Thursday, January 16, 2014

ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ၀န်ထမ်းတစ်ဦး ဆွဲကြိုး လုယက်ခံရ

ဇော်ဇော်ထွေး

ကည့်မြင့်တိုင်၊ မျက်မမြင်ကျောင်းမှ အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို အမျိုးသားတစ်ဦးက ဆွဲဖြတ်လုယူ ထွက်ပြေးမှုတစ်ခု ဇန်န၀ါရီ ၁၁ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်ထားသည်။

ယင်းနေ့က တရားလိုဖြစ်သူ ဒေါ်ပြုံးပြုံးရီ (၄၈)နှစ်၊ လူမှုဝန်ထမ်းအဆင့် (၃) မျက်မမြင်ကျောင်းလမ်းနေ သူသည် အထက်ပါနေ့ နံနက် ၃ နာရီတွင် နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး အဝေးပြေး ၀င်းမှ ပန်းပင်ကြီးလမ်း မျက်မမြင်ကျောင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ၎င်းသည် ကျောင်းတံခါးဖွင့်ရန် ပြုလုပ်နေစဉ် “အစ်မကြီး” ဟု ခေါ်သံကြားသဖြင့် နောက်သို့ လှည့်ကြည့်ရာ အညိုတွင် အ၀ါပွင့်ပါ စောင်ခြုံထားသည့် အသက် (၃၀)နှစ်ခန့် အမျိုးသားတစ်ဦးက အနားသို့ ရောက်ရှိလာခဲ့သည်ဟု တရားလိုက ရဲအား ပြောပြထားသည်။

ထို့နောက် ၎င်းဝတ်ဆင်ထားသည့် တန်ဖိုးကျပ် ၆၅၀,၀၀၀ ခန့်ရှိ တစ်ကျပ်သား အမ်စီစက်ဖြတ် ရွှေဆွဲ ကြိုး တစ်ကုံးကို လုယူကာ အနီးတွင် ရပ်ထားသည့် ဆိုင်ကယ်ပေါ်သို့ တက်ရောက်မောင်းနှင် ထွက်ပြေး သွားခဲ့သည်ဟု တိုင်တန်းထားသည်။

ထို့ပြင် ပတ်ဝန်းကျင်သို့ အကူအညီတောင်းပြီး ပြေးလိုက်သော်လည်း မမီခဲ့သဖြင့် အဆိုပါ ဆွဲကြိုးအား လုယက်ထွက်ပြေးသူ (စုံစမ်းဆဲ) ကို အရေးယူပေးရန် အမှုဖွင့် တိုင်တန်းထားခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ကြည့်မြင်တိုင် ရဲစခန်းက (ပ)၃၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၈၂ ဖြင့် အရေးယူရန် စုံးစမ်းရှာဖွေလျက်ရှိသည်။

No comments: