Wednesday, January 15, 2014

အစိုးရဆက်သွယ်ရေး ပြည်သူယုံကြည်မှု အားနည်းဟု ဝန်ကြီးဝန်ခံ

အောင်သူရထွန်း

နှစ်စဉ်အရှုံးပေါ်နေသည့် အစိုးရ၏ ဆက်သွယ်ရေးလုပ်ငန်းများအပေါ် ပြည်သူတို့၏ ယုံကြည်မှု အားနည်းနေသည်ဟု ဇန်နဝါရီ ၁၄ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဝန်ခံလိုက်သည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ နှစ်စဉ်အရှုံးပေါ်နေရုံသာမက ပြည်သူလူထုရဲ့ ယုံကြည်မှု အထိုက်အလျောက် အားနည်းနေတဲ့ အတွက် နည်းပညာနဲ့ နည်းစနစ် အကူအညီရရှိရေး ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေရတယ်”ဟု လာမည့်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ဝန်ကြီးဌာနက ချမှတ်ထားသည့် အမျိုးသားစီမံကိန်းများကို လွှတ်တော်သို့ ရှင်းလင်းပြောကြားရာတွင် ၄င်းက ထည့်သွင်းပြောဆိုခဲ့သည်။

လာမည့် ၂ဝ၁၄-၂ဝ၁၅ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်းသိပ်သည်းဆ ၅ဝရာခိုင်နှုန်းနှင့် အင်တာနက် သုံးစွဲနိုင်မှု ၂ဝရာခိုင်နှုန်း ကျေးလက်ဒေသအထိ တိုးတက်သုံးစွဲနိုင်ရန် ရည်မှန်းထားပြီး နိုင်ငံတော်ဘတ်ဂျက်နှင့် သာမက ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းဆက်လက်ဆောင်ရွက်ရန် လျာထားသည်ဟု ဦးမြတ်ဟိန်းကပြောသည်။

ထို့ပြင် ဖုန်းခေါ်ဆိုခနှင့် အင်တာနက်သုံးစွဲခများကို လာမည့်ဘဏ္ဍာနှစ်မှစ၍ ကြိမ်နှုန်းဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေပြီး မည်သို့သတ်မှတ်ရမည်ကို မဆုံးဖြတ်ရသေးဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

“အရင်က ကောက်ခံခြင်းမရှိဘူး။ အခုဆိုရင် ဆက်သွယ်ရေးဥပဒေလည်း ပြဋ္ဌာန်းပြီးသွားပါပြီ”ဟု ၄င်းက ပြောသည်။

လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၃သန်း(ကျပ်သန်း၂၉ဝဝကျော်)ကိုပါ ထည့်သွင်း၍ စုစုပေါင်း ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၅၈ဝဝကျော် သုံးစွဲမည်ဟု သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြထား သည်။ ငွေလုံးငွေရင်းအသုံးစရိတ်များကို တယ်လီဖုန်းလိုင်းတိုးချဲ့တပ်ဆင်ခြင်း၊ အင်တာနက်တပ်ဆင်ခြင်း၊ လိုင်းလိုအပ်ချက်များ တိုးချဲ့ဖြည့်ဆည်းခြင်း၊ ဆောင်ရွက်မည်ဟု ဝန်ကြီးက ပြောသည်။

အဆိုပါ ပမာဏသည် ဖုန်းအလုံးရေ ၁၃သန်းကျော်၊ အိတ်ချိန်း ငါးထောင်ကျော်၊ အီးမေးလ်လိုင်း ၂သောင်းကျော်၊ မြို့နယ် ၃၄၄မြို့နယ်တွင် အော်တိုတယ်လီဖုန်းစခန်း ဖွင့်လှစ်ခြင်းတို့ ပါဝင်သည်။ ဆက်သွယ်ရေးလုပ်ငန်းတွင် လက်ရှိ၌ အစိုးရအပြင် နိုင်ငံခြားကုမ္ပဏီနှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနော တို့ကိုလည်း လုပ်ကိုင်ရန် ခွင့်ပြုထားပြီးဖြစ်သည်။

No comments: