Monday, January 20, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် တားဆီးထားသည်ဆိုသည့် ပုဒ်မ ၅၉(ဃ)နှင့် (စ) အလိုမရှိကြောင်း ဆန္ဒပြရန်စီစဉ်

အေးမြင့်စန်း

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရန် တားဆီးပိတ်ပင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ၅၉(ဃ) နှင့်(စ)ကို အလိုမရှိကြောင်း ဇန်န၀ါရီ ၂၄ တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်နေသည်ဟု အဆိုပါအစီအစဉ်ကို ဦးဆောင်သူ ဒီမိုကရေစီအင်အားစုအဖွဲ့ဝင် ဦးဘမြင့်က ဇန်န၀ါရီ ၁၉ တွင် မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပြည်သူတင်မြှောက်သော အစိုးရပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(ဃ)နှင့် ၅၉(စ)ကို ပယ်ဖျက်ပေးရန် စသည့် အချက်များကို တောင်းဆိုသွားမည်ဖြစ်ပြီး လူဦးရေ ၂၀၀ ဖြင့် ဆန္ဒဖော်ထုတ်ရန် မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းတွင် စာတင်ခဲ့ခြင်းဖြစ်ကာ ခွင့်ပြုမိန့်ရရှိပြီး ဖြစ် သည်။

ဦးဘမြင့်က “စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ပုဒ်မက သာမန်ပြည်သူတစ်ယောက်ကို သမ္မတမဖြစ်အောင် တ မင်ရည်ရွယ်ပြီး ရေးဆွဲထားတယ်လို့ မြင်တယ်။ မတရားသော အမိန့်အာဏာကို ပြည်သူတစ်ယောက်ရဲ့ တာဝန်အရ ဖီဆန်ခွင့်ရှိတဲ့အတွက် ဒီမိုကရေစီလိုလားသူ ပြည်သူလူထုပူးပေါင်းပြီး ဆန္ဒဖော်ထုတ်တာပါ” ဟု ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ဇန်န၀ါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် အောင်ဆန်းကွင်း မြောက်ဘက်တန်းမှ စတင်ကာ သိမ်ဖြူစာတိုက်အနီးရှိ ဖို့မြေဓမ္မာရုံတွင် အဆုံးသတ်မည်ဖြစ်သည်။

ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်မည့် မင်္ဂလာတောင်ညွန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အလုပ် အမှုဆောင် ဦးလှညွန့်က “NLD ပါတီဝင်အနေနဲ့ ဆန္ဒဖော်ထုတ်မှာမဟုတ်ဘဲ ဒီမိုကရေစီလိုလားသူ ပြည် သူတစ်ယောက်အဖြစ်နဲ့ ပါဝင်မှာပါ။ ပြည်သူတောင်းဆိုတာ ဒီမိုကရေစီ၊ အစိုးရပေးတာ လူ့အခွင့်အရေး မပါတဲ့ ဒီမိုကရေစီဖြစ်နေတယ်၊ အာဏာရှင်လမ်းကြောင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလိုမရှိပါဘူး” ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်းများတွင် ပါဝင်သော ပုဒ်မ ၅၉(ဃ)တွင် သမ္မတနှင့် ဒု-သမ္မတများသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်များ ရှိရ မည်ဟု ပါရှိသည်။

ပုဒ်မ ၅၉(စ)တွင် မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများ၏ ဇနီး၊ ခင်ပွန်း များသည် တိုင်းတစ်ပါးနိုင်ငံသား မဖြစ်စေရဆိုသည့်အချက် ပါဝင်သည်။

ဒီမိုကရေစီအင်အားစုအဖွဲ့ဝင်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(စ) ပယ်ဖျက်ပေးရန် ပထမအကြိမ် အဖြစ် ဇန်န၀ါရီ ၃ ရက်က ဆူးလေပန်းခြံအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။

No comments: