Wednesday, January 15, 2014

ရွေးကောက်ပွဲကော်မရှင်သို့ ပြောင်းရွှေ့တပ်မတော်သားများ ဖေဖော်ဝါရီတွင် စတင်တာဝန်ထမ်းဆောင်မည်

ဟိန်းကိုစိုး

တပ်မတော်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ခန့်အပ်ပြီး ဖြစ်သူများသည် ဖေဖော်ဝါရီမှစတင်ကာ တာဝန်ထမ်းဆောင်တော့မည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ၀င်ဦးသောင်းလှိုင်က ဇန်န၀ါရီလ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

“အခု သူတို့ကို သင်တန်းပေးနေတာ နှစ်ပတ်လောက်ရှိနေပြီ။ သူတို့ သိသင့်သိထိုက်တာတွေကို ပို့ချပေး နေတာ။ ၀န်ထမ်းရေးရာစီမံရေး၊ ဘဏ္ဍာရေးရယ် ရွေးကောက်ပွဲဥပဒေတွေ၊ ဒါတွေကို ပို့ချနေတယ်”ဟု ပြောသည်။

တပ်မတော်မှ ပြောင်းလဲတာဝန်ထမ်းဆောင်မည့် ဗိုလ်မှူးအဆင့်ရှိသူ ၆၀ ဦးသည် ခရိုင်ကော်မရှင်အဖွဲ့ခွဲ များတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်များဖြင့် ခရိုင် ၆၀ တွင် ထမ်းဆောင်မည်ဖြစ်ပြီး ဗိုလ်ကြီးအဆင့်ရှိသူ သုံးဦးသည် မြို့နယ်ကော်မရှင်ခွဲဦးစီးအရာရှိများအဖြစ် မြို့နယ်သုံးခု၌ ထမ်းဆောင်မည်ဖြစ်သည်။

“ဒါဆိုရင် တစ်နိုင်ငံလုံးအနှံ့နီးပါးလောက် ဖြစ်သွားပါပြီ။ ပြည်နယ်နဲ့တိုင်းအနှံ့က ခရိုင်တွေမှာ ခန့်မှာ၊ သူ တို့ကို ရှောင်ရန် ဆောင်ရန်တွေ၊ ဥပဒေတွေအားလုံး ပို့ချပေးထားတယ်”ဟု ဦးသောင်းလှိုင်က ဆိုသည်။

၎င်းတို့ကို ခန့်အပ်တာဝန်ပေးပြီးနောက် လိုအပ်သည့် အခြားရုံးဝန်ထမ်း၊ စာရေးနှင့် လက်ထောက်များကို မူ ဒေသတွင်းရှိ အရပ်သားများကို ရွေးချယ်ခန့်အပ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

တပ်မတော်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့်သူများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ခန့် အပ်ခြင်းကြောင့် နိုင်ငံရေးပါတီများအပြင် နိုင်ငံရေးဆောင်ရွက်နေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများ က ကန့်ကွက်မှုများ ရှိခဲ့သည်။

“ဒီအချိန်က ပြည်သူနဲ့အစိုးရကြားမှာ ယုံကြည်မှုတည်ဆောက်နေတဲ့ အချိန်ဖြစ်လို့ ပြည်သူတွေ သံသယ ၀င်နိုင်မယ့်ကိစ္စတွေကို ရှောင်သင့်တယ်”ဟု ၈၈ မျိုးဆက်အဖွဲ့မှ ဦးဂျင်မီက ဆိုသည်။

ကော်မရှင်က တပ်မတော်သားများ ခန့်အပ်ရန်ပြောဆိုသည့် ပြောကြားချက်များသည် အကျိုးအကြောင်း ခိုင်လုံမှုမရှိဘဲ ယခုလိုခန့်အပ်လိုက်ခြင်းကြောင့် ဖြစ်လာမည့် ရွေးကောက်ပွဲသည် ပြည်သူများအတွက် အမြင်လွဲမှားဖွယ် သံသယများ ရှိလာနိုင်သည်ဟု ၎င်းက မဇ္ဈိမကို ပြောဆိုထားသည်။

No comments: