Saturday, January 18, 2014

တောင်ကြီးမှ အမျိုးသမီးသတင်းထောက် ထိုးကြိတ်ခံရမှု တရားမျှတစွာ ဆောင်ရွက်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံစာတင်

ဂျွန်ချစ်ငြိမ်း

သျှမ်းသံတော်ဆင့် သတင်းဌာန၏ တောင်ကြီးမှ အမျိုးသမီး သတင်းထောက် တစ်ဦးကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိသည့် အမျိုးသားတစ်ဦးက ယင်းသတင်းထောက်၏ အိမ်ရှေ့တွင်ပင် ထိုးကြိတ်ခဲ့သောကြောင့် အမှုဖွင့် တိုင်တန်းထားပြီး ယင်းအမှုကို တရားမျှတစွာ ရှိစွာ ဆောင်ရွက်ပေးရန် ကာယကံရှင်နှင့် ဒေသခံ သတင်းထောက် ကိုးဦးက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံသို့ စာတင်ထားသည်ဟု အဆိုပါ သတင်းထောက် မနန်းဥမ္မာအောင် (ကလောင် အမည် ရှမ်းမလေး) က ဇန်နဝါရီ (၁၅) ရက် တွင် မဇ္ဈိမ ကိုပြောသည်။

ဇန်နဝါရီ ၄ ရက်က အမှုဖွင့်တိုင်ကြားခဲ့သော ယင်းအမှုအတွက် တရားမျှတစွာ ဖြေရှင်းပေးရန် တောင်းဆို လိုက်ခြင်းဖြစ်သည်။

မနန်းဥမ္မာအောင်က “ ပြည်နယ် ဝန်ကြီးချုပ်ထံ တရားမျှတစွာဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ အကြောင်းကြား စာပေးပို့တာပါ၊ မိတ္တူကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အမျိုးသမီးရေးရာအဖွဲ့ ပြည်နယ်တရားလွတ်တော်တရား သူကြီးချုပ်၊ ပါတီတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ထံပေးပို့ထားပါတယ် “ ဟု ဆိုသည်။

အဆိုပါ မေတ္တာရပ်ခံစာထဲတွင် ဇန်နဝါရီ ၄ရက်က သတင်းထောက်တစ်ဦးဖြစ်သူ ရှမ်းမလေးကို စိုင်းပြည့်ဖြိုးထွန်း ဆိုသူက မူးယစ်ရမ်းကာထိုးကြိတ်ခဲ့ခြင်း၊ ဆဲဆိုခြင်း ခံခဲ့ရပါကြောင်း၊ ယင်းကိစ္စ နှင့် ပတ်သတ်ပြီး တောင်ကြီးမြို့ ၊မြို့မ ရဲစခန်း သို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ပ/၂ဝ၁၄ ပြစ်မူပုဒ်မ ၃၅၄၊ ၃၂၃အရ ကနဦး အမှုဖွင့်ပေးခဲ့ပြီး ၊ပြစ်မှု ပုဒ်မ ၂၉၄ ကိုထပ်မံဖြည့်စွက်ပေးခဲ့ပါသည်။ သို့သော် ရဲ ကိစ္စ စောင့်ဆိုင်း နေစဉ်အတွင်း ဇန်နဝါရီ ၆ရက်တွင် ရဲစခန်းမှ အာမခံ ပေးပြီး အချုပ်မှ ပြန်လည် လွတ်စေခဲ့ ပါသည်။ ၁၁ ရက်နေ့တွင် မှ အခင်းဖြစ်ပွားရာနေရာသို့ လာရောက် စစ်ဆေးခဲ့ပါသည်၊ သို့ဖြစ်ပါ၍ သတင်းထောက် တစ်ဦးအား အကြောင်းမဲ့ ထိုးနှက်တိုက်ခိုက်ခြင်း အပေါ်ထိရောက်သော အရေးယူမှု ဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံ အကြောင်းကြားစာ ပေးပို့ပါသည် ဟု ဖော်ပြထား သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး တောင်ကြီးမြို့မ ရဲစခန်းမှ စခန်းမှူး ဥာဏ်လှိုင်ဦးကမူ ယင်းအမှုသည် ကြန့်ကြာနေခြင်း မရှိဟု ပြောဆိုလိုက်သည်။

၎င်းက “ ကျွန်တော်တို့ အလျင်မြန်ဆုံးဆောင်ရွက်ပေးထားတာပါ၊ အာမခံပေးတယ်ဆိုတာလည်း အာမခံ ပေးလို့ရတဲ့ အမှု မို့လို့ အာမခံပေးရခြင်းဖြစ်တယ် “ ဟု အထက်ပါဖြစ်စဉ် နှင့် ပတ်သတ်ပြီး ဇန်နဝါရီ ၁၅ ရက်က တောင်ကြီးမြို့ရှိ မီဒီယာ သမားများနှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းဝေးခန်း၌ တွေ့ဆုံစဉ် ပြောကြားသည်။

ယင်းအပြင် အဆိုပါ တွေ့ဆုံပွဲတွင်ပင် တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်း ကလည်း “ ရဲအားနည်းချက် ဘာမှ မရှိပါဘူး၊ အမှုကို ခိုင်မာအောင်တည်ဆောက်ပေးပြီး ဆေးစာနဲ့ အမှု သုံးမှုဖွင့် ဆွဲချက်တင်ပေးထား ပါတယ်၊ မီဒီယာ သမားတွေ ကိုလည်း ဥပဒေကြောင်းအရ အကာကွယ်ပေးသွား ပါမယ် “ ဟု ပြောသည်။

ထိုးကြိတ်ခဲ့သူကို အာမခံပေးရာတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အုပ်ထိန်းသူမိဘပါ သုံးဦး က အာမခံ ပေးခဲ့ခြင်းဖြစ်ကာ အာမခံလည်းပေး၍ ရသော အမှုဖြစ်သည့်အတွက် အာမခံ ပေးခြင်းဖြစ်ကာ အာမခံ ပေး၍ မရသည့်အမှုမျိုးဆိုလျင် မည်သူ့ကိုမျှ အာမခံ ပေးနိုင်ခြင်းမရှိဟုလည်း ၄င်းက ဆိုသည်။

အဆိုပါ ဖြစ်ရပ် ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၄ ရက် ည ၈း၃ဝ မိနစ် အချိန် က တောင်ကြီးမြို့ ကျောင်းကြီးစုရပ်အနောက် မြို့ ပတ်လမ်းတွင် နေသည့် မနန်းဥမ္မာအောင် (ခ) ရှမ်းမလေး သည် မောင်ဖြစ်သူ စိုင်းရဲထက်အောင် နှင့်အတူ အလုပ်မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာရာ ၊နေအိမ်ရှေ့ အရောက်တွင် စိုင်းပြည့်ဖြိုးထွန်း ဆိုသူက “ဘာကြည့်တာလဲ“ ဟု ပြောဆိုသဖြင့် ၄င်းက မူးနေပါက နေအိမ်သို့ပြန်ရန် ပြောဆို ခဲ့သည်။ ယင်းနောက် စိုင်းပြည့်ဖြိုးထွန်းက မနန်းဥမ္မာအောင်(ခ) ရှမ်းမလေး အား လက်သီးဖြင့် ထိုးခဲ့ရာ မနန်းဥမ္မာအောင်၏ ဘယ်ဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး စိုင်းပြည့်ဖြိုးထွန်းမှ ထွက်ပြေး သဖြင့် လိုက်လံဟန့်တားရာ စိန်ဆိုင်ကယ် ပြင်ဆိုင်ရှေ့ အရောက်တွင် ၄င်းက မနန်းဥမ္မာအောင် ၏ ညာလက်ကို လိမ်ချိုးရာနာ ကျင်ဒဏ်ရာ ရရှိခဲ့ကြောင်း

တောင်ကြီးမြို့၊မြို့မရဲစခန်း ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

မနန်းဥမ္မာအောင်က ၄င်းကို မိန်းမ အိဒြေ္ဒပျက်ပြားစေမှု ၊ နာကျင် ဒဏ်ရာရရှိအောင် အနိုင် အထက်ပြုလုပ်မှု တို့ဖြင့် စိုင်းပြည့်ဖြိုးထွန်း (၂၉) နှစ်အား

တောင်ကြီးမြို့၊မြို့မရဲစခန်းတွင် (ပ)၁၂/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၅၄၊ ၃၂၂ အရ အမှုဖွင့် ထားကြောင်း ရဲစခန်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

No comments: