Wednesday, January 15, 2014

ဖွဲ့စည်းပုံပြင်ရေး တပ်မတော်အကြံပြုမှု အသေးစိတ် ထုတ်မပြောသေး

စိုးသန်းလင်း၊ ဉဏ်လှိုင်လင်း

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပြင်ဆင်လိုသည့် ဥပဒေ ပုဒ်မ ၁၅ခုနှင့် ပုဒ်မခွဲ နှစ်ခုတို့ ပေးပို့ထားပြီးဖြစ်သည်ဟု မဇ္ဈိမကို ထပ်မံအတည်ပြုသော်လည်း ကော်မတီ အစီရင်ခံစာ မထွက်ရှိမီ အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိဟု အမျိုးသားလွှတ်တော် တပ်မတော် သားကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ တပ်မတော်အနေနဲ့ ဖြစ်သင့်တယ်လို့ သုံးသပ်ရရှိတဲ့ အချက်တွေကို ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့သလို အခြားသူများတင်ပြထားတဲ့ အချက်များအပေါ်မှာလည်း နိုင်ငံတော်နဲ့ ပြည်သူများ အကျိုး ကိုရှေးရှုပြီး လိုအပ်သလို ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ပူးပေါင်းကော်မတီက အကြံပြုစာ နောက်ဆုံးလက်ခံသည့် နေ့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလကုန်မတိုင်မီ ပြည်သူနှင့် အဖွဲ့အစည်းအသီးသီးတို့ထံမှ အကြံပြုချက် ပေါင်း သုံးသိန်းကျော် လက်ခံရရှိထားသည်ဟု သတင်းထုတ်ပြန်ထားသည်။ ထို့နောက် ဇန်န၀ါရီ ၇ ရက်တွင် ပထမအကြိမ် အစည်းအဝေးကျင်းပခဲ့ပြီး အဖွဲ့ ငါးဖွဲ့ခွဲကာ အကြံပြုစာများကို စိစစ်နေခြင်းဖြစ်သည်။

ဇန်န၀ါရီလကုန် နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံရမည်ဖြစ်သည့် ပူးပေါင်းကော် မတီအနေဖြင့် အချိန်မီတင်သွင်းနိုင်ရန် ကြိုးပမ်းနေသော်လည်း လုပ်ငန်းပမာဏ များပြားခြင်းကြောင့် အခက်အခဲ တွေ့နေသည်ဟု အတွင်းရေးမှူး ဦးအေးမောက်က မဇ္ဈိမကိုပြောသည်။

“ဒီတစ်ပတ်အတွင်းမှာ ကော်မတီအလိုက် ထပ်ဆွေးနွေးမယ်၊ ပြန်လေ့လာဆဲ ဆွေးနွေးဆဲ စိစစ်ဆဲပဲ ရှိ သေးတယ်။ မီအောင် ကြိုးစားနေတယ်။ မမီနိုင်ရင်လည်း အပိုင်းလိုက်တင်နိုင်မှာပါ။ အချိန်ဆွဲတာမျိုး မဟုတ်ပါဘူး။ လုပ်ရမယ့်အလုပ်တွေက သိပ်များတယ်” ဟု ၎င်းက ဆိုသည်။

ရရှိထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်များကိုမူ လတ်တလောတွင် အသေးစိတ် ထုတ်ပြန်ရန် မရှိသေးဟု ပူးပေါင်းကော်မတီအတွင်းရေးမှူးက ပြောသည်။ အဖွဲ့ဝင် ၁၀၈ ဦးပါဝင်သည့် အဆိုပါပူးပေါင်း ကော်မတီ အဖွဲ့ဝင်အများစုကလည်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ အသေးစိတ် အချက်အလက်များနှင့် လုပ်ငန်းအစီအစဉ်များကို လတ်တလောတွင် ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိဟု ဆိုကြသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာကယ သူရဦးရွှေမန်းက ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် ယနေ့အချိန် သည် လွှတ်တော်ကိုယ်စားလှယ်များ၏ စိတ်ရင်းစေတနာနှင့် အမြော်အမြင်များကို မှတ်ကျောက်တင်ခံရ မည့် အချိန်ဖြစ်သည်ဟု သတိပေးသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်စနစ်နှင့်ကိုက်ညီပြီး ပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး လိုအပ်ချက်များနဲ့ သဟဇာတဖြစ်တဲ့ အခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်လာစေဖို့ ဥပဒေနဲ့အညီ ပြင် ဆင်ကြရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ပြော သည်။ ပူးပေါင်းကော်မတီတွင် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ဖြင့် အာဏာရပါတီဖြစ် လာသည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၅၂ ဦး၊ တပ်မတော်သား ကိုယ်စားလှယ်တို့က ၂၅ ဦးဖြင့် အများဆုံးအင်အားစု များအဖြစ်ပါဝင်သည်။ တတိယ အင်အားအကြီးဆုံးပါဝင်နိုင်သည့် အင်န်အယ်ဒီ သည်ပင် ခုနစ်ဦးသာ ပါဝင်သည်။

No comments: