Sunday, January 19, 2014

ဘကကျောင်းမှ ၁၀ တန်းဖြေဆိုလိုသူများ မန်းသို့သွားသင့်ဟု ပညာရေးဒု-၀န်ကြီးပြော

ဉဏ်လှိုင်လင်း၊ အောင်သူရထွန်း

နိုင်ငံတော်က တရားဝင်ဖွင့်လှစ်ထားသော အခြေခံပညာ အထက်တန်းကျောင်းများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်သင်တန်းကျောင်းများတွင် တက်ရောက်နိုင်ခြင်း မရှိ သော ဘုန်တော်ကြီးသင်ပညာရေး ကျောင်းသားများ ၁၀ တန်းဖြေဆိုခွင့်ရရန် မန္တလေးရှိ အစိုးရ အသိ အမှတ်ပြု ဖောင်တော်ဦးနှင့် မဟာဝိဇယရံသီ (စလေ)ကျောင်းများတွင် သွားရောက် သင်ကြားသင့်သည် ဟု ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်လင်းအောင်က ဇန်န၀ါရီ ၁၆ ရက် ပြည်သူ့ လွှတ် တော်တွင် ပြောသည်။

ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါက်တာ ဇော်မြင့်မောင်က “ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များရှိ ၁၀ တန်း ကျောင်းသားများကို ၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ရရန် မည်သို့ ဆောင်ရွက်ရမည်နည်း”ဟု မေးမြန်းရာတွင် ပညာရေး ဒု-၀န်ကြီးက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

“နိုင်ငံတော်က တရားဝင်ဖွင့်လှစ်ထားသော အခြေခံပညာ အထက်တန်းကျောင်းများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး လူငယ်သင်တန်းကျောင်းများ၊ တွဲဖက်အခြေခံပညာ အထက် တန်းကျောင်း(ဖောင်တော်ဦး)နဲ့ မဟာဝိဇယရံသီ(စလေ)ကျောင်းတို့တွင်သာ တက်ရောက် သင်ကြား သင့်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဒုတိယ၀န်ကြီးက ပြောသည်။

ယင်းကို ၂၀၁၃ခုနှစ် အတွင်းကျင်းပသည့် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဒေါက်တာ ဇော်မြင့်မောင်က အဆိုအဖြစ် တင်သွင်းခဲ့ဖူးသော်လည်း ဆက်လက်ဆွေးနွေးခြင်းမပြုဟု လွှတ်တော်က ဆုံးဖြတ်ခဲ့သေးသည်။ ယခု တစ်ကြိမ် မေးခွန်းအဖြစ် ထပ်မံမေးမြန်းရာတွင်ဒုတိယ၀န်ကြီး၏ ဖြေကြားမှု ကြောင့် စိတ်ထိခိုက်ရသည်ဟု ဒေါက်တာဇော်မြင့်မောင်က မဇိ္ဈမကို ပြောသည်။

“ဘာနဲ့သွားတူလဲဆိုတော့ စားစရာမရှိရင် ပေါင်မုန့်စား၊ ပေါင်မုန့်မရှိရင် ကိတ်မုန့်ဝယ်စားပါလို့ ပြောတာနဲ့ အတူတူပဲ” ဟု ၎င်းက ဆိုသည်။

အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်နိုင်ခြင်းမရှိ၍ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် တက်ရောက်ရသော ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများကို ၁၀ တန်းဖြေဆိုခွင့်အပေါ် ယင်းသို့ပြောဆိုခြင်းထက် မည်သို့ ကူညီနိုင်မည်ကို ၀န်ကြီးဌာနအနေဖြင့် စဉ်းစားသင့်သည်ဟု ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

“အမှန်တကယ် ဖြစ်သင့်တာက ဘုန်းတော်ကြီးကျောင်းမှာ တက်ရတဲ့ ကျောင်းသားတွေ စာမေးပွဲဖြေဆို ခွင့်ရအောင် ဘကကျောင်းတွေမှာ ဆရာလုံလောက်မှု၊ ကျောင်းသားပြည့်စုံမှု ရှိတယ်ဆိုရင် အဆင့်တိုး ပေးမယ်ဆိုရင် မရနိုင်ဘူးလား” ဟု ၎င်းက သုံးသပ်ပြောဆိုခဲ့ပြီး ယခင်ကဆိုလျှင် အလွတ်ဖြေဆိုခွင့်ပေး ထားသည်ပင် ရှိခဲ့သည်ဟု ထောက်ပြသည်။

No comments: