Wednesday, April 30, 2014

လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးသော ရခိုင်ပြည်နယ်ဖြစ်ပေါ်ရေး အတွင်းအပြင် ညီညွတ်ရန်လိုအပ်

နန်းမြနဒီ

လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ် ဖြစ်ပေါ်ဖို့အတွက် ပြည်တွင်းပြည်ပ ရခိုင်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ စည်းလုံးညီညွတ်ဖို့ လိုအပ်တယ်လို့ ရခိုင်ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ လက်ရှိကျင်းပနေတဲ့ ရခိုင်အမျိုးသားညီလာခံ ဒုတိယနေ့မှာ ရခိုင် အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဦးဆောင် ဆွေးနွေးပြီး အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

သူ့အနေနဲ့ ရခိုင်လူမျိုးတို့ရဲ့ အတိတ်သမိုင်းကြောင်းက သင်ခန်းစာယူစရာ ၊ လက်ရှိပစ္စုပ္ပန် နိုင်ငံရေး အခြေအနေနဲ့ အနာဂတ်အတွက်ပုံဖော်ခြင်း စသဖြင့် ဆက်စပ်ရှင်းပြခဲ့ပြီး ပြည်သူတွေ ကလည်း အတွင်းအပြင်ညီညွတ်ရေးကို မြင်လိုတယ်လို့လည်း ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

“အဓိကတော့ လုံခြုံငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်နယ်ဖြစ်ဖို့ ကျနော်တို့ ပန်းတိုင် ရည်မှန်းချက်တွေကို မူဘောင်တခုအတွင်းမှာ သတ်မှတ်ပြဋ္ဌာန်းနိုင်ရမယ်။ ရေတို ရေရှည် မဟာဗျူဟာ ရှိရမယ်။ နည်းဗျူဟာ ကျကျ ချည်းကပ်နိုင်မှပဲ ရခိုင်တမျိုးသားလုံးရဲ့ လုံခြုံငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်ပန်းတိုင်ကို ရောက်နိုင်မယ်ဆိုတာမျိုးကို ဆွေးနွေးတာပါ။”


ဆက်လက်ပြီး ဒေါက်တာအေးမောင်က ရခိုင်နိုင်ငံရေး ပန်းတိုင်ရည်မှန်းချက်မှာလည်း ခေတ်ကာလ အခြေအနေပေါ် မူတည်ပြီး တလှမ်းချင်းလှမ်းသင့်ကြောင်း၊ ပြီးခဲ့တဲ့ ကာလတွေမှာဆိုရင် ရခိုင်ပြည်နယ် လွတ်မြောက်ရေးဆိုတဲ့ ဦးတည်ချက်ကို သုံးခဲ့ပေမယ့် အခုပြည်ထောင်စုနဲ့အတူ လျှောက်လှမ်းတဲ့အခါမှာ ရခိုင်ပြည်ရဲ့ နိုင်ငံရေးဟာ ပြည်ထောင်စု နိုင်ငံရေးရဲ့ အစိပ်အပိုင်းတခုဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီလိုလျှောက်လှမ်းရာမှာလည်း ရခိုင်အဖွဲ့အစည်းနဲ့ ပြည်သူတွေကြား စစ်မှန်တဲ့ ညီညွတ်မှုလိုအပ်ကြောင်း၊ လွှတ်တော်ကဏ္ဍမှာဆိုရင်လည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော် ဖြစ်မှ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ လူမှုစီးပွားရေးကိစ္စ၊ တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ်ဖြစ်ဖို့ လိုအပ်ချက်တွေ၊ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး စတဲ့ကိစ္စတွေပါ အုပ်စုလိုက်ခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြောက်ဦး၊ မင်းပြား၊ မြေပုံ နဲ့ ကျောက်တော်စတဲ့ မြို့နယ်က ကိုယ်စားလှယ်တွေကလည်း သူတို့ဒေသဘက်က အခြေအနေနဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

ဒီကနေ့ ညီလာခံကို ရခိုင်နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ လူမှုအခြေပြုအဖွဲ့အစည်း၊ ပညာရှင်တွေ၊ ပြည်သူလူထုကိုယ်စားလှယ်တွေ၊ အမျိုးသမီးအဖွဲ့တွေပါ စုစုပေါင်း ၇၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ရခိုင်အမျိုးသားညီလာခံကြီးကို ဧပြီ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့ထိ ၅ ရက်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် ညီလာခံတွင် နေ့ရက်(၃)ရက်ကို ဆန်ခါတင်ရွှေးချယ်

နိရဉ္စရာ

ကျောက်ဖြူတွင် ကျင်းပနေသော အမျိုးသားညီလာခံတွင် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် အတွက် အရေးကြီးသော နေ့ရက် (၃) ရက်ကို ဆန်ခါတင် ရွှေးချယ်လိုက်ပြီဟု သိရသည်။

ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသား သမိုင်းပညာရှင်များနှင့် အသိပညာရှင်များက အကြိတ်အနယ် ဆွေးနွေးပြီးနောက် နေ့ရက်ကြီး (၃) ရက်ထဲက တစ်နေ့နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ရန် အဆိုပြုထားကြောင်း အမျိုးသားနေ့ ပေါ်ပေါက်ရေး ကြိုးပမ်းသူများထဲတွင် တစ်ဦးဖြစ်သူ ဆရာစစ်တွေ ညိုသန့်က ပြောသည်။

“ ကျွန်တော်တို့ အနေနဲ့ အမျိုးသားနေ့ ပေါ်ပေါက်ဖို့ အတွက်ကြိုးပမ်းလာတာ (၂) နှစ်ခန့် ရှိနေပြီ ဖြစ်တယ်။ အခု ကျောက်ဖြူညီလာခံမှာ ရန်ကုန်တိုင်းက ကိုယ်စားလှယ်တွေရော၊ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်တွေရော တွေ့ဆုံ ဆွေးနွေးကြတော့ ရက်တွေအများကြီး အဆိုပြုလာတဲ့ ကြားထဲက နေ့ရက်သုံးရက်ကို ရွှေးချယ်နိုင်ခဲ့ပါတယ်။ အဲဒီ သုံးရက်ထဲက တစ်နေ့နေ့ကို ရခိုင် အမျိုးသားညီလာခံမှာ အမျိုးသားနေ့ အဖြစ် ဆုံးဖြတ် သတ်မှတ်ပေးဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အနယ်အရပ်ရပ်မှ စိတ်ဝင်စားသူ အများအပြားမှ နေ့ရက်အသီးသီးကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့ကြသော်လည်း အများဆုံးဖြတ်ချက်အရ နေ့ရက်သုံးရက်ကိုသာ ရွှေးချယ်ခဲ့ကြသည်။

“ ပထမ တစ်နေ့က ဘုရားရှင် ရခိုင်ပြည်ကို ကြွရောက်ပြီး ရခိုင်တမျိုးသားလုံး အမြတ်တနိုးကိုးကွယ်နေတဲ့ မဟာမုနိဘုရားကို သွန်းလုပ်တဲ့နေ့၊ နောက်တစ်နေ့က မင်းစောမွန် မြောက်ဦးကို တည်တဲ့နေ့၊ နောက်တစ်နေ့ကတော့ ကျောက်ဖြူ ရခိုင်အမျိုးညီလာခံကျင်းပတဲ့နေ့ တို့ ဖြစ်ပါတယ်။ ဒီနေ့ သုံးနေ့ထဲက တစ်နေ့ နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ဖို့ အခု စီစဉ်နေပါတယ်” ဟု သူက ဆိုသည်။

ယခုကဲ့သို့ နေ့ရက် (၃) ရက်ထဲမှ တစ်နေ့ နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ရန် တင်ပြသွားမည် ဖြစ်သော်လည်း ယခုညီလာခံမှ သတ်မှတ်မည် မသတ်မှတ်မည်ကို ယနေ့တွင် ဆက်လက် ဆွေးနွေးကြရအုံးမည်ဟု ဆရာ စစ်တွေ ညိုသန့်က ဆိုသည်။

လယ်ယာမြေပြဿနာ အောက်ခြေအဖွဲ့တွေ ပူးပေါင်းမှုလို

DVB

ခရီးသည်များကို အဓိပတိယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းရိုက်နှက်သည်ဟု ဆိုကာ အမှုဖွင့်

ဇော်ဇော်ထွေး

အဓိပတိ(အပြာ)ခရီးသည်တင် ဘတ်စ်ကားမှ ယာဉ်နောက်လိုက် သုံးဦးတို့က တုတ်များဖြင့် ၀ိုင်းဝန်းရိုက် နှက်ခဲ့သည်ဟု ရွှေပြည်သာမြို့နယ်နေ ရေခဲမုန့်ရောင်းသူ ကိုဇေယျာမျိုး (၃၂)နှစ်က စွပ်စွဲတိုင်တန်းထားရာ အလုံရဲစခန်းက ဧပြီ ၂၇ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

တရားလိုသည် ရေခဲမုန့်ရောင်းသူ သူငယ်ချင်း နှစ်ဦးနှင့်အတူ နေအိမ်သို့ပြန်ရန် ည ၈ နာရီခွဲအချိန်တွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဆင်းမင်းဈေး မှတ်တိုင်တွင် ကားစောင့်ခဲ့သည်ဟု ရဲစစ် ချက်တွင် ထွက်ဆိုထားသည်။

ထိုစဉ် အဓိပတိ (အပြာ)ယာဉ် တစ်စီးသည် မှတ်တိုင်သို့ရောက်ရှိလာသဖြင့် သူငယ်ချင်းဖြစ်သူ မျိုးမြင့်ကျော် က ကား ဘယ်ထိရောက်လဲဟု မေးမြန်းရာမှ ယာဉ်နောက်လိုက်များနှင့် စကားများခဲ့သည်ဟု ဆိုသည်။

ယင်းသို့ စကားများရာတွင် ယာဉ်နောက်လိုက် သုံးဦးတို့က ညစ်ညမ်းစွာ ဆဲဆိုပြီး ယာဉ်ပေါ်မှတုတ်များဖြင့် ရိုက်ခဲ့သ ဖြင့် မျိုးမြင့်ကျော် တွင် ၀ဲ/ယာချိုစောင်း နှစ်လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်စီနှင့် ၀ဲနဖူး/၀ဲမျက်ခမ်းစပ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲစခန်းအမှုဖွင့်ရာတွင် ထည့် သွင်းပြောထားသည်။

ထို့ပြင် သူငယ်ချင်းဖြစ်သူ ရေခဲမုန့် ရောင်းသည့် မင်းသက်ပိုင်တွင်လည်း နဖူးထိပ် နှစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ ၀ဲတံတောင်ပွန်းစုတ်၊ ယာရင်အုံပွန်းဒဏ်ရာများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် မစိုးရိမ်ရ လူနာအဖြစ် တက်ရောက်ကုသခဲ့ရသည်ဟုလည်း ဆိုထားသည်။

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်ပြီး အဓိပတိ(အပြာ)ယာဉ်နောက်လိုက် သုံးဦးအား အရေးယူပေးရန် စွပ်စွဲတိုင်တန်းသဖြင့် အလုံရဲစခန်းက(ပ)၉၉/၂၀၁၄ဖြင့် အမှုဖွင့် ဆောင်ရွက်ကာ တိုင်တန်းခံထားရသူများကိုလည်း ဖမ်းဆီးစစ်ဆေးသွားမည် ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၂၉၄/၃၂၅/၁၁၄ တို့ဖြင့် အရေးယူ သွားမည်ဟု ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မေလကုန်ပိုင်း တွေ့ဆုံမည်

နော်နိုရင်း

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား လာမယ့် မေလ တတိယအပတ်မှာ ထပ်မံဆွေးနွေးမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ အန်စီစီတီလို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ သဘောတူလက်မှတ်ရေးထိုးရမယ့် အချက်အ လက်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဘက်က အန်စီစီတီအဖွဲ့ဝင်တွေ ၂ ရက်တာ တွေ့ဆုံပြီး အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး အန်စီစီတီအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက “လာမယ့် အန်စီစီတီရဲ့ အစည်းအဝေးတွေလည်း ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အစည်းအဝေးပွဲတွေလည်း လိုအပ်တယ်လို့မြင်တယ်။ နောက် အန်စီစီတီနဲ့ ယူဒဗလျူပီစီရဲ့ မူကြမ်းရေးဆွဲရေး အစည်းအဝေးကိုလည်း မေလအတွင်းမှာလုပ်ဖို့ သဘောထားရှိပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းတိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ သွားတွေ့တာကို ပြန်သုံးသပ်တာနဲ့ နောက်လာမယ့် ဆွေးနွေးပွဲအတွက် ပြန်ဆွေးနွေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတွေ့ဆုံပွဲတုန်းက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ရပ်တည်ချက် ၆ ချက်ထဲက ၂ ချက်ကို လုံးဝသဘောမတူတဲ့အကြောင်း ဒီကနေ့ဆွေးနွေးပြီး နောက်လ အစိုးရနဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အချိန် တင်ပြမယ်လို့ ပြောပါတယ်။

“အဓိကအားဖြင့်ကတော့ စစ်ဦးစီးချုပ်ရဲ့ ရပ်တည်ချက် ၆ ချက်ကို တင်ပြထားတယ်။ အဲထဲမှာ အန်ကယ်တို့ လက်မခံနိုင်တဲ့ အပိုင်းက နံပါတ် ၅ နဲ့ နံပါတ် ၆ ဖြစ်တယ်။ အဲဒါကတော့ တည်ဆဲဥပဒေတွေကို အန်ကယ်တို့ဘက်က အပြည့်အ၀ လက်ခံရမယ်ဆိုတဲ့အပိုင်း ဒါက နံပါတ် ၅။ နိုင်ငံရေးအရ လက်နက်ချလိုက်ရတဲ့ ပုံစံမျိုး ဖြစ်သွားမယ်။ ဒါကတော့ မဖြစ်သင့်ဘူး။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံကို အန်ကယ်တို့က လက်ခံရမယ်။ လက်ခံပြီး သူတို့ ခွင့်ပြုပေးထားတဲ့ ဘောင်ထဲက ပြင်ဆင်သွားရမယ်ဆိုတဲ့ဟာ။ အဲဒါကိုလည်း လက်မခံဘူး။ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီအခွင့်အရေးလည်း မရှိဘူး၊ တိုင်းရင်းသားအခွင့်အရေးလည်း မရှိဘူး။ အဲတော့ ဒီအနေအထားကို အန်ကယ်တို့ လက်မခံနိုင်ဘူး။”


ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုလုပ်နေတဲ့အချိန်မှာ ကချင်၊ ရှမ်းနဲ့ တအာင်းဒေသမှာ တိုက်ပွဲတွေဖြစ်တဲ့အပေါ် ပြန်လည် သုံးသပ်ကြသလို ဒီတိုက်ပွဲကြောင့်လည်း တိုင်းရင်းသားတွေ ယုံကြည်မှုနည်းပြီး သဘောတူညီမှုရဖို့ ခက်ခဲကြန့်ကြာနိုင်တယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

အစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ လားဟူဒီမိုကရက်တစ်ယူနီယန် ဒု-ဥက္ကဋ္ဌ ဆော်လမုန်ကတော့ အစိုးရနဲ့တိုင်းရင်းသားတွေအကြား ဆွေးနွေးမှုကို အခုလို သုံးသပ်ထားပါတယ်။

“အစိုးရနဲ့ သမ္မတက တမျိုး၊ အောက်လွှတ်တော်ကလည်း တမျိုး၊ စစ်တပ်ကလည်း တမျိုး ဖြစ်နေတယ်။ ကျနော်သုံးသပ်တာကတော့ စစ်တပ်က တပြည်လုံးအပစ်ရပ်ရေးကိုတော့ လိုလားတယ်၊ နိုင်ငံရေးဆွေးနွေးပွဲကိုတော့ သူတို့က သိပ်မကြိုက်ဘူးဖြစ်နေတယ်။ ဆွေးနွေးတာကျတော့ နည်းနည်းလေး သူတို့ကြိုက်တဲ့ဟာ ကိုင်စွဲတာ ပိုများတယ်။ ဥပမာ ပြည်တွင်းစစ်စကားလုံးတွေ မသုံးဖို့၊ တော်လှန်ရေး မသုံးဖို့၊ ဖက်ဒရယ်မူဆိုတဲ့စကားလုံးတွေ မသုံးဖို့၊ ဒီစကားလုံးတွေက အခြေခံမူထဲမှာပါပြီးသား၊ အဲဒါကို တော်တော်လေး ဆွေးနွေးနေကြတယ်။ အခုထိ သဘောတူညီချက် မရသေးဘူး၊ ထပ်ဆေးနွေးဖို့ ရှိသေးတယ်။”

ဒါကြောင့် အစိုးရက လာမယ့် သြဂုတ်လမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုထားပေမယ့် ဒီအချိန်ကာလက ခက်ခဲနိုင်တယ်လို့ နိုင်ဟံသာက ဒီဗွီဘီကို ပြောပါတယ်။

အန်စီစီတီအဖွဲ့ဟာ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ၂ ရက်တာ ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါဟာ အန်စီစီတီအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက် ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

ရခိုင်ပဋိပက္ခများအတွက် အစိုးရနှင့် ကုလသမဂ္ဂကို ရခိုင်ညီလာခံတွင် ဝေဖန်

မောင်သင်တုန်း၊ ကေဇူး

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အစိုးရအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ၏ အကူအညီ ပေးရေးအဖွဲ့အစည်းများက လှုံ့ဆော်မှုများရှိနေသည်ဟု ရခိုင်အမျိုးသာညီလာခံ သုံးရက်မြောက်နေ့ (ဧပြီ ၂၉ ရက်)တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအကြောင်း ဦးဆောင်ဆွေးနွေးသူများက ပြောဆို လိုက်သည်။

“စစ်တွေမှာဖြစ်သွားတာဆိုရင် အစိုးရက ထိန်းထိန်းသိမ်းသိမ်းလုပ်မယ်ဆိုရင် ဒီလောက်ထိ အခြေအနေ မဆိုးဘူး။ အစိုးရက တစ်စုံတစ်ရာ ကစားတယ်လို့ သုံးသပ်တယ်။ အဲဒီအချိန်မှာ သန်းခေါင်စာရင်းကောက်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်”ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒါ ရိုက်တာဦးအောင်မောင်ဦးက ပြောသည်။

ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများ ထောက်ပံ့သည့် ကျပ်ငွေသန်းချီသော ငွေကြေးများကို လူထုထံတိုက် ရိုက်ပံ့ပိုးမှုပြုလုပ်နေရာမှ အစိုးရက တစ်ဆင့်ခံယူကာ ထောက်ပံ့မှုများ ပြုလုပ်လိုသောကြောင့်လည်း ရခိုင် လူမျိုးများကို အသုံးချခဲ့သည်ဟု ၎င်းက ဆက်လက် သုံးသပ်သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးသည် အလိုအပ်ဆုံးအချက်တစ်ချက်ဖြစ်သော်လည်း တည်ငြိမ်မှု သည် ယခင်ကလည်း အားနည်းခဲ့ပြီ လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်းနှင့် နှစ်ပေါင်းများစွာ အခြေတည် ဖြစ်ပွားခဲ့သည့် ပြဿနာများအပေါ် တိကျသည့် အဖြေတစ်ခု ရှာဖွေသင့်ပြီဖြစ်ကြောင်းလည်း ညီလာခံသုံး ရက်မြောက်နေ့တွင် ဆွေးနွေးကြသည်။

“ဘူးသီးတောင် မောင်တောမှာဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေလုပ်တယ်။ ခိုးဝင် လာတဲ့သူတွေကို မြေယာတွေဖော်ဆောင်ပေးတယ်။ စိုက်ပျိုးစရိတ်တွေ ထုတ်ပေးတယ်။ မျိုးစပါးတွေပေး တယ်။ နောက် ၀ယ်လက် ၉၀ ရာခိုင်နှုန်း ချုပ်ကိုင်နိုင်အောင် စီမံဆောင်ရွက်ပေးထားတယ်။ ကျူးကျော်မှု ဖြစ်အောင် တမင် ဆောင်ရွက်နေတာပါတယ်။ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး)နဲ့ အစိုးရအပေါ်မှာ အများကြီး မူတည်နေပါတယ်”ဟု ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအ ကြောင်း မေးမြန်းဆွေးနွေးရာတွင် ခေါင်းဆောင်ဆွေးနွေးသူ ဦးထွန်းအောင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အဓိကဆောင်ရွက်ပေးရန်မှာ အစိုးရအဖွဲ့၏ တာဝန်သာဖြစ် သည်ဟု ဆိုသည်။ တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေအတိုင်းဆောင်ရွက်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှုဥပဒေဖြင့် ဆောင်ရွက်ရမည်ဟု ဆက်ဆွေးနွေးကြသည်။

ရခိုင်တပ်မတော်(AA) ဒု-ဗိုလ်မှူးကြီးဦးကျော်ဟန်က “ရခိုင်ပြည်နယ်ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးမှုမရှိလို့ဆိုပြီး ပြောတယ်။ သမ္မတဦးသိန်းစိန်းက ဆင်းရဲနွမ်းပါးမှုကြောင့်လို့ ပြောတယ်။ UN အဖွဲ့အစည်းတွေက လူ့အခွင့်အရေးမရှိလို့ဆိုပြီး ပြောတယ်။ ရခိုင်တိုင်းရင်းသားတွေက ဘာပြောမလဲဆိုတာ လိုအပ်တယ်။ ပြည်သူလူထုကလည်း တောင်းဆိုဖို့လိုတယ်”ဟု သုံးသပ်သည်။

ရခိုင်အမျိုးသားညီလာခံမှတစ်ဆင့် တည်ငြိမ်းအေးချမ်းရေးအတွက် ဥပဒေဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်မည့် မူဝါဒများကို ချမှတ်နိုင်ရန်လည်း ညီလာခံတွင် တိုက်တွန်းပြောဆိုကြသည်။

နိုင်ငံတော်အစိုးရက မည်သည့်အပိုင်းမှ ကူညီဆောင်ရွက်ပေးရန် လိုအပ်မည်ကို ဆွေးနွေးကာ နိုင်ငံတော်အပိုင်းက လုပ်ဆောင်ပေးရမည့် အချက်အလက်များကိုလည်း တောင်းဆိုနိုင်ရန်အထိ ဆွေးနွေးကြ ရမည်ဟု ခေါင်းဆောင်ဆွေးနွေးသူများက ပြောသည်။

စစ်တွေပဋိပက္ခဖြစ်စဉ်တွင် ပြည်နယ်အစိုးရနှင့် လုံခြုံရေးအဖွဲ့ဝင်များ၏တုန့်ပြန်နိုင်မှု အားနည်းမှုရှိခဲ့သည်ဟု စစ်တွေပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ နယ်စပ်ရေးရာဝန်ကြီးဌာန ဒု-၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ဧပြီ ၉ ရက်တွင် မြန်မာငြိမ်းချမ်းရေးဂေဟာ၌ ပြောဆိုထားသည်။

အဆိုပါ ပဋိပက္ခဖြစ်ပွားခဲ့စဉ်က စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးဦးသာပွင့်ကလည်း “မင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတာ သုံးဘီး ဆိုက်ကယ်တွေနဲ့ ဦးဆောင်နေတဲ့လူ ၂၀ လောက်ကို လာမထိန်းသိမ်းလို့ ဒီလောက်အထိဖြစ်သွားတာ”ဟု မတ်လအတွင်းက မဇ္ဈိမကို ပြောထားသေးသည်။

အမှိုက်စွန့်ပစ်နည်းတွေ လက်တွေ့လုပ်ကိုင်ဆောင်ရွက်

DVB

UN INGOs များအနေဖြင့် လုပ်ငန်းစဉ်များကို ECC အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရမည်

အောင်စိုး

တကျော့ပြန် ရခိုင်ဒေသသို့ ပြန်လည်အခြေချခွင့် ရရှိခဲ့ကြသည့် ယူအန် အိုင်အန်ဂျီအိုများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းစဉ်များကို အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (ECC) သို့ တင်ပြ အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

" ယူအန် အိုင်အန်ဂျီအိုတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို အစိုးရက ပြန်လည် လုပ်ကိုင်ခွင့် ချထားပြီးဆိုပေမယ့် ECC မှာ အတည်ပြုချက်ယူပြီးမှာ လုပ်ရမှာဖြစ်ပါတယ်။ သူတို့ ဘယ်ကိုသွားမယ်၊ ဘာတွေလုပ်မယ်၊ ဘာစီမံကိန်းတွေကို အကောင်အထည်ဖော်မယ်ဆိုတာတွေကိုပေါ့။ အဲဒါတွေကို ECC က စိစစ်ပြီး ခွင့်ပြုမှသာ သူတို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် " ဟု ပြည်နယ်အဆင့် ECC အဖွဲ့ဝင်၊ စစ်တွေ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

ထိုသို့ ရခိုင်ဒေသသို့ တကျော့ပြန် ၀င်ရောက်မှုတွင် AZG/MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့နှင့် မာတေဇာ အန်ဂျီအိုအဖွဲ့များမှအပ ကျန် ယခင် ရခိုင်ပြည်တွင် အကူအညီပေးရေးဆောင်ရွက်နေခဲ့သည့် အဖွဲ့အစည်းများအားလုံး လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အဖွဲ့အစည်းများအား စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက် ပြည်ထောင်စုလမ်းတလျှောက်တွင် နေရာချထားခွင့်ပြုပြီး ရုံး/နေအိမ် ငှားရမ်းအသုံးပြုခွင့်နှင့်ပတ်သက်၍ ဒေသခံအိမ်ရှင်များအနေဖြင့် မ၀ံ့ရဲဖြစ်နေကြောင်း သိရှိရသည်။

စစ်တွေမြို့မိမြို့ဖများအနေဖြင့် ယူအန် အိုင်အန်ဂျီအိုကိစ္စများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာတွင် ဒေသခံအချို့က မြို့မိမြို့ဖ၏ လုပ်ရပ်များအပေါ် အထင်အမြင်လွဲနေမှုအပေါ် ဦးသန်းထွန်းက ယခုလို ရှင်းလင်းပြောကြားသည်။

"ကျနော်တို့ဟာ အစိုးရက တင်မြှောက်ထားတဲ့ မြို့မိမြို့ဖ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် ဇွန်လ အရေးခင်းမှာ စစ်တွေမြို့ပေါ်လူထုက ရွေးချယ်တင်မြှောက်ထားတာပါ။ ကျနော်တို့က AZG/MSF နဲ့ မာတေဇာ အဖွဲ့အစည်းတွေကိုပဲ ရခိုင်ဒေသမှာ လုပ်ကိုင်ခွင့် ရပ်ပေးဖို့ တောင်းဆိုတာပါ။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေက ပွင့်လင်းမြင်သာမှု မရှိဘူး။ ကျန်အဖွဲ့တွေကို အဲလိုမျိုး ရပ်ဖို့ မတောင်းဆိုခဲ့ပါဘူး။ ဒီကိစ္စအပေါ် ပြည်သူတွေက သိပ်ပြီးတော့ မသဲကွဲဖြစ်နေတယ်လို့ ယူဆရတယ်။ ဒါကို နားလည်စေချင်ပါတယ်"


ပြည်နယ်အဆင့် ECC တွင် ပါဝင်သော စစ်တွေမြို့မိမြို့ဖများအနေဖြင့် ဒေသခံပြည်သူများ၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိလာရေး အစိုးရအဖွဲ့အစည်းများ၊ ယူအန် အိုင်အန်ဂျီအိုများနှင့် တွေ့ဆုံမှုများတွင် သတင်းမီဒီယာများ တက်ရောက်ခွင့်ကိစ္စကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ဦးသန်းထွန်းက ပြောကြားခဲ့သည်။

ဒါပေမယ့် မနေ့က ဆွေးနွေးပွဲမှာ MSF နယ်စည်း မခြား ဆရာဝန်များ အဖွဲ့နဲ့ မာတီဇာ အဖွဲ့အစည်းကို ရခိုင်ပြည်နယ်ထဲမှာ လုပ်ကိုင်ခွင့် မပေးဖို့ အပါအ၀င် အချက် ၃ခုကို အဓိကထား ဆွေးနွေးခဲ့ တယ်လို့လည်း ဦးသန်းထွန်းက အခုလို ပြောပါတယ်။

တကျော့ပြန် ၀င်ရောက်လာသော အဖွဲ့အစည်းများအနက် ကမ္ဘာ့စားနပ်ရိက္ခာများအဖွဲ့ (WFP) နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) တို့မှာ ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းများအတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေးများ ပေးပို့မှု နှစ်ကြိမ်ခန့်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

သုံးနှစ်ကျော်ချိန်အထိ ရန်ကုန်တိုင်းအစိုးရ၏ ရသုံးငွေစာရင်း အသေးစိတ် လွှတ်တော်သို့ တင်ပြခြင်းမရှိသေး

မင်းမင်း

အစိုးရနှင့် လွှတ်တော်တို့ သက်တမ်းသုံးနှစ် ကျော်လာပြီဖြစ်သော်လည်း ယခုအချိန်အထိ ရန်ကုန်တိုင်း အစိုးရ၏ အရ၊ အသုံး ဘဏ္ဍာငွေစာရင်းများကို လွှတ်တော်သို့ အသေးစိတ် ချပြခဲ့ခြင်းမရှိသေးဟု တိုင်း အမတ်တို့က ပြောဆိုလိုက်သည်။

လက်ရှိ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ရောက်ချိန်အထိ အရ၊ အသုံးဆိုင်ရာ ငွေစာရင်း အနှစ်ချုပ်ကိုသာ တိုင်းအစိုးရက လွှတ်တော်အမတ်တို့ထံသို့ ချပြခဲ့ပြီး အသေးစိတ်ကိုမူ အသိပေးဖြန့်ဝေခြင်းမရှိခြင်းကို ရည်ညွှန်း ၍ လွှတ်တော်အမတ်များက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“၀န်ကြီးတွေက စာအုပ်တွေဝေထားတယ်။ ပြီးရင် သူတို့ဖတ်ပြတဲ့အချက်တွေကို ငါတို့က စာအုပ်ထဲမှာ ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန်ရှာလည်းပဲ တစ်ခါတလေကျရင် ရှာမတွေ့ဘူး။ သူတို့က လွှတ်တော်ရဲ့အချိန် ကို ငဲ့ညှာသောအားဖြင့် ဘယ်လိုလေးရှင်းပါမယ်ဆိုပြီး ရှင်းသွားတဲ့အခါကျတော့ ဘယ်လိုက်ကြည့်လို့ ကြည့်ရမှန်းမသိ သူတို့တင်ပြတာ မှန်တာ၊ မှားတာတွေကို ဘယ်လိုမှ Counter Chat လိုက်လို့ မရဘူး ပေါ့”ဟု ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သည့် ဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်တိုင်းအမတ် ဦးနေမျိုးအောင်က မဇ္ဈိမကို ပြောသည်။

တိုင်းအစိုးရရေးဆွဲထားသော လက်ရှိ ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်း၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ဧပြီ ၂၉ ရက်က တိုင်းလွှတ်တော်အစည်းအဝေး၌ အတည်ပြုလိုက်ပြီးနောက် လွှတ်တော်အမတ်တို့က ယင်းသို့ ပြောခြင်းဖြစ်သည်။

“အခုဟာက ဘယ်တံတားဖောက်မယ် သိန်းဘယ်လောက်၊ ဘယ်လမ်းဖောက်မယ် သိန်းဘယ်လောက်ဆိုတော့ အဲ့လောက်ကြီး ကုန်တယ်၊ မကုန်တယ်က ကိုယ်တွေလည်း မသိဘူး” ဟု ဦးနေမျိုးအောင်က ရှင်းပြသည်။

ယခုကဲ့သို့ တိုင်းအစိုးရက ဘတ်ဂျက် အရ၊ အသုံး အသေးစိတ်စာရင်းများကို ဖြန့်ဝေခြင်းမရှိဘဲ နှုတ်ဖြင့်သာ ဖတ်ပြနေသဖြင့် လွှတ်တော်အစည်းအဝေးများသည် မလိုအပ်ဘဲ အချိန်ကုန်နေရသည်ဟု အင်းစိန် မြို့နယ်မှ တိုင်းအမတ် ဦးအောင်ဆန်းမြင့်က ပြောသည်။

ယခုနှစ် ရန်ကုန်တိုင်း အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် လွှတ်တော်အမတ် နှစ်ဦးကသာ ဆွေးနွေးခဲ့ ကြပြီး ပါဝင်ဆွေးနွေးသူ တစ်ဦးဖြစ်သည့် ဒေါက်တာညိုညိုသင်းက “၀န်ကြီးအသီးသီးဟာ မိမိဖတ်ကြားတဲ့ (အရအသုံးငွေစာရင်း) စာတမ်းများကို ကြိုတင်ဝေငှထားခြင်း မရှိပါဘူး။ ကျွန်မတို့ကို ပေးထားတာက စာ အုပ်အနှစ်ချုပ် စာရင်းတွေသာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသွားသည်။

ယနေ့ အတည်ပြုလိုက်သည့် ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်း၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအရ တိုင်းအစိုးရသည် သုံးငွေအဖြစ် ကျပ်သန်းပေါင်း ၃၄၄,၂၅၇ ဒသမ ၇၉၉ သုံးစွဲခွင့်ရရှိခဲ့ပြီး ယင်း၏ ၇၀ ရာ ခိုင်နှုန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သုံးစွဲမည် ဖြစ်သည်။ ရငွေမှာ ကျပ်သန်း ပေါင်း ၂၈၂၃၁၆ ဒသမ ၉၅၆ သာဖြစ်သဖြင့် ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် လိုငွေ ကျပ်သန်း ပေါင်း ၆၁၉၄၆ ဒသမ ၈၄၃ ပေါ်ပေါက်မည်ဖြစ်သည်။

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ

ကို​ထွေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာ ၁၇ လပြည်ခဲ့ပြီဖြစ်ပေမယ့် ဥပဒေကြောင်းအရ အရေးယူနိုင်မှုမရှိတဲ့အပေါ် ရန်ကုန်နဲ့ လက်ပံတောင်းတောင်မှာ ဧပြီ ၂၉ ရက်နေ့က ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံး တရာခံ ဖော်ထုတ်ရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေးတို့အတွက် ရာချီတဲ့ ဒေသခံ လယ်သမားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်ကို ဆည်တည်းရွာက တောင်းခံခဲ့တာဖြစ်ပြီး တုံရွာထိပ်ကနေ ညောင်ပင်ကြီး ငွေဇင်ယော် ဆိပ်ကမ်းအထိ ချီတက်ဆန္ဒပြခဲ့တာလို့ ဦးဆောင်ဆန္ဒပြတဲ့ မနွယ်နွယ်ဝင်းက ပြောပါတယ်။

“၂၀၁၂ ခုနှစ် ၁၁ လပိုင်းကနေ ကနေ့အထိဆိုရင် ၁ နှစ်နဲ့ ၅ လရှိပြီ။ ၁ နှစ်နဲ့ ၅ လပြည့်တာတောင် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရတဲ့ မီးလောင်ဗုံးတရားခံကို အခုထက်ထိ မဖော်ထုတ်နိုင်သေးဘူး။ အဓိက အချက်ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်အရေးယူပေးရေး၊ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းပေးရန် အဲဒီ ၃ ချက်ကို ဦးတည်ပြီး ကျမတို့ ဒီနေ့ ဆန္ဒပြတာပါရှင့်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး နစ်နာခဲ့တဲ့ လျော်ကြေးမယူထားတဲ့ တောင်သူတွေကို ဖြေရှင်းချက် တစုံတရာ မပေးသေးသလို ဆက်လက်လုပ်ကိုင်နေတယ်လို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၉ ရက် ညနေပိုင်းမှာလည်း လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် ရန်ကုန် မြို့လယ် မဟာဗန္ဓုလ ပန်းခြံကို တပတ်ပတ်ပြီး ဆူးလေဘုရားပေါ်အထိ တက်ရောက် ဆုတောင်းခဲ့တယ်လို့ ဒီမိုကရေစီ အင်အားစုက ဦးသန်းဆွေက ပြောပါတယ်။

“လယ်တီ သိမ်ကိစ္စနဲ့ လျော်ကြေး မယူထားတဲ့ မြေတွေကို သိမ်းပြီး တရားစွဲတာတို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာတို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လစဉ်လတိုင်း ဆုတောင်းနေကြဆိုတော့။ မီးလောင်ဗုံးနဲ့ ပစ်တဲ့ တရားခံ မမိသေးသ၍ ကျနော်တို့ကလည်း တောင်းဆိုနေမှာပါ။”
ဒီစီတန်းလှည်လည်မှုနဲ့ ဆုတောင်းပွဲကို လူပေါင်း ၇၀ လောက် ပါဝင်ခဲ့သလို အာဏာပိုင်တွေထံကနေ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် ပြန်လည်တွေ့ဆုံဖို့ KIOက အစိုးရကိုကမ်းလှမ်း

DVB

ကချင်စစ်ပွဲများအရေး အစိုးရနှင့် ဆွေးနွေးရန် KIO စာပို့

ဖနိဒါ

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမှုကို ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ထံ ဧပြီလ ၂၉ ရက်တွင် စာပေးပို့လိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မဇ္ဈိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲနှင့် KIOတို့ မေလ၁၀ ရက်၌ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် ဖိတ်ကြားစာကို KIO ၏ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပေးပို့လိုက်ခြင်း ဖြစ်သည်။

“အဓိကတော့ ဒီကြားထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ တခြားဆွေးနွေးရမယ့် အချက်အလက်တွေ အများကြီးဆွေးနွေးရဖို့ ရှိပါတယ်။ ဒီဆွေးနွေးရေး ဖြစ်စဉ်တွေ တစ်ခုလုံး လုပ်နေတဲ့အချိန်မှာ တိုက်ပွဲတွေ များပြားလာတဲ့ ကိစ္စကို အဓိကဆွေးနွေးမှာဖြစ်ပါတယ်” ဟု ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ၈ ရက်မှ ၁၀ ရက်နေ့ထိ KIO နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဖြစ်ပွားနေသော အခြေအနေများကို နှစ်ဦးနှစ်ဖက် တွေ့ဆုံ၍ အမြင်သဘောထားများ ဖလှယ်ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်ရေးဖြစ်စဉ်တွင် ပိုမိုအဆင်ပြေစေမည်ဟု သူကဆိုသည်။

ထိုဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဗီယား၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Mr Wang Yingfan၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဟု သိရသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့အကြား ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ ၁၀ရက်မှ ၁၈ရက်ခန့်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၅၀၀၀ကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။

၂၀၀၃ ခုနှစ်၊ အောက်တိုဘာလက အစိုးရနှင့် KIOတို့၏ သုံးရက်ကြာ အစည်းအဝေးတွင် လိုင်ဇာညီလာခံ ကျင်းပရေးအပါအဝင် စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။

ထိုကော်မတီကို ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းသွားရန်၊ ၎င်းကော်မတီကို အခြေပြဇယား (Joint monitoring committee structure) ပူးတွဲ (၁)၊ ပူးတွဲစောင့်ကြည့်ရေးတွင် ဆောင်ရန်၊ ရှောင်ရန် အခြေခံ ၅ ချက်နှင့် စည်းကမ်းချက် ၁၈ ချက်တို့ ပါဝင်သည့် ပူးတွဲ (၂) ကို အခြေခံ၍ အသေးစိတ် စီမံချက် (Operation Plan) ချမှတ်နိုင်ရန်တို့ကို နှစ်ဖက် နည်းပညာအထောက်အကူပြုအဖွဲ့များ အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဟူသော အချက် ၇ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသေးသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ရှုတ်ချကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က ထုတ်ပြန်ထားသည်။

NCCT ခေါင်းဆောင်များ၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၂၈ရက်နှင့် ၂၉ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင်လည်း လာမည့် မေလ တတိယပတ်တွင် UPWC နှင့် တိုင်းရင်းသားအဖွဲ့ အစည်းများမှ ၉ ဦးစီပါဝင်သော single text ရေးဆွဲရေးအဖွဲများ ပြန်လည် တွေ့ဆုံရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

၁၉၈၂ နိုင်ငံသားဥပဒေ အကြောင်း ရခိုင်တိုင်းရင်းသားညီလာခံက ဆွေးနွေး

ABC

ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့မှာ ​ကျင်းပနေတဲ့ ​ရခိုင်အမျိုးသားညီလာခံ ​တတိယနေ့မှာ ​၁၉၈၂ ​နိုင်ငံသားဥပဒေအကြောင်း၊ ​လွှတ်တော်နိုင်ငံရေးနဲ့ ​တရားမ၀င်နိုင်ငံခြားသားတွေကိုင်ဆောင်ထားတဲ့ ​white ​card ​ကိစ္စတွေနဲ့ ​သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

ကျောက်ဖြူမြို့ညီလာခံမှာ ​ရခိုင် ​အမျိုးသား ​လွတ်တော် ​အမတ် ​ဒေါက်တာ ​အေးမောင် ​ရဲ့ဆွေး ​နွေးချက်ကို ​အစည်းအဝေး ​တက်ရောက်တဲ့ ​ကိုရဲမင်းဦးက ​အခုလိုပြောပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ ​အမျိုးသားလွတ်တော်နိုင်ငံရေးနဲ့ ​ကဏ္ဍနဲ့ ​ပတ် ​သက် ​လို့ ​ဒေါက် ​တာ ​အေး ​မောင်က ​ဟော ​ပြော ​ဆွေး ​နွေး ​မှုတွေ ​လုပ် ​ပါတယ်၊ ​အဓိက ​ပထမ ​ဦးဆုံး ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေထဲက ​သွားလို့ရမယ့် ​နည်းလမ်းတွေကို ​ရွေးချယ် ​ပြီးတဲ့အခါ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​ကပေးထားတဲ့ ​အခင်း ​အကျင်းနဲ့ ​ရခိုင်ပြည်နယ် ​နိုင်ငံရေး ​အခင်း ​အကျင်းနဲ့ ​ဟန်ချက် ​ညီညီ ​ဘယ်ပုံ ​ဘယ်နည်းနဲ့ ​သွားရမလဲ ​ဆိုတာနဲ့ ​ပတ်သက်ပြီးတော့ ​ဟောပြော ​ဆွေးနွေးမှုတွေ ​လုပ်ပါတယ်။”

ဒါ့အပြင် ​အစည်းအဝေး ​တက်ရောက်လာတဲ့ ​မြို့နယ်ကိုယ်စားလှယ်တွေ ​အတော်များများက ​ရခိုင်ပြည်နယ် ​တည်ငြိမ်အေးချမ်းရေးနဲ့ ​ပတ်သက်ပြီးတော့ ​ဘူးသီးတောင် ​မောင်တော ​ဒေသမှာရှိတဲ့ ​နယ်မြေ ​မလုံခြုံမှုတွေအကြောင်းကိုလည်း ​ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ ​ပြည်ထောင်စုအရေးဖြစ်တဲ့အကြောင်း၊ ​နယ်မြေမလုံခြုံမှုဟာ ​ပြည်ထောင်စုအစိုးရမှာ ​အဓိကတာဝန်ရှိတဲ့အကြောင်းကိုလည်း ​မီးမောင်းထိုးပြတဲ့ ​ဆွေးနွေးမှုမျိုးတွေ ​ပြုလုပ်ခဲ့တယ်လို့ ​ကိုရဲမင်းဦးက ​ဆက်လက်ပြောပြပါတယ်။

လူထောင်ချီတက်ရောက်နေတဲ့ ​ရခိုင်အမျိုးသားညီလာခံကို ​မေလ ​၁ရက်နေ့ထိ ​ကျင်းပသွားမှာဖြစ်ပြီး ​အစည်းအဝေးတောင်းဆိုချက်တွေနဲ့ ​ဆုံးဖြတ်ချက်တွေကိုတော့ ​ဆွေးနွေးပွဲနောက်ဆုံးရက်မှာ ​အတည်ပြုထုတ်ပြန်သွားမှာဖြစ်တဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

ကားမီးလောင်ရာတွင် ပါသွားသည့် သန်းခေါင်စာရင်းစာရွက်များ အသစ်ပြန်ကူးနေပြီ

ဂျွန်ချစ်ငြိမ်း

ကားမီးလောင်ရာတွင် ပါသွားသည့် နောင်တရားမြို့နယ်၏ သန်းခေါင်စာရင်း စာရွက်စာတမ်းအချို့ကို စက်ဖတ်၍ မရနိုင်တော့သဖြင့် အသစ်ပြန်လည်ကူးနေပြီဟု တောင်ကြီးခရိုင် လဝက ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ဧပြီ ၂၉ရက်က မဇ္ဈိမကို ပြောသည်။

" ဘေးသားတွေ ပဲလောင်သွားတော့ စာတွေကမြင်နေရပါတယ်၊ ဖတ်မရအောင်ပျက်စီးသွားတာ မရှိပါဘူး၊ ပြန်ကူးလို့ရတဲ့ အနေထားကြောင့် သန်းခေါင်စာရင်းထပ်ကောက်သွားဖို့မလိုပါဘူး" ဟု တောင်ကြီးခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂၈ရက် နံနက်က တောင်ကြီးမြို့သို့ တက်မည့် အတက်လမ်းတွင် ပရိုဘောက်ကားတစ်စီး မီးလောင်ခြင်းကြောင့် ကားပေါ်တွင်ပါသည့်နောင်တရားမြို့နယ်အတွက် သန်းခေါင်စာရင်းကောက်ခံထားသည့် စာရွက်အချို့ ၁၀ ရာခိုင်နှုန်း ပျက်ဆီးသွားသည်ဟု ခန့်မှန်းပြောဆိုခဲ့သော် လည်း အမှန်တကယ် စိစစ်ခွဲထုတ်၍ သန့်ရှင်းရာတွင် ပျက်ဆီးမှုပမာဏမှာ ၎င်းပမာဏထက်လျော့နည်းသည်ဟု ဦးရဲနောင်က ဆိုသည်။

အသစ်ပြန်လည်ကူးယူနေသည့် သန်းခေါင်စာရင်းစာရွက်များကို တောင်ကြီးမြို့နယ်၊ ခရိုင်၊ ပြည်နယ် မှ လ၀က ၀န်ထမ်းများဖြင့်သာ ပြန်လည် ကူးယူနေခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက် တစ်ရက်တည်းဖြင့် ပြီးစီးနိုင်သည်ဟု တောင်ကြီးခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ဆိုသည်။

အသစ်ကူးယူပေးထားသည့် သန်းခေါင်စာရင်းဆိုင်ရာစာရွက် နှင့် နှုတ်ခမ်းသားများ မီးလောင်သွားသည့် သန်းခေါင်စာရင်းစာရွက် မူရင်းတို့ ကို ပြန်လည် စစ်ဆေးသည့်အခါ ကွဲလွဲမှု မရှိစေရန် အတွက် အဆိုပါ နှစ်ခုလုံးကို နေပြည်တော်သို တွဲ၍ ပေးပို့ပေးသွားမည်ဟု တောင်ကြီး ခရိုင် လ၀က ဒု-ခရိုင်ဦးစီးဌာနမှူး ဦးရဲနောင်က ပြောသည်။

ယခု မီးလောင်မှုကြောင့် အသစ်ပြန်လည်ကူးယူပေးနေသော သန်းခေါင်စာရင်း စာရွက်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နောင်တရားမြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက် မှ ကောက်ကွက် ၅ကွက်၊ ပုန်းအိမ်အုပ်စု ကောက်ကွက် ၄ကွက်၊ မြင်းတွင်း ၄ကွက်၊ နောင်ပီ ၂ကွက်၊ ဘုရားဖြူ ၂ ကွက် နှင့် ဘန့်ပြင် ၁ကွက် စုစုပေါင်း ကောက်ကွက် ၁၈ကွက်မှ ခန့်မှန်း သန်းခေါင်စာရင်းဆိုင်ရာ စာရွက်ရေ (၁၀၀၀) ဖြစ်သည်ဟု တောင်ကြီး ခရိုင် ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

အမကကျောင်း အဆိပ်ခတ်မှုကြောင့် စာသင်နှစ်တစ်နှစ် နောက်ကျခဲ့ရ

DVB

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ပုဂ္ဂလိကကုမ္ပဏီ ပူးပေါင်းပြီ

သာနိုးဝေ

ကုန်းလမ်းပို့ဆောင်ရေးက ပြည်တွင်းကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်းမှာ စီးတီးဘတ်စ်ယာဉ်လိုင်းတွေ ပြေးဆွဲသွားတော့မှာ ဖြစ်ပါတယ်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးက forever green right service company limited နဲ့ ပူပေါင်းပြီး ရန်ကုန်မြို့တွင်းမှာ စက်တင်ဘာလက စပြီး စီးတီးဘတ်စ် ၂၅ စီးနဲ့ ယာဉ်လိုင်းတခု စတင်ပြေးဆွဲတော့မှာပါ။

ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအမျိုးအစား Gas အသုံးပြုတဲ့ စီတီးဘတ် စုစုပေါင်း ၇၅ စီး တင်သွင်းပြီး မြို့တွင်းမှာ ပြေးဆွဲသွားမှာ ဖြစ်သလို အဝေးပြေးယဉ်လိုင်းတွေကိုလည်း ကားအသစ်တွေဝယ်ယူပြီး ပြေးဆွဲသွားဖို့ ရှိနေပါတယ်။

ကုမ္ပဏီနဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတို့ နှစ်ခုပါင်းပြီး ကျပ်သန်းပေါင်း ၇၄၀၀ ကုန်ကျခံ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမယ်လို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦး တင်ဝင်းအောင်က ခုလို ပြောပါတယ်။

“စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ကျပ်သန်းပေါင်း ၇၄၀၀ ရှိပါတယ်။ သူတို့က ကျပ်သန်းပေါင်း ၇၄၀၀ ထည့်ဝင်ထားပြီးတော့ ကျနော်တို့က ကုန်းလမ်းပို့ဆောင်ရေးရှေ့က မြေဧက ၂ ဒဿ မ ၅ ဧကမှာ နှစ် ၃၀ ငှားရမ်းစရိတ်ကို ကျပ်သန်းပေါင်း ၃၀၆၀၀ နဲ့ သတ်မှတ်ပြီးတော့မှ သူက ၇၀ ရာခိုင်နှုန်း၊ ကျနော်တို့က ၃၀ ရာခိုင်နှုန်းနဲ့ ဒီလုပ်ငန်းကို အကျိုးအမြတ်ယူပြီး ဒီမြေနေရာမှာ အလုပ်လုပ်မယ်။”

ပြေးဆွဲမယ့်ယာဉ်လမ်းကြောင်းနဲ့ ယာဉ်စီးခနှုန်းထားကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးအနေနဲ့ အခုလို ပြည်တွင်းကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးတင်ဝင်းအောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ ဌာနအနေနဲ့ကတော့ မူဝါဒအရလည်း ရေရှည်သွားတော့မယ်။ စီးပွားရေး လုပ်ငန်းဖြစ်တဲ့အတွက် အစိုးရကလည်း တဖြည်းဖြည်း ဖြေလျော့သွားတယ်။ ပူပေါင်းဆောင်ရွက်မှု ဘာကြောင့်လုပ်ရလဲဆိုတော့ လူထုအတွက်လည်း လုပ်ပေးနိုင်မယ်။ ကျနော်တို့ ၀န်ထမ်းတွေလည်း အလုပ်အကိုင် ရမယ်။ ဒါကြောင့် ကျနော်တို့ ပိုပြီး ကြိုးစားမှာ ဖြစ်ပါတယ်။”


ကုန်းလမ်းပို့ဆောင်ရေးက ၂၀၁၁ ခုနှစ်မှာ ဂျပန်နိုင်ငံ ICE Group မှ JCCI ကုမ္ပဏီ တခုနဲ့ အခုလိုယာဉ်လိုင်းတွေပြေးဆွဲဖို့ အမေရိကန်ဒေါ်လာ ၄၅၀ ဒဿ မ ၆၈၃ သန်းဖိုး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကုမ္ပဏီဘက်က ပြန်လည်ရုပ်သိမ်းသွားပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးကို ၁၉၆၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဘတ်စ်ကားအသစ်တွေ မတင်သွင်းနိုင်တဲ့အတွက် ရန်ကုန်မြို့တွင်းမှာ ယာဉ်လိုင်းမပြေးဆွဲတာ ဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီး အခုခါမှာတော့ forever green right service company limited နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအနေနဲ့ နောက်ထပ်ပူးပေါင်းလုပ်ကိုင်မယ့် ကုမ္ပဏီတွေရှိရင်လည်း ပူးပေါင်း လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

ကန့်သတ်နေရာရပ်သည့်ယာဉ် ဖမ်းဆီးရာတွင် လိုင်စင်မဲ့ယာဉ် ပါဝင်၊ ပြည်သူပိုင်အဖြစ် သိမ်းယူ

နန်းမြင့်

ငါးလကျော်အတွင်း ကရိန်းဖြင့် သယ်ယူဖမ်းဆီးမိသည့် စည်းကမ်းမဲ့ယာဉ် ၇,၄၀၀ ကျော်တွင် လိုင်စင်မဲ့ တစ်စီး ပါဝင်လျက်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဦးအောင်မျိုးလွင်က ပြော သည်။

အဆိုပါဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဉ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ပြီး လက်ရှိ ယာဉ် မရပ်ရ လမ်း ၆၇ လမ်းအတွင်း ဖမ်းဆီးရမိသည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်အထိ ယာဉ်ကြီး၊ ယာဉ်ငယ် ၇,၄၄၇ စီး ရှိသည်။ ထိုထဲတွင် လိုင်စင်မဲ့ယာဉ်တစ်စီး ပါဝင်လျက်ရှိ သည်။

၎င်းက “ကရိန်းနဲ့ဆွဲတဲ့ကာလမှာ ဇန်န၀ါရီပိုင်းက ကျောက်တံတားမြို့နယ်မှာ လိုင်စင်မဲ့ တိုယိုတာစလွန်း ကားတစ်စီး ဖမ်းမိတယ်။ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်”ဟု ပြောသည်။

ကရိန်းယာဉ်ဖြင့်ဆွဲသည့် ဖမ်းဆီးရမိသည့်ကားများသည် တစ်ရက်လျှင် ၁၈ စီးခန့် ဖမ်းဆီးရမိပြီး ကိုယ်ပိုင် ယာဉ်များ အများဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကရိန်းဖြင့်ဆွဲသွားသည့် ကားဝင်းထဲတွင် ရက်ကြာကားများ တည်ရှိခြင်းနှင့်ပတ်သက်ပြီး ရဲအုပ်အောင်မျိုး လွင်က “ကားဝင်းထဲမှာ ရက်ကြာပြီး ရှိနေတဲ့ကားတွေက အရေကြိုကားတွေ၊ သူက ပိုင်ရှင်ရှိတယ်။ ကား ၀င်းထဲမှာ သုံးစီးလောက်က တစ်လလောက် ကြာသွားတယ်”ဟု ပြောသည်။

ရန်ကုန်မြို့ရှိ ယာဉ်မရပ်ရလမ်းများတွင် ရပ်နားသည့် ယာဉ်များကို ကရိန်းယာဉ် ၂၀ ကျော်ဖြင့် နေ့စဉ် ဖမ်း ဆီးလျက်ရှိသည်။ စည်းကမ်းမဲ့ယာဉ်များကို ကရိန်းယာဉ်ဖြင့် သတ်မှတ်ယာဉ်ရပ်နားစခန်းသို့သယ်ဆောင် ခြင်းဖြစ်ပြီး ထိုယာဉ်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရလည်း အရေးယူခြင်းခံရ မည်ဖြစ်သည်။

စည်းကမ်းမဲ့ယာဉ်များကို ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေရန်၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေပြီး အများပြည်သူ သွားလာရေး အဆင် ပြေစေရန် သတ်မှတ်ထားသည့် လမ်းကြောင်းများတွင် ခရီးသည်အတင်အချပြုရန်မှတစ်ပါး မည်သည့် ယာဉ်မှ ရပ်နားခြင်းမပြုရန် ယာဉ်မရပ်ရနယ်မြေများ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အခွန် ကောက်ခံမှု ယခင်နှစ်ထက် ကျပ် ဘီလီယံ ၂၀၀ နီးပါး ပိုရ

မေခ

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၂၀၁၃ -၂၀၁၄ ခုနှစ် အခွန် ဘဏ္ဍာငွေ ကောက်ခံ ရရှိမှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ကျပ် ဘီလီယံ ၂၀၀ နီးပါး ပိုမို ကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။

“၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လျာထားတာထက် ပိုပြီး ၁၂၅ ရာခိုင်နှုန်းကျော် ပိုကောက်ခံ နိုင်ခဲ့ပါတယ်၊ စနစ်တကျ ကောက်ခံ နိုင်ဖို့ တရားမဝင် ကုန်သွယ်မှု ပပျောက်ဖို့လည်း ဆောင်ရွက်နေပါတယ်၊ လက်ရှိမှာ အခွန် ဦးစီးမှူးတွေနဲ့လည်း ပေါင်းစည်းပြီး ပွင့်လင်း မြင်သာစွာ ကောက်ခံနိုင်ဖို့ အတွက် လုပ်ဆောင် နေပါတယ်၊ အခုပြောင်းလဲလာတဲ့ ဝင်ငွေခွန် အရ အခွန်ငွေ တိုးတက် ကောက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဖြေကြား သည်။

ဧပြီ ၂၉ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ပဉ္စမမြောက်နေ့တွင် အခွန် ကောက်ခံမှု ဆိုင်ရာနှင့် ပတ်သက်ပြီး ဒေါပုံမြို့နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းစိန်က တိုင်းဒေသကြီး အစိုးရ၏ ကောက်ခံရရှိမှုနှင့် ပတ်သက်ပြီး မေးမြန်းမှု အပေါ် ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

တိုင်းဒေသကြီးမှ ကောက်ခံ ရရှိသည့် ငွေကြေးမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အဆင့် အခွန်ဦးစီး ဌာနများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် စည်ပင်သာယာရေး အဖွဲ့များမှ ကောက်ခံ ရရှိငွေများ ပါဝင်ကြောင်း သိရသည်။

“အခွန်တွေက တိုးလာပေမယ့် လိုငွေက တနှစ်ထက် တနှစ် ပိုများလာတယ်၊ ဒီမှာ တောင်းယူတာမှာ တိကျတဲ့ စာရင်းပြတဲ့ အဖွဲ့စည်းက နည်းတယ်၊ ဆောက်လုပ်ရေးပဲ တိကျစွာ ပြတယ်၊ စည်ပင်က ခေါင်းစဉ်ခွဲတွေနဲ့ ထားတယ်၊ စည်ပင်ရဲ့ သာမန် သုံးငွေဆို ၄ ဘီလီယံ နီးပါး သုံးတယ်၊ ဒါပေမယ့် သုံးတာ အသေးစိတ် မပြဘူး”ဟု တိုင်းဒေသကြီး လွှတ်တော် ဒေါ်ညိုညိုသင်းက ပြောသည်။

၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အတွင်း အခွန်ဦးစီးဌာန ကောက်ခံမှု လျာထားချက် ကျပ် သန်းပေါင်း ဘီလီယံ ၅၀၀ ကျော် ကောက်ခံရရှိမည်ဟု လျာထားရာတွင် ကျပ်သန်းပေါင်း ဘီလီယံ ၆၀၀ ကျော် ကောက်ခံ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

အခွန်ကောက်ခံမှု ဆိုင်ရာနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည့် ဦးသောင်းစိန်က “သူတို့က ပြောရင် ကိန်းဂဏန်းတွေ ဖတ်ပြ တယ်၊ ဟိုခေါင်းစဉ် ဒီခေါင်းစဉ်တွေ ပြောတယ်၊ တိကျစွာ နားလည်အောင် မပြောဘူး၊ စစ်ဖို့မှာလည်း ပြည်သူ့ငွေစာရင်း ကော်မတီ ဖွဲ့ခွင့်မပေးဘူး၊ မေးတာက အခွန် ထမ်းဆောင်တဲ့လူ ဘယ်လောက် ရှိတယ်၊ မထမ်းတဲ့လူ ဘယ်သူ ရှိတယ် ဆိုတာကို မဖြေသွားဘူး၊ နောက် စာရွက်တောင်းလဲ မပေးတော့ ကိုယ်စားလှယ်တွေက ထောက်ပြလို့ မရဘူး”ဟု ပြော သည်။

ငွေစာရင်း ကော်မတီဖွဲ့ကာ ဘဏ္ဍာငွေကြေး အမှန်တကယ် ရရှိငွေ၊ သုံးစွဲပါက လိုငွေ မည်မျှ ဖြစ်မည်ကို တိကျစွာ စစ်ဆေး ရန် လိုအပ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခွင့်ကို လွှတ်တော်မှ ခွင့်မပြုထားသည့် အတွက် အစိုးရ၏ သုံးစွဲငွေမှာ မေးခွန်း ထုတ်စရာများနှင့် ပြည့်လျက် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ပြည်တွင်း ထွက်ကုန် အပေါ် ကောက်ခံသည့် အခွန်အခ ကောက်ခံမှုများလည်း ယခင်နှစ်ထက် တိုးတက်လျက် ရှိပြီး ထုတ်ပြန်ချက် အရ ၂၀၁၂ ခုနှစ်ထက် ကျပ် ၆ ဘီလီယံ ပိုမို ရရှိထားကြောင်း သိရသည်။

၂၀၁၃ နှစ်တွင်၂၀၁၂ ခုနှစ်ထက် ကျပ်သန်းပေါင်း ဘီလီယံ ၂၀၀ နီးပါး ဘဏ္ဍာငွေ တိုးမြှင့် ကောက်နိုင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဘတ်ဂျက် လိုငွေပြမှုမှာ ၆၁ ဘီလီယံ အထိ ရှိခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြောသည်။

ယခုကဲ့သို့ လိုငွေ ပိုတိုးလာသည့် အပေါ် လွှတ်တော် အမတ်များက ဝေဖန်လျက် ရှိပြီး ပွင့်လင်းမြင်သာမှု မရှိသည့် သုံးစွဲမှု၊ ရရှိမှု အပေါ် ငွေစာရင်း ကော်မတီ ဖွဲ့စည်း စစ်ဆေးရန် လွှတ်တော်အမတ် ၇ ဦးမှ အဆို တင်သွင်း ခဲ့သော်လည်း ယင်း အဆိုကို လွှတ်တော်မှ အစိုးရ အဖွဲ့၏ သဘောအတိုင်း ဖွဲ့ခွင့်မပေးဘဲ ပယ်ချခဲ့သည်။

GSM/CDMA တာဝါတိုင်အသစ်(၁၂၀)တိုးချဲ့သွားမယ်လို့ မန်းMPTဆို

DVB

တစ်နေ့လုပ်အားခ အနည်းဆုံး ကျပ် ၈,၅၀၀ ပေးရန် အလုပ်သမား အဖွဲ့အစည်းများ တောင်းဆို

ဇာနည်အောင်

အလုပ်သမားတိုင်း တစ်နေ့ အနိမ့်ဆုံး အခြေခံလုပ်ခ၊ လစာကျပ် ၈,၅၀၀ သတ်မှတ်ရန် ဧပြီ ၂၆ နှင့် ၂၇ ရက်က ကျင်းပပြုလုပ်သည့် အလုပ်သမားညီလာခံကြီးက ဆုံးဖြတ်လိုက်ကြောင်း ဧပြီ ၂၈ ရက်က မြန်မာ နိုင်ငံအလုပ်သမားသမ​ဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာ တောင်းဆိုလိုက်သည်။

တစ်နေ့ လုပ်ခ၊ လစာသည် တရားသေမဟုတ်ဘဲ ကုန်ဈေးနှုန်းပေါ်မူတည်ပြီး လုပ်အားခ ပြောင်းလဲသတ်မှတ်ပေးရမည်ဟု ဆိုထားပြီး လုပ်အားခပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုချက်ခုနစ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တောင်းဆိုထားသည့် သတ်မှတ်လုပ်အားခကို အလုပ်သမားများ၊ အလုပ်ရှင်များနှင့်လည်း ထပ်မံညှိနှိုင်း တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

“အလုပ်သမားအားလုံးရဲ့ ဆန္ဒတွေကို ကောက်ယူပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်။ အလုပ်သမားတွေ တောင်းဆိုထားတာတွေကို အလုပ်သမားဝန်ကြီးဌာနကို တင်ပြသွားမယ်။ ပြီးရင် အလုပ်ရှင်တွေနဲ့ ထပ်မံ ညှိနှိုင်းမှုတွေ လုပ်သွားပါမယ်။ အနိမ့်ဆုံးလုပ်ခ တစ်ရက် ၈,၅၀၀ သတ်မှတ်တာကို သက်ဆိုင်ရာ ၀န်ကြီး ဌာနရော အလုပ်ရှင်တွေနဲ့ရော ပြန်လည်ညှိနှိုင်းမှုတွေ ဆက်လုပ်သွားမယ်”ဟု ပြောသည်။

အနိမ့်ဆုံးအခြေခံလစာ သတ်မှတ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဇွန်လမှစ၍ တစ်နိုင်ငံလုံးရှိ အလုပ်သမား အဖွဲ့အစည်းပေါင်း ၁၈၀ က တိုင်းနှင့် ပြည်နယ်များမှ မြို့နယ် ၅၀ နှင့် ရန်ကုန်တိုင်းရှိ မြို့နယ်ပေါင်း ၃၀ တို့မှ အိမ်ထောင်စု ၁၈၆,၄၀၀ ကျော်၏ နေ့စဉ်ကုန်ကျစရိတ်ကို စစ်တမ်းများပြုစုပြီး ယခုကဲ့သို့ တစ်နေ့ လုပ်အားခ ကျပ် ၈,၅၀၀ သတ်မှတ်ခြင်းဖြစ်သည်ဟု ဦးအောင်လင်းက ဆိုသည်။

သို့သော် အလုပ်ရှင်များဘက်ကမူ အဆိုပါသတ်မှတ်မှုသည် များလွန်းသည့်အတွက် ထိုသို့ သတ်မှတ်မည်ဆိုပါက ခြောက်လနှင့် တစ်နှစ်အတွင်း စက်ရုံ၊ အလုပ်ရုံများ အရှုံးပေါ်ပိတ်သိမ်းသည်အထိ ဖြစ်ပေါ် နိုင်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း အဟန့်အတားဖြစ်စေမည်ဟု လှိုင်သာယာစက်မှုဇုန်မှ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ထောက်ပြပြောဆိုသည်။

စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လျှပ်စစ်မီး အပြည့်အ၀မရရှိခြင်း၊ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ခြင်းနှင့် မြေဈေးနှုန်းကြီးခြင်းတို့ကြောင့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် အထက်ပါ လုပ်ခ၊ လစာ သတ်မှတ်မည်ဆို ပါက အခက်အခဲများစွာ ဖြစ်ပေါ်စေမည်ဟု ဆိုသည်။

အနိမ့်ဆုံး လုပ်ခ၊ လစာ ကျပ် ၈၅၀၀ တောင်းဆိုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “အနိမ့်ဆုံး အခြေခံလစာ သတ်မှတ်ရေးအတွက် ၀န်ကြီးဌာနနဲ့ကော၊ အလုပ်သမားသမဂ္ဂတွေနဲ့ကော ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ အလုပ်ရှင်၊ အလုပ်သမားတွေအကြား တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်ဖို့ လိုအပ်ပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် သင့်လျော်သောနှုန်းထားမျိုးဖြစ်အောင် ဆွေးနွေးသွားမှာပါ”ဟု ပြောသည်။

အလုပ်ရှင်နှင့်အလုပ်သမားများအကြား အနိမ့်ဆုံးလုပ်ခ၊ လစာသတ်မှတ်ရေးနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အငြင်းပွားမှုမဖြစ်စေရေး အလုပ်သမားဝန်ကြီးဌာနမှ ကောက်ယူမည့်စစ်တမ်းနှင့် အလုပ်သမားတွေ ကောက်ယူထားသည့် စစ်တမ်းများကို သေချာလေ့လာကာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေး ဆောင်ရွက် သွားမည်ဟုလည်း ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးနှင့်ပတ်သက်ပြီး အနည်းဆုံးအခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ် ၃၁ တွင် ပြဋ္ဌာန်းထားသော်လည်း နည်းဥပဒေကို ပြဋ္ဌာန်းရသေးခြင်းမရှိသည့်အပြင် အလုပ်သမား နှင့် အလုပ်ရှင်များအကြား ပြဿနာ များလည်း ပြေလည်မှုမရှိသေးပေ။

အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီမှ အနိမ့်ဆုံးလုပ်ခ၊ လစာကို တစ်ရက် ကျပ် ၅၇၀၀ သတ်မှတ်ပေးရန် အလုပ်သမားမိသားစုများကို မေးမြန်းကာ သုတေသနပြုလုပ် စာတမ်းထုတ်ပြန်ခဲ့ဖူး သည်။ လုပ်ငန်းရှင်များဘက်မှလည်း အနည်းဆုံးလုပ်ခ၊ လစာကို တစ်ရက်လျှင် ကျပ် ၃၀၀၀ မှ ကျပ် ၄၀၀၀ အထိ သတ်မှတ်ပေးရန် ဆန္ဒရှိသည်ဟုလည်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောခဲ့ဖူးသည်။

ပြည်သူ့စစ် တပ်ဖွဲ့ အပြစ်မဲ့ ရွာသားအား ရိုက်နှက် ခြိမ်းခြောက်

မွခေါဝ်

သျှမ်းပြည် တောင်ပိုင်း နမ့်ဇန်မြို့နယ် နားယိုင်း ဒေသ အခြေစိုက် ပြည်သူ့စစ်က ဒေသခံ ခြံလုပ် ရွာသားအား ရိုက်နှက် ခြိမ်းခြောက်သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ဒေသတွင်း သတင်းအရ သိရှိရသည်။

ဧပြီလ ၂၅ ရက် နံနက် ၉ နာရီခန့် နမ့်ဇန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု ဝမ့်ကောင်− လွယ်ပေါင်း ရွာသား ၅ ဦး မိမိတို့ခြံ၌ ထွန်ယက်နေစဉ် နားယိုင်းပြည်သူ့စစ် ဗိုလ်မှူးလီမင်နှင့်တပည့် ၂ ဦး ကားဖြင့်ရောက်ရှိလာပြီး လွယ်ပေါင်းရွာသား စိုင်းဝန်း(၃၀ နှစ်) အား ရိုက်နှက်ကြောင်း နမ့်ဇန် ရောက် လွယ်ပေါင်းဒေသခံတစ်ဦးက ပြောပါသည်။

“တုတ်နဲ့ရိုက်တာ စိုင်းဝန်းရဲ့ ဘယ်ဘက်ပခုံးကို ၂ ချက် ထိသွားတယ်။ သေနတ်တစ်ချက်ပစ်ပြီး ခြိမ်းခြောက်သွားသေးတယ်။ ရွာသားတွေ ကြောက်အောင် သူတို့ခြောက်လိုက်တာဘဲ။”
ယာသွားလုပ်သည့် ဒေသခံ ရွာသူရွာသားများအား နားယိုင်းပြည်သူ့စစ်က မကြာခဏ ရိုက်နှက် ခြိမ်းခြောက်သည့်အတွက် ဒေသခံများအနေဖြင့် ခြံယာသွားရန် ကြောက်ရွံ့နေရကြောင်း ဆို၏။

“ရွာသားတွေရဲ့ ခြံယာမြေကို ရချင်လို့ ဒီလိုလုပ်တာလို့ ထင်တယ်။ ရွာသားတွေကြောက်လို့ ခြံယာ သွားမလုပ်တော့ဘူးဆိုရင် အဲဒီမြေတွေကို သူတို့သိမ်းလိုက်ရုံဘဲလေ။ ရွာသားတွေလည်း သူတို့ကို နှစ်တိုင်း အခွန်အဖြစ် ဆန်တွေပေးနေတာဘဲ။ ပြည်သူ့စစ်ဆိုတာ ပြည်သူ့ကို ကာကွယ်ပေးတဲ့ စစ်တပ်ဖြစ်ရမှာလေ။ အခုတော့ မကာကွယ်ပေးတဲ့အပြင် ပြည်သူကို လက်နက်အားကိုးပြီး အနိုင်ကျင့်နေတယ်” ဟု နမ့်ဇန်ဒေသခံတစ်ဦးကလည်း ပြောပါသည်။

နားယိုင်းပြည်သူ့စစ်ကို ဇျိုးဆန်းက ဦးဆောင်သည်။

လိင်စိတ်ကြွဆေး ရောင်းချသည့် ဆေးဆိုင်ပိုင်ရှင်တစ်ဦးကို ဖမ်းဆီး

ဇော်ဇော်ထွေး

သင်္ဃန်းကျွန်းမြို့နယ်တွင် လိင်စိတ်ကြွဆေး ရောင်းချနေသည့် ဆေးဆိုင်ပိုင်ရှင် တစ်ဦးကို ဧပြီ ၂၆ ရက် ဆေးဝါးများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့ နေ့လယ် ၁၂ နာရီကျော်အ ချိန်က င/က ရပ်ကွက်၊ ဇာဝေယာလမ်း၊ အမှတ် (၄၃/ခ)တွင် ဖွင့်လှစ် ရောင်းချနေသည့် သစ်လွင် (ခ)ရက်ဇက် (၁၈)နှစ်၏ ဆေးဆိုင်ကို မြို့နယ်ကျန်းမာရေး၊ မြို့နယ် အုပ်ချုပ်ရေး မှာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်အတွင်းမှ ငွေကျပ် တစ်သောင်းလေးထောင် တန်ဖိုးရှိ လိင်မဆက်ဆံမီအသုံးပြု သောက်သုံးရသည့် ကာမစိတ်ကြွ ဆေးအမျိုးစားပေါင်းစုံကို ဖမ်းဆီးရမိခဲ့သည်။

ယင်းအပြင် ၎င်းနေထိုင်သည့် ရန်ဝေလမ်း၊ အမှတ် (၁၀) နေအိမ်အတွင်းမှလည်း ကာမစိတ်ကြွဆေးများ၊ သားဆက်ခြားဆေးများနှင့် အခြားဆေးမျိုးစုံ တန်ဖိုးငွေကျပ် ၁၆,၀၀၀ ဖိုးခန့်ကို ဖမ်းဆီးရမိခဲ့သည်။

ယင်းကြောင့် သစ်လွင်(ခ)ရက်ဇက်ကို အရေးယူပေးရန် ဒု-ရဲအုပ်သန်းစိုးက တရားလိုပြုလုပ် တိုင်တန်းလိုက်သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၁၃၀/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသည်။

ရပ်တည်ချက်ကွာဟမှုကြောင့် တနိုင်ငံလုံးအပစ်ရပ်ရေး နှောင့်နှေးစေနိုင်

DVB

စစ်ပွဲတွေဖြစ်ပွားမှု မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရကို KIO စာပို့

ကျော်ခ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် ခေါင်းဆောင်တွေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကချင်လွတ်လပ်ရေး အဖွဲ့(KIO)က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းထံကို ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ စာတစောင် ပေးပို့ လိုက်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ အကြောင်းကြားစာမှာ တွေ့ဆုံဆွေးနွေးမယ့် ရက်ကို မေလ ၁၀ ရက်နေ့ ရွေးချယ် ထားတယ်လို့ သိရပါတယ်။

KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် က “ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲသိပ်များလာတဲ့အခါ ဒီတိုက်ပွဲ တွေ ကြောင့် ကျနော်တို့ရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ဆွေးနွေးမှုမှာ တင်းမာမှုတွေဖြစ်လာနိုင်တယ်။ ကျနော်တို့ရဲ့ ပါဝင်မှု တွေကိုလည်း ပြန်စဉ်းစားဖို့လိုလာတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အရှိန်အဟုန်မပြတ်အောင် ကျနော်တို့က ဆွေးနွေးပွဲတွေ လုပ်ချင်တဲ့ သဘောဖြစ်ပါတယ်” လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သတင်းထောက်တွေနဲ့ ဧပြီလ ၂၉ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုပါတယ်။

မြစ်ကြီးနားမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှဝ် Mr. Vijay Nambiar ၊ တရုတ်သံတမန် Mr. Wang Yingfan ၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင် တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ကို လေ့လာသူအဖြစ် ဖိတ်ကြား သွားမယ်လို့ သိရပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေး အဖွဲ့ (NCCT) တို့အကြား ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ စစ်တပ်နဲ့ KIA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) ၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြားတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

အစိုးရ စစ်တပ် အနေနဲ့ ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ဆင်နွှဲနေတာက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ကြီးမားကျယ်ပြန့်တဲ့ မဟာ ဗျူဟာ မြောက် စစ်ဆင်ရေးကြီး ဆင်နွှဲတဲ့ အသွင်ဆောင်နေတယ်ဆိုပြီး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြေညာချက်ထုတ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် KIO နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလအအတွင်းက တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပေမယ့် ထိရောက်တဲ့ သဘောတူ ဆုံးဖြတ်ချက်တွေတော့ မရရှိခဲ့ပါဘူး။

နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေး အမြင်သဘောထား ဖလှယ်ခြင်း၊ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမို အဆင်ပြေစေနိုင်လိမ့်မယ်လို့ KIO က ပေးပို့ထားတဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

စိတ်ကြွဆေး ကိုယ်တိုင်သုံးစွဲ၊ အရောင်းအ၀ယ်လုပ်သူ တည်းခိုခန်းတွင် တစ်ဦးဖမ်းမိ၊ တစ်ဦးထွက်ပြေးနေ

ဇော်ဖော်ထွေး

ကြည့်မြင်တိုင်မြို့နယ်၊ တည်းခိုခန်းတစ်အခုအတွင်း စိတ်ကြွဆေးပြား အရောင်းအ၀ယ်ပြုလုပ်ပြီး ကိုယ်တိုင် သုံးစွဲသူဟု ယူဆရသူတစ်ဦးကို ဧပြီ ၂၆ ရက် ညတွင် မြို့နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးလိုက်သည်။

ည ၉ နာရီခွဲအချိန် သတင်းအရ မြို့နယ်အတွင်းရှိ စိတ်ကူးသစ်တည်းခိုခန်းသို့ သွားရောက်ခဲ့ပြီး မူးယစ် ဆေးဝါးရောင်းဝယ်သူဟု ယူဆရသည့် အောင်မင်းသိန်း (၃၅)နှစ် မကျည်းတန်း တောင်အရှေ့ ရပ်ကွက် နေသူကို ဧည့်ရိပ်သာ သုံးလွှာ လှေကားထိပ်တွင် တွေ့ရှိဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ဆေးရာတွင် ၎င်းထံမှ ခြောက်သိန်းသုံးသောင်းဖိုးရှိ WY စိတ်ကြွဆေးပြားပေါင်း ၁၂၆ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် စိတ်ကြွဆေးပြား ရောင်းချရ သည့်ငွေ ကျပ် ၅၁၅,၀၀၀ ကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။

၎င်းတည်းခိုနေထိုင်ရာ အခန်းအမှတ် (၄၀၁)ကိုလည်း မူးယစ်ဆေးဝါး ရှာဖွေခွင့် ၀ရမ်း (၁/၂၀၁၄)ဖြင့် ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးအသုံးပြုရာတွင် အသုံးပြုသည့် ပစ္စည်းများကို တွေ့ရှိခဲ့သည်ဟု မှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

စိတ်ကြွဆေးပြားများကိုလည်း ၎င်းတည်းခိုသည့် အခန်းအမှတ် (၅၀၂)တွင် တည်းခိုသူ ဂေါက်ကြီး (ခ) တင့်လွင် (၅၄)နှစ် ကြည့်မြင်တိုင်မြို့နယ်နေသူထံမှ ၀ယ်ယူကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း တင့်လွင် မှာ ထွက်ပြေးတိမ်းရှောင်သွားသည် ဟု ဆိုသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများ သုံးစွဲပြီး လက်ဝယ်ရောင်းချသူ အောင်မင်းသိန်း နှင့် ဂေါက်ကြီး(ခ) တင့် လွင် (ထွက်ပြေးတို့ အား အရေးယူပေးရန် ဒု-ရဲအုပ် ဖြိုးဝေမင်း က တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက မူးယစ် (ပ)၃/၂၀၁၄ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အရေးယူရန် ဆောင်ရွက်နေသည်။

တပ်သိမ်းလယ်ယာမြေတွေ ပြန်ပေးဖို့မရှိ

DVB

ရှမ်း မြောက်နှင့် ရှမ်းတောင် တပ်မတော် နှစ်ခု ပူးပေါင်းနိုင်ရေး မူဝါဒများ ညှိနှိုင်းနေ

ရွှေဟင်္သာ

ရှမ်းပြည် တွင်းရှိ အင်အားကြီး လက်နက်ကိုင် အဖွဲ့ နှစ်ခု ဖြစ်သည့် ရှမ်းမြောက်နှင့် ရှမ်းတောင် တပ်မတော် နှစ်ရပ် တို့သည် ပြည်သူ လူထုများ၏ ဆန္ဒ အရ ပေါင်းစဉ်း နိုင်ရန် အတွက် နှစ်ဖက် အကြား အခြေခံ ကျသည့် မူဝါဒ ရေးရာ များကို ညှိနှိုင်းလျက် ရှိကြောင်း နှစ်ဖက် ပြောရေး ဆိုခွင့် ရှိသူများ ဖြစ်ကြသည့် ရှမ်းမြောက် တပ်တော်မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလှနှင့် ရှမ်းတောင် တပ်မတော်မှ ဗိုလ်မှူး ဆိုင်းလောင်းစိုင် တို့က ပြောကြား ကြသည်။

ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS/SSA) မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး ဆိုင်းလောင်းစိုင် က “တူတာတွေ တွဲလုပ်တယ် ၊ မတူ တာတွေ ခွဲလုပ် ကြတယ် ၊ အရင်တုန်းက တစ်ဖွဲ့တည်း ဖြစ်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်တဲ့ အထိ ရောက်အောင်တော့ တော်တော် အချိန်ယူ ရဦးမယ်” ဟု ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

ထို့အတူ ရှမ်းပြည် မြောက်ပိုင်း တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလှကလည်း “အခုက ကျွှန်တော်တို့ သူတို့ (ရှမ်းတောင်) တပ်မတော် ဘက်က တာဝန် ရှိတဲ့ သူတွေနဲ့ ကျွှန်တော်တို့ ဖက်က တွေ့ပြီးတော့ အခု လောလော ဆယ်တော့ သူတို့ ပေါ်လစီတွေ ပြီးတော့ ကျွှန်တော်တို့ ပေါ်လစီ ကွာဟ ချက်တွေ ပြန်ညှိနှိုင်း နေတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းလှက အတည်ပြု ပြောကြားသည်။

ထိုသို့ ရှမ်းတပ်မတော် နှစ်ရပ် တစ်ခုတည်း ဖြစ်ရေး ပေါင်းစည်း နိုင်ရန် အတွက် ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့တွင် ရှမ်းပြည်သူ လူထု များနှင့် သံဃာတော် များက သက်ဆိုင်ရာ တပ်မတော် နှစ်ရပ် ဆီသို့ တောင်းဆို ထားခဲ့ခြင်း ဖြစ်သည်။ ထိုမတိုင်ခင် ကာလ များ၌လည်း ရှမ်းညီညွတ်ရေး အင်အားစု များမှ ပေါင်းစည်း နိုင်ရေး ဖိအားပေး ညှိနှိုင်း မှုများ ရှိခဲ့ကြောင်း RCSS/SSA မှ ဗိုလ်မှူး ဆိုင်းလောင်းစိုင်က ဆိုပါသည်။

လက်ရှိ၌ ညှိနှိုင်း ရရှိပြီး ဖြစ်သည့် သဘော တူညီ ချက်များကို ပူးတွဲ အကောင်အထည် ဖော်ခြင်းနှင့် မတူညီ သေးသည့် ညှိနှိုင်း ချက်များကို ဆက်လက် ညှိနှိုင်း နေကြဆဲ ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ဆိုပါသည်။

ရှမ်းတောင်နှင့် ရှမ်းမြောက် တပ်တော် နှစ်ရပ် တို့သည် ယခင်နှစ်ဖွဲ့ ကွဲနေစဉ်၌ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား တိုက်ခိုက်မှု ရှိခဲ့သည် အထိ ဖြစ်ခဲ့ကြသည်ဟု ဗိုလ်မှူး ဆိုင်းလောင်းစိုင်က ပြောသည်။ သို့သော်လည်း လက်ရှိ အနေအ ထား၌မူ အမျိုးသား စည်းလုံး ညီညွှတ်ရေး အတွက် ပြည်သူများ အပါအဝင် အောက်ခြေ တပ်မှူး အဆင့်များကလည်း ပူးပေါင်းရန် လိုလားလျက် ရှိကြောင်း ဗိုလ်မှူး စိုင်းလောင်းစိုင်က ဆိုပါသည်။

သို့သော်လည်း တစ်မတော်နှစ်ခု တစ်ခုတည်း ဖြစ်ရေး အတွက်မူ အချိန် ယူရဦးမည် ဖြစ်ကာ မည်မျှ ကြာမြင့်မည် ဖြစ်ကြောင်းကိုမူ မခန့်မှန်း နိုင်သေးကြောင်း နှစ်ဖက် ပြောရေး ဆိုခွင့် ရှိသူ များက ဆိုကြပါသည်။

ရှမ်းပြည် တပ်တော်အား ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ့် နန်းဟိန်းခမ်းမှ ဦးစီး ဦးဆောင် ပြုကာ တည်ထောင် ခဲ့သည်။

စတင် ဖွဲ့စည်း စဉ်၌ ရှမ်းပြည် လွတ်လပ်ရေး တပ်မတော် (SSIA), ညီညွတ်သော ရှမ်းအမျိုးသား တပ်ပေါင်းစု (SNUF), ကိုးကန့် တော်လှန်ရေး တပ်မတော် (KRF), ရှမ်းပြည် ညီညွတ်ရေး တပ်မတော် (SUA) တို့ ပါဝင် ခဲ့သည်။ ခေါင်းဆောင်များ အဖြစ် ထိုစဉ်က စဝ်ကွဏ်းဇိဏ်း (SNUF), လုံးခွန်မဟာ (SSIA), ကျင်မီယန်း (KRF), ခွန်ဆာ (SUA) တို့မှ ဦးဆောင် ပါဝင်၍ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ရှမ်းပြည် တပ်မတော် အတွင်း ကွန်မြူနစ် ဝါဒကို ထောက်ခံသည့် အုပ်စုနှင့် ဆန့်ကျင်သည့် အုပ်စု ဟူ၍ နှစ်ခြမ်း ကွဲရကာ ထောက်ခံသည့် အုပ်စုမှ လက်ရှိ ရှမ်းပြည် မြောက်ပိုင်း တပ်မတော်၏ ခေါင်းဆောင် ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ပန်ဖှ မှ SSPP/SSA ကို တည်ထောင် ခဲ့သည်။ လက်မခံသည့် အဖွဲ့ကမှ SURA အဖွဲ့အား တည်ထောင် ခဲ့သည်။

ထို့ နောက်တွင် SURA နှင့် ရှမ်းပြည် ညီညွတ်ရေး တပ်မတော် (SUA) တို့ တစ်ဖန် ပြည်လည် ပေါင်းစည်းကာ မုန်တိုင်း အာမီ (MTA) အဖြစ်သို့ ၁၉၈၅ ခုနှစ် ဧပြီ လတွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ထိုမှ ဆက်၌ ၁၉၉၆ ခုနှစ် ဇန်နဝါရီ လ၌ ခွန်ဆာ ဦးဆောင်သည့် (MTA) အဖွဲ့မှ နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံဖြိုးရေး ကောင်စီ ထံ၌ လက်နက် ချသည်ကို လက်မခံသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် ၎င်းအား ထောက်ခံသည့် အင်အား (၁၀၀၀) ခန့်တို့က RCSS/SSA အား ပြန်လည် စုဖွဲ့ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည် တပ်မတော်အား စတင် ဖွဲ့စည်းစဉ် ပါဝင် ခဲ့သူ များအနက် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် တစ်ဦးသာ ယနေ့ အထိ သက်ရှိ ထင်ရှား ကျန်ရစ်လျက် ရှိသည်။

သမိုင်း တစ်လျှောက် အကွဲကွဲ အပြဲပြဲ ဖြစ်ခဲ့သည့် ရှမ်းလက်နက်ကိုင် တပ်မတော် များအား ပေါင်းစည်း နိုင်ရန် အတွက် ခေါင်းဆောင်ကြီးများ အဆက်ဆက်မှ ကြိုးပမ်း ခဲ့သော်လည်း အောင်မြင်မှု မရရှိ ခဲ့သေးပေ။

ဟံသာဝတီ ဦးဝင်းတင် အမွေ

ညီစောလွင်

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဈာပနကို သခင်ကိုယ်တော်မှိုင်းရဲ့ ဈာပန နှိုင်းယှဉ်ကြပါတယ်။ ခေတ်ချင်းမတူပေမယ့် ဆရာကြီး နှစ်ယောက်ရဲ့ သမိုင်းဖြတ်သန်းမှုကလည်း အတော်လေး တူညီတာကို စဉ်းစားမိပါတယ်။ နှစ်ယောက် စလုံးဟာ သတင်းစာဆရာဘ၀ကနေ နိုင်ငံရေးသမား ဖြစ်လာကြတာချင်း အတူတူပါပဲ။

စိတ်ဓာတ်ရေးရာ နှလုံးရည် ခေါင်းဆောင်တွေ ဖြစ်တာချင်းလည်း တူပါတယ်။ ဒီနေ့ မြန်မာပြည်မှာ လူရိုသေရှင်ရိုသေ သိက္ခာရှိတဲ့လူ ရှားပါးနေချိန်မှာ ဦးဝင်းတင် ကွယ်လွန်သွားတာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ် ပါတယ်။ ဒါပေမယ့် သခင်ကိုယ်တော်မှိုင်း မသေသလို ဟံသာဝတီ ဦးဝင်းတင် မသေပါဘူး။

ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဂုဏ်ရောင်ပြောင်မှုတွေထဲမှာ အရေးအကြီး ဂုဏ်ပုဒ်တခုက နိုင်ငံရေးသီလ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျင့်ဝတ်ပိုင်း ခေါင်းဆောင်မှု (Moral Leadership) ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ၂၀ ရာစု လွတ်လပ်ရေး တိုက်ပွဲမှာ သခင်ကိုယ်တော်မှိုင်းက ကျင့်ဝတ်သီလပိုင်းမှာ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်၊ ဒီလိုပဲ ဟံသာဝတီ ဦးဝင်းတင်ဟာလည်း ဒီနေ့ခေတ်လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲမှာ ကျင့်ဝတ်စံနှုန်းအရ စံပြတဦးအဖြစ် သမိုင်းဝင်သွားပါပြီ။

၂၀၁၄ ခုနှစ်ဟာ သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ် ၅၀ ပြည့်နဲ့ တိုက်ဆိုင်ပါတယ်။ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် လောက်က သခင်ကိုယ်တော်မှိုင်းနဲ့အကြောင်းကို ဟံသာဝတီ ဦးဝင်းတင်က ဆောင်းပါးတပုဒ် ရေးပါတယ်။ နယ်ချဲ့ ရန်သူနံပါတ်တစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီလှိုင်းစာစောင်မှာ ဖော်ပြခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်းကို နယ်ချဲ့အစိုးရက ထိတ်လန့် ကြောက်ရွံ့ခဲ့ရတဲ့ ထင်ရှားတဲ့ အင်အားသုံးရပ်ကို ထုတ်ပြပါတယ်။

(၁) စာပေအင်အား
(၂) နိုင်ငံရေးအင်အား
(၃) လူငယ်မျိုးဆက်သစ်တွေနဲ့ လက်တွဲနိုင်တဲ့ အင်အားတို့ကို အတိုချုပ် ရှင်းပြထားပါတယ်။

ဒီရှုထောင့်က ကြည့်ရင်လည်း ဟံသာဝတီ ဦးဝင်းတင်နဲ့ သခင်ကိုယ်တော်မှိုင်းတို့ တူညီပါတယ်။ သခင်ကိုယ်တော်မှိုင်းလိုပဲ ဟံသာဝတီ ဦးဝင်းတင်ဟာလည်း အုပ်စိုးသူရဲ့ နံပါတ်တစ် ရန်သူဖြစ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ နေအိမ်အကျယ်ချုပ် ကျခံနေရချိန်မှာ ဦးဝင်းတင်ကိုတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ထဲကို ထည့်ထားခဲ့ပါတယ်။ ပိုပြီး ဆိုးတာက နည်းမျိုးစုံနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ညှဉ်းပမ်း နှိပ်စက်ခဲ့ပါတယ်။

ဦးဝင်းတင်ကို စစ်အစိုးရက ညှဉ်းပမ်းသလိုမျိုး အင်္ဂလိပ်အစိုးရကတောင် သခင်ကိုယ်တော်မှိုင်းကို မညှဉ်းဆဲခဲ့ပါဘူး။ ပြောရမယ် ဆိုရင် တောင်အာဖရိက ခေါင်းဆောင် နယ်ဆင်မန်ဒဲလားရဲ့ ထောင်သက် ၂၇ နှစ်ဟာလည်း ဦးဝင်းတင်ရဲ့ ထောင်သက် နှစ် ၂၀ လောက် မကြမ်းတမ်းခဲ့ပါဘူး။ ထပ်ဖြည့်ရရင် ကိုယ်ကျင့်သီလ ခိုင်မာ ဖြူစင်တာ၊ အာဏာနိုင်ငံရေးနဲ့ ကင်းခဲ့တာ၊ လူထုမျက်နှာက လွဲလို့ တခြား ဘယ်မျက်နှာမှာ မကြည့်တာ စတဲ့ ဂုဏ်ပုဒ်တွေအရာမှာလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဟံသာဝတီ ဦးဝင်းတင်တို့ တူညီပါတယ်။

ဒီနေ့ခေတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုကို နှလုံးရည်တိုက်ပွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ကင်ပွန်းတပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နယ်ဆင်မန်ဒဲလား၊ မာတင်လူသာကင်းတို့လို ကျင့်ဝတ်ပိုင်း ခေါင်းဆောင်တယောက်လို အရေးတော်ပုံကို တလျှောက်လုံး ဦးဆောင်မှုပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာလူသားတွေကို နှိုင်းယှဉ်မှုတွေ လျှော့ပါလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်တွေ့နိုင်ငံရေးထဲမှာ ဆောင်ရွက်နေတာကြောင့် တချို့စံနှုန်းတွေ လျှော့ပါးသွားတဲ့ သဘောရှိပါတယ်။ နိုင်ငံရေးသမား ပိုဆန်သွားပါတယ်။

ဒါက သမိုင်းရဲ့ တောင်းဆိုမှု၊ သမိုင်းလိုအပ်ချက်နဲ့လည်း ဆိုင်ပါတယ်။ အရေးတော်ပုံ အောင်မြင်ဖို့ ဆိုရင် ခေတ်ကို ကိုင်လှုပ်နိုင်တဲ့ နိုင်ငံရေးသမားလိုအပ်သလိုပဲ ခေတ်ကို သြဇာလွှမ်းနိုင်တဲ့ ကျင့်ဝတ်ပိုင်း ခေါင်းဆောင် လိုအပ်ပါ တယ်။ ခေါင်းဆောင်မှု နှစ်မျိုးဟာ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ သဘော၊ အပြန်အလှန် ထိန်းညှိထားတဲ့ သဘော ဆောင်ပါတယ်။

ဥပမာအနေနဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးသမားကွက်လပ်ကို ဖြည့်ဆည်း ပေးခဲ့ပြီး သခင်ကိုယ်တော်မှိုင်းက ကျင့်ဝတ်ပိုင်း ခေါင်းဆောင် ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူတို့ နှစ်ယောက်ထဲက တယောက်ယောက်ကို ဖယ်ထုတ်ပြီး မြန်မာပြည်လွတ်လပ်ရေးကို စဉ်းစားဖို့ အလွန်ခဲယဉ်း ပါတယ်။

အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့နောက်ပိုင်းမှာ သခင် ကိုယ်တောင်မှိုင်း အသက်ရှင် နေပေမယ့် မြန်မာပြည်ဟာ ငြိမ်ချမ်းရေး မရခဲ့ပါဘူး။ ငြိမ်းချမ်းရေးဝါဒီ ဆရာကြီး ကိုယ်တိုင် ငြိမ်းချမ်းရေးကို တမ်းတရင်းနဲ့ပဲ ခေါင်းချသွားရပါတယ်။ ငြိမ်းချမ်းရေးကို မမြင်ခဲ့ရရှာပါဘူး။ ခေါင်းဆောင်နှစ်မျိးစလုံးမရှိတဲ့ အချိန်ဟာ မြန်မာပြည်ရဲ့ အမှောင်ဆုံး ကာလတွေပါပဲ။

မျိုးဆက်ကွာဟချက်အရ ပြောရရင်လည်း သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း အတွဲအစပ်လိုပဲ ဟံသာဝတီ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အတွဲအစပ်က ဆင်တူပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဝေဖန်သူဟာ သခင်ကိုယ်တော်မှိုင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူက ဦးဝင်းတင်ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်း သူကိုယ်သူ နှိမ့်ချတတ်တဲ့ ဦးဝင်းတင်က သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “နိုင်ငံရေးနောက်လိုက်” လို့ ပြောပါတယ်။ ဒါ နိုင်ငံရေးသမား နောက်လိုက်နဲ့ မတူပါဘူး။

“နိုင်ငံရေးနောက်လိုက်” ဆိုတာ ခေါင်းဆောင်ရဲ့ နိုင်ငံရေးအယူအဆ၊ အတွေးအခေါ်ကို အစဉ်မပြတ် ဝေဖန်ဆန်းစစ်ပြီးမှ နောက်က လိုက်သူဖြစ်ပြီး၊ နိုင်ငံရေးသမား နောက်လိုက်ဆိုတာက ရာထူး၊ နေရာအတွက် ခေါင်းဆောင်နောက်က လိုက်သူလို့ ဟံသာဝတီ ဦးဝင်းတင်က မကြာခဏရှင်းပြပါတယ်။ ဟံသာဝတီ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နှလုံးရည်တိုက်ပွဲမှာ နိုင်ငံရေးနောက်လိုက်ဖြစ်သလို၊ အင်အားအကြီးမားဆုံး စစ်သူကြီးလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောသလို ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်သွားပေမယ့် ဆရာကြီးရဲ့ စိတ်ဓာတ်တွေ၊ စံနမူနာ၊ သြ၀ါဒတွေတော့ သေဆုံးသွားမှာမဟုတ်ပါဘူး။ ဒါပေမ့ယ် ဒီမိုကရေစီ အရေးတော်ပုံမှာ လက်တွေ့ နိုင်ငံရေးမှာရော၊ ကျင့်ဝတ်ပိုင်းရော ဟာကွက်တွေ အတော်များများ ပေါ်နေပါတယ်။ ဒါတွေကို အစားထိုးဖို့ အချိန်အတော်ယူရမယ့် သဘောရှိပါတယ်။ အထူးသဖြင့် ဦးဝင်းတင်လို သမိုင်းဖြတ်သန်းမှုမျိုးကို အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပို တာဝန်ကြီးသွားပါပြီ။ လက်တွေ့နိုင်ငံရေး ဦးဆောင်မှုနဲ့ ကျင့်ဝတ် ခေါင်းဆောင်မှုကို တပြိုင်တည်း ထမ်းဆောင်ဖို့ ခက်ခဲပါတယ်။ ဆရာကြီး ဦးဝင်းတင်က နောက်ဆုံးအချိန်မှာ “ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်၊ ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်မယ်လို့ ယုံကြည်တယ်”လို့ ပြောသွားပါတယ်။ ဒီမိုကရေစီအင်အားစုတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်မှာ စည်းစည်းလုံးလုံး လိုက်ဖို့လည်း မှာကြားသွားတယ်လို့ ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း တခြား ရွေးစရာလည်း မရှိလှပါဘူး။ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်လ်ဆင်မန်ဒဲလားလို ဒီတာဝန် နှစ်ရပ်ကို တပြိုင်တည်း ထမ်းဆောင်ရပါလိမ့်မယ်။

ကန္တာရ၀တီ ဥယျာဉ်ကို လွိုင်ကော်မြို့မှာ ဖွင့်လှစ်တော့မယ်

DVB

ရန်ကုန်အစိုးရ၏ လွှတ်တော်ကော်မတီ ဖွဲ့စည်းရေး ကန့်ကွက်မှု အခြေခံဥပဒေ ခုံရုံးတင်မည်

မေခ

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးနိုင်မည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကော်မတီများ ဖွဲ့စည်းပေးရေး တင်ပြသည့် အဆိုတခုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုကာ ပယ်ချလိုက်မှုကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

ဧပြီလ ၂၈ ရက်နေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက တိုင်းဒေသကြီး လွှတ်တော် အတွင်း ပြည်သူ့ငွေများ သုံးစွဲမှုကို စောင့်ကြည့်နိုင်မည့် ပြည်သူ့ငွေစာရင်း ကော်မတီ၊ ပြည်သူများ၏တိုင်ကြားစာ ကော်မတီ ၊ အစိုးရ၏ လွှတ်တော် တွင် ကတိပြုချက်များကို စောင့်ကြည့်မည့် ကော်မတီများ ဖွဲ့စည်း ပေးရန် တင်ပြခဲ့ပြီး ယင်းတင်ပြချက်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်နှင့် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း တို့က ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ” ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၆၇(က)အရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေဟာ ဥပဒေရေးရာနဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေလေ့လာတင်ပြရာမှာ လိုအပ်သည့် ကော်မတီနဲ့အဖွဲ့ တွေကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းနိုင်တယ်။ နောက် တိုင်း ဒေသကြီး ဥပဒေ ပုဒ်မ ၂၃မှာ လွှတ်တော် သည် ကာလသတ်မှတ်ချက်နဲ့ လွှတ်တော်စည်းဝေး တခုနဲ့ တခု ကြားမှာ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များကိုရွေးချယ်ပြီး ကော်မတီဖွဲ့နိုင်တာ ပါပါ တယ်။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တင်ပြတာဟာ ဥပဒေနဲ့ မညီပါဘူး ” ဟု လွှတ်တော်တွင် ပြောဆိုသည်။

ရန်ကုန်တိုင်းအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်း ကမူ ” တိုင်းဘတ်ဂျက်ကို သုံးစွဲတာမှာ စာရင်းစစ်ကစစ်ခံရပါတယ်။ ကန့်ကွက်တဲ့အပေါ်မှာလည်း ဖြုတ်ရတာတွေ ရှိပါတယ်။တိုင်ကြားစာနဲ့ ပတ်သတ်ပြီးလည်း လစဉ်ဖြေရှင်းပေးနေတာတွေရှိပါတယ်။ နောက်ဒီလိုဖွဲ့တာက ဖွဲ့စည်းပုံနဲ့မညီပါဘူး” ဟု ပြောဆိုကာ တိုင်းဒေသကြီး လွှတ်တော် ကော်မတီများ ဖွဲ့စည်းရေး အဆိုကို ကန့်ကွက်ခဲ့သည်။

နိုင်ငံတ၀န်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လွှတ်တော် ရေးရာကော်မတီများ ဖွဲ့စည်းပြီး ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်ရေးရာကော်မတီများ ဖွဲ့စည်းခွင့်မရှိဟုဆိုကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ငြင်းပယ်လျက်ရှိကြောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ထောက်ပြ ပြောဆိုသည်။

“အစိုးရအဖွဲ့က ဒီကော်မတီတွေဖွဲ့တာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ တင်ပြလို့ ဖွဲ့ခွင့် မပေးဘူးဆိုရင် အခြေခံဥပဒေ ခုံရုံးကပဲ ဆုံးဖြတ်ပေးရပါမယ်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၁၆၇နဲ့ တိုင်းဒေသကြီး ဥပဒေပုဒ်မ ၂၃တို့ ဆန့်ကျင်တယ်၊ မဆန့်ကျင်တာက ခုံရုံးကပဲဆုံးဖြတ်ခွင့်ရှိတယ်။ အစိုးရက ဆုံးဖြတ်ခွင့် မရှိပါဘူး။ ဥပဒေချုပ် ကိုလည်း သဘောထား မှတ်ချက်တောင်းတာမှာလည်း သူကိုယ်တိုင်က အစိုးရနဲ့ သဘောထား မှတ်ချက်တူနေတာ စိတ်မကောင်း စရာပါပဲ “ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အနေဖြင့် လွှတ်တော် ငွေစာရင်း ကော်မတီများဖွဲ့စည်းခွင့် မပြုခြင်းမှာ အစိုးရ၏ အသုံးစရိတ် များ အပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ အစိုးရ၏ အာမခံချက် ၊ ကတိက၀တ်များကို စောင့်ကြည့်နိုင်သည့် ကော်မတီများကို ပြည်ထောင်စု အဆင့်တွင် ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း တိုင်းဒေသကြီး အဆင့်တွင် လက်မခံမှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဒေါက်တာဒေါ် ညိုညိုသင်းက လွှတ်တော် အပြီး သတင်းမီဒီယာများအား ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်က လွှတ်တော်တွင် အစိုးရ အနေဖြင့် ကိုယ်စားလှယ်များ၏မေးခွန်းများ ဖြေဆိုပေးရုံဖြင့် မလုံလောက်ကြောင်း၊ ဖြေရှင်းပေးမည်ဟု ကတိ ကဝတ် များ ပေးထားသော်လည်း မဖြေရှင်းသေးဘဲ ကျန်ရှိနေသော အရေးကိစ္စများစွာ ရှိကြောင်းထောက်ပြ ပြောဆိုခဲ့သည်။

“လွှတ်တော်အနေနဲ့ ရေးရာကော်မတီတွေကို ဖွဲ့စည်းပေးသင့်ပါတယ်။ ခုဆိုရင်အစိုးရပိုင်းက လုပ်ဆောင် ပေးမယ် ဆိုတဲ့ကတိကဝတ်တွေဟာ လုပ်ဆောင်ဖို့လိုအပ်နေသေးပါတယ်။ ဒီတော့ ဒီလိုသာ လုပ်ခွင့်မရှိရင် လွှတ်တော် ရာဇ၀င်ဟာ လွှတ်တော်သက်တမ်းတလျှောက်မှာ ရိုင်းတော့မှာဖြစ်လို့ စဉ်းစားပေးသင့်ပါတယ်”ဟု တင်ပြ ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်း လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းရေး အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ငြင်းပယ်နေမှု အပေါ် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌမှတဆင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်သွင်းရေး တိုက်တွန်း ကြောင်း အဆိုတရပ် ထပ်မံ တင်သွင်းမည် ဖြစ်ကြောင်း၊ ထိုအဆို တင်သွင်းမှု ရှုံးနိမ့်ပါက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ် ထိုးတင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပစ္စတိုတစ်လက်နှင့် မူးယစ်ဆေးပြားများ သယ်လာသူ ဒဂုံဧရာအဝေးပြေးတွင်ဖမ်းမိ

ဇော်ဇော်ထွေး

ပစ္စတိုသေနတ်တစ်လက်နှင့်အတူ စိတ်ကြွမူးယစ်ဆေးပြားများ သယ်လာသည့် ခရီးသည်တစ်ဦးကို လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးကားဝင်း အတွင်းတွင် ကြိုတင်သတင်းအရ ဧပြီ ၂၇ ရက် ည ၈ နာရီခန့်က ဖမ်းဆီးရမိလိုက် သည်။

အင်းစိန်ရဲစခန်း မူးယစ်(ပ)၅/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ အမှု ကွင်းဆက်သတင်းအရ မူးယစ်ဆေးဖမ်းဆီးအရေးအဖွဲ့က အဝေးပြေး ရဲကင်းအဖွဲ့နှင့်အတူ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။

ပုသိမ်မှ ရန်ကုန်သို့ ဝင်ရောင်လာသည့် ယာဉ်၏ ခုံအမှတ် (၁)တွင် လိုက်ပါလာသည့် မြဝတီမြို့တွင်နေထိုင်သော သီဟဇော်(ခ) ဇမင်းဟန်ကို ခရီးသည်နားနေဆောင်အတွင်း ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဝတ်ဆင်ထားသည့် အတွင်းခံ ဘောင်းဘီအတိုအတွင်းမှ တန်ဖိုး တစ်သိန်းကိုးသောင်းဖိုးရှိ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၃၇)ပြားနှင့် အစိမ်းရောင် စိတ်ကြွဆေးပြား (၁)ပြားတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၎င်း၏ လက်အတွင်းမှ လက်ကိုင်ဖုန်းနှစ်လုံးအပြင် ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ အနက်ရောင် လေပစ္စတို (၁)လတ်နှင့် စတီးဘောစေ့(၄)လုံး ထည့်ထားသည့် ကျည်အိမ်(၁)ခုတို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ရှိမှုများကြောင့် သီဟဇော်(ခ)ဇမင်းဟန်ကို အရေးယူပေးရန် မူးယစ်တပ်ဖွဲ့မှ ရဲအုပ် ခါးလီက တရားလိုပြုလုပ် တိုင်တန်း ပြီး လှိုင်သာယာ သောင်ကြီးနယ်မြေ ရဲစခန်းက မူးယစ် (ပ)၁/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

ထို့ပြင် အနက်ရောင် လေပစ္စတိုသေနက်ကိုလည်း မူခင်းရဲတပ်ဖွဲ့ လက်နက်ကျွမ်းကျင်သူထံပေးပို့ ထင်မြင်ချက်တောင်းခံပြီး ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဘန်ကောက်လေကြောင်းလိုင်း Brand Ambassador မိုးစက်ဝိုင်

DVB

မီဒီယာသမားများ အပေါ် ဖိနှိပ် အရေးယူမှု ပြည်တွင်း ပြည်ပ မီဒီယာအဖွဲ့များ ကန့်ကွက်မည်

သူဇာ

အစိုးရက မီဒီယာသမားများ အပေါ် ဥပဒေ အကြောင်းပြချက်ဖြင့် ဖမ်းဆီး အရေးယူ ထောင်ချနေခြင်းကို ရပ်တန့် ပေးရန် ပြည်တွင်း၊ ပြည်ပ မီဒီယာ အဖွဲ့အစည်းများနှင့် မီဒီယာ သမားများ စုပေါင်းပြီး ကန့်ကွက်ရန် စီစဉ်နေသည်။

သတင်းမီဒီယာ သမားများအား ဖမ်းဆီး အရေးယူ ထောင်ချခံနေရသည့် အခြေအနေများ ရပ်တန့်စေရေး အတွက် ယခုလ ၂၆ ရက်က ရန်ကုန်မြို့Home ခန်းမမှာ ပြည်တွင်း၊ ပြည်ပ မီဒီယာ အဖွဲ့အစည်းများ တွေ့ဆုံပြီး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) တွဲဖက် အတွင်းရေးမှူး ဦးသန်းဌေးက “လာမယ့် မေလ ၃ ရက်မှာ မီဒီယာသမားတွေကို ဖိနှိပ်နေတဲ့ အခြေအနေ၊ အစိုးရ အဖွဲ့က မီဒီယာနဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေပွဲ တခု လုပ်မယ်။ မီဒီယာသမားတွေက လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ဖို့၊ ကန်ပိန်းတွေလည်း လုပ်ဆောင်မယ်လို့ သိရတယ်။ အဲဒီအဖွဲ့ကနေ မီဒီယာ အဖွဲ့အစည်းတွေ အချင်းချင်းကို ချိတ်ဆက် ပေးဖို့ပါ” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက်များ ပြန်လွှတ်ပေးရေး၊ မီဒီယာ ဖိနှိပ်မှုများ ရပ်တန့်ရေး၊ ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်း အချက်အလက် ရယူခွင့် ပေးရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့များတွင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

“အစိုးရ အနေနဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ပြန်လည် ပေးခဲ့ပေမယ့် သတင်းသမားတွေကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး၊ တချို့ ကိစ္စတွေကို သူတို့ကို အရေးယူဖို့ လိုတယ် ဆိုတာတွေ ပြသချင်တဲ့ သဘောထားမျိုးတွေ ရှိနေတယ်၊ အဲဒါတွေကို ပြသချင်တဲ့ အတွက် လွိုင်ကော်မှာ သတင်းထောက်ကို ထောင်ချတယ်၊ Unity ဂျာနယ် ကိစ္စ ဖြစ်တယ်၊ အခုဆို ကိုဇော်ဖေ အမှုက ဖြစ်ခဲ့တာ ကြာပါပြီ၊ အခုမှ ထောင်ချလိုက်တာမျိုး တွေ့ရတယ်”ဟု မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီဝင်၊ မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ အဖွဲ့ဝင် တဦး ဖြစ်သည့် ဦးဇော်သက်ထွေးက ဆိုသည်။

Home တွင် ကျင်းပသည့် ဆွေးနွေးပွဲ အပြီးတွင် လက်ရှိ ကြုံတွေ့ နေရသည့် မီဒီယာ ဖိနှိပ်မှုမှုနှင့် မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးလာသည့် ကိစ္စရပ်များကို တာဝန်ခံ ဖြေရှင်း ဆောင်ရွက်မည့် ကော်မတီ တခု ဖွဲ့စည်းရန် သဘောတူညီခဲ့ကြောင်း သိရ သည်။ ယင်းအပြင် လာမည့် မေလ ၃ ရက် World Press Freedom Day တွင် မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲ တခု ကျင်းပ သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“အဲဒီနေ့မှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ရှိတဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပါမယ်။ တနိုင်ငံလုံးက လက်ခံနိုင်မယ့် မီဒီယာ ကျင့်ဝတ်ကို ကျနော်တို့ ရေးဆွဲ ပြီးပါပြီ၊ အဲဒီပွဲမှာ အတည်ပြုပါမယ်။ တိုင်းနဲ့ ပြည်နယ်က မီဒီယာသမား တရာကျော် တက်ရောက်မယ်။ နောက်ပြီး ဖမ်းဆီး ထောင်ချခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးပါမယ်”ဟု ဦးဇော်သက်ထွေး က ဆက်ပြောသည်။

အစိုးရက မီဒီယာသမားများ အပေါ် ဖမ်းဆီး အရေးယူ ထောင်ချသည့် လုပ်ရပ်များသည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက Eleven ဂျာနယ်မှ နယ်သတင်းထောက် နော်ခိုင်ခိုင်အေးချို(ခ)မခိုင်ကို အသရေ ဖျက်မှု၊ ပိုက်နက် ကျူးလွန်သည့် ပြစ်မှုများဖြင့် ထောင်ဒဏ် ၃ လ ချမှတ် ခဲ့သည်။

အလားတူ Unity ဂျာနယ်တွင် ပါရှိသည့် “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ” သတင်းဆောင်းပါး ရေးသားမှုကြောင့် Unity ဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုလူမော်နိုင် တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မ ၃/ ၁ (က) ၉ ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း၌ ထပ်မံ တရားစွဲဆို ခဲ့သည်။

ယင်းဖြစ်ရပ်များ အပြင် DVB သတင်းထောက် ကိုဇော်ဖေက အများပြည်သူ သိလိုသော ပညာသင်ဆု ဆိုင်ရာ သတင်းကို မကွေးမြို့နယ် ပညာရေးဌာနတွင် သတင်း ရယူခဲ့ခြင်း အပေါ် မကွေးမြို့နယ် ပညာရေး ဌာနက ၀တ္တရား နှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့နှင့် တရားလို ပြုကာ သတင်း ရယူခဲ့သည့် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် တရားစွဲဆို ခဲ့သည်။

တရားစွဲဆိုပြီး တနှစ်ခွဲကျော် အကြာ ယခုနှစ် ဧပြီလ ၇ ရက်တွင် ကိုဇော်ဖေတို့ကို မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး DVB မြန်မာပိုင်း သတင်းဌာန တာဝန်ခံ ဦးတိုးဇော်လတ်က “ကျနော်တို့ကတော့ ကျနော်တို့ သတင်းထောက် အတွက် တိုင်းတရားရုံး အထိ အယူခံဝင်ထားတယ်၊ သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ မီဒီယာ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်၊ အဖမ်းခံရတဲ့ သတင်းသမားတွေ ချက်ချင်း လွှတ်ပေးဖို့ မီဒီယာသမားတွေ ကန့်ကွက် ဆန္ဒပြ ကြတယ်၊ အဲဒီကိစ္စတွေမှာလည်း ကျနော်တို့ ပူးပေါင်း ပါဝင် သွားမှာပါ၊ မီဒီယာ ဖိနှိပ်မှုတွေ ရပ်တံ့အောင် အားလုံးနဲ့ ကျနော်တို့ ပူးပေါင်းသွားမှာပါ”ဟု ပြောဆိုသည်။

လာမည့် မေလ ပထမပတ် အတွင်း မကွေးမြို့ရှိ သတင်းထောက်များ စုပေါင်းပြီး ဖမ်းဆီးခံ သတင်းထောက်များ လွှတ်ပေး ရေး အတွက် ဆန္ဒ ဖော်ထုတ်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

ဘင်္ဂါလီများ ထွက်ပြေးနေမှု အစိုးရ ကြပ်မတ်ရန် သတိပေး

ကြယ်ပြာ

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် ဘင်္ဂါလီများ ပြည်ပနိုင်ငံများသို့ စက်လှေဖြင့်ထွက် ခွာသွားနေကြခြင်းအပေါ် အစိုးရအနေဖြင့် ဥပဒေကြောင်းအရ ကိုင်တွယ်ဖြေရှင်း စိစစ်ပေးသင့်ပြီဟု ဘူး သီးတောင်မြို့နယ်မှ ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (လျှောက်ထားဆဲ) ဥက္ကဋ္ဌ ဘင်္ဂါ လီလူမျိုး ဦးအဘူဒါဟေးက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂၂ ရက်က ဘင်္ဂါလီဒုက္ခသည် ၄၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေသည် စစ်တွေမြို့မှ ထွက်ခွာလာရာ ဘင်္ဂလားပင်လယ်အတွင်းနစ်မြုပ်ခဲ့ရာတွင် တင်ဆောင်လာသော လူ ၁၁ ဦး၏အလောင်း များကိုသာ တွေ့ရှိခဲ့ပြီး ကျန်လူ ၃၀ ကျော် ပျောက်ဆုံးနေသောဖြစ်ရပ်နှင့်စပ်လျဉ်း၍ ပြောကြားခြင်း ဖြစ် သည်။

“ပင်လယ်ထဲမှာ လှေမှောက်လို့ သေကုန်တဲ့လူတွေနဲ့ မသေဘဲ နယ်ကျော်မှုနဲ့ အဖမ်းခံထားရတဲ့လူတွေလဲ အများကြီးပါ။ လူကုန်ကူးမှုဆိုတာတွေလဲ ဖြစ်လာနိုင်တယ်။ အစိုးရအနေနဲ့ ချက်ချင်းဖြေရှင်းပေး သင့်တယ်” ဟု ပြောသည်။

ထွက်ပြေးသူများတွင် ဒုက္ခသည်စခန်းများအတွင်းက ဘင်္ဂါလီများသာမက ဘင်္ဂါလီကျေးရွာများတွင် နေထိုင်သူများလည်း ပါဝင်ပြီး စစ်တွေမြို့မှ ငါးဖမ်းစက်လှေဖြင့် ပင်လယ်အတွင်းသို့ ၀င်ရောက်ပြီး ဘင်္ဂလားဒေ့ရှ်ရှေ့ဘက်သို့ ၀င်ရောက်ခြင်း သို့မဟုတ် ကျောက်တော်မြို့နှင့် မင်းပြားမြို့တို့မှတစ်ဆင့် တောင်များ ကိုဖြတ်သန်း၍ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာလေ့ရှိသည်။

မျှစ်ချိုးသည့်နေ့နှင့် ပလတ်စတစ် ခြေတုတဘက်

မြတ်စုမွန်

“တခါတည်း သေသွားဖို့ ဆုတောင်းတာ မရဘူး၊ ပြန်ကောင်းလာတယ်”

ခြေတုတပ်ထားရသည့် ညာဘက်ခြေထောက်ကို မြင်သာစေရန် လုံချည်အနားစအား လှစ်ပြရင်း ဒေါ်စိုးစိုးတယောက် အတိတ်ကို ပြန်ပြောင်း ပြောပြရန် အားယူလိုက်သည်။

“လွင့်ထွက်သွားတာလား ဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိဘူး၊ ခြေထောက်တဘက် ပြတ်နေတယ်ဆိုတာ ဆေးရုံရောက်မှ သိတယ်” ဟု သူက ပြောသည်။

၁၄ နှစ်အရွယ် အကြီးဆုံး သမီးလေးနှင့်အတူ သူနေထိုင်ကြီးပြင်းရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှ ၁ မိုင် ကျော်ကျော် သာ အကွာအဝေးရှိသော တောအစပ်သို့ မိသားစု ဟင်းစားရရန် မျှစ်များ သွားချိုးသည့်နေ့ကို သူကောင်းကောင်း မှတ်မိနေသေးသည်။

ထိုနေ့က သူ မြေမြှုပ်မိုင်း တလုံးကို တက်နင်းခဲ့မိလေသည်။ ခြေထောက်တွင် ဒဏ်ရာရ၍ ပစ်လဲကျသွားသည့် အချိန် သွေးရူး သွေးတန်း ဒယဥ့်တိုက်ဆွဲကာ ထိုနေရာမှ ရွှေ့နိုင်ရန် ကြိုးစားလိုက်သည်။

“မိုင်းထိတယ်ဆိုပြီး ရွှေ့ထိုင်လိုက်တော့ နောက်ထပ် မိုင်းတလုံးပေါ်ကို ထပ်ပြီး လက်ထောက်မိတယ်၊ လက်မနဲ့သာ ဖိမိလိုက်ရင် အဒေါ် အဲဒီနေရာမှာ ပွဲချင်းပြီးပဲ” ဟု ဒေါ်စိုးစိုးက အသက်ဘေးက လွတ်ခဲ့ပုံကို အနည်းငယ် စိတ်လှုပ်ရှားသည့် အမူအယာဖြင့် ပြန် ပြောပြသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲသဖြင့် ဒဏ်ရာရသွားသော မိခင်အား အချိန်မီ ကယ်တင်နိုင်ရေးအတွက် အိမ်နီးချင်းများကို အကူအညီ တောင်း ရန် တောစပ်မှ ဆင်းပြေးသွားသည့် သမီးဖြစ်သူအား ဘေးမသီ ရန်မခစေရန် သူ ဆုတောင်း ကျန်ခဲ့သည်။ သူ့ကို လာကူညီ မည့် သူများအတွက်လည်း အန္တရာယ်ကင်းစေရန် သူထပ်တလဲလဲ ဆုတောင်းနေမိသည်။

သို့သော် သူ၏ ဆုတောင်းကား မပြည့်ဝခဲ့။ ကူညီရန် လိုက်လာ သူများအနက် တဦးက ထိုတောစပ်၌ပင် မြေမြှုပ်မိုင်း ထိ၍ ညာ ဘက် ခြေထောက် ဆုံးရှုံးလိုက်ရသည်။ နာရီပိုင်းအတွင်း ပြည်တွင်းစစ် လက်ကျန် မြေမြှုပ်မိုင်း များကြောင့် သာမန်အရပ်သား ၂ ဦး ဓားစာခံ ဖြစ်ခဲ့ရသည်။

၂၀၀၇ ခုနှစ် မိုးဦးကျ ကာလ၏ နေ့တနေ့အကြောင်းကို ဒေါ်စိုးစိုးတယောက် အသံဝဲဝဲကလေးဖြင့် စီကာပတ်ကုံး ပြောပြသည်။ သူ သည် ဗမာအမျိုးသမီးတဦး ဖြစ်သော်လည်း ရေမြေကို လိုက်၍ထင်သည် သူ့အသံက ကရင်တိုင်းရင်းသူ တယောက်ကဲ့သို့ ခပ်ဝဲဝဲ ဖြစ်နေ၏။

“မိုင်းထိသွားပြီဆိုရင် အသည်းအသန် ခြံပေါင်၊ အိမ်ပေါင်နဲ့ ငွေပါမှ ကုလို့ရတယ်၊ ငွေမပါရင် ကုလို့မရဘူး၊ သွေးကတော့ အလကား ရတယ်၊ ကျန်တာတွေ ဘာမှ အလကား မရဘူး” ဟု စစ်ဘေးဒဏ်ခံ ပြည်သူများအတွက် အစိုးရ ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက် မှု အခြေအနေကို ဒေါ်စိုးစိုးက ပြောပြသည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကြေ ဒဏ်ရာရသူ စုစုပေါင်း ၃၂၄၂ ဦး ရှိကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီး ကာကွယ်ရေး အဖွဲ့(ICBL) ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် လွန်ခဲ့သည့် ၇ နှစ်တာအတွင်း ကောက်ယူထားသည့် စာရင်းများအရ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် သေကြေပျက်စီး မှု အများဆုံး နိုင်ငံများမှာ အာဖကန်နစ္စတန်၊ ကိုလံဘီယာ၊ မြန်မာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီယား နိုင်ငံများဖြစ်ကြောင်း ယင်းအစီရင် ခံစာ က ဆိုသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက မြေမြှုပ်မိုင်း အသုံးပြုမှု ကျဆင်းလျက် ရှိသော်လည်း အစိုးရ စစ်တပ်၏ မြေမြှုပ်မိုင်း အသုံးပြုမှုမှာမူ မြင့်တက်လာကြောင်း ICBL ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဒေါ်စိုးစိုးနှင့် သူ၏ ခင်ပွန်းတို့သည် ထိုကိန်းဂဏန်းများတွင် ပါဝင်သော စစ်၏ သားကောင်များ ဖြစ်လေသည်။

“အဒေါ့် ယောက်ျားလည်း သူများကို သွားကူညီရင်း မိုင်းထိထားတာလေ၊ ဒါပေမယ့် ပြတ်မသွားဘူး၊ ခြေထောက်ကြီးက နဲ့ပြီး နာနေ တယ်၊ တောတွေ တောင်တွေတက်ပြီး အလုပ်မလုပ် နိုင်တော့ဘူး” ဟု ဒေါ်စိုးစိုးက ပြောပြသည်။

သို့သော် သူတို့ နင်းမိခဲ့သည့် မိုင်းသည် မည်သူထောင်သည့် မိုင်းဖြစ်သည်ကို ဒေါ်စိုးစိုး စိတ်မဝင်စား။ အစိုးရ စစ်တပ်ကြောင့်ဖြစ် စေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြောင့်ဖြစ်စေ လက်တွေ့ဘဝတွင် သူ၏ခြေတဘက် ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်သည်။ လက်ရှိ တပ်ဆင်ထားသည့် ပလတ်စတစ်ခြေတု တဘက်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့မှ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ထိုခြေတုတဘက်ရရန်ပင် ကရင်ပြည်နယ် ဘားအံမြို့သို့ သွားခဲ့ရသည်။

မြေမြှုပ်မိုင်းသည် ဒေါ်စိုးစိုး၏ ညာခြေတဘက် ဆုံးရှူံးခဲ့ရရုံ သာမက အရွယ်မရောက်သေးသည့် ကလေးငယ်များကိုလည်း ကျောင်း ပညာရေးနှင့် ဝေးစေခဲ့သည်။ စီးပွားရေး အဆင်မပြေသဖြင့် သားသမီး ၅ ဦးအနက် ၃ ဦးကို အိမ်အတွက် ကူဖော်လောင်ဖက် ရစေ ရန် ကျောင်းထုတ်ခဲ့ရသည်။ လက်ရှိတွင် ၆ တန်းကျောင်းသား တယောက်နှင့် ပထမတန်း ကျောင်းသားများဖြစ်သည့် သားအငယ် လေး ၂ ဦးကိုသာ ကျောင်းထားနိုင်သည်။

သို့သော် အတန်းပညာ မြင့်လာ၍ ပညာရေး ကုန်ကျစရိတ် မြင့်လာပါက ထိုကလေးများအား ကျောင်းဆက် ထားနိုင်၊ မထားနိုင် ဆိုသည်က မသေချာသေးပေ။

“ကျောင်းလည်း အများကြီး မထားနိုင်ပါဘူး၊ မိန်းကလေးတွေကျတော့ အိမ်မှာ ကူဖော်လောင်ဖက်လုပ်တယ်၊ ပညာမတတ်တော့ သူများဆီမှာ နေ့စားလုပ်ရတယ်၊ ကျောင်းပေးမတက်နိုင်ဘူး”ဟု ဒေါ်စိုးစိုးက ပြောပြသည်။

ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အစိုးရစစ်တပ်တို့ တိုက်ခိုက်နေစဉ် ရိက္ခာများသယ်ရန် အစိုးရ စစ်တပ်၏ ပေါ်တာ ဆွဲခြင်း ခံခဲ့ရသည့် ကာလများကို ဒေါ်စိုးစိုး ဘယ်တော့မှ မေ့မည်မထင်။ ပြည်တွင်းစစ်၏ သဘော သဘာဝအတိုင်း အစိုးရ စစ်တပ် ၏ ဒဏ်ကို ခံစားခဲ့ရသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် တပ်များ၏ ဒဏ်ကိုလည်း ခံစားခဲ့ရသည်။

စစ်ကြောင့် ခံစားရသည့် စိတ်မလုံခြုံမှုများသည်လည်း ဒေါ်စိုးစိုးတို့၏ ဘဝများကို နှစ်ပေါင်းများစွာ ရိုက်ခတ်ခဲ့သည်။

ပြည်တွင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ၏ အောင်မြင်မှုလေလား၊ ဒေါ်စိုးစိုး တယောက် မသေချာလှသော်လည်း ယခုနောက်ပိုင်း ကာလများတွင် ပစ်ခတ်သံများ မရှိတော့ဟု ပြောနိုင်နေပြီဖြစ်သည်။ နှစ်ဘက်တပ်များမှ စစ်သားများကလည်း နယ်မြေတခုတည်းတွင် လွတ်လွတ်လပ်ပင် သွားလာလျက် ရှိကြသည်ကို မြင်လာရသည်။ ယခင်က နှစ်ဘက်တပ်များထံ အခွန် အခ များ ပေးဆောင်ရသော်လည်း ယခုနောက်ပိုင်းတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ အခွန်ကောက်ခံခြင်း မရှိတော့ကြောင်း ဒေါ်စိုးစိုးက ပြောသည်။

“အရင်ကဆို ပြည်သူ့စစ်လည်း ပေးရတယ်” ဟု သူက ဆိုသည်။

“ဒညင်းသီး မခူးရဘူးဆိုတာ သွားခူးရင် ရိုက်ထုတ်တာလောက်ပဲ ရှိတယ်၊ ဟိုတုန်းကလို မသတ်တော့ဘူး၊ ဟိုတုန်းက တအား သတ်တယ်၊ ကျောက်ကြီးမြို့မှာ ရပ်ကွက် တခုတည်းတင် အယောက် ၅၀ လောက် သေသွားဖူးတယ်၊ ၁၀ ယောက် တဖွဲ့၊ ၁၂ ယောက် ၁၆ ယောက် တဖွဲ့၊ အဲဒီလို အသတ်ခံရတာ၊ သူတို့နယ်မြေထဲမှာ ခူးလို့ဆိုပြီး အသတ်ခံရတာ” ဟု အတိတ်က အတွေ့အကြုံများကို ဒေါ်စိုးစိုးက လေသံခပ်တိုးတိုးဖြင့် ပြောပြသည်။

အလားတူ သစ်ဥသစ်ဖုနှင့် ဟင်းစားရှာဖွေရန် တောထဲတောင်ထဲသို့ သွားလာမှုများ ရှိကြသော်လည်း ယခင်ကာလများကလောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှု မကြုံကြရတော့သည်က ဒေါ်စိုးစိုးတို့အတွက် အပြောင်းအလဲ တခုဟု ဆိုရမည်။

သို့သော် လူထိခိုက်မှု နည်းပါးသည့် ပေါက်ကွဲမှုများကတော့ ရှိမြဲ၊ ရှိနေဆဲပင် ဖြစ်သည်။

သူက “အခုနောက်ပိုင်း မိုင်း လျော့သွားတယ်၊ ဒါပေမယ့် အကြွင်းအကျန် တွေကတော့ ပေါက်တုန်းပဲ၊ မိုင်းထိတာက အမျိုးသား တွေ များတယ်၊ ဆေးရုံတွေမှာ မရောက်ဘူး ဆိုရင်တောင် ၁ နှစ်ကို ၁ ယောက် ၂ ယောက်လောက် ရောက်တယ်၊ အရင်တုန်းက လောက်တော့ မရောက်ဘူး၊ အရင်တုန်းက ဆိုရင်တော့ အများကြီးပဲ”ဟု နှိုင်းယှဉ် ပြောသည်။

ထိုအပြောင်းအလဲ ကာလသည် ဒေါ်စိုးစိုးတို့ ဘဝအတွက် ပြန်လည်ထူထောင်ရေး ကာလအခြေအနေသို့ အခုတိုင် မတိုးတက်နိုင် သေးသည်ကို သူ့စိတ်ထဲတွင် အားမလိုအားမရ ဖြစ်နေသည်။

“စစ်ဘေးစစ်ဒဏ်ကို ခံစားခဲ့ရတယ်၊ အခုချိန်အထိ ဘာမှ မပြောင်းလဲသေးဘူး၊ ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း ငွေရှိမှ ဆေးရုံသွား၊ ငွေမရှိရင် မရဘူး၊ ကျောင်းပညာရေးကလည်း ငွေရှိမှ ကျောင်းထား၊ ငွေမရှိလို့ ကျောင်းမထားနိုင်တဲ့ ဆင်းရဲသား ကလေးတွေ အများကြီးပဲ၊ ၇ နှစ် ၈ နှစ် အရွယ်တောင် ကျောင်းမတက်တာ အများကြီးရှိတယ်” ဟုလည်း သူက ပြောဆိုသည်။

ပြည်တွင်းစစ် ဒဏ်ကို နှစ်ကာလ ကြာရှည်စွာ ခံစားခဲ့ရသည့် သူတို့အတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများနှင့် ပညာရေး ပံ့ပိုးမှုများ လိုအပ်နေသော်လည်း လက်ရှိ အချိန်တွင် မည်သည့် အဖွဲ့အစည်း ထံကမျှ အကူအညီ မရရှိသေးပေ။

“ငြိမ်းချမ်းရေးပဲ လိုချင်တယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးစေချင်တယ်၊ အသက်မွေးဝမ်းကျောင်း ပညာလေးတွေ သင် ပေးစေချင်တယ်၊ စာမတတ်တော့လည်း စာမတတ်တဲ့လူအတွက် အလုပ်တခုခုပေါ့” ဟု ဒေါ်စိုးစိုးက ဆက်ပြောသည်။

အလားတူ အရေးတကြီး လိုအပ်နေသော အခြားအရာတခုမှာ စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှု ဖြစ်သည်ဟုလည်း သူက ထင်မြင် သည်။

“ဒီလိုဖြစ်နေတာတွေကို ဖွံ့ဖြိုးရေးတွေ လုပ်ဖို့က အစိုးရတင် မဟုတ်ဘူး၊ KNU(ကရင်အမျိုးသား အစည်းအရုံး)မှာလည်း လုပ်ပေးဖို့ တာဝန်ရှိ တယ်လို့ ထင်ပါတယ်၊ သူတို့တွေ လုပ်ခဲ့လို့ ဖြစ်ခဲ့ရတာတွေလေ၊ အစိုးရဘက်ကလုပ်လို့ ထိခိုက်တာတွေလည်း ရှိတော့ အားလုံး ပါဝင်သင့်တယ်လို့ ထင်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

တတိယတန်း အထိသာ တက်ဖူးပြီး ရေးတတ်၊ ဖတ်တတ်လောက်သာ ပညာတတ်သည့် ဒေါ်စိုးစိုးက ရေဒီယို အသံလွှင့် အစီအစဉ် များကို ပုံမှန်နားထောင်သည်ဟုလည်း ဆိုသည်။

နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ပြီး လက်ရှိအချိန်ထိ ငြိမ်းချမ်းရေး ဆိုသည်မှာလည်း မရေရာသေးသည့် အချိန် တွင် သူစိတ်ဝင်တစား နားစွင့်မိသည်မှာ စားပွဲဝိုင်းများပေါ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကြောင်းပင် ဖြစ်သည်။

“အစိုးရနဲ့ လက်နက်ကိုင်တွေ ဆွေးနွေးနေတယ် ဆိုတာကို ရေဒီယိုမှာ ကြားပါတယ်၊ အဖွဲ့အစည်းတွေက လာပြောတာတွေ မရှိဘူး။ ရေဒီယိုနားထောင်လို့ သိလို့ ပြန်ပြောပြရင်တောင်မှပဲ အဲဒီစကားတွေ မပြောနဲ့၊ ရေဒီယို အကျယ်ကြီး နားမထောင်နဲ့ဆိုပြီး အချင်းချင်း ပြောကြတယ်၊ မသက်ဆိုင်ဘဲ နားထောင်တယ်၊ ပြဿနာတက်မယ် ဆိုတာမျိုးပေါ့”ဟု ဒေါ်စိုးစိုးက ပြောပြသည်။

ပြည်တွင်းစစ် ဖြစ်နေချိန်၊ တိုက်ပွဲများ၊ ပစ်ခတ်သံများကြားတွင် အသက်ရှင် နေထိုင်ခဲ့ရသည့် ကာလ ကျော်လွန်ခဲ့ပြီး ယခု အပစ် အခတ် ရပ်စဲထားသည့် ကာလ၊ ခေါင်းဆောင်များ ဆွေးနွေးနေဆဲ ကာလပင်လျှင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

တချို့ တိုင်းရင်းသား လက်နက်ကိုင် တပ်များဆိုလျှင် အပစ်အခတ် ရပ်စဲရုံသာမက နယ်ခြားစောင့်တပ် အဖြစ်ပင် အသွင်ပြောင်း ၍ စီးပွားရေး လုပ်ငန်းကောင်းများဖြင့် ဝင်ငွေကောင်းနေကြပြီ ဖြစ်သည်။ ယခင်က တိုက်ပွဲနယ်မြေ တချို့တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ၊ သဘာဝ သယံဇာတ တူးဖော်မည့် လုပ်ငန်းများက လုပ်ငန်းစတင် လုပ်ကိုင်ရန် တာစူလျက် ရှိသည်။

သို့သော် မုန်တိုင်း ပြီးဆုံးသွားချိန်တွင် လေပြေလေအေးများ တိုက်ခတ်မြဲဆိုသည့် စကားသည် ဒေါ်စိုးစိုးတို့လို စစ်ဘေးဒဏ်ခံ သာမန် အရပ်သားများ အတွက်မူ လက်တွေ့မကျသေး ဟုပင် ဆိုနိုင်သည်။

ကျောက်ကြီးမြို့ပေါ်နှင့် အလှမ်းဝေးလှသော ကျေးရွာများရှိ ဆွေမျိုးသားချင်းများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးခိုလှုံ နေကြသည်မှာလည်း ယနေ့တိုင်ပင် ဖြစ်သည်။ စစ်အသုံးစရိတ်များ၊ ငြိမ်းချမ်းရေး အသုံးစရိတ်များက ဗုံးပေါလအောဖြစ်နေသလောက် စစ်အတွင်း နစ်နာခဲ့ရသူများ၊ အသက်အိုးအိမ် စည်းစိမ် ထိခိုက်နစ်နာခဲ့သူများကို မည်သူက ပြန်လည် ထူထောင်ပေးမည် ဆိုသည်ကလည်း အခုအချိန်အထိ မသေချာလှသေး။

စစ်၏ ဘေးထွက်ဆိုးကျိုးများ ဒဏ်ကို ထုသားပေသား ကျနေပုံပေါ်သည့် ဒေါ်စိုးစိုး တယောက် ခြေနှစ်ဘက်လုံး အကောင်းပကတိ မရှိတော့သည့်နောက်တွင် မူလက လုပ်ကိုင်ခဲ့သည့် ကျပန်း အလုပ်များကို မလုပ်နိုင်တော့ဘဲ ကလေးများနှင့် အိမ်မွေး တိရစ္ဆာန် ကလေးများကို ပြုစုစောင့်ရှောက်ရင်း စိတ်ဒုံးဒုံးချနိုင်သော ငြိမ်းချမ်းရေးကိုသာ တောင့်တ နေမိလေသည်။ ။

မန္တလေးမြို့မှာ ဟံသာဝတီဦးဝင်းတင် အမှတ်တရကျောက်စာတိုင် စီစဉ်

DVB

ရှမ်း တောင်၊ မြောက် တပ်မတော်နှစ်ခု ပူးပေါင်းရေး ခေါင်းဆောင်များညှိနှိုင်းနေ

ဟင်္သာနီ (မွန်မြေ)

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတပ်မတော်နှစ်ခု ပူးပေါင်းနိုင်ရေး ရှမ်းပြည်သူလူထုများနှင့် ရှမ်း သံဃာတော်များက တောင်းဆိုထားသည့်အပေါ် ညှိနှိုင်းမှုများလုပ်ဆောင်နေသည်ဟု နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။

“တစ်သွေးတစ်သံ တစ်မိန့်တည်းနဲ့ သွားဖို့ဆိုတာက ချက်ချင်းလက်ငင်းကြီးတော့ မလွယ်ဘူးလေ။ ပြည်သူလူထုနဲ့ သံဃာတော်တွေရဲ့ တောင်းဆိုချက်အတိုင်း ဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားညှိနှိုင်းနေ တယ်”ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဒုတိယဗိုလ်မှူးကြီးစိုင်းလှ က ဧပြီလ ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ထို့အတူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးဆိုင်းလောင်းစိုင်ကလည်း “ဆန္ဒအတိုင်းသာ ဆောင်ရွက်ပါ့မယ်လို့ ပြည်သူတွေကို ပြောထားတယ်။ ပြည်သူ့ ဆန္ဒနဲ့အညီဖြစ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဆောင်ရွက်ဖို့လည်း ကျွန်တော်တို့ စီစဉ်ထားတဲ့ကိစ္စတွေရှိတယ်” ဟု ဆိုသည်။

ရှမ်းပြည်တပ်မတော်အား ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်၏ မဟာဒေ၀ီ စ၀်မယ့်နန်းဟိန်းခမ်းမှ ဦးစီးဦးဆောင်ပြုကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA)၊ ညီညွတ်သော ရှမ်းအမျိုးသားတပ်ပေါင်း စု (SNUF)၊ ကိုးကန့်တော်လှန်ရေးတပ်မတော် (KRF)၊ ရှမ်းပြည်ညီညွတ်ရေးတပ်မတော် (SUA) တို့ပါဝင် ခဲ့သည်။

ထို့နောက်တွင် ရှမ်းပြည်တပ်မတော်အတွင်း ကွန်မြူနစ်ဝါဒကို ထောက်ခံသည့်အုပ်စုနှင့် ဆန့်ကျင်သည့် အုပ်စုဟူ၍ နှစ်ခြမ်းကွဲကာ ထောက်ခံသည့်အုပ်စုမှ လက်ရှိ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၏ ခေါင်း ဆောင်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးပန်ဖက SSPP/SSA ကို တည်ထောင်ခဲ့သည်။ လက်မခံသည့်အဖွဲ့ က SURA အဖွဲ့အား တည်ထောင်ခဲ့သည်။ SURA နှင့် ရှမ်းပြည်ညီညွတ်ရေးတပ်မတော်(SUA)တို့ တစ် ဖန် ပြန်လည်ပေါင်းစည်းကာ မွန်တိုင်းအာမီ (MTA) အဖြစ်သို့ ၁၉၈၅ ခုနှစ်၊ ဧပြီလတွင် ပြောင်းလဲဖွဲ့စည်း ခဲ့သည်။

၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလ၌ ခွန်ဆာဦးဆောင်သည့် (MTA) အဖွဲ့မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီထံ၌ လက်နက်ချသည်ကို လက်မခံသည့် ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်နှင့် အင်အား၁၀၀၀ ခန့်တို့က RCSS/SSA အား ပြန်လည်စုဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်တပ်မတော်အား စတင်ဖွဲ့စည်းစဉ် ပါဝင်ခဲ့သူများအနက် SSPP/SSA နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်တစ်ဦးသာ ယနေ့အထိ သက်ရှိထင်ရှား ကျန်လျက်ရှိသည်။

ဘန်ကောက်တွင် မြန်မာအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ

နန်းမြနဒီ

ထိုင်းနိုင်ငံ ဘန်ကောက်က ညဈေးတန်းတခုမှာ မြန်မာအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဧပြီ ၂၈ ရက် ည ၇ နာရီကျော်အချိန်က ဆာထောင်းန်မြို့နယ် ပတူနမ့် ညဈေးမှာ အရပ်ဝတ်ရဲတွေက ၀င်ရောက်လာပြီး အလုပ်သမားတွေကို ဖမ်းဆီးတဲ့အတွက် မောင်ဖြစ်သူ ကျော်နိုင်ဦးနဲ့အတူ အခြား မြန်မာအလုပ်သမား စုစုပေါင်း ၁၂ ဦး အဖမ်းခံခဲ့ရတယ်လို့ မချယ်ရီက ဒီဗွီဘီကို ပြောပါတယ်။

“တယောက်စီ ၀င်ဖမ်းတာ။ တောက်လျှောက်ဖမ်းတာ။ အကုန်လုံး ၁၂ ယောက်လောက် ပါသွားတယ်။ ကျမမောင်လေးကိုတော့ ဆိုင်ထဲဝင်လာပြီး ကုပ်ကို ဖမ်းဆွဲတယ်။ ပြီးတော့ မင်းဗမာလားပေါ့ဆိုပြီးတော့ ဖမ်းသွားတာ။ ဘာမှ စကားတွေ၊ ဘာတွေ ပေးမပြောဘူးတဲ့။ လက်တဖက်ကို အနောက်ကို လိမ်ထားပြီးတော့ ကုပ်ကို ဆွဲပြီး ခေါ်သွားတာ။ ရဲဝတ်စုံနဲ့ မဟုတ်ဘူး။ တခါတည်း သူတို့စခန်း ခေါ်သွားတယ်။ သူ့အလုပ်ရှင် သူဌေးမက လိုက်သွားတော့ ရုံးတင်လိုက်ပြီလို့ ပြောတယ်။ ညက ချက်ချင်းထုတ်ချင်ရင် ၂ သောင်း ပေးရမယ်” လို့ ပြောပါတယ်။

ထိုင်းရဲက တောင်းတဲ့ငွေ ၂ သောင်းဟာ သူတို့အတွက် သိပ်များလွန်းတဲ့အတွက် မတတ်နိုင်လို့ မထုတ်ခဲ့ကြောင်း၊ တရားရုံးတက်ပြီး အာမခံနဲ့ ပြန်ထွက်လာမယ်ဆိုရင်တော့ ၁ ထောင်ကျော်ပဲ ကုန်မယ်လို့ ပြောကြတဲ့အတွက် မောင်ဖြစ်သူကို ရဲစခန်းမှာပဲ ထားခဲ့ရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ အဖမ်းခံရကြောင်း ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြားရာမှာတော့ စခန်းရောက်ပြီးတဲ့ကိစ္စ ဘာမှမတတ်နိုင်ကြောင်း၊ အခြား လိုအပ်တဲ့ ထောက်ခံစာတွေတော့ ထုတ်ပေးနိုင်ကြောင်း တာဝန်ရှိသူက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆာထောင်းန်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲဝန်ထမ်းတဦးက ခုလို ဖြေကြားခဲ့ပါတယ်။

“မနေ့ညက ဖမ်းထားတာ ရှိပါတယ်။ ၃ – ၄ ဦးက ပတ်စပို့ပဲ ရှိပြီး အလုပ်သမားကတ် မရှိဘူး။ တချို့က ဈေးရောင်းခွင့်မရှိဘဲနဲ့ ရောင်းနေတာ။ လက်မှတ်ထဲ ခွင့်ပြုတဲ့ အလုပ်ကို မလုပ်ဘူး။ ၂ သောင်းကောက်တဲ့ကိစ္စတော့ ကျနော်တို့လည်း မသိပါဘူး။ သွားဖမ်းတဲ့ရဲပေါ် မူတည်ပါတယ်။ ကျနော်တို့တာဝန်က စခန်းကို ရောက်လာရင် အမှုဖွင့်မယ်၊ တရားရုံးတင်မယ်၊ ပတ်စပို့ပဲ ရှိပြီး အလုပ်သမားကတ် မရှိရင် ဗီဇာရုပ်သိမ်းပြီး နယ်စပ်ပြန်ပို့၊ အလုပ်သမားကတ်မှာ ဖော်ပြတဲ့အတိုင်း အလုပ်အကိုင်၊ နေရာနဲ့ အလုပ်ရှင်တွေ မှားယွင်းလွဲချော်ရင်တော့ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး ပြန်လွှတ်တယ် အဲဒါပါပဲ” လို့ ရှင်းပြပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့တော့ အခုလို တရားမ၀င်အလုပ်သမားတွေကို ၀င်ရောက် စစ်ဆေးဖမ်းဆီးတာဟာ အလုပ်သမားရှာဖွေရေးရုံးရဲ့ တောင်းဆိုချက်အရ အခါအားလျော်စွာ ၀င်ရောက် စစ်ဆေးရကြောင်း တာဝန်ကျရဲဝန်ထမ်းက ပြောသွားပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေဟာ ရုံးတင်စစ်ဆေးခံရတယ်ဆိုရင် ရုံးချိန်းရက်ပေါ် မူတည်ပြီး အချုပ်ခန်းထဲ ကြာကြာနေရမှာ စိုးတဲ့အတွက် တတ်နိုင်သူတွေကတော့ ပြင်ပမှာပဲ ရဲနဲ့ ညှိနှိုင်းပြီး ပြန်လွှတ်လာလေ့ ရှိပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်က အလုပ်သမားတွေ တရားဝင်အနေနဲ့ရော၊ တရားမ၀င်အနေနဲ့ပါ စုစုပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ April,30th,2014

( 50 )အစိုးရနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့ NCCT ဆုံးဖြတ်

( 49 )သတင်းထောက်အားလုံး လွတ်မြောက်ရေး ဆူးလေဘုရားမှာ ဆုတောင်း

( 48 )ရေနံချက်စက်ရုံစီမံကိန်း ရုပ်သိမ်းရေး လောင်းလုံဒေသ ခံတွေ တောင်းဆို ဆန္ဒပြ

( 47 )လုပ်ငန်းပမာဏ အကြီးမားဆုံး မြန်မာကုမ္ပဏီ ထက်ဝက်နီးပါး ၀က်ဘ်ဆိုဒ်မရှိသေး

( 46 )ပြည်သူ့သံတမန်ရေးရာ ကန်-ဒုဝန်ကြီး မြန်မာ့မီဒီယာလွတ်လပ်ခွင့် တိုးတက်ရေး တိုက်တွန်း

( 45 )ပဋိပက္ခတွေ ဖြေရှင်းရေး ကျောက်ဖြူ ညီလာခံမှာ ဆွေးနွေး

( 44 )ရွှေဈေးနှုန်း ဆက်လက်ကျဆင်းဖွယ်ရှိ

( 43 )ဓာတုလက်နက်တားဆီးရေး မြန်မာအပြည့်အ၀ပူးပေါင်းဖို့ ကုလတိုက်တွန်း

( 42 )စဥ့်ကိုင်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခေါင်းဆောင် ၅ ဦးကို တရားစွဲဆို

( 41 )ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာမျက်နှာစာတွင် ထိခိုက်ဟု ဒုသမ္မတပြော

( 40 )မြန်မာ့သတင်းလွတ်လပ်ခွင့် နိမ့်ကျနေဆဲ

( 39 )ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာ အန်ဂျီအိုတွေ ကူညီထောက်ပံ့ရေး ဆွေးနွေး

( 38 )အန်စီစီတီ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး နိုင်ဟံသာကို မေးမြန်းချက်

( 37 )အပစ်ရပ်ရေးဆွေးနွေးပွဲ ပြန်သုံးသပ်ဖို့ KIO ကမ်းလှမ်း

( 36 )မန္တလေးဟောပြောပွဲ ဒေါ်အောင် ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ တက်ရောက်မည်

( 35 )စစ်ရေးနှင့် ပြဿ နာဖြေရှင်းမှု ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ကေအန်ယူ ဆန့်ကျင်

( 34 )အပစ်ရပ်ရေးဆက်ဆွေးနွေးဖို့ တိုင်းရင်းခေါင်းဆောင်တွေ ဆုံးဖြတ်

( 33 )America’s Indian Ocean Bases, US Geneva Resolution, British way of subverting justice and Cameron’s Hypocrisy

( 32 )အမျိုးသားပညာရေး ဥပဒေမူကြမ်း ဗကသ ကန့်ကွက်

( 31 )Introducing Sule Shangri-La, Yangon

( 30 )INGO အခန်းကဏ္ဍ ရခိုင်အမျိုးသားညီလာခံ အသိအမှတ်ပြု

( 29 )U.S. lawmakers press Obama administration on human trafficking

( 28 )NGO များအတွက် ဥပဒေပြဋ္ဌာန်းကာ ကူညီခွင့်ပြုရန် ရခိုင်ညီလာခံတွင် ဆွေးနွေး

( 27 )Arakan Unrest May Tarnish Burma’s Image

( 26 )Traders Hotel Yangon ကို Sule Shangri-La Yangon အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်

( 25 )Kachin Rebels Requests Ceasefire Meeting After Recent Clashes

( 24 )လုပ်ငန်းရှင်များအား မျှတသည့်ကာကွယ်မှုပေးရန် အရည်အသွေးနှင့် လုံခြုံမှုဆိုင်ရာ ဥပဒေများရေးဆွဲနေ

( 23 )Villagers in Southern Burma Protest Against Chinese-Backed Oil Refinery

( 22 )မြန်မာ့စီးပွားရေး အခွင့်အလမ်းပေါ်ထွန်းချိန် ရောက်ရှိဟု သုတေသီများဆို

( 21 )‘Majority’ oppose cement factory in Hpa-an

( 20 )တနိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အချက်အလက်များ ဆွေးနွေးပွဲ ဒုတိယနေ့

( 19 )A DJ Returns to Mix Things Up in Burma

( 18 )ငြိမ်းချမ်းရေးကော်မတီနှင့် မေ ၁၀ ရက်နေ့ ဆွေးနွေးရန် ဆန္ဒရှိဟု ကေအိုင်အိုပြော

( 17 )Through Win Tin’s Looking Glass

( 16 )ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး မကွေးမြို့တွင် ဆန္ဒထုတ်ဖော်မည်

( 15 )Unity journalists’ lawyer objects to court procedure

( 14 )တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ မေလတွင် ပြုလုပ်နိုင်မည်

( 13 )A major US-funded poll finds that Myanmar’s people adore their vicious military

( 12 )လယ်မြေပြဿနာများ ရှေ့လမကုန် မီ ဖြေရှင်းဖို့ သူရဦးရွှေမန်းပြော

( 11 )Myanmar worker jailed 15 months for biting off chunk of colleague's ear

( 10 )ရခိုင်ပြည်နယ် သန်းခေါင်စာရင်း တချို့ ပြန်ကောက်ရေး ဆွေးနွေး

( 9 )Ethnic leaders discuss ceasefire in Chiang Mai

( 8 )INGO အခန်းကဏ္ဍ ရခိုင်အမျိုးသားညီလာခံ အသိအမှတ်ပြု

( 7 )KIO proposes restarting peace talks

( 6 )အမေရိကန် ချစ်ကြည်ရေးအဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်

( 5 )Health Crisis in Arakan after Aid Groups Forced Out

( 4 )ရန်ကုန်ဆေးရုံကြီး ပြုပြင်ရေး ဗြိတိသျှနည်းပညာနဲ့ လုပ်မည်

( 3 )ဖိလစ်ပိုင်ဆန်တင်ဒါ မြန်မာ ထပ်မံယှဉ်ပြိုင်မည်

( 2 )အမေရိကန်အထူးသံ Andrew O’Brien နဲ့အဖွဲ့ မြန်မာပြည်သွားမည်

( 1 )ကျေးလက်ထုတ်ကုန်တိုးမြှင့်ရေး အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ရန် လိုအပ်ဟုဆို