Thursday, January 16, 2014

သမ္မတရုံး ဦးစီးအရာရှိတစ်ဦး၏ မြေကွက် ကျူးကျော်ခံရသဖြင့် ရဲစခန်းတွင် တိုင်ကြား

ဇော်ဇော်ထွေး

နိုင်ငံတော် သမ္မတရုံးမှ ဦးစီးအရာရှိတစ်ဦး ပိုင်ဆိုင်သော မြေကွက်တစ်ခုအတွင် နေထိုင်သော တဲတစ်လုံးကို ပိုင်နက်ကျူးကျော်ပြီး အကျိုးဖျက်ဆီးမှုဖြင့် အရေးယူပေးရန် ဇန်နဝါရီ ၁၄ ရက်က အမှုဖွင့် ဦးစီးအရာရှိ၏ ဇနီးဖြစ်သူက တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အမှုမှာ နိုင်ငံတော်သမ္မတရုံး၊ သံတမန်ရေးရာဌာနကြီးတွင် ဦးစီးအရာရှိအဖြစ် လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူ ဦးစန်းယု တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတော်က ချမှတ်ပေးထားသော အမည်ပေါက်မြေကွက်တွင် ကျူးကျော်ထားခြင်းဖြစ်သည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ်(၅ဝ) ရပ်ကွက်နေ ဇနီးဖြစ်သူ ဒေါ်မိုးမိုးအောင် (၅၃)နှစ် တိုင်တန်းထားသည်။

တရားလိုက ဒဂုံဆိပ်ကမ်းမြို့နယ် (၁၆၈) ရပ်ကွက်တွင်ရှိသော အဆိုပါမြေကွက်အမှတ် (၁၂၄၃)ကို ခြံစည်းရိုးကာရံနေမှု ပြီးစီးမှု ရှိ/မရှိကို ဇန်နဝါရီ ၁၃ ရက်မွန်းလွဲပိုင်းက သွားရောက် စစ်ဆေးရာတွင် မြေကွက်ပေါ်တွင် သွပ်မိုး၊ တာလပတ်ကာရံထားသော တဲတစ်လုံးဆောက်လုပ်ထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် စုံစမ်းရာ ဦးအောင်မြင့် (စုံစမ်းဆဲ)ဆိုသူမှ ဆောက်လုပ်ထားကြောင်း သိရှိခဲ့ပြီး ခြံစည်းရိုးအား ရိုက်ချိုးဖျတ်ဆီးထားမှုကြောင့် ငွေ ၂ သိန်းခွဲခန့်ထိ ဆုံးရှုံးရသည်ဟုလည်း ရဲအား ပြောပြထားသည်။

ယင်းကြောင့် ဦးအောင်မြင့်ကို အရေးယူပေးရန် တိုင်တန်းထားသဖြင့် ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ)၁၅/၂ဝ၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၄၂၇/၄၄၇ တို့ဖြင့် အရေးယူရန် ပြစ်မှုကျူးလွန်ထားခြင်း ဟုတ်မဟုတ် ဖမ်းဆီးစစ်ဆေးရန် လုပ်ဆောင်လျက်ရှိသည်။

No comments: