Tuesday, January 14, 2014

ဘုရားဖူးယာဉ်များ ရန်ကုန်မြို့တွင်းဝင်ရောက်ခွင့်ပြုရေး ၀န်ကြီးချုပ်ထံမှ အကြောင်းပြန်ကြားခြင်းမရှိသေး

နန်းမြင့်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ စာတင်ထားသည့် ဘုရားဖူးယာဉ်များ ရန်ကုန်မြို့တွင်း ၀င်ရောက် ခွင့်ပြုရေးကို ၀န်ကြီးချုပ်က ပြန်လည်အကြောင်းကြားခြင်းမရှိသေးဟု မြန်မာပြည်အနှံ့ ဘုရားဖူးခရီးသွား ၀န်ဆောင်မှုလုပ်ငန်းအသင်းမှ ဥက္ကဋ္ဌဦးသန်းဌေးက ဇန်န၀ါရီ ၁၃ တွင် မဇ္ဈိမကို ပြောသည်။

ဘုရားဖူးယာဉ်များ ရန်ကုန်မြို့တွင်း ၀င်ရောက်ခွင့်ရှိရေးအတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ရန် ကုန်တိုင်းဝန်ကြီးချုပ်ထံ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းအသင်းမှ စာတင်ထားခဲ့ ခြင်းဖြစ်သည်။

ဦးသန်းဌေးက “ရန်ကုန်မြို့မှာ ဘုရားတွေ အများကြီးရှိတယ်။ ဘုရားဖူးယာဉ်တွေ မ၀င်ရဘူးဆိုတော့ မကောင်းဘူးပေါ့။ စုရပ်လေးထားပြီး မောင်းနှင်စနစ် ခွင့်ပြုပေးဖို့ ၀န်ကြီးချုပ်ထံ စာတင်ထားတာပါ။ အခု ထိတော့ ဘာမှအကြောင်းမပြန်သေးဘူး။ ဘုရားဖူးကားတွေကို အောင်မင်္ဂလာအဝေးပြေးလို ကားတွေ ထားဖို့နေရာမရှိဘူး”ဟု ပြောသည်။

အဆိုပါ ခရီးသွားဝန်ဆောင်မှုအသင်းအနေနှင့် ရန်ကုန်မြို့တွင်းရှိ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ်များမှအပ ကျန်သည့်မြို့နယ်များတွင် ဘုရားဖူးကားများကို ၀င်ခွင့်ပေးရန် တင်ပြထားခြင်း ဖြစ်သည်။

သရီးဘရားသား ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဂိတ်ပိုင် ကိုကျော်ဖြိုးအောင်က “ရန်ကုန်မြို့တွင်း ၁၈မြို့ နယ်မှာ ဘုရားဖူးကားကြီးတွေ မ၀င်ရဘူး။ ၀င်ခွင့်မရတဲ့အတွက် Taxi တွေနဲ့ စီစဉ်ပေးရတယ်။ ခရီးသည် တွေအတွက်လည်း အခက်အခဲရှိတယ်။ တစ်ခါတလေ နိုင်ငံခြားသားတွေကို ဟိုတယ်ထိ သွားကြိုရရင် ဒဏ်ငွေ ငါးသောင်း ပေးရတယ်။ ဘုရားဖူးကားတွေက ဗိုလ်မင်းရောင်လမ်းကနေ ထွက်ကြတယ်” ဟု ပြောသည်။

ယခုကဲ့သို့ တောင်းဆိုခြင်းကို ၂၀၁၃ ခုနှစ်ကတည်းက ပြုလုပ်ခဲ့သော်လည်း ဒီဇင်ဘာ၂၁ ရက်က အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “ရန်ကုန်မြို့တွင်းကို ဘုရားဖူးယာဉ်ကြီးတွေ ၀င်ရောက်မှုများပြားနေတဲ့အတွက် ထိန်းသိမ်းကြပ်မတ်ဖို့လည်း စီစဉ်နေတယ်”ဟု ပြောကြားခဲ့ဖူးသည်။

ရန်ကုန်တွင် ဘုရားဖူးယာဉ် အစီး ၁၀၀ ခန့်ရှိသည်။ ဘုရားဖူးယာဉ်များကို သန်လျင်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့တွင်ထားရှိပြီး ယင်းလမ်းကြောင်းမှ ခရီးသည်များကို စုရပ်ထားပြီး အခြေအနေအရ တင်သွားခြင်းဖြစ်သည်။

No comments: