Tuesday, January 21, 2014

သမ္မတရုံးဝန်ကြီးများက ညှိနှိုင်းပေးမည်ဟု ကတိပေးထားသည့် သိမ်းဆည်းခံလယ်ယာမြေများ လျော်ကြေးမရသေး

ကေဇူး

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန်အတွက် သိမ်းဆည်းထားသော လယ်ယာမြေ များကို သမ္မတရုံးဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ကုမ္ပဏီနှင့်ညှိနှိုင်းကာ လျော်ကြေးပေးမည် ဟု ပြောကြားထားသော်လည်း လက်ရှိအချိန်ထိ ဖြေရှင်းပေးနိုင်ခြင်းမရှိသေးဟု မဒေးကျွန်းဒေသခံများ က ဇန်န၀ါရီ ၁၉ တွင် မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်သို့ ပြည်ထောင်စုသမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ စွမ်းအင်ဝန်ကြီး ဦးသန်း ဌေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ကျောက်ဖြူဒေသခံအဖွဲ့အစည်းများနှင့် ၂၀၁၃ မေ လအတွင်းကတွေ့ဆုံစဉ် ယင်းမြေယာများသိမ်းဆည်းခံရမှု၊ လျော်ကြေးပြန်လည်ရရှိရေးအတွက် ညှိနှိုင်း ပေးမည်ဟု ပြောကြားခဲ့သည်ဟု မဒေးကျွန်းဒေသခံ ဦးထွန်းကြည်က ပြောသည်။

“လျော်ကြေးရရှိဖို့ တောင်းဆိုခဲ့တာ အကြိမ်ကြိမ်ရှိပါပြီ။ ဆန္ဒထုတ်ဖော်တဲ့အတွက် ထောင်လည်း ကျပြီးပါ ပြီ။ ဒါပေမဲ့ လျော်ကြေးရရှိမှု မရှိသေးဘူး”ဟု ဦးထွန်းကြည်က ပြောသည်။

အဆိုပါသိမ်းဆည်းခံလယ်ယာမြေများ လျော်ကြေးပြန်လည်ရရှိရေးအတွက် မဒေးကျွန်းဘုန်းကြီးကျောင်း တွင် ဇန်န၀ါရီ ၁၉ ရက်က လယ်သမားတစ်ရာခန့် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အကောင်အထည်ဖော်သည့် CNPC ကုမ္ပဏီသို့ ထပ်မံတောင်းဆိုရန် ဆုံး ဖြတ်လိုက်ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်သူ လယ်သမားဦးစိုးဝင်းက မဇ္ဈိမကို ပြောသည်။

“ပြည်နယ်အစိုးရကို အကြိမ်ကြိမ်တင်ပြပြီးပြီ။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကိုယ်တိုင်က ပြန်ပြီးညှိနှိုင်း ပေးဖို့ ပြောခဲ့တာ အခုဆို ၁၀ လနီးပါးရှိပါပြီ ဘာမှမထူးပါဘူး”ဟု ဦးစိုးဝင်းက ပြောသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အကောင်အထည်ဖော်သည့် မဒေးကျွန်းဒေသတွင် လျော် ကြေးမရရှိသော လယ်ယာမြေများမှာ CNPC ကုမ္ပဏီက ဆောက်လုပ်လျက်ရှိသည့် ရေနံတင်သင်္ဘော ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်များ ဆောက်လုပ်ထားသည့် မြေယာများဖြစ်ပြီး စုစုပေါင်းဧက ၂၄၀ ကျော် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ယင်းမြေယာများ လျော်ကြေးပြန်လည်ရရှိရေးအတွက် မဒေးကျွန်းဒေသခံများအနေဖြင့် ၂၀၁၃ ဧပြီလမှ စတင်ကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်သူဆယ်ဦးမှာ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရပြီး ထောင်သုံးလ ကျခံခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ကူမင်းမြို့ထိသွယ်တန်း မည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး မြေယာသိမ်းဆည်းမှု များမှာ ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့သည်။

တရုတ်နိုင်ငံသို့တင်ပို့မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းရာဒေသများတွင် မြေယာ သိမ်းဆည်းမှုများရှိသကဲ့သို့ ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင်လည်း ရေနံသိုလှောင်ကန်များ တည် ဆောက်မှုနှင့် ဆိပ်ကမ်းများ တည်ဆောက်ခြင်းတို့ကြောင့် မြေယာသိမ်းဆည်းမှုများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းအထိ သွယ်တန်းထားသည့် ပိုက်လိုင်းစီမံကိန်းတွင် ရေနံပိုက်လိုင်းနှင့် သဘာဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုပါဝင်ပြီး ကီလိုမီတာ ၇၇၀ ကျော်စီ ရှည်လျားကာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ်၂၁ မြို့အား ဖြတ်သန်း သွယ်တန်းထားသည်။

No comments: