Wednesday, January 15, 2014

လေးပွင့်ဆိုင် ကြိုတင်တွေ့ခြင်းသည် အကောင်းဆုံးဖြေရှင်းနည်းဟု ဒေါ်စုပြော

စိုးသန်းလင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးသည် မြန်မာနိုင်ငံရေးအတွက် အရေးကြီးသည့်အခြေအနေတွင် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အဖြေမထွက်မီ ကြိုတင်တွေ့ဆုံဖို့လိုကြောင်း၊ လေးပွင့်ဆိုင်ကြိုတင်တွေ့ခြင်းသည်သာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“ နိုင်ငံတကာမှာ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ် တစ်ခုက ဒီလိုတိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အခြေအနေတစ်ရပ် ပေါ်ပေါက်နေပြီဆိုရင် ကြိုတင်ပြီး ဆွေးနွေးကြတယ်၊ ကြို တင်ဆွေးနွေးတယ်ဆိုတာ နောင်ဖြစ်ပေါ်လာမယ့် ကိစ္စတွေကို ချောမွေ့ဖို့ပါ၊ ဒါဟာ ဒီမိုကရေစီ နိုင်ငံရေး မှာတင်မကဘူး၊ တစ်ခါတလေ ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေ ကြားမှာတောင် တချို့ပြသနာတွေ ဖြေရှင်းတဲ့အခါမှာ ဒီနည်းပဲသုံးကြတယ်၊ ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်းလို့ အန်တီမြင် တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် န၀မပုံမှန်အစည်းအဝေး ဒုတိယနေ့ (ဇန်န၀ါရီ ၁၄ ရက်) အပြီးတွင် သူမ ကော်မတီရုံးရှိရာ အိုင်-၁၂ အဆောက်အအုံ အစည်းအဝေးခန်း၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမှန်အားဖြင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် သူမကတောင်းဆိုခဲ့ကြောင်း၊ မတွေ့သင့်ဘူးဟုပြော သည်မှာ ကာကွယ်ရေးဦးစီးချုပ်မဟုတ်ဘဲ သမ္မတကပြောခြင်းသာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံမှ အဖြေမထွက်လာသေးသဖြင့် တွေ့ဆုံဖို့မသင့်သေးဟူ၍ သမ္မတက အကြောင်းပြခဲ့ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုသို့ အရေးကြီး ကိစ္စများအတွက် အစည်းအဝေးမတိုင်မီ ဆွေးနွေးသင့်သည့် သာဓကအဖြစ် သူမက ကုလသမဂ္ဂအဖွဲ့တွင် သုံးလေ့ရှိသော Corridors of power ဟူသော စကားကိုရည်ညွှန်းပြောဆိုခဲ့သည်။

“ကော်ရစ်ဒါထဲမှာ ဆွေးနွေးတယ်ဆိုတာ အဓိပ္ပာယ်က အစည်းအဝေးမတိုင်ခင် အစည်းအဝေးပြင်ပမှာ အလွတ်သဘော ဆွေးနွေးပြီး သဘောတူညီမှုကို ရယူကြတာ၊ ဘာဖြစ်လို့လဲဆိုတော့ အစည်းအဝေးခန်း ထဲရောက်သွားရင် တရားဝင်ဖြစ်သွားပြီ၊ ဒီတော့တရားဝင် မဖြစ်ခင်မှာ တို့ဘယ်လို ညှိကြမလဲဆိုတာ အပေးအယူ လုပ်ဖို့က ပိုပြီးတော့လွယ်တယ်၊ ဒါဟာအများလက်ခံတဲ့ လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

No comments: