Wednesday, January 15, 2014

ဒေါ်အောင်ဆန်းစုကြည် နမ့်စန်ခရီးစဉ် စင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်မည်

တင်ဇာအောင်၊ အောင်ကိုဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီး စဉ်တွင် စင်းလုံးငှားလေယာဉ်ဖြင့် တပ်မတော်ပိုင်လေယာဉ်ကွင်းတွင် ဆင်းသက်ရန်ရှိနေပြီး လက်ရှိတွင် ယင်းကွင်း၌ ဆင်းသက်ခွင့်ရရေး ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ်္ဈိမကို ပြောသည်။

အဆိုပါခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် သွားမည်ဖြစ်သော်လည်း လေယာဉ်ကွင်းသည် တပ်မတော်ပိုင်ဖြစ်နေ၍ ဆင်းသက်ခွင့်ရရန် မသေချာသေးဘဲ လေကြောင်းညွှန် ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်၍ စစ်တပ်သို့ ထပ်ဆင့် စာတင်ရဦးမည် ဖြစ်သည်။

“အခုလောလောဆယ် ဖြစ်နေတာကတော့ လေယာဉ်ဆင်းခွင့်မရသေးတဲ့ကိစ္စပဲ ရှိတယ်။ ဒေသခံတွေက လည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြတယ်”ဟု ဦးနေဇော်နိုင်က ဆိုသည်။

လေယာဉ်စင်းလုံးငှားရာတွင် လေယာဉ်ကွင်း၌ ဆင်းသက်ခွင့်ရရှိရေးမှာ ငှားရမ်းသည့်ကုမ္ပဏီက ဆောင် ရွက်ပေးရခြင်းဖြစ်ကာ ပုံမှန်အားဖြင့် လေကြောင်းညွှန်ကြားမှုဦးစီးဌာနသို့ တင်ရခြင်းဖြစ်သည်။ ယခု နမ့် စန်လေယာဉ်ကွင်းတွင် ဆင်းခွင့်ရရန်အတွက်လည်း ဦးစီးဌာနမှတစ်ဆင့် စစ်တပ်သို့ ထပ်ဆင့်တင်မည်ုဖြစ်သည်ဟု လေယာဉ်စင်းလုံးငှားသည့်ကုမ္ပဏီ Air KBZ မှ အထွေထွေမန်နေဂျာ ဦးမြတ်သူက ပြော သည်။

“ကျွန်တော်တို့ကတော့ တပ်ကို တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ကတော့ DCA (Department of Civil Aviation - လေကြောင်းညွှန်ကြားမှုဦးစီးဌာန)ကိုပဲ တင်ပါတယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်အတွက် လေယာဉ်ဆင်းခွင့်ရရန် တင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ဆင်းသက်ခွင့်မရပါက NLD အနေဖြင့် သက်ဆိုင်ရာများသို့ တင်သွားမည်ဖြစ်သည်ဟုလည်း NLD ဗဟိုကော်မတီဝင် ဦးကျော်ခင်က မဇ္ဈိမကို ပြောသည်။

“ဆင်းခွင့်မရသေးတာမဟုတ်ပါဘူး။ ညှိနှိုင်းတုန်းရှိပါသေးတယ်။ အခက်အခဲရှိနိုင်မယ် မထင်ပါဘူး။ လေ ယာဉ်ကွင်းပဲ ဆင်းလို့ရရမှာပေါ့”ဟု ဆိုသည်။

ခရီးစဉ်အတွက် စင်းလုံးငှားလေယာဉ်ကို နမ့်စန် NLD မှ ပါတီဝင်တစ်ဦးက စီစဉ်ပေးခြင်းဖြစ်ပြီး ဈေးနှုန်း အနေဖြင့် တစ်နာရီလျှင် ကျပ်သိန်း ၃၀ မှ ၄၀ ၀န်းကျင် ရှိသည်။

ဇန်န၀ါရီ၂၅၊၂၆ ရက်များတွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့၊ မိုးနဲမြို့နှင့် လင်းခေးမြို့များသို့ သွားရောက် မည်ဖြစ်ကာ လူထုတွေ့ဆုံ ဟောပြောပွဲများလည်း သုံးမြို့လုံးတွင် ပြုလုပ်သွားမည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်မြို့ခရီးစဉ်သည် တတိယအကြိမ်ဖြစ်ပြီး ၁၉၈၉ နှင့်၂၀၀၂ ခုနှစ်များတွင် လာရောက်ခဲ့ဖူးကာ ကျန်မြို့များတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ခရီးစဉ်များ ကို ဇန်န၀ါရီလအတွင်း ပြင်ဆင်ထားပြီး ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ ကာ ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်း ကရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။

No comments: