Thursday, January 16, 2014

ကျူးကျော်များနှင့် ဒေသခံများ အပြန်အလှန်ရိုက်နှက်၊ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ထိန်းသိမ်း

မောင်သင်တုန်း

လှိုင်သာယာ-တွံတေး တံတားအနီး ပန်းလှိုင်မြစ်ဘေး ကျူးကျော်တဲထိုးနေထိုင်သူများနှင့် ကျူးကျော်တဲ များကို ဖျက်သိမ်းသူ ဒေသခံရွာသားများအကြား အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားလာသည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ထောင်ပစ်ကာ လူစုခွဲပြီး ကျူးကျော်နေထိုင်သူအချို့ကို ခေတ္တထိန်းသိမ်းထားသည် ဟု တာဝန်ရှိသူများက မဇ္ဈိမကို အတည်ပြုပြောသည်။

သေနတ်တစ်ချက်ပစ်ဖောက်ပြီး ရန်ဖြစ်တာကို ထိန်းသိမ်းခဲ့တာပါ။ လေးယောက်လောက် ခေတ္တထိန်း သိမ်းတဲ့သဘောပါ။ အရေးယူမလား မယူဘူးလားဆိုတာ ခုလောလောဆယ်တော့ မပြောနိုင်သေးဘူး” ဟု ဒုရဲအုပ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

သေနတ်တစ်ချက်ပစ်ဖောက်ပြီးချိန်တွင် ဆက်လက် ခိုက်ရန်မဖြစ်ပွားရန်အတွက် ကျူးကျော်နေထိုင်သူ လူဦးရေ ၃၀ ကျော်ကို ရဲများက ၀ိုင်းဝန်းပြီးဖမ်းဆီးထားကာ အချို့ကို ကားဖြင့်ခေါ်ဆောင်သွားသည်ဟု လည်း မျက်မြင်အချို့က မဇ္ဈိမကို ပြောသည်။

ကျူးကျော်တဲအိမ်များကို ဇန်န၀ါရီ ၁၃ ရက်မှစတင်ကာ နှစ်ရက်ဆက် ဖျက်ဆီးမှုများပြုလုပ်ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၄ ရက်ညနေ ၃ နာရီ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အသံချဲ့စက်များဖြင့် ကြေညာခဲ့သည် ဟု ကျူးကျော်သူများက ပြောသည်။

“ကျွန်မယောက်ျားလည်း အဖမ်းခံထားရတယ်ပြောတယ်။ ဘယ်ကိုသွားရမလဲ မသိဘူး။ ကျွန်မက ဈေး သွားရောင်းနေတာ ခုကျူးကျော်တဲ့သူတွေကို ဖမ်းနေတယ်လို့ပြောလို့ ပြန်လာကြည့်တော့မရှိဘူး။ ဘယ် ရဲစခန်းလိုက်ရမယ်ဆိုတာလဲ မသိဘူး။ ဘာမှမလုပ်တတ်လို့ ခု ဒီတံတားအောက်မှာ ထိုင်နေတာ”ဟု ဘို ကလေးမှ ပြောင်းရွှေ့လာသူ ဒေါ်ခင်စောမူက ပြောသည်။

ဇန်န၀ါရီ ၁၅ ရက် နံနက် ၉ နာရီတွင် ကျူးကျော်များနှင့် တဲအိမ်များဖျက်သိမ်းသည့် ဒေသခံများ အပြန် အလှန်ရိုက်နှက်သည့်အတွက် သေနတ်တစ်ချက်ပစ်ဖောက်ခြင်းဖြစ်ပြီး ဆက်လက်မဖြစ်ပွားရန်အတွက် ရဲဝန်ထမ်းအင်အား ၂၀၀ ကျော်ဖြင့် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒု-ရဲအုပ်တစ်ဦးက ပြောသည်။

သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဒေသခံများအား တစ်ရက်လျှင် တစ်သောင်းကျပ်၊ ငါးထောင် ကျပ်ပေးပြီး ကျူးကျော်တဲအိမ်များ ဖျက်သိမ်းရန်အတွက် ခေါ်ဆောင်ရသည်ဟု ကျူးကျော်တဲအိမ် ဖျက် ဆီးပေးသော ဒေသခံများက အတည်ပြုပြောသည်။ ဒေသခံရွာသားများ၏ လက်မောင်းများတွင် တာဝန် ဆိုသည့် လက်ပတ်အနီရောင်များပတ်ထားပြီး ပန်းလှိုင်တံတားဘေးရှိ ကျူးကျော်တဲများကို တုတ်ဓားများ ကိုင်ဆောင်ကာ ၀င်ရောက် ဖျက်ဆီးနေသည်ကို မြင်ရသည်။

ကျူးကျော်တဲအိမ်များကို လိုက်လံဖျက်ဆီးသူများက မီးရှို့ခြင်း၊ ၀ါးလုံးများကို ဓားဖြင့်ခုတ်ထွင်ပြီး ရှင်း လင်းမှုများ ပြုလုပ်ကြသည့်အတွက် ကျူးကျော်နေထိုင်သူများနှင့် ခိုက်ရန်ဖြစ်ပွားကာ ကျူးကျော်တဲဖျက် သိမ်းမှုများကို ခေတ္တရပ်ဆိုင်းပြီး နေ့ခင်းပိုင်းအချိန်တွင် လူအင်အား ထပ်မံဖြည့်ဆည်း၍ ဖျက်ဆီးမှုများ အား ဆက်လက်ပြုလုပ်နေသည်ဟု ကျူးကျော်နေထိုင်သူများက ပြောသည်။

ကျူးကျော်တဲအိမ်များကို မီးရှို့မှုနှင့်ပတ်သက်ပြီး ကျူးကျော်များအနီး ဒေသခံကျေးရွာများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက “တဲအိမ်တွေကို မီးမရှို့နဲ့ ဒီအတိုင်းဖျက်ပစ်။ ၀ါးသီးသန့်၊ ထရံကာ သီးသန့်လေး တော့ ထားပေးလိုက်။ ဒီနေ့ ပြီးအောင်ဖျက်မယ်”ဟု ပြောသည်။

ပန်းလှိုင်တံတားအနီးတွင် သေနတ်ကိုင် ရဲဝန်ထမ်းအပြည့် တင်ဆောင်ထားသော ကားသုံးစီးဖြင့် လုံခြုံ ရေးချထားပြီး အချို့ရဲဝန်ထမ်းများမှာ ဖျက်ဆီးသူများအတွက် တံတားအောက်မှနေ၍ လုံခြုံရေး ယူပေး ထားသည်။

“နောက်သုံးရက်လောက်တော့ ဖျက်ယူရလိမ့်မယ်။ ဒီနေ့တော့ ဘယ်လိုမှ မပြီးနိုင်ဘူး။ ခုတောင် တစ် ၀က်မပြီးသေးဘူး၊ ၀ါးတွေတန်ဖိုးတွက်ကြည့်မယ်ဆိုရင် သိန်းရာကျော်လောက်ရှိမယ်”ဟု ကျူးကျော်တဲ အိမ်များကို ဖျက်ဆီးနေသူတစ်ဦးက ပြောသည်။

ဖျက်ဆီးထားသော တဲအိမ်များရှိ ၀ါးများကို ကျူးကျော်နေထိုင်သူများအနေဖြင့် လာရောက် သယ်ယူနိုင် ပြီး ပိုင်ရှင်မရှိသော ၀ါးများကို သိမ်းဆည်းသွားမည်ဟု ဖျက်ဆီးသူများထံမှ သိရသည်။

ဝါးများကို သယ်ဆောင်မည်ဆိုလျှင် ကားဖြင့် အစီးရေ အနည်းဆုံး ၁၀ ခေါက်ဝန်းကျင်လောက် သယ်ယူ ရမည်ဖြစ်ပြီး တဲအလုံးရေ ခုနှစ်ထောင်လောက်ရှိနိုင်သည်ဟု ဖျက်ဆီးနေသော ဒေသခံများက ခန့်မှန်း ပြောသည်။

တွံတေးမြို့နယ် ခလောက်ချိုင့်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာအုပ်စု၊ တစ်မားတကော ကျေးရွာများမှ ဒေသခံများကို ခေါ်ယူပြီး ကျူးကျော်တဲအိမ်များကို ဖျက်ဆီးသည်ဟု ကျူးကျော်များက ပြောသည်။ ဇန်န ၀ါရီ ၁၄ ရက်တွင် တွံတေးလမ်းဘေးတစ်လျှောက်ရှိ ကျူးကျော်အိမ်များကို ဖျက်ဆီးခဲ့ပြီး ဇန်န၀ါရီ ၁၅ ရက်တွင် ပန်းလှိုင်တံတားအောက်ရှိ ကျူးကျော်တဲများကို ဖျက်သိမ်းသည်ဟု ကျူးကျော်များက ပြော သည်။

No comments: