Wednesday, January 15, 2014

အစိုးရ တပ်အချို့ ဒုတိယ အကြိမ် တပ်ပြန်ဆုတ်

KNG

ဒီဇင်ဘာ လကုန်ပိုင်းက တပ်ရုတ်သွားပြီး ပြန်လည် တပ်စွဲလာသော အစိုးရ တပ်ရင်းအချို့ ကချင်ပြည်နယ် တောင်ပိုင်း မန်စီမြို့နယ်အတွင်းမှ ပြန်လည် ထွက်ခွာသွားသည်။

ကချင်ပြည်နယ် တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၂ ဒေသ မုန်းဒိန်ပါရွာ (Mung Ding Pa) တွင် တပ်စွဲထားသော အစိုးရတပ် ခြေမြန်တပ်ရင်း ခမရ ၄၃၈ စစ်ကြောင်းသည် ယမန်နေ့ ၁၂ ရက်နေ့ မီးမလင်းမီအချိန်တွင် ရွာမှ တပ်ဆုတ်သွားကြောင်း ယင်းဒေသရှိ KIA တပ်ဖွဲ့မှ ပြောသည်။

တပ်ရင်းမှူး ဗိုလ်မှူး လွယ်မောင်ထူးဦးဆောင်သော ၎င်းအစိုးရစစ်ကြောင်းသည် စစ်အင်အား ၈၀ ခန့်ရှိပြီး မုန်းခေါင်စခန်းသို့ တပ်ဆုတ်သွားခြင်း ဖြစ်ကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်အောင်က ပြောသည်။

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများတွင် ပြောဆိုချက်များကို အကောင်အထည်ဖော်သည်ဆိုကာ အစိုးရ တပ်များ မုန်းဒိန်ပါရွာ (Mung Ding Pa) မှ ဒီဇင်ဘာလ ၂၈ ရက်ညတွင် တပ်ဆုတ်သွားပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် ပြန်လည်ဝင်ရောက် တပ်စွဲခဲ့ခြင်း ဖြစ်သည်။

အစိုးရတပ်သည် မုန်းဒိန်ပါရွာ (Mung Ding Pa)၊ နမ်လင်းပါရွာ (Nam Lim Pa) များမှ တပ်ဆုတ်သွားသော်လည်း KIA တပ်ရင်း ၁၂ ရှိ ရွာ များဖြစ်သော နမ်ခမ်း၊ ဂျေဦး၊ တံသံတား၊ ကောင်ရွန်၊ မန်သာ၊ ဂျေခမ်းစသည့် ရွာများတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေကြသော မုန်းဒိန်ပါရွာ (Mung Ding Pa) သားများသည် ရွာမှအစိုးရတပ်များ ဆုတ်သွားသော်လည်း ရွာသို့ ပြန်လည်နေထိုင်ခြင်းမပြုပဲရှိသေးကြောင်းသိရသည်။

ရွာတွင်းမှ အစိုးရတပ်များဆုတ်သွားသော်လည်း အစိုးရတပ်ရင်း ၅ ခုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) တပ်ရင်း ၁၂ တွင် ရှိနေဆဲ ဖြစ်သောကြောင့် တိုက်ပွဲများ ဖြစ်ပွားရန် အလားအလာများ ရှိနေဆဲဖြစ်ကြောင်း တပ်ရင်း ၁၂ မှ KIA အရာရှိများပြောသည်။

အစိုးရတပ်များ မုန်းဒိန်ပါရွာ (Mung Ding Pa)၊ နမ်လင်းပါရွာ (Nam Lim Pa) မှ ဆုတ်ခွာသွားခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ (၄) ဒေသတွင်မူ ဆက်လက် လှုပ်ရှားလာနေကြောင်း KIA က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၃၆ နှင့် ၃၈ ကြားရှိ ဘန်ယာယုန်းတွင် ယမန်နေ့ ၁၂ ရက်နေ့ ညနေ ၄ နာရီချိန် အစိုးရတပ်ခြေလျင်တပ်ရင်း ခလရ ၂၄၁ စစ်ကြောင်းနှင့် KIA တပ်ရင်း ၃၈ ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုန်းပေါဘက်မှ ၎င်းစစ်ကြောင်းသည် စစ်အင်အား ၆၀ ကျော်ရှိပြီး KIA တပ်ရင်း ၃၈ နှင့် နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) အရာရှိ တဦး ပြောသည်။

No comments: