Monday, January 20, 2014

သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် အားကစားကွင်း ပြန်လည်ရရှိရေး ပထမဆုံးအကြိမ် ဆန္ဒပြ

နန်းမြင့်

သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက် အပိုင်း ၃ ရှိ အားကစားကွင်း ပြန်လည်ရရှိရေးအတွက် လူအင်အား ၁၀၀ ခန့်ဖြင့် ဇန်နဝါရီ ၁၉ တွင် ယင်းရပ်ကွက် သုဒဿနလမ်း၊ အားကစားကွင်းရှေ့တွင် နေ့လည် ၃ နာရီက ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခဲ့သည်။

အဆိုပါအားကစားကွင်းမြေကို ဒေါ်စိုးစိုးမေဆိုသူက စည်ပင်မှ ၂ဝဝ၂ ခုနှစ် အငှားချမြေဂရမ်ဖြင့် ပိုင်ဆိုင်ခဲ့ပြီး ယင်းမြေကို အဆင့်ဆင့်ရောင်းချခဲ့ရာ လက်ရှိတွင် ဦးတင်ထွန်းဦးမှ ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများက ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ရပ်ကွက် အပိုင်း၃တွင် နေထိုင်သူ ဦးတင်ထွန်းက “လွန်ခဲ့တဲ့ သုံးလက ဒီအားကစားကွင်းကို ခြံစည်းရိုး လာခတ်တယ်။ အဝီစိတွင်း တူးတယ်။ ဆောက်လုပ်ရေး ပစ္စည်းတွေ လာချတယ်။ အလုပ်သမားတွေနေဖို့ တန်းလျားတွေ ထိုးတယ်။ ခြံစည်းရိုးလာခတ်တဲ့အချိန်မှာ အားကစားကွင်းကို သိမ်းလိုက်ပြီးဆိုတာသိတော့။ ရပ်ကွက်တစ်ခုလုံး မခံမရပ်နိုင်ဖြစ်ပြီး ဒီဆန္ဒဖော်ထုတ်ပွဲဖြစ်လာတာ” ဟုပြောသည်။

ယင်းအားစားကွင်း၏ အကျယ်အဝန်းသည် တစ်ဧကခန့်ရှိပြီး သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် အပိုင်း ၃ရှိ အ.မ.က အမှတ် ၂၇ ကျောင်း၊ မာလာမြိုင်လမ်း၊ ဓမ္မာရုံ၊ ကန်ကော်ရိပ်သာလမ်းတို့ အလယ်တွင်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူ ကုန်သည်လယ်ယာအသင်းမှ ဘောလုံးအားကစားသမား(ဟောင်း) ကိုတိုးကြီးက “အားကစားကွင်းကို ဒီရပ်ကွက်သားများသာမက ဘေးနားရှိ ရပ်ကွက်သားတွေပါ သက်ဆိုင်ပါတယ်။ ဒီကွင်းကို ရပ်ကွက်သူ ရပ်ကွက်သားများနဲ့ အတူ ဒီကွင်းကို မရရအောင်တိုက်ပွဲဝင်သွားမယ်” ဟုပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက်၊ အပိုင်း ၁၊ အပိုင်း၂ နှင့် အပိုင်း ၄ တို့ရှိ အားကစားကွင်းများကို သိမ်းယူခဲ့ပြီး အပိုင်း ၃ အားကစားကွင်းတစ်ခုသာ ကျန်ရှိနေကာ အားကစားကွင်း ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ရပ်ကွက်သူ ရပ်ကွက်သားများက ပြောသည်။

သင်္ဃန်းကျွန်းတွင်နေထိုင်သူ ဦးဇော်ဝင်းက “တစ်ဦးတစ်ယောက်ကိုကြည့်ပြီး ဘောလုံးကွင်းကို ပေးလိုက်မယ်ဆိုရင် ကလေးတွေ စာရိတ္တပျက်ပြားအောင်လုပ်တာနဲ့ အတူတူပဲ စာရိတ္တပျက်အောင်လုပ်တယ်ဆိုရင် အဓိက တရားခံက နိုင်ငံတော်ခေါင်းဆောင်များသာဖြစ်တယ်။ ရပ်ကွက်တိုင်းမှာ ရပ်ကွက် အင်္ဂါရပ်နဲ့ ညီအောင် အားကစားကွင်း ပြန်လည်ဖော်ထုတ်ပေးပါ” ဟုဆိုသည်။

အဆိုပါ ဆန္ဒပြရာတွင် ရပ်ကွက်သူရပ်ကွက်သားများအပါအဝင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ အလုပ်သမားသမဂ္ဂအဖွဲ့၊ လူ့ဘောင်သစ်သစ် ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌဟောင်းတို့ ပါဝင်ပြီး ၁၆ ရပ်ကွက် အပိုင်း ၃ အားကစားကွင်း ဆိုင်းဘုတ် ကိုလည်း စိုက်ထူခဲ့သည်။ ယင်းဆန္ဒပြခြင်းအား ခွင့်ပြုမိန့်ရရှိထားပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

No comments: