Wednesday, January 15, 2014

ကာကွယ်ရေးဦးစီးဌာန အသုံးစရိတ် အများဆုံးရှိနေဆဲ

နော်နိုရင်း

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးအတွင်း သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကနေပြီး သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ နဲ့ ရင်းနှီးမြှုပ်နှံမှု အခန်းဂဏ္ဍတွေ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ လယ်ဆည်ဝန်ကြီး၊ ကာကွယ်ရေး၊ မွေးမြူရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန အစရှိတဲ့ ၀န်ကြီးဌန ၁၈ ခုကနေပြီး သူတို့ရဲ့ မူဝါဒါ၊ ရည်မှန်းချက် လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံပိုင်အခန်းဂဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒီထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်ဟာ ၁၂၁၅.၁၂၈ ဘီလီယံနဲ့ အများဆုံး ဖြစ်နေတယ်လို့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဘဏ္ဍာရေးကော်မရှင်ရဲ့ အစည်းအဝေးပွဲအတွင်း ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းချေ ငွေစာရင်း အတည်ပြုဖို့ကိစ္စ ဆွေးနွေးရာမှာ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေနဲ့ တိုင်းနဲ့ ပြည်နယ် ဘတ်ဂျတ်တွေကို လာမယ့် ဧပြီလက စမယ့် ဘဏ္ဍာရေးနှစ်မှာ ဗဟိုအစိုးရက တိုးပေးဖို့ လွှတ်တော်ကို တင်သွင်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ပညာရေးအသုံးစရိတ်ကို ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က စုစုပေါင်းအသုံးစရိတ်မှာ ပါဝင်မှု အချိုး ၅ ဒဿမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ရာက အခုနှစ်မှာ ၅ ဒဿမ ၉၄ ရာခိုင်နှုန်း တိုးမြင့်သုံးစွဲသွားမှာ ဖြစ်ပြီး အခြေခံပညာ အလယ်တန်းတွေလည်း လာမယ့် ပညာသင်နှစ်ကစလို့ အခခဲ့ ပညာရေး သင်ကြားခွင့်ပေးသွားမယ်လို့ ပြောပါတယ်။

ကျန်းမာရေးအသုံးစရိတ်နဲ့ ပတ်သက်လို့တော့ ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်မှာ ပါဝင်မှု အချိုး ၃ ဒဿမ ၁၅ ရာခိုင်နှုန်းကနေ ၃ ဒဿမ ၃၈ ၇ာခိုင်နှုန်းထိ တိုးမြှင့်ပေးဖို့ လျာထားလိုက်ပါတယ်။

ဒီအသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး လက်ရှိ ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် န၀မ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုနိုင်အောင် ဆွေးနွေးဖို့ရှိနေပါတယ်။

No comments: