိုင်ငံရေး သိပ္ပံစကားနဲ့ Consociational Democracy လို့ မကြာခဏ ရည်ညွှန်းကြပါတယ်။ ပညာရှင်တွေကလည်း အဆိုပါ ဂုဏ်အင်္ဂါရပ် ၂ ခုရဲ့ အခန်းကဏ္ဍကို လေ့လာ ဆန်းစစ်ထားကြပြီး ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေက အဆိုပါ ဂုဏ်အင်္ဂါရပ် ၂ ခု အတိုင်း လိုက်နာ ကျင့်သုံးတာကို သဘောတူကြပါတယ်။ အာဏာခွဲဝေရေး အယူအဆဘက်ကို တိမ်းညွတ်တဲ့ ပညာရှင်တွေကချည်းပဲ သူတို့ ၂ ခုကို သဘောတူတာတော့ မဟုတ်ပါ။ ဒီအတွက် ဥပမာကောင်း တခုကတော့ တက်ဒ် ရောဘတ် ဂါး (Ted Robert Gurr) ရဲ့ စာအုပ် Minorities at Risk: A Global View of Ethnopolitical Conflicts ပါ။ သူရဲ့စာအုပ်က အာဏာခွဲဝေရေး သီအိုရီကနေ စိတ်ကူးဉာဏ် ကူးစက်လာတာ မဟုတ်ဘဲ လက်တွေ့ သက်သေ အထောက်အထားတွေကို ပိုင်းခြားစိတ်ဖြာပြီးမှ တင်ပြထားတာပါ (အဆိုပါ သီအိုရီကို စာအုပ်ထဲမှာ ဖော်တောင်ဖော်ပြ မထားပါ)။ “ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ အာဏာခွဲဝေကျင့်သုံးမှု ဆိုတဲ့ မူတွေ၊ အင်စတီကျုးရှင်းတွေကို ပေါင်းစပ်ခြင်းဖြင့်” အုပ်စုကွဲ လူ့အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားတွေနဲ့ တောင်းဆိုချက်တွေကို အမြဲလိုလို လိုက်လျော ဖြည့်ဆည်းပေးနိုင်မယ်လို့ စာအုပ်က သုံးသပ်ထားပါတယ်။

အီရတ်နိုင်ငံ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်တဲ့အပေါ် ကျွမ်းကျင်သူတွေရဲ့ တုံ့ပြန်ပြောဆိုမှုတွေကို ကြည့်ခြင်းအားဖြင့်လည်း အာဏာခွဲဝေကျင့်သုံးရေး အရေးကြီးပုံကို အများသဘောညီတယ်ဆိုတာ ပိုပြီး ထင်ရှားသွားပါတယ်။ ရပ်တည်ချက် အမျိုးမျိုးကနေ ကောင်စီကို ဝေဖန်ကြတာတွေရှိပေမယ့် ကောင်စီထဲမှာ အဖွဲ့အစည်းအသီးသီးက ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြု ပါဝင်နေတာကိုတော့ ဘယ်သူကမှ မေးခွန်းမထုတ်ကြပါ။ အာဏာခွဲဝေကျင့်သုံးရေးကို လက်တွေ့မှာ မကြာခဏ လိုက်နာကျင့်သုံးကြခြင်း အားဖြင့်လည်း အဆိုပါ အုပ်ချုပ်ရေးပုံစံရဲ့ ခိုင်မာအားကောင်းမှုကို အတည်ပြုပေးနေပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေအတွင်းမှာ ကျင့်သုံး အကောင်အထည် ဖော်ကြတဲ့အာဏာခွဲဝေ ဒီမိုကရေစီအပေါ် ပညာရှင်တွေက လေ့လာဆန်းစစ်တာတွေ မလုပ်ခင်တည်းကကိုပဲ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ တွေ့ကြုံရတဲ့ ပြဿနာတွေကို ပြေလည်စေမယ့် အာဏာခွဲဝေကျင့်သုံးရေး အဖြေတွေကို ( ဥပမာ – သြစတြေးလျ၊ ကနေဒါ၊ ဆိုက်ပရပ်စ်၊ အိန္ဒိယ၊ လက်ဘနွန်၊ ကိုလံဘီယာ၊ မလေးရှား၊ နယ်သာလန်နဲ့ ဆွစ်ဇာလန် နိုင်ငံတွေက စနစ်တွေ) နိုင်ငံရေးသမားတွေ အခြေခံဥပဒေ ရေးဆွဲသူတွေက စီမံဆောင်ရွက်နေကြပါပြီ။ လက်တွေ့ နိုင်ငံရေးသမားတွေက ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို မရယူပဲ ဒါမှမဟုတ် သူတို့အချင်းချင်းလည်း တိုင်ပင်ခြင်းမရှိဘဲ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ထပ်ကာတလဲလဲ တီထွင်ကျင့်သုံးထားတာကို နိုင်ငံရေး သိပ္ပံပညာရှင်တွေက နောက်ပိုင်းမှာ တွေ့ရှိထားတာသာ ဖြစ်ပါတယ်။

အာဏာခွဲဝေကျင့်သုံးမှုကို ဝေဖန်သူတွေ

အာဏာခွဲဝေ ကျင့်သုံးမှုပုံစံက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအကြာမှာ ပညာရှင်တွေအကြား ဆွေးနွေးရတဲ့ ခေါင်းစဉ် ဖြစ်လာချိန်ကစပြီး ဝေဖန်မှု အများကြီးကိုလည်း လက်ခံရရှိထားပါတယ်။ အာဏာခွဲဝေ ဒီမိုကရေစီက အကောင်းဆုံး ဒီမိုကရေစီ မဟုတ်သလို ထိရောက်မှုလည်း မရှိဘူးလို့ တချို့ဝေဖန်သူတွေက စောဒက တက်ထားကြပါတယ်။ တချို့ ဝေဖန်သူတွေကတော့ နည်းစနစ်ပိုင်းနဲ့ လေ့လာတိုင်းတာတဲ့ အပိုင်းကို အလေးပေး အာရုံစိုက်ထားကြပါတယ်။ ဒါပေမယ့် အရေးတကြီး မှတ်သားသင့်တာက အာဏာခွဲဝေကျင့်သုံးမှုကို မကြိုက်လို့ ဝေဖန်သူတွေကလည်း တခြား ရွေးချယ်စရာ နည်းလမ်းတွေကို မတင်ပြနိုင်ကြတာပါ။ အစောပိုင်း ဝေဖန်သူ ဘရိုင်ရင် ဘယ်ရီ ကတော့ ခြွင်းချက်အဖြစ်နဲ့ ရှိနေပါတယ်။ သူက မြောက်ပိုင်း အိုင်ယာလန် ကိစ္စမှာ “သိမ်းသွင်းမှု မရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု” ဆိုတဲ့ပုံစံကို တင်ပြပါတယ်။ အဲဒီပုံစံက လူများစု အုပ်ချုပ်ရေး Majority ဆိုတာအတွက် သိသာထင်ရှားပြီး အဆိုပါပုံစံမှာ လူများစုနဲ့ လူနည်းစု ၂ ခုစလုံးက ထိန်းထိန်းသိမ်းသိမ်း ပြုမှုကြမယ်လို့ ကတိပြုထားပါတယ် (Majority – အုပ်စုကြီး တခုအတွင်းတွင် အရေအတွက် တ၀က်ထက်ကျော်သော လူများစု)။ ဘယ်ရီရဲ့ အဆိုပြုချက်အရဆိုရင် မြောက်ပိုင်း အိုင်ယာလန်ရဲ့ လူများစု ပရိုတက်စတင့်တွေက ဘယ်လိုပဲ သင်တင့်လျောက်ပတ်အောင် ပြုမူကြပါစေ အမြဲတမ်း အာဏာရနေကြမှာ ဖြစ်ပြီး လူနည်းစု ကက်သလစ်တွေကတော့ “သစ္စာရှိ” အတိုက်အခံ အခန်းကဏ္ဍမှာပဲ အမြဲထာဝရ နေကြရမှာ ဖြစ်ပါတယ်။

(အာဏာခွဲဝေခြင်းမဟုတ်ဘဲ) ဘယ်ရီရဲ့ ပုံစံအတိုင်း အီရတ် အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းမယ်ဆိုရင် လူများစု ရှီရိုက်တွေထဲက သဘောာထား အလယ်အလတ်ရှိတဲ့ အဖွဲ့ဝင်တွေချည်း သီးသန့် ဒါမှမဟုတ် အများစုကပဲ ကောင်စီမှာ ပါဝင်မှာဖြစ်ပြီး ကောင်စီမှာမပါဘဲ ဖယ်ထုတ်ခံထားရတဲ့ ဆွန်နီနဲ့ ကာ့ဒ်တွေကတော့ အတိုက်အခံ နေရာမှာပဲ နေကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးအချင်းချင်း တင်းမာမှုတွေနဲ့ အစွန်းရောက်မှုတွေကို ပြေလည်စေဖို့ ဒါက ရိုးရှင်းတဲ့ ဖြေရှင်းနည်းပုံစံလည်းဖြစ်ပြီး “ထာဝရ အတိုက်အခံ” နေရာမှာ နေနေရတဲ့ လူနည်းစုတွေက အမြဲတမ်း သစ္စာရှိမယ်၊ သဘောထား အလယ်အလတ်ဖြစ်မယ်၊ အပြုသဘောဆောင်မယ် ဆိုပြီး ရိုးအတဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်ရီရဲ့ အကြံပြုချက်က (အာဏာခွဲဝေ ကျင့်သုံးရေးကို မကြိုက်ရင် စဉ်စားနိုင်တဲ့) တခြား ရွေးချယ်စရာနည်းလမ်း မဖြစ်နိုင်သလို လက်တွေ့မှာလည်း မကျင့်သုံးကြပါ။

ပညာရှင်တွေ အတော်အသင့် စိတ်ဝင်စားတဲ့ တခြားရွေးချယ်စရာ တခုတည်းသော နည်းလမ်းကတော့ ဒေါ်လ်နယ် ဟိုးရိုးဝစ် (Donald L. Horowitz) ရဲ့ အဆိုပြုချက် ဖြစ်ပါတယ်။ အဆိုပြုချက်အရ Alternative vote မဲပေးနည်းစနစ် (ဦးစားပေးမှု အစီအစဉ်အလိုက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပေးရသောစနစ်။ ရွေးချယ်ခံရဖို့အတွက် ၅၀ ရာခိုင်နှုန်းကျော် မဲရရန်လိုအပ်ပြီး ပြည့်မီအောင်မရလျှင် ပထမဦးစားပေးမဲ အနည်းဆုံးရသူကို ဖယ်ထုတ်လိုက်ပြီး ထိုဖယ်ထုတ်ခံရသူကို ပေးထားသော မဲဆန္ဒရှင်များ၏ ဒုတိယ ဦးစားပေးမဲများကို အသုံးပြုရေတွက်သော စနစ်) ဒါမှမဟုတ် Instant-runoff စနစ် (ပထမအကျော့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တဦးတယောက်ကမျှ ၅၀ ရာခိုင်နှုန်းကျော် မဲမရလျှင် ဒုတိယအကျော့ ရွေးကောက်ပွဲကို ချက်ချင်းကျင်းပသောစနစ်) ကို အထူးသဖြင့် ကျင့်သုံးမဲ့ ရွေးကောက်ပွဲစနစ်တွေ ပါဝင်ပြီး အဆိုပါ ရွေးကောက်ပွဲစနစ်တွေအရ သဘောထား အလယ်အလတ်ရှိတဲ့ ကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက်ခံရဖို့ကို တွန်းအားပေးမယ်လို့ ဆိုပါတယ်။ တရားဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ အုပ်စုတွေအသီးသီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တာထက် သဘောထား အလယ်အလတ်ရှိသူတွေ ပါဝင်ရေးကို ဦးတည်ဆောင်ရွက်တာကြောင့် ဟိုးရိုးဝစ်ရဲ့ နည်းစနစ်က ဘယ်ရီရဲ့ နည်းစနစ်နဲ့ ဆင်တူပါတယ်။ ချွင်းချွက်ကတော့ သဘောထား အလယ်အလတ်ဖြစ်မှုရအောင် ဘယ်ရီရဲ့ နည်းစနစ်က မျှော်လင့်ရုံ မျှော်လင့်ပေမယ့် ဟိုးရိုးဝစ်ကတော့ ရနိုင်မဲ့နည်းလမ်းကို ကြိုးစားကြည့်ထားပါတယ်။ ဟိုးရိုးဝစ်ရဲ့ နမူနာပုံစံအတိုင်းသာ အီရတ် အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းမယ်ဆိုရင် လူများစု ရှီရိုက်အဖွဲ့ဝင်တွေ အဓိက ပါဝင်မယ့်ကောင်စီသာ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါ ရှီရိုက်ကိုယ်စားလှယ်တွေက ဆွန်နီနဲ့ ကာ့ဒ်လူနည်းစုတွေရဲ့ အကျိုးစီးပွား တွေကိုလည်း ဂရုဏာထား ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက် တခုခံထားပြီးမှသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဆွန်နီနဲ့ ကာ့ဒ်လူနည်းစုတွေက ကောင်စီထဲမှာ သူတို့ကိုယ်ပိုင် ကိုယ်စားလှယ်မပါဘဲ သဘောထား အလယ်အလတ်ဖြစ်တဲ့ ရှီရိုက်တွေကသာ သူတို့ကိုယ်စား ပြောဆိုပေးနေတာကို ရေရှည်မှာ ကျေနပ် လက်ခံလိမ့်မယ် ဆိုတာကိုတော့ စိတ်ကူးကြည့်ဖို့ ခက်ပါတယ်။ အလားတူပဲ အီရတ်အုပ်ချုပ်ရေးကောင်စီ ဖြစ်လာအောင် ဖန်တီးပေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေတဲ့ ဆွန်နီနဲ့ ကာ့ဒ် ကိုယ်စားလှယ်တွေက အမြဲတမ်း သဘောတူလိမ့်မယ် ဆိုတာကိုလည်း စိတ်ကူးကြည့်ဖို့ ခက်ပါတယ်။

ဟိုးရိုးဝစ်ရဲ့ Alternative vote မဲပေးနည်းစနစ်မှာ တခြားအားနည်းချက်တွေ ရှိထားလို့ နှစ်သက်စရာ မကောင်းပေမယ့် သူတို့ကို ဒီဆောင်းပါးမှာ လေ့လာဆန်းစစ်ဖို့ မလိုပါ။ ဒီနေရာမှာ အရေးကြီးတာကတော့ ဟိုးရိုးဝစ်ရဲ့ နည်းလမ်းကို အခြေခံဥပဒေပ ညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကရော၊ လက်တွေ့ရေးဆွဲသူတွေကပါ လုံးဝနီးပါး မထောက်ခံကြဘူး ဆိုတာကို မှတ်သားထားဖို့ပါပဲ။ တိုင်းရင်းသား လူမျိုးအချင်းချင်း အုပ်စုကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းမှာ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ဟိုးရိုးဝစ်ရဲ့ပုံစံကို ကျင့်သုံးထားတာဆိုလို့ တကြိမ်သာ ရှိထားဖူးပြီး အဲဒီ တကြိမ်မှာလည်း တစိတ်ပိုင်းသာ ကျင့်သုံးထားပါတယ်။ အဲဒီတကြိမ်ကတော့ Alternative vote နဲ့ အာဏာခွဲဝေ ကျင့်သုံးမှုကို ပေါင်းစပ်ဖို့ကြိုးစားတဲ့ ဖီဂျီ အခြေခံဥပေဒေအရ ကျင့်သုံးတာဖြစ်လို့ တာရှည်လည်း မခံသလို ရလဒ်တွေလည်း မကောင်းပါ။ ၁၉၉၉ ခုနှစ်မှာ စတင်ကျင့်သုံးတာဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ ပျက်စီးခဲ့ပါတယ်။ ဟိုးရိုးဝစ်ရဲ့ စိတ်ကူးတွေ အိုင်ဒီယာတွေက သူ့ကိုယ်ပိုင်တွေဖြစ်ပြီး အဆိုပါ စိတ်ကူးတွေဘက်ကနေ သူက ရပ်ခံပြောဆိုတဲ့အခါ အားတက်သရောရှိပေမယ့် သူ့ရဲ့ လျှောက်လဲပြောဆိုချက်တွေကို တခြားပညာရှင်တွေက အုံနဲ့ကျင်းနဲ့ ၀ိုင်းဝန်းထောာက်ခံပြီး လိုက်နာ ဆောင်ရွက်တာမျိုးတော့ မရှိပါ။

“အားလုံးနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ တခုလား”

အတိုချုပ်ပြောရမယ် ဆိုရင်တော့ အုပ်စုတွေ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းမှာ ကျင့်သုံးဖို့ ဖြစ်နိုင်ခြေများနေတဲ့ တခုတည်းသော ပုံစံကတော့ အာဏာခွဲဝေရေး ပုံစံပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ တခြားရွေးချယ်စရာ နည်းလမ်းတွေကို အခြေခံဥပဒေ ရေးဆွဲသူတွေကို စဉ်းစားကြည့်ခိုင်းရင်လည်း အကျိုးမများတော့ပါ။ အာဏာခွဲဝေရေး ပုံစံထဲက တခြားရွေးချယ်စရာ ပုံစံကွဲတွေကို စဉ်းစား စိတ်ကူးကြည့်မယ်ဆိုရင်လည်း စိတ်ရှုပ်ထွေးမှုတွေနဲ့ လမ်းလွဲမှုတွေသာ အများကြီး ဖြစ်လာပါတော့တယ်။ အာဏာခွဲဝေရေး ဒီမိုကရေစီကသာ “အားလုံးနဲ့ အဆင်ပြေ သင့်လျော်တဲ့” ပုံစံတခု ဖြစ်တယ်လို့ ဟိုးရိုးဝစ်က ပြောပေမယ့် ၁၉၆၀ ခုနှစ်မတိုင်မီက ကျင့်သုံးတဲ့ စနစ်တွေနဲ့ မကြာသေးခင်က (ဘယ်လ်ဂျီယမ်၊ ဘော့စနီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ မြောက်ပိုင်းအိုင်ယာလန်နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ ကျင့်သုံးထားတာ) ကို ကြည့်ရင် ပုံစံကွဲတွေ အများကြီး ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။ ဥပမာ အုပ်ချုပ်ရေးကဏ္ဍမှာ အုပ်စုတွေ အသီးသီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်ထားပါတယ်။ ဘယ်လ်ဂျီယမ် နိုင်ငံမှာဆိုရင်တော့ လူမျိုးနဲ့ ဘာသာစကားအရ ကွဲပြားနေတဲ့ အဓိက အုပ်စုကြီး၂ ခုကနေလာတဲ့ ကိုယ်စားလှယ်တွေ အရေအတွက် ညီတူမျှတူပါဝင်ပြီး အုပ်ချုပ်ရေးကဏ္ဍကို ဖွဲ့စည်းရမယ်လို့ အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားပါတယ်။ တောင်အာဖရိက နိုင်ငံမှာတော့ လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ အနည်းဆုံး ၅ ရာခိုင်နှုန်း ရထားတဲ့ နိုင်ငံရေးပါတီတွေ အားလုံးကို ၀န်ကြီးအဖွဲ့ထဲမှာ (၁၉၉၄ ကနေ ၁၉၉၉ အတွင်း) လည်း ပါဝင်ခွင့် ပြုထားပါတယ်။ ကိုလံဘီယာ နိုင်ငံမှာတော့ ၁၉၅၈ ကနေ ၁၉၆၄ ခုနှစ်အတွင်း အဓိက နိုင်ငံရေးပါတီကြီး ၂ ခုက ၀န်ကြီးအဖွဲ့တွင်း နေရာတွေကို ညီတူမျှတူ ခွဲဝေယူကြပြီး သမ္မတရာထူးကိုတော့ တလှည့်စီ ယူကြပါတယ်။ လက်ဘနွန် နိုင်ငံမှာတော့ တအုပ်စုက သမ္မတရာထူးကိုယူပြီး ကျန်တဲ့တအုပ်စုကတော့ ၀န်ကြီးချုပ်ရာထူးကို ယူရမယ်လို့ အမြဲတမ်း သတ်မှတ်ထားပါတယ်။

အခုပြောခဲ့တဲ့ နည်းလမ်းတွေအားလုံးမှာ ရှိနေတဲ့ အားသာချက်တွေက တခုနဲ့တခုတော့ မတူသလို တကယ် လက်တွေ့ လုပ်ဆောင်ကြည့်တဲ့ အခါမှာလည်း အကျိုးသက်ရောက်မှုချင်းက မတူပါ။ အကြောင်းကတော့ အုပ်စုအသီးသီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရေးကို အဓိကထားတဲ့ ရလဒ်မျိုးဖြစ်လာအောင် ရည်ရွယ်ထားတဲ့ သီးခြားစနစ်တွေအပေါ် အာဏာခွဲဝေရေး စနစ်တခုချင်းစီရဲ့ အောင်မြင်မှုတွေက မူတည်နေတာကြောင့်ပါ။ တကယ်တော့လည်း ဆိုက်ပရပ်စ်မှာ ၁၉၆၃ ခုနှစ်နဲ့ လက်ဘနွန်နိုင်ငံမှာ ၁၉၇၅ ခုနှစ်တွေတုန်းက ကျင့်သုံးဖော်ဆောင်ခဲ့တဲ့ အာဏာခွဲဝေရေး စနစ်တွေ မအောင်မြင်တာက အဆိုးဝါးဆုံး ဖြစ်ခဲ့ပါတယ်။ မအောင်မြင်တဲ့ အကြောင်းရင်းက အာာဏာကို လုံလုံလောက်လောက် မခွဲဝေလို့ မဟုတ်ဘဲ လက်မခံနိုင်စရာကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အင်စတီကျုးရှင်းတွေကို အခြေခံဥပဒေ ရေးဆွဲသူတွေက ရွေးချယ်ကျင့်သုံးခဲ့တာာကြောင့်ပဲ ဖြစ်ပါတယ်။

အာဏာခွဲဝေရေးနဲ့ ပက်သက်ပြီး စည်းမျဉ်းစည်းကမ်တွေ နည်းစနစ်တွေ အကြောင်းကို ပညာရှင်တွေက လေ့လာပြုစုပြီး လက်တွေ့ရေးဆွဲသူတွေကို အကြံပေးမယ်ဆိုရင် အထောက်အကူ ပြုနိုင်တယ်ဆိုတာကို အပေါ်မှာပြောခဲ့တဲ့ မအောင်မြင်မှု ၂ ခုက မီးမောင်းထိုး ပြသနေပါတယ်။ ဒီလိုနည်းနဲ့ ပြောရမယ်ဆိုရင်တော့ အကောင်းဆုံး အာဏာခွဲဝေရေး ပုံစံကို တိတိကျကျ ကြိုးစားပြောဆို ကြည့်နိုင်ဖို့အတွက် ဟိုးရိုးဝစ်ရဲ
“အားလုံးနဲ့ အံဝင်ခွင်ကျဖြစ်တဲ့” ပုံစံ ဆိုတာက ဉာဏ်ကွန့်မြူးစရာ နမူနာဖြစ်လာပါလိမ့်မယ်။ လက်တွေ့ကျင့်သုံးမယ့် နိုင်ငံရဲ့ ထူးခြားတဲ့ ကြန်အင်လက္ခဏာတွေ အပေါ်မူတည်ပြီး အာဏာခွဲဝေရေးပုံစံကို လိုအပ်သလို ပြောင်းလဲကျင့်သုံးသင့်ပေမယ့် အရာရာတိုင်းက အဆိုပါ ကြန်အင်လက္ခဏာ တခုချင်းစီအပေါ် မူတည်နေတယ် ဆိုတာတော့ မဟုတ်ပါ။

ဆက်လက်ဖော်ပြပါမည်။

(ဒေါက်တာ အာရင်းဒ် လစ်ခ်ျပါ့တ် (Arend Lijphart) ၏ Constitutional design for divided societies ကို ဘာသာပြန်ဆိုပါသည်။ ဒေါက်တာ အာရင်းဒ် လစ်ခ်ျပါ့တ်သည် ကမ္ဘာသိ နိုင်ငံရေးသိပ္ပံပညာရှင် ဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဆန်ဒီရေဂိုတွင် နိုင်ငံရေးသိပ္ပံဆိုင်ရာ ရာသက်ပန် သုတေသန ပါမောက္ခဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် ဖြည့်စွက်ရေးသား ထုတ်ဝေသည့် Patterns of Democracy: Government Forms & Performance in Thirty-six Countries စာအုပ်အပါအ၀င် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ သဘောထား ကွဲပြားနေသော လူ့အဖွဲ့အစည်းများအတွက် အုပ်ချုပ်ပုံ နည်းစနစ်များ၊ ရွေးကောက်ပွဲ စနစ်များ၊ တိုင်းရင်းသားလူနည်းစုများနှင့် နှိုင်းယှဉ်လေ့လာမှု နိုင်ငံရေးများ အကြောင်း စာအုပ်များ ရေးသားခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။)

KNPP နှင့်အစိုးရတို့ ဖွံ့ဖြိုးရေးလုပ်ငန်း မပူးပေါင်းနိုင်သေး

ဖဲဘူး

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမရှိသေးကြောင်း KNPP မှ ဗိုလ်မှူးဘုန်းနိုင်က ပြောသည်။

“တိုင်းပြည်အတွက် ဖွံ့ဖြိုးရေးလုပ်မယ်။ လမ်းပန်းဆက်သွယ်ရေးလုပ်မယ်။ ကျန်းမာရေးကိစ္စတွေ လုပ်မယ်။ ကျနော်တို့က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ကျနော်တော်တို့ ၀င်ထွက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်တာမရှိဘူး။ ဒီနေ့ အထိပဲ။”

အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားသည့် အချက်များတွင် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အစိုးရနှင့် (KNPP) ပူးပေါင်းဆောင်ရွက်ရန် ပါရှိထားပြီးဖြစ်သည်။

သို့သော်ယနေ့တိုင် တစုံတရာမျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးကြောင်းကို ဗိုလ်မှူးဘုန်းနိုင်က ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လေ့လာသုံးသပ်ခြင်း အစီအစဉ်ကျင်းပပြုလုပ်ခဲ့စဉ်၌ ပြောကြား သွားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်အစိုးရဘက်မှလည်း ရွာသစ်ရေအားလျှပ်စစ် စီမံကိန်းကဲ့သို့သော အကြီးစားစီမံကိန်းလုပ်ငန်းများကို KNPP နှင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်မည့်ကိစ္စ မှတပါး အခြားသော ပူးပေါင်းဆောင်ရွက်မှုများ မရှိသေးကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီးဦးစောဟူးဟူးက ပြောသည်။

“ပူးပေါင်းလုပ်ဆောင်တယ်ဆိုတာက သူတို့ဖက်က ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်တဲ့ အပေါ်မှာလည်း မူတည်တာပေါ့လေ”

KNPP နှင့်အစိုးရတို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ၂၀၁၂ မတ်လ ၇ ရက်တွင် တကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်တကြိမ် ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် တကြိမ်ပြုလုပ်ပြီးဖြစ်သည်။

KNPP ဘက်မှ ဆွေးနွေးတင်ပြထားသည့် အချက် ၂၀ တွင် အချက် ၁၄ ချက်ကို ပဏာမ သဘောတူညီခဲ့ကြပြီး ကျန်သည့် တပ်ကိစ္စနှင့် ပတ်သက်သည့် အချက် ၆ ချက်မှာ ယနေ့ထိ မဆွေးနွေးနိုင်သေးကြောင်းကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာသုံးသပ်မှုတွင် သိရှိသည်။

အမျိုးအမည်မသိရသော နိုင်ငံခြားအဖွဲ့အစည်း၏ အိမ်ငှားရမ်းမှု စစ်တွေမြို့ခံတွေ စိုးရိမ်

မြနှင်းသူ

စစ်တွေ မြို့ရပ်ကွက်အချို့အတွင်း အမျိုးအမည် ကွဲကွဲပြားပြားမသိရသော နိုင်ငံခြားအဖွဲ့အစည်း ဟု အမည်ခံကာ အိမ်ငှားရမ်းမှုများ ဆိုက်တိုက်ဖြစ်ပေါ်နေမှုများအပေါ် မြို့ခံတွေ စိုးရိမ်မကင်းဖြစ်နေ ကြောင်းသိရသည်။

လွန်ခဲ့သည့်လနှင့် ယခုလအတွင်း ဆက်တိုက်ဆိုသလို အိမ်ငှားရမ်းမှုများမှာ အလွန်များပြားလာပြီး ကာလပေါက်ဈေးထက် ၃ ဆခန့် ပိုမိုသော နုန်းထားများဖြင့် အိမ် ၂၀၀ခန့်ကို ငှားရမ်းခဲ့ကြောင်း စစ်တွေမြို့ပေါ် သတင်းများအရ သိရှိရသည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်အတွင်း ယခုလို အကြောင်းအရင်း လုံလောက်စွာမပြနိုင်သော အိမ်ငှားရမ်းလာမှုများ လက်မခံ ကြရန်ရပ်ကွက်နေပြည်သုများက စုဝေးတိုင်ပင်ကာ ဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေးကို စက်တင်ဘာလ ၂၈နေ့ နေ့လည်ပိုင်းက ရပ်ကွက်အတွင်းရှိ မြို့မ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြပြီး လူပေါင်း (၃၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတက်ရောက်သူ ကိုအောင်သန်းက " အစည်းအဝေး ဆုံးဖြတ်ချက်(၄)ချက်ကို ချမှတ်ခဲ့ပြီး ရပ်ကွက်တွင်း အသိပေးသွားမှာပါ။" ဟု အာရ်ကန်တိုင်းမ်စ် သတင်းဌာန ကိုပြောကြားသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကလည်း ကျောင်းကြီးလမ်းရပ်ကွက်တွင် မြန်မာ့အဖွဲ့အစည်းဟု ပြောဆိုငှားရမ်းခဲ့ပြီးမှ နိုင်ငံခြားအဖွဲ့အစည်းဖြစ်နေသဖြင့် ရပ်ကွက်နေ ပြည်သူများက မကျေနပ်ခဲ့ကြပေ။ ကျောင်းကြီးလမ်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းအောင်က အိမ်ငှားရမ်းမှုတစ်ခုတွင် " မြန်မာ့ ကြက်ခြေနီ၊ မြန်မာလူမျိုး၊ မြန်မာဗုဒ္ဓဘာသာဆိုပြီး လာပြောပါတယ်၊ ဒါကြောင့် အသိသက်သေအဖြစ် သွားရောက်လက်မှတ်ထိုးစဉ် နိုင်ငံခြားအဖွဲ့အစည်း ဖြစ်နေပါတယ်။ " ဟု ပြောသည်။

" ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနည်းပါးနေချိန် တစ်ဖက်က သံသယဖြစ်နိုင်ဖွယ် အချက်တွေကို ရှောင်ရှားရပါမယ်။ ယခုအိမ်တွေ အများကြီးငှားလာတော့ လူတွေကသံသယ ဖြစ်လာကြပါတယ်။ ဘာလုပ်ဖို့မှန်း ဘာအဖွဲ့အစည်မှန်း မသိရတာက အခြေအနေကို ပိုမိုဆိုးလာနိုင်ပါတယ်။ အဖွဲ့အစည်း တော်တော်များများကလည်း ဘင်္ဂလီတွေအတွက် သီးသန့်လုပ်ဆောင် နေကြတာဖြစ်ပါတယ်။ အကောင်းဆုံး အနေအထား တစ်ခုက နိုင်ငံတကာ ဘယ်အဖွဲ့အစည်းမဆို မြို့ခံရပ်မိရပ်ဖတွေနှင့် တိုင်ပင်ပြီးတော့ ရခိုင်တွေအတွက် ဘာကူညီပေးမည်။ ငွေကြေးဘယ်လောက်သုံးမည်။ ဘင်္ဂလီတွေကို ဘာကူညီပေးမည်။ ငွေလယ်လောက်သုံးမည် ဆိုတာကို သေသေချာချာဖော်ပြပြီးတော့ တိတိကျကျ လုပ်ဆောင်ပြဖို့လိုလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်စလုံးက ဒုက္ခသည်တွေဖြစ်နေရလို့ပါ။ ဤသို့လုပ်ဆောင်ပြခြင်းအားဖြင့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုလည်း ပြန်လည်ရရှိနိုင်ပါတယ်။ '' ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့(AHRDO) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအုပ်စိုးခိုင်က အာရကန်တိုင်း သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသွားခဲ့သည်။

ငှားရမ်းထားသော အိမ်များတွင် နိုင်ငံခြားသားတစ်ချို့ နေထိုင်နေကြပြီး အရေအတွက် ဦးရေ ၄၀ ကျော်ခန့်ရှိကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းသိရှိရသည်။

နည်းပညာကျောင်းသားတစ်ဦး တွံတေးတူးမြောင်းအတွင်း သေဆုံး

ဇော်ဇော်ထွေး

အရက်သောက်ပြီး တွံတေးတူးမြောင်းအတွင်း ရေဆင်းကူးခဲ့သည့် ဒုတိယနှစ် အနောက်ပိုင်း နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့မှုတစ်ခု စက်တင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းအမှုမှာ တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းခြင်းပြီး စက်တင်ဘာ ၂၄ ရက်တွင် မြို့နယ်ဆေးရုံသို့ ရေနစ်သေဆုံးသူ အမျိုးသား အလောင်းတစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ မောင်ထက်ကိုကိုဦး (၂၂)နှစ်၊ အနောက်ပိုင်းနည်းပညာ တက္ကသိုလ် (GTC)ဒုတိယနှစ် ကျောင်းသား အမှတ် (အ/၁၀)၊ မြ၀တီလမ်း၊ အုန်းပင်စုရပ်ကွက်၊ တွံ့ တေးမြို့နေသူဖြစ်သည်ကို စစ်ဆေးတွေ့ရှိ ထားသည်။

၎င်းသည် စက်တင်ဘာ ၂၃ ရက် နံနက် ၂ နာရီအချိန်က သူငယ်ချင်းဖြစ်သူ စည်သူ ၊ ချစ်ဦးတို့နှင့်အတူ အရက်သောက်ပြီး မင်းပိုင် ရပ်ကွက်၊ မော်တော်လေး ရေဆိပ်ရှိ တွံတေးတူးမြောင်းအတွင်း ရေဆင်းကူးရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ကို သိရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့်ပင် သူ၏ သူငယ်ချင်းဖြစ်သူများက ပျောက်ဆုံးသူ၏ မိသားစုဝင်များအား အကြောင်းကြားပြီး လိုက်ရှာခဲ့ရာ စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ပျော်ဘွယ် လေးကျေးရွာထိပ် တွံတေးတူးမြောင်း အတွင်းမှ ရှာဖွေတွေ့ ရှိခဲ့သည်ဟု သိရသည်။

လက်ရှိတွင် သေဆုံးသူအလောင်းအား တွံတေးဆေးရုံသို့ ပို့ဆောင်ထားပြီး မြို့နယ် ရဲစခန်းက ယင်းသေဆုံးမှုကို သွေးရိုးသားရိုး ရေနစ်သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို သေမှု သေခင်းအမှတ်စဉ် ၁၄/၂၀၁၃ဖြင့် စုံစမ်း စစ်ဆေးနေသည် ဟု တိုင်းရဲဌာနက ဆိုထားသည်။

လက်ပံတောင်းတောင်သို့ ချီတက်ဆန္ဒပြသူတွေ တားဆီးခံရ

ABC

လက်ပံတောင်းတောင်ဒေသရှိ ​လယ်တီဆရာတော်ဘုရားရဲ့သိမ်တော်နဲ့ ​ဒဿနိက ​အဆောက်အအုံ ​တွေကို ​ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးဖို့တွက် ​မန္တလေးကနေ ​လက်ပံတောင်းတောင်ကို ​ချီတက်ဆန္ဒပြလာစဉ် ​လမ်းမှာ ​အာဏာပိုင်တွေရဲ့ ​တားဆီးမှုခံခဲ့ရတယ်လို့ ​သိရပါတယ်။

လက်ပံတောင်းတောင် ​အကြမ်းဖက်ခံခဲ့ရတဲ့ ​ဆယ်လပြည့်တဲ့ ​စက်တင်ဘာ ​၂၉ရက်နေ့မှာ ​ချီတက်ဆန္ဒပြတာဖြစ်ပြီး ​သံယာတော် ​၃ပါးနဲ့ ​ပြည်သူ ​၄၀ကျော်လောက်ပါဝင်ခဲ့တယ်လို့ ​သိရပါတယ်။

ဒီလကုန်မှာ ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းပြန်လည်စတင်တော့မှာဖြစ်တယ်လို့ ​တာဝန်ရှိသူတွေက ​တရားဝင်အသိ ​ပေးပြောကြားလာပြီးနောက် ​လယ်တီဆရာတော်ဘုရားရဲ့ ​သိမ်တော်နဲ့ ​ဒဿနိကအဆောက်အအုံတွေကို ​ထိန်းသိမ်းနိုင်ဖို့အတွက် ​လမ်းလျောက်ဆန္ဒပြတာ ​ဖြစ်ပါတယ်။

ချီတက်ဆန္ဒပြသူတွေဟာ ​စစ်ကိုင်းမြို့အ၀င်မှာ ​သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ကနေ ​တားမြစ်ခဲ့တဲ့ ​အကြောင်း ​ချီတက်ဆန္ဒပြရာမှာပါဝင်တဲ့ ​ဆရာတော် ​ဦးစန္ဒာသီရိက ​အခုလိုမိန့်ကြား ​ပါတယ်။

“ဦးပဇင်းတို့ ​စစ်ကိုင်းတံတားအလွန်မှာပေါ့နော်၊ ​လုံထိန်အင်အား ​၁၀၀ ​ခန့်ကနေပြီးတော့မှပေါ့နော် ​သံဃာ ​တော်ကိုလည်း ​အရှေ့ကနေပြီးနေတော့ ​တုတ်တွေကို ​ကိုင်ပြီးတော့ ​တားတယ်ပေါ့၊ ​အဲဒီမှာနဲနဲလေး ​မိနစ် ​ပိုင်းလောက် ​ရွာသားတွေကို ​စဆွဲတယ်ပေါ့၊ ​ဦးပဇင်းကတော့ ​ကိုယ်ထိလက်ရောက်တကာကြီးတို့ ​မကျူးလွန်ဖို့ ​ပြောတဲ့အတွက် ​သူတို့ကနေပြီးတော့ ​နောက်ဆုတ်သွားတဲ့အချိန်မှာ ​ဦးပဇင်းက ​ဘေးကနေပတ်ပြီးတော့ ​ရှေ့ကိုပဲချီတက်လာတာ ​အင်အားစုအားလုံးပဲ ​တယောက်မှအဖမ်းမခံရပဲနဲ့ ​ဦးပဇင်းတို့ ​စစ်ကိုင်းကောင်းမှုတော် ​အကျော်ပေါ့ ​စိန်ရတနာ ​ဓမ္မာရုံကျောင်းကြီးထဲမှာ ​အေးအေးဆေးဆေး ​အားလုံးပဲအနားယူနေကြပါပြီ။” 

အစကလမ်းလျောက်ချီတက် ​ဆန္ဒပြတဲ့အထဲက ​၂ဦးကို ​အာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီး ​နောက်ပိုင်းမှာ ​ပြန်လွတ်ပေးခဲ့တယ်လို့ ​ဆိုပါတယ်။ ​ လက်ပံတောင်းတောင်ဒေသခံတွေကို ​အခုလ ​၃၀ရက်နေ့နောက်ဆုံးထားပြီးမြေယာလျော်ကြေးထုတ်ယူကြဖို့ ​အာဏာပိုင်တွေဘက်က ​ဖိအားပေးမှုတွေရှိနေသလို ​အခုလ ​၂၈ရက်ရက်နေ့ကလည်း ​လိပ်ခွံတောင်ဘက်မှာ ​လုံထိန်းရဲတွေဝင်ရောက်နေရာယူလိုက်တဲ့အတွက် ​အခြေအနေတွေတင်းမာနေပါတယ်။

လမ်းလျောက်ချီတက်တဲ့အဖွဲ့ဟာ ​ဒီကနေ့ဆိုရင် ​စစ်ကိုင်းမြို့ကနေ ​လက်ပံတောင်းတောင်ကို ​ဆက်လက်ချီတက်သွားမယ်လို့ ​သိရတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

မြန်မာတွေ ဘာလို့ မပျော်တာလဲ

ညီစောလွင်

“ကဗျာလင်္ကာ၊ ဖတ်စရာနှင့်
အစာအတွက်၊
ပေါင်မုန့် တရှပ်နှင့်
တခွက်သောက်လို၊ ၀ိုင်ချိုချိုနှင့်
နှစ်ကိုယ်ကြည်ဖြူ၊
မောင့်ချစ်သူနှင့်
အတူယှဉ်ကာ၊ နေရပါသော်
ကန္တာရပင်၊ ဖြစ်ပါလျှင်လည်း
မြူရွှင်ခိုလုံ၊ နိဗ္ဗာန်ဘုံဟု
ကြည်ယုံမှတ်ထင်နိုင်သည်တကား။ *

ငယ်ငယ်ကတော့ ဒီကဗျာက အလွန်စိတ်ကူးယဉ်လို့ ကောင်းတဲ့ ကဗျာတပုဒ်ပါ။ မူရင်းပိုင်ရှင်က ဆယ့်တစ်ရာစု ပါရှန်း ကဗျာဆရာ အိုမာခေယမ်။ ဆရာမင်းယုဝေက “သစ်ရိပ်သာဝယ်” လို့ လှပစွာ ဘာသာပြန်ပါတယ်။ ကဗျာဆရာတယောက်ရဲ့ အနည်းဆုံး လိုချင် တောင့်တမှု ဆိုပါစို့။ ကဗျာ ခေါင်းစဉ်က စပြောရရင် “သစ်ရိပ်“၊ “ကဗျာ လင်္ကာ” ၊ “ပေါင်မုန့်”၊ “၀ိုင်ချိုချို”၊ “မောင့်ချစ်သူ” ဆိုတာတွေ ရှိရင် သူ့ဘဝက နိဗ္ဗာန်ဘုံလိုပဲလို့ ခံစားရေးဖွဲ့ထားတာ တွေ့ရတယ်။

ကဗျာကို အခု နောက်တခေါက် ပြန်ဖတ်ကြည့်တဲ့အခါ “သစ်ရိပ်“ ဆိုတဲ့ နေရာမှာ လုံခြုံတဲ့နေစရာရိပ်မြုံနဲ့ သဘာဝပတ်ဝန်းကျင်လို့ ထပ်တွေ့တယ်။ “ကဗျာ လင်္ကာ” ဆိုတဲ့နေရာမှာ အနုပညာ၊ လူသားတယောက်ရဲ့ လွတ်လပ်စွာ ရွေးချယ်မှု ဆိုတာလို့ တွေ့တယ်။ “ပေါင်မုန့်” နဲ့ “ ၀ိုင်ချိုချို ”ဆိုတာကို ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ဖွယ် အာဟာရ ရိက္ခာလို့ တွေ့တယ်။ “မောင့်ချစ်သူ” ဆိုတာ အပြန်အလှန် ချစ်ခြင်းမေတ္တာ၊ စာနာမှု၊ နားလည်မှု ဆိုတာကို တွေ့တယ်။ သေချာတွေးကြည့်တော့ အိုမာခေယမ်ရဲ့ ကဗျာဟာ ဒီနေ့ လူမှုဖွံ့ဖြိုးရေး ပညာရှင်တွေ၊ အတွေးအခေါ်ပညာရှင်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ ဆွေးနွေးနေကြတဲ့ တမျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့မှု (Gross National Happiness) ရဲ့ အနှစ်ချုပ်ပဲလို့ ဆင့်ပွား တွေးမိပါတယ်။

Gross National Happiness ( GNH) ဆိုတာကို လွန်ခဲ့တဲ့ အနှစ် ၄၀ တုန်းက ဘူတန်ရဲ့ စတုတ္ထမြောက် ဘုရင်က တီထွင်ခဲ့တယ်။ တမျိုးသားလုံးစုစုပေါင်း ထုတ်လုပ်မှု (Gross National Product) ဆိုတာထက် တမျိုးသားလုံးပျော်ရွှင်ချမ်းမြေ့မှု (Gross National Happiness) နောက်ကို လိုက်မယ်လို့ ရွေးချယ်လိုက်တာပါ။ အဲဒီအချိန်ကစလို့ ဘူတန်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကို လိုက်တဲ့ အခါမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တခုတည်းကို မကြည့်တော့ဘဲ ယဉ်ကျေးမှု၊ စိတ္တသုခ၊ ကိုယ်ချင်းစာတရား၊ အများကောင်းကျိုး ဆိုတာတွေကို အလေးပေးတဲ့ ဖွံ့ဖြိုးမှုကို ချဉ်းကပ်နည်းသစ်ကို ကျင့်သုံးလာခဲ့တယ်။ ဒီနေ့ဆိုရင် ဘူတန်က စလိုက်တဲ့ Gross National Happiness အယူအဆဟာ အတော်ကျယ်ပြန့်နေပါပြီ။ ၂၀၁၁ ဇူလိုင်လတုန်း ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံကနေ နိုင်ငံတွေရဲ့ မူဝါဒချတဲ့နေရာမှာ ပြည်သူတွေရဲ့ ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ရေးကို မြှင့်တင်ဖို့ ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားဖို့ တိုက်တွန်းခဲ့တယ်။

တကယ်တမ်း GNH ကို ဖော်ထုတ်နိုင်ဖို့ ပြီးပြည့်စုံတဲ့ သီအိုရီရယ်လို့တော့ မရှိသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ကိုလံဘီယာ တက္ကသိုလ်က အသေးစိတ်တဲ့ World Happiness Report အစီရင်ခံစာကို ထုတ်ပြန်ခဲ့တယ်။ အစီရင်ခံစာက တိုင်းတာတဲ့ စံနှုန်းတွေကို လေ့လာကြည့်တဲ့အခါ ဘူတန်ရဲ့ Gross National Happiness အယူအဆ အတိုင်းအတာတွေ အပြင် ထင်ရှားတဲ့ အိန္ဒိယ လူမျိုး စီးပွားရေးပညာရှင် အမာတြာဆင်ရဲ့ ဖွံ့ဖြိုးရေးအယူအဆတွေကိုပါ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ အဓိက အရေးကြီးတဲ့ ၆ ချက် တွေ့ရပါတယ်။

(၁) လူတဦးချင်း ဂျီဒီပီ ပမာဏ
(၂) ကျန်းမာစွာ အသက်ရှင်နိုင်တဲ့ သက်တမ်း
(၃) လူမှုရေး အထောက်အပံ့ အခြေအနေ
(၄) လာဘ်ပေးလာဘ်ယူ ကင်းစင်မှု အတိုင်းအဆ
(၅) အလှူအတန်း ရက်ရောမှု
(၆) ဘ၀အတွက် လွတ်လပ်စွာ ရွေးချယ်နိုင်မှု

ဒီစံတွေနဲ့ တိုင်းတာလိုက်တဲ့အခါ နိုင်ငံပေါင်း ၁၅၆ နိုင်ငံစာရင်းမှာ ဒိန်းမတ်၊ နော်ဝေ၊ ဆွစ်ဇလန်၊ နယ်သာလန်၊ ဆွီဒင်တို့ ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ တဦးချင်း ၀င်ငွေ မြင့်မားတဲ့ အမေရိကန် ပြည်ထောင်စုက နံပါတ်စဉ် ၁၇ ပဲ ချိတ်ပါတယ်။ ယူကေ (၂၂)၊ စင်ကာပူ (၃၀)၊ ထိုင်း (၃၈)၊ တောင်ကိုရီးယား (၄၁)၊ ဂျပန် ( ၄၃)၊ မလေးရှား (၅၆)၊ အင်ဒိုနီးရှား (၇၆)၊ ဖိလစ်ပိုင် (၉၂)၊ တရုတ် (၉၃)၊ အီသီယိုးပီးယား (၁၁၉)၊ မြန်မာ (၁၂၁) တွေ့ရပါတယ်။ အောက်နားက နီပေါ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အာဖဂနစ္စတန်၊ ဆီးရီးယား၊ ရ၀မ်ဒါ တို့ဆီက ပြည်သူတွေလိုပဲ မြန်မာတွေလည်း မပျော်နိုင်ကြပါဘူး။


တကယ်တော့ ဘူတန်ရဲ့ GNH ကို အနောက်နိုင်ငံတွေက စိတ်ဝင်စားလာကြတာ သူ့အကြောင်းနဲ့ သူလို့ ထင်ပါတယ်။ အထူးသဖြင့် အနောက်တိုင်းက စီးပွားရေး ပညာရှင်တွေရဲ့ စာတွေကို ဖတ်ကြည့်ရင် ဆဝါးမိနိုင်ပါတယ်။ World Happiness Report အစီရင်ခံစာကို ပူးတွဲရေးသားသူ ကိုလံဘီယာ တက္ကသိုလ်မှာ စီးပွားရေး ပါမောက္ခ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Millennium Development Goals ) အကောင်အထည် ဖော်ရေး အထူး အကြံပေး ဂျက်ဖရေ ဒီ ဆက်စ် Jeffrey D. Sachs ရဲ့ စာတချို့ကို နမူနာအဖြစ် ဖော်ပြချင်ပါတယ်။

“… လူတွေဟာ ၀င်ငွေများများရ၊ များများတိုးဖို့ ဆိုတဲ့ နောက်ကို အငမ်းမရလိုက်ရင် ပိုပြီး ပျော်ရွှင်စရာ ကောင်းတဲ့ဘ၀၊ ကျေနပ်စရာကောင်းတဲ့ဘ၀ကို မရဘဲ မကြုံစဖူး မညီမျှမှုနဲ့ ကြောင့်ကြမှုတွေဆီကိုပဲ ဦးတည်သွားနေကြတယ်။ ……အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ GNP သိသိသာသာကို မြင့်တက်ခဲ့ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ချမ်းမြေ့မှုကတော့ မြင့်တက်မလာခဲ့ပါဘူး။ … အခု အမေရိကန်ပြည်ထောင်စု လူဦးရေရဲ့ သုံးပုံတပုံဟာ အ၀လွန်ရောဂါ ဖြစ်နေကြတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ စွဲလမ်းစေတဲ့ အစားအစားတွေကို လူငယ်တွေ မစားစားအောင် ကုမ္မဏီတွေက ကြော်ငြာနေကြတယ်” တဲ့။

နံပါတ် (၁၇) သမား အမေရိကန် စီးပွားရေးပညာရှင်က သူ့နိုင်ငံရဲ့ စိတ်မချမ်းမြေ့စရာတွေကို ဆွေးနွေးတာကို အားကျပြီး နံပါတ် (၁၂၁) သမား ကျနော့်လည်း စဉ်းစားပါတယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဆုတောင်းနေကြတဲ့ ကျနော်တို့ မြန်မာတွေ ဘာကြောင့် မပျော်နိုင်လဲပေါ့။

အဓိက ပြသနာက မြန်မာ လူဦးရေရဲ့ အများစုကြီးက ဆင်းရဲမျဉ်းအောက်မှာ ရောက်နေတာပါ။ အမေရိကန်မှာ လူတွေ အ၀လွန်ရောဂါ ဖြစ်နေပေမယ့် မြန်မာတွေက စားစရာမရှိလို့ အာဟာရ မပြည့်တဲ့ ပြသနာနဲ့ ကြုံနေရတယ်။ အခြေခံ လိုအပ်ချက်တွေ မပြည့်စုံခြင်းဟာ ကိုယ်စိတ်နှစ်ပါးဆင်းရဲစေတဲ့ ပထမအကြောင်းရင်းလို့ တွေးမိတယ်။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေကောင်းရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လျှော်ကန်သင့်မြတ်တဲ့ အလုပ်အကိုင်တွေမရှိရင် ဒုက္ခရောက်ကြမှာပေါ့၊ စိတ်ဆင်းရဲကြမှာပေါ့။ World Happiness Report အစီရင်ခံစာကလည်း ဒီအချက်ကို အလေးထားတာကို တွေ့နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နောက်တချက်က ဘူတန်ရဲ့ GNH အယူအဆက အနာထပိဏ် သူဋ္ဌေးကြီးကို ဗုဒ္ဓဟောကြားခဲ့တဲ့ လောကီ သုခလေးမျိုးကနေ မြစ်ဖျားခံတယ်ဆိုတာကို သွားတွေ့မိလို့ပါ။ လောကီ သုခလေးမျိုးကို အတိုချုပ်ရရင် တရား နည်းလမ်းဖြင့် စုဆောင်းရအပ်သော စီးပွား ဥစ္စာရှိခြင်း(အတ္ထိသုခ)၊ ထိုဥစ္စာစီးပွားတို့ဖြင့် နေထိုင် စားသောက် ကုသိုလ်ကောင်းမှု ပြုရတဲ့အခါ ကိုယ် စိတ်ချမ်းသာမှုရခြင်းတမျိုး (ဘောဂသုခ)၊ ကြွေးမြီကင်း၍ ချမ်းသာခြင်းတမျိုး (အာနဏျသုခ)၊ အပြစ်ကင်းသော အသက်မွေးမှု သမာအာဇီဝကြောင့် ချမ်းသာခြင်းတမျိုး (အန၀ဇ္ဇသုခ) ဆိုတဲ့ လောကီသုခ လေးမျိုးပါ။ ဆိုလိုတာက ဗုဒ္ဓဟာ လောကုတ္တရာပိုင်းကို အလေးပေးသလို လောကီ ချမ်းသာကိုလည်း မပစ်ပယ်ပါဘူး။

ဘူတန်တို့ရဲ့ GNH နည်းကိုကြည့်ရင် ဗုဒ္ဓဘာသာရဲ့ အဆုံးအမ၊ ဘ၀နေနည်း အပေါ်မှာ အခြေခံထားတဲ့အပြင် နိုင်ငံရေးမှာ လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍအထိ ဖြန့်ကျက်ပြီး လူထုအတွက် အခြေခံလိုအပ်ချက် ဖြည့်ဆည်းမှုနဲ့ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာစေရေး၊ မိခင်နဲ့ ကလေး သေဆုံးမှုနှုန်း လျော့ကျရေး၊ အထက်တန်းဆင့်အထိ အခမဲ့ ပညာရေး၊ လျှပ်စစ်မီး သောက်သုံးရေ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ဆေးရုံ၊ လမ်းတံတား၊ လျှပ်စစ်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ နည်းပညာ ဖွံဖြိုးမှုနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးအထိ ပါဝင်ပါတယ်။

World Happiness Report အစီရင်ခံစာထဲက ပျော်ရွှင်မှုကို တိုင်းတာတဲ့ နောက်ဆုံးတချက်က ဘ၀အတွက် လွတ်လပ်စွာ ရွေးချယ်နိုင်မှု ဆိုတာပါ။ စီးပွားရေး နိုဘယ်ဆုရှင် အမာတြာဆင်ရဲ့ အယူအဆအရလည်း ဖွံ့ဖြိုးမှုဆိုတာ လူတဦးချင်းစီရဲ့ လွတ်လပ်မှု အတိုင်းအတာပေါ်မှာပဲ မူတည်တယ်လို့ဆိုတယ်။ နိုင်ငံတနိုင် ဖွံ့ဖြိုးမှုဆိုတာကို လွတ်လပ်မှုနဲ့ တိုင်းရမယ်။ လွတ်လပ်မှုဆိုတာ မရှိရင် လူတွေဟာ ကိုယ့်အတွက်ရော၊ ကိုယ့်အသိုက်အ၀န်း အတွက်ပါ အကျိုးမပြုနိုင်ဘူးလို့ ဆိုတယ်။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတယ်ဆိုတာ ပြည်သူတွေရဲ့ နိုင်ငံရေး လွတ်လပ်မှု၊ လူမှုရေး လွတ်လပ်မှု၊ စီးပွားရေး လွတ်လပ်မှု၊ ကျန်းမာရေး၊ ပညာရေးနဲ့ တခြား လူမှုဝန်ဆောင်မှုတွေကို လူ ဘယ်လောက်များများ၊ ဘယ်လောက် လွယ်လွယ်ကူကူ၊ လွတ်လွတ်လပ်လပ် ရနိုင်သလဲ။ အလုပ်လက်မဲ့၊ သဘာဝဘေး၊ မတော်တဆဘေးတွေနဲ့ ကြုံတဲ့အခါ အကာအကွယ်တွေ၊ အထောက်အပံ့တွေ ဘယ်အတိုင်းအတာ အထိ အာမခံချက်ရှိသလဲ ဆိုတဲ့ အချက်တွေနဲ့ တိုင်းတာရမယ်လို့ ဆိုပါတယ်။

အနောက်ရဲ့ ဖွံ့ဖြိုးရေး မော်ဒယ်တွေကို လေ့လာမိသလောက် သူတို့ဟာ သီလကျင့်ဝတ်ပိုင်းကို ပယ်ပြီး ရုပ်ဝတ္ထုတွေရဲ့ စွမ်းပကားနဲ့ ငွေကြေးချမ်းသာမှု နောက်ကို လိုက်ရင်း နောက်ဆုံး ပျော်ရွှင်မှုနဲ့ ဝေးသထက် ဝေးလာတဲ့အခါ စွန့်ထားခဲ့တဲ့ ကျင့်ဝတ်ဘက်ကို ပြန်လှည့်ကြည့်လာကြရပြီလို့ ထင်မြင်မိပါတယ်။ သီလကျင့်ဝတ်နဲ့ပတ်သက်လာရင် မြန်မာတွေဟာ အနည်းဆုံး နားရည်ဝတဲ့ လူမျိုးလို့ ဆိုနိုင်ပါတယ်။ ဦးရွှေအောင်ရေးတဲ့ ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် စာအုပ်ကို ကိုးကားချင်ပါတယ်။

“… မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ ဆိုရလျှင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ နည်းချင်နည်းမည်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများလည်း နည်းချင်နည်းမည်၊ သို့ရာတွင် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကား အမြင့်မားဆုံးဖြစ်၏။ ထိုခေတ် မြန်မာတို့နိုင်ငံသားတို့သည် ကိုယ်ကျင့် သိက္ခာမြင့်မားမှုကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများနှင့် မလဲလှယ်ခဲ့ကြ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာနှင့် မလဲလှယ်ခဲ့ကြ။ ကိုယ်ကျင့်သိက္ခာမြင့်မားသည်နှင့်အမျှ ဒုစရိုက်မှုများသည်လည်း နည်းပါးသည်။ … ဒုစရိုက်မှုများ နည်းပါးသည်နှင့်အမျှလည်း သုစရိုက်များ ထွန်းကားရ၏။ ထိုကြောင့် ထိုနိုင်ငံမျိုးကို ကမ္ဘာမြေပြင်တွင် အချမ်းမြေ့ဆုံး နိုင်ငံ ဖြစ်သည်ဟု ဆိုရခြင်းဖြစ်၏။ အမှန်အားဖြင့် ထိုခေတ်မြန်မာနိုင်ငံသည် ကမ္ဘာမြေပြင်ပေါ်တွင် အချမ်းမြေ့ဆုံး နိုင်ငံများအနက် တခုအပါအ၀င်ဖြစ်ခဲ့ပါ၏”လို့ ဦးရွှေအောင်က ဆိုပါတယ်။

ခဏ စောင့်ပါဦး။ ဦးရွှေအောင်က မြန်မာတွေ ကိုလိုနီဘ၀ကို မရောက်ခင်အထိ အခြေအနေကို ပြောတာပါ။ ဘာဖြစ်ဖြစ် ဆုတောင်းစကားမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းလေ့ရှိတဲ့ မြန်မာတွေ အတွက် GNH နဲ့ စိမ်းလှတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် World Happiness Report အစီရင်ခံစာမှာ မြန်မာတွေ အောက်ခြေအဆင့်ရောက်ရသလို ဆင်းရဲပေမယ့် ပျော်တတ်ကြတဲ့ ဘူတန်လို ဘာလို့ မြန်မာတွေ မပျော်နိုင်ကြသလဲ။

ဦးရွှေအောင်ကတော့ တိုင်းတပါးလက်အောက် ကျရောက်တဲ့အချိန်ကစလို့ တန်ဖိုးတွေ ပြောင်းလဲသွားပြီး “ရဲရင့်မှုနှင့် ရက်ရောမှု” ပျောက်ကွယ်၊ “အနစ်နာခံလိုသော စိတ်ထား” တွေ ဆုတ်ယုတ်သွားတာကို ထောက်ပြပါတယ်။ ဥပါဒါန ပစ္စယောဘဝေါ ဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်အရကြည့်ရင်လည်း ပတ်ဝန်းကျင်ကောင်းလျှင် အမြင်ကောင်းနဲ့ အကျင့်ကောင်းကို ရမယ်။ ပတ်ဝန်းကျင် ကောင်းလျှင် အမြင်ဆိုးနဲ့ အကျင့်ဆိုးကို ရမယ်လို့ ဆိုထားပါတယ်။ ဒီသဘောအရဆိုရင် မြန်မာပြည်ဟာ တိုင်းတပါးအောက်က လွတ်လပ်ရေး ရခဲ့တာ အနှစ် ၆၀ ကျော်လာတဲ့ အထိ “အချမ်းမြေ့ဆုံးနိုင်ငံ” ပြန်မရောက်သေးတဲ့ အဖြေကို ရှာတွေ့ နိုင်ပါတယ်။

World Happiness Report အစီရင်ခံစာကို ပူးတွဲရေးသားသူ ပါမောက္ခ ဂျက်ဖရေ ဆက်စ် က “အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားက တရားမျှတရေး၊ လူလူချင်း ယုံကြည်မှု၊ စိတ္တဗလ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာတွေ အားလုံးကို ကျော်ပြီး ခြယ်လှယ်ခွင့် ပိုရနေတယ်။ ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးချုပ်ရဲ့ မျက်နှာသာပေးမှုနဲ့ ဒီမိုကရက်တစ် ဖြစ်စဉ်ကို ဖျက်စီးနေတယ်” လို့ ရေးပါတယ်။

မြန်မာတွေနဲ့ အမေရိကန်တွေကြားမှာ တဦးချင်း ၀င်ငွေက မိုးနဲ့မြေလို နှိုင်းယှဉ်လို့ မရပါဘူး။ လွတ်လပ်တဲ့ ဘ၀ရွေးချယ်ခွင့်မှာလည်း မိုးနဲ့ မြေပါပဲ။ ကျင့်ဝတ်ပိုင်းမှာ တန်ဖိုးထားမှုအရလည်း ယဉ်ကျေးမှုစံတွေ ကွာခြားပါတယ်။ ဒါပေမယ့် အခွင့်ထူးခံတစုက လူများစုကြီးရဲ့ အပေါ်မှာ ရှိနေုလို့ စိတ်ဆင်းရဲနေရတဲ့နေရာမှာတော့ ဘ၀ချင်းတူပါတယ်။ နံပါတ်စဉ်အရဆိုရင် မြန်မာတွေက အဆပေါင်းများစွာ ပိုဆိုးပါတယ်။ ဘုရားဟော အင်္ဂုတ္ထိုရ် ပါဠိတော် တိကနိပါတ် ပလောကသုတ်၊ လူကုန်ခန်းကြောင်း တရား သုံးပါးထဲမှာလည်း ၀ိသမလောဘ ဆိုတဲ့ အကြောင်းတရပ်ကို သတိထား မိပါတယ်။ မိမိယူထိုက်၊ ရထိုက်၊ ရသင့်သည်သာမက မယူသင့်မရသင့် သည်ကို ကောက်ကျစ်စဉ်းလဲ၍ သော်လည်းကောင်း၊ နှိပ်စက်လွှမ်းမိုး၍ သော်လည်းကောင်း၊ ရအောင်ယူတဲ့ ၀ိသမ လောဘ သမားတွေကြောင့် တိုင်းပြည် ပျက်တတ်တယ်လို့ ဗုဒ္ဓက ဟောထားပါတယ်။