Friday, January 17, 2014

ကားပေါ်တွင်ဆေးကုသမှုပေးမည့် NLD ကျန်းမာရေးကွန်ရက်၏ လူနာတင်ယာဉ် ဧပြီတွင် စသုံးမည်

ယုဝေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမျိုးသားကျန်းမာရေးကွန်ရက်၏ အရေးပေါ် ဆေးကုသမှုပြုလုပ် နိုင်သော (Emergency Medical Service) လူနာတင်ယာဉ်ကို လာမည့် ဧပြီလကုန်ပိုင်းတွင် စတင်အ သုံးပြုနိုင်ရန် စီစဉ်နေသည်ဟု ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

ဂျပန်နိုင်ငံမှလှူဒါန်းမည့် အဆိုပါ လူနာတင်ယာဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အခြေစိုက်ကုသ မှုများ ပြုလုပ်ပေးမည်ဖြစ်ကာ ကားအတွင်းထည့်သွင်းရမည့် ဆေးကုသမှုဆိုင်ရာပစ္စည်းများ ၀ယ်ယူဖြည့် သွင်းရမည်ဖြစ်၍ လာမည့် ဧပြီလကုန်ပိုင်းတွင်မှ အသုံးပြုနိုင်မည် ဖြစ်သည်။

“အခု မြန်မာနိုင်ငံမှာရှိတဲ့ကားတွေက ရှေးဦးသူနာပြုနည်းစနစ်တွေပဲပါတဲ့ လူနာတင်ယာဉ် ကားတွေပါ။ အဲဒါဆိုရင် ခုခေတ် ကားကျပ်ပုံမျိုးနဲ့ဆိုရင် အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီအတွက် အရေးပေါ်ကုသမှုမျိုး လို အပ်တဲ့အတွက် ဒီလိုကားမျိုးကို ပြုလုပ်ရတာပါ”ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

EMS ကားတွင် လိုက်ပါမည့် ဆရာဝန်များအတွက် လိုအပ်သည့် သင်တန်းကို အခမဲ့ သင်ကြားပေးမည် ဖြစ်ပြီး ဇန်န၀ါရီလ ၂၅၊ ၂၆ ရက်တွင် စတင်မည်ဖြစ်ကာ သင်တန်းသား ဆရာဝန်ကို ၅၀ ခန့်သာ လက်ခံ မည်ဖြစ်သည်။ သင်တန်းသားများ ရွေးချယ်ရာတွင် အမျိုးသားကျန်းမာရေးကွန်ရက်၏ EMS ကားတွင် ပြန်လည်လုပ်အားပေးနိုင်သည့် ဆရာဝန်များကို ဦးစားပေး ရွေးချယ်မည်ဖြစ်သည်ဟုလည်း ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ဖေဖော်ရီလတွင် ကားအတွင်းတပ်ဆင်ရန်လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူစုဆောင်းကာ မတ်လတွင် အဆိုပါပစ္စည်းများကို တပ်ဆင်မည်ဖြစ်ပြီး ဧပြီလတွင် EMS ကားကို စတင်အသုံးပြုနိုင်မည်ဖြစ်သည်။EMS ယာဉ်အတွင်းသို့ လိုအပ်သည့် ကုသရေးပစ္စည်းများ ထည့်သွင်းရမည့် ကုန်ကျစရိတ်မှာ စုစုပေါင်း ကျပ်သိန်း ၂,၀၀၀ မှ ၃,၀၀၀ ကြား ဖြစ်သည်။

NLD အမျိုးသားကျန်းမာရေးကွန်ရက်မှ ၀န်ဆောင်မှုပေးမည့် EMS ကားတွင် ဆီးချိုတက်ခြင်း၊ ကျခြင်း များအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ ဓာတ်ခွဲခန်း၊ နှလုံးနှိုးစက်၊ ဓာတ်မှန်ခန်း အစရှိသည်တို့ ပါဝင် မည်ဖြစ်သည်။

အဆိုပါကားကို အမျိုးသားကျန်းမာရေးကွန်ရက်မှ တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေသည့် နယ်လှည့်ဆေးကု သမှုအစီအစဉ်တွင်လည်း အသုံးပြုသွားမည်ဖြစ်သည်။ ယင်းအပြင် EMS ကားအား အသုံးပြုရာတွင် hot line ဖုန်းနံပါတ် ထားရှိမည်ဖြစ်ပြီး ဖုန်းနံပါတ်ရရှိရန် သက်ဆိုင်ရာသို့ လျှောက်ထားသည်ဟုလည်း ဒေါက် တာတင်မျိုးဝင်းက ဆိုသည်။

အဆိုပါကား အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာမင်းသက်နိုင် ကလည်း “အဲ့ဒီလိုကားမျိုးတွေပေါ်လာမယ်ဆိုရင် အရမ်းကောင်းပါတယ်။ သူများနိုင်ငံတွေမှာဆိုရင် ဒီလို ကားမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါပြီ။ အသက်ကြီးတဲ့လူနာတွေနဲ့ အရေးပေါ်လူနာတွေအ တွက် အဆင်ပြေစေမှာပါ”ဟု သူ၏အမြင်ကို ပြောသည်။

NLD အမျိုးသားကျန်းမာရေးကွန်ရက်ကို မြန်မာနိုင်ငံတွင် အဖြစ်များသည့် ရောဂါများအား ကာကွယ်ရေး အဓိကထား ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသုတေသနလုပ်ငန်းများနှင့် တိုင်းရင်းဆေးအပါအ၀င် အခြားသုတေသနလုပ်ငန်းများအား အားပေးကူညီရန်နှင့် ပါဝင်ဆောင်ရွက်ရန် အစရှိသည့် ရည်မှန်းချက် ၁၁ ချက်ဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

No comments: