Sunday, January 19, 2014

ပုလိပ်အထည်စက်ရုံဝန်ထမ်းများ ကုမ္ပဏီဝန်ထမ်းအဖြစ် ခန့်ထားရန် တောင်းဆို

အောင်ကိုဦး

ပုလိပ်အထည်စက်ရုံဝန်ထမ်းများ မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေအရ လျော်ကြေးပင်စင်ခံစားခွင့်ပေးခြင်း နှင့် စက်ရုံကိုလွှဲပြောင်းယူခဲ့သည့်ကုမ္ပဏီတွင် အလုပ်ပြန်လည်လျှောက်ထား လုပ်ကိုင်ရမည်ဟုဆိုသည့် အပေါ် ၀န်ထမ်း ၁၀၀၀ ကျော်က ပင်စင်ရယူလိုခြင်းမရှိသကဲ့သို့ အလုပ်လျှောက်စရာမလိုဘဲ ကုမ္ပဏီဝန် ထမ်းအဖြစ် ခန့်ထားရန် ဇန်န၀ါရီ ၁၆ ရက် နေ့လယ်က စက်ရုံအတွင်း၌ တောင်းဆိုခဲ့ကြသည်။

အဆိုပါစက်ရုံမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်ရှိ အမှတ်၂ ပုလိပ်ချည်မျှင် နှင့် အထည်စက်ရုံ ဖြစ်သည်။ စက်ရုံတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများကို လျော် ကြေးပင်စင်ခံစားခွင့်ပေးခြင်း၊ ပုဂ္ဂလိက လွှဲပြောင်းယူထားသည့် ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်လိုပါက အဆိုပါကုမ္ပဏီ ၀န်ထမ်းအဖြစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ကြောင်း ၀န်ထမ်းများသို့ စက်ရုံမန်နေ ဂျာဖြစ်သူက ဇန်န၀ါရီ ၁ ရက်က ပြောကြားသည်။

ဇန်န၀ါရီလကုန်လျှင် ၀န်ထမ်းအားလုံးကို လျော်ကြေးပင်စင်များပေးပြီး အလုပ်အကိုင်နှင့် နေထိုင်စရာ နေရာကိုပါ စွန့်လွှတ်ရမည်ဖြစ်သောကြောင့် စက်ရုံဝန်ထမ်းများက ယခုကဲ့သို့ တောင်းဆိုကြခြင်းဖြစ် သည်။ အဆိုပါစက်ရုံမှာ ၂၀၁၃ ခုနှစ် ဧပြီလတွင် စက်မှုဝန်ကြီးဌာနမှ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် ပန်ဒါ ကုမ္ပဏီက လွှဲပြောင်းယူခဲ့ပြီး တာဝန်ထမ်းဆောင်နေဆဲ ၀န်ထမ်းများအားလုံးကို မူလနေရာ၊ မူလလစာ ဖြင့် ဆက်လက်ခန့်ထားပေးမည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့ကြောင်း စက်ရုံလုပ်သက်အနှစ် ၂၀ ရှိ ဒေါ်မြတ်မြတ်ဦးက မဇ္ဈိမကို ပြောသည်။

စက်ရုံဝန်ထမ်းအများစုသည် ဘိုးစဉ်ဘောင်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသောကြောင့် စက်ရုံမှ ပင်စင် ပေးလိုက်လျှင် နေစရာမဲ့ပြီး အလုပ်အကိုင်လည်းမရှိတော့၍ မိသားစုအားလုံး ဒုက္ခနှင့်ကြုံတွေ့ရနိုင်သည် ဟု စက်ရုံဝန်ထမ်း ဦးဌေးအောင်က ပြောသည်။

ပန်ဒါကုမ္ပဏီမှ ၀န်ထမ်းအများစုမှာ လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်းကြောင့် စက်ရုံမှထုတ်လုပ်သည့် အ၀တ် အထည်များမှာ ဈေးကွက်သို့ မထိုးဖောက်နိုင်ဘဲ ဂိုဒေါင်တွင်သာ ပုံနေသောကြောင့် လုပ်ငန်းမကျွမ်းကျင် သူများကို ပင်စင်အဖြစ် ပေးအပ်သွားမည်ဖြစ်ပြီး ကျွမ်းကျင်သူများ ပြန်လည် လျှောက်ထားနိုင်မည်ဟု ကုမ္ပဏီမန်နေဂျာ ဒေါ်တင်တင်ဆွေက ပြောသည်။

“ကျွန်မတို့ ပြန်မခန့်တာမဟုတ်ပါဘူး ခန့်သွားမယ်။ ကျွမ်းကျင်သူကိုပဲ ခန့်သွားမယ်။ ဘာဖြစ်လို့လည်းဆို တော့ အစိုးရက အစဉ်အဆက် မိသားစုတွေကိုပဲ ခန့်ခဲ့တယ်။ မိသားစုလိုက်တွေ စက်ရုံမှာ ဖြစ်နေတယ်။ ဒါကြောင့်ပါ။ ဘာမှမတတ်တဲ့ ၀န်ထမ်းအားလုံးကို ပြန်ခန့်လို့တော့ ဘယ်ဖြစ်မှာလဲ။ စက်ရုံမှာ ပြန်လုပ်ချင် ပြန်လျှောက်ရမယ်”ဟု ပြောသည်။

ဇန်န၀ါရီ ၁၆ ရက် ညနေပိုင်းအထိ ညှိနှိုင်းမှုမှာ အဆင်မပြေဖြစ်ဆဲဖြစ်ပြီး စက်ရုံတံခါးကို ပိတ်ထားသည် ဟု သိရသည်။ စက်ရုံဝန်ထမ်းများမှာ အဆိုင်းအလိုက် အလုပ်ဆင်းဆဲဖြစ်ကာ အလုပ်ချိန်မရှိသူများက စက်ရုံဝင်းအတွင်းတွင် ထိုင်ကာ ညှိနှိုင်းပေးရန် တောင်းဆိုလျက်ရှိသည်။

No comments: