Monday, June 30, 2014

ရခိုင်စာသင်ကြားရေး ထောက်ပံ့ငွေများ ဂွမြို့နယ်တွင် ဖြတ်တောက်ခံရဟုဆို

နိရဉ္စရာ

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ရခိုင်စာပေ သင်ကြားရေး အတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးက ဖြတ်တောက်နေသည်ဟု အမည်မဖေါ်လိုသူ ကျောင်းအုပ်ဆရာကြီး တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ ဒီနေ့ဘဲ ရခိုင်စာသင်ကြားရေးအတွက် တစ်လကို သုံးသောင်းနုန်းနဲ့(၃) လအတွက် ကျပ်ငွေ ၉၀၀၀၀ စီ ကျောင်းဆရာတစ်ဦးစီကို ထုတ်ပေးပါတယ်။ အဲသလို ထုတ်ပေးတဲ့ နေရာမှာ ၁၅၀၀၀ ကျပ်ကို မြို့နယ် ပညာရေးမှူးရုံးက ဖြတ်ယူထားပါတယ်” ဟု သူက ဆိုသည်။

၎င်းငွေများမှာ လွန်ခဲ့သော (၃) လအတွက် ထုတ်ပေးသော ငွေဖြစ်သည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့ ဂွမြို့နယ်က ရခိုင်စာသင်ကြားပေးဖို့ ကတိပြုထားတဲ့ ဆရာ- ဆရာမ ၁၂၀ ဦးကို သုံးလစာထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီလအတွက်တော့ မပါဘူး။ လွန်ခဲ့တဲ့ ကျောင်းပိတ်တဲ့ (၃) လ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။

နိရဉ္စရာမှ ဂွ မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ မြို့နယ် ပညာရေးမှူးက ယခုလို ပြောကြားသည်။

“ ကျွန်တော်တို့ မကြားသေးဘူး။ ငွေထုတ်ပေးဖို့ ပြောထားတဲ့ ရုံးက စာရေး နှစ်ဦးကို မေးကြည့်ပါမယ်။ စစ်တွေက ငွေလွှဲတဲ့အခါ ကုန်ကျတာလေးတွေတော့ နည်းနည်းရှိပါတယ်။ ဒါပေမယ့် ဒီလောက်တော့ မများနိုင်ပါဘူး” ဟု ဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြေပြေလည်လည် ဖြေရှင်းပေးသွားမည်ဟု ဆိုသည်။

နွေရာသီ (၃) လတွင် ဂွမြို့နယ်တွင် ဆရာ- ဆရာမများ အနေဖြင့် ရခိုင်စာကို သင်ကြားနိုင်ခြင်း မရှိခဲ့သော်လည်း နိုင်ငံတော်က ရခိုင်စာသင်ကြားရေးအတွက်ဟု ဆိုကာ သုံးလအတွက် ကျပ်ငွေ (၉၀၀၀၀) ကျစီကို ဆရာ ဆရာမ တစ်ဦးစီသို့ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

အလားတူ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်လည်း ရခိုင်စာပေ သင်ကြားရေးအတွက် ကျောင်းဆရာများသို့ ထောက်ပံ့ငွေများ ဖြတ်တောက်ခံရမူများ ရှိခဲ့သဖြင့် နိရဉ္စရာသို့ ဆရာများက သတင်းပို့ တိုင်ကြားခဲ့ဖူးသည်။

ဗိုလ်ချုပ် မောင်မောင်အုန်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာဖို့ရှိ

ABC

မြန်မာသမ္မတ ​ဦးသိန်းစိန်က ​ဗိုလ်ချုပ်မောင်မောင်အုန်းကို ​ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ​ခန့်အပ်ဖို့ ​အဆိုတင်သွင်းခဲ့ရာမှာ ​ကန့်ကွက်မယ့် ​လွှတ်တော်အမတ်တွေ ​မရှိတဲ့အတွက် ​ဗိုလ်ချုပ်မောင်မောင်အုန်းက ​ရခိုင်ပြည်နယ် ​ဝန်ကြီးချုပ် ​ဖြစ်လာမှာ ​ဖြစ်ပါတယ်။

ဇွန်လ(၂၅)ရက်နေ့က ​ပြုလုပ်ခဲ့တဲ့ ​ရခိုင်ပြည်နယ် ​လွှတ်တော်အရေးပေါ် ​အစည်းအဝေးမှာ ​ဗိုလ်ချုပ်မောင်မောင်အုန်းကို ​ကန့်ကွက်လိုသူတွေအနေနဲ့ ​ ဇွန်လ(၂၇)ရက်နေ့ ​နောက်ဆုံးထားပြီး ​ကန့်ကွက်ရမှာဖြစ်ပေမယ့် ​ကန့်ကွက်သူမရှိခဲ့ပါဘူး။ 

ဇွန်လ(၃၀)ရက် ​ဒီကနေ့မှာ ​ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပမှာဖြစ်ပြီး ​ဗိုလ်ချုပ်မောင်မောင်အုန်းကို ​ပြည်နယ်ဝန်ကြီးချုပ်ရာထူးခန့်အပ်မှာဖြစ်ပါတယ်။

ရခိုင်လူထုအချို့က ​ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ​ဗိုလ်ချုပ်မောင်မောင်အုန်းအစား ​ရခိုင်တိုင်းရင်းသားတစ်ဦးဦးကို ​ပေးဖို့ ​တောင်းဆိုတာတွေရှိခဲ့ပေမယ့် ​ရခိုင်ပြည်နယ် ​လွှတ်တော် ​ကိုယ်စားလှယ်တွေက ​ကန့်ကွက်မှုတွေ ​မလုပ်ခဲ့တာ ​ဖြစ်ပါတယ်။

သမ္မတအနေနဲ့ ​ပြည်နယ်ဝန်ကြီးချုပ် ​တိုက်ရိုက်ခန့်အပ်ပိုင်ခွင့်ရှိတယ်လို့ ​အခြေခံဥပဒေမှာ ​ပါရှိထားတဲ့အတွက် ​ကန့်ကွက်လို့မရတဲ့အကြောင်း ​ကျောက်ဖြူမြို့နယ် ​မဲဆန္ဒ ​အမှတ်(၂) ​က ​ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ​ဦးကျော်လွင်ကပြောပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းကတော့ ​၂၀၁၅ ​ခုနှစ် ​ရွေးကောက်ပွဲမတိုင်ခင် ​တာဝန်ထမ်းဆောင်ခြင်းသာဖြစ်ပြီး ​အဲဒီကာလအတွင်း ​ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ​အဓိကထား ​လုပ်ဆောင်သွားမယ်လို့ ​ပြောခဲ့တယ်လို့ ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

ရခိုင်မှရွာချင်းဆက်လမ်းများ ဖြစ်သလို ဖေါက်လုပ်တည်ဆောက်မူကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများ ဆုံးရှုံးမူများစွာရှိနေ

နိရဉ္စရာ

ရခိုင်ပြည်နယ် အတွင်း ကျေးရွာချင်းဆက်လမ်းများကို နိုင်ငံတော်မှ ငွေကြေး အမြှောက်အမြား အကုန်အကျ ခံကာ တည်ဆောက်နေရာ တချို့လမ်းများမှာ ပြီးစလွယ် ဖြစ်သလို ဖေါက်လုပ် တည်ဆောက်မူကြောင့် မိုးရွာသည့်နှင့် တစ်ပြိုင်နက်တည်း ပျက်စီးယိုယွင်းလျှက်ရှိကြောင်း နိရဉ္စရာမှ သတင်း ရရှိသည်။

ထိုသို့ ပျက်စီးနေသော လမ်းများထဲတွင် ပေါက်တောမြို့နယ် တောင်ညိုနှင့် သ၀င်ချောင်း ရွာချင်းဆက် လမ်းလည်း ပါဝင်သည်။

“ တောင်ညိုနှင့် သ၀င်ချောင်း လမ်းမှာ အခု ရေတိုက်စားတဲ့ အတွက် လမ်းတွေ ပြိုပျက်နေပါပြီ။ မိုးကုန်တာနဲ့ လမ်းလည်း ဘာမှ ကျန်မှာ မဟုတ်ပါဘူး။ ပြဿနာက ရေဖြတ်စီးမယ့်နေရာမှာ ရေပြွန်တွေ မတည်ဆောက်ဘဲ ထားခဲ့တဲ့အတွက် မိုးရွာတာနဲ့ ရေက လမ်းကို ကျော်ပြီး ဖြတ်တိုက်စားတော့ လမ်းက အကုန်လုံး ပျက်စီး သွားပါတယ်” ဟု သ၀င်ချောင်းရွာသား ANP ပါတီ ဗဟိုကော်မီတီဝင် ဦးမြတ်ထွန်းက ပြောသည်။

၎င်းလမ်းမှာ ၄ မိုင်နဲ့ ၂ ဖါလုံ အရှည်ရှိပြီး ပေါက်တော-တောင်ညို- သ၀င်ချောင်းလမ်းဖြစ်ကြောင်း၊ ယခုပျက်စီးနေသော နေရာမှာ တောင်ညိုနှင့် သ၀င်ချောင်းလမ်းပိုင်းတွင် ဖြစ်ကြောင်း သူက ဆက်ဆိုသည်။

“ ဒီလမ်းကို ကန်ထရိုက်ယူပြီး ဖေါက်တာက ++++ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကုမ္ပဏီက စစ်တွေကလား၊ ရန်ကုန်ကလားဆိုတာကိုတော့ တိတိကျကျ မသိဘူး။ ငွေကြေးဘယ်လောက်ဆိုတာကိုတော့ တိတိကျကျ မသိရပေမယ့် သိန်းက ရာဂဏန်းကျော်တယ်လို့ သိရပါတယ်” ဟု ဦးမြတ်ထွန်းက ဆက်ဆိုသည်။

ယင်းလမ်းကို စစ်တွေ အခြေစိုက် ++++ ကုမ္ပဏီမှ ဖေါက်လုပ်ခဲ့သော လမ်းဖြစ်ကြောင်း၊ အပေါ်မှ ကန်ထရိုက်ရလာပြီး လုပ်ကိုင်သော ကုမ္ပဏီ ဖြစ်ကြောင်း၊ ကုမ္ပဏီက လုပ်ကိုင်သော လမ်းဖြစ်၍ ဌာနနှင့် သက်ဆိုင်မူ မရှိကြောင်း၊ ကျွမ်းကျင်သော အင်ဂျင်နီယာများ မပါရှိသဖြင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပျက်စီးခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း၍ ရကြောင်း၊ ရခိုင်ပြည်နယ်တွင် ထိုကဲ့သို့ ကုမ္ပဏီများ မိုလို ပေါက်နေကြောင်း ပေါက်တော မြို့နယ် ဆောက်လုပ်ရေးဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တောင်ညို- သ၀င်ချောင်းလမ်း ပျက်စီးနေမူနှင့် ပတ်သက်ပြီး တိုင်ကြားမူများ ရှိနေကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ဆိုသည်။

“ ဒီလမ်းကို ဖေါက်တဲ့ နေရာမှာ မြေကိုပက်ပြီး ကပျာကယာ အပေါ်ကိုတင်ကာ ဖေါက်လုပ်ခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် မိုးရွာတာနဲ့ လမ်းက အကြီးအကျယ် ပျက်စီးနေတယ်လို့ ရွာသားတွေက တိုင်ကြား ထားပါတယ်။ ဒီလမ်းရဲ့ ဘတ်ဂျက်က ပြည်နယ်ဘတ်ဂျက်မဟုတ်ဘူး။ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်က ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပေမယ့် ဘတ်ဂျက် ဘယ်လောက်ကျတယ်။ ဘယ်ကုမ္ပဏီက လုပ်တယ်ဆိုတာကို မသိပါဘူး။ ဘယ်သူကမှလည်း အကြောင်းကြားတာ မရှိပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လမ်းတံတားများ၊ ဆည်မြောင်းတာတမံ အများအပြားကို နိုင်ငံတော် အစိုးရမှ ဘတ်ဂျက်ငွေ အမြောက်အများချပေးပြီး တည်ဆောက်နေရာတွင် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသို့ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိဟု သူက ဆိုသည်။

“ အခု နိုင်ငံတော်က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ချပေးတဲ့ ဘတ်ဂျက်တွေက စီမံကိန်းတစ်ခုကို သိန်းထောင်နဲ့ချီပြီးရှိတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဘယ်လို ဖြစ်နေကြတယ်ဆိုတာကို မသိရဘူး။ တချို့နေရာတွေမှာ အထူးကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ကြားသိရပါတယ်” ဟု သူက ဆက်ဆိုသည်။

ယခု ပျက်စီးနေသော တောင်ညို- သ၀င်ချောင်း ရွာချင်းဆက်လမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်သော လမ်းဖြစ်ကြောင်း သိရသည်။

အခြေခံဥပဒေပြင်ရေးကို ပြည်သူ့ ကိုယ်စားလှယ်များသာ ဆုံးဖြတ်သင့်

DVB

ရဟန်းသံဃာများ နိုင်ငံရေးတွင် ပါဝင်ရန် မသင့်၊ မဲပေးခွင့်ကို မစွက်ဖက်သင့်ဟု ဓမ္မပီရဆရာတော်မိန့်

ခင်ငြိမ်းသစ်

မြန်မာနိုင်ငံတွင် ယနေ့ရဟန်းတော်အချို့က အာဏာနိုင်ငံရေးနှင့် ဆက်နွှယ်နေသည့် မဲပေးခွင့်အပါအ၀င် မည်သူ့ကို မဲပေးသင့်ပြီး မည်သူ့ကို မဲပေးရန် မသင့်လျော်ဟု ၀င်ရောက်ပြောဆိုနေခြင်းသည် မသင့်လျော်ဟု ဓမ္မပီရဆရာတော် အရှင်သံဝရလင်္ကာရက ဇွန်လ ၂၈ ရက်နေ့က SuLe Shangrila တွင် မွန်းလွဲ ၁ နာ ရီခန့်က ပြုလုပ်ကျင်းပသည့် မေတ္တာတရားနှင့် နိုင်ငံတော်ဟူသော ဆွေးနွေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။

ဓမ္မပီရဆရာတော်က “ဘုန်းကြီးတွေနဲ့ နိုင်ငံရေးဆိုင်မဆိုင်ဆိုတာက အတိုင်းအတာတစ်ခုအထိတော့ ရှိမှာပေါ့လေ။ နိုင်ငံရေးမှာ တစ်နည်းအားဖြင့် တော်လှန်ရေးနဲ့တည်ဆောက်ရေးဆိုပြီး အပိုင်း နှစ်ပိုင်းရှိပါတယ်။ တောင်လှန်ရေးကာလလို့ ပြောလို့ရတဲ့ ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်တဲ့အချိန်မှာ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရလို ဘုန်းကြီးတွေ ပါဝင်တယ်။ တော်လှန်ရေးမှာ ဓမ္မနဲ့ အဓမ္မကို တော်လှန်ကြမယ်ဆိုရင်တော့ ဘုန်းကြီးနဲ့ ဆိုင်ပါတယ်။ ဘုန်းကြီးသည် ဓမ္မနဲ့ တိုက်ရိုက်ပတ်သက်နေလို့ အဓမ္မကိုတော်လှန်သင့်ပါတယ်။ အဓမ္မကြီးစိုးနေသမျှ ဘုန်းကြီးတို့ ပါရမှာပါ။ တည်ဆောက်ရေးမှာလည်း ပရဟိတလုပ်နေတဲ့ ဆရာတော်တွေ ရှိပါတယ်။ အာဏာနဲ့ ပတ်သက်ရင်၊ ပါတီနဲ့ပတ်သက်ရင် တိုက်ရိုက် မပတ်သက်တာပဲ ကောင်းပါတယ်”ဟု မိန့်ကြားခဲ့သည်။

ထို့ပြင် ၁၉၆၂ ခုနှစ်ကတည်း အာဏာသိမ်းခဲ့သည့်သူများက အဆမတန်ချမ်းသာနေပြီး ယခုအချိန်အထိ လောဘကို မသတ်နိုင်သေးသည်မှာ တိုင်းပြည်အတွက် ရင်လေးဖွယ်ကောင်းသကဲ့သို့ နောက်မျိုးဆက်များ အတုယူမှားပါက တိုင်းပြည်၏အနာဂတ်မှာ ပြန်လည်မြင့်တက်ဖွယ်ရာ မရှိတော့ကြောင်းလည်း မိန့်သည်။ ဆရာတော်သည် တရားဓမ္မဟောပြောခြင်း၊ စာအုပ်များပြုစုခြင်း၊ သတင်းစာ၊ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားခြင်း ဆောင်ရွက်နေသည်။

ထို့အပြင် ဘ၀အလင်းဆရာတော် ဦးသောဘိတကလည်း ဘုန်းတော်ကြီးများ မဲပေးရန် တောင်းဆိုနေမှုအပေါ် သံဃာတော်တစ်ပါးနှင့် ဆွေးနွေးရာတွင် မဲပေးခွင့်ရလျှင် မိမိအား လှူဒါန်းသူများကိုသာ မဲပေးမည်ဟု မိန့်ကြားခဲ့သောကြောင့် ရင်လေးဖွယ်ရာကောင်းသည်ဟု မိန့်ကြားသည်။

ထို့အပြင် သံဃာတော်များကြား မိမိတို့ဒကာများ၊ မိမိတို့ရပ်ရွာ ကောင်းစားလျှင် ပြီးရောဟူသည့် အတွေးများစိမ့်ဝင်နေမှုကို ပူပန်မိကြောင်း ဆက်ပြောသည်။

ရှေးယခင်က ဘုန်းတော်ကြီးများသည် လူ့အဖွဲ့အစည်းအပေါ်တွင် သြဇာရှိခဲ့ကြသော်လည်း ယခုအခါတွင် သံဃာတော်များသည် မိမိတို့အတွက်သာ စဉ်းစားပြီး တိုင်းပြည်နှင့် လူမျိုးအပေါ် စောင့်ရှောက်ရန် ပျက်ကွက်လာသဖြင့် သြဇာအာဏာမရှိဟု မိန့်သည်။

ထို့ပြင် မြန်မာပြည်တွင် စည်းကမ်းလိုက်နာမှုများလည်း မရှိတော့ကြောင်းကို ဓမ္မပီရဆရာတော်က ဆက်လက်မိန့်ကြားသည်။ ရန်ကုန်မြို့၏ လမ်းမကြီးများပေါ်တွင် လူများသည် တစ်ဦးကို တစ်ဦး သည်းခံခြင်း မရှိတော့သကဲ့သို့ ရိုင်းစိုင်းမှုများလည်း ရှိနေသည်ဟု မိန့်ကြားသည်။ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ မြန်မာပြည်သူတို့၏ အတွင်းစိတ်တွင် မပြေလည်မှုများ၊ ဆင်းရဲမွဲတေမှုများ၊ မမျှတမှုများကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရသဖြင့် ထိုသို့ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

ထို့ကြောင့် တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေသည့် မိမိပြည်သူများအား ကောင်းမွန်စွာ စောင့်ရှောက်ရန်လိုသည်ဟု ဆိုသည်။ အစိုးရ၏ တာဝန်ယူမှု လျော့နည်းခြင်းကြောင့်လည်း မလိုလားအပ်သည့် အကြမ်းဖက်မှုများဖြစ်ပေါ်လာရန် လွယ်ကူသည်ဟုလည်း ဆရာတော်များက မိန့်ကြားသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၃ ခုနှစ်၊ သြဂုတ်၁ ရက်တွင် ပြောသည့် လစဉ်မိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံမိန့်ခွန်းကို ကိုးကား၍ ဘာသာရေးကို နိုင်ငံရေးနှင့် ရောထွေးမသုံးရန် ပြောဆိုခဲ့သေးသည်။

သို့သော် သံဃာတော်အချို့ ဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က မျိုးစောင့်ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းရေး တိုက်တွန်းရာ၌မူ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လွန်ဆန်နိုင်ခြင်း မရှိဘဲ ဥပဒေ ရေးဆွဲရေး ကော်မရှင်ဖွဲ့ဆောင်ရွက်ခဲ့ရာ ပြီးစီးလုနီးအခြေအနေသို့ ရောက်နေပြီဖြစ်သည်။

တရုတ်မှောင်ခို တွေကြောင့် ဝင်ငွေစံချိန် မချိုးနိုင်တော့တဲ့ မြန်မာ့ ကျောက်မျက် ရောင်းချပွဲ

မင်းဗညား

အစိုးရအဆက်ဆက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာ နှစ်စဉ် ဝင်ငွေ ရှာဖွေခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ (ယူရိုငွေ ၂ ဒသမ ၂ ဘီလီယံ) ကျော် ဝင်ငွေရှာဖွေပေးနိုင်ပေမယ့် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံကို တရားမဝင် မှောင်ခို တင်ပို့မှုတွေကြောင့်မြန်မာ့ကျောက်မျက် ရောင်းချမှုဝင်ငွေ စံချိန်မချိုးနိုင်တော့တဲ့ အခြေအနေ ဆိုက်ရောက်နေပါ တယ်။

မြန်မာနိုင်ငံက အဖိုးတန် ကျောက်မျက်ရတနာမျိုးစုံ ထွက်ရှိပေမယ့် အဓိကအားဖြင့် ဝင်ငွေရှာဖွေ ပေးနေတဲ့ ကျောက်မျက် ရတနာ တခုကတော့ ကျောက်စိမ်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေကို ဖိနှိပ်မှုကြောင့် အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံကြီးတွေကနေ မြန်မာ့ ကျောက်မျက် ရတနာရောင်း ဝယ်မှုတွေကို စီးပွားရေးပိတ်ဆို့ထားတာမို့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာ့ကျောက်စိမ်းကို အဓိကထား ဝယ်ယူနေတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်နေပါတယ်။

တရုတ်ကုန်သည် တွေက ပြိုင်ဘက်မရှိတဲ့ ဝယ်လက်တဦးတည်း အနေနဲ့ မြန်မာ့ကျောက်စိမ်းတွေ ဝယ်ယူ နေပေ မယ့် မြန်မာ့ကျောက်စိမ်းတွေကို ဈေးနှိမ်ဝယ်ချင်ကြပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ အတွင်း မှာ ကျင်းပ ခဲ့တဲ့ ၄၈ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာရောင်းချပွဲမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ကျော် ဝင်ငွေ စံချိန်ချိုးပြီးတဲ့ နောက်တရုတ်အစိုးရက မြန်မာ့ကျောက်စိမ်း ဝယ်ယူမယ့် တရုတ် ကုန်သည်တွေကို ဝယ်ယူတဲ့ ငွေကြေး ပမာဏရဲ့ ၃၃ ရာခိုင်နှုန်းကနေ ၃၄ ရာခိုင်နှုန်းအထိ အခွန်ကောက်မယ်လို့ ကြေညာ ခဲ့ပါတယ်။

အဲဒီကြေညာချက်ကြောင့်ပဲ မြန်မာ့ကျောက် စိမ်း ဝယ်လိုအား ထိုးကျသွားပြီး ၂၀၁၂ ခုနှစ်မှာ ကျင်းပတဲ့ ၄၉ ကြိမ် မြောက် မြန်မာ့ကျောက်မျက် ရတနာရောင်းချပွဲမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ကျော်ကျော် သာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွေကို တရုတ်ကုန်သည်တွေ လာရောက်မှုကတည်း တနှစ် ထက် တနှစ် ကျဆင်းခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် ကျောက်မျက်ပြပွဲမှာ လာရောက်တဲ့ ပြည်တွင်းပြည်ပ ရတနာ ကုန်သည် ၈၀ဝ၀ ကျော်ရှိခဲ့ပြီး တရုတ်ကုန် သည်တွေ အများဆုံး ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တရုတ် ရတနာ ကုန်သည်တွေ လာရောက်မှု တဖြည်းဖြည်းနည်းလာခဲ့ပြီး ကျောက် မျက်ရောင်းချပွဲတွေမှာ တရုတ် ကုန်သည် အပါအဝင် ပြည်တွင်းပြည်ပ ကုန်သည် ၄၀ဝ၀ နဲ့ ၆၀ဝ၀ ကြား သာရှိပါတော့တယ်။

၂၀၁၄ ဇွန်လ ၂၄ ရက်ကနေ ဇူလိုင်လ ၆ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပနေတဲ့ ၅၁ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲမှာ ပြည်တွင်းရတနာကုန်သည် ၂၀၆၅ ဦးနဲ့ တရုတ်လူမျိုး ရတနာကုန်သည် ၄၀၂၂ ဦး အပါ အဝင် ပြည်ပ ရတနာ ကုန်သည် ၄၀၆၀ ဦး တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။

ကျောက်မျက် ပြပွဲတွေမှာ မြန်မာ့ကျောက်စိမ်း ကို အစဉ်တစိုက် ဝယ်ယူအားပေးနေတဲ့ တရုတ် ကုန်သည်တွေ ဘယ်ရောက် ကုန်လဲဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ တရုတ်ကုန်သည်အများစုက မြန်မာနိုင်ငံက တရား မဝင် ခိုးထုတ်လာတဲ့ မှောင်ခို ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေကိုသာ အဓိက ဝယ်ယူလာ ကြခြင်းပါပဲ။

သတ္တုတွင်းဝန်ကြီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး တဦးကလည်း မြန်မာ့ကျောက်စိမ်းတွေ တရားဝင် ရောင်းချ မှုထက် တရားမဝင် လမ်းကြောင်းကနေ ပုံစံမျိုးစုံနဲ့ ရောင်းချမှုတွေ အတော်များများ ရှိနေတယ်ဆို တာကို သဘောတူပါတယ်။ မှောင်ခို ရောင်းချမှု ပမာဏက တရားဝင် ရောင်းချနေတဲ့ ပမာဏထက် များစွာ များပြား နေတယ်လို့ သိရပါ တယ်။

“ပြည်ပနိုင်ငံကလေ့လာတဲ့လူတွေက ဒီနိုင်ငံကို ရောက်လာပြီး ကျနော်တို့ဝန်ကြီးဌာနက တာဝန်ရှိ သူတွေ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တာဝန်ရှိတဲ့ လူတွေဆီကို တဖက်ဆီ သွားရောက် တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခဲ့ဖူးတယ်။ သူတို့ရဲ့ စစ်တမ်းတွေအရ ပြည်ပနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ရောင်းချတာတွေက ပိုများနေတယ်လို့ ဆိုတယ်” လို့ သတ္တုတွင်းဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ဆိုပါတယ်။

အစိုးရအနေနဲ့ ကျောက်စိမ်းတွေ တရားမဝင် လမ်းကြောင်းကနေ တရုတ်နိုင်ငံအထိ စီးဆင်းနေ တာသိပါ လျက် နဲ့ ဘာကြောင့် ထိရောက်စွာအရေးယူ နိုင်ခြင်းမရှိပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ ပြည်တွင်းစစ်ပါပဲ။ မြန်မာ အစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် မြန်မာ့ကျောက်စိမ်းတွေ မှောင်ခို ခိုးထုတ်နိုင်တဲ့ အခြေအနေ ရောက်ရှိနေရတာပါပဲ။ အစိုးရ စစ်တပ်နဲ့ KIA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကျောက်စိမ်းကလည်း အကြောင်းအရင်း တရပ်အဖြစ် ပါဝင် နေပါတယ်။

တရားမဝင် လမ်းကြောင်းကနေ ကျောက်စိမ်း တွေထွက်ရှိနေတာက ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာ တယ် ဆို ပေမယ့်လည်း အစိုးရအနေနဲ့ တရားမဝင် ကျောက်မှောင်ခို စီးဆင်းမှုကို ထိရောက်စွာ ဟန့်တားနိုင်တဲ့ အခြေ အနေ မရှိသေးဘူးလို့ အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။

“ဖားကန့်လိုနေရာမျိုးမှာ တာဝန်ကျလို့ သွား ရင်တောင် နယ်မြေကကြမ်းတော့ အုပ်ချုပ်မှုပိုင်းမှာ မလွယ်ဘူး။ ညဘက်ဆို အပြင်တောင်ထွက်ဖို့ခက် တယ်။ မှော်ထဲရောက်နေတဲ့ လူတွေကို နေရပ်ဒေသ တွေဆီပြန်ပို့တော့ လည်း သူတို့က အခြားလမ်းကြောင်းကနေ နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ရောက်လာကြတာပဲ။ ပြီးရင် ခိုးပြီးပြန် လုပ်နေ ကြပြန်ရော။ နယ်မြေကျယ်တာကြောင့်လည်း ဖြစ်မယ်” လို့ သတ္တုတွင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တဦးက ဆိုပါတယ်။

အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကချင် ပြည်နယ် တွင်းမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ အားလုံးရပ်ဆိုင်းဖို့ အစိုးရက အမိန့်ထုတ်ထားပေမယ့် တရား မဝင် ကျောက်စိမ်း တူးဖော်မှုတွေ၊ တရားမဝင် ကျောက်စိမ်းရောင်းဝယ်မှုတွေက တနေ့ တခြား ကြီးထွားလို့ လာနေပါတယ်။

နယ်မြေငြိမ်းချမ်းမှု မရှိတဲ့ ကချင်ပြည်နယ် အတွင်းကို တရုတ်ကုန်သည်တွေ ကိုယ်တိုင်လာရောက်ပြီး ကျောက် စိမ်းဝယ်ယူတာ၊ ကျောက်စိမ်းတူး ဖော်ရေးတွေ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကြောင့် ဈေးကွက် မှာ မြန်မာ့ကျောက်စိမ်းတွေ ဈေးပေါပေါနဲ့ တရုတ်နိုင်ငံဆီကို အလုံးအရင်းနဲ့ လှိမ့်ဝင်နေပါတယ်။

ကချင်ပြည်နယ် မိုးညှင်းဒေသမှာရှိတဲ့ ဝေခါ မှော်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလုပ်ကိုင် နေသူ ကိုလွင်လွင် က “အများစုက ဒီမှော်ထဲမှာပဲ အလုပ်ဖြစ်နေတယ်။ ကြိုက်ဈေးတွေ့ရင် ရောင်းတာပဲ။ လော်ပန် တွေကလည်း ငွေကို အတိ အကျ ပေးတယ်။ သိန်း ထောင်ကျော်တန် ကျောက်တွေဆိုရင် ဒီလုပ် ကွက်မှာတင် ပွဲဖြစ်သွားကြတာများတယ်။ အဲ့ဒီထက် ပိုများပြီး သိန်းသောင်းချီတန်တဲ့ ကျောက်တွေဆိုရင် ဟိုဘက်ကို (တရုတ်နိုင်ငံ) ထွက်ပြီး ရောင်းကြတာ များတယ်” လို့ ဧရာဝတီကို ပြောတယ်။

နယ်မြေငြိမ်းချမ်းမှု မရှိတဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ၊ ကျောက်စိမ်း ရောင်းချမှု တွေကို KIA က ထိန်းချုပ်ထားပြီး တရားဝင် KIA ကို အခွန်ဆောင်ရတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် လည်း KIA မသိလိုက်ဘဲ တရုတ်ဈေးကွက် ဆီရောက်သွားတဲ့ ကျောက်စိမ်း ရောင်းဝယ်ဖောက် ကားမှုတွေ ကလည်း အမြောက်အမြားရှိနေပါတယ်။

“မှော်ထဲမှာက ငွေကပေါတယ်။ ယုံကြည်မှုအရ အလုပ်လုပ်နေကြရတယ်။ ပြပွဲမှာ သွားရောင်းရတာက အလုပ်ပို ရှုပ်တယ်။ ဟိုက ကြိုက်ရောင်းကြိုက် ဝယ်လို ပုံစံမျိုး။ ဝယ်တဲ့လူတယောက် ကြည့်နေချိန်မှာတောင် နောက် ထပ် ဝယ်လက်က လုယက်ပြီး ဝယ်တာမရှိဘူး။ ပြပွဲမှာ တရားဝင်ရောင်းရင် အခွန် အခ၊ သယ်ယူစရိတ်စတဲ့ လုပ်ငန်းတွေက ပိုများတယ်လေ။ ဒါကြောင့် ဒီလိုမှော်ထဲမှာ အရောင်းအဝယ်က ပိုဖြစ်တာများတယ်” လို့ ကျောက်ကုန်သည် ဦးသန်းနိုင်ဦးက ပြောဆိုသည်။

လတ်တလော အမေရိကန် ပြည်ထောင်စုက ၂၀ဝ၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ Burmese Jade (Junta’s Anti-Democratic Efforts) Act of ၂၀ဝ၈ ကို ၂၀၁၃ ခုနှစ်အတွင်းမှာ ဆက်လက်သက် တမ်းတိုးထားခဲ့တာကြောင့် မြန်မာ့ ကျောက်မျက် ရတနာတွေ၊ မြန်မာ့ ကျောက်စိမ်းတွေအနေနဲ့ တရုတ် ဈေးကွက်နဲ့ တရုတ်ဝယ်လက်ကို သာ အဓိက ထား မှီခိုနေရဦးမှာပါပဲ။

မြန်မာနိုင်ငံက ရတဲ့ ကျောက်မျက်ရတနာ ကုန် ကြမ်းတွေကို တရုတ်တွေက ကုန်ချောအဖြစ်ပြန်လည် ထုတ် လုပ် ပြီး နိုင်ငံတကာ ဈေးကွက်တွေဆီကို တင်ပို့နေတာမို့ ပြည်တွင်းစစ် မပြီးသမျှ၊ ငြိမ်းချမ်းရေး မရသမျှ ကာလပတ်လုံး တရုတ်ကုန်သည်တွေအတွက် ဈေးပေါပေါနဲ့ အရည်အသွေးကောင်းတွေ မှောင်ခိုရနိုင်တဲ့ တရား မဝင် ဈေးကွက်က ဆက်လက်တည်ရှိ နေမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားဟု ဦးမင်းကိုနိုင် ပြောကြား

ရေခဲ(ပြည်)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တပ်မတော်က အာဏာသိမ်းထားသည်ဟု ပြည်မြို့တွင် ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။

“တိုင်းသူပြည်သားတွေလည်း သိတယ်။ စစ်တပ်က ၁၉၆၂၊ ၁၉၈၈ မှာ လက်နက်နဲ့ အာဏာသိမ်းတယ်။ အခုကျတော့ လက်နက်နဲ့ မဟုတ်တော့ဘူး။ အခြေခံဥပဒေနဲ့ အာဏာသိမ်းထားတယ်” ဟု ဦးမင်းကိုနိုင်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ရက်ကွက်ကျေးရွာ၊ မြို့နယ် ခရိုင်၊တိုင်း၊ ပြည်ထောင်စုအဆင့်ထွေအုပ်များသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့်အတွက် စစ်တပ်က ပြည်သူလူထုကို တိုက်ရိုက်အုပ်ချုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြခဲ့သည်။

“ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံနေရတဲ့ ထွေအုပ်တွေက အဘက မကြိုက်တာကို မလုပ်ရဲဘူးဖြစ်နေတယ်။ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ရင် ဘယ်ဘက်ကရပ်မလဲဆိုတာ အင်မတန်ထင်ရှားတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအခြေခံဥပဒေကိုပြင်ရန် ပြည်သူအားလုံးသဘောတူသော်လည်း ပုဒ်မ ၄၃၆ အရ စစ်တပ်သဘောမတူပါက ပြင်ဆင်ရန် ခဲယဉ်းနေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၁၉၅၃ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဥပဒေအရ တပ်မတော်သားများနှင့် ပတ်သက်သည့် လူသတ်၊ လူသေမုဒိန်းမှုများ တရားရုံးများတွင် တရားစွဲဆိုကာ နိုင်ငံတော်ဗဟိုတရားရုံးချုပ်အထိ အဆင့်ဆင့် တက်ရောက်နိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်မည်ဖြစ်၍ ပြည်သူလူထု များစွာနစ်နာနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ဝေဖန်သည်။

ထို့ပြင် “လွှတ်တော်က စစ်တပ်ကို အမြဲတမ်းလွှမ်းမိုးနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ မူပဲ။ ဒီမှာကြည့်ရင် ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဟာ အားလုံးပေါင်း ၁၁ ယောက်ရှိတယ်။ ခြောက်ယောက်သော ပုဂ်္ဂိုလ်တွေက သူတို့စိတ်တိုင်းကျ ထည့်ထားတာ”ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါဟောပြောပွဲကို ထိုနေ့မနက် ၉ နာရီက ပြည်မြို့ခေတ္တရာမြို့သစ် လေးထပ်ပြင်ကွင်းတွင် ပြုလုပ်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင် ဦးဌေးဦး (စိန်ကျွန်း)တို့က ဟောပြောခဲ့ရာ မြို့ခံလူထု ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ဘွဲ သာရသွားပေမဲ့ တကယ့်ပညာရှင်တွေ ဖြစ်မလာ

DVB

ထိန်းသိမ်းခံ ယူနတီ သတင်းထောက်များကို အီတလီက ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင်

DVB

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးတို့ကို အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့် အသိအမှတ် ပြုလိုက်ပါတယ်။

လွတ်လပ်တဲ့ နိုင်ငံ တနိုင်ငံ မှာ ဒီမိုကရေစီရဲ့အခြေခံက သတင်းအချက်အလက် လွတ်လပ် မှု ဖြစ်တာကြောင့် သတင်းစာနယ်ဇင်း ကနေ တဆင့် ကျင့်သုံးလုပ်ဆောင် သွားတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနဲ့ မြို့ခံသတင်းထောက် ဦးလူမော်နိုင်၊ တို့ကို ဂုဏ်ထူးဆောင်မြို့တော်သားတွေအဖြစ် ဂုဏ်ပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ္စတီနာ မယ်ရူစီက ဒီဗွီဘီကို ပြောပါတယ်။

ခုလို ဂုဏ်ပြုခံရတဲ့သတင်းကို ထိန်းသိမ်းခံနေရတဲ့ သတင်းထောက်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကလည်း ၀မ်းသာ ဂုဏ်ယူနေကြတယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက မကွေးတိုင်း ပေါက်မြို့နယ်က ဓာတုလက်နက်စက်ရုံလို့ ယူဆရတဲ့ အစိုးရ တည်ဆောက်နေဆဲ အဆောက်အဦတခုအကြောင်း သတင်းဖော်ပြချက်ကို ယူနတီဂျာနယ်မှာ ဖော်ပြထုတ်ဝေလိုက်တဲ့အတွက် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဂျာနယ် သတင်းထောက်တွေနဲ့ အရာရှိတဦးကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။

ဇွန် ၃၀ ရက်နေ့ နောက်ဆုံး တရားရုံးထုတ်မှာ ဖြစ်ပြီး အပြီးသတ် စီရင်ချက် ချမယ်လို့ မျှော်လင့်ရပါတယ်။

ဆာလာဘာဂန်ဇာမြို့တော်ဝန် မယ်ရုစီကတော့ ယူနတီသတင်းထောက်တွေဟာ ခုဆို သူတို့မြို့သား ဖြစ်သွားပြီလို့ ဆိုနိုင်တာကြောင့် ဒီသတင်းထောက်တွေရဲ့ ကံကြမ္မာတွေဟာ သူတို့မြို့သားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေကိုလည်း မြို့တော်သားအဖြစ် ဂုဏ်ပြုခန့်အပ်လွှာကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လက်ခံနိုင်ဖို့ ဖိတ်ကြားချင်ပါတယ်လို့ မြို့တော်ဝန်က ပြောသွားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ရရှိဖို့ လိုအပ်ပြီး ယူနတီဂျာနယ်သတင်းထောက်တွေ ဖမ်းဆီးခံရမှုရနေ အခက်အခဲတွေကို မြင်တွေ့နေရတာကြောင့် အဲဒီသတင်းထောက်တွေအတွက် ကူညီပေးချင်နေပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့် ရှိစေချင်တယ်လို့ အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဂွီဆက်ပယ် မာလ်ပယ်လီက ပြောပါတယ်။

ခုလို ဂုဏ်ထူးဆောင်မြို့သားဆု ချီးမြှင့်လိုက်တဲ့သတင်းကိုလည်း သမ္မတဦးသိန်းစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုနဲ့ နိုင်ငံတော်ရှေ့နေချုပ် ဦးထွန်းရှင် တို့အပါအ၀င် အဆင့်မြင့် မြန်မာအစိုးရတာဝန်ရှိသူတွေဆီ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ဆာလာဘာဂန်ဇာမြို့ဟာ အီတလီနိုင်ငံမြောက်ပိုင်း ပါးမားအနီးက လူဦးရေ ၅ သောင်း ၅ ထောင်လောက် နေထိုင်ကြတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ် ၃၃ သိန်းကျော်ရပြီ

ရွှေရည်ဝင်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထောက်ခံလက်မှတ် ကောက်ယူမှုမှာ ဇွန်၂၇ ရက်ထိ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် လက်မှတ်စုစုပေါင်း ၃၃ သိန်းကျော် ရရှိနေပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ဇွန် ၂၉ တွင် မဇ္ဈိမကို ပြောသည်။

“ပြီးခဲ့တဲ့ သောကြာနေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တွေက ပါတီဗဟိုဌာနချုပ်ကို စာရင်းတွေ ပေးပို့ခဲ့ကြပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ပေါင်း ၃၃ သိန်းကျော် ရရှိနေပါပြီ”ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့)အထိ ဆောင်ရွက်မည်ဖြစ်သည်။

မြေစာရင်း ဌာနအသစ် ရေးဆွဲသည့် တရုတ် - မြန်မာ နယ်ခြားပြ မြေပုံအား ဒေသခံများ မကျေနပ်

သျှမ်းသံတော်ဆင့် / စိုင်းတိုင်း၊

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် သျှမ်းပြည်နယ် ဝန်ကြီးချုပ် အဖွဲ့အား မြေစာ ရင်းဌာနမှ ရေးဆွဲ ထားသည့် တရုတ်-မြန်မာ နယ်နိမိတ် အခြေ အနေပြ မြေပုံကို ပြသ ပေးမှုကြောင့် ဒေသခံ ပြည်သူ လူထုများ မကျေမနပ် ဖြစ်နေရ ကြောင်း သတင်း ရရှိသည်။

ဂျွန်လ ၂၈ ရက်က နမ့်ခမ်းမြို့နယ်သို့ ရောက်ရှိသော သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖွဲ့အား မြေစာရင်း ဌာနမှ ကုန်းဆာကျေးရွာ ကူးတို့ဆိပ်တွင် တရုတ်-မြန်မာ နယ်နိမိတ်အခြေအနေပြမြေပုံကိုပြသခဲ့ပြီး ထိုမြေပုံ သည် တရုတ်နိုင်ငံဘက်မှ ကျူးကျော်သတ်မှတ်ခံရသော နယ်နိမိတ်မျဉ်းများထည့်သွင်း ရေးဆွဲထားသည် ကို တွေ့ရကြောင်း ကုန်းဆာကျေးရွာနေ လယ်သမား လုံးစိုင်းအိုက်က ဆိုသည်။

“လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်ကတည်းက တရုတ်နယ်နိမိတ် မှတ်တိုင်တွေဟာ တရုတ်ပြည် ဘက် ရွှေလီမြစ် တစ်ဘက်ကမ်းမှာဘဲ ရှိနေတယ်။ ခုထိတွေ့နေရသေးတယ်၊ ဘယ်လိုလုပ်ပြီးမှ ကျနော်တို့ ရွာ ဘိုးဘွားပိုင်မြေ ရွှေလီမြစ်ဒီဘက်ကို ကျော်လာရသလဲ၊ ကျနော်တို့မြို့က မြေစာရင်းဌာန ဘာကြောင့် တရုတ်ဘက်ကိုဘက်လိုက်ပေးတာလဲ။” ဟု ၄င်းက သျှမ်းသံ တော်ဆင့်အားပြောသည်။

သျှမ်းပြည်နယ်ဝန်ကြီးချုပ်က မြေစာရင်းဌာနပြသော အဆိုပါ မြေပုံကိုကြည့်ရှုပြီးနောက် “ ဘာကြောင့် အသစ်ရေးထားတဲ့ မြေပုံကိုလာပြသလဲ။ ရှေးယခင် ကတည်းက ရေးဆွဲထားတဲ့ မြေပုံအဟောင်းမရှိဘူး လား” ဟု မေးမြန်းပြောဆိုသည်ကို မြေစာရင်းကနှုတ်ဆိတ်ငြိမ်နေကြောင်း လိုက်ပါသူတဦးက ပြန်လည်ပြောပြ ပါသည်။

ဒေသတွင်းလယ်သမားခေါင်းဆောင်တစ်ဦးကလည်း “ ကျနော်တို့လည်း ဇာတိသွေးဇာတိမာန် မျိုးချစ် ပြည်ချစ်စိတ်ဆိုတာရှိတယ်။ မိမိဘိုးဘွားပိုင်မြေကို တိုင်းတစ်ပါးကို တစ်လက်မမှ မပေးနိုင်ဘူး၊ တိုင်း တစ်ပါး လက်ထဲ ပါမသွားရအောင် အသက်ပေးပြီး ကာကွယ်ပေးဖို့ အသင့်ပါပဲ ” ဟု ဆိုသည်။

နမ့်ခမ်းမြို့နယ်မြေစာရင်းဌာနမှ ရေးဆွဲသတ်မှတ်ထားသော နမ့်ခမ်းမြို့နယ်အတွင်း တရုတ်-မြန်မာ နယ်နိမိတ် အခြေအနေပြမြေပုံကို မှန်ကန်စွာပြန်လည်ရေးဆွဲသတ်မှတ်မပေးလျှင် ဒေသခံပြည်သူ များက မြေစာရင်းဌာနရုံးရှိရာ မန့်ခမ်းတောင်ခြေသို့ ချီတက်ဆန္ဒပြမည်ဟု ဒေသခံများထံမှသိရသည်။

နမ့်ခမ်းမြို့မြေစာရင်းမှ ဦးကျော်မင်းထွန်းက - “တရုတ်ပိုင်မြေလို့ သတ်မှတ်ခံထားရတဲ့မြေတွေကို ကျနော်တို့ တိုင်းတာပေး ပိုင်ခွင့်မရှိသလို တရုတ်ပိုင်မြေပါလို့လည်း ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အထက်ကဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ နှစ်နိုင်ငံနယ်ခြားပြဿနာဖြစ်နေလို့ အထက်နဲ့ဘဲ ဆိုင်ပါတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောဖူးသည်။

တရုတ်နိုင်ငံသည်၎င်းအိမ်နီးချင်းနိုင်ငံဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်နိုင်ငံတို့ နှင့် နယ်နိမိတ် အငြင်းပွားမှုပြသနာများနှင့် ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။

ဗိုလ်ကျစိုးမိုးတာတွေမလုပ်ဘူးလို့ တရုတ် သမ္မတ ပြော

DVB

ဒဂုံတက္ကသိုလ်ကျောင်းသား သေဆုံးမှုတွင် ယာဉ်မောင်းကို ရမန်ယူ၍ စွဲချက်တင်မည်

ကျော်စိုးမိုး

ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ကျောင်းသားတစ်ဦး ယာဉ်တိုက်ခံကာ သေဆုံးသွားသည့် အမှုတွင် ဘီအမ်ယာဉ် မောင်းနှင်သည့် ယာဉ်မောင်းကို ဒုတိယရမန် ထပ်ယူ၍ စွဲချက်တင်သွားမည်ဟု မြောက်ဒဂုံမြို့နယ်၊ အမှတ်(၃၉) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်တစ်ဦးက ပြောသည်။

“ဒီနေ့ တရားမစွဲဖြစ်တဲ့အတွက် ဒုတိယ ရမန်ထပ်ယူမှာပါ။ အတိုက်ခံရတဲ့ ကျောင်းသား မိဘက ကျေအေး ပေးမယ် ဆိုပေမယ့် ကျွန်တော်တို့ဘက်ကတော့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု အဆို ပါ ရဲအုပ်က ဇွန်လ ၂၆ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်၊ ညနေ ၃ နာရီကျာ်ခန့်တွင် ဒဂုံတက္ကသိုလ်မှ အသက် ၂၀ ၀န်းကျင်ရှိ ဒုတိယနှစ် ဥပဒေကျောင်းသားတစ်ဦးသည် ချစ်သူနှင့်စကားများရန်ဖြစ်ပြီး ကျောင်းပရ၀ဏ်အတွင်းရှိ အ၀ိုင်း မှတ်တိုင် အနီးတွင် အနောက်မှအရှေ့သို့ မောင်းနှင်လာသော ဘီအမ်ကားရှေ့သို့ ဖြတ်ပြေးကာ မိမိကိုယ်မိမိ အဆုံး စီရင်ခဲ့သည်။

“သေဆုံးသူကောင်လေးရဲ့ ချစ်သူအပါအ၀င် မျက်မြင်သက်သေခြောက်ဦးရဲ့ ထွက်ဆိုချက်အရတော့ ယာဉ် မောင်းမှာ အပြစ်မရှိဘူးလို့ တွက်ဆိုထားပါတယ်။ လက်ရှိစွဲချက်တင်ထားတဲ့ ပုဒ်မပြောင်း သွားနိုင်ပါတယ်” ဟု အဆိုပါရဲအုပ်က ဆိုသည်။

လက်ရှိအချိန်တွင် ဘီအမ်ယာဉ်မောင်း ကိုညီညီအောင်ကို ဒဂုံမြောက်မြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဒု-ဥက္ကဋ္ဌဖြစ်သူ ကိုထွန်းမင်းခန့်က “ယာဉ်မောင်းအပြစ်က လွတ်ဖို့ အတွက် ကျွန်တော်တို့အဖွဲ့က အစွမ်းကုန် ကူညီပေးသွားမှာပါ။ သေဆုံးသူရဲ့ မိဘတွေကလည်း ကျေအေး ပေးမယ် ပြောပါတယ်” ဟု ပြောသည်။

အမှုကို ကိုင်တွယ်စစ်ဆေးမည့် တရားသူကြီးအနေဖြင့် သေကြောင်းကြံစည်ခြင်း ဖြစ်သည်ဟု သက်သေ အထောက်အထား ခိုင်လုံအောင် တင်ပြနိုင်ပါက အမှုကိုကျေအေးပေးစေလိုသည်ဟု ကိုထွန်းမင်းခန့်က ဆိုသည်။

အသက် ၂၆နှစ်အရွယ် ကလေးနှစ်ယောက်ဖခင်ဖြစ်သူ ဘီအမ်ယာဉ်မောင်း ကိုညီညီအောင်က“ကျွန်တော် က ကားကို ဖြေးဖြေးချင်းပဲ မောင်းလာတာပါ။ ကားနဲ့ နှစ်ပေအကွာလောက်ကျမှ အဲ့ဒီကောင်လေးက ပြေး ထွက်လာတာပါ။ ဘရိတ်ကို အမြန်ဆုံးအုပ်လိုက်ပေမယ့် သူ့ကို တိုက်မိ သွားခဲ့ပါတယ်” ဟု ပြောသည်။

မိမိတွင် အပြစ်မရှိ၍ အမှုကိုအမြန်ဆုံးနှင့် အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးစေလိုပြီး ကျောင်းမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း ၀ိုင်းဝန်းကူညီအားပေးကြသည်ဟု ကိုညီညီ အောင်က ဆိုသည်။

ရခိုင်တွင် စစ်တပ်က ပြန်ပေးသောလယ်မြေများ မူလပိုင်ရှင်များ ပြန်မရဟုဆို

နိရဉ္စရာ

ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲတို့တွင် စစ်တပ်က သိမ်းယူသွားသော လယ်မြေများကို ပြန်ပေးရာတွင် မူလပိုင်ရှင် လယ်သမားမှာ ၎င်းတို့၏ လယ်မြေများကို ပြန်မရဘဲ ဖြစ်နေသည်ဟု ကျိန္တလီမြို့နယ်ခွဲ ကျောက်ခေါင်းကွင်းကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သူ ဦးမျိုးဝင်းက နိရဉ္စရာသို့ ပြောသည်။

“ ခုလို လယ်တွေကို ပြန်ပေးတဲ့နေရာမှာ မူလပိုင်ရှင် လယ်သမား အစစ်အမှန် ၈၀ ခန့်က လယ်ဧက ၂၀၀ ခန့်ကို ပြန်မရဘူး။ ကျိန္တလီမြို့နယ်ခွဲ ပုန်းညက် အုပ်စု၊ သဲကုန်းအုပ်စု၊ စေတီကွင်းအုပ်စုနဲ့ ကျောင်းကုန်းအုပ်စုတွေက လယ်သမားတွေ ဖြစ်ကြပါတယ်” ဟု သူက ဆိုသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့မှ ကျိန္တလီမြို့နယ်ခွဲ အထက်ကျောင်း ရွှေကိန္ဒရီခန်းမတွင် ‘ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များ လက်ဝယ်သို့ ယာယီလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား’ တစ်ခုအား ကျင်းပပြုလုပ်ခဲ့သည်ဟု ဆိုသည်။

၎င်းအခမ်းအနားတွင် စစ်တပ်က သိမ်းသွားသော လယ်မြေများကို မူလပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ခဲ့ရာတွင် ဦးမျိုးဝင်း ပိုင်ဆိုင်သော ကွင်းအမှတ် ( ၂၅၉) ပါ လယ် (၂) ဧကကို အခြားလူအမည်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်လယ် ၂ ဧကကို ၁၉၉၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က စစ်တပ်က သိမ်းယူသွားပါတယ်။ အခု ၀န်ကြီး ဦးသာလူချေလာပြီး တပ်သိမ်းမြေတွေ ပြန်ပေးတော့ ကျွန်တော့်မြေက တခြားလူနာမည်နဲ့ အမည်ပေါက် ဖြစ်နေတာကို တွေ့ရပါတယ်” ဟု ဦးမျိုးဝင်းကဆိုသည်။

အလားတူ ရှောက်ကုန်းကျေးရွာနေ ဦးကျော်ခင်ကလည်း သူလယ်မြေ ၃ ဒဿမ ၅၀ ဧကကို ပြန်မရခဲ့ဟု ဆိုသည်။

“ ကျွန်တော်ပိုင်တဲ့လယ်က ကွင်းအမှတ် ၂၅၇ ဖြစ်ပါတယ်။ စုစုပေါင်း ၃.၅၀ဧက ဖြစ်ပါတယ်။ ကျွန်တော်လယ် အသိမ်းခံရတဲ့ နောက်ပိုင်းမှာ သီးစားချတော့ ကျွန်တော်က လျှောက်ထားပါတယ်။ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို မပေးဘဲ သူအမျိုးတွေကိုသာ ပေးခဲ့ပါတယ်။ အခု ကျွန်တော် ဘိုးဘွားပိုင် ဓါးမဦးချလုပ်လာတဲ့ လယ်က သူများနာမည်နဲ့ ထွက်လာပါတယ်” ဟု ဆိုသည်။

ဦးကျော်ခင်မှ ဂွမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားပြီး မူလပိုင်ဆိုင်ကြောင်း စာရွက်စာတန်းများ၊ ပြေစာများနှင့် လယ်နီးဝန်းကျင်က လူများ၏ ထောက်ခံချက်ဖြင့် သွားရောက် တင်ပြသော်လည်း အထောက်အထား မပြည့်စုံဟုဆိုကာ ပယ်ချခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

ယင်းပြင် လယ်မြေပြန်မရသူ မူလပိုင်ရှင်များက ဂွမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျိန္တလီမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးသို့ သွားရောက်တင်ပြရာ အထက်ကလုပ်ခြင်း ဖြစ်သဖြင့် သူတို့ အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။


သို့အတွက် နိရဉ္စရာမှ ဂွမြို့နယ် အထွေအုပ်ချုပ်ရေးမှူးထံသို့ ဖုံးဖြင့် ဆက်သွယ်ရာ လက်အောက်ငယ်သား အမျိုးသမီးငယ်များက ဖုံးကိုင်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှာ ပြင်ကို ထွက်သွားကြောင်း အကြိမ်ကြိမ် ဖြေကြားသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ယခုကဲ့သို့ မူလပိုင်ရှင် လယ်သမားများ လယ်မြေများကို ပြန်မရခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ခရိုနီများက နာမည်လိမ်ဖြင့် ဂရမ်ဖေါက်ပြီး ယူဆောင်သွား၍ ဖြစ်ကြောင်း ကိုမျိုးဝင်းက ဆက်ဆိုသည်။

“ လယ်သမားတွေရဲ့ လယ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူး အချို့နဲ့ ခရိုနီတွေက ပူးပေါင်း ဂရမ်ဖေါက်ပြီး ယူသွားလို့ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ စစ်တပ်က သီးစားချခံထားရတဲ့ လယ်သမားတွေက မူလပိုင်ရှင် နာမည်ကို ဖယ်ထုတ်ပြီး သူတို့ နာမည်နဲ့ ယူသွားတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေအား ဆက်သွယ်မေးမြန်းရာ အသေအချာ ကွင်းဆင်း စိစစ်ပြီးမှ ခွဲဝေပေးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“ ကိုယ်တိုင် သွားရောက်ပြီး ခွဲဝေပေးတာပါ။ မိုးရာသီအမှီ ထွန်ယက်စိုက်ပျိုးနိုင်အောင် ခွဲဝေပေးတာ ဖြစ်ပါတယ်။ ခွဲဝေပေးတာကေတော့ စက်ပစ်ကွင်းမှာတော့ ဧရိယာ ၂၂၅ ဒသမ ၁၅ ဧကကို လယ်သမား ၂၀၉ ယောက်ကို ခွဲဝေပေးပြီး ကမ်းသာယာမှာ ၃၀၇ ဒသမ ၇၂ ဧကကို လယ်သမား ၂၀၂ ယောက် ခွဲဝေပေးခဲ့ပါတယ်။ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့နယ်ခွဲက လယ်မြေတွေပါ” ဟု သူက ဆိုသည်။

၎င်းပြင် ၀န်ကြီးက လယ်သမား ၅၀၀ခန့်အား ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာ မြေယာကော်မီ၊ မြို့နယ် ကော်မီတီ၊ ခရိုင် ကော်မီတီက အသေအချာစိစစ်ပြီး ပြည်နယ်က Clear ဖြစ်ပြီးမှ ကွင်းဆင်းပြီး အမှန်တကယ် လယ်လုပ်နေသောလယ်သမားများလက်ထဲသို့ ခွဲဝေပေးခြင်း ဖြစ်ကြောင်း၊ သို့အတွက် ယင်းကိစ္စမှာ ဖြစ်နိုင်မည် မထင်ကြောင်း၊ ယင်းသို့ ပြောဆိုသည်မှာ မဟုတ်မမှန်ဘဲ လုံ့ဆော်မူ လုပ်ခြင်းသာ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

ဒေသခံ တောင်သူများအနေဖြင့် ယခုကိစ္စကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် ၀န်ကြီးချုပ်နှင့် နိုင်ငံတော် သမ္မတအထိ တက်ရောက် တိုင်ကြားသွားမည် ဖြစ်ပြီး အရေးယူဆောင်ရွက်ပေးမူ မရှိပါက ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ကာ တောင်းဆိုသွားမည်ဟု လယ်သမားများက ပြောဆိုသည်။

ချေးငွေအာမခံစနစ်တွင် ဘဏ်များ ပူးပေါင်းပါဝင်မှု တိုးမြှင့်ရန် ဘဏ္ဍာရေးဒုဝန်ကြီး တိုက်တွန်း

ထင်လင်းအောင်

စီးပွားရေးလုပ်ငန်းများတိုးတက်ရေးအတွက် ချေးငွေအာမခံ (Credit Guar- antee Insurance) စနစ်တစ်ရပ် ပေါ်ပေါက်လာသော်လည်း လုပ်ငန်းအရင်းအနှီးငွေကြေးရရှိရေးမှာ ဘဏ်လုပ်ငန်းများ၏ ပူးပေါင်းပါဝင်မှု လိုအပ်မည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောသည်။

ချေးငွေအာမခံ (Credit Guarantee Insurance) သည် ငွေချေးယူသူများ ပြန်မဆပ်နိုင်ပါက ၀င်ရောက် ကူညီပေးသည့် အာမခံတစ်မျိုးသာဖြစ်ပြီး ဘဏ်လုပ်ငန်းများကသာ ဆောင်ရွက်ရမည်ဖြစ်ရာ မြန်မာ့စီးပွား ရေး တိုးတက်လာရေးအတွက် ဘဏ် လုပ်ငန်းများက ပူးပေါင်းပါဝင်မှသာ တိုင်းပြည်စီးပွားရေး တိုးတက် လာမည်ဖြစ်သည်ဟု ဇွန်လ ၂၈ ရက်က မြန်မာ့အာမခံလုပ်ငန်းတွင်ကျင်းပသော အဆိုပါ အာမခံစနစ် ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက “ ပုဂ္ဂလိကဘဏ်တွေကိုလုပ်ခွင့်ပေးခဲ့တာ အနှစ်နှစ်ဆယ်ကျော်နေ ပြီ။ SMEs နဲ့ Micro Finance (အသေးစားနှင့် အလတ်စားလုပ်ငန်း၊ အသေးစားချေးငွေ)တွေကို ငွေချေး တဲ့ဈေးကွက်ကိုမလုပ်သေးဘူး။ အန္တရာယ်များလို့ဆိုတာကို ကြောက်တာတွေ လျော့အောင်တော့ ချေးငွေ အာမခံဆိုတာကို လုပ်လိုက်ပါပြီ။ တကယ်ငွေချေးတာက ဘဏ်တွေကပဲ လုပ်ရမှာဖြစ်တဲ့အတွက် ပူးပေါင်း ပါဝင်ပြီး အောင်မြင်စေချင်တယ် ” ဟု ပြောသည်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများကို ငွေကြေးအရင်းအနှီးဘဏ်ချေးငွေပိုမိုရရှိနိုင်စေရေးအတွက် ချေးငွေ အာမခံ (Credit Guarantee Insurance) တစ်ရပ်ကို မြန်မာ့အာမခံလုပ်ငန်းက ဇွန်လ ၃၀ ရက်က စတင် ရောင်းချပေးရန် စီစဉ်ပြီး ဖြစ်သည်။ ငွေချေးယူသူများသည် အဆိုပါချေးငွေ အာမခံကိုဝယ်ယူကာ ဘဏ်များ ထံမှ ချေးငွေရယူရာတွင် အပေါင်ပစ္စည်းအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ငွေချေးယူသူများက လိမ် လည်ခြင်း၊ အလုပ်မလုပ်ခြင်းတို့မှအပ စီးပွားရေးအောင်မြင်မှုမရှိသဖြင့် ချေးငွေပြန်မဆပ်နိုင်ပါက မြန်မာ့ အာမခံလုပ်ငန်းမှ ၀င်ရောက်ဆပ်ပေးမည် ဖြစ်သည်ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက “ လုပ်ရည်ကိုင်ရည်လည်းရှိတယ်၊ ရိုးသားတယ်၊ ကြိုးစားတယ်။ ဒါပေမဲ့ ငွေကြေးအရင်းအနှီးမရှိတဲ့သူတွေကို ကြီးပွားစေချင်တယ်။ နိုင်ငံခြားဘဏ်တွေဆိုရင် အဲဒီဈေးကွက် ကို ၀င်လုပ်ချင်နေကြတယ်။ ပြည်တွင်းဘဏ်တွေကတော့ ဒါကို Risk (အန္တရာယ်) များတယ်ဆိုပြီး မလုပ် ရင်တော့ တိုင်းပြည်စီးပွားရေးကလည်း မတိုးတက်ရုံဘဲရှိတယ် ” ဟုပြောသည်။

ချေးငွေအာမခံ Credit Guarantee Insurance ၀ယ်ယူရာတွင်မှု အပေါင်ပစ္စည်း ဖြင့်ချေးငွေရယူသူများ အတွက် အာမခံနှုန်းထားကို ပထမတစ်နှစ်အတွက် နှစ်ရာခိုင်နှုန်း၊ ဒုတိယနှစ်အတွက် ၁ ဒသမ ၅ ရာခိုင် နှုန်းနှင့် တတိယနှစ်အတွက် တစ်ရာခိုင်နှုန်းကြိုတင်ပေးသွင်းမှုစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ အပေါင်ပစ္စည်းမရှိ သူများအတွက် အာမခံနှုန်းထားကိုမူ ပထမတစ်နှစ်အတွက် သုံးရာခိုင်နှုန်း၊ ဒုတိယ တစ်နှစ်အတွက် နှစ်ရာခိုင်နှုန်းနှင့် တတိယတစ်နှစ်အတွက် တစ်ရာခိုင်နှုန်းဖြင့် နှုန်းထား နှစ်မျိုးသတ်မှတ် ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အသေးစား နှင့် အလတ်စားလုပ်ငန်းများကိုSMEs ချေးငွေအဖြစ် အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ပေးခြင်းကိုSMIDB ဘဏ်တစ်ခုသာ ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ အာမခံစနစ်သည် ငွေချေးယူသူများ ပြန်မဆပ်နိုင်ပါက ၄င်းဝယ်ယူထားသော ချေးငွေအာမခံလက်မှတ်၏ ၆၀ရာခိုင်နှုန်းကို မြန်မာ့အာမခံလုပ်ငန်းက ၀င်ရောက်ပေးချေး ပေးသွားမည်ဖြစ်သည်။

ရခိုင်နယ်စပ်လုံခြုံရေးနဲ့ နိုင်ငံသား ဥပဒေ ကိစ္စတွေ ဆွေးနွေး

ABC

ရခိုင်ပြည်နယ်ရဲ့ ​နယ်စပ်လုံခြုံရေး၊ ​၁၉၈၂ ​ခုနှစ် ​နိုင်ငံသား ​ဥပဒေအကောင်အထည်ဖော်ရေးနဲ့ ​ဋိပက္ခဖြစ်ပွားမှုတွေနဲ့ပက်သက်ပြီး ​ပြေငြိမ်းစေဖို့ ​အတွက် ​ကုလသမဂ္ဂအပါအဝင်၊ ​မြန်မာအစိုးရနဲ့ ​သက်ဆိုင်ရာ ​အဖွဲ့အစည်းတွေ ​တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစိုးရရဲ့ ​တာဝန်ရှိသူတွေ၊ ​ရခိုင်တိုင်းရင်းသား ​လွှတ်တော်ကိုယ်စားလှယ်တွေ၊ ​နိုင်ငံရေးပါတီတွေနဲ့ ​ရခိုင်ပြည်အနှံ့ကိုယ်စားပြုတဲ့ ​အရပ်ဘက်အဖွဲ့အစည်းတွေက ​မြန်မာငြိမ်းချမ်းရေးစင်တာမှာ ​မနေ့က ​တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ​ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ​အဆိုပြုခံထားရတဲ့ ​ဗိုလ်ချုပ်မောင်မောင်အုန်းအပါအဝင် ​ကုလသမဂ္ဂ ​အထူးကိုယ်စားလှယ် ​ဗီဂျေနမ်ဘီးယားနဲ့ ​အခြား ​အစိုးရဘက်က ​တာဝန်ရှိသူတွေလည်း ​ပါဝင်ပါတယ်။

နယ်စပ်လုံခြုံရေးနဲ့ ​နိုင်ငံသားဥပဒေက ​အရေးကြီးတဲ့အတွက် ​အခုလို ​ဆွေးနွေးတာဖြစ်တယ်လို့ ​ရခိုင် ​တိုင်းရင်းသား ​တိုးတက်ရေးပါတီက ​ဒေါက်တာ ​အေးမောင်က ​အခုလိုပြောပါတယ်။

“လုံခြုံရေးက ​ကျွန်တော်တို့ ​ရခိုင်ပြည်နယ်တင် ​မဟုတ်ဘူးလေ၊ ​ပြည်ထောင်စု ​တစ်ခုလုံးလုံခြုံရေးက ​ကျွန်တော်တို့ဆီက ​တည်ငြိမ်မှုနဲ့ ​ခိုးဝင်မှု ​မရှိရေး။ ​လေ့ကျင့်ထားတဲ့ ​အကြမ်းဖက်သမားတွေ ​မဝင်ရေး၊ ​နယ်စပ်ပြသနာ ​ဖန်တီးပြီးမှ ​ပြည်တွင်းအပြင် ​ပြည်ပ ​စစ်ဖြစ်မယ့် ​အန္တရယ်မျိုးမဖြစ်ဖို့ကို ​ကျွန်တော်တို့ ​ဒေသ ​တည်ငြိမ်အေးချမ်းရေးက ​အဓိကအရေးကြီးတာပေါ့။ ​လုံခြုံမှု ​အရေးကြီးကြောင်း ​ဆွေးနွေး ​ကြတယ်။ ​ဒုတိယအချက်က ​၁၉၈၂ ​နိုင်ငံသား ​ဥပဒေကို ​အပြည့်အဝ ​အကောင်အထည်ဖော်ဖို့ ​လိုအပ်တယ်ဆိုတာ ​အားလုံးသဘောပေါက်တယ်။ ​အဲဒီလို ​ဥပဒေ ​အကောင်အထည်ဖော်တဲ့ ​အခါမှာသာ ​ဥပဒေမဲ့ ​ပြုကျင့်ခဲ့တဲ့ ​နိုင်ငံဝန်ထမ်းတွေကိုလည်းဘဲ ​အရေးယူဖို့လိုတယ်။ ​ဒီဥပဒေအရ ​ဒီလို ​တရားမဲ့ ​ယူခဲ့တဲ့ ​ပုဂ္ဂိုလ်မျိုးတွေကို ​ဥပဒေကြောင်းအရ ​အရေးယူဖို့ ​လိုတယ်ဆိုတာမျိုး ​ဆွေးနွေးဖြစ်ပါတယ်။”

ပဋိပက္ခကြောင့် ​ဖြစ်ပေါ်တဲ့ ​ဒုက္ခသည်အရေးကိုလည်း ​ဆွေးနွေးဖြစ်တဲ့အကြောင်း ​ဒေါက်တာအေးမောင်က ​ဆက်ပြောပါတယ်။

“ပဋိပက္ခပြေငြိမ်းဖို့အတွက် ​ရခိုင် ​အဖွဲ့အစည်းက ​ခေါင်းဆောင်တွေကို ​ခေါ်ပြီးမှ ​အဲဒီမှာ ​၆ ​ချက် ​သူတို့ ​ရှင်းပြပါတယ်။ ​၁ ​က ​လုံခြုံရေး၊ ​၂ ​က ​Emergency ​ပေါ့နော် ​ကာလပေါ့ ​ဥပမာ ​ကန့်ဘယ်မှာထားတယ်။ ​release ​လုပ်ရတဲ့အဆင့်ပေါ့နော်။ ​၃ ​ကတော့ ​ဖြင့် ​ပါမန့်တန်း ​ရီဆက်တက်မက် ​လုပ်ရမယ့် ​ကာလပေါ့။ ​နောက်တစ်ခုက ​၁၉၈၂ ​နိုင်ငံသား ​ဥပဒေကို ​အကောင်အထည် ​ဖော်တာပေါ့။ ​နောက်တစ်ခုက ​လူမှုဘဝ ​ဘယ်လို ​မြှင့်တင်အောင်လုပ်မလဲ၊ ​နောက်ဆုံး ​တစ်ခုကတော့ဗျာ ​ဒီ ​ပဋိပက္ခ ​တည်ငြိမ်အေးချမ်းပြီးမှ ​ဒီလူ့အဖွဲ့အစည်း ​နှစ်ခု ​သဟဇာတ ​ဖြစ်အောင်လုပ်မလဲ ​ဆိုတာမျိုး ​သူတို့ဆွေးနွေးပါတယ်။”

ဒီကနေ့မှာလည်း ​နိုင်ငံတကာ ​သံရုံးကိုယ်စားလှယ်တွေ၊ ​နိုင်ငံတကာ ​အေဂျင်စီတွေနဲ့ ​ရခိုင် ​အဖွဲ့အစည်းတွေက ​ဆက်လက်ဆွေးနွေးကြမယ်လို့လည်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတယ်။


ဗိုလ်ချုပ်မောင်မောင်အုန်းကို ​စစ်တွေမြို့ခံတွေ ​ဆန္ဒပြ

နိုင်ငံတော်သမ္မတက ​ဗိုလ်ချုပ်မောင်မောင်အုန်းကို ​ရခိုင် ​ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ​လျာထားဖို့ ​အဆိုတင်သွင်းထားတယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်လာပြီးနောက် ​ဗိုလ်ချုပ်မောင်မောင်အုန်းကို ​အလိုမရှိကြတဲ့အတွက် ​ဇွန်လ ​၂၅ ​ရက်နေ့တုန်းက ​စစ်တွေမြို့မှာ ​လက်ကမ်းစာစောင်ဝေကြသလို၊ ​သံပုံးတွေတီးပြီး ​ဆန္ဒထုတ်ဖော်ထုတ်မှု ​ဖြစ်ခဲ့တယ်လို့ ​သိရပါတယ်။

စစ်တွေမြို့က ​အမှတ်(၁)မြို့မရဲစခန်းက ​ရဲအရာရှိတစ်ဦးကတော့ ​အဲ့ဒီအချိန်တုန်းက ​မိုးအရမ်းရွာနေတာကြောင့် ​သံပုံးတီးပြီး ​ဆန္ဒပြ/မပြကို ​မသိလိုက်ဘူးလို့ ​ပြောပါတယ်။

လက်ကမ်းစာစောင်တွေမှာ ​လစ်လပ်နေတဲ့ ​ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ ​ရခိုင်လူမျိုးမဟုတ်တဲ့ ​သူတစ်ဦးကို ​ခန့်အပ်နေရာပေးတာဟာ ​နိုင်ငံတော်ရဲ့ ​လက်ရှိသွားနေတဲ့ ​ဒီမိုကရေစီ ​လမ်းစဉ်ရဲ့ ​လုပ်ထုံးလုပ်နည်းတွေနဲ့ ​မညီညွတ်သလို ​တိုင်းရင်းသားတွေ ​လိုလားနေတဲ့ ​ဖက်ဒရယ် ​ပြည်ထောင်စု ​စနစ်နဲ့ပါ ​လွဲချော်နေတာကြောင့် ​ဆန္ဒဖော်ထုတ်ကြဖို့ ​ရေးသားထားတာဖြစ်ပါတယ်။

အဲ့ဒီနေ့မှာဘဲ ​ပြည်နယ်အစိုးရအဖွဲ့ရုံးအ၀င်လမ်းဖြစ်တဲ့ ​မေယုလမ်း ​လောကာနန္ဒာခွဆုံမှာ ​အဆင့်ဆင့် ​သံဆူးတွေ ​ကာပြီး ​ပိတ်ထားခဲ့တယ်လို့ ​ဒေသခံတွေက ​ပြောပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို ​ပြည်နယ်ဝန်ကြီးချုပ်ရာထူးခန့်အပ်ဖို့ ​သမ္မတက ​ပြည်နယ်လွှတ်တော်ကို ​သ၀ဏ်လွှာပေးပို့ထားတဲ့အတွက် ​အဲ့ဒီအဆိုကို ​ကန့်ကွက်လိုတဲ့သူတွေက ​ဇွန်လ(၂၇)ရက်နေ့ ​ဒီနေ့ ​နောက်ဆုံးထားပြီး ​ကန့်ကွက်လွှာပေးရမှာဖြစ်သလို ​ကန့်ကွက်တဲ့သူမရှိရင်တော့ ​ဇွန်လ(၃၀)ရက် ​နေ့ ​မှာ ​အတည်ပြုခန့်အပ်မှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းကတော့ ​၂၀၁၅ ​ခုနှစ် ​ရွေးကောက်ပွဲမတိုင်ခင် ​ကြားကာလမှာသာ ​တာဝန်ထမ်းဆောင်ဖို့ရှိပြီး ​၂၀၁၅ ​နောက်ပိုင်းမှာတော့ ​ရခိုင်တိုင်းရင်းသား ​တစ်ဦးဦးကသာ ​ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ​ဖြစ်လာလိမ့်မယ်လို့ ​ပြောခဲ့တဲ့အကြောင်း ​မြစ်မခသတင်းအရ ​သိရပါတယ်။

မြန်မာ-ဗီယက်နမ်၏ ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာဖွယ်ရှိနေဟုဆို

ထင်လင်းအောင်

လက်ရှိကုန်သွယ်မှုအနေအထားများအရ မြန်မာ-ဗီယက်နမ်၏ ကုန်သွယ်မှုပမာဏမှာ အဆင့်တက် လာဖွယ်ရှိ နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာနမှကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှု ၊ခရီးသွားကဏ္ဍနှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်ဆောင် ရွက်မှုများ မြှင့်တက်လာရေး အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ် UMFCCI တွင် ဇွန်လ ၂၆ ရက်က ကျင်းပစဉ် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ဗီယက်နမ်နဲ့ကတိုးတက်လာဖို့ရှိပါတယ် ။ ပြီးခဲ့တဲ့ ၂ဝ၁၃-၁၄ ဘဏ္ဍာ နှစ်ကဆို ရင် အရင်နှစ်တွေ ထက်တိုး ညလာတယ် ။ ဒီနှစ်မှာလည်း ဘဏ္ဍာနှစ်အစပဲရှိသေးလို့ မှန်းရခက်ပေမယ့် အရင်က ထက် ကုန်သွယ်မှုမြင့်လာ နေတဲ့အတွက် ကုန်သွယ်မှုအဆင့်က တက်လာနိုင်စရာရှိပါတယ်”ဟု ဦးဝင်းမြင့်က ပြောသည်။

ကုန်သွယ်မှုအနေဖြင့် မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှုတွင် မြင့်မားလာ နေခြင်းဖြစ်ကာဗီယက်နမ်၏ရင်းနှီးမြှုပ်နှံမှုများအတွက် ကုန်ကြမ်းပစ္စည်းသွင်းကုန်များရှိနေခြင်းများကြောင့် ယခု ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်များထက် ကုန်သွယ်မှုများမြှင့်တက်လာမည့် အခြေအနေများ ရှိနေသည်ဟု ဆိုသည်။

လက်ရှိတွင် မြန်မာ-ဗီယက်နမ်ကုန်သွယ်မှုသည် အဆင့် ၁ဝ နေရာတွင်ရပ်တည်နေခြင်းဖြစ်သည်။

UMFCCI၏ ဗဟိုအလုပ်အမှုဆောင် ဦးစိန်ထွေးက “ဗီယက်နမ်အနေနဲ့ကုန်သွယ်မှုတွေတိုးမြှင့်ဖို့ဆိုပြီး ဗီယက်နမ်-မော်လမြိုင် တိုက်ရိုက်ကုန်သွယ်မှုတွေတောင် လုပ်နေတာရှိတယ် ။ အခုက ကုန်လမ်းနဲ့ ရေလမ်းတွေ ကို သွားနေပေမယ့် နောက်ပိုင်းမှာ ရေကြောင်းကိုအဓိကထားကုန်သွယ်မှုလုပ်ဖို့တောင်ဒီနေ့မှာ ပြောတာရှိ တယ်” ဟု ဆွေးနွေးပွဲဆောင်ရွက်မှုကို ညွှန်းဆိုပြောသည်။

ထိုသို့ ကုန်သွယ်မှုမြင့်တက်လာရန်အခြေအနေရှိသော်လည်း သွင်းကုန်ပမာဏကသာများနေဆဲဖြစ်ရာ နိုင်ငံ ကုန်သွယ်မှုပြုရာတွင် လိုငွေပြဆဲဖြစ်နေဦးမည်ဟု ကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ထပ်မံပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဗီယက်နမ်သို့ ကန်ဒေါ်လာ သန်း၁၁ဝ ဖိုးတင်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်မှသွင်းကုန် သန်း ၁၈ဝ ကျော်ရှိခဲ့ရာ စုစုပေါင်း ကုန်သွယ်မှုပမာဏ သန်း ၂၈ဝ ကျော် ရှိခဲ့သည် ဟု ဆိုသည်။

ရေနံနဲ့ ဂတ်စ် ကုမ္ပဏီတွေ လျှို့ဝှက် ဖုံးကွယ်မှုနှုန်း များပြား

သိမ်းလဲ့ဝင်း / Thomson Reuters Foundation

ရေနံ သဘာဝဓာတ်ငွေ့နှင့် သယံဇာတ တူးဖော်ရေးလုပ်ငန်း ခြစားမှုကင်းရှင်းရေး ကမ္ဘာလုံးဆိုင်ရာ စာချုပ်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ရန် ပြင်ဆင်နေချိန် ခြစားမှုဖြင့် နာမည်ပျက်နေခဲ့သော ယင်းကဏ္ဍ၌ လုပ်ကိုင်နေကြသည့် ကုမ္ပဏီအများစုသည် ပွင့်လင်းမြင်သာမှု မရှိဟု လန်ဒန်အခြေစိုက် ခြစားမှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ Global Witness က စစ်တမ်းပြု ထုတ်ပြန်ရေးသားလိုက်သည်။

အောက်တိုဘာနှင့် မတ်လအတွင်း အဓိက ရေနံနှင့် ဂတ်စ်လုပ်ကွက်များ လုပ်ခွင့်ရခဲ့သော ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီ ၄၇ ခုအနက် ၁၃ ခုကသာ ကုမ္ပဏီပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားကြောင်း Global Witness က ရေးသားသည်။ နယ်သာလန်မှ Berlanga Holding B.V၊ အီတလီမှ Eni, အမေရိကား-နယ်သာလန်ကုမ္ပဏီ Shell နှင့် ထိုင်းမှ PTTEP တို့သည် မေးခွန်း ပြန်မဖြေသော ကုမ္ပဏီများတွင် ပါဝင်ကြောင်း အစီရင်ခံစာက ဆိုသည်။

“ကုမ္ပဏီတွေရဲ့ လျှို့ဝှက်ဖုန်းကွယ်ထားမှုက သယံဇာတ ချမ်းသာကြွယ်ဝမှုကို ပိုပြီး ပွင့်လင်း မျှတတဲ့ စီမံအုပ်ချုပ်ရေးဆီ ဦးတည်နေတဲ့ မြန်မာနိုင်ငံရဲ့ အကဲဆတ်တဲ့ ဖြစ်ထွန်းမှုတွေကို ခြိမ်းခြောက်နေတယ်” ဟု အစီရင်ခံတွင် ဆိုသည်။ “ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု အချက်အလက် အသေးစိတ်တွေ အများပြည်သူကို သိရှိစေခြင်းဟာ ခြစားမှုတိုက်ဖျက်ရေးမှာ အရေးကြီးပါတယ်” ဟုလည်း ဆိုသည်။

“ဒါဟာ ကုမ္ပဏီများရဲ့ ပိုင်ဆိုင်မှုကို သုံးသပ်တဲ့ ပထမဆုံး အများပြည်သူဆိုင်ရာ စစ်တမ်းပါ။ ဒါဟာ ကုမ္ပဏီတွေ ပွင့်လင်းမြင်သာမှုအပေါ် ဘယ်လောက် သန္နိဌာန်ရှိကြသလဲဆိုတာ လျှပ်တပြတ် ကြည့်ရှုခြင်းလည်း ဖြစ်ပါတယ်” ဟု Global Witness ပြောရေးဆိုခွင့်ရှိသူက ဆိုထားသည်။

မြန်မာ့ ရေနံနှင့် ဂတ်စ်၊ ရေအားလျပ်စစ်၊ သစ်၊ သယံဇာတ တူးဖော်ရေးလုပ်ငန်းများသည် တချိန်က စစ်တပ်နှင့် နီးစပ်သူများ၏ ကုမ္ပဏီ လက်တဆုပ်စာကသာ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ယင်းသို့ သယံဇာတတူးဖော်ခြင်းမှ ရရှိသော ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာသည် နိုင်ငံတော်ငွေစာရင်းရှင်းတမ်းတွင် မပါဝင်ခဲ့ဘဲ စာရင်းပျောက် အင်းပျောက်ဖြစ်ခဲ့ရသည်။

တချိန်တည်းတွင် မြန်မာပြည် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂၅ (မြန်မာကျပ်ငွေ ၂ ထောင်ခန့်) အောက်သာ ဝင်ငွေရှိကြောင်း ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သိရသည်။

စစ်အစိုးရအဆက်ဆက် နိုင်ငံတော်ငွေစာရင်းရှင်းတမ်းနှင့်ပတ်သက်ပြီး မပွင့်မလင်း ဖြစ်ခဲ့ရခြင်းကို ၂၀၁၁ ခုနှစ်တွင် တက်လာသော အရပ်သားအသွင်ယူအစိုးရက ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့သည်။

ရေနံ၊ ဂတ်စ်နှင့် သယံဇာတ တူးဖော်ရေးတွင် မည်သို့ ရင်းနှီးမြှုပ်နှံသည်ကို ပွင့်လင်းစွာ အစီရင်ခံရေး အစိုးရများနှင့် ကုမ္ပဏီများက သဘောတူကြသည့် ကမ္ဘာ့လုံးဆိုင်ရာ သဘောတူညီချက် Extractive Industries Transparency Initiative (EITI) သို့ ဝင်ရောက်ရန် မြန်မာ၏ အဆိုပြုထားချက်ကို ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ဆုံးဖြတ်တော့မည်။

“ဆယ်စုနှစ်နဲ့ ချီပြီး မရှင်းမလင်း စီးပွားရေး လုပ်ပုံကိုင်ပုံတွေကြောင့် မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းဟာ စီးပွားရေး အထူးသဖြင့် သယံဇာတ တူးဖော်ရေးကိုဆို သံသယ ကြီးတယ်”ဟု Myanmar Centre for Responsible Business မှ ဗြိတိသျှသံအမတ်ဟောင်း ဗစ်ကီဘိုးမန်းက ပြောပါတယ်။

“အခု အစိုးရက EITI ကို ဝင်ဖို့ လုပ်နေပြီ။ ဒါ့ကြောင့် မြန်မာပြည်မှာ သယံဇာတ တူးဖော်နေတဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုက ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ရင်းနှီးမြှုပ်နှံမှုသစ်တွေက ဘယ်သူတွေ အကျိုးခံစားနေရသလဲဆိုတာ နိုင်ငံသားတွေက သဘောပေါက်မှာပါ”ဟုလည်း ဗစ်ကီဘိုးမန်းက ပြောသည်။

ပြည်တွင်းကုမ္ပဏီများထဲ Myanmar’s Machinery & Solutions နှင့် Myanmar Petroleum E&P Co. Ltd တို့သာ ပိုင်ရှင်များနှင့် ပတ်သက်သည့် အလုံးစုံသော သတင်းအချက်အလက်များကို ထုတ်ပေးကြောင်း Global Witness က ဆိုသည်။

Precious Stone Mining ကုမ္ပဏီသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ကုန်းတွင်းရှာဖွေရေးလုပ်ကွက်တခုကို Pakistan’s Petroleum Exploration (PVT) နှင့် ပူးတွဲလုပ်ကိုင်ခွင့်ရသွားခဲ့သည်။ ရန်ကုန်မြို့ တိုက်ခန်းတွဲ အိမ်ရာတခုရှိ Precious Stone Mining ကုမ္ပဏီ ရုံးခန်းသို့ Thomson Reuters Foundation က ရောက်သွားခဲ့ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ပတ်သက်သည့် သတင်းများ၊ ကုမ္ပဏီ၏ နောက်ခံသမိုင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ မတွေ့ခဲ့ပေ။ ရုံးခန်းရှိ ဝန်ထမ်းများသည် ကုမ္ပဏီက တူးဖော်ခွင့် ရသွားသည်ကိုပင် မသိ၊ မေးခွန်းများကို ဖြေဆိုရန်လည်း ငြင်းဆန်ခဲ့သည်။

“ရေနံနဲ့ ဂတ်စ် တူးဖော်ရေး အတွေ့အကြုံ ရှိတဲ့ မြန်မာကုမ္ပဏီဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ပြည်ပကုမ္ပဏီတွေအနေနဲ့ လေလံဝင်ဆွဲတဲ့အခါ မြန်မာကုမ္ပဏီတွေ အတွေ့အကြုံ သိပ်မရှိလည်း ရတယ်ဆိုပြီး လုပ်နေတာတွေ ရှိတယ်။ မြန်မာ့ရေနံကလည်း လုပ်ကွက်တွေ လေလံချတာ အရင်လိုလုပ်နေတုန်းလား ဆိုတာ မရှင်းလှဘူး”ဟု ဗစ်ကီဘိုးမန်းက ဆိုသည်။

Global Witness က မြန်မာ့ရေနံနှင့် ဂတ်စ်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီ အားလုံး ပိုင်ရှင်များနှင့် ပတ်သက်သမျှ သတင်းအချက်အလက်များကို ထုတ်ဖော်ရန်နှင့် ကုမ္ပဏီက EITI ကို အစီရင်ခံများ ပေးပို့ရန်လည်း တိုက်တွန်းထားသည်။ ထိုသို့ လုပ်ဆောင်စေရန် ဥပဒေပြုဖို့ လိုအပ်ကြောင်း လွှတ်တော်နှင့် အစိုးရအားလည်း တိုက်တွန်းသည်။

ပွင့်လင်းမြင်သာမှုရှိရေးကို မြန်မာနိုင်ငံတွင် ဦးစားပေးအဆင့် မထားသေးချေ။ မြန်မာကုမ္ပဏီများအက်ဥပဒေသည် နှစ် ၁၀၀ သက်တမ်းရှိနေပြီဖြစ်ပြီး မိသားစုပိုင် အများစုဖြစ်သည့် မြန်မာကုမ္ပဏီများကို ပိုင်ရှင်နှင့် ကုမ္ပဏီဆိုင်ရာ အချက်အလက်များကို အများပြည်သူထံ တင်ပြအစီရင်ခံရန် တောင်းဆိုခြင်းလည်း မပါဝင်ပေ။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လျှို့ဝှက်မှုနှင့် ဖုံးကွယ်မှုများ ကျယ်ပြန့်စွာရှိနေဟုဆို

စည်သူအောင်

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လျှို့ဝှက်မှုနှင့် ဖုံးကွယ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေ သည်ဟု အင်္ဂလန်နှင့် ဝါရှင်တန်ဒီစီအခြေစိုက် Global Witness(GW) ၏ ဇွန်လ ၂၆ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Global Witness သည် သဘာဝရင်းမြစ်များနှင့် ဆက်စပ်နေသည့် ပဋိပက္ခဖြစ်ပွားမှုများ၊ အကျင့် ပျက်ခြစားမှု များနှင့် ဆက်နွှယ်နေသည့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်ပွားအောင်ကာ ကွယ်ရန် သုတေသနပြုလုပ်ခြင်းနှင့် ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမှန်တကယ် အကျိုးအမြတ် ရသူများကို လုပ်ကွက်လုပ်ကိုင်ခွင့်ရသွားသူများက ဖုံးကွယ်ထားဆဲဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။

GW သည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များရရှိထားသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၄၇ခုထံ ၎င်းတို့၏ ပိုင်ရှင်နှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားပေးရန် ဖိတ်ခေါ်သည့်စာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပေးပို့ရာတွင် နိုင်ငံတကာကုမ္ပဏီ ၃၁ခုအနက် ကုမ္ပဏီ ၁၁ ကသာ GW ၏မေးခွန်းများကို ပြန် လည်ဖြေ ကြားခဲ့ပြီး ကုမ္ပဏီ သုံးခုက အနည်းငယ်မျှသာ ဖြေကြားခဲ့သည်။ ထို့အတူ နိုင်ငံတကာလုပ်ငန်းများနှင့် ဖက်စပ် လုပ်ကိုင်နေသည့် မြန်မာကုမ္ပဏီ ၁၆ခုအနက် နှစ်ခုကသာ အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အရင်းအမြစ်ကြွယ်ဝချမ်းသာမှုများကို ပိုမိုတရားမျှတစွာနှင့် ပိုမိုပွင့်လင်းစွာစီမံခန့်ခွဲနိုင်စေ ရန်အတွက် ကြိုးစားဆောင်ရွက်နေရချိန်တွင် ထိုသို့သော ကုမ္ပဏီဆိုင်ရာ လျှို့ဝှက်ထားမှုသည် မြန်မာနိုင်ငံ၏ အခြေမခိုင်သေးသည့် တိုးတက်မှုအား ခြိမ်းခြောက်နေသည်ဟု ယင်းအစီရင်ခံစာက သုံးသပ်ထားသေးသည်။

ကုမ္ပဏီပိုင်ရှင်များနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လျှို့ဝှက်ထားခြင်းကြောင့် ရေနံမှရရှိသည့်ဝင်ငွေ များသည် တိုင်းပြည်၏ သဘာဝရင်းမြစ်ကဏ္ဍအား ရေရှည်ဒုက္ခပေးနေသည့် အကျင့်ပျက်ခြစားမှုအဖြစ် ဆုံးရှုံး သွားမည့် အန္တရာယ်ရှိနေသည်ဟု ဆိုသည်။

GW မှ အကဲခတ်လေ့လာသူ Juman Kubba က “ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို လုပ် ကိုင်ခွင့်ရရှိတဲ့ကုမ္ပဏီတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေရပ်တည်နေတယ်ဆိုတာကို တိုင်းသူပြည်သားတွေ သိရှိနိုင်မှပဲ ရရှိတဲ့နှစ်စဉ်ဝင်ငွေတွေ ဟာ နိုင်ငံတော်ဘဏ္ဍာတိုက် ထဲကို ရာက်ဖို့အခွင့်အရေးပိုရှိမှာလည်းဖြစ် တယ် ” ဟု ဆိုသည်။

မြန်မာကုမ္ပဏီ ၁၆ခုအနက် Machinery & Solutions နှင့် Myanmar Petrolum E&P Co.,Ltd(MPEP) တို့သည် ၎င်းတို့၏ နောက်ဆုံးအကျိုးအမြတ်ခံစားသူ ပိုင်ရှင်များ၏ အသေးစိတ်အချက်အလက်များကို ထုတ် ဖော်ပြောကြားသည့် ပထမဦးဆုံးသော ကုမ္ပဏီများဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

GW ၏ မေးခွန်းများကို လုံးဝဖြေကြားခြင်းမရှိသော နိုင်ငံတကာကုမ္ပဏီများထဲတွင် Shell၊ Chevron၊ Pacific Hunt Energy Corp၊ ISOC Bashneft၊ Eni ၊ Woodside၊ PTTEP၊ Statoil စသည့် ရေနံကုမ္ပဏီများ ပါဝင်နေသည်။

ယာယီစိုက်ထားသည့် တရုတ် နယ်ခြားမှတ်တိုင် သျှမ်းပြည်ဝန်ကြီးချုပ်မှ ဖယ်ရှားခိုင်း

သျှမ်းသံတော်ဆင့်၊စိုင်းလုံ

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် စိုက်ထူ ထားသော တရုတ် မြန်မာ နယ်စပ် ယာယီ နယ်ခြား တိုင်အား ယာယီ ဆွဲနှုတ် ဖယ်ရှားထားရန် သျှမ်းပြည် နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်က နမ့်ခမ်း ခရီး စဉ်မှ ညွှန်ကြား လိုက်သည်။

သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များသည် နမ့်ခမ်းမြို့နယ်ရှိ တရုတ်နိုင်ငံနယ်ခြားမျဉ်းဟု တိုင်းတာ ကာ ယာသီသတ်မှတ်ခံထားရသော နယ်စပ်ငုတ်တိုင်များကိုယမန်နေ့က သွားရောက် စစ်ဆေးပြီး ထိုသို့ ပြောဆိုလိုက်သည်။

“ကုန်းဆာကျေးရွာ ကူးတို့ဆိပ်မှာ ဝန်ကြီးချုပ်ကသွားစစ်တော့ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေး အထောက် အကူပြုအဖွဲ့ဝင် ဆရာအောင်ဝင်းက မြေပုံနဲ့တကွအကျယ်တဝင့်ရှင်းပြတယ်။ သျှမ်းပြည်ဝန်ကြီးချုပ် က လည်းမှန်ကန်စွာ အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ တရုတ်ဘက်က ကျူးကျော်စိုက်ထူ ထားတဲ့မှတ်တိုင်တွေကိုလည်း သူပြန်သွားရင်ဆွဲနှုတ်လိုက်ပါလို့ မှာသွားပါတယ်။” ဟု စယ်ဟိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း နမ်ခမ်းမြို့သို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်စဝ်အောင်မြတ်နှင့်အတူ သျှမ်းပြည် နယ် ဝန်ကြီးများအဖွဲ့က ဂျွန်လ ၂၈ ရက်က ရောက်ရှိခဲ့ပါသည်။

သျှမ်းပြည်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကောင်းနောင်မိုရပ်ကွက်ရှိ ကျားဖြူခန်းမတွင် ကွတ်ခိုင်၊ မူစယ် နှင့် နမ့်ခမ်းမြို့ အုပ်ချုပ်အထောက်အကူအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ စုစုပေါင်း (၃၀၀)ကျော်ကလာရောက်တွေ့ဆုံကာ ရပ်ရေးရွာရေးများတင်ပြဆွေးနွေးခဲ့ကြပြီး သျှမ်းပြည် နယ် ဝန်ကြီးချုပ်ကအဆိုပါ သုံးမြို့နယ်အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း( ၄၀၀) နှင့် ကျောင်းသုံး ဗလာစာ အုပ် ဒါဇင် (၃၀၀) စီပေးအပ်ကူညီခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နမ့်ခမ်းဒေသခံက ပြောပါသည်။

တွေ့ဆုံပွဲအပြီး သျှမ်းပြည်ဝန်ကြီးချုပ်အဖွဲ့ များသည် တရုတ်ပြည်ပိုင်မြေ သတ်မှတ်ခံရသော ကုန်းဆာ ကျေးရွာရှိ ရွှေလီမြစ်ကမ်းဘေးတွင် သွားရောက်လေ့လာခဲ့သည်။

တရုတ်ပြည်ပိုင် နယ်နမိတ် ဟု သတ်မှတ်ထားခံရ သော ကျေးခွန်၊မန့်နောင်၊ကုန်းဆာကျေးရွာ ဒေသခံ များနှင့် နမ့်ခမ်းမြို့ လယ်သမားအဖွဲ့ များ ပါဝင်သော လူအင်အား တစ်ထောင်ကျော်ခန့်သည် ၀န်ကြီး ချုပ်သွားရာ ကုန်း ဆာကျေးရွာ ကူးသို့ဆိပ်လမ်းတွင် သျှမ်းပြည် ၀န်ကြီးချုပ်နှင့်အဖွဲ့များကို သျှမ်းရိုးရာ အိုးစည်များတီးခတ်ကြို ဆိုကြပြီး ၄င်းတရုတ်ပိုင်မြေဟု သတ်မှတ်ခံရသော ဘိုးဘွားပိုင်မြေများကို မှန်ကန်စွာပြန်လည်သတ်မှတ်ပေးပါရန် စာရွက်ကိုယ်စီကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြောင်း ကုန်းဆာကျေးရွာနေ စိုင်းအိုက် က ဆိုသည်။

“ ဒေသခံ ရွာသူရွာသားများ က သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များအားလှိုက်လှဲစွာကြိုဆိုပါ၏။ ဘိုးဘွားပိုင် မြေများကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပါ။ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ်ကို ယခင်ရှိရင်း စွဲအတိုင်း ဆောင်ရွက် ပေးရန်တောင်းဆိုသည် စသော စာရွက်များကိုယ်စီ ကိုင်ဆောင်ကြတယ်” ဟု ၄င်းကပြောသည်။

နမ့်ခမ်းမြို့သို့ရောက်ရှိလာသော ၀န်ကြီးများမှာ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး စိုင်းနော်ခမ်း၊ သျှမ်းပြည်စည်ပင်ကော်မတီဝန်ကြီးဦးနေလင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးအောင်သူ နှင့် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး စိုင်းဆာလူ တို့ဖြစ်ကြပါသည်။

အသက် ၅ နှစ်မှ ၁၆ နှစ်အတွင်း လမ်းပေါ်ကလေးများအတွက် ညပိုင်းစောင့်ရှောက်ရေးဂေဟာ ဖွင့်မည်

Mizzima

အသက် ၅နှစ်မှ ၁၆နှစ်အထိ လမ်းပေါ်ကလေးငယ်များကို မွေးစာရင်းနှင့် မှတ်ပုံတင်များပါ ပြုလုပ်ပေးပြီး ညပိုင်းစောင့် ရှောက်ရေးဂေဟာ ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးခြင်းကို ရပ်ရွာအခြေပြု ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့များနှင့် ပူးပေါင်းပြီး စောင့်ရှောက်ပေးသွားမည်ဟု ရတနာ့ မေတ္တာ အဖွဲ့ဥက္ကဌ ဦးမြင့်ဆွေက မဇ္ဈိမကို ပြောသည်။

အဆိုပါလမ်းပေါ်ကလေးများ စောင့်ရှောက်နိုင်ရန် ညပိုင်း စောင့်ရှောက်ရေးဂေဟာကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အောက်တိုဘာလတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါဂေဟာ မှ ကလေးများကို စက်မှု၊လက်မှု သင်တန်းများ တတ်ရောက်နိုင်ရန် ကူညီသွားမည်ဖြစ်သည်။ထိုသို့ စောင်ရှောက်နိုင်ရန် ရပ်ရွာအခြေပြုကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ ၇၈ ဖွဲ့နှင့် ရတနာ့မေတ္တာ အဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

“ဂေဟာဖွင့်လှစ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းသွားမယ်။ဂေဟာဖွင့်ပြီးသွားရင် ကလေးတွေကို သင်တန်းတွေ တတ်နိုင်အောင် ပံ့ပိုးကူညီမှုတွေ ပေးသွားမယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

ကလေးများ ကာကွယ်စောင့်ရှောက်ခံရမှု လျော့နည်းပါက အကြမ်းဖက်ခံရခြင်း၊ လွဲမှားစွာပြုမှုဆက်ဆံခံခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးချခံရခြင်းနှင့် လူကုန်ကူးခြင်းခံရခြင်းများ ကြုံတွေ့နိုင်သည့်အတွက် အဆိုပါကလေးများကို မွေးစာရင်း မှတ်ပုံတင်ပြုလုပ်ပေးခြင်း နှင့် အကြမ်းဖက်ခံရမှုများမှ ကာ ကွယ်စောင့်ရှောက်ပေးသွားမည်ဟု ၄င်းက ဆိုသည်။

အဆိုပါ ညပိုင်းဂေဟာကို ကလေးငယ်များ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတတ်စေရန်သော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်လာစေရန် ၊ ကလေးများ၏ ရှင်သန်ခွင့် ၊ဖွံ့ဖြိုးတိုးတတ်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်များအပြည့်အဝပုံဖော်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကွန်ယက်မှ စီမံကိန်းဒါရိုက်တာ ဦးအာကာစိုးနောင်က“လမ်းပေါ်ရောက်ကလေးတွေ ပပျောက်ဖို့ နေ့ပိုင်း၊ညပိုင်း စောင့်ရှောက်ရေးဂေဟာ တွေ ရှိတာနဲ့တင်လည်း မလုံလောက်ပါဘူး။ ဒီပြဿနာက အားလုံးအဖြေရှာရမယ့် အချိန်ရောက်နေပါပြီ” ဟုပြောသည်။

ကလေးငယ်များပြုစုစောင့်ရှောက်ပေးနေသည့် ရတနာ့မေတ္တာအဖွဲ့မှ ကလေးငယ်များစောင့်ရှောက် ပေးနိုင်ရန် ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်တွင် ရွာပေါင်း၂ဝ၊ ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့ရှိ ရပ်ကွက် ၁ဝခု ၊ရန်ကုန်တိုင်းဒေသကြီးတွင် မြို့ နယ်၂၂ခု၊ ရပ်ကွက်ပေါင်း၎ဝ၊ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ် ရပ်ကွက်ရှစ် ခု၊ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိ ရပ်ကွက်ရှစ်ခုတွင် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ် စောင့်ရှောက် ရေးစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဦးမြင့်ဆွေ က ပြောသည်။

၂ဝဝ၆ခုနှစ် လူမှုဝန်ထမ်းဦးစီးဌာနသို့ မှတ်ပုံတင်ထားသည့် ဂေဟာပေါင်း၂၁၇ခုတွင် ကလေးသူငယ်ပေါင်း ၁၇ဝဝဝ ကျော်စောင့်ရှောက်ထားကာ ၂ဝ၁၄ခုနှစ်တွင် ဂေဟာပေါင်း၂၂၇ခုတွင် ကလေးသူငယ်ပေါင်း ၂ဝဝဝဝ ကျော်ရှိသည်ဟုလှုမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သံတွဲ ညမထွက်ရအမိန့် နောက်ထပ် (၂) လတိုးမြှင့်

နိရဉ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း (၂) လ တိုးမြှင့် လိုက်သည်ဟု သတင်း ရရှိသည်။

“ မနေ့ညနေ ၉ နာရီ အချိန်မှာ အသံချဲ့စက်နဲ့ အော်ပါတယ်။ နောက်ထပ် ညမထွက်ရအမိန့်ကို (၂) လ သက်တမ်း တိုးတယ်လို့ ပြောပါတယ်” ဟု သံတွဲဒေသခံ ကိုနေဇော်က ပြောသည်။

ယခင် သတ်မှတ်ထားသော ညနေ ၁၀ နာရီမှ နံနက် ၄ နာရီ အချိန်ထိ ညမထွက်ရ အတစ်စုံတစ်ရာ အပြောင်းအလဲ မရှိကြောင်း၊ သက်တမ်းကိုသာ နောက်ထပ် (၂) လတိုးလိုက်သည်ဟု သက်ဆိုင်ရာမှ ကျေညာခဲ့ကြောင်း သူကဆက်ဆိုသည်။

သံတွဲမြို့တွင် ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စထုတ်ခဲ့သည်။ သံတွဲမြို့ အခြေအနေမှာ တစထက် တစ တည်ငြိမ် တိုးတက်ကောင်းမွန်လာသော် ညမထွက်ရ အမိန့်ကို ဆက်လက်ထားရှိဆဲ ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်တွေတွင်လည်း ညမထွက်ရအမိန့်မှာ ဆက်လက်တည်တံ့နေဆဲ ဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းနောက်ပိုင်း ခေါင်းဆောင်များတွင် အစွမ်းအစနှင့် ပြည့်စုံသည့် ဂုဏ်ရှိသူ မတွေ့သေးဟု ရွှေညဝါ ဆရာတော်မိန့်

ယုဝေ

ဗိုလ်ချုပ်အောင်ဆန်းနောက်ပိုင်း နိုင်ငံရေးခေါင်းဆောင်များတွင် မေတ္တာသုတ်တော်တွင်ပါရှိသည့် အစွမ်းအစနှင့် ပြည့်စုံသည် ဟူသည့် (သက္ကော) ဆိုသည့် ဂုဏ်ဒြပ်နှင့် ပြည့်စုံသူ မည်သူမျှမရှိဟု ရွှေညဝါ ဆရာတော် ပညာသီဟက မေတ္တာတရားနှင့် နိုင်ငံတော် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် မိန့်ကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်က ဆူးလေ ရှန်ဂရီလာ ဟိုတယ်(ယခင်ကုန်သည်ကြီးများဟိုတယ်)တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွှေညဝါ ဆရာတော်၊ အရှင်သံဝရာလင်္ကာရ ဆရာတော်(ဓမ္မပီယ)၊ ဦးသောဘိတ (ဘဝအလင်းရောင်ဆရာတော်)၊ ဦးဘုန်း(ဓာတု)၊ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)၊ မသီတာ(စမ်းချောင်း)၊ ဦးစည်သူအောင်မြင့် တို့က ဆွေးနွေးခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်းဟာ ပြောတဲ့အတိုင်းလည်း လုပ်တတ်တယ်။ တို့ရဲ့ မီးရှုးတန်ဆောင် ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ အဲ့ဒါကြောင့် သက္ကောဆိုတဲ့ ဂုဏ်နဲ့ပြည့်စုံတဲ့ တို့အားလုံးရဲ့ ချစ်မြတ်နိုးထိုက် မမေ့အပ်သော ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ လက်ရှိအချိန်တွင် အဆိုပါဂုဏ်နှင့်ပြည့်စုံသူ မမြင်တွေ့သေးဘူး”ဟု ရွှေညဝါဆရာတော်က မိန့်သည်။

လက်ရှိအချိန်တွင် မေတ္တာသုတ်ပါ သက္ကော ( အစွမ်းအစနှင့် ပြီးပြည့်စုံခြင်း) ဟူသည့် ဂုဏ်ဒြပ်နှင့် ပြည့်စုံသည့် နိုင်ငံခေါင်းဆောင် ရှိမရှိကို ခန့်မှန်းရန်မှာမှု အချိန်ကာလ စောနေသေးသည်ဟု ဆရာတော်က မိန့်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မေတ္တာသုတ်ပါ အကြောင်းအရာများကို အခြေခံ၍ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေမျာကို နှိုင်းယှဉ် ဆွေးနွေးသွားခဲ့သည်။

အရှင်သံဝရာလင်္ကာရဆရာတော် (ဓမ္မပီယ)က လက်ရှိအချိန်တွင် သက္ကောဂုဏ်နှင့် အပြည့်စုံဆုံးသူကို ပြရမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်သာရှိသည်ဟု မိန့်ကြားသည်။

“တိုင်းပြည် ယနေ့အချိန်မှာတော့ သက္ကောအဖြစ်ဆုံးသူ ပြပါဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ လက်ရှိအချိန်တွင် သက္ကောဂုဏ်နှင့် ပြည့်စုံသူတစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူ့မှာ အားနည်းချက်တွေ အများကြီးရှိပေမယ့် သူ့ရဲ့ သက္ကောဆိုသည့် ဂုဏ်ကို ဖုံးလွှမ်းမှုမရှိပါဘူး။ ရာနှုန်းပြည့်မဟုတ်တောင် ၈ဝ၊ ၉ဝ ရာခိုင်နှုန်းတော့ရှိပါတယ်”ဆရာတော် အရှင်သံဝရာ လင်္ကာရဆရာတော်(ဓမ္မပီယ)က မိန့်ကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လူအများက နှုတ်ဖျားမှ မေတ္တာရှိနေသည်ထက် ရင်မှလာသည့် မေတ္တာဖြင့် အချင်းချင်း ညီညွတ်စွာနေထိုင်သင့်သည်ဟုလည်း ဆွေးနွေးခဲ့သည်။

၂၀၁၃ - ၂၀၁၄ အောင်ချက်အပေါ် အားရမှုရှိကြောင်း ပြည်နယ် ဒုညွန်မှူးပြော

နေထူး

ယခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကယားပြည်နယ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုသည် မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာသေးသော်လည်း ယခင်နှစ်ထက် ၁.၂၁ ရာခိုင်နှုန်း တိုးတက်မှုရှိလာသည့်အပေါ် အားရမှုရှိကြောင်း ပြည်နယ်ပညာရေးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးစောရှမူအေးလာက ကန္တာရ၀တီတိုင်း(မ်) သို့ပြောသည်။

"ကျနော်တို့ မှတ်ချက်ကို ပြောရမယ်ဆိုရင်တော့ အရင်နှစ် က ၂၅.၅၂ ဒီနှစ်က ၂၆.၇၃ ဟုတ်လား။ ၁.၂၁ တိုးလာတဲ့အပေါ် ကျနော်တို့ကတော့ အရင်နှစ်ရဲ့အားနည်း ချက်ပေါ့နော။ Moderation မရှိတော့ဘူးလေ။ ၄၀ အပြည့်ရတဲ့နှစ်မှာ ကျနော်တို့က ဒီလိုအောင်ချက်မှာ ဘာဘဲဖြစ်ဖြစ် တိုးတက်လာတဲ့အတွက်ကြောင့် ကျနော်တို့က အားရတယ်ပေါ့နော" ဟု ပြောသွားပါသည်။

အရင်နှစ်အားနည်းချက်ကိုကြည့်ပြီး ဘာသာရပ် ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ တောင်ကြီး တက္ကသိုလ်မှဝါရင့် စာစစ်ဆရာများခေါ်ယူ သင်ကြားပို့ချစေခြင်း အပါအ၀င် ကျောင်းသားများအား ၀န်ကြီးချုပ်မေးခွန်းနှစ်ကြိမ် စစ်ဆေးဖြေဆိုခိုင်းခြင်းများကြောင့် ခုလို အောင်ချက် အနည်းငယ် တိုးတက်လာခြင်းဖြစ်ကြောင်း ဆရာဦးစောရှမူအေးလာက ပြောသည်။

တက္ကသိုလ် ၀င်တန်းအောင်ချက်ရာခိုင်နှုန်း လာမည့်နှစ်များတွင် ပိုမိုတိုးတက်လာရေးအတွက် ကျောင်းများတွင် အချိန်ပိုသင်ကြားခြင်း၊ ညအိပ်စခန်းသွင်းခြင်း၊ ၀ါရင့်ဆရာ၊ ဆရာမများခေါ်ယူ သင်ကြားပေးခြင်း၊ ဘာသာရပ် ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဒီနှစ်ထွက်ရှိလာသော အားနည်းချက်ပေါ်တွင် သုံးသပ်မှုများပြုလုပ်ပြီး အောင်ချက်ပိုမို ကောင်းမွန်လာရေးအတွက် လုပ်ဆောင်သွားမည် ဟုသိရသည်။

ထို့ပြင် လာမည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းသည် တစ်စုံတည်း ဖြစ်နေမည့်အတွက် အောင်ချက်တိုးတက် လာရန် ကျောင်းသားများအား ပိုမို ဖိအားပေး သင်ကြားပေးသွားမည်ဟု ဆရာဦးစောရှမူအေးလာက ခုလို ပြောသွားပါတယ်။

"ခါတိုင်းနှစ်က မေးခွန်းတဒေသနဲ့တဒေသ၊ မေးခွန်းအလေးအပေါ့ နည်းနည်းကွာနေတဲ့ အခါကျတော့ မျှော်မှန်းလို့မရဘူးပေါ့နော။ ဒီနှစ်ကတော့ မေးခွန်းတစ်စုံတည်းဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် တကယ်သင်ရင် သင်သလောက်ထွက်လာမှာဘဲ။ ကျနော်တို့ကလည်း နှစ်စကတည်းကနေ စတွန်းမှာဘဲ"

တရားမ၀င်ကုန်ပစ္စည်းတွေ ဇူလိုင်လ ၂ ရက်နေ့ကနေ စပြီးစစ်ဆေး

DVB


ကရင်တစီး ဗမာတစီး ချက်ခြင်းစီး

ဇော်မင်း

ဆောင်းပါးတွေရေးတော့ ဘာဘဲပြောပြော နိုင်ငံရေးနဲ့ ပတ်သက်ရတာပေါ့။ အတည်ပေါက်တွေ ရေးရတာမို့ တခါခါ ဆောင်းပါး ဆိုတာတွေဟာ လူတွေကို ဆရာလုပ်နေသလို ဖြစ်နေတယ်လို့ တွေးမိတယ်။ ဆရာလုပ်တာကို လောကကြီးမှာ ဘယ်သူမှ မခံချင်ပါ။ မကြိုက်ကြပါ။ ကျနော်လည်း ကျနော့်ကို ဆရာလာလုပ်ရင် မကြိုက်တတ်သူ တဦးပါ။ တခြားသူတွေ လည်း ဘယ်ခံချင်ပါ့မလဲလို့ စိတ်ထဲမှာ ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် လူတွေကို ဆရာလုပ်ရတဲ့ ဆောင်းပါးမျိုးတွေကို ရေးဖို့ တခါတခါ ညီးငွေ့လာတယ်။ အပြောင်အပျက် စာကလေးတွေ ရေးရရင် အပျင်းလည်း ပြေသလို စိတ်မှာလည်း ပေါ့ပါးတာပေါ့။ ဟုတ်တယ်မို့လား။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောကြတော့ အစိုးရဆီက အခွင့်အလမ်းတွေ ရခဲ့ကြ တယ် မဟုတ်လား။ ကျောက်စိမ်းတူးခွင့်တို့၊ မိုင်းရှုးရတနာမြေတို့၊ တခြားသတ္ထုမိုင်းတွေ တူးဖော်ခွင့်တို့၊ သစ်ခုတ်ခွင့်တို့၊ ရွှေတူးခွင့်တို့၊ ဘာကုမ္ပဏီ ညာကုမ္ပဏီတွေ ထူထောင်လုပ်ကိုင်ခွင့်တို့ ရခဲ့တာကို မှတ်မိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆင်းရဲလေတော့ အစိုးရက ပြန်ကြည့်တဲ့ သဘောမျိုးလားတော့ မသိဘူး။ ဒါမှမဟုတ် သွယ်ဝိုက်ပြီး လာဘ်ထိုးတာ များလားပေါ့။ စဉ်းစားကြည့်တာပါ။ ဘယ်သူ့ကိုမှ အပြစ်တင်တာ မဟုတ်ပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတော့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ စကားပြောကြတဲ့အခါမှာ အပေးအကမ်း လုပ်တဲ့ ခေတ်အစားဆုံး ကိစ္စတခုကတော့ ကားပါမစ်ပါ။ ကေအန်ယူ အဖွဲ့ဆိုရင် ကားပါမစ် ၁၈ဝ ဆိုလား ၂ဝဝ ဆိုလား တောင် ရသတဲ့။ များလှချည်လားလို့ ပထမတော့ ထင်မိသေးတယ်။ ဒါပေမဲ့ ကေအန်ယူက ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်က ကေအန်ယူဟာ အဖွဲ့အစည်းကြီး တခုဖြစ်တာမို့ တကယ်တန်းဆိုရင် လိုအပ်နေတဲ့ ကားပါမစ်က ဒီထက်တောင် များများ ရသင့်တယ်လို့ ပြောခဲ့တာကိုလည်း ကြားလိုက်မိတယ်။ ဟုတ်မှာပေါ့။ ကျားကြီးတော့ ခြေရာကြီးလို့ ဆိုထားတယ် မဟုတ်လား။ ကျောင်းသားတပ်မတော်တောင် ကားပါမစ် အစင်း ၆ဝ ရတယ်ဆိုတော့ ကေအန်ယူက ဒီထက်ပိုများများ လိုလိမ့်မယ်ဆိုတာက ဟုတ်လောက်ပါတယ်။

ဒီလို အခြေအနေမျိုးထဲမှာ နောက်တခုကတော့ နိုင်ငံရေးပါတီများ စီးပွားရေး တရားဝင်လုပ်ကိုင်ခွင့် ပြုတယ်ဆိုပြီး ဖြစ်လာ ပြန်တယ်။ အစိုးရက မရှိနွမ်းပါးတဲ့ နိုင်ငံရေးပါတီတွေ အသက်ရှုပေါက်ချောင်အောင် စီစဉ်ပေးတာမျိုးဆိုတော့ ဒါကိုလည်း အပြစ်မတင်လိုတော့ပါဘူး။ လုပ်ကြပါလေ စီးပွားရေး မောင်တို့ကောင်းစားရေးလို့ သဘောပိုက်ရတော့တာပေါ့။ စီးပွားရေး လုပ်ငန်းတွေက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ သူတို့အိတ်ထဲ အကုန်မထည့်ဘဲ ပါတီဝင်တွေ အကျိုးအတွက် အသုံးချမယ်လို့ ထင်ရတာပဲ။

ဟော ရက်များမကြာမီကလည်း နိုင်ငံရေးပါတီတွေအတွက် လိုအပ်တဲ့ ရုံးဖွင့်ဖို့ မြေနေရာ၊ အဆောက်အဦနေရာတွေ ပေးဦး မယ်လို့ အစိုးရက ပြောလာတယ်။ ဒါဟာ လာဘ်ထိုးတယ် မဟုတ်ဘူးဆိုရင် ဝမ်းသာပါတယ်လို့ ပြောရမှာလား။ လာဘ်ထိုး တယ် ဆိုရင်တော့ ဝမ်းနည်းရမှာလား မိသိန်းကြည်လို့ မေးရမှာပဲ။ သွားရေးလာရေး အဆင်ပြေအောင် ပါတီတခုကို ကားငါးစီးစီ ကားပါမစ်လည်း ထုတ်ပေးဦးမယ်လို့ ကြားရသေးတယ်။ ပါတီခေါင်းဆောင်တွေ အခုကထဲက ကားမောင်း သင်ထားရင် အဆင်ပြေလိမ့်မယ်။ ကားမမောင်းတတ်လို့ ကားသမားငှားရင် လခပေးနေရမှာပေါ့။ လခပေးရရင် ပါတီ ပိုက်ဆံပဲ ကုန်တော့မှာပေါ့။ ဟုတ်တယ်မို့လား။

တချိန်တုန်းက ကရင်ခေါင်းဆောင်တွေနဲ့ ဗမာခေါင်းဆောင်တွေ ဆွေးနွေးကြတော့ တန်းတူရေးအတွက် အဓိကထားပြီး ဆွေးနွေးတယ်လို့ ဆိုပါတယ်။ ကရင်တကျပ် ဗမာတကျပ် ဆိုပြီး လူသိများခဲ့တယ်။ ပြောစမှတ်ပြုခဲ့တယ်။ နောက်ပိုင်းမှာ တန်းတူရေးနဲ့ ပတ်သက်လို့ ပြောကြရင် ကရင်တကျပ် ဗမာတကျပ်ကို နမူနာထားပြီး ရှမ်းတကျပ် ဗမာတကျပ်၊ မွန်တကျပ် ဗမာတကျပ် စသဖြင့် စံထားပြောခဲ့ ကြတယ်လို့ ကြားဖူးပါတယ်။

နောက်ထပ် ကိစ္စတခုကတော့ လူကြီးတွေပြောဖူးလို့ သိခဲ့ရတဲ့ ပါးစပ်ရာဇဝင်တခု ရှိတယ်။ အဲတာက ကေအန်ယူမှာ ခိုးလိုး ခုလု ဖြစ်ခဲ့ရတဲ့ ကိစ္စလေးတခု ရှိခဲ့တယ်။ အခုခေတ် အစိုးရနဲ့ ကေအန်ယူ ဆွေးနွေးသလို ဟိုတုန်းကလည်း ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ ကေအန်ယူ ခေါင်းဆောင် စောဘဦးကြီးနဲ့ ဆွေးနွေးတော့ အတော်လေး အဆင်ပြေတယ်လို့ ဆိုတယ်။ ဆွေးနွေးပွဲအပြီးမှာ ဦးနုက ဥက္ကဋ္ဌ စောဘဦးကြီးကို ဒီလိုပြောတယ်။ ဥက္ကဋ္ဌကြီး ခါးမှာချိတ်ထားတဲ့ ခြောက်လုံးပူးကို စတိအနေနဲ့ ကျနော့်လက်ထဲလွှဲပေးပါ။ ပြီးတာနဲ့ ကျနော်က ဥက္ကဌကြီး သေနတ်ကို ချက်ခြင်းပြန်ပေးပါမယ်လို့ ဆိုသတဲ့။ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ် ဆိုတာလေး အမြင်ကောင်းအောင်လို့ပါဆိုပြီး ထပ်ပြောသေးသတဲ့။ ဒါနဲ့ ဥက္ကဋ္ဌ စောဘဦးကြီးက ဒါလောက်တော့ ဘာမှ ဖြစ်လောက်တာ မဟုတ်လို့ ရပါတယ်ဆိုပြီး သူ့ခြောက်လုံးပူးကို ဝန်ကြီးချုပ် ဦးနုလက်ထဲ ထည့်လိုက်တယ်။ အဲဒီ အချိန်မှာ သတင်းထောက်တွေက အဲဒီပုံကို ရအောင် ဓာတ်ပုံရိုက်ယူလိုက်ကြတယ်။

နောက်နေ့ သတင်းစာတွေထဲမှာ ရေးကြတော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ ဆွေးနွေးပဲ သဘောမျိုး မဟုတ်ဘဲ စောဘဦးကြီး ကိုယ်တိုင်က ဝန်ကြီးချုပ်ဦးနု ရှေ့မှာတင်ပဲ လက်နက်ချသလိုလို ဘာလိုလို ရေးကြတယ်လို့ ဆိုတယ်။ အဲဒီတော့ နယ်တွေမှာ သေနတ်ကိုင်ပြီး အစိုးရတပ်တွေနဲ့ တိုက်နေတဲ့ ကေအန်ယူရဲဘော်တွေ ပြာလောင်ခတ်သွား တာပေါ့။ ဒို့ ကရင်ခေါင်းဆောင်ကြီး ဘယ်နှယ့်လုပ်လိုက် သလဲပေါ့။ အဲဒါကို နောက်ပိုင်းမှာ စောဘဦးကြီးလဲ သဘော ပေါက်သွားတော့ စိတ်ထဲမှာ ခိုးလို့ခုလု ဖြစ်ရတာပေါ့။ ဝန်ကြီးချုပ် ဦးနုနဲ့ အစောပိုင်းမှာ ဆွေးနွေးခဲ့တာတွေလည်း ပျက်ပြား ကုန်တာပေါ့။ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်ခဲ့ရတာကြောင့် နောက်ပိုင်းမှာ စောဘဦးကြီးက သူရဲ့ မူလေးချက်ကို ချမှတ်တော့ တချက်က ဘာတုန်းဆိုတော့ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ နောက်သုံးချက်ကတော့ လက်နက်ချစကား အလျှင်းမပြောရ။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်။ ကရင်ပြည်နယ် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်။ ကရင်တကျပ် ဗမာကျပ်ကနေ စောဘဦးကြီးမူ လေးချက်ကို ကနေ့ ကားပါမစ်တွေနဲ့ နိုင်းယှဉ်ကြည့်မိတော့ ဒီလိုလေး အသောဖောက်ချင်ပါတယ်။

“ကရင်တစီး ဗမာတစီး ချက်ခြင်းစီး။
ကရင့်ကား ကရင့်လက်ထဲတွင် ရှိရမည်။
ကရင့်ကား သူများကိုပေးရမည် ဆိုသောစကား အလျဉ်းမပြောရ။
ရောင်းချင်ရောင်း မောင်းချင်မောင်း ကရင့်ကားရဲ့ ကံကြမ္မာကို ကရင်ပဲ ဖန်တီးမည်။
ကရင်ပြည်နယ်ထဲတွင် ကားပါမစ်ကြောင့် ကားများနှင့် ပြီးပြည့်စုံရမည်။”


ဒီကြားထဲမှာလည်း မန်းငြိမ်းမောင်က သမ္မတဦးသိန်းစိန် နောက်တခေါက် သမ္မတ ပြန်ဖြစ်ဖို့ ဆုတောင်းသေးတယ် ဆိုတော့ မဟုတ်မှလွဲရော ကေအန်ယူအတွက် နောက်ထပ် ကားပါမစ်များများ လိုချင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ သူများတွေ ထင်သလို နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ ဒါနဲ့ သိမီလိုက်တဲ့ လူကြီးတွေ အပြောအရတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ငယ်နာမည်က မန်းသိန်းစိန်တဲ့။ ဗိုလ်သင်တန်း လျှောက်တော့ အရွေးမခံရမှာ စိုးရိမ်လို့ မန်း ဆိုတာကို ဖြုတ်ပစ်လိုက်တယ်လို့ ဆိုတယ်။ သမ္မတကလည်း မြစ်ဝကျွန်းပေါ်သားဆိုတော့ ဟုတ်လောက်တယ်။

ချစ်လို့ခင်လို့ စချင်လို့ နောက်ပြောင်ပြီး ရေးတာပါဗျာ။ တကယ်မဟုတ်ပါဘူး။ ကာယကံရှင်များ စိတ်မဆိုးကြပါနဲ့လို့။ ဟဲဟဲဟဲ။

ဂျယ်ဂေါင် သျှမ်းဒေသခံများအား တရုတ်အစိုးရတပ်မှ စစ်ပညာ သင်ပေး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ တဘက်ကမ်း ဂျယ်ဂေါင်မြို့ အတွင်းမှ သျှမ်း ဒေသခံ များအား တရုတ် အစိုးရ တပ်မတော်မှ ဆင့်ခေါ်ကာ စစ်ပညာ သင်ကြား ပေးနေသည်ဟု သိရသည်။

ဂျွန်လနောက်ဆုံးပတ်မှစ၍ ဂျယ်ဂေါင်ဒေသခံ သျှမ်းအမျိုးသား အမျိုးသမီးများအား အုပ်ချုပ်ရေးမှူး များမှတဆင့် ဆင့်ခေါ်ကာ တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေး (ရဲ) စခန်းဝင်း၌ စစ်ပညာသင်ကြားပေး ခဲ့ သည်။ တက်ရောက်သူ နယ်စပ်ဒေသခံများအနက် ဂျယ်ဂေါင်ဒေသခံ သျှမ်းအမျိုးသား၂၄ ဦး၊ အမျိုး သမီး ၈ ဦး ပါဝင်သည်။

သင်တန်းချိန်အား နံနက် ၈ နာရီမှ ၁၁ နာရီ တကြိမ်၊ မွန်းလွဲ ၃ နာရီ မှ ညနေ ၅ နာရီအထိ တရက် နှစ်ကြိမ် ရှိသည်ဟုဆိုပါသည်။

“ကျမညီမသွားတက်ရတာ အခု ၅ ရက် ရှိသွားပြီ။ ဘာလုပ်ဖို့လဲမသိဘူး။ လိုအပ်တဲ့အခြေခံစစ်ပညာ သင်တန်းပေါ့။ သေနတ်လဲ ပစ်ကျင့်ရတယ်။ လူတွေကို အလဲထိုးတဲ့ ကိုယ်ခံနည်းပညာလဲသင်ရတယ်။ ရှေ့အပတ်ထဲ ဖမ်းချုပ်တဲ့ နည်းတင်ပေးမယ်တဲ့။ ဒီစနေ တနင်္ဂနွေတော့ နားတယ်။ တနင်္လာနေ့ ပြန် စရ မယ်။ သင်တန်းက ဘယ် နှစ်ရက်ဆက်ကြာမယ် ဆိုတာမသိသေးဘူး” - ဟု ဆောင်တိုင်းမောဝ်း က ပြောသည်။

“အခုပေးတဲ့သင်တန်းက အရင်ကလည်းပေးဖူးတယ်။ အဲဒီတုန်းက ဗမာလိုပြောရရင် ပြည်သူ့စစ်ပေါ့။ အခုဟာလဲ မိမိရပ်ရွာအတွင်း ဒုစရိုက်တွေပေါ်လာရင်၊ နယ်စပ်ဖြတ်ကျော်မှု ဒုစရိုက်သမားတွေကို ဝိုင်း ဝန်းနှိမ်နှင်းဖို့ပါ၊ သင်တန်းက အချိန်ပိုင်းဘဲဆိုတော့ ရက် ၂၀ တလလောက်ပေါ့” - ဟု တရုတ်နယ်စပ် လုံခြုံရေးအရာရှိနှင့်နီးစပ်သည့် ထွန့်မောဝ်းဒေသခံ စိုင်းကောက သျှမ်းသံတော်ဆင့်အား ပြောသည်။

မန်မာနိုင်ငံနယ်စပ် (တရုတ်နိုင်ငံ) ရွှေလီခရိုင် ဂျယ်ဂေါင် နှင့် ရွှေလီမြို့တို့တွင် တရုတ်အာဏာပိုင်များ က အကြောင်းအမျိုးမျိုးပြကာ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဖမ်းဆီးထားကြောင်း၊ သီးခြားအတည်ပြု ချက်မရသေးသည့် သတင်းအရ အဆိုပါဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများအား တရုတ် - မြန်မာ မီးရထားလမ်း (တရုတ်ဘက်ခြမ်း) ဖေါက်လုပ်ရေးအတွက် အဓမ္မလုပ်အား စေခိုင်းခြင်းခံရသည်ဟု ဆိုသည်။

ဗုဒ္ဓတရားတော်ဖြင့် စိတ်စွမ်းအင်မြင့်တင်ရေး ခေါင်းစဉ်ဖြင့် လန်ဒန်ဆရာတော် ဟောပြော

ယုဝေ

လန်ဒန်ဆရာတော် ဦးဥတ္တရက ဇွန်လ ၂၈ ရက် နံနက်က နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ဗုဒ္ဓတရားတော်ဖြင့် စိတ်စွမ်းအင် မြင့်တင်ရေး (Buddhist Chaplain) ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

အဆိုပါပွဲတွင် ဗုဒ္ဓတရားတော်ဖြင့် စိတ်စွမ်းအင်မြင့်တင်ရေး(Buddhist Chaplain)ကို ရန်ကုန်နာရေးကူညီမှု အသင်း၏ ဝန်ထမ်းများနှင့် စေသနာ့ဝန်ထမ်းများ အသုံးပြုသင့်သည်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ယင်းအပြင် ဆရာတော်က မြန်မာနိုင်ငံတွင် ချက်ပလင်ဆိုသည့် လုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ကိုင်လိုသည်ဟု မိန့်သည်။ ချက်ပလင်(Chaplain) ဆိုသည်မှာ အင်္ဂလန်နိုင်ငံ ဆေးရုံများရှိ ဘာသာရေးခန်းမအတွက် ခန့်အပ်ထားသော သာသနာရေးဆိုင်ရာ ဝန်ထမ်းများဖြစ်ပြီး အဆိုပါ ဝန်ထမ်းများသည် ဆေးရုံသို့ လာရောက်ကုသသည့် လူနာများအတွက် စိတ်ဓါတ်ခွန်အားဖြစ်စေမည့် ဆောင်ရွက်ချက်များကို ပြုမှုဆောင်ရွက်ရသည်။ ယင်းအပြင် နာရေးကိစ္စ နှင့် ပတ်သတ်သည့် လုပ်ငန်းဆောင်တာများကိုလည်း ဆောင်ရွက်ရသည်။

“ချက်ပလင်ဆိုတာ မွန်မြတ်ပြီး အင်မတန်မှကြီးကျယ်တဲ့ နက်နဲတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာကတော့ ချက်ပလင်လို့မသုံးတော့ဘဲနဲ့ ဘာသာရေးနှင့် စိတ်စွမ်းရည်မြင့်တင်ရေး လုပ်ငန်းတွေကိုလုပ်တဲ့ နေရာဌာနလို့ သုံးလို့ရပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်

ချက်ပလင်များသည် ဘာသာရေးတစ်ခုတည်းအတွက် မဟုတ်ဘဲ စိတ်စွမ်းရည် မြှင့်တင်ရေးသာဖြစ်ပြီး စိတ်စွမ်းအင်နှင့် လူနာများ သက်သာစေရန် ကုသပေးခြင်းဖြစ်သည်။

လန်ဒန်ဆရာတော်သည် ဦးဥတ္တရသည် အင်္ဂလန်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ချက်ပလင် လုပ်နေပြီး ယင်းဆေးရုံရှိ လူနာကို စိတ်ဓါတ်ခွန်အားပေးနေသူဖြစ်သည်။

ယင်းအပြင် ရန်ကုန်နာရေးကူညီမှုအသင်းနှင့် ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာတို့ကဲ့သို့ လူမှုရေး ကူညီဆောင်ရွက်နေသည့် အသင်းများတွင် ယင်းကဲ့သို့ချက်ပလင်များ ထားရှိသင့်သည် ဟုလည်း ဆရာတော်က အကြံပြုခဲ့သည်။

ပဋိပက္ခများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း တရာကျော်ရှိ

DVB

မလေးရှားတွင် ကားမှောက်၍ သေဆုံးသူ (၄) ဦး ၁၀ ရက်ကျော်လာသော်လည်း သဂြိုလ်ခွင့်မရသေး

နိရဉ္စရာ

မလေးရှားနိုင်ငံတွင် ဇွန်လ ၁၆ ရက်နေ့က ကားတိုက်သေဆုံးသွားသူ ရခိုင်လူမျိုး (၃) ဦးနှင့် ချင်းလူမျိုး (၁) ဦးတို့၏ အလောင်းများအား ၁၀ ရက်ကျော်လာပြီ ဖြစ်သော်လည်း သဂြိင်္ုလ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ သေဆုံးသူထဲက တစ်ဦးကတော့ တိတိကျကျ သိပါတယ်။ ပေါက်တောမြို့နယ် အင်ဂြားးချိုင်ကျွန်းက ကိုစံသာအောင် (၃၉) နှစ် ဖြစ်ပါတယ်။ နောက်ထပ် နှစ်ဦးကတော့ ဘင်္ဂလာဒေခ်ျ့ဘက်က ရခိုင်လူမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တစ်ဦးကတော့ ချင်းလူမျိုးလို့ သိရပါတယ်” ဟု မလေးရှား နိုင်ငံရောက် သေဆုံးသူ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ ကိုကျော်မင်းထွန်းက ပြောသည်။

သူတို့ (၄) ဦးသည် မလေးရှားနိုင်ငံသို့ အောက်လမ်းက အသွား ယင်းနိုင်ငံ၏ ဗဟန်းပြည်နယ် တမလွှား အရောက်တွင် မတော်တဆ ကားတိမ်းမှောက်မူ ဖြစ်ရာမှ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“ အလောင်းတွေကို တမလွှားဆေးရုံမှာ သိမ်းထားပါတယ်။ မြန်မာသံရုံးကို သွားပြောတော့ အခု ဖြစ်တဲ့ ကိစ္စက အထောက်အထား စာရွက်စာတန်းတွေလည်း မပါတဲ့အပြင် လူကုန်ကူးမူနဲ့ ဆက်စပ်နေတာကြောင့် ကြားဝင် ဆောင်ရွက်ပေးဖို့ နေရာမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်” ဟု နောက်ထပ် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ကိုဇေယျာဦးက ပြောသည်။

ယခင်က မြန်မာနိုင်ငံသားများအတွက် သာရေးနာရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းများ ရှိသော်လည်း ယခုအခါ ထိုကဲ့သို့ အဖွဲ့အစည်းများ မရှိတော့သလောက် ဖြစ်သွားသဖြင့် ၎င်းအလောင်းများကို သဂြိုလ်ရန် အခက်အခဲ ဖြစ်နေသည်ဟု သူက ဆိုသည်။

အဆိုပါ အလောင်းများကို သဂြိင်္ုလ်ခွင့်ရရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ကိုဇေယျာဦးက ဆက်ဆိုသည်။

သေဆုံးသွားသူ ကိုစံသာအောင်တွင် အရွယ်မရောက်သေးသော ကလေး (၄) ဦးမှာ သူ၏ အမျိုးသမီးဖြစ်သူနှင့် အတူ ရခိုင်ပြည်နယ်တွင် ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ ရေးသူကို ညစ်ညမ်းစာပေ ရေးသားမှုဖြင့် သင်္ကန်းကျွန်းရဲစခန်း အမှုဖွင့်

ခင်မြတ်မြတ်ဝေ

ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာဖန်တီးသူ စာအုပ်ကို ရေးသားသည့် စာရေးဆရာ အောင်ရင်ငြိမ်းကို သင်္ကန်ကျွန်းမြို့မ ရဲစခန်းမှ ပုဒ်မ ၂၉၂ဖြင့် ဇွန်၂၄ရက်တွင် စခန်းမှုးကတရားလိုပြုကာ အမှုဖွင့်လိုက်သည်ဟု သင်္ကန်ကျွန်းမြို့မရဲစခန်းမှ ဒုရဲမှူးဦးသိန်းဟန်က မဇ္ဈိမကို ပြောသည်။

"၂၄ ရက်နေ့က စခန်းမှုးက တရားလိုလုပ် ဖွင့်လိုက်တယ်။ ညစ်ညမ်စာရေးသားမှုကြောင့် ဖွင့်ထားတဲ့ ပုဒ် မ၂၉၂ အမှုဖွင့်ထားပါတယ်။ အခုကတော့စုံစမ်းဆဲပါ " ဟုပြောသည်။

ဇွန်လ ၁၆ရက်နှင့် ၁၇ရက်တွင် သင်္ကန်းကျွန်းမြို့နယ် Junction ဇဝန ဈေးရောင်းပွဲတော်၌ ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာစာအုပ်ကို ရောင်းချခဲ့သည့်အတွက် သင်္ကန်းကျွန်းမြို့မ ရဲစခန်းက အမှုဖွင့်ရခြင်း ဖြစ်သည်ဟု ဒုရဲမှူး ဦးသိန်းဟန်က ဆိုသည်။

ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ စာအုပ်ရေးသားသူနှင့် ပတ်သက်၍ ကဗျာဆရာကိုဇ်ာလူစိမ်းက စာရေးဆရာ အောင်ရင်ငြိမ်းသည် ယခင်က ကဗျာများ ရေးရာမှ ရသစာပေဘက်ကို ကူးသွားခြင်းဖြစ်ပြီး ရသစာပေ ကူးပြောင်းရာတွင် အပြာဆန်ဆန် ရေးသားမှုများမှာ အန္တရယ်ရှိနိုင်သည်ဟု ဆိုသည်။

"လွတ်လပ်မှုနဲ့ အတူတာဝန်ယူမှုရှိရမယ်။ ကလောင်ပါရင် တာဝန်ယူရမယ်။ လုံးဝ တရားရင်ဆိုင်တာမျိုးကို လိုလားတယ်။ သူ့အတွက်လည်း တရားခွင်မှာ လွတ်လွတ်လပ်လပ် ထုတ်ဖော်လို့ရတယ်။"ဟု၎င်းကပြောသည်။

ရသစာပေရေးသားမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်မှသာ အများရှေ့တွင် စာရေးသူအနေဖြင့် မည်သည်ခံယူချက်ကြောင့် ရေးသားသည်ကို ထုတ်ဖော်ပြောမှသာ အများ၏ အမြင် ရှင်းသွားမည်ဟုလည်း ကဗျာဆရာ ကိုဇော်လူစိမ်းမှ ဆိုသည်။

စာရေးဆရာ အောင်ရင်ငြိမ်းက "အခု ရိုမန်းဘော့ထ်တွေရဲ့ နောက်ဆက်တွဲ ပြသနာတွေအဖြစ် ကျွန်တော့် စာအုပ်ဟာ အစိုးရရဲ့ နောက်ကွယ် ကြိုးကိုင်မှုနဲ့ ပုဒ်မ ၄၃၆ လှုပ်ရှားမှုကို အာရုံလွှဲပြောင်းဖို့ အစီအစဉ်တကျ ပေါ်ထွက်လာတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတဲ့ ကိုယ်လိုရာ ဆွဲတွေးမှန်းဆချက်တွေ ထွက်ပေါ် လာတယ်လို့ သိရပါတယ်။ ကျွန်တော်ပြောတဲ့ အမှောင်ခေတ် အလွန် အရူးခေတ်ရဲ့ ရယ်မောစရာ အကောင်းဆုံး ဟာသပြက်လုံး တစ်ခုပါပဲ။ ဒါဟာ ကျွန်တော့်ကို လုပ်ကြံ တိုက်ခိုက်မှု အသစ်တစ်ခု ဖန်တီးလိုက်တာလို့လည်း ယူဆမိပါတယ်။" ဟု သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

အောင်ရင်ငြိမ်း၏ စာအုပ်ကို ၂ဝ၁၄ ခုနှစ်ဇွန်လတွင် လူငယ်တစ်ယောက်စာပေမှ ပထမဆုံး အကြိမ် ရိုက်နှိပ်ကာ ပင်လယ်သစ် စာပေမှ မြန်မာတစ်နိုင်ငံလုံးသို့ တစ်အုပ်လျှင် ၂၅ဝဝ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိခဲ့ပြီး ပြင်ပတွင်မူ ယင်းစာအုပ်မှာ ကျပ် တစ်သောင်းဝန်းကျင်အထိ ပေါက်နေပြီး ရောင်းအား အကောင်းဆုံး စာရင်းဝင်လျက်ရှိသည်။

ဗျူရိုကရက် ကောင်းတွေ အလိုရှိသည်

ဝင်းနိုင် (ဒန်ဗာ)

မိုက်ကယ်ဟာ စားသောက်ကုန် ဖြန့်ဖြူးတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တာ နှစ်ပေါင်း ၂၅ နှစ် ကျော်ကြာခဲ့ပါပြီ။ အမေရိကန် အလယ် ပိုင်း အော်ရိုရာမြို့မှာ ကုမ္ပဏီ စတည်ကတည်းက မိုက်ကယ် အလုပ်ဝင်ခဲ့တာမို့ ကုမ္ပဏီ တခုလုံး မိုက်ကယ်ကို မသိတဲ့သူ မရှိပါဘူး။ စီအီးအိုက အစ မိုက်ကယ်နဲ့ ရင်းနှီးမှု ရှိပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေ အားလုံးမှာ မိုက်ကယ်ဟာ နှံ့စပ်မှုရှိတဲ့ စာရေးကြီး တဦး ပါ။

တနေ့တော့ မိုက်ကယ်ကို မန်နေဂျာကခေါ်ယူပြီး သူလက်ရှိ ထမ်းဆောင်နေတဲ့ အလုပ်တာဝန်ကနေ အမေရိကန် အရှေ့ပိုင်းက ကော်နက်တီးကတ် ပြည်နယ်ကို ပြောင်းရွှေ့လုပ်ကိုင်ရမယ်လို့ ပြောပါတယ်။ ဒါကြောင့် မိုက်ကယ်ဟာ ပြောင်းရွှေ့မလား၊ အလုပ် ကနေ ထွက်မလား ဆိုတာကို ရွေးချယ်ရပါတယ်။ ဆယ်စုနှစ် ၃ ခုနီးပါး လုပ်ခဲ့တဲ့ ကုမ္ပဏီကနေ နောက်ဆုံးတော့ မိုက်ကယ် နှုတ် ဆက်ထွက်ခွာသွား ပါတယ်။

ယေဘုယျ ကြည့်ရင် ကုမ္ပဏီက ဒီလောက်သက်တမ်း ကြာရှည် တာဝန်ထမ်းဆောင် လာခဲ့တဲ့ ဝန်ထမ်းတယောက် အပေါ်မှာ စာနာ စိတ် မရှိဘူးလားလို့ မေးစရာရှိပါတယ်။ အမှန်က ဗျူရိုကရေစီလုပ်ထုံး လုပ်နည်း အတိုင်း မိုက်ကယ့်ကိစ္စကို ကုမ္ပဏီက ကိုင်တွယ် ခဲ့တာပါ။ ဒါဆို ဗျူရိုကရေစီ သဘောတရားနဲ့ ဗျူရိုကရက်တွေ ဆိုတာ ဘာတွေလဲ၊ ဗျူရိုကရေစီဟာ အဖွဲ့အစည်း အဆောက်အအုံ ကို သဘောတရားရေးရာ အရ ဆောက်တည်မှု ဖြစ်ပြီး ဗျူရိုကရက်တွေ ဖြစ်တဲ့ မန်နေဂျာ၊ ဝန်ကြီး၊ ဌာနခေါင်းဆောင်၊ ဆူပါဗိုက်ဆာ ဆိုသူတွေဟာ အဲဒီ သဘောတရားတွေကို အကောင်အထည် ဖော်ရသူတွေ ဖြစ်ပါတယ်။

ဗျူရိုကရေစီရဲ့ ဝိသေသနကို ဖော်ထုတ်ခဲ့သူဟာ ဂျာမန် လူမှုဗေဒ ပညာရှင် မက်စ်ဝက်ဘာ (၁၈၆၄-၁၉၂၀) ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေကို စီမံခန့် ခွဲတဲ့ နေရာမှာ ဗျူရိုကရေစီဟာ အထိအရောက်ဆုံး ပုံစံဖြစ်တယ် လို့ မက်စ်ဝက်ဘာက တင်ပြပါတယ်။ ဗျူရိုကရေစီရဲ့ အခြေခံအုပ်မြစ် ၄ ချက်ရှိပါတယ်။

(၁) ပုဂ္ဂလိက မဆန်မှု (ဝါ) လူ့ခံစားချက်ကို ထည့်သွင်းမစဉ်းစားမှု (Impersonal or Dehumanizing)

(၂) စနစ်တကျပုံစံ ရှိမှု (Formalistic)

(၃) စည်းဘောင်အပေါ် အခြေခံမှု (Rule-bound)

(၄) တင်းကျပ်တဲ့ စည်းကမ်းရှိမှု (Highly Discipline) တို့ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှု စွမ်းရည် မြှင့်တင်ဖို့၊ သတ်မှတ် ဘတ်ဂျက် ပြည့်မီဖို့၊ ထိရောက်တဲ့ စီမံခန့်ခွဲမှုတွေရှိဖို့ ဗျူရိုကရက်တွေက တာဝန်ခံရ ပါတယ်။ ဗျူရိုကရေစီ စနစ်မှာ အရာအားလုံးကို စာနဲ့ ပေနဲ့ မှတ်တမ်းကျန်အောင် လုပ်ရပါတယ်။ လုပ်ငန်း လိုအပ်ချက် အတွက် အလုပ်ခေါ်ရာမှာလည်း ကျား၊ မ၊ အသက် အရွယ်၊ လူမျိုး၊ ဘာသာ၊ ကိုယ်အင်္ဂါ သန်စွမ်းမှု ရှိမရှိ ဆိုတာ ခွဲခြားမှု မရှိရပါဘူး။ လုပ်ငန်း အတွက် ကိုက်ညီတဲ့ အရည်အသွေး ရှိမရှိကိုပဲ ဆုံးဖြတ်ရပါတယ်။

မြန်မာနိုင်ငံက အလုပ်ခေါ်စာတွေမှာလို အမျိုးသမီး အရောင်းစာရေး အသက် ၃၆ နှစ်အောက် ဖြစ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေဟာ ကောင်းမွန်တဲ့ ဗျူရိုကရေစီနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ အားလုံး တန်းတူ အခွင့်အရေး (Equal Opportunity) မရှိဘူး ဆို တာ ဖော်ပြနေတာ ဖြစ်ပါတယ်။

ထို့အတူ လက်သင့်ရာ စားတော်ခေါ်တဲ့ ဆွေမျိုးကောင်းစားရေး ဝါဒ (Nepotism) ကို ဗျူရိုကရေစီက ဆန့်ကျင်ပါတယ်။ ပြည့်မီတဲ့ အရည်အချင်းရှိသူ မည်သူကို မဆို ခွဲခြားမှုမရှိဘဲ လုပ်ငန်းခွင်မှာ ပါဝင်ခွင့် ရှိစေဖို့ ဗျူရိုကရေစီက တွန်းအားပေး ပါတယ်။

အထက်အောက်ဆန်တဲ့ အုပ်ချုပ်ရေး ပုံစံဖြစ်ပြီး အပြန်အလှန်ထိန်းကျောင်းမှု ရှိတဲ့ စနစ်ဖြစ်လို့ နိုင်ငံ တော်တော်များများမှာ ဗျူရိုကရေစီ အုပ်ချုပ်ရေးပုံစံ ထားရှိပါတယ်။

ဗျူရိုကရေစီစနစ်ဟာ ဗျူရိုကရက်တွေ အပေါ်မှာ မှီတည်ပေမယ့် ပုဂ္ဂိုလ်ရေးဆန်စွာ တည်ရှိနေတာတော့ မဟုတ်ပါဘူး။ ငကန်း သွားရင် ငစွေလာမယ် ဆိုတဲ့ လူအပေါ်မှာ အခြေမခံဘဲ အဆောက်အအုံ တည်ရှိမှု အပေါ်မှာ အခြေခံထားတာကြောင့် ကုမ္ပဏီမှာ မည်သူ မဆို ဖြစ်စေ အလုပ်ကနေ ထွက်သွားရုံနဲ့ လုပ်ငန်းပိုင်းမှာ ထိခိုက်မှု ပြောရလောက်အောင် မရှိပါဘူး။ ငါရှိမှ အလုပ်ဖြစ်မယ် ဆိုတဲ့ အယူအဆကို ဗျူရိုကရေစီက လက်မခံပါဘူး။ အဆောက်အအုံ တည်မြဲမှုသာ ပဓာနဖြစ်ပြီး ကျန်တာတွေကို သာမညလို့ သဘောထား ပါတယ်။

မြန်မာပြည်မှာတော့ စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုပုံစံ ဖြစ်တာကြောင့် ဗျူရိုကရေစီကို ကြိုးနီစနစ်လို့ အဆိုးဘက်က အများမြင်နေပါတယ်။

လက်ရှိ မြန်မာပြည်မှာ တခုခုဖြစ်ရင် သမ္မတဆီ တိုက်ရိုက် မေတ္တာရပ်ခံရတာတို့၊ တိုင်ကြားရတာတွေ တွေ့နေရ ပါတယ်။ အဲဒါဟာ သမ္မတရဲ့ ဝန်ကြီးအဖွဲ့နဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ စွမ်းဆောင်ရည် အားနည်းမှုတွေကို ဖော်ပြနေ ပါတယ်။

ဥပမာ ကျောင်းဆရာမ အလုပ်ပြုတ်တာက အစ သမ္မတက လိုက်ရှင်းနေရမယ် ဆိုရင် ပညာရေး ဝန်ကြီးဌာန ဟာ ဘာအတွက်ကြောင့် ရှိနေရသလဲ။ အမေရိကန် ဗျူရိုကရက်တွေ လုပ်ငန်းခွင်မှာ ထည်လဲသုံး ပြောလေ့ရှိတဲ့ စကားတခွန်းက “မင်းလုပ်ငန်းကိစ္စကို မင်းဘာသာ ဆုံးဖြတ်၊ မဖြေရှင်းနိုင်ဘူး ဆိုရင် မင်းကို ဘာဖြစ်လို့ လစာပေးပြီး ငါတို့ ငှားထားတာလဲ” ဆိုတာ ဖြစ်ပါတယ်။ ဦးသိန်းစိန် လည်း သူ့ဝန်ကြီးတွေကို ဒီမေးခွန်းမေးဖို့ လိုအပ်ပါတယ်။

အလုပ်ကနေ ထွက်သွားတဲ့ မိုက်ကယ်ဟာ ကုမ္ပဏီအပေါ်မှာ စိတ်ကွက်တာ မရှိပါဘူး။ ကုမ္ပဏီဟာ လိုအပ်ချက် အတွက်၊ လုပ်ငန်း ပိုမို ဖြစ်ထွန်းစေဖို့ အတွက် သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းကို အခြားပြည်နယ်ကို ပြောင်းရွှေ့ ရတယ်ဆိုတာ နားလည်ပါတယ်။

မိုက်ကယ်လို အခြေအနေမျိုးနဲ့ ဥပမာပေးပြောရရင် ဗျူရိုကရက်တွေဟာ လုပ်ငန်း ထိရောက်မှုကို ဦးစားပေး လုပ်ကိုင်ရသူတွေ ဖြစ် ပါတယ်။ စွမ်းဆောင်ရည် မြင့်မားမှု (Higher Performance)၊ ခိုင်မာတဲ့ ထိရောက်မှု (Strong Efficiency) နဲ့ စံချိန်မီ ကုန်ထုတ် အရည်အသွေးရှိမှု (Quality Production) တို့ဟာ ဗျူရိုကရက်တွေ တိုင်းတာတဲ့ ပေတံတွေပါ။

မြန်မာပြည်က ဝန်ကြီးတွေ၊ မန်နေဂျာတွေ၊ သတင်းမီဒီယာ စီးအီးအိုတွေ၊ ဌာနဆိုင်ရာ အကြီး အကဲတွေ၊ ကျောင်းအုပ်တွေ၊ ပါမောက္ခချုပ်တွေ၊ ဆေးရုံအုပ်တွေ၊ ရဲစခန်းမှူးတွေဟာ ဗျူရိုကရက်တွေ ပါပဲ။ ထိရောက်တဲ့ စွမ်းဆောင်ရည် ရှိ မရှိသာ ကွာခြား ပါတယ်။ မြန်မာပြည်မှာ ဗျူရိုကရေစီ အားကောင်းဖို့ အခက်အခဲဖြစ်နေတာ က ကြောက်မက်ဖွယ် ခြစားမှု၊ ပွင့်လင်းမြင်သာမှု မရှိမှု၊ တာဝန်ခံမှု ကင်းမဲ့မှု၊ စွမ်းဆောင်ရည်ရှိသော ခေါင်းဆောင် နည်းပါးမှု၊ ကိုယ့်လူကိုယ် နေရာပေး အရေးပေးမှု၊ ဆုပေး ဒဏ်ပေး စနစ် မရှိမှု စတာတွေကြောင့် ဖြစ်ပါတယ်။

စံ၊ မူ၊ စည်းကမ်းတွေ ရှိပြီး ဘက်လိုက်မှု ကင်းတဲ့ ဗျူရိုကရက်တွေ ပေါ်ထွန်းလာဖို့ မြန်မာပြည်မှာ နီးပြီလား ဆိုတာ အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။ ထိရောက်တဲ့ တိုင်းပြည်တည်ဆောက်ရေးနဲ့ စွမ်းဆောင်ရည် မြင့်တဲ့ ဝန်ဆောင်မှုတွေကို ပြုနိုင်ဖို့ ဆိုရင် မြန်မာနိုင်ငံမှာ ဗျူရိုကရက်ကောင်းတွေ အများကြီး ရှိဖို့ လိုအပ်ပါတယ်။ ။

စာရေးသူသည် အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်တွင် အခြေစိုက် နေထိုင်သည့် မြန်မာ စကားပြန် တဦး ဖြစ်သည်။

ကား ၈ စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တဲ့ သတင်း

DVB

လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ပိုရရှိရေးအတွက် ချေးငွေအာမခံစနစ်ကိုစတင်

ထင်လင်းအောင်

လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များထံမှ ချေးငွေရရှိမှု ပမာဏ ပိုမိုများပြားလာစေရန်အတွက် မြန်မာ့အာမခံလုပ်ငန်းက ချေးငွေအာမခံ (Credit Guarantee Insurance)စနစ်ကို စတင်လိုက်ပြီဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက မီဒီယာများကို ဇွန်လ ၂၈ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။

ယင်း ချေးငွေအာမခံ (Credit Guarantee Insurance)စနစ်သည် ငွေချေးယူသူတို့ ပြန်မဆပ်နိုင်သည့် ချေးငွေများကို အာမခံလုပ်ငန်းများက ဝင်ရောက် ပေးချေသွားမည် ဖြစ်ရာ ဘဏ်များအနေဖြင့် ချေးငွေပမာဏ ပိုမိုထုတ်ချေး ပေးသွားနိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ဇွန်လ ၂၈ရက်က မြန်မာအာမခံ လုပ်ငန်းတွင် ကျင်းပသော Credit Guarantee Insurance ဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက “ ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ ဘဏ္ဍာရေး ငွေကြေးပိုမိုရရှိပြီး စီးပွားရေးတိုးတက်စေချင်တဲ့ဆန္ဒနဲ့ Credit Guarantee Insuranceကို လုပ်တာပါ။ အပေါင်ပစ္စည်းအပေါ်မှာ ရာနှုန်းပြည့် ချေးငွေမရတာ၊ အပေါင်ပစ္စည်းမရှိလို့ ချေးငွေမရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် စနစ်တစ်ခုလည်းဖြစ်ပါတယ်။ ဘဏ်တွေကလည်း ချေးငွေဆုံးရှုံးမှာ စိုးရိမ်ရတဲ့အခြေအနေကို လျှော့သွားစေမှာပါ”ဟုပြောသည် ။

အဆိုပါ ချေးငွေအာမခံ(Credit Guarantee Insurance) များကို ၂ဝ၁၄ခုနှစ် ဇွန်လ ၂၉ ရက်မှစတင်ကာ မြန်မာ့ အာမခံလုပ်ငန်းအနေဖြင့် စတင် ရောင်းချပေးသွားမည် ဖြစ်ပြီး ကနဦးစမ်းသပ်ကာလအဖြစ် တစ်နှစ်တာ အချိန်ကို ရန်ကုန်မြို့တွင်သာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ဒုတိယနှစ်များမှ စတင်ကာ လုပ်ငန်းတွင်ကျယ်မှု အခြေအနေအလိုက် မန္တလေးမြို့ နှင့် ပုသိမ်မြို့အပါအဝင် မြန်မာနိုင်ငံမြို့ကြီးများတွင် ဆောင်ရွက်ခွင့်ရနိုင်ရန် တိုးချဲ့သွားမည်ဟုပြောသည်။

ချေးငွေအာမခံ Credit Guarantee Insurance ဝယ်ယူရာတွင်မှု အပေါင်ပစ္စည်းဖြင့် ချေးငွေရယူသူများ အတွက် အာမခံနှုန်းထားကို ပထမတစ်နှစ်အတွက် ၂ရာခိုင်နှုန်း ၊ ဒုတိယနှစ်အတွက် ၁ ဒဿမ ၅ ရာခိုင်နှုန်း နှင့် တတိယ နှစ်အတွက် ၁ ရာခိုင်နှုန်း ကြိုတင်ပေးသွင်းမှုစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ အပေါင်ပစ္စည်းမရှိ သူများအတွက် အာမခံနှုန်းထားကိုမူ ပထမတစ်နှစ်အတွက် ၃ရာခိုင်နှုန်း၊ ဒုတိယတစ်နှစ်အတွက် ၂ ရာခိုင်နှုန်း နှင့် တတိယ တစ်နှစ်အတွက် ၁ ရာခိုင်နှုန်းဖြင့် နှုန်းထားနှစ်မျိုး သတ်မှတ်ထားသည် ဟု ဒုတိယဝန်ကြီးက ရှင်းလင်း ပြောသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက“ ဒီအာမခံကိုတော့ ငွေချေးမယ့်သူက ဝယ်ရမှာဖြစ်ပါတယ်။ ဘဏ်တွေကလည်း ကိုယ့်ငွေဆုံးမှာစိုးလို့ အာမခံ ဝယ်ထားချင်ရင်လည်း ထားလို့ရပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေကို ငွေချေးပေးတာကတော့ ဘဏ်လုပ်ငန်းတွေကသာ လုပ်ရမှာဖြစ်ပါတယ်။ ဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို တိုးတက်ဖို့အတွက် ဘဏ်တွေကလည်း ဒါကိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ပါဝင်စေချင်ပါတယ်”ဟု ဆက်လက်ပြောသည်။

ပြည်တွင်းဘဏ်များသည် လက်ရှိကာလတွင် လုပ်ငန်းလည်ပတ်နေသည့် လုပ်ငန်းရှင်များကိုသာ ချေးငွေ ထုတ်ပေးလျက်ရှိရာ ကနဦးစမ်းသပ်ကာလတွင်မူ လုပ်ငန်း လည်ပတ်နေသူများသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ နောက်ပိုင်းကာလများတွင် ဘဏ်များအနေဖြင့် လည်ပတ်နေသည့် လုပ်ငန်းမရှိသော်လည်း လုပ်ငန်းအစီအစဉ် (Business Project Plan) ချပြနိုင်သူများကို ချေးငွေထုတ်ပေးလာမည်ဆိုပါက ချေးငွေအာမခံရယူနိုင်မည်ဟု ဒုတိယဝန်ကြီးကရှင်းပြသည်။

မြန်မာ့အသေးစားနှင့် အလတ်စားလုပ်ငန်းစက်မှုဖွံ့ဖြိုးရေးဘဏ် (SMIDB) အကြံပေးပုဂ္ဂိုလ် ဦးစံသိန်းက“ SMIDB ဘဏ်က နိုင်ငံခြားချေးငွေဒေါ်လာ သန်း၂ဝ ရရှိထားတဲ့အတွက် SME လုပ်ငန်းတွေကို ချေးပေးသွားဖို့ ရှိနေပါတယ်။ အဲလိုအချိန်မှာ Credit Guarantee Insurance ပေါ်လာတဲ့အတွက် အများကြီး ပိုအဆင်ပြေသွားပါတယ်”ဟု အဆိုပါပွဲတွင် ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ဘဏ်တွင် အပေါင်ပစ္စည်းပြနိုင်ပါက ပေါင်နှံပစ္စည်းတန်ဖိုး၏ ၃ဝ ရာခိုင် နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိသာ ချေးငွေ ရရှိခြင်းဖြစ်ပြီး ပေါင်နှံပစ္စည်း မပြနိုင်ပါက ချေးငွေ ထုတ်ချေးပေးခြင်း မရှိသေးပေ။

ပုဂ္ဂလိကဘဏ်များတွင် SME ချေးငွေထုတ်ပေးခြင်းကိုလည်း SMIDB ဘဏ်တစ်ခုသာ ထုတ်ချေးပေး ခြင်းဖြစ်ပြီး အခြားသောဘဏ်များမှာ အတိုး ၁၃ ရာခိုင်နှုန်းကျသင့်သော သာမှန်ချေးငွေများကိုသာ ဆောင်ရွက် ပေးလျက်ရှိသည်။

ယူအန်အက်ဖ်စီနှင့် နိုင်ငံရေးအင်အားစု ၅ ဖွဲ့ တွေ့ဆုံဆွေးနွေးကြရန် ရှိ

ရွှေအောင်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ နိုင်ငံရေး အင်အားစု ၅ ဖွဲ့တို့ လာမယ့်ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီင်္မိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေး စတဲ့အချက်သုံးချက်အပေါ် ဆွေးနွေးကြဖို့ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ယူအန်အက်ဖ်စီရဲ့ ဖိတ်ကြားချက်အရ အန်အယ်ဒီပါတီက တိုင်းရင်းသားရေးရာတာဝန်ခံတွေ။ ယူအန်အေ(UNA) ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲဝင်တွေ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၈၈ ငွေရတုကော်မတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် အမတ်အဖွဲ့တို့က ကိုယ်စားလှယ်တွေ လာရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ယူအန်အေအဖွဲ့ဝင်တဦးအနေနဲ့ လိုက်ပါဆွေးနွေးမယ့် ဦးစိုင်းညွန့်လွင်က သူဆွေးနွေးဖို့ရှိတာကို အခုလို ပြောပြပါတယ်။

“ကျနော်တို့က သူတို့က ရှင်းပြဖို့ စီစဉ်ထားတာက တိုင်းရင်းသားအဖွဲ့တွေ မကွဲပြိုဖို့ပေါ့ဗျာ။ အခုက နိုင်ငံရေးဆွေးနွေးပွဲ လုပ်တော့မယ်ဆိုရင် အစိုးရ ဘက်က တခုခု ကမ်းလှမ်းလိုက်တာနဲ့ ကွဲကွဲ သွားတတ်တယ်လေ။ တကယ်လို့ ဖက်ဒရယ်ကိစ္စ ကို ၅၀ ရာခိုင်နှုန်းပေးမယ်ဆိုရင် ယူမယ့်သူနဲ့ မယူမယ့်သူနဲ့ ကွဲသွားမယ်။ အဲဒါမျိုး မရှိအောင် သတိထားဖို့ပေါ့။ နောက် အားလုံး နှစ်ဖက် သဘောတူမယ့် အပစ်အခတ်ရပ်စဲရေး အဲဒါလေးကို ပြောချင်တယ်။ နောက်တခါ ကျနော်တို့က မင်းကိုနိုင်တို့နဲ့ ဆွေးနွေးထားတာရှိတယ်။ မင်းကိုနိုင် အဆိုအရ တိုင်းရင်းသား အုပ်စုတွေက ဖက်ဒရယ်တခုပဲ လုပ်နေတယ်လို့ မဖြစ်စေချင်ဘူးပေါ့ဗျာ။ ဖက်ဒရယ် ကိစ္စလည်း လုပ်ပါ၊ ဒီမိုကရက်တစ် ကိစ္စလည်း လုပ်ပါတယ်။ သူအဲဒီကိစ္စကို လုပ်တော့ ကျနော် ရှင်းပြတယ်။ ယူအန်အေနဲ့ ယူအန်အက်ဖ်စီ က ဟိုးအရင်ကတည်းက သိနေကြတာ။ ယူအန်အေထဲက လူတွေ ထွက်သွားမှ ယူအန်အက်ဖ်စီ တို့ဘာတို့ ဖြစ်ကြတာပေါ့။ တိုင်းရင်းသားတွေက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ် တိုင်းရင်းသားအရေး တပြိုင်နက်ထဲ ဆောင်ရွက်သွားမယ်ဆိုတာ ရှင်းပြဖို့ ရှိပါတယ်။”


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ နိုင်ငံရေး အင်အားစု ၅ ဖွဲ့တို့ ပထမဆုံး တွေ့ဆုံကြမယ့် ဆွေးနွေးပွဲလဲဖြစ်ပြီး ဇူလိုင် ၄ ရက်နဲ့ ၅ ရက် ၂ ရက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ June,30th,2014

( 50 )မသန်စွမ်းသူများ အများပြည်သူသုံး အဆောက်အအုံများတွင် အဆင်ပြေစွာ သွားလာနိုင်မှု ရှိမရှိ စစ်တမ်းကောက်မည်

( 49 )Bishop heads to Burma and Lao PDR

( 48 )မျိုးစောင့်ဥပဒေပြဋ္ဌာန်းရုံဖြင့် အမျိုးသမီးများဘ၀ မလုံခြုံနိုင်

( 47 )Chinese, Myanmar FMs meet on ties

( 46 )လူမျိုးရေးနှင့် ဘာသာရေး ကွဲပြားမှုကို အသုံးချမှုများ ရှိနေသဖြင့် စိုးရိမ်မိဟု အမေရိကန်ပြော

( 45 )Italian town awards honorary citizenship to Unity journalists

( 44 )လုပ်ငန်းလိုင်စင်မရှိ ကြားကားများကို ဖမ်းဆီးမှု အရှိန်မြှင့်တော့မည်

( 43 )4.1 Richter quake inside Myanmar

( 42 )အလုပ်သမားသေဆုံးမှု မြန်မာယန်စီက နစ်နာကြေး မပေးသေးဟု ကာယကံရှင်ပြော

( 41 )Burma army still uses rape as tool of war

( 40 )သဲကုန်းလယ်သမားများ ဇူလိုင် ၂ရက်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွဲကြမည်

( 39 )Burma emerging as a major travel destination in Asia

( 38 )တပ်မတော်ဘက်က ပြောင်းလဲမှု ပိုမို ပြသဖို့ အမေရိကန် တိုက်တွန်း

( 37 )Myanmar holds commemorative function to mark 60-year-old peace principles

( 36 )စာသင်ကျောင်း ၃၉ ကျောင်း တိုက်ပွဲများကြောင့် ပိတ်ခဲ့ရ

( 35 )Trade between China and India, Myanmar maintains stable growth

( 34 )ခြေ-ဥ ပြင်ရေး တပ်မတော်သားအမတ်တွေ ပါဝင်ဖို့ ဒေါ်စုတိုက်တွန်း

( 33 )China, Myanmar vow to implement co-op agreements

( 32 )တာဝန်လစ်ဟင်းရင် နှုတ်ထွက်ပေး တဲ့ စနစ် ရှိသင့်

( 31 )Presidents of India, China and Myanmar greet each other

( 30 )တရုတ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ

( 29 )Rohingya refugees face health crisis

( 28 )ရှေးဟောင်း အမွေအနှစ်တွေ ရထားလမ်းစီမံကိန်း မဖျက်စေလို

( 27 )President says China will never seek regional hegemony as he hosts leaders of India, Myanmar

( 26 )ထိုင်းတွင် ဇွန်လ ၃၀ ရက်ကစပြီးထုတ်ပေးမည့် အလုပ်သမားလက်မှတ်အကြောင်း မေးမြန်းချက်

( 25 )Is the EU Supporting Authoritarianism in Myanmar?

( 24 )ရှားခဲရွာသားတွေ ထောင်ဒဏ်ချမှတ်ခံရ

( 23 )Thein Sein visits Lingguang Temple

( 22 )တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ ကို သမ္မတ ဦးသိန်းစိန် ဂုဏ်ပြုပြော ကြား

( 21 )Pegu farmers say they must pay bribes to request land deeds

( 20 )မေတ္တာတရားဆွေးနွေးပွဲ ရန်ကုန်မှာ ကျင်းပ

( 19 )Myanmar president congratulates Chinese, Indian counterparts on 60-year-old peace code

( 18 )ငြိမ်းချမ်းရေး တည်တံ့ဖို့ မြန်မာ၊ တရုတ်၊ အိန္ဒိယခေါင်းဆောင်တွေ ကတိပြု

( 17 )Chinese top legislator meets Myanmar president

( 16 )ဟံသာဝတီ ဦးဝင်းတင် ကို တောင်ကိုးရီးယား လူ့အခွင့်ရေးဆု ချီးမြှင့်

( 15 )Why does battles maintain in Shan State of Burma?

( 14 )မြန်မာစစ်တပ်နဲ့ဆက်ဆံရေးအနေအထား ကန်ဝန်ကြီးရှင်းပြ

( 13 )Thein Sein gets red carpet treatment in Beijing

( 12 )တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရပ်တွေ မှာ တရုတ်ဖက် မြန်မာရပ်မည်ဟု ဦးသိန်းစိန်ပြော

( 11 )Xi welcomes Myanmar president in Beijing

( 10 )ကွယ်လွန်ခါနီး ဘဝကူးကောင်းရေး ကူညီဖို့ လန်ဒန်ဆရာတော်ထံက နာရေးကူညီမှုအသင်း အကြံဥာဏ်ယူ

( 9 )ASEAN must cooperate to curb Rohingya trafficking crisis

( 8 )သိမ်းမြေနဲ့ ပြန်ပေးမြေ ကွာဟတဲ့ အတွက် မြစ်သားလယ်သမားတွေ မကျေနပ်

( 7 )Mogok environmentalists wade in to clean up lake

( 6 )၂၀၁၂ လယ်ယာမြေဥပဒေ ကို ပြင်ဆင်ပေးဖို့ တောင်သူ လယ်သမားသမဂ္ဂ တောင်းဆိုမည်

( 5 )Proportional Representation in Burma

( 4 )သွေးလွန်တုပ်ကွေး အဖြစ်များမယ့်နှစ်

( 3 )Activists, Govt Push Forward Bill to Prevent Gender Violence

( 2 )ရခိုင်ပြည်နယ်အရေး ရခိုင်အမျိုးသားပါတီဝင်တွေ ရန်ကုန်မှာဆွေးနွေး

( 1 )A Happy Ending