Sunday, January 19, 2014

မူးယစ်ဆေးဝါးဖမ်းဆီးရာ လောင်းကစားဝိုင်းပါ ဖမ်းမိ

ဇော်ဇော်ထွေး

မြောက်ဥက္ကလာမြို့နယ်တွင် ဇန်န၀ါရီ ၁၄ ရက် ညနေက မူးယစ်ဆေးဝါးမှုဖြင့် ရှာဖွေဖမ်းဆီးရာတွင် လောင်းကစားဝိုင်းကိုပါ ဖမ်းဆီးရမိလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

၎င်းမြို့နယ်ရှိ ဝေဘာဂီနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ညနေ ၆ နာရီအချိန်တွင် ဝေဘာဂီ (၂) ရပ် ကွက်၊ မြ၀တီလမ်း၊ အမှတ် (၂၆၈)နေ တင်မင်းထူး(ခ) ကိုထူး၏နေအိမ်သို့ ရှာဖွေခွင့်ဝရမ်းဖြင့်ဝင်ရောက် ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် နေအိမ်ရှေ့ခန်းတွင် တင်မင်းထူးနှင့် အခြားခြောက်ဦးအား ဖဲရိုက်လောင်းကစားနေစဉ် တွေ့ရှိခဲ့ပြီး လောင်းကစားငွေကျပ် ၅၉၆,၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုထားသည်။

ထို့ပြင် တင်မင်းထူး(ခ)ကိုထူး ၀တ်ဆင်ထားသည့် စိန်မြန်မာတံဆိပ်ပါ ကချင်ပုဆိုးခါးကြားအတွင်းမှ ကော်ဘူးဖြင့်ထည့်လျက် ကာလတန်ဖိုးငွေကျပ် ၇၅၀၀၀ တန်ရှိသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆးပြား ၁၅ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ၎င်းအိပ်စက်သည့် ခုတင်အောက်မှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အလယ်မှ ဖောက်၍ ပိုက်တပ်ထားသည့် ရေသန့်ဘူးခွံတစ်လုံး၊ ကော်ပိုက်ဖြူ တစ်ချောင်း၊ 1 CC ဆေးထိုးပိုက် အပ်တပ်လျက် တစ်ချောင်း၊ တစ်ပေပတ်လည် ခဲပြားတစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

ထို့ကြောင့် ဒု-ရဲအုပ် နန်းအောင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဖဲလောင်းကစားသူ တင်မင်းထူး (ခ) ကိုထူးပါ ခြောက်ဦးကို ဝေဘာဂီနယ်မြေရဲစခန်းက (ပ)၁၅/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး လောင်းကစားပုဒ်မ ၁၃(က)/၁၄(က) တို့ဖြင့် အရေးယူရန် စစ်ဆေးနေသည်။

ယင်းအပြင် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိအသုံးပြုသူ တင်မင်းထူး(ခ)ကိုထူးကို ရဲစခန်းက မယ(ပ) ၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ထပ်မံအမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေသည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

No comments: