Friday, January 17, 2014

တွံတေးမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများကို နေရာချထားပေးရန် မရှိဟု မြို့နယ် အုပ်ချုပ်းရေးမှုးပြော

ဖိုးစိုးသူ

ပန်းလှိုင်တံတားအောက်နှင့် လမ်းတစ်လျောက် တွံတေးမြို့နယ်အပိုင်တွင်း ကျူးကျော်နေထိုင်သူများနှင့် ပါတ်သက်၍ ပြန်လည်နေရာချထားပေးရန် အစီစဉ်ကို တာဝန်ယူဆောင်ရွက်ပေးရန် အစီစဉ်မရှိကြောင်း တွံတေးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းဇော်ဟန် က မဇ္ဈိမ ကို ဇန်နဝါရီ ၁၆ရက်တွင် ပြောကြားသည် ။

ပန်းလှိုင်တံတားအနီး တွံတေးမြို့နယ်အပိုင်ထဲတွင် ကျူးကျော်နေထိုင်သော အိမ်ခြေပေါင်း ၂၈ဝဝ ခန့်ကို ဖယ်ရှားပြီးနောက် ကျူးကျော်များအတွက် မည်ကဲ့သို့ တာဝန်ယူမှု ပြန်လည်ပြုလုပ်ပေးမည်ဟု မေးမြန်းမှုအပေါ် ဇန်နဝါရီ ၁၆ ရက်နေ့ က အောက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ကျူးကျော်တဲ့ အိမ်တွေ ၂၈၀၀ ကျော်မှာ ကျူးကျော်က ၅၀ ၊ ၆၀ ပဲရှိမယ် ။ ကျန်တာတွေ က ထရံလေးကာ ၊ အကွက်လာရိုက် ဆိုတာတွေများတယ် ။ နောက်ပြီး ကျူးကျော်တွေ က တွံတေးမြို့နယ်ထဲက တစ်ယောက်မှ မပါကြဘူး ။ အဲတော့ ပြန်လည်နေရာ ချထားပေးဖို့ အတွက်တာဝန်ယူမှု မရှိဘူး ။ ဆက်ပြီး ကျူးကျော်နေထိုင်မယ်ဆိုရင်တော့ တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမှာပါ" ဟု ပြောကြားသည် ။

ကျူးကျော်နေထိုင်သူများ ဆောက်လုပ်ထားသည့် ဝါးတဲအိမ်များကို သုံးရက်ဆက်တိုက် ဖျက်ဆီးမှုများ ဆောင်ရွက်နေပြီး ဖျက်သိမ်းရန် ခေါ်ဆောင်လာသော ဒေသခံများနှင့် ကျူးကျော်များအပြန်အလှန်ခိုက်ရန် များဖြစ်ပွားခဲ့သည်ဟု ကျူးကျော်များ က ပြောသည်။

ကျူးကျော်များကို ဖျက်စီးနှိမ်နှင်းမှုများနှင့် ပါတ်သက်၍ ကျူးကျော်များအတွက် ဆန္ဒဖော်ထုတ်ရန် စီစဉ်နေပြီး ဖျက်စီးခံရသော ကျူးကျော်များနှင့် တိုင်ပင်၍ ဆန္ဒပြရန်အတွက် ခွင့်ပြုချက် တောင်းခံသွားမည်ဖြစ်ကြောင်း ကျူးကျော်များ နေထိုင်ရန်အတွက်ငွေတောင်း၍ နေရာချထားပေးသူ ကိုကျော်ထက်နိုင် ( ဒီမိုကရက်တက် မြန်မာ ) က ဆိုသည် ။

" ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျွန်တော်ဆန္ဒပြဖြစ်အောင် စီစဉ်နေပါတယ်။ အခုလောလောဆယ်တော့ ခွင့်ပြုချက် တောင်းတာတွေ ဘာတွေ အတွက် စီစဉ်နေပြီ " ဟု ကျူးကျော်များကို ဖယ်ရှားခံရ၍ ဆန္ဒဖော်ထုတ်ရန်အစီစဉ်နှင့် ပါတ်သက်၍ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပါတ်သက်၍ ဇန်နဝါရီ ၂၂ ရက်တွင် ဆန္ဒထုက်ဖော်မည်ဟု ဆိုသော်လည်း ကျူးကျော်နေထိုင်သူများ က ဆန္ဒပြ လျှင် မိမိပိုင်နေရာ မဟုတ်ခြင်းတို့ကြောင့် ဖမ်းဆီးအရေးယူခံရမှာလည်း စိုးရိမ်ပြီး ကျူးကျော်များအတွက် ကုန်ကျစရိတ်များပြန်လည်ပေးရန်နှင့် နေရာချထားပေးရန်တို့အတွက် ပြုလုပ်ပေးစေချင်ကြောင်း ကျူးကျော်နေထိုင်သူ ဒေါ်အေးမိ က ဆိုသည်။

ကျူးကျော်နေထိုင်မှုများ နှင့် ပါတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တာဝန်ယူမှု မပေးပါက ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း မှ ပြောင်းရွှေ့နေထိုင်သော ဦးအောင်ရွှေ က ပြောကြားသည် ။

" ဒီမှာ အိမ်လေးဆောက်တာ ၂ သိန်းလောက်ကုန်တယ် ။ ဓားနဲခုတ် ဖျက်စီးသွားတော့ ဘာမှပြန်မရဘူး ။ အဲတော့ ဖြစ်ချင်တာဖြစ် ဆန္ဒပြမယ်ဆိုရင် ပြမယ်" ဟု ၎င်းကဆိုသည် ။

တွံတေးမြို့နယ် ပန်းလှိုင်တံတားအနီး တစ်လျောက်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းတွင် ကျူးကျော်တဲများကို ရဲဝန်ထမ်း များ၊ စည်ပင်ဝန်ထမ်းများ ၊ အနီးရှိကျေးရွာများမှ ရွာသားဖြင့် ဖျက်စီးခဲ့ပြီး ကျူးကျော်များ အခက်အခဲ ဖြစ်နေလျက်ရှိကြောင်း ကျူးကျော်နေထိုင်သူများ က ဆိုကြသည် ။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ပန်းလှိုင်းမြစ်ဘေးတွင် ကျူးကျော်များစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင်ဒေသခံများနှင့် အပြန်အလှန်ရိုက်နှက်မှုများကြောင့် ဒေသခံများဒဏ်ရာရရှိခဲ့သလို့ ကျူးကျော်များလည်း ဆိုင်ကယ်ခြောက်စီး ထားခဲ့ပြီးထွက်ပြေးခဲ့ရသည်အထိဖြစ်ပွားခဲ့သည်။

ဒေသခံလယ်သမားများက ဥပဒေမဲ့ကျူးကျော်နေထိုင်သူများကို ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် ဇန်နဝါရီ ၃ ရက်တွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြသည်။

No comments: