Monday, January 20, 2014

ဆိုင်ကယ်သမားကို အချွန်နှင့်ထိုးပြီး ဆိုင်ကယ်လုယူ

ဇော်ဇော်ထွေး

သာကေတမြို့နယ်တွင် ဆိုင်ကယ်သမားကို ချွန်ထက်သောအရာဖြင့်ထိုးခဲ့ပြီး ဆိုင်ကယ်လုခဲ့သည့် အတွက် ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးအရေးယူပေးရန် ဇန်န၀ါရီ ၁၈ ရက်က တောင်ဒဂုံရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၅ ရက်က သာကေတမြို့နယ် (၆)ရပ်ကွက်၊ (၁)လမ်းနေ ဦးသိန်းမြင့်သည် ဒဂုံဆိပ် ကမ်း (၆၇)ရပ်ကွက်တွင်နေသည့် မြေးဖြစ်သူ ကိုဝင်းဇော် (၂၇)နှစ် (ဓာတ်ပုံရိုက်လုပ်ငန်း)လုပ်ကိုင်သူ မှာ ဒဏ်ရာများဖြင့် သင်္ဃန်းကျွန်းဆေးရုံတွင်ရောက်ရှိကြောင်း သတင်းအရ သွားရောက်ကြည့်ရှု၍ အကျိုးအကြောင်းကို မေးမြန်းခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ၀င်းဇော်သည် ထိုနေ့ည ၉ နာရီခွဲအချိန်က ကန်ဘို (၁၂၅) ဆိုင်ကယ် (လိုင်စင်ရှိ)ဖြင့် သကေ တမြို့နယ်ဘက်သို့ ဈေးသွားဝယ်ခဲ့ရာ သာကေတ အီးပီစီရုံးရှေ့အရောက်တွင် အမည်မသိသူ သုံးဦးက သရက်ပင်ချောင်သို့ လိုက်ပို့ရန် အကူအညီတောင်း၍ လိုက်ပို့ရာ ဒဂုံတောင်စက်မှုဇုန် (၁)(၂၃)ရပ်ကွက်၊ မန္တလေးလမ်းမပေါ်သို့ အရောက်တွင် လိုက်ပါလာသူ တစ်ဦးက ဖိနပ်ကျွတ်ကျ၍ ရပ်ပေးခိုင်းခဲ့သည်ဟု လည်း တရားလိုက ရဲအားပြန်လည်ပြောပြထားသည်။

ထိုအချိန်တွင် ကျန်လူတစ်ဦးက ချွန်ထက်သောအရာဖြင့် ထိုးလိုက်သဖြင့် ကိုဝင်းဇော်၏ လည်ပင်းယာ ဘက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး လဲကျခဲ့ရာ ဆိုင်ကယ်နောက်ပါလာသူသုံးဦးက ဆိုင်ကယ် အား မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဆိုထားသည်။

မြေးဖြစ်သူကို နာကျင်ဒဏ်ရာရရှိအောင် ပြုလုပ်ပြီး ဆိုင်ကယ်လုယက်သူများကို ဖော်ထုတ်အရေးယူပေး ရန် ဇန်န၀ါရီ ၁၈ တွင် ဦးသန်းမြင့်က ရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

No comments: