Thursday, January 16, 2014

ဖားကန့်မြို့နယ်တွင်းပစ်ခတ်မှု အစိုးရတပ်သားများ သေဆုံးမှုရှိ၊ KIA နှင့် သက်ဆိုင်မှုမရှိဟု ဆို

ဖနိဒါ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲ နမ့်ယာကျေးရွာတွင် တပ်စိုက်ထားသည့် အစိုးရတပ် ခလရ ၁၄၀ တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA နှင့် ပတ်သက်မှုမရှိကြောင်း ဖားကန့်မြို့နယ် KIA တပ်ရင်း(၆) တပ်ရင်းမှူးဟောင်း ဒု-ဗိုလ်မှူးကြီးဇော်ဒွဲက ပြောသည်။

“ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ သူတို့ဖာသာဖြစ်ပြီးမှ သိတာ။ ကျွန်တော်နေတဲ့အချိန်လည်း အဲဒီလိုဘဲ ပြောတယ်။ ကျွန်တော်တို့ကို ပစ်ဖို့အမိန့်လည်း မချထားဘူး။ ကျွန်တော်တို့ဆီ ထိုးစစ်ဆင်လာရင်တောင် အထက်က အမိန့်တောင်းရတဲ့အဆင့်၊ ကျွန်တော်တို့နဲ့ ဘာမှမပတ်သက်ဘူး”ဟု လက်ရှိ KIA ဗဟိုလုံခြုံ ရေးတပ်မှူး ဒု-ဗိုလ်မှူးကြီးဇော်ဒွဲက မဇိ္ဈမကို ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၁ ရက် နံနက် ၃ နာရီချိန်တွင် နမ့်ယားကျေးရွာ အောင်သုခဘုန်းကြီးကျောင်း တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လက်အောက်ခံတပ်ရင်း ၁၄၀ မှ ကင်းစောင့်နေသော တပ်သားတစ်ဦး ထိတ်လန့်၍ ပစ်ခတ်ခဲ့သဖြင့် တပ်တွင်းရှိ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ခြောက်ဦး သေဆုံး ခဲ့သည့်အပေါ် ဒု-ဗိုလ်မှူးကြီးဇော်ဒွဲက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“စနေနေ့ နံနက်သုံးနာရီလောက်မှာ ဘုန်းကြီးကျောင်းမှာရှိတဲ့ တပ်သားတစ်ဦးက ညကင်းစောင့်နေတာ အဲဒီမှာ ဘာကိုလန့်တာလဲမသိဘူး။ သူ့ဖာသာသူ လန့်ပြီး ပစ်လိုက်တာကို ကေအိုင်အေလာတယ်ထင်ပြီး အစိုးရတပ်ကလည်း လက်နက်ကြီးပြောင်းပြန်ပစ်လိုက်တော့ ဗိုလ်ကြီးတစ်ဦးသေတယ်၊ ခြောက်ယောက် သေတယ်လို့ ကြားတယ်”ဟု ဒု-ဗိုလ်မှူးကြီးဇော်ဒွဲက ဆိုသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားသော နမ့်ယာကျေးရွာနှင့် KIA တပ်ရင်း(၆)နယ်မြေသည် မိုင်ပေါင်း ၃၀ ခန့်ကွာ ဝေးသည်ဟု သိရသည်။ ထိုပစ်ခတ်မှုဖြစ်ပွားခဲ့သော နောက်တစ်နေ့တွင် အစိုးရစစ်တပ်က နမ့်ယာကျေး ရွာသားများအား KIA ပစ်ခတ်ခြင်းကြောင့် ဖြစ်ပွားသည်ဟု ပြောဆိုခိုင်းခဲ့သည်ဟု သိရသည်။

အစိုးစစ်တပ်နှင့် နမ့်ယာကျေးရွာဒေသခံများအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ ပေ။ ဒဏ်ရာရတပ်သားသုံးဦးကို မြစ်ကြီးနားတပ်မတော် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိ ရှိရသည်။

No comments: