Saturday, January 18, 2014

လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်မဟုတ်တော့

ဟိန်းကိုစိုး

ကိုယ်စားလှယ်နေရာ စုစုပေါင်း ၂၈ နေရာထိ လစ်လပ်နေသော ပြည်သူ့လွှတ်တော်၊ အမျိုးသားနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အသီးသီးတို့အတွက် ပြုလုပ်ပေးရန်ကျန်ရှိသည့် ကြားဖြတ်ရွေးကောက် ပွဲ ကျင်းပနိုင်တော့မည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးနှင့် ကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက မဇ္ဈိမကို ပြောသည်။

“ရွေးကောက်ပွဲတစ်ခုအတွက်က ပြင်ဆင်မှုတွေလုပ်ပြီးမှ ကျင်းပနိုင်မယ်။ အခုတော့ လွတ်တဲ့နေရာတွေ မှာကြားဖြတ်လုပ်ဖို့ကတော့ ၂၀၁၅ ထိ မဖြစ်နိုင်ဘူး။ မလုပ်ဖြစ်နိုင်တော့ဘူး။ နောက်တစ်ခုက ဒီလောက် သက်ရောက်မှုလဲ မရှိဘူးဆိုတော့လေ။ လုပ်မယ်ဆိုရင်လည်း ကြိုတင်ထုတ်ပြန်ပေးမှာပါ”ဟု ပြောသည်။

လစ်လပ်မဲဆန္ဒနယ်များဖြစ်သည့် ကချင်ပြည်နယ်မြို့နယ်အချို့တွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ မပြုလုပ်ခဲ့ခြင်း၊ အချို့တိုင်းနှင့်ပြည်နယ်များမှ အမတ်များသည် အစိုးရအရာရှိများဖြစ်သွားခြင်း၊ သေဆုံးမှု ရှိခြင်းတို့ကြောင့် လစ်လပ်လျက်ရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ နေရာ၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် လေးနေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ တို့မှာ လစ်လပ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဒီဇန်န၀ါရီအကုန်မှာ ကြားဖြတ်လုပ်မယ်ကြားလို့ ကချင်မှာ လွတ်နေတဲ့နေရာအတွက် ပြင်ဆင်မှုတွေကိုတောင် လုပ်နေပါတယ်”ဟု ကချင်ပြည်နယ်တွင် လစ်လပ်နေသည့် ကိုယ်စားလှယ် လောင်း သုံးနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရန် ဆောင်ရွက်နေသည့် ရှမ်းနီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ဆိုသည်။

ကိုယ်စားလှယ်အသစ် အစားထိုးနိုင်ရန် ရွေးကောက်ပွဲများ မကျင်းပပေးသည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပခြင်းဆိုင်ရာ အခွင့်အာဏာကို အကန့်အသတ်မရှိ အကြွင်းမဲ့ရ ထားသကဲ့သို့ ဖြစ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးထက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို၂၀၁၀ တွင်ကျင်း ပခဲ့သည့် ရွေးကောက်ပွဲမှ အားနည်းချက်များကို လေ့လာပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်နေသည် ဟု ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောဆိုထားသည်။

No comments: