Friday, January 17, 2014

ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် အစိုးရ တပ်အင်အားဖြည့်၊ တင်းမာမှုများ ရှိနေ

KNG

ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြိုနယ် အတွင်းတွင် ယမန်နေ့ညက မြန်မာအစိုးရ တပ်များ ပြန်လည် လှုပ်ရှားလာသောကြောင့် နှစ်ဖက် တင်းမာမှုများ ပြန်လည် ဖြစ်ပေါ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပြောသည်။

အစိုးရတပ်များသည် KIA တပ်မဟာ ၃ နယ်မြေ နမ့်လင်းပါအနီးသို့ ပြန်လည်လှုပ်ရှားလာပြီး ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း ၁၂ ရှိသောနေရာ တွင် လမ်းဖယ်ပေးရန်နှင့် တွေ့သည်နေရာတွင်ပင် ပစ်ခတ်မည်ဟု ပြောဆို လှုပ်ရှားလာကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် က ပြောသည်။

ဇန္နဝါရီလ ၆ ရက်နေ့ KIA တပ်ရင်း ၁၂နှင့် အစိုးရတပ်ကြား မုန်းဒိန်ပါရွာတွင် တိုက်ပွဲများဖြစ်ပွားပြီး နောက် တိုက်ပွဲများ ရပ်စဲနေရာမှ အစိုးရတပ်မှ ပြန်လည်လှုပ်ရှားလာခြင်းဖြစ်သည်။

အစိုးရတပ်သည် မုန်းဒိန်ပါရွာနှင့် နမ်လင်းပါရွာမှ တပ်ဆုတ်သော်လည်း KIA တပ်ရင်း ၁၂ ဒေသတွင် တပ်ရင်း ၅ ခု အစိုးရတပ် ခြေမြန်တပ်ရင်း (၆၀၁၊ ၆၀၂၊ ၄၃၈) ခြေလျင်တပ်ရင်း (၂၄၂၊ ၅၆) တပ်များလှုပ်ရှားနေပြီး စစ်အင်အား ၇၀၀ ကျော်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

KIA နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲပြုလုပ်နေချိန်နှင့် တပြိုင်တည်းမှာပင် အစိုးရတပ်သည် KIA တပ်မဟာ (၄) ဗဟိုဌာနချုပ် တပ်မဟာ (၅) နှင့် တပ်မဟာ (၃) ဒေသအသီးသီးတွင် စစ်အင်အားများ တိုးချဲ့ချထားသည်။

ယမန်နေ့ ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ (၄) ဒေသတွင်လည်း လားရှိုးမှ အစိုးရတပ်သည် ၁၀၅ မိုင်ဂိတ်စခန်းသို့ ၂၂ ဘီးကား ၃ စင်းဖြင့် တိုးချဲ့လာကြောင်း တပ်မဟာ (၄) မှပြောသည်။

ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ခလရ ၁၄၂ တပ်မှ အစိုးရစစ်အင်အား ၃၀၀ ခန့်သည် ဇန္နဝါရီလ ၁၅ ရက် မိုးမလင်းမီ အချိန်တွင် လဂျားယန်ဘက်တို့ ခြေလျင်ဖြင့်စစ်အင်အားများတိုးချဲ့လာကြောင်း ရှေ့တန်း မျက်မြင်များပြောသည်။

ဇန္နဝါရီလ ၁၆ ရက် ယနေ့ ၁၀ နာရီကျော်ချိန် မြစ်ကြီးနားဘက်မှ စစ်ကား ၃၀ ကျော်သည် ဘွမ်ပရာဘွမ်လမ်း KIA တပ်မဟာ (၁) နယ်မြေသို့ တိုး ချဲ့လာကြောင်းဒေသခံမျက်မြင်များပြောသည်။

No comments: