Thursday, January 16, 2014

ကချင်ဒုက္ခသည် စခန်းတွင် ကလေးငယ်များ ၀မ်းရောဂါ ဖြစ်ပွား

KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ မိုင်းခေါင် (Mung Hkawng) ကချင် ဒုက္ခသည်စခန်းတွင် ဇန္န၀ါရီ လဆန်းမှ စတင်၍ ၅ နှစ်အောက် ကလေးငယ်များ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသည့် ခရစ်ယာန် အသင်းတော်က ပြောသည်။

ယခုချိန် ကလေးငယ် အယောက် ၅၀ ကျော်တွင် ကူးစက်ပျံ့ပွားနေပြီး နေ့စဉ် ဒုက္ခသည်စခန်းအတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC (Shamai Shatsai) ဆေးပေးခန်းနှင့် အပြင် ဆေးပေးခန်းသို့ ပြသနေကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ရေကန်တခုတည်းတွင် သုံးစွဲနေရပြီး သောက်ရေသုံးရေများခက်ခဲနေခြင်း၊ နေရာ ထိုင်ခင်းများ ခက်ခဲခြင်းကြောင့် မြေကြီးတွင်သာ မိုးကာများခင်းပြီး အိပ်နေရခြင်းကြောင့် ကလေးငယ်များ ရင်ကြပ်ချောင်း ဝမ်းပျက်ဝမ်းလျှောသည့် ရောဂါဖြစ်ပွားနေကြောင်း မိုင်းခေါင်အသင်း တော်အထွေထွေအတွင်း ရေးမှူး ဆရာ Damau Naw Mai ကချင်သတင်းဌာန (KNG) သို့ပြောသည်။

မြို့နှင့် ၂၆ မိုင်ဝေးသော မိုင်းခေါင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်စုပေါင်း ၇၀၀ ကျော်ရှိပြီး ယခုချိန် ဒုက္ခသည်စခန်း အတွင်း ရှိဆေးပေးခန်းတွင် ဆေးဝါးများ ပြတ်လပ်နေပြီး ခက်ခဲမှုများ ရင်ဆိုင်နေရ ကြောင်းသိရသည်။

ဗန်းမော် မှ ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ ၂၅ ရက်နေ့တွင် လာမည်ဖြစ်ကြောင်း သတင်းရသော်လည်း နေ့စဉ် ခက်ခဲမှုများရင်ဆိုင်နေရကြောင်း သိရသည်။

မိုင်းခေါင်ဒုက္ခသည်စခန်းတွင် တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ အစိုးရတပ်စွဲ ထားသော ရွာများဖြစ်သည့် မုန်းဒိန်ပါရွာ၊ နမ်လင်းပါရွာ၊ နန်ဖူ၊ မခေါ်ယန်၊ ကောင်းခါးပါ၊ ဒန်အောင်ဂျာ၊ မဂါယိုင်၊ မုန်းလူ၊ လိုင်ကာဇွပ်ဂျာ၊ ဂျေဆောန်၊ ခပရာယန် ရွာများမှထွက်ပြေးသိမ်းရှောင်သူများ ခိုလှုံနေကြသည်။

ယခုချိန် အစိုးရတပ်များသည် မုန်းဒိန်ပါရွာ၊ နမ်လင်းပါရွာ၊ နမ်ဖူ ရွာများမှ တပ်ဆုတ်သွားသော်လည်း ယခင်တခေါက်က တပ်ဆုတ်ပြီးမကြာမီ ရက်ပိုင်းအတွင်း ပြန်လည်ဝင်ရောက်လာခဲ့သောကြောင့် ဒုက္ခသည်စခန်းရှိ ရွာသားများသည် မိမိသို့နေအိမ်သို့နေထိုင်ခြင်းမရှိသေးကြောင်းသိရသည်။

မိုင်းခေါင်ရွာသည် အစိုးရတပ်စခန်းရှိသောရွာဖြစ်ပြီး အနီးဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) တပ်ဖွဲ့များရှိရာ နှစ်ဖက်တပ်မှ တင်းမာနေဆဲဖြစ်သောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို ဒုက္ခသည်စခန်းမှ စိုးရိမ်နေရကြောင်းသိရသည်။

No comments: