Saturday, January 18, 2014

မန္တလေးတိုင်း မြို့နယ်၂၈ ခုတွင် ၀န်ထမ်းအိမ်ရာများ တည်ဆောက်ပေးမည်

ဖြိုး

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်၂၈ မြို့နယ်မှ အစိုးရ၀န်ထမ်းများအတွက် ခြောက်ခန်းတွဲ လေး ထပ် ၀န်ထမ်းအိမ်ရာစီမံကိန်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနက ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများကို တင်ဒါခေါ်ယူ၍ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အိုး /အိမ် တိုင်းဦးစီးမှုးဦးကျော်ကျော်လင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါဝန်ထမ်းအိမ်ရာများမှာ ရပ်ဝေးမှပြောင်းရွှေ့လာရသည့်ဝန်ထမ်းများအတွက် အဓိကထားဆောက် လုပ်ခြင်းဖြစ်ပြီး အစိုးဝန်ထမ်း ၈၀၀ ကျော်အတွက် နေထိုင်နိုင်ရေး တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိ ရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၈ မြို့နယ်တွင် တစ်မြို့နယ်လျှင် တစ်လုံး တည်ဆောက်ပေး မည်ဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် တိုင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေနှင့် အဆောက်အအုံ ဒီဇိုင်းများကို တွက်ချက်ရေးဆွဲမှုများ စတင်ဆောက်ရွက်နေပြီဖြစ်သည်။

အဆိုပါဝန်ထမ်းအိမ်ရာစီမံကိန်းများအတွက် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီများသို့ အိတ်ဖွင့်တင်ဒါခေါ် ယူဆောက်လုပ်မည်ဖြစ်ပြီး ငွေကြေးသုံးစွဲမှုကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးမည်ဟု ဦးကျော်ကျော်လင်းထံမှ သိရသည်။

“ဘယ်တော့ တင်ဒါခေါ်မလဲဆိုတာတော့ သေချာမသိသေးပါဘူး။ အခုလောလောဆယ်မှာတော့ အဲဒီမြို့ နယ်တွေအလိုက်မှာ အဆောက်အအုံနဲ့မြေအတွက် ဒီဇိုင်းတွေဆွဲဖို့ လုပ်နေပါတယ်။ လျာထားဘတ်ဂျက် လည်း မကျလာသေးတဲ့အတွက် အတည်ပြုလို့မရသေးပါဘူး”ဟု ၎င်းက ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ၀န်ထမ်းအိမ်ရာစီမံကိန်းအတွက် ရမည်းသင်းမြို့နယ်မှစတင်ကာ အိတ်ဖွင့်တင် ဒါခေါ်ယူသွားမည်ဟု သိရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံမြို့နယ်နှင့် မြင်းခြံမြို့နယ်၊ မိတ်္ထီလာမြို့နယ်တို့၌ ၀န်ထမ်းအိမ်ရာဆောက်လုပ်ရေးလုပ်ငန်း များကို ၂၀၁၃ ဒီဇင်ဘာလမှ စတင်ဆောက်လုပ်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

No comments: