Thursday, January 16, 2014

သျှမ်းပျိုဖြူတဦး ရွှေလီမြို့တွင် ဖမ်းဆီး ရောင်းစား ခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့မှ အသက် ၁၈ နှစ်အရွယ် သျှမ်းမလေး တဦး ရွှေလီမြို့၌ ဖမ်းဆီး ခံရပြီး တရုတ်ဘက်သို့ ပို့ဆောင် ရောင်းစား ခံရကြောင်း ဆွေမျိုးများက ပြောသည်။

နမ့်ခမ်းမြို့နယ် နောင်ခန်ကျေးရွာအုပ်စု ဝမ့်ကောင်းဝိန်းရွာနေ နန်းခမ်းယဉ် (၁၈) နှစ် ( အဘ စိုင်း(ခိင်း)ဆွယ့်ငင်းယီ့ခမ်း၊ အမိ နန်းသိန်းဟန်) သည် ရွှေလီမြို့သို့ ၂ လကျော် အလုပ်သွား လုပ်ရာမှ ဖမ်းဆီးရောင်းစားခြင်း ခံလိုက်ရခြင်းဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။

“ပြီးခဲ့တဲ့လ ၂၁ ရက်က သူအလုပ်ပြောင်းမယ်ဆိုကတည်းက ရှာမတွေ့တာ ၈ ရက်လောက်ရှိပြီ။ သူအိမ် ကိုဖုန်းဆက်လာ တယ်။ အမေသမီးကို ကယ်ပါ။ သမီးရောင်းစားခံလိုက်ရပြီလို့ ပြောလာတယ်။ အိမ်က သုံးတဲ့ဖုန်းက သိပ်မကောင်းတော့ နံပါတ်လဲ မကျန်ခဲ့ဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူး” - ဟု ဦးလေး တော်စပ်သူ စိုင်းမောက်ခမ်းက ပြောသည်။

နန်းခမ်းယဉ်ပျောက်ဆုံးမသွားမှီ လွန်ခဲ့သည့် နှစ်လက သူငယ်ချင်းတဦးနှင့် တရုတ်နိုင်ငံရွှေလီမြို့သို့ အလုပ်ရှာရန် ထွက် သွားကြောင်း၊ ရွှေလီမြို့ရှိ မိန်းမော(ဝ်း)ရင် သျှမ်းစားသောက်ဆိုင်၌ တလ ယွမ် ၁၂၀၀ ဖြင့် နှစ်လကျော် အလုပ်လုပ်ခဲ့ ကြောင်း၊ အလုပ်ပြောင်းမည်ဆိုပြီး အဆိုပါဆိုင်မှ ထွက်သွားရာမှ ရောင်းစားခြင်းခံရကြောင်း ၎င်း၏သူငယ်ချင်းများ အသိုင်း အဝိုင်းကပြောပါသည်။

“သူ့မှာ မောင်နှမသုံးယောက်ရှိတယ်။ သူက အငယ်ဆုံး ရိုးတယ်အေးတယ်။ ကျောင်းပညာ တော့ ၄ တန်းဘဲ။ ကျပ်မပြည့် တာတော့ မဟုတ်ဘူး။ မိသားစုကိုပင်တိုင်ရှာကျွေးရတာလဲမဟုတ်ဘူး။ အသိုင်း အဝိုင်းကို အားကျလို့ ဝင်ငွေရှိအောင် ဝယ် ခြမ်းဝတ်ဆင်နိုင်အောင် အလုပ်သွားလုပ်တာ။ သူအလုပ် သွား လုပ်တုန်းကလည်း မိဘကိုယ်တိုင် သွားမအပ်ရဘူး” - ဟု အဒေါ်ဖြစ်သူက ပြောသည်။

နန်းခမ်းယဉ်ပျောက်ဆုံးမှုကို ဂျန္နဝါရီ ၁၄ ရက်နေ့က ရွှေလီမြို့ တရုတ်လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့အား ဓါတ်ပုံနှင့်တကွ တိုင်ကြားထားကြောင်း၊ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရန် မြန်မာအာဏာပိုင်၊ လူကုန်ကူးမှုအဖွဲ့နှင့် ကျားဖြူပါတီ ကျားခေါင်း ပါတီတို့ထံ ယနေ့ ဆက်လက်တိုင်ကြားသွားမည်ဟုလည်း မိသားစုဝင်တဦးက ပြောသည်။

နယ်စပ်ဒေသတွင် မြန်မာဘက်မှ မိန်းခလေးများအား တရုတ်နိုင်ငံသို့ ဇနီးမယားများအဖြစ် သွေး ဆောင်ဖျားယောင်း ရောင်းစားမှု မကြာခဏ ဖြစ်ပေါ်နေကြောင်း၊ မိန်းမပျိုတဦး ဈေးအပေါဆုံး တရုတ်ငွေ ယွမ်ထောင်ဂဏန်းမှ သောင်းဂဏန်း အထိ ရှိကြောင်း၊ တရုတ် နိုင်ငံ မိန်းမပျို အမျိုးသမီး ရှားပါးမှုကြောင့် ယခုကဲ့သို့ လူကုန်ကူးမှု ပိုမိုဖြစ်ပေါ်လာနေကြောင်း နမ့်ခမ်းမြို့ ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းထွန်းလ ကပြောသည်။

No comments: