Sunday, January 19, 2014

UNCAT ကို လက်မှတ်မထိုးခြင်းသည် တရားဥပဒေစိုးမိုးမှုမရှိသည့် ပြယုဂ်သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထောက်ပြပြောဆို

စိုးသန်းလင်း

ညှဉ်းပန်းနှိပ်စက်ခြင်းကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာတမ်း (UNCAT- United Nations Convention Against Torture)လက်မှတ်ထိုးခြင်းသည် မြန်မာ့အမျိုးသား အကျိုးစီးပွားကို မထိခိုက်စေကြောင်း၊ ယခုကဲ့သို့ လက်မှတ်မထိုးနိုင်သေးခြင်းမှာ စာချုပ်တွင်ပါဝင်သည့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူ့ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်ခြင်းစသည့် ဥပဒေမဲ့ လုပ်ရပ်များကို ထိထိ ရောက်ရောက် မတားနိုင်သေးခြင်း၏ ပြယုဂ်ပင်ဖြစ်ကြောင်း ပွင့်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာအောင်မိုးညိုက မဇိ္ဈမကို ပြောသည်။

“စာချုပ်တစ်ခုကို လေးစားလိုက်နာပါမယ်ဆိုပြီး လက်မှတ်ထိုးပြီးကာမှ မလေးစား မလိုက်နာနိုင်ရင် နိုင်ငံ လည်း ဂုဏ်သိက္ခာ ကျပါမယ်၊ အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီ၊ မကိုက်ညီဆိုတာလည်းအလေးအနက် စဉ်းစားရပါမယ်လို့ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးက ဖြေသွားတယ်၊ ဒီစာချုပ် ကို လက်မှတ်ထိုးခြင်းဟာ အမျိုးသား အကျိုးစီးပွားကို ထိခိုက်တယ်လို့ ကျွန်တော် မထင်ဘူး။ မြန်မာနိုင်ငံအနေနဲ့ ဒါကို လက်မှတ် မထိုးနိုင်သေးခြင်းဟာ စာချုပ်မှာပါတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ထိထိရောက်aရာက် မတားနိုင်သေးတာ၊ မကိုင်တွယ်နိုင်သေးတာကို ပြသလိုက်တာပဲ” ဟု ၎င်း က ဇန်န၀ါရီ ၁၆ ရက်၌ ကျင်းပသည့် ပြည်သူ့ လွှတ်တော် န၀မ ပုံမှန်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာအောင်မိုးညိုက အစိုးရအနေဖြင့် UNCAT ပဋိညာဉ်စာတမ်းအား မည်သည့်အချိန်တွင် လေးစား လိုက်နာရန် လက်မှတ်ရေးထိုးမည်နည်းဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့သို့ မေးမြန်း ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်က “စာချုပ်ပါ ပြဋ္ဌာန်းချက်၊ အဓိပ္ပာယ်ဖွင့် ဆိုချက်များနဲ့ စပ်လျဉ်း၍ နိုင်ငံတကာဥပဒေအရ စကားရပ်တစ်ခုချင်း အဓိပ္ပာယ် သက်ရောက်မှုတွေ၊ တခြားနိုင်ငံတွေရဲ့ အလေ့အထတွေ၊ မိမိ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်ခြေ များအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ဖို့ လိုပါတယ်၊ ကွန်ဗင်းရှင်းနဲ့အညီ ညှဉ်းပန်းနှိပ်စက်မှု တားဆီးရေးအတွက် ဥပဒေပြုရေး အပိုင်း၊ အုပ်ချုပ်မှုအပိုင်းနဲ့ တရားစီရင်ရေး အပိုင်းတို့မှာလည်း ထိ ရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ရမယ့် အခြေအနေ ဖြစ်စေရန်လည်း လိုပါ တယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

UNCAT ကွန်ဗင်းရှင်းကို လက်တွေ့ လိုက်နာဆောင်ရွက်ရန် အဆင်သင့်ဖြစ်သည့် အချိန်မှသာ ပါဝင် သင့်ပြီး အဆင်0သင့်မဖြစ်မီ ပါဝင်ပါက (လက်မှတ်ထိုးပါက) လိုက်နာ အကောင်အထည်ဖော်မှုတွင် အားနည်းခြင်း၊ ဝေဖန် ပြစ်တင်ခံရခြင်းများ ရှိလာနိုင်ကြောင်း၊ ယင်းအချက်များကို စဉ်းစားဖို့လိုကြောင်း၊ သို့မဟုတ်ပါက နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာနိုင်ကြောင်း ဦးသန့်ကျော်က ဆိုသည်။

နိုင်ငံခြားရေး ဒုတိယ၀န်ကြီး၏ ဖြေကြားချက်ကို ခြုံငုံကြည့်လျှင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ တရားဥပဒေစိုးမိုးရေးပိုင်းတွင် လွန်စွာအားနည်းလျက်ရှိကြောင်း၊ ဥပဒေမဲ့ လုပ်ရပ်များကို မကိုင်တွယ်၊ မတားဆီးနိုင်သေးသည့် ပြယုဂ်ပင် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်မိုး ညိုက သုံးသပ်လိုက်သည်။

အဆိုပါ UNCAT နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ မတ် ၁၉ ရက်တွင် ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဒေါက်တာအောင်မိုးညိုကပင် အဆိုတင်သွင်းခဲ့သည်။

UNCAT ကို လွယ်လင့်တကူ လက်မှတ်ထိုးနိုင်ဖို့ကမူ အုပ်ချုပ်ရေးအဖွဲ့၊တရားစီရင်ရေးအဖွဲ့ အသီးသီး တို့က မိမိတို့အဖွဲ့အတွက် လက်ကိုင်လမ်းညွှန်များ၊ ကျင့်ထုံးများအတိုင်း အမှန်တကယ် ကျင့်သုံးသွား ဖို့က လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးတိုးနိုင်မန်းက မဇိ္ဈမသို့ ပြောသည်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကို လေ့လာဖို့လိုကြောင်း၊ ပုံစံကျသည့် formal organization များ ရှိသ ကဲ့သို့ ပုံစံမကျသည့် အဖွဲ့များလည်းရှိကြောင်း၊ ပုံစံကျသည့် အဖွဲ့များတွင် ကျင့်ထုံးကျင့်စဉ် ethic များ၊ mission ၊ vision များ၊ aims and objective များလည်းရှိကြောင်း SOP ခေါ်သည့် Standard Operation Procedure များ၊ Job Discription များရှိ ကြောင်း၊ ၎င်းတို့ကို စနစ်တကျ စုစည်း ဖွဲ့စည်း ထားနိုင်ခြင်းမရှိသော အဖွဲ့အစည်း များများကြားနေပါက တရားဥပဒေ စိုးမိုးမှု (rule of law) မရှိနိုင်တော့ ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

No comments: