Saturday, January 18, 2014

ဆင်စွယ်ရောင်းချမှုကြောင့် အစိုးရကို တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တွေ ဝေဖန်

ABC

မြန်မာနိုင်ငံက ​နယ်စပ်မြို့တစ်မြို့မှာ ​ဆင်စွယ်အချောင်း ​၃၀ ​ကျော်အပြင် ​ဆင်စွယ်နဲ့ ​ပြုလုပ်ထားတဲ့ ​ပစ္စည်းပေါင်း ​ထောင်နဲ့ချီပါ ​တွေ့ရှိပြီးတဲ့နောက် ​မြန်မာနိုင်ငံအစိုးရအနေနဲ့ ​ဆင်တွေကို ​ကာကွယ်မှုမလုပ်ဘူးလို့ ​တောရိုင်းတိရိစ္ဆာန် ​ထိန်းသိမ်းစောင့်ရှောက်သူတွေက ​ဝေဖန် ​ပြောဆို ​လိုက်ပါတယ်။

TRAFFIC ​ဆိုတဲ့အဖွဲ့နဲ့ ​Oxford ​Brooks ​တက္ကသိုလ်က ​အဖွဲ့တို့ ​ပူးပေါင်းပြီး ​လျို့ဝှက်စုံစမ်းမှုတွေလုပ်ရာကနေ ​တရုတ်နိုင်ငံနဲ့ ​နီးစပ်တဲ့ ​ရှမ်းပြည်နယ် ​အရှေ့ပိုင်းရှိ ​Mong ​La ​မြို့မှာ ​ဆင်စွယ်တွေ ​ပြောင်ပြောင်တင်းတင်း ​ရောင်းချနေတာကို ​တွေ့ရှိခဲ့ပြီးနောက် ​မြန်မာအစိုးရကို ​ဝေဖန်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီဒေသမှာ ​မြန်မာအစိုးရရဲ့ ​ထိန်းကွပ်မှု ​အားနည်းသလို ​ကာဆီနို ​လောင်းကစားဝိုင်းတွေနဲ့ ​လိင်အလုပ်သမတွေ ​ဈေးပေါပေါ ​ရနိုင်တဲ့ ​နေရာဖြစ်တဲ့အတွက် ​တရုတ်နိုင်ငံသားတွေ ​အများအပြား ​လာရောက်လေ့ရှိတဲ့ ​ဒေသလည်း ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ​အာဆီယံဒေသအတွင်း ​သားရိုင်းတိရိစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး ​ကွန်ယက်ရဲ့ ​ဥက္ကဌရာထူးလည်း ​ရယူထားတဲ့အတွက် ​အဲဒီဒေသမှာ ​တရားဥပဒေစိုးမိုးမှုတွေရှိအောင် ​အမြန်ဆုံးဆောင်ရွက်ဖို့လည်း ​မြန်မာအစိုးရကို ​တောင်းဆိုလိုက်ကြပါတယ်။

အိန္ဒိယနိုင်ငံပြီးရင် ​မြန်မာနိုင်ငံဟာ ​ဆင်အကောင်ဦးရေ ​ဒုတိယအများဆုံး ​နိုင်ငံဖြစ်မယ်လို့ ​ခန့်မှန်းနေကြပြီး ​စုစုပေါင်း ​ဆင်ဦးရေ ​၆၀၀၀ ​လောက် ​ရှိမယ်လို့ ​ခန့်မှန်းနေကြပါတယ်။

မျိုးတုန်းပျောက်ကွယ်မယ့် ​အနေအထားရှိတဲ့ ​သားရိုင်းတိရိစ္ဆာန်တွေကို ​ကာကွယ်ဖို့ ​မြန်မာနိုင်ငံမှာ ​ဥပဒေတွေ ​ထုတ်ပြန်ထားပေမယ့် ​နယ်စပ်ဒေသမှာ ​တရားဥပဒေစိုးမိုးရေး ​အားနည်းတဲ့အတွက် ​သားရိုင်းတိရိစ္ဆာန်တွေအပြင် ​အစိတ်အပိုင်းတွေကို ​ပြောင်ပြောင်တင်းတင်းရောင်းချနေတာ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

ပြီးခဲ့တဲ့ ​သတင်းပတ်တွေကပဲ ​တရုတ်နိုင်ငံ ​Guangdong ​မြို့မှာ ​တရုတ်အာဏာပိုင်တွေက ​တရားမဝင်ဆင်စွယ်ကုန်ကူးမှုကို ​တိုက်ဖျက်ကြောင်း ​ပြသတဲ့အနေနဲ့ ​ဆင်စွယ်တန်ချိန် ​၆ ​တန်ကို ​ဖျက်ဆီးခဲ့ပါတယ်။

No comments: