Monday, January 20, 2014

မင်္ဂလာဒုံတွင် အဆောက်အအုံတစ်ခု မီးလောင်၊ ကျပ် ၁၀ သိန်းဖိုးခန့် ဆုံးရှုံး

နန်းမြင့်

ဇန်န၀ါရီ ၁၅ ရက်က မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ကာယရပ်ကွက်၊ ကာယ (၆)လမ်းရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက်အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားပြီး ကျပ် ၁၀ သိန်းဖိုးခန့် ဆုံးရှုံးမှုရှိခဲ့ ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက မဇ္ဈိမကို ပြောကြားသည်။

အဆိုပါမီးလောင်မှုမှာ အကျယ်အ၀န်း ပေ ၁၀၀ x ၂၀၀ ခြံဝင်းအတွင်းရှိ အကျယ်အ၀န်း ပေ ၁၆၀ x ၄၀ ရှိ အဆောက်အအုံ လောင်ကျွမ်းခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁၅ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်တွင် လောင် ကျွမ်းပြီး ၃ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသည့် အဆောက်အအုံသည် ပိုင်ရှင်ဦးစိုင်းမျိုးဝင်း၏ မြန်မာရန်ကုန် မော်တော် ယာဉ် ထုတ်လုပ်ရေးပိုင်ဖြစ်သည်။

မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဆေးလိပ်တိုမီးက အနီးရှိ ဆိုဖာနဲ့ ရော်ဘာအဟောင်းတွေကို မီးကူးစက်ပြီး စတင်မီးလောင်မှုဖြစ်ပွားတယ်”ဟုပြောသည်။

ယင်းမီးလောင်မှုကြောင့် အဆောက်အအုံတစ်လုံး၊ တာယာနှင့် ကားသံထည်ပစ္စည်းများ မီးလောင်ခံခဲ့ရ သည်။

ယင်းမီးလောင်မှုကိုမြင်တွေ့ခဲ့သူ အမျိုးသားတစ်ဦးက “ကလေးကျောင်းသွားကြိုတာ မီးလောင်တာတွေ့ လို့ ၁၉၁ ကို အကြောင်းကြားလိုက်တယ်။ မီးလောင်တာ ကားပစ္စည်းတွေဆိုတော့ နည်းနည်းတော့ အန္တ- ရာယ်ရှိတာပေါ့။ အဲဒီနားက အိမ်တွေကတော့ တစ်ခြံနဲ့တစ်ခြံ ကျယ်တဲ့အတွက် သိပ်တော့ မစိုးရိမ်ရပါ ဘူး”ဟု ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ယာဉ် ၄၇ စီး၊ အထောက်အကူပြုယာဉ် ရှစ်စီး၊ ကွပ်ကဲအုပ်ချုပ်မှု ယာဉ်နှစ်စီး၊ သန္ဓေမီးသတ် ၂၇၁ ဦး၊ အရန်မီးသတ် ၁၃၃ ဦးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ရာတွင် ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း၊ ယင်းမီးငြှိမ်းသတ်ရာတွင် ရေဂါလန် ၁၂၈,၅၀၀ အသုံးပြုခဲ့သည်။

မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အဆိုပါအဆောက်အအုံ၏ ခြံစောင့်ဖြစ်သူ ဦးကျော်သန်း အသက် ၆၆ နှစ် အား မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ပ-၂၃/ ၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။

No comments: