Monday, January 20, 2014

အစိုးရတပ်နှင့် ပလောင်တပ်တို့ တိုက်ပွဲဖြစ် ပြည်သူ့စစ် တဦးသေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း အစိုးရ တပ်စခန်း တခုအား တအာင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်က ဝင်ရောက် တိုက်ခိုက်ရာမှာ ဒေသခံ ပြည်သူစစ် တဦး ကျဆုံးကြောင်း ဒေသခံများက ပြောသည်။

ဂျန္နဝါရီ ၁၅ ရက် ၂၀၁၄ ည ၉ နာရီခွဲ ခန့်က မိုင်းငေါ့မြို့ အနောက်မြောက်ဘက် နမ့်တွေရွာတွင် အခြေ ချနေသည့် အစိုးရတပ်စခန်းအား TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က နာရီဝက် ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြောင့် အစိုးရတပ်နှင့်အတူ ရှိနေသည့် ဒေသတွင်း ပြည်သူ့ စစ်တပ်ဖွဲ့ဝင်တဦးသေဆုံးကြောင်း ဒေသခံများကပြောပါသည်။

“အစိုးရတပ် အင်အားဖြည့်လှုပ်ရှားလာတာ အရမ်းများတယ်။ နေ့ဘက်ဆိုရင်တောထဲ တောင်ပေါ် ရွာ တွေဘက်လှည့်တယ်။ ညဘက်ဆို မြို့နဲ့ မလှမ်းမကမ်းရွာတွေမှာနေတယ်။ ဒေသခံပြည်သူ့စစ်ကလဲ သူတို့နဲ့ အတူနေရတယ်လေ။ ဒါကြောင့် အခုလိုမျိုးခံရတာ။ အခုသေတာလဲ ဒေသတွင်း ပလောင် ပြည်သူ့စစ်ဘဲ” - ဟု ကျောက်မဲရောက် ခိင်းပေါ့ဆီ ကပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့နယ်ခွဲဘက်တွင် ယခုလဆန်းပိုင်းမှစ၍ ယနေ့အထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတို့အကြား နယ်မြေစိုးမိုး ပြိုင်ဆိုင် နေမှုကြောင့် ယနေ့ထိ စစ်ရေး တင်းမာနေခြင်းဖြစ်သည်။

TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးရယူရန် ကိုယ်စားလှယ်များကအကြိမ်ကြိမ်တွေ့ဆုံသော်လည်းမအောင်မြင်သေးပေ။

No comments: