Monday, January 20, 2014

၂ဝ၁၅ အမီ အာဆီယံရည်မှန်းချက်များ ပြည့်မီရန် ၈ဝရာခိုင်နူန်း အကောင်အထည်ဖော်ပြီးဖြစ်ဟုဆို

နီနီမြင့်၊ ဝင်းကိုကိုလတ်

အာဆီယံနိုင်ငံများ ပေါင်းစည်းရန်အတွက် အာဆီယံ အသိုက်အဝန်းကို ထူထောင်ရာတွင် အဓိကကဏ္ဍ သုံးခုဖြစ်သည့် အာဆီယံ လုံခြုံရေး အသိုက်အဝန်း (APSC)၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC)၊ အာဆီယံ လူမှုရေး အသိုက်အဝန်း (ASCC) ဆိုင်ရာများကို အာဆီယံနိုင်ငံများအနေဖြင့် ၈ဝ ရာခိုင်နူန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီကဏ္ဍတွေအတွက် ချမှတ်ထားတဲ့အစီအစဉ် ကျန်တဲ့ ၂ဝ ရာခိုင်နူန်းကို ၂ဝ၁၄ခုနှစ်မှာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမှာပါ။ ဒါ့ကြောင့်လည်း ၂ဝ၁၄ ခုနှစ်က မြန်မာနိုင်ငံအတွက်ရော၊ အာဆီယံအတွက်ရော အရေးကြီးတဲ့နှစ် တစ်ခုဖြစ်ပါတယ်"ဟု အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက အထွေထွေ အတွင်းရေးမှူးချုပ် Mr.Le Luang Minhက ဇန်နဝါရီလ ၁၇ ရက်က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၊ နန်းမြင့်မျှော်စင်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

၎င်းက အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကို ၂ဝ၁၅ ခုနှစ်တွင် ရည်မှန်းချက်အတိုင်း ပြည့်မီနိုင်မည်ဟု ပုဂံတွင် ကျင်းပနေသော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဍမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအနေဖြင့် ၂ဝ၁၅တွင် ချမှတ်ထားသော ရည်မှန်းချက်အတွက် ရှေ့ဆက်ရမည်လုပ်ငန်းစဉ်များ၊ လူထုအသိုက်အဝန်း ထူထောင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်း များ စသည်တို့အပါအဝင် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံက ဦးစားပေး လုပ်ဆောင်ရမည့် အရာများကို ဆွေးနွေးခဲ့သည်ဟု ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာညွန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက အာဆီယံ အသိုက်အဝန်းထူထောင်ရာတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းသည် အခြားကဏ္ဍများထက် ရှေ့ရောက်နေသော ကဏ္ဍဖြစ်သည်ဟု ဆိုသည်။

"အာဆီယံ အသိုက်အဝန်းထူထောင်ရာမှာ မြန်မာကလည်း အခြားအာဆီယံနိုင်ငံများနှုန်းထက် မနိမ့်ဘဲ အကောင်အထည်ဖော်နိုင်ပါမယ်"ဟု ၎င်းက ပြောသည်။

"အာဆီယံနဲ့ ပြင်ပနိုင်ငံတွေရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပိုမိုခိုင်မာလာဖို့ နည်းနည်းလမ်းတွေနဲ့ ၂၃ ကြိမ်မြောက် အာဆီယံ အစည်းအဝေးက ချမှတ် ထားတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ကြေငြာချက်တွေအပေါ် မူတည်ပြီး ၂ဝ၁၅အလွန် အာဆီယံရဲ့ ရည်မှန်းချက်တွေကို ချမှတ်နိုင်ဖို့လည်းဆွေးနွေးခဲ့ပါတယ်" ဟု ဦးဝဏ္ဍမောင်လွင်ကပြောသည်။

အာဆီယံနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ် အရေးပေါ် စိုးရိမ်မှုများ ရှိနေသည်။ ဝန်ကြီးများ အနေဖြင့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ချမှတ်ထားသော မူဝါဒ ၆ ချက်ကို အားပေးပြောဆိုခဲ့ကြသည်။ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ရေကြောင်းလုံခြုံရေးကဏ္ဍ၊ တောင်တရုတ်ပင်လယ်ပေါ် တွင် လေယာဉ်ပျံသန်းရေးဆိုင်ရာ ကိစ္စရပ် စသည်တို့အပါအဝင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ရေရှည်တည်တံလာစေရန် အရေးကြီးသည်ဟုလည်း ဆိုသည်။

No comments: