Wednesday, January 15, 2014

ဥပဒေစိုးမိုးရေးအတွက် ၀န်ကြီးဌာန ပူးပေါင်းမှု မထိရောက်ဟု လွှတ်တော်ကော်မတီဝေဖန်

ဉဏ်လှိုင်လင်း၊ အောင်သူရထွန်း

ကော်မတီ၏ ကွင်းဆင်းလေ့လာမှုများ၌ ပူးပေါင်းဆောင်ရွက်မှုရှိသော်လည်း ဥပဒေစိုးမိုးရေးပေါက်မြောက် အောင်မြင်နိုင်သည်အထိ လုပ်ဆောင်ခြင်းမျိုးကိုမူ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်နိုင်ခြင်း မရှိသေးဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဇန်န၀ါရီ ၁၃ ရက်တွင် ဝေဖန်လိုက်သည်။

“ပူးပေါင်းဆောင်ရွက်မှုကတော့ အထိုက်အလျောက်ရှိတယ်။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှုကိုပေါက်မြောက် အောင်မြင်ဖို့အထိတော့ ပူးပေါင်းဆောင်ရွက်တာမျိုး မရှိသေးဘူး” ဟု ဆိုသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် န၀မ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦး၏ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ပြုပြင်ဆောင် ရွက်ရန် အစီအစဉ်ရှိမရှိ မေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ပြန်လည်ဖြေဆိုပြီးနောက် ယင်းသို့ ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ မေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လွှတ်တော်အသီးသီးမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို ကိုင်တွယ်ကျင့်သုံးသော ၀န်ကြီးဌာနများ၊ တရားဥပဒေစိုးမိုးရန် စီရင်ဆုံးဖြတ်ရသည့် တရား လွှတ်တော်အသီးသီးတို့က ဟန်ချက်ညီစွာ အကောင်အထည်ဖော်ရမည်ဟု ဖြေဆိုသည်။ ထို့ပြင် အစိုးရ အနေဖြင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍများ ပြုပြင်ပြောင်းလဲနေသကဲ့သို့ ၀န်ကြီးဌာနလက် အောက်ရှိ ဌာနအဖွဲ့အစည်းများကိုလည်း ပြုပြင်ပြောင်းလဲမှုနှင့် တိုးချဲ့ဖွဲ့စည်းမှုများ ဆောင်ရွက်လျက်ရှိ သည်ဟု ဆိုသည်။

“ပြည်သူတွေအနေနဲ့ ယခင်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို သိရှိနားလည် လိုက်နာမှု အားနည်းခဲ့သလို တရားဥပဒေစိုးမိုးရေးနဲ့ရပ်ရွာအေးချမ်းသာယာရေး တာဝန်ယူထားတဲ့ ဌာနအဖွဲ့အစည်း တွေအနေနဲ့လည်း မိမိတို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်များနဲ့ စပ်လျဉ်းလို့ ပွင့်လင်းမြင်သာစွာ သတင်းထုတ် ပြန်မှုများ မရှိခဲ့တဲ့အတွက် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်” ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

ယင်းကို ပြည်သူ့လွှတ်တော်ကော်မတီ အတွင်းရေးမှူးကမူ ဖြေဆိုမှုသည် သမားရိုးကျသာနေပြီး လက် တွေ့ ကျကျ၊ ထိထိရောက်ရောက် မည်သို့ဆောင်ရွက်မည်ဆိုသည်တို့ မပါဝင်ဟု ဦးဝင်းမြင့်က သုံးသပ် သည်။

ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို ၂၀၁၂ ခုနှစ်၊ သြဂုတ် လ အတွင်း အဖွဲ့ဝင် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံအ၀ှမ်းတရားရုံးများ၊ အချုပ်ခန်းများသို့ ကွင်းဆင်းလေ့လာခြင်း၊ တရားရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သင်တန်းများ စီစဉ် ပေးခြင်းတို့ ဆောင်ရွက်နေခြင်း ဖြစ်သည်။

No comments: