Saturday, January 18, 2014

မန်းဆန်ဈေးကွက် ရွှေဘိုဘေးကြားတစ်အိတ် ကျပ် ၆,၀၀၀ တက်

ဖြိုး

စစ်ကိုင်းတိုင်း ရွှေဘိုနယ်တွင် အဓိက စိုက်ပျိုးသည့် ရွှေဘို(ဘေးကြား)ဆန်သည် ယခုနှစ်ရာသီတွင် မန္တလေးဈေးကွက်တွင် တစ်အိတ်လျှင် ကျပ် ၆,၀၀၀ ခန့် မြင့်တက်သွားသည်ဟု မန္တလေးမြို့ ဆန်စပါး ကုန်စည်ဒိုင်မှ ဆန်လုပ်ငန်းရှင်များက ပြောသည်။

“ရွှေဘိုဘေးကြားအသစ်က နှံဖျက်ပိုးကြောင့် တစ်ဧကကို အထွက်က မနှစ်ရဲ့ သုံးပုံတစ်ပုံပဲ ထွက်တယ်။ အထွက်နည်းတယ်၊ လူကြိုက်များတဲ့ဆန်လည်းဖြစ်တော့ ဈေးက ရက်ပိုင်းအတွင်းလေးမှာကို တက်သွား တယ်။ ဈေးကွက်ရဲ့ဝယ်လိုအားကြောင့် ဒီနေ့ဖြစ်တဲ့ ဈေးဆိုရင် ဧပြီလောက်မှ ဖြစ်ရမဲ့ဈေးကို ရက်၂၀ နဲ့ တစ်လအတွင်း ဖြစ်သွားတယ်”ဟု မန္တလေးမြို့ ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။

ဇန်န၀ါရီဆန်းပိုင်းမှစတင်ကာ မန္တလေးဈေးကွက်သို့ဝင်လာသော ရွှေဘို(ဘေးကြား) ဆန်အသစ်သည် ဈေးကွက်တွင် တစ်အိတ်လျှင် ၃၃,၀၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး ဒီဇင်ဘာလကုန်ပိုင်းက တစ်အိတ်လျှင် ၂၇,၀၀၀ ကျပ်ခန့်သာရှိခဲ့ခြင်းကြောင့် ကျပ် ၆,၀၀၀ မြင့်တက်ခြင်း ဖြစ်သည်။

“တောင်သူတွေအနေနဲ့ ဒီနှစ်ဈေးတက်ပေမဲ့ အထွက်က သိသိသာသာ လျှော့သွားတော့ သူတို့အတွက် မကာမိဘူး။ ဈေးတက်ပေမဲ့ ဒီနှစ်မကိုက်ဘူး”ဟု ဦးသိန်းဇော်က ဆိုသည်။

နှံဖျက်ပိုးသတ်ရန်အတွက် တောင်သူတို့မှာ နည်းပညာအခက်အခဲရှိသဖြင့် စပါးအထွက်များ မဆုံးရှုံးသင့် ဘဲ ဆုံးရှုံးခဲ့ရခြင်းကြောင့် နောင်နှစ်များတွင် အဆိုပါနှံဖျက်ပိုးကို ကာကွယ်ရန်အတွက် စိုက်ပျိုးရေးကဏ္ဍ ကို နည်းပညာများ နိုင်ငံတော်အနေဖြင့် ပံ့ပိုးပေးစေလိုသည်ဟုလည်း ပြောသည်။

ယခင်နှစ်က ရွှေဘိုဘေးကြားအသစ်သည် တစ်အိတ်လျှင် ၂၈,၀၀၀ ၀န်းကျင်သာ ဈေးရှိခဲ့ပြီး လက်ရှိ ရှိ နေသော ဈေးကွက်နှင့် ၀ယ်လိုအားအရ ဈေးကျရန် မှန်းမရသော်လည်း နိုင်ငံတကာဆန်ဈေးကွက်ရှိသ ဖြင့်လည်း အဆမတန် တက်သွားနိုင်မည်မဟုတ်ဟု မန္တလေးမြို့ရှိ ဆန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမိုက် ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးသော ဖျာပုံ၊ ပုသိမ်ပေါ်ဆန်းများလည်း မန္တလေးဈေးကွက်သို့ ၀င် လာပြီဖြစ်သဖြင့် ရွှေဘိုဘေးကြား(အသစ်)၏ ဈေးကွက်ကို ထိန်းထားနိုင်လိမ့်မည်ဟု ခန့်မှန်းကြသည်။ ဖျာပုံ၊ ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ၂၅, ၀၀၀ မှ ၂၆,၀၀၀ ကျပ်၊ ၂၇,၀၀၀ မှ ၂၈, ၀၀၀ ကျပ်ကြားတွင် ဈေးရှိကာ မန္တလေးဈေးကွက်တွင် တောက်လျှောက်ဝင်လာပြီဖြစ်ပြီး အရောင်းအ၀ယ်လည်း ကောင်း သည်ဟု သိရသည်။

No comments: