Thursday, January 16, 2014

ယခုနှစ်အတွင်း ပြည်တွင်းပြည်ပလေကြောင်းခရီးစဉ် အများအပြားတိုးချဲ့မည်

ထင်လင်းအောင်၊ သီဟကိုကို

၂၀၁၄ခုနှစ်တွင် ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းများအနေဖြင့် ပြည်တွင်းပြည်ပခရီးစဉ် အရေ အတွက် သိသာစွာ တိုးချဲ့ကြမည်ဟု အဆိုပါလုပ်ငန်းအသိုင်းအ၀ိုင်းက ပြောကြားသည်။

လတ်တလော ထုတ်ပြန်ထားသော သတင်းများအရ မြန်မာ့ပုဂ္ဂလိက လေကြောင်းလိုင်းများဖြစ်သော ရွှေမြန်မာနှင့် Asian Wings လေကြောင်းလိုင်းများအနေဖြင့် မကြာမီတွင် ပြည်တွင်းခရီးစဉ်များအား စတင်တိုးချဲ့ကြမည်ဟု အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက မဇ္ဈိမသို့ ပြောကြားသည်။

Asian Wings လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ ဦးမောင်မောင်ရွှေမိုးက “ကျွန်တော်တို့ လေ ကြောင်းအနေနဲ့ အခုလပိုင်းလောက်မှာပဲ ပြည်ပပြေးဆွဲတဲ့လေကြောင်းလိုင်းကို ထပ်ပြီးတိုးချဲ့ဖို့ ရှိပါ တယ်။ ပြည်တွင်းခရီးစဉ်အသစ်တွေကို ထပ်တိုးချဲ့နိုင်ဖို့ စီစဉ်နေတာတွေရှိပါတယ်”ဟု မဇ္ဈိမကို ပြော သည်။

အများပိုင်ကုမ္ပဏီအသွင်ဖြင့် တည်ထောင်ထားသော ရွှေမြန်မာလေကြောင်းလိုင်းအနေဖြင့်လည်း ၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းခရီးစဉ်အဖြစ် ရန်ကုန်-မန္တလေးခရီးစဉ်များကိုသာ ပြေးဆွဲလျက်ရှိရာမှ ရန်ကုန် မှနေ၍ မြစ်ကြီးနားအပါအ၀င် မြို့ကိုးမြို့သို့ ခရီးစဉ်များတိုးချဲ့ပြေးဆွဲမည် ဖြစ်သည်ဟု ယင်းလေကြောင်း လိုင်း၏ ဈေးကွက်ဌာနမှ တာဝန်ခံက ပြောသည်။

ယင်းက “ရွှေမြန်မာ လေကြောင်းလိုင်းအနေနဲ့ အခုနှစ်မှာ ရန်ကုန်ကနေ မန္တလေးအပြင် အခြားမြို့ကြီး ကိုးမြို့ကိုလည်း ခရီးစဉ်တွေတိုးချဲ့မယ်။ လေယာဉ်တွေမှာထား ဆဲအခြေအနေဖြစ်တာကြောင့် အသေး စိတ်တော့ မပြောတော့ဘူး။ အခုပြေးဆွဲနေတာက ပြည်ပကို ဘန်ကောက်၊ စင်ကာပူပါ။ ပြည်တွင်းက ရန်ကုန်-မန္တလေးခရီးစဉ်အနေနဲ့ မနက်ပိုင်းပဲပြေးဆွဲနေတာကနေ ညနေပိုင်း ခရီးစဉ်တွေကိုပါ ဖေဖော်ဝါရီ ၅ ရက်မှ စပြီးတိုးချဲ့မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လေကြောင်းလိုင်း လုပ်ငန်းများသည် နှစ်စဉ် ၃၅ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လျက်ရှိပြီး မြန်မာ့လေကြောင်းအနေဖြင့်လည်း ခရီးစဉ်များတိုးချဲ့ရန်အတွက် လေယာဉ်ပျံအသစ်များဝယ်ယူရန် အမေရိကန် အခြေစိုက် GE ကုမ္ပဏီနှင့် သဘောတူလက်မှတ်ရေးထိုးထားသည်ဟု ပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဉဏ်ထွန်းအောင်က ဇန်န၀ါရီ ၁၄ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအပြီး၌ နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သည့် MRTV သို့ ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၂၂ လိုင်းရှိပြီး ပြည်တွင်းလေကြောင်းလိုင်းများအဖြစ်Air Bagan၊ ရွှေမြန်မာ(Golden Myanmar)၊ Myanma Airways၊ Yangon Airways၊ Asian Wings၊ Air KBZ၊ Air Mandalayစသည်ဖြင့် ၇ လိုင်းရှိသည်။

No comments: