Thursday, January 16, 2014

နိုင်ငံခြားသားနှစ်ဦး ကလေးပစ္စည်း အရောင်းဆိုင်မှ ငွေခိုးယူသွား

ဇော်ဇော်ထွေး

စမ်းချောင်းမြို့နယ်ရှိ ကလေးပစ္စည်း အရောင်းဆိုင်တစ်ခုမှ ငွေနှစ်သိန်းကို ခိုးယူသွားသည့် နိုင်ငံခြားသား ခရီးသွားနှစ်ဦးကို လိုက်လံစုံစမ်းရှာဖွေနေသည်ဟု မြို့နယ်ရဲစခန်းမှူးဖြစ်သူ ဒု-ရဲမှူး သိန်းအေးက ဇန်န ၀ါရီ ၁၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ စုံစမ်းရှာဖွေနေပါတယ်။ စစ်ဆေးသိရှိရသလောက်ဆို ခရီးသွားတွေ ဖြစ်တယ်လို့ သုံးသပ် ရပါတယ်” ဟု ၎င်းက ပြောသည်။

အမှုမှာ စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ KIDDY WORLD ကလေးပစ္စည်းအရောင်းဆိုင် တွင် ဇန်န၀ါရီ ၁၃ ရက် ညနေ ၆ နာရီခွဲက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရှိနေစဉ် အမည်မသိ ကုလားဆင် နိုင်ငံခြားသားနှစ်ဦး လာရောက် ဈေးဝယ်သဖြင့် ရောင်းခဲ့ပေးခဲ့သည်။ ထို့နောက် တစ်ဦးက ဆိုင်တာဝန်ခံတစ်ဦး အနီး နားကြက်တောင်ဖိုး ငွေပေးချေသဖြင့် ငွေပြန်အမ်းခဲ့သည်ဟု ဆိုသည်။

ထိုစဉ် နိုင်ငံခြားသားက ကောင်တာအံဆွဲအတွင်းရှိ ဆိုင်တာဝန်ခံ ထပ်ထားသော ငွေများအား အစီအရီထပ်ပြပြီး ပြန်ပေး၍ ထွက်သွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် ငွေများအား စစ်ဆေးကြည့်ရာတွင် ငွေကျပ် ၃၈၀,၀၀၀ ရှိသည့်အနက် ကျပ်၂၆၀,၃၀၀မှာ ပျောက်ဆုံးနေခဲ့ခြင်းလည်းဖြစ်သည်။

“နိုင်ငံခြားသားက ငွေထုပ်ကိုတွေ့သွားပြီး ပိုက်ဆံဆိုတာ သူ့ဟာနဲ့သူ အစီအရီထပ်ရတယ်ဆိုပြီး ထပ်ပြ ပြီး ခိုးယူသွားတာပါ” ဟု ရဲမှူးသိန်းအေးက ရှင်းပြသည်။

အဆိုပါ ခိုးယူမှုကို ရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့သဖြင့် စခန်းမှူးနှင့်အဖွဲ့မှ အဆိုပါဆိုင်အား လိုက်လံစစ်ဆေးခဲ့ပြီး ဆိုင်ဝန်ထမ်းနှစ်ဦးနှင့်အတူ မြို့နယ်အတွင်းရှိ ဟိုတယ်များသို့ သွားရောက်ကာ တည်းခိုနေထိုင်သူ နိုင်ငံခြားသားများ၏ ပတ်စ်ပို့များအား ပြသစစ်ဆေးရှာဖွေခဲ့ကြသည်။

လက်ရှိတွင်လည်း နယ်မြေလှည့်ကင်းအဖွဲ့များဖြင့် စစ်ဆေးရှာဖွေလျက်ရှိပြီး ခိုးယူမှုကို အမှုဖွင့်တိုင်ကြားရန် အဆိုပါ ကာယကံရှင် ကလေးပစ္စည်းအရောင်းဆိုင် တာဝန်ရှိသူများကို အသိပေးထားသည်ဟု ဒု-ရဲမှူးက ပြောပြခဲ့သည်။

No comments: