Friday, October 31, 2014

အဓိကရုဏ်း စိုးရိမ်၍ ပြည် ရွှေဆံတော်ဘုရားပွဲ လုံခြုံရေးတိုးမြှင့်ထား

ကောင်းမြတ်မင်း

ပြည်မြို့ ရွှေဆံတော် ဘုရားပွဲတော်အတွင်း ဘာသာရေးပဋိပက္ခများနှင့် အကြမ်းဖက်လုပ်ရပ်များ မဖြစ်ပွားရန် တားဆီး ကာကွယ် သည့် အနေဖြင့် လုံခြုံရေး အထူးတိုးမြှင့် ချထားကြောင်း သိရသည်။

ယခု ၁၁၆ ကြိမ်မြောက် ပြည် ရွှေဆံတော် ဘုရားပွဲကို အောက်တိုဘာ ၃၀ ရက်ကနေ လာမည့် နိုဝင်ဘာ ၆ ရက်အထိ တပတ်ကြာ ကျင်းပနေခြင်း ဖြစ်ပြီး ပဲခူးတိုင်း အနောက်ခြမ်းတွင် အစည်းကားဆုံးဘုရားပွဲ တခု ဖြစ်သည်။

ပြည်မြို့ အမှတ်(၂) မြို့မ ရဲစခန်းမှူး ဦးမျိုးမြင့်က နိုဝင်ဘာလထဲ၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာသာ ရေး အဓိကရုဏ်းနှင့် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးကို အထူးတိုးမြှင့်ထားခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ရဲအင်အားတွေအပြင် ဒေသခံ တပ်မတော် တပ်ရင်းတွေကိုလည်း တပ်လှန့် နှိုးဆော်ထားပြီးသားပါ၊ အာဆီယံ ထိပ်သီး အစည်း အဝေး လုပ်မယ့်ရက်က နီးလာပြီးဆိုတော့ မလိုလားအပ်တဲ့ ဘာသာရေးပြဿနာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တာပါ။ နောက်ပြီး ဘင်္ဂလားဒေ့၊ အိန္ဒိယနဲ့ မြန်မာကို အကြမ်းဖက်သမားတွေက ခြိမ်းခြောက်ထားတာလည်း ရှိနေလို့ လုံခြုံရေးကို အထူးချထားပါ”ဟု စခန်းမှူး ဦးမျိုးမြင့် က ရှင်းပြသည်။

ပွဲတော်အတွင်း လုံခြုံရေးအတွက် ရဲအင်အား ၂၀၀ ကျော်အသုံးပြုထားပြီး နဝဒေး တံတားနှင့် အဝေးပြေး ကားဂိတ်များတွင်လည်း ထပ်ဆင့် တိုးမြှင့်ချထားကြောင်း၊ ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံ တပ်ခွဲ လျှပ်/စက် မှ မိုင်းရှာ တပ်စုများလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ကျော်ထူးနိုင်က“အခြေအနေ အချိန်အခါအရ အလျင်းသင့်သလိုလည်း ရှာဖွေမယ်။ ခေတ် မီ စက်ကိရိယာတွေအပြင် စနစ်တကျ သင်တန်းပေးထားတဲ့ မိုင်းရှာခွေးကိုလည်း သုံးတယ်။ သူ့ကိုသုံးခြင်းဖြင့် မိုင်းတင်မဟုတ်ဘူး၊ လူပုဂ္ဂိုလ်ပါ ရှာဖွေနိုင်တယ်။ အချိန်မရွေး လုံခြုံရေးစည်း ဖောက်နိုင်လို့ သံသယထားပြီး နေ့တိုင်းလိုအပ်ရင် အချိန်မရွေး ရှာဖွေရေး ကို မိုင်းရှာတပ်စိတ်က ပြုလုပ်သွားမှာပါ”ဟု ပြောသည်။

ပြည်မြို့သည် ရခိုင်ပြည်နယ်နှင့် ပြည်မကြီးကို အဓိက ဆက်သွယ်သည့် နေရာဖြစ်သောကြောင့် အကြမ်းဖက်သမားများ ၀င်ရောက် လာနိုင်သော လမ်းကြောင်းတခုဖြစ်၍ လုံခြုံရေးယူပေးခြင်းသည် ကောင်းမွန်ကြောင်း၊ သို့သော် လုံခြုံရေး အကြောင်းပြ၍ လူ့အခွင့် အရေး ချိုးဖောက်မှုများ မဖြစ်ပွားစေလိုကြောင်း ဒေသခံ နိုင်ငံရေးသမား တဦးက ပြောဆိုသည်။

UNFC အဖွဲ့ဝင်အဖြစ်မှ KNU နှုတ်ထွက်မှု ဆက်လက်ရပ်ဆိုင်းမည်

KNG

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ ကရင်အမျိုးသား အစည်းအရုံး (KNU) နှုတ်ထွက်မှု ဆက်လက် ရပ်ဆိုင်းမည် ဖြစ်ကြောင်း ၆ ရက်ကြာ ဗဟို အမြဲတမ်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

အောက်တိုဘာလ ၂၃ ရက်မှ ၂၉ ရက်ထိ ဗဟိုအမြဲတမ်းကော်မတီ၏ တတိယအကြိမ်မြောက် အရေးပေါ် အစည်းအဝေး ကျင်းပပြီးနောက် အချက် ၆ ချက် သဘောတူ ဆုံးဖြတ်၍ ကြေငြာချက် ထုတ်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ကတော့ တပ်ပေါင်းစု လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အမြဲတမ်း ပါဝင်လှုပ်ရှားနေတာဘဲ။ မတူညီတာလေးတွေ ရှိတာဘဲ။ ညှိနှိုင်းသွားပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်များ စည်းလုံး ညီညွတ်ရေးကိုတော့ အစဉ်တစိုက် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုအောင်မော်အေး က ပြောသည်။

“KNU သည် UNFC နှင့် ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်၍ KNU ဗဟိုကော်မတီဝင်များမှ လေးလေးနက်နက် ဆွေးနွေး သုံးသပ်ပြီး ဆက်လက်၍ ယာယီရပ်ဆိုင်းထားမည် ဖြစ်သည်။ ယာယီရပ်ဆိုင်းမှုကာလအတွင်း UNFC အဖွဲ့နှင့် ဆက်လက် ညှိနှိုင်းသွားကာ လိုအပ်သလို တိုင်းရင်းသားအဖွဲ့အစည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ တိုင်းရင်းသားတို့၏ နိုင်ငံရေး ရည်မှန်းချက် အကောင်အထည်ဖော်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းမှု ဆက်လက် ထိန်းသိမ်းမည်ဆိုသော ဆုံးဖြတ်ချက်အပေါ် KNU အနေဖြင့် အခြားတိုင်းရင်းသား အဖွဲ့အစည်းနှင့် လက်တွေ့ ပူးပေါင်း လုပ်ဆောင်စေလိုကြောင်း UNFC ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“သူတို့ဘက်က လက်တွေ့ အလုပ်တွေမှာ ဆက်လက် ပူးတွဲ လုပ်ကြမယ်ဆိုရင်တော့ မနစ်နာ မဆုံးရှုံးဘူး၊ တိုင်းရင်းသားအားလုံး စုပေါင်းလုပ်ရမဲ့ နေရာမှာ ထိန်းထိန်းသိမ်းသိမ်း၊ ဆက်လက်ပါနိုင်တယ်ဆိုရင်တော့ နာမည်က အရေးမကြီးပါဘူး။ လက်တွေ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လို့ရှိရင်တော့ အားလုံး လက်ခံနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် အခုလို ဆုံးဖြတ်တာကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်က KNU သည် UNFC အဖွဲ့ဝင်အဖြစ် ယာယီနှုတ်ထွက်ပြီး ဆက်လက် ပါဝင်ရေး မပါဝင်ရေး ကို ဗဟိုကော်မတီ အစည်းအဝေး ဆွေးနွေး ဆုံးဖြတ်ခဲ့သော်လည်း ဆက်လက်ပြီး ယာယီ နှုတ်ထွက်ရန်သာ ထပ်မံ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် KNU မှ ခွဲထွက်ခဲ့သော ကရင် လက်နက်ကိုင် အဖွဲ့များကို ပြန်လည် စုစည်းရန် ၁၅ ကြိမ်မြောက် ကွန်ကရက်တွင် ချမှတ်ထားသည့် “ကရင်လက်နက်ကိုင်အဖွဲ့အစည်း စည်းလုံး ညီညွတ်ရေးကော်မတီ” မှ ဦးဆောင်၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းကော်မတီကို KNU ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ကရင်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်း ပြန်လည် ဖွဲ့စည်းရေး သို့မဟုတ် ကော်သူးလေးတပ်မတော် (KAF) ဖွဲ့စည်းရေးနှင့် ပတ်သက်၍ မူအားဖြင့် လက်ခံ၍ လာမည့် ၂၀၁၆ ခုနှစ်တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် ကွန်ကရက်တွင် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

KNU ၏ ၁၅ ကြိမ်မြောက် ကွန်ကရက် ကျင်းပပြီးနောက် တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေး အစည်းအဝေးတွင် ကော်မတီဝင် ၄၇ ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး လက်ရှိ နိုင်ငံရေး အခြေအနေ၊ မိမိတို့ အဖွဲ့အစည်း၏ အခြေအနေများ၊ တပ်ပေါင်းစုဆိုင်ရာ အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ သစ်ပင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး

ဖြိုးဝေလင်း

ရန်ကုန်-ပြည် အဝေးပြေးလမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မိသဖြင့် အသက် (၁၆)နှစ်အရွယ် လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု အောက်တို ဘာလ ၂၁ ရက်၊ ည ၁၁ နာရီဝန်းကျင်က မှော်ဘီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး က သတင်းထုတ်ပြန် ထားသည်။

ဖြစ်ပွားပုံမှာ ရန်ကုန်-ပြည် အဝေးပြေးလမ်းမအတိုင်း ထောက်ကြန့်ဘက်မှ မှော်ဘီဘက်သို့ မင်းသိန်းကျော် အသက် (၁၆)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်သည် မိုင်တိုင်၂၉/၃ အနီးသို့အရောက်တွင် အရှိန်လွန် ကာ လမ်းဘေးရှိသစ်ပင်ကို ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ မင်းသိန်းကျော်တွင် နားထင်ချိုင့်ဝင်ကာ သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် ထိုင်စီးလာသည့် မိုးကျော်၏ ဦးခေါင်း၊လည်ပင်းနှင့် ခြေထောက်တို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် မိုးကျော်ကို မှော်ဘီဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပြောင်းလဲကုသနေသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မင်းသိန်းကျော်ကို မှော်ဘီမြို့မရဲစခန်း က ယာဉ်(ပ) ၇၁/၂၀၁၄၊ ပြစ် မှုပုဒ်မ ၃၀၄-က/၃၃၈/ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။

နိုင်ငံ့အရေး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အိုဘားမား ဖုန်းဖြင့်ဆွေးနွေး

ကို​ထွေး

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တယ်လို့ အမေရိကန် အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမားတို့ တယ်လီဖုန်းကနေတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်တွေမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အများ ယုံကြည်လက်ခံနိုင် စွမ်းရှိအောင် ဆောင် ရွက်ပေးဖို့ ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ကွဲပြားမှုကို လေးစားဖို့ ပိုပါဝင်လာတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်တခုကို ဖန်တီးဖို့နဲ့ သည်းခံနိုင်စွမ်း ပိုမိုရှိစေဖို့ လုပ်ဆောင်ရာမှာ အမေရိကန်ကဘယ်လို ကူညီနိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်မှုကို အသိအမှတ်ပြုခဲ့သလို မြန်မာပြည်သူတွေ ပိုမိုတိုးတက် လွတ်လပ်ပွင့်လင်းဖို့ အတွက် အကူအညီပေးသွားဖို့ ဆန္ဒကိုလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အရှေ့အာရှနဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့ ကိစ္စတွေ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို သမ္မတ ဦးသိန်းစိန်နဲ့လည်း အိုဘားမားက တယ်လီဖုန်းနဲ့ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ၊ တင်းမာမှု၊ ရခိုင်လုပ်ငန်း စီမံချက်တွေကို ပြန်လည်သုံးသပ်ဖို့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံရေး အခွင့်အရေးတွေကို ထောက်ပံ့ လုပ်ဆောင်ပေးဖို့ အပါအ၀င် ပိုမိုလိုအပ်တဲ့ ခြေလှမ်းတွေကို မြန်မာအစိုးရက ဆောင်ရွက်ဖို့ အရေးကြီးတဲ့အခြေအနေကို အိုဘားမားက ဖိအားပေးပြောဆိုခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ခံယူချက်ကို ကြိုဆိုခဲ့ပြီး နိုင်ငံတ၀န်း အပစ်ခတ်ရပ်စဲရေးကို အချိန်တိုအတွင်း အတတ်နိုင်ဆုံး ကြိုးစားကြဖို့ ၂၀၁၅ ရွေးကောက်ပွဲကို လည်း စိတ်ချယုံကြည်မှု ရှိရှိ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြဝတီနယ်စပ် ဖိုက်ဘာ ဆက်ကြောင်း ပြတ်တောက်နေ၍ အင်တာနက် အမြန်နှုန်းနှေးနေ

မောင်မန်း

အောက်တိုဘာလ ၂၉ ရက်က ထိုင်းနိုင်ငံ မြ၀တီနယ်စပ်မှ ဖြတ်သန်းသွယ်တန်းထားသည့် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် ပြည်တွင်းတွင် အင်တာနက်ဆက်သွယ်မှု အချို့ ပြတ်တောက်ပြီး အမြန်နှုန်း နှေးနေသည်ဟု ပြည်ပဆက်သွယ်ရေးဌာန(အဝေးဆက်) က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကိုပြောသည်။

ဦးစိုင်းစောလင်းထွန်းက "မနေ့က (၂၉ရက်က) မြ၀တီ နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်တဲ့အတွက် ပြည်တွင်း အင်တာနက်ဆက်သွယ်မှု ပြတ်တောက်တာရှိပါတယ်။ ဒီနေ့တော့ တက်တဲ့ နေရာတွေ ပြန်တက်နေပါပြီ"ဟုဆိုသည်။

ယင်းဆက်ကြောင်းသည် 17GB ခန့် Bandwidth ရှိသည် ဆက်ကြောင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးက ပြည်တွင်းအင်တာနက်အသုံးပြုနိုင်မှု ပိုမိုများပြားလာစေရန် အင်တာနက် Bandwidth ကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ အောက်တိုဘာ လကုန်တွင် ထိုင်းနိုင်ငံမှ တာချီလိတ်ကို ဖြတ်ပြီး သွယ်တန်းမည့် ဖိုက်ဘာဆက်ကြောင်းသစ်ကို သွယ်တန်းဆောင်ရွက်နေသည်ဟု ဦးစိုင်းစောလင်းထွန်းက ပြောသည်။

၎င်းက " အင်တာနက် Bandwidth တိုးချဲ့နိုင်ဖို့အတွက် ထိုင်းနိုင်ငံကနေ တာချီလိတ်ကို ဖြတ်ကျော်သွယ်တန်းမယ့် ဖိုက်ဘာဆက်ကြောင်းကို အောက်တိုဘာလကုန်မှာအပြီး ဆောင်ရွက်သွားမှာပါ။ ဒီဆက်ကြောင်းက အင်တာနက် Bandwidth 15 GB လောက်ရနိုင်မှာပါ" ဟု ဆိုသည်။

လက်ရှိအချိန်တွင် အင်တာနက် Bandwidth 32.5 GB အထိ ရှိနေပြီး တာချီလိတ် ဆက်ကြောင်းသစ် ချိတ်ဆက်ပြီးစီးပါက Bandwidth 45 GB ခန့်အထိရရှိလာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဖိုက်ဘာဆက်ကြောင်း သစ်များပြီးစီးပါက ယခင်ဆက်ကြောင်းများ ပြတ်တောက်ချိန်တွင် အရန်လိုင်းအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်ဟုသတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောကြားထားသည်။

ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိလာချိန်တွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ချထားပေးရန် ရှိနေပြီး လုပ်ကိုင်ခွင့်ချထားပေးမည့် လုပ်ငန်းလိုင်စင်များတွင် အင်တာနက် ဝန်ဆောင်မှုကဲ့သို့ လုပ်ငန်းလိုင် စင်များ ပါဝင်နေသဖြင့် အင်တာနက်အသုံးပြုနိုင်မှု လက်ရှိထက် ပိုမိုများပြားရန် လိုအပ်နေသည်။

ယင်းကဲ့သို့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် တာချီလိတ်ဆက်ကြောင်းကို သွယ်တန်းခြင်း ဖြစ်သည်ဟု လည်း ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။

စစ်ဆင်ရေးဘတ်ဂျက်များ လျှော့ချပေးရန် သျှမ်းအမျိုးသမီး အမတ် အဆိုပြု

သျှမ်းသံတော်ဆင့်

ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အသုံးစရိတ် အတွက် ဘတ်ဂျက် ကျပ်ငွေသန်း ၁၀၀ ထပ်တိုး တောင်းခံမှု အပေါ် အဆိုပါ ဘတ်ဂျက်များအား လျှော့ချပေးရန် (သို့မဟုတ်) ခေါင်းစဉ် ပြောင်းသုံး ပေးရန် ကွန်ဟိန်းမြို့နယ် ပြည်သူ့ လွှတ် တော်အမတ် နန်းဝါနုက အဆိုတင်သည်။

အောက်တိုဘာ ၂၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၁၄ - ၂၀၁၅ ဘဏ္ဌာရေးနှစ်တွက် ကာကွယ် ရေးဝန်ကြီးဌာနအောက် စစ်ဆင်ရေးအတွက် ကျပ်ငွေသန်းပေါင်း ၂၀၀ လျာထား၏၊၊ ထို့အပြင် ကျပ်ငွေ သန်းပေါင်း ၁၀၀ ထပ်မံတောင်းခံရာ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ် တော်အမတ် နန်းဝါနုက အဆိုပါငွေများအား စစ်ဆင်ရေးတိုက်ခိုက်ရေး အတွက် အသုံးမပြုဘဲ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်း ခေါင်းစဉ်အဖြစ်ပြောင်းသုံး ပေးရန် သို့တည်းမဟုတ် လျှော့ချပေးရန် တင်ပြခြင်းဖြစ်သည်။

“ဒီအချိန်က တိုက်ပွဲ ဆင်နွဲတဲ့အချိန်မဟုတ်တော့ဘူးလေ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အချိန်။ ဒို့တာ ဝန်အရေးသုံး ပါးမှာ ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး နဲ့ အချုပ် အခြာအာဏာတည်တံ့ ခိုင်မြဲ ရေး ဆိုတာပါတယ်။ စစ်ဆင်ရေးဘတ်ဂျက်တောင်းတာက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို သွားတိုက် ဖို့ ဘတ်ဂျက်ဘဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲရန် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာလဲ ထိခိုက်လာမှာ ဘဲ မဟုတ်လား။ ဒါကြောင့် စစ်ဆင်ရေးမှာသုံးမယ့်အစား ငြိမ်းချမ်းရေး ခေါင်းစဉ် နဲ့ သွားဖို့ တောင်းဆိုတာပါ” - ဟု နန်းဝါနုက ပြောသည်။

၂၀၁၄ - ၂၀၁၅ ဘတ်ဂျက်နှစ် ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် ကျပ်ငွေ သန်းပေါင်း ၂၇၅ သန်းခန့်လျာထားသည်ဖြစ်ရာ လက်ရှိတွင် ၄ ပုံ ၁ ပုံသာ အသုံးပြုသေးသည်ဟုသိရကြောင်း နန်းဝါနုကပြောပြသည်။

သို့သော်အဆိုပါကာကွယ်ဝန်ကြီးဌာနဘတ်ဂျက်ငွေ၏ ၃၂ ရာခိုင်နှုန်းသာ စစ်ဆင်ရေးအတွက်အသုံးပြုခဲ့ကြောင်း၊ ကျန်ငွေများမှာ အများအားဖြင့် လစာငွေများဖြစ် ကြောင်း၊ ထို့အတွက် သန်းပေါင်း ၁၀၀ ထပ်တိုးတောင်းခံခြင်းသည် ငြိမ်းချမ်းရေးအတွက် မထိခိုက်နိုင်ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်အတွင်းရှင်းလင်းပြောကြား သည်ဟု လွှတ်တော်အမတ်များက ပြောပြသည်။

တောင်ကြီးတွင် ဟိုတယ်ခန်း ဈေးနှုန်း နှစ်ဆကျော်မြင့်

ဂျွန်ချစ်ငြိမ်း

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလမတိုင်မီ တစ်ပတ်အလိုမှစ၍ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းခများ ယခင်နှုန်းထားထက် နှစ်ဆကျော် မြင့်တက်သွားသည်ဟု အလည်အပတ်ရောက်ရှိနေသူများနှင့် ဟိုတယ်လုပ်ငန်း ရှင်အချို့က အတည်ပြုသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကမူ ဈေးနှုန်းထိန်းချုပ်ရန် အစီအစဉ် မရှိဘဲ ဈေးကွက်သဘောအရ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သည်ဟု အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ် လုပ်ငန်းရှင် ဦးအောင်ကျော်က “ကျွန်တော်တို့ ဟိုတယ်အနေနဲ့ နဂိုမူရင်း ဈေးထက် ၂၀ ရာခိုင်နှုန်းပဲ တင်ထားတယ်၊ တချို့ ဟိုတယ်တွေဆို သိန်းနဲ့ချီ တင်တာရှိတယ်”ဟု ပြောသည်။

ယခင်တည်းခိုနှုန်းထား ကျပ်တစ်သောင်းခန့်ရှိ အခန်းခသည် ယခုအခါ ကျပ်သုံးသောင်းခွဲ ပေးဆောင်ရပြီး ငါးသောင်းတန် အခန်းခနှုန်းသည် တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းမြင့် တက်နေသည်ဟု တောင်ကြီးဒေသ ခံ ကိုဝင်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် ဟိုတယ်ကြီး အလုံး ၂၀ နှင့် တည်းခိုခန်း ၃၁ လုံး ရှိနေပြီး ယမန်နှစ်ပွဲတော်ကာလ အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တစ်သိန်းကျော် လာရောက်သည်ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားဝန်ကြီးဌာန မှတ်တမ်းများက ဆိုသည်။

၂၀၁၄ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ အဝေရာကွင်းအတွင်း ကျင်းပမည် ဖြစ်သည်။

စွပ်စွဲခံလူငယ် ၂ ဦး၏ ထွက်ဆိုချက် သံရုံးအထူးအဖွဲ့ ထပ်မံမေးမြန်းမည်

အေးနိုင်

မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့က ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းလူသတ်မှု၊ မုဒိမ်းမှုနဲ့ ဖမ်းဆီးချုပ်နှောင်ခံနေကြတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထားရှိရာ ကော့စမွီအကျဉ်းထောင်မှာ နာရီပိုင်းအကြာမှာ တွေ့ဆုံတော့မှာဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူး သန်းထိုက်အောင် ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ဘာသာပြန် ဦးမိုးဝေတို့ဖြစ်ပြီး မှတ်တမ်းတင်သူ စောခွန်နောင်ဦးတို့ ပါဝင်ပါတယ်။

ဒီခရီးစဉ်ရည်ရွယ်ချက်ကတော့ လူငယ်နှစ်ဦးက သံရုံးကိုယ်စားလှယ်အဖွဲ့နဲ့ ပထမတကြိမ် သွားတွေ့စဉ်မှာ ပေါက်တူးနောင့်နဲ့ ထုရိုက်တယ်လို့ ပြောဆိုချက်နဲ့ မိဘတွေနဲ့တွေ့စဉ်မှာ မသတ်ကြောင်း ပြောဆိုချက် ကွဲလွဲတဲ့အပေါ် အသေအချာ ဖြစ်စေဖို့ တွေ့ဆုံမေးမြန်းမယ်၊ မွန်း မတည့်ခင် တွေ့ဆုံနိုင်လိမ့်မယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောဆိုပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က “သူတို့က ၆ ရက် ၁၀ လ ၂၀၁၄ ခုနှစ် ထွက်ဆိုချက်နဲ့ ၂၄ ရက်၊ ၁၀ လ၊ ၂၀၁၄ မှာ မိဘတွေနဲ့ သွားတွေ့တဲ့ ထွက်ချက်မှာ ကွဲလွဲချက်လေးတွေ ရှိနေပါတယ်။ အဲဒီကွဲလွဲချက် ရှိတာလေးတွေကို ကျနော်တို့ ပြန်ပေါင်းပြီးတော့ အဖြစ်မှန်ဆိုတာကို သိရအောင်လို့ပါ။ နောက်တခုက ထိုင်းဘက်က ပြုလုပ်လာမယ့် အထောက်အထားတူလာမယ့် ဒီအန်အေကိစ္စပါ။ ဒီအန်အေ ကိစ္စနဲ့ ပတ်သက်လို့ သူတို့ကို ကျနော်တို့ ၆ ရက်၊ ၁၀ လ၊ ၂၀၁၄ လနေ့က ခိုတောင်ကျွန်းမှာ သွားစဉ်တုန်းက အမှုစစ်တဲ့ရဲကို မေးရာမှာလည်း တယောက်ကိုတော့ တံတွေးယူတယ်၊ တယောက်ကိုတော့ ဆီးနဲ့ တံတွေးနဲ့ ယူတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီလိုအချက်လေးတွေဟာလည်း မလုံလောက်ဘူးဆိုတာကို ကျနော် ၀က်ဘ်ဆိုက်မှာ ပြောခဲ့ဖူးပါတယ်။ အဲဒီတော့ ဒီဟာကို သူတို့ confirm (သေချာ) တယ်ဆိုရင် ကျနော်တို့က သူတို့ တောင်းဆိုလာမယ့် ဒီအန်အေ နဲ့ပတ်သက်လို့ ပြန်စစ်ပါဆိုတဲ့ အချက်အလက်တွေကို လက်ခံလို့လည်း ရတယ်။ ငြင်းဆန်လို့လည်း ရတယ်။ ဒါတွေကို ညှိနှိုင်းပြီး ရှေ့နေများကောင်စီနဲ့ ညှိနှိုင်းဖို့လည်း ရှိပါတယ်။”
ဒီအမှုအတွက် ထိုင်းရှေ့နေများကောင်စီက ရှေ့နေ ၂၀ ဟာလည်း အထူး ကိုယ်စားလှယ်အဖွဲ့နဲ့အတူ မြန်မာလူငယ် ၂ ဦးကို နောက်လာမယ့်ရက်ပိုင်းအတွင်း ထပ်မံ တွေ့ဆုံဖို့ရှိပြီး ရာသီဥတုအခြေအနေကြောင့် ရက်ရွေးနေတယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဟာ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံစဉ်၊ ထိုင်းရှေ့နေများကောင်စီနဲ့တွေ့ဆုံစဉ်၊ သူတို့ကို ရဲနဲ့ စကားပြန်က ရိုက်နှက်လို့ ၀န်ခံခဲ့တယ်ဆို တာကို ပြောဆိုခဲ့ကြပြီး အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့တွေ့ ဆုံရာမှာတော့ ၀န်မခံရင် သူတို့ကို သတ်ပြီး မြစ်ထဲမျှောမယ်၊ ကားတာယာ ကွင်းထဲထည့် ဓာတ်ဆီလောင်း မီးရှို့မယ်လို့ စစ်ဆေးရာမှာ ခြိမ်းခြောက်တဲ့အတွက် ကြောက်လို့ ၀န်ခံခဲ့ရတယ်ဆိုတာ ပြောဆိုခဲ့ကြပါတယ်။

စက်တင်ဘာလလယ်ပိုင်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကိုင်တွယ်မှုအပေါ် ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဟာ ဝေဖန်ခံနေရသလို ထိုင်းဝန်ကြီးချုပ်ကတော့ ဒီလူငယ် ၂ ဦးကို ဒီအန်အေ ပြန်လည်စစ်ဆေးနိုင်တယ်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

ကျန်းမာရေးအာမခံနဲ့ ရာသီဥတုအခြေပြညွှန်းကိန်း အာမခံ

DVB

ကိုပါကြီးအမှု မြန်မာအစိုးရအား ဖိအားပေးရန် ကနေဒါအစိုးရကို တောင်းဆိုမည်

Mizzima

ကနေဒါ နိုင်ငံရောက် မြန်မာလူမျိုးများအဖွဲ့ (CBENO) က အလွတ်သတင်းထောက် ကိုပါကြီးအား စစ်တပ်မှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လွန်စွာဝမ်းနည်းသည်ဟု အောက်တိုဘာ ၃၀ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်ထဲတွင် “ကျွန်တော်တို့သည် မြန်မာနှင့် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းပေါင်း ၁၂၃ ခုနှင့် အတူ မြန်မာအစိုးရအား ဖိအားပေးရန် ကနေဒါ အစိုးရသို့ တောင်းဆိုမည်ဖြစ်ပြီး ကိုပါကြီး သေဆုံးမှုအတွက် လွတ်လပ်၍ တရားမျှတသော စုံစမ်းစစ်ဆေးမှု ဖြစ်ပေါ်လာရန်တောင်းဆိုသွားမည် ဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် ပြည်သူနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်ဟု ကြေညာထားသည့် စစ်တပ်တစ်ပိုင်းအစိုးရကြား ယုံကြည်မှု ပျက်ပြယ်သွားခဲ့သည်" ဟုလည်း ပါဝင်သည်။

ကိုပါကြီးသည် DKBA အဖွဲ့၏ အဖွဲ့ငယ်တစ်ခုဖြစ်သည့် ကလို့ထူးဘောကရင်အစည်းအရုံး (KKO) စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်မှ ဖမ်းဆီးထားစဉ် ကင်းစောင့် စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားမှ ပစ်ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကိုပါကြီးကို လက်နက်ကိုင်တပ်ဖွဲ့များနှင့် တောတွင်းတွင်တွေ့ရသည်ဟု တပ်မတော်မှထုတ် ပြန်ခဲ့သည် ဓါတ်ပုံတွင် ကိုပါကြီးသည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာတွင် DKBA အဖွဲနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ် ပွားခဲ့သောကြောင့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးလာသည့် စစ်ရှောင် ဒုက္ခသည်များကို သွားရောက်ကူညီပေးရာတွင် သတင်းရယူရန် လိုက်ပါခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဓါတ်ပုံတွင် ပါဝင်သူ ဦးကိုကိုအောင် က အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ကိုပါကြီး သေဆုံးမှုအတွက် ဇနီးဖြစ်သူ မသန္တာက သေမှုသေခင်းဖွင့်ထားပြီး ဆေးစစ်ချက် ယူစစ်ဆေးနိုင်ရန် အလောင်းကို တူးဖော်ရန် စာတင်ထားကြောင်း မွန်ပြည်နယ် ကျိုက်မရောစခန်းမှ ဒုရဲအုပ် သိန်းစန်းဝင်းက မဇ္ဈိမကိုပြောကြားထားသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည် ကိုပါကြီးသေဆုံးသည့်ကိစ္စကို စုံစမ်းစစ်ဆေးမှုများ မကြာမီရက်ပိုင်းအတွင်း စတင်တော့မည် ဖြစ်သည်။

သံတွဲတွင် ညမထွက်ရ အမိန့် အပြီးသတ်ရုတ်သိမ်း

နိရဉ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ပြီး ရုတ်သိမ်းလိုက်ပြီဟု သိရသည်။

ယင်းသို့ ရုတ်သိမ်းကြောင်းကို မြို့ကိုပတ်ကာ အသံချဲ့စက်ဖြင့် ကျေညာသွားသည်ဟု ဒေသခံများက ပြောသည်။

အသံချဲ့စက်နဲ့ ကျေညာရာတွင် “ ငပလီမြို့မှ အပ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း ည ၂၃း၀၀ နာရီ နံနက် ၄း၀၀ ထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားရှိခဲ့ပါသည်။ ယခုအချိန်တွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စနစ်ကျ ထိန်းသိမ်းကြပ်မတ် နိုင်မူများကြောင့် တည်ငြိမ် အေးချမ်း လာပြီ ဖြစ်သဖြင့် ထုတ်ပြန်ထားရှိသည့် ပြစ်မူဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၄၄ အရ ညမထွက်တားမြစ် အမိန့်အား ၂၀၁၄ အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ ရုတ်သိမ်းလိုက်သည်” ဟု ပါရှိကြောင်း သိရသည်။

ယင်းအမိန့်အား သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးမှ ထုတ်ပြန်ခြင်း ဖြစ်သည်။

သံတွဲ ဒေသခံ တစ်ဦးကမူ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ အားလုံးအတွက် အကျိုးရှိသည်ဟု ပြောကြားသည်။

“ ညမထွက်ရ အမိန့်ရှိတော့ ညဥ့် တစ်ခုခု ကျန်းမာရေးနဲ့ သက်ဆိုင်လာရင် ဆေးရုံသွားရတာ အရမ်းခက်ခဲတယ်။ အဆင့်ဆင့်တင်ပြရတယ်။ နောက်တစ်ခုက အပြင်ကလာလို့ အချိန်လွန်သွားရင်လည်း မြို့ပြင်မှာဘဲ အိပ်ရတာတွေလည်း ရှိတယ်။ ခုတော့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပြီ ဖြစ်တဲ့ အတွက် ၀မ်းသာပါတယ်” ဟု သူက ပြောသည်။

အစ္စလာမ်ဘာသာဝင် အမျိုးသမီး တစ်ဦးကမူ အခြေအနေမှာ အကောင်းကြီးလည်း မဟုတ်သေးသလို အဆိုးကြီးလည်း မဟုတ်သဖြင့် လုံခြုံရေးကို အနည်းနှင့် အများ စိုးရိမ်မိသည်ဟု ဆိုသည်။

“ အခြေအနေက အကောင်းကြီး မဟုတ်သေးသလို အဆိုးကြီးလည်း မဟုတ်တော့ စိုးရိမ်စိတ်တွေတော့ ရှိပါတယ်။ ဒါပေမယ့် အခြေအနေ တိုးတက်ကောင်းမွန်သွားမှာပါ။ စိတ်တိုင်းကျတော့ မဖြစ်သေးပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဆူပူ အကြမ်းဖက်မူများ ဖြစ်ပေါ်ပြီးနောက် ညမထွက်ရ အမိန့်ကို ၂၀၁၃ ခုနှစ် ဇွန်လမှ စတင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

မြေနုကျွန်း ခွဲဝေရာမှာ မညီမှုတွေ ရှိ

DVB

ကုန်သွယ်ရေး ဖြေလျှော့မှုများကြောင့် စီးပွားရေးလုပ်ရန် အကောင်းဆုံးနိုင်ငံများ စာရင်းတွင် မြန်မာ အဆင့်တက်

ဆန်းနယုန်

ကုန်သွယ်ရေး ဖြေလျှော့မှုများကြောင့် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက အဆင့် တစ်ဆင့်တက်လာပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် အဆင့် ၁၇၇ ရရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်သောDoing Business 2015: Going Beyond Efficiency အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခင်နှစ်က ထုတ်ပြန်သော ယင်းအစီရင်ခံတွင် မြန်မာနိုင်ငံက အဆင့် ၁၇၈ ရရှိခဲ့ပြီး အခြားစီးပွားရေးပြုပြင် ပြောင်းလဲမှုများတွင် သိသိသာအဆင့်မတက်လာသော်လည်း ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုတွင် ယခင်နှစ်ကထက် အဆင့် ၃၂ ဆင့် မြင့်တက်ခဲ့ခြင်းကြောင့် ရမှတ် စုစုပေါင်းအဆင့်တွင် အဆင့်တစ်ဆင့်မြင့်တက်လာခြင်း ဖြစ်သည်။

ကဏ္ဍ ၁၀ခုဖြင့် စိစစ်သည့် ယင်းအစီရင်ခံစာတွင် ကဏ္ဍသုံးခု၌ အဆင့်တက်လာပြီး ကဏ္ဍသုံးခုတွင် အဆင့် ကျဆင်းကာ ကဏ္ဍလေးခုတွင် ယခင်နှစ်အဆင့်အတိုင်းသာရရှိခဲ့သည်။ စီးပွားရေးလုပ်ငန်းစတင်ရန် လွယ်ကူမှု (အဆင့် ၁၈၉)၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ရန်လွယ်ကူမှု (အဆင့် ၁၃၀)၊ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးမှု (အဆင့် ၁၇၈)၊ စာချုပ်စာတမ်းလိုက်နာမှု(အဆင့် ၁၈၅) တို့တွင် ယခင်နှစ်ကအတိုင်း အဆင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်ထက် ရမှတ်မြင့်လာသော ကဏ္ဍများမှာ တည်ဆောက်ရေးလုပ်ငန်းခွင့်ပြုချက်လွယ်ကူမှု(အဆင့် ၁၃၀)၊ လျှပ်စစ်မီးရရှိမှု(အဆင့် ၁၂၁)၊ ကုန်သွယ်ရေးဖြေလျှော့မှု (အဆင့် ၁၀၃) တို့ဖြစ်ပြီး ကျဆင်းသွားသော ကဏ္ဍများမှာ ချေးငွေရရှိမှု(အဆင့် ၁၇၁)၊ အခွန်ပေးချေမှု(အဆင့် ၁၁၆) နှင့် ထုခွဲရောင်းချနိုင်စွမ်းရှိမှု (အဆင့် ၁၆၀) တို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ပို့ကုန် ၁၆၆မျိုးနှင့် သွင်းကုန် ၁၅၂ မျိုးတို့၏ လိုင်စင်လျှောက်ထားမှုလုပ်ငန်းစဉ်၊ အချိန်ကာလ နှင့် ကုန်ကျစရိတ်တို့ကိုလျှော့ချပေးနိုင်ခဲ့ပြီး ကြီးမားသောပြုပြင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့သည်ဟု ကမ္ဘာ့က သုံးသပ်ထားသည်။

ပို့ကုန်တင်ပို့မှုလုပ်ငန်းစဉ် ကြာမြင့်ချိန်ကို ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့ပြီး သွင်းကုန်တင်သွင်း မှုလုပ်ငန်းစဉ် ကြာမြင့်ချိန်ကို ၁၉ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့သည်ဟု ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဆီယံဒေသ စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများစာရင်းတွင် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့က အစဉ်လိုက်ရပ်တည်နေပြီး မြန်မာက အဆင့်အနိမ့်ဆုံးဖြစ်သည်။

၂၀၁၅ ခုနှစ် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံး ၁၀ နိုင်ငံစာရင်းတွင် စင်ကာပူ၊ နယူးဇီလန်၊ ဟောင်ကောင်၊ ဒိန်းမတ်၊ တောင်ကိုရီးယား၊နော်ဝေး၊ အမေရိကန်၊ ဖင်လန်၊ သြစတြေးလျတို့က အစဉ်လိုက်ရပ်တည်နေပြီး စင်ကာပူက ယခင်နှစ်ကလည်း အဆင့်တစ်ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယခုနှစ်နှင့် နောင်နှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာမည် ဟု အောက်တိုဘာ ၆ ရက်၌ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် အာရှပစိဖိတ်ဒေသ စီးပွားရေးနောက်ဆုံး အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကော်သူလေး တပ်မတော် တနှစ်အတွင်း ဖွဲ့စည်းရန် စီစဉ်နေ

စနေလင်း

ကရင် တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းထားသည့် ကော်သူလေး တပ်မတော် ပေါ်ပေါက်ရေးအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် တနှစ်အတွင်း အပြီးသတ် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း သိရသည်။

ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့ အခြေစိုက်ရာ ကရင်ပြည်နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန် နေ့က ကျင်းပ သော ကော်သူလေး တပ်မတော်ဖွဲ့စည်းရေး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် DKBA တပ်ဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ယခုအချိန်တွင် KNU ဥက္ကဌကြီး၏ သက်တမ်းလည်း ကျန်ရှိနေသေးသကဲ့သို့ အပစ်အခတ် စတင်ရပ်စဲသည့် သမ္မတ ဦးသိန်းစိန် ၏ တာဝန်ထမ်းဆောင်နေသည့် သက်တမ်းကလည်း ကျန်ရှိနေသေးချိန်တွင် အပြီးသတ် ဆောင်ရွက်ခြင်းက ကောင်းသောအခြေ အနေဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“KNU အနေနဲ့ ဒီအစည်းအဝေးမှာ ၀င်ရောက်ပူးပေါင်းဖို့ ဆုံးဖြတ်ချက် မပေးနိုင်ခဲ့ရင်လည်း ကျနော်တို့အနေနဲ့က အဆင်သင့်ဖြစ်နေ တာကြောင့် ကော်သူလေး တပ်မတော် ဖွဲ့စည်းရေးမှာ ပူးပေါင်းသွားမယ်။ အခု ကရင်ပြည်သူလုထု တရပ်လုံးကလည်း ကရင် လက်နက်ကိုင်တွေ အားလုံးစုပေါင်းဖွဲ့စည်းတဲ့ ကော်သူလေး တပ်မတော်ကို ထောက်ခံနေကြပြီ။ အဆင်သင့် ပူးပေါင်းနိုင်သူတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ကော်သူလေး တပ်မတော်ကို ဖွဲ့စည်းသွားမယ်”ဟု အောက် တိုဘာ ၃၀ ရက်နေ့က ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဧရာဝတီ၏ မေးမြန်းမှုကို ဗိုလ်ချုပ် စောမိုရှေးက ပြန်လည် ဖြေဆိုခဲ့သည်။

ထို့အပြင် KNU ကိုလည်း ကော်သူလေး တပ်ဖွဲ့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး အတွက် အရေးပေါ် အစည်းအဝေးများ ကျင်းပပြီး တိုက်တွန်းသွားမည်ဟုလည်း ဆိုသည်။

KNU အနေဖြင့် ယခု အစည်းအဝေးပွဲတွင် ဆုံးဖြတ်ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ကော်သူလေး တပ်မတော်ဖွဲ့စည်းရေး နှင့် ပတ်သက်ပြီး ကရင်ပြည်သူ တရပ်လုံးကလည်း လိုလားနေသကဲ့သို့ မူအားဖြင့် လက်ခံထားကြောင်း၊ ယခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည့် KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတွင် ကရင် လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားပြီး ကော်သူလေး တပ်မတော်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အကျေအလည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယခုအစည်း အဝေးသို့ တက်ရောက် လာ သော KNU ကိုယ်စားလှယ် ဗိုလ်ချုပ် စောဖောဒိုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကရင်လက်နက်ကိုင် အဖွဲ့တွေ အားလုံးကိုလည်း ဖိတ်ကြားသွားမှာပါ။ အဲဒီ အစည်းအဝေးကြရင် ကျနော်တို့ ဒီကိစ္စကို အကျေအလည် ဆွေးနွေးပြီးတော့ ဆုံးဖြတ်သွားနိုင်မယ်လို့ ထင်ပါတယ်။ လက်ရှိ အချိန်ကတော့ ဒီကိစ္စက အဆင့်ဆင့် ဆွေးနွေးမှုတွေ လုပ်ရမှာကြောင့် ဆုံးဖြတ်ချက်ဆိုတာ ချက်ချင်းပြောလို့မရပါဘူး။ ကော်သူလေး တပ်မတော်ဖြစ်လာတဲ့အခါ အရင်က တပ်တွေ ကို ဖျက်သိမ်းမှာလား၊ ဒီအတိုင်းထားမှာလား ဆိုတာ အဲဒီတော့မှ သိရမှာ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNU/ KNLA)က ကျင်းပမည့် ကော်သူလေး တပ်မတော် ဖွဲ့စည်းရေး အစည်း အဝေး တွင် ကရင် လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသော DKBA ၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေး ကောင်စီ(KNU/ KNLA-PC)တို့က တာဝန်ရှိသူများကို ဖိတ်ကြား၍ ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။

ကော်သူလေး တပ်မတော်ဖွဲ့စည်းခြင်းကို KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးက မူအားဖြင့် သဘောတူခဲ့ပြီး DKBA အနေဖြင့် အကြွင်းမဲ့ သဘောတူ လက်ခံထားသည်။

ထိုသို့ ကော်သူလေး တပ်မတော်ဖွဲ့စည်းရခြင်းသည် လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်မှုကာလတွင် အစိုးရကို ပြန် တော်လှန် ရန်မဟုတ်ဘဲ ကရင်လက်နက်ကိုင် တပ်ဖွဲ့များအားလုံးကို စုစည်းစေချင်သော သဘောသာဖြစ်ကြောင်း၊ အစိုးရ နှင့် အကောင် အထည်ဖော်နေသော အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မူများအတိုင်းသာ ဆက်လက်အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး တက်ရောက်လာသော ကရင် လက်နက်ကိုင်အဖွဲ့များ၊ ကရင် အမျိုးသမီး အဖွဲ့များနှင့် ဒေသဆိုင်ရာ ကရင်လူထု ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြပြီး ကော်သူလေး တပ်မတော်ကို အားလုံးပါဝင် သော ဦးဆောင်မှုဖြင့် လုပ်ဆောင်သွားရန် သဘောတူခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ကော်သူလေး တပ်မတော်ကို ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ ၄ ချက်အပေါ် ရပ်တည်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်း နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုများ၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူ ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

ကရင် လက်နက်ကိုင်များ စုစည်းဖွဲ့စည်းမည့် ကော်သူလေး တပ်မတော် ဖွဲ့စည်းရေးအတွက် ဆုံဆည်းမြိုင် ကျေးရွာတွင် အောက် တိုဘာ ၂၉ ရက်မှ စတင်၍ ၃ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ KNU ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ(KNU/ KNLA-PC) ၊ DKBA စသော ကရင်လက်နက်ကိုင်အဖွဲ့များအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကလိုထူးဘော ကရင် အစည်းအရုံး(KKO) နှင့် ကရင်တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့များ အားလုံးမှ လူ ၁၅၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။

ဦးပါကြီးသေဆုံးမှု အမျိုးသားလူ့အခွင့်ရေးကော်မရှင်ကို ၈၈ပွင့်လင်းလူ့အဖွဲ့တောင်းဆို

DVB

မြန်မာနိုင်ငံ၏ သြဇာကြီးသည့် အမျိုးသမီး ၁၀ ဦး ဘီဘီစီ ရွေးချယ်

တင်ဇာအောင်၊ ခင်မြတ်မြတ်ဝေ

ဘီဘီစီ သတင်းဌာန၏ ‘အမျိုးသမီး ၁၀၀’ အစီအစဉ် တစ်စိတ်တပိုင်းအဖြစ် မြန်မာပြည် နယ်ပယ်အသီးသီးက သြဇာကြီးသည့် မြန်မာအမျိုးသမီး ၁၀ ဦးကို ဘီဘီစီ မြန်ပိုင်းပိုင်းကတစ်ဆင့် အွန်လိုင်းပရိတ်သတ်များက မဲပေးရွေးချယ်ခဲ့သည်။

ယင်းသို့ ရွေးချယ်သည့်စာရင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် ၁ နေရာတွင် ရှိနေပြီး ၎င်း၏အနောက်တွင် နာရေးကူညီမှုအသင်း ရန်ကုန်မှ ဒေါ်မြင့်မြင်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက်၊ AIDS လူနာစောင့်ရှောက်ရေးလုပ်သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာမှ ဒေါ်သန်းမြင့်အောင်၊ ထိုင်း-မြန်မာနယ်စပ်ရှိမယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင်၊ ကွယ်လွန်ခဲ့ပြီးဖြစ်သည့် စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမ ဂျူး၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်း၊ မသန်းစွမ်းထူးချွန်သူ မစုပုံချစ်တို့ ရွေးချယ်ခံခဲ့ရသည်။

ယင်းအစီအစဉ်ကို ဘီဘီစီ မြန်မာပိုင်း၏ အွန်လိုင်းစာမျက်နှာ၊ အီးမေးလ်၊ ဖေ့စ်ဘုတ်နှင့် ရေဒီယိုတို့တွင် အောက်တိုဘာ ၇ရက်က စတင်ကာ ပရိတ်သတ်များမှ စာရင်းပေးရွေးချယ်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဖိတ်ခေါ်သည့်အထဲမှ ဖေ့စ်ဘုတ်နှင့် အီးမေးလ် နှစ်ခုပေါင်း ၁၀ယောက်ခန့်သာ ရှိသော်လည်း ဖေ့စ်ဘုတ် ကွန်မန့်၊ ယင်းကွန်မန့်ကို Like လုပ်သူများ အကြမ်းဖျင်း အယောက် ၁၀၀ကျော်ရှိသည်ဟု ခန့်မှန်းကြောင်း ဘီဘီစီ မြန်မာပိုင်း ဌာနမှူး ဒေါ်တင်ထားဆွေက မဇ္ဈိမကို ပြောသည်။ ယင်းသို့ ဖိတ်ခေါ်ထားသည့် သတင်းကို ဖတ်ရှုသူ တစ်သိန်းကိုးသောင်းခန့်ရှိပြီး ပြန်လည်မျှဝေသူ ငါးထောင်နီးပါးရှိကြောင်း ၎င်းက ဆိုသည်။

ရွေးချယ်ခံရသူများအား ဘီဘီစီအနေဖြင့် ဆုပေးခြင်း၊ နောက်ဆက်တွဲ အခြားအစီအစဉ်များ လုပ်ဆောင်ရန် မရှိဟု ဆိုသည်။

နံပါတ် ၆နေရာတွင် ရွေးချယ်ခံရသည့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်ရေး ဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင်က "ဒီလို ရွေးချယ်ခံရတော့ ပိုပြီး လူတွေက အလေးနက်ထားတယ်။ ကိုယ့်ကို ဂရုစိုက်နေပြီး၊ ကိုယ့်ကိုတန်ဖိုးထားတယ်။ နေရာပေးပြီ ဆိုတော့ ဒေါ်လေးအတွက် အားဆေးတစ်ခု တွန်းအားတစ်ခု ဖြစ်လာပါတယ်"ဟု မဇ္ဈိမကို ပြောသည်။

AIDS လူနာစောင့်ရှောက်ရေးလုပ်သည့် ဒေါ်ဖြူဖြူသင်းက "အမတို့တွေက အရင်ထဲက ဒီ ၁၀ ယောက်လုံးက မဆုံပေမယ့် သူဂဏ္ဍအလိုက် အချိတ်အဆက်တွေရှိတယ်။ ခုတော့ ပိုပြီးအားကောင်းလာတာပေါ့။ အမ ခွန်အားလေးနဲ့ လုပ်တဲ့အပေါ် အသိအမှတ်တစ်ခုဖြစ်တယ်။ ဒီ ၁၀ ယောက်ကလည်း ပြည်တွင်းက အခြား အမျိုးသမီးတွေကို ကိုယ်စားပြုပါတယ်"ဟု ပြောသည်။

ဘီဘီစီ မြန်မာပိုင်းက ယင်းအစီအစဉ်ကို ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအနေဖြင့် စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း အလားတူ အစီအစဉ်များကို လုပ်ဆောင်နိုင်ရန် မျှော်လင့်သည်ဟု ဘီဘီစီမြန်မာပိုင်း ဌာနမှူး ဒေါ်တင်ထားဆွေက ပြောသည်။

၂၀၁၃ခုနှစ်ကမူ ဘီဘီစီ လန်ဒန်ရုံးချုပ်တွင် ကမ္ဘာအနှံ့က အမျိုးသမီးခေါင်းဆောင်များကို ဖိတ်ခေါ်ကာ အမျိုးသမီးများ၏ နေ့စဉ်ဘဝ ကြုံတွေ့ရသည့် စွန့်စားမှုများ၊ အခက်အခဲများ၊ အခွင့်အလမ်းများကို တစ်ရက်တာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ကျောက်မီးသွေးမတူးဖော်ရန် ကုမ္ပဏီများအား ဘန်းချောင်းဒေသခံများ တောင်းဆို

စဖန်းရှောင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ဘန်းချောင်းဒေသရှိ ကျောက်မီးသွေးတူးဖော်လျှက်ရှိသော မြန်မာမေဖလားဝါးကုမ္ပ ဏီ Thai Asset Company၊ East Star Company များအနေဖြင့် လုပ်ငန်းပြန်လည် ရုပ်သိမ်းပေးရန် ဒေသခံများမှ အောက်တို ဘာ ၂၇ရက်နေ့က တောင်းဆိုလိုက်သည်။

ကုမ္ပဏီများသည် ကျောက်မီးသွေးစီမံကိန်းပြုလုပ်ရာတွင် ဒေသခံများအပေါ် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လုပ်ငန်းအပေါ် တာ ၀န်ယူမှု ပျက်ကွက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသောကြောင့် လုပ်ငန်းများကို ရုပ်သိမ်းရန် ဒေသခံများက ထားဝယ်မြို့၊ ခရစ်ယာန် ပညာရေးရိပ်သာတွင် ပြုလုပ်သော တွေ့ဆုံပွဲတစ်ရပ်တွင် ကုမ္ပဏီများအား တိုက်ရိုက် တောင်းဆိုခဲ့ခြင်းသည်။

ယင်းဒေသရှိ တာကပေါ်ကရင်လူငယ်အဖွဲ့က နော်ပီသလောက “ဒေသခံတွေက ကုမ္ပဏီ သုံးခုစလုံး တာဝန်ရှိသူတွေနဲ့ ပထမ ဆုံး တွေ့ဆုံရတာပါ။ တွေ့ဆုံဆွေးနွေးပွဲမှာ ဒေသခံတွေက ဒီစီမံကိန်းကိုလုပ်တာ သဘောမတူဘူးလို့ အစကတည်းက အစိုးရဆီ ကိုရော၊ ကုမ္ပဏီကိုရော KNU ဆီကိုရော စာအကြိမ်ကြိမ်တင်တယ်။ ဘာမှ မထူးခြားဘဲ ဆက်တူးမြဲတူးနေတဲ့အတွက် အခုလို စုံစုံညီညီဖြစ်အောင် တွေ့ဆုံလိုက်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

တွေ့ဆုံမှုတွင် ကုမ္ပဏီသုံးခုမှ မန်နေးဂျင်းဒါရိုက်တာများ၊ နိုင်ငံတာကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (၂)ဖွဲ့၊ ထားဝယ် ဒေသအခြေစိုက် လူမှုရေးအသင်းအဖွဲ့ (၆)ဖွဲ့၊ ထားဝယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD၊ ထားဝယ်တိုင်းရင်းသားပါတီ(၂)ဖွဲ့ နှင့် ဒေသခံများ စုစုပေါင်း ၁၁၃ဦး တက်ရောက်ခဲ့ကြသည်။

ထားဝယ်မြို့နယ် ကထောင်းနီရွာသူ နော်ဖော်ဘလယ်က “ဒီစီမံကိန်းကို ဆက်မလုပ်ဖို့ ကျမတို့ တောင်းဆိုတာကို ကုမ္ပဏီများအ နေနဲ့ လိုက်နာမှုပျက်ကွက်ခြင်းအပေါ် ကျမတို့ ဒေသခံတွေ လက်မခံနိုင်တော့ဘူး။ ရိုးသားစွာနဲ့ ဥယျာဉ်ခြံမြေကို လုပ်ကိုင်စား သောက်နေထိုင်လိုတယ်။ လျော်ကြေးကိုလည်း မလိုချင်ဘူး”ဟု အဆိုပါ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

မေဖလားဝါးမိုင်းနင်းကုမ္ပဏီမှ ဦးမိုးဇက်ကလည်း “သရက်ချောင်းမြို့နယ်၊ ဆီဒေါကျေးရွာကနေ ကထောင်းနီကျေးရွာကို ကျောက် မီးသွေးသယ်ယူဖို့ မိုင်(၄၀)လမ်းဖောက်လုပ်ထားခြင်း စတဲ့ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ထားတဲ့အပြင် နိုင်ငံတော်အစိုးရက ခွင့်ပြု ထားပြီးဖြစ်တဲ့အတွက် ဆက်လက်လုပ်ကိုင်ဖို့ ဒေသခံတွေအနေနဲ့ ခွင့်ပြုစေလိုတယ်။ သတ္တုတွင်းစည်းမျဉ်းများနှင့်အညီ ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်”ဟု ၎င်းတွေ့ဆုံပွဲတွင် ပြန်လည်တောင်းဆိုခဲ့သည်။

လက်ရှိတူးဖော်နေသော ကျောက်မီးသွေးစီမံကိန်း စတင်စဉ်ကပင် ဒေသခံများသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ရင်ဆိုင်နေ ခဲ့ရသလို ကုမ္ပဏီလုပ်ကွက် ဧရိယာပြမြေပုံများအရ ဒေသခံများ၏ ဥယျာဉ်ခြံများတွင် ပါဝင်သဖြင့် အသက်မွေးဝမ်းကြောင်းအ တွက် ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါဒေသတွင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မတ်လ ၂၅ရက်နေ့ကလည်း ကုမ္ပဏီတာဝန်ရှိသူများ၊ ဒေသခံများ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက တွေ့ဆုံညှိနှိုင်းမှုများ ပြု လုပ်ခဲ့ပြီး ဒေသခံများက သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး၊ မြစ်ချောင်းများအတွင်း စွန့်ပစ်ရေ မစီးဆင်းရေး၊ ဧက(၆၀)ထက် ကျော်လွန်ကာ မြေမ၀ယ်ရေး၊ ရွာသားများ၏ ဥယျာဉ်ခြံမြေအတွင်း မြေစာမစွန်ပစ်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။

ဘန်းချောင်းဒေသတွင် ၂၀၁၀ခုနှစ်က ကျောက်မီးသွေးလုပ်ကွက်(၅၀၀)ဧကစီရှိ လုပ်ကွက်(၁)၊ (၂)၊ (၃)နှင့် ၂၀၁၂ခုနှစ်တွင် လုပ်ကွက်(၂၀၀)ဧကစီရှိ လုပ်ကွက်(၄)(၅)(၆)တို့ စုစုပေါင်း (၂၁၀၀)ဧကကို အစိုးရက ခွင့်ပြုပေးထားကြောင်း ထားဝယ်အခြေ စိုက် လူမှုအဖွဲ့အစည်းများက ပြောသည်။

ကိုထင်ကျော်ကို ထောင်ဒဏ် ၁၄နှစ်ကျော်အပြစ်ပေးခံရ

DVB

တောင်ကြီး တန်ဆောင်တိုင်ကွင်းရှိ သရဲအိမ်မီးလောင်ကာ အမျိုးသမီးတစ်ဦးသေဆုံး

ဂျွန်ချစ်ငြိမ်း

တောင်ကြီး တန်ဆောင်တိုင်ပွဲ ကျင်းပသည့် အဝေရာမီးပုံပျံကွင်းရှိ သရဲအိမ် ကလေး ကစားကွင်းတွင်အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီ ၄၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

မီးလောင်မှုကြောင့် အဆောက်ဦအတွင်းရှိ လူ (၆) ဦးအနက် ရန်ကုန်မှလာသည့် အသက် ၄၄ နှစ်အရွယ် မသန်းသန်းမြင့်မှာ အခန်းတွင်း ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်အား မီးသတ်ဌာနက စစ်ဆေးရာ အလျား ၆၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ ထရံမိုး ထရံကာ၊ ဝါးခင်း၊သစ်တိုင် အဆောက်အဦအတွင်းရှိ မီးအလှဆင်ရန် ယာယီ သွယ်တန်းထားသော အော်တိုမီးထိန်းစက်မှ အပူလွန်ကဲပြီးမီးပွားလွင့်စင်ရာမှ အနီးရှိ မီးလောင်ရန် လွယ်ကူသည့် ဖော့၊ ပိတ်စများကို မီးကူးကာ အဆောက်အဦး မီးလောင်ခဲ့သည်ဟုတောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

လောင်ကျွမ်းမှုကြောင့် အဆောက်အဦး ဆုံးရှုံးမှုတန်ဖိုး ၂ သိန်းခွဲကျပ်၊ အတွင်းဖော့ပစ္စည်းမျိုးစုံ တန်ဖိုး ၉ သိန်းခွဲ စုစုပေါင်း ၁၂ သိန်းခန့်မီးလောင် ဆုံးရှုံးခဲ့သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ပြီး ဒေါ်ခင်မေအောင် မြောက်ဥက္ကလာပတွင် နေထိုင်သူအားတောင်ကြီးမြို့၊ မြို့မရဲစခန်းမှ (ပ) ၂၂၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ကိုပါကြီးအမှုမှန်ဖော်ထုတ်ရေးဆန္ဒပြသူများအား အမှုဖွင့်ထားဟုဆို

အေမီအောင်

ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည့် တက်ကြွလှုပ်ရှားသူ တချို့ကို တရားမဝင် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈နှင့်အမှုဖွင့်ထားသည်ဟု ကိုမိုလ်းသွေးက လွတ်လပ်သောမွန်သတင်းအေဂျင်စီIMNA သို့ ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၆ ရက်၊ ညနေ ၄းဝဝ နာရီအချိန်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ စုစုပေါင်း (၄၆)ဖွဲ့ စုပေါင်းဆန္ဒသဘောထားထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

Generation Wave အဖွဲ့ ဥက္ကဌ ကိုမိုလ်းသွေးက “အမှု အမှတ် (ပ) ၃၄၃ / ၂၀၁၄ မိုလ်းသွေးနဲ့ အပေါင်းအပါများ ပုဒ်မ (၁၈)နဲ့ အမှုဖွင့် ထားတယ်လို့သိရတယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ဖွင့်ထားတယ်ဆိုတာ ကျနော့်ဆီကို တရားဝင် အကြောင်းကြားစာ ပေးတာမရှိသေးပါဘူး” ဟု ဆိုသည်။

ထို့နောက် ကိုပါကြီး သေဆုံးမှုတွင် အမှုမှန်ပေါ်ပေါက်ရေး၊ တရားဥပဒေ အတိုင်းအရေးယူပေးရန်၊ နောက်နောင်ပြည်သူများအပေါ် အာဏာနှင့်လက်နက်ရှိသူများ အနိုင်ကျင့်လျော့နည်းသွားစေရန် ရည်ရွယ်ပြီး ဆန္ဒပြခဲ့သည်ဟု ပြောသည်။

အလားတူ ကိုပါကြီးအား အစိုးရစစ်တပ် ပစ်သတ်သေဆုံးမှုကြောင့် စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့ အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မြို့ခံ ၃ဝဝ ခန့်က ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြခဲ့ကြသည်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ” အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေထဲက ယောက်၂၀ ခန့်ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်၊ ဘယ်သူ ဘယ်ဝါဖြစ်သလဲဆိုတာ အခု စိစစ်နေတုန်းဘဲ” ဟု ပြောသည်။

အောက်တိုဘာလ ၂၉ရက်တွင်လည်း ပြည်မြို့တွင် Generation Wave အဖွဲ့ဝင်များမှ မဟာမိတ် ဒီမိုကရက်တစ် အင်အားစုများနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ထို့အပြင် ညီညွတ်သောအမျိုးသား ဒီမိုကရေစီအဖွဲ့ကလည်း အလွတ်တန်းသတင်းထောက် ကိုပါကြီး ပစ်ခတ်သတ်ဖြတ်မှုအား ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်၍ အပြစ်မှု ကျူးလွန်သူများကို ပြည်သူရှေ့မှောက်တွင် မှန်ကန်စွာ တရားစီရင်ပေးရန် စက်တင်ဘာ ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။

အလွတ်တန်းသတင်းထောက် ကိုပါကြီး ကို ကျိုက်မရောမြို့ အခြေစိုက် အမှတ် ၂၀၈ ခြေမြန် တပ်ရင်း ထိမ်းသိန်းထားစဉ် အောက် တိုဘာလ ၄ ရက်နေ့ ညကင်းစောင့်နေသည့် စစ်သားဆီမှေသနတ်လုပြီး ထွက်ပြေးရန် ကြိုးစားခဲ့ သည့်အတွက် အသေဖမ်းဆီးမိ ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်

DVB

UNFC မှ KNU ယာယီနုတ်ထွက်သည့် ဆုံးဖြတ်ချက် မပြောင်းလဲ

ဖနိဒါ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင်အဖြစ်မှ KNU နုတ်ထွက်၊ မထွက် ဆုံးဖြတ်ရန် အစည်းအဝေးကို ၆ ရက်ကြာ ကျင်းပပြီးနောက် ယခင်ဆုံးဖြတ်ထားသည့်အတိုင်း အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားဦးမည်ဟု KNU၏ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

"UNFC နှင့် ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်၍ KNU ဗဟိုကော်မတီဝင်များမှ ဆွေးနွေးသုံးသပ်၍ ဆက်လက် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ယာယီရပ်ဆိုင်းမှုကာလအတွင်း UNFC နှင့် ဆက်လက် ညှိနှိုင်းသွားကာ လိုအပ်သလို၊ တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ တိုင်းရင်းသားတို့၏ နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ဖော်ဆောင်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်"ဟု အစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ပါရှိသည်။

KNU၏ ၁၅ ကြိမ်မြောက် ကွန်ဂရက်အပြီး ဗဟိုအမြဲတမ်း ကော်မတီ၏ တတိယအကြိမ်မြောက် အရေးပေါ် အစည်းအဝေးကို အောက်တိုဘာ ၂၃ရက်မှ ၂၉ ရက်အထိ ၆ ရက်ကြာ (၂၆ ရက်တွင် အစည်းအဝေးနားသည်) ကျင်းပအပြီး အချက် ၆ ချက် ဆုံးဖြတ်ကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကောလာဟလ များကြောင့် ငြိမ်းချမ်းရေး အလားအလာ ထိခိုက်မှာ စိုးရိမ်

ချမ်းစွန်း

အပစ်အခတ် ရပ်စဲရေး ဆွေးနွေး မှုများ တိုးတက် လာသည့် အခြေ အနေတွင် ထွက်ပေါ် လာသည့် ကောလာ ဟာလ များကြောင့် ငြိမ်းချမ်းရေး ထိခိုက် နိုင်သည်ကို ဖြေရှင်း သင့်ကြောင်း ကချင် ဒီမိုကရေစီ ပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောသည်။

ဒေါက်တာတူးဂျာက “ကောလဟာလ သတင်း တွေက ဖျက်မြင်း သဖွယ် ဖြစ်သွားတယ်” ဟုပြောသည်။

အပစ်အခတ် ရပ်စဲရေး ဆွေးနွေး မှုများ တိုးတက် လာချိန်တွင် နိုင်ငံရေး ဆွေးနွေး မှုနှင့် ဆက်ဆံရေး ကောလဟာလများ၊ စစ်ရေး တင်းမာမှု ကောလ ဟာလများ အမျိုးမျိုး ထွက်ပေါ်လျက် ရှိကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားသည်။

ကချင်ပြည်နယ် ဖားကန့် ဒေသတွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တပ်မတော် တို့ အကြား စစ်ရေး တင်းမာ မှုများဖြစ်ပေါ် နေကြောင်း ကောလ ဟာလ များလည်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် လာခဲ့၍ ဒေသ ခံများ စိုးရိမ် တကြီး တိမ်းရှောင် ထွက်ပြေး မှုများဖြစ်ပေါ် ခဲ့ကြောင်းလည်း ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွှန်ငန်းဆိုင်းက ပြောသည်။

“ဒါတွေက ကောလဟာလ တွေပါ၊ ခုလက်ရှိ ချိန်ထိ တည်တည် ငြိမ်ငြိမ် အေးအေး ချမ်းချမ်း ပါပဲ”ဟု ဦးလဂျွှန်ငန်ဆိုင်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ လလယ် ၌လည်း ကချင်ပြည်နယ် ဥရုမြစ် အရှေ့ဘက် ဖားကန့် မြို့နယ်၊ အောင်ဘာလီ ကျေးရွာနှင့် အနီး တစ်ဝိုက်တွင် တပ်စွဲထားသော ကေအိုင်အေ တပ်များကို ဆုတ်ခွာ ပေးရန် တပ်မတော်မှ စေခိုင်း ခဲ့သည် ဆိုသည်မှာလည်း ကောလဟလသာ ဖြစ်ကြောင်း ဦးလဂျွှန် ငန်ဆိုင်းက ဆက်ပြောသည်။

“မကြာခင်က ကေအိုင်အေ တပ်ရင်း ၆ ကို ဘယ်နေ့ ရာဇသံ ပေးထားတယ်။ ဘယ်နေ့ ဆုတ်ပါ ဆိုပြီး အင်တာနက် စာမျက်နှာ တွေမှာဘဲ တွေ့ရတယ်။ ဒါတွေဟာ ကောလဟာလ တွေပါ” ဟု ဦးလဂျွန် ငန်ဆိုင်းကပြောသည်။

အောင်ဘာလီ ရပ်ကွက် အတွင်း တပ်ဆွဲ ထားသောKIA တပ်များ ဆုတ်ခွာ ပေးရန် အောက်တိုဘာလ ၁၄ ရက် ည ၆ နာရီတွင် အစိုးရ တပ်မတော် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၁၁ မှ တပ်မမှူးက နှုတ်စကားဖြင့် အကြောင်းကြား လာသည်ဟု သတင်းများ ထွက်ပေါ် ခဲ့ပြီး နှစ်ဖက် တပ်များ တင်းမာမှု ဖြစ်ပွားကာ ဒေသခံများ ကြောက်လန့်၍ ပြောင်းရွှေ့ ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၀န်ကြီးချုပ်က“ကေအိုင်အို ဘက်က နေပြီး ဗိုလ်မှူးကြီး သန်းအောင်ထံ ဒီကိစ္စနဲ့ ပက်သက်ပြီး စာရေး လာတယ်။ ဗိုလ်မှူးကြီးသန်းအောင် ကလည်း ကျနော့်ထံ တင်ပြ ပြီးတော့ ပြည်ထောင်စု အစိုးရက လိုအပ်သလို ဆောင်ရွက်ဖို့ တင်ပြ ထားပါတယ်” ဟု ဦးလဂျွှန် ငန်ဆိုင်းက ဆိုပါသည်။

သို့သော်လည်း အောင်ဘာလီ ဒေသခံ အမျိုးသမီး တစ်ဦးကမူ လတ်တလောတွင်နှစ်ဖက် တင်းမာမှု မရှိဘဲ အေးချမ်း နေသော်လည်းစတင် သတင်းများ ထွက်ပေါ် လာချိန်တွင် နှစ်ဖက် ပစ်ခတ်မည့် အနေအထားများ တွေ့ရှိ ခဲ့ရ သည်ဟု ဆိုသည်။

“ဥရုချောင်းရဲ့ဒီဘက် ကမ်းမှာက အစိုးရတပ် ဟိုဘက်ကမ်း မှာတော့ ကေအိုင်အေ၊ မဆုတ်ဘူး ဆိုရင်ပစ်မယ့် အနေအထားပဲ၊ တင်းမာမှု ဖြစ်တဲ့ နေ့ကပေါ့၊ လောလော ဆယ်တော့ အေးဆေး ပါဘဲ၊ အရင်ကတော့ ရွာသားတွေ ကြောက်လန့် နေကြတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်း ဖွဲ့စည်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ပြည်ထောင်စု တပ်မတော်ဟု ခေါ်ဆိုသည့် ဖက်ဒရယ် အာမီ တည်ထောင် နိုင်ရန် ကြိုးပမ်းလျက် ရှိကာ အစိုးရ တပ်မတော်အား တိုက်ခိုက်ရန် စီစဉ် နေသည်ဟု ဆိုသည့် ကောလ ဟာလ များလည်း ထွက်ပေါ် ခဲ့ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“ကျတော်တို့ စဉ်းစား နေကြတဲ့ ဖက်ဒရယ် တပ်မတော် ဆိုတာ အစိုးရကို တိုက်ဖို့ မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေး ပြီးတဲ့နောက် အနာဂတ်မှာ လက်နက်ကိုင် တပ်တွေဟာ တပ်ပေါင်းစု ပုံစံ အဖြစ်နဲ့ အထောက်အကူ ဖြစ်စေဖို့ အတွက် အခြေခံ အဖြစ်တော့ ပြင်ဆင်ထားတာ ဖြစ်တယ်” ဟု နိုင်ဟံသာက ပြောသည်။

ထို့ပြင် NLD၊ UNA၊ UNFC တို့ သီးသန့် တွေ့ဆုံ ရာတွင် သမ္မတ ဦးသိန်းစိန် လက်ထက် အတွင်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေး မှုများကို မပြုလုပ်ရန် ဆွေးနွေး သဘော တူညီ ခဲ့သည် ဆိုသည့် ကောလဟာလ များလည်း ထွက်ပေါ် ခဲ့ကြောင်း ဒေါက်တာ တူးဂျာက ဆိုပါသည်။

ထိုသို့ အမျိုးမျိုး ပေါ်ထွက် လာနေသည့် ကောလဟာလ အကြောင်အရာ များအား ပြည်သူများမှာ အဓိက ခံစား ရကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ နည်းပညာ အကြံပေး အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဒေါင်ခါးက သုံးသပ် ပြောဆိုသည်။

“မှန်တယ် မှားတယ် ဆိုတာ ဒုတိယ အဆင့် မှာဘဲ ရှိပါတယ်။ သတင်း တစ်ခုခု ဖြစ်လာပြီ ဆိုရင်စိုးရိမ် ကြောင့်ကြမှုတွေ ကအရင် ဖြစ်လာ တတ်ပါတယ်” ဦးဒေါင်ခါးက ပြောသည်။

ဆက်လက် ၍လည်း ဦးဒေါင်ခါးက “ဗမာပြည်ရဲ့ နိုင်ငံရေး အခင်း အကျင်းနဲ့စစ်ရေး အခင်း အကျင်းက ခုတစ်မျိုး၊ ခုတစ်မျိုး ဖြစ်နေတယ်။ ကောလဟာလ ဖြစ်သွား အောင်လဲ ဖန်တီးလို့ ရတယ်။ ရည်ရွယ်ချက် ရှိရှိ ဟုတ်သွား အောင်လည်း ဖန်တီးလို့ ရတယ်”ဟုမှတ်ချက် ပြု၍ ဆက်လက် ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ရဲ့ အထူးကိုယ်စားလှယ် အစီရင်ခံစာ

DVB

ရန်ကုန်လေဆိပ်မှ နိုင်ငံခြား ပုံမှန်ခရီးစဉ်များ ၂၀၁၉ ခုနှစ်တွင် ဟံသာဝတီလေဆိပ်သို့ ရွှေ့ပြောင်းမည်

သီဟကိုကို

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားလေကြောင်းလိုင်း ပုံမှန်ခရီးစဉ်များသည် ဟံသာဝတီ လေဆိပ် ဖွင့်ချိန်တွင် ရွှေ့ပြောင်းရမည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

ရန်ကုန်မြို့နှင့် မိုင် ၅၀ သာကွာဝေးသည့် တည်နေရာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် တည်ဆောက်မည်ဖြစ်သော်လည်း ရန်ကုန်လေဆိပ်သည် အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် ဆက်လက်သတ်မှတ်သွားမည်ဟု လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

“နိုင်ငံတကာအဆင့်လေဆိပ်တစ်ခုကို ကျွန်တော်တို့ အဆင့်လျှော့မှာမဟုတ်ပါဘူး။ နိုင်ငံခြားလေကြောင်း ပုံမှန်ခရီးစဉ်တွေကိုပဲ ဟံသာဝတီလေဆိပ် စဖွင့်ချိန်မှာ ရွှေ့ပြောင်းမှာပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အဆင့်မြှင့်တင်လျှင်ပင် ခရီးသည်ဦးရေ ခြောက်သန်းခန့်သာ အမြင့်ဆုံး ဝင်ဆံ့နိုင်မည်ဖြစ်သောကြောင့် မြို့နှင့်မိုင်အနည်းငယ် အကွာအဝေးတွင်ရှိသော ပဲခူးမြို့အနီး၌ ခရီးသည် ၁၂ သန်းခန့် ဝင်ဆံ့နိုင်မည့် အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်ကို တည်ဆောက်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်လေဆိပ်က လေယာဉ်မှာပါတဲ့ ခရီးသည်တွေ၊ ကုန်တွေလောက်ပဲ ၀င်ရောက်နိုင်တယ်။ Cargo (လေယာဉ်ဖြင့် သယ်ယူပို့ဆောင်သည့် ကုန်စည်) လေယာဉ်ကြီးတွေ ဝင်လို့မရဘူး။ ကျွန်တော်တို့ဆီမှာ ဈေးကွက်က ဘယ်လောက်ပဲရှိနေ၊ လက်ခံမရဘူးဖြစ်နေတယ်” ဟု ပြောသည်။

၂၀၁၃ ခုနှစ်တွင် ရန်ကုန်လေဆိပ်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသည် အ၀င်အထွက် ဦးရေ သုံးသန်းခန့်ရှိပြီး ခရီးသည် လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်နေပြီဖြစ်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိဖြစ်နေသည့်အတွက် ဟံသာဝတီလေဆိပ် မဖွင့်မီအထိ နိုင်ငံခြား လေကြောင်းပုံမှန် ခရီးစဉ်များကို ရန်ကုန်လေဆိပ်မှ လက်ခံမည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းကိုPioneer Aerodrome Services က လုပ်ကိုင်ခွင့်ရရှိထားပြီး ခရီးသည်ဦးရေ ခြောက်သန်း ဝင်ဆံ့သည်အထိ နှစ်နှစ်ကျော်ကြာ တည်ဆောက်သွားမည်ဖြစ်သည်။

မိတ္ထီလာ ကယ်ဆယ်ရေးစခန်းနေ ပြည်သူများ စားရေးအခက်ကြုံ

ရွှေအောင်

မိတ္ထီလာမြို့၊ ကယ်ဆယ်ရေးစခန်းနေ ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆက်လက်မထောက်ပံ့တော့တဲ့အတွက် စခန်းနေပြည်သူတွေ စားသောက်ဖို့ အခက်တွေ့နေကြပါတယ်။

မိတ္ထီလာမြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ ကယ်ဆယ်ရေးစခန်း ၃ ခုနေ ဒေသခံပြည်သူ ၃၅၀၀ လောက် စားသောက်ဖို့ အခက်တွေ့နေကြ တာဖြစ်ပြီး ရိက္ခာမရတာ ၂ လလောက်ရှိသွားပြီလို့ ပို့ဆက်ကယ် ဆယ်ရေးစခန်းနေ ကိုတင်ကိုက ပြောပါတယ်။

“WFP က ဆန်၊ ဆီ၊ ဆား၊ ပဲ အဓိ က ထောက်ပံ့နေ တာ ပြီးခဲ့တဲ့ ၈ လပိုင်း ကတည်းက ရပ်သွားတာ ၂ လရှိပြီ ရိက္ခာမရတာ။ အခုတော့ နေ့လုပ် နေ့စား၊ ညလုပ်ညစား လုပ်ပြီး ရှာဖွေစားသောက်နေတာက လေးချိုးနှစ်ချိုးလောက် ရှိတယ်။ နောက် ဘာမှမလုပ်ဘဲနဲ့ ပတ်ချာလည်လှည့်ပြီး တောင်းရမ်းစားနေတာတွေလည်း ရှိတယ်။”


၂၀၁၃ ခုနှစ် မတ် ၂၀ ရက်က မိတ္ထီလာမြို့ ရွှေဆိုင်တခုမှာ အရောင်းအ၀ယ်လုပ်ရာက စပြီး ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း လူနေအိမ်ခြေတွေ မီးရှို့ဖျက်ဆီးခံရလို့ ကယ်ဆယ်ရေးစခန်း ကယ်ဆယ်ရေးစခန်း ၅ ခု ဖွင့်လှစ်ခဲ့ပြီး အိမ်ခြေမဲ့ လူဦးရေ ၁ သောင်းလောက် ခိုလှုံနေထိုင်ခဲ့ကြရပါတယ်။

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်ပြီးခါစမှာ အလှူရှင်တွေ အမြောက်အမြား ရှိခဲ့လို့ အဆင်ပြေ ခဲ့ပေမယ့် အခုအချိန်မှာတော့ အလှူရှင်တွေ လာရောက်လှူဒါန်းတာမျိုးလည်း မရှိတော့ဘူးလို့ ကိုတင်ကိုက ပြောပါတယ်။

အခု ၁ နှစ်ခွဲလောက်ကြာချိန်မှာတော့ အင်းကုန်းဘုန်းကြီးကျောင်း၊ ပို့ဆက်သင်တန်း ကျောင်းနဲ့ ခရိုင်အားကစားကွင်းစတဲ့ စခန်း ၃ ခုပဲ ကျန်ရှိတော့ပြီး လူဦးရေ ၃၅၀၀ လောက် ဆက်လက် ခိုလှုံနေထိုင်နေကြရတုန်း ဖြစ်ပါတယ်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားခါစက စားရေရိကာအပါအ၀င် ထောက်ပံ့လှူဒါန်းမှု အမြောက်အမြားလုပ်ခဲ့တဲ့ အာရှအလင်းရောင်ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်ဘဒ္ဒန္တ စိန္တိတကတော့ သူ့ဆီအကြောင်းကြားလာရင် လှူဒါန်းပေးနိုင်ပုံကို အခုလို မိန့်ပါတယ်။

“မိတ္ထီလာမှာ ထီလာသုခသမဂ္ဂီဆိုတာ ဘုန်းကြီးဖွဲ့ပေးထားတာ ရှိတယ်လေ။ သူတို့ဆီက ဘာမှ အကြောင်းကြားလာတာ မရှိတော့ ဘုန်းကြီးလည်း ဘာမှ မသိဘူး ဖြစ်နေတယ်။ အကြောင်းကြားလာရင်တော့ ဘုန်းကြီး အလှူခံပြီး ထောက်ပံ့ပေးလို့ ရပါတယ်။ အဲ့ဒီဘက်နဲ့လည်း အဆက်ပြတ်နေတာ ကြာသွားတော့လေ။”

မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း နေအိမ်တိုက်ခန်းတချို့ ဆောက်လုပ်ပြီးစီးသွားလို့ ကယ်ဆယ်ရေးစခန်းနေ ဒေသခံတချို့ အိမ်ပြန်နေထိုင်ခွင့် ရခဲ့ကြပါတယ်။

မလေးရှားအိပ်မက် အပိုင်း(၁)

DVB

ကေအိုင်အေ တပ်ရင်း ၆ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ကောလဟလသာဖြစ်ဟု ဝန်ကြီးချုပ်ပြော

ဖိုးစိုးသူ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကင်ဆီဆိုင်းရာဒေသ အောင်ဘာလီ ကျေးရွာအနီး တပ်စွဲထားသော KIA တပ်မဟာ၂ လက်အောက်ရှိ တပ်ရင်း ၆ ကို ဖယ်ရှားပေးရန် အစိုးရတပ်ဖက်က နုတ်ဖြင့်အကြောင်းကြားသည့် ကိစ္စမှာ ကောလာဟလသာဖြစ်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကပြောသည်။

ဥရုမြစ် အရှေ့ဘက်ခြမ်းရှိ အောင်ဘာလီ ကျေးရွာအနီးတပ်စွဲထားသော KIA တပ်ရင်း ၆ကို ဖယ်ရှားရန်အစိုးရတပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတစ်ခုကအောက်တိုဘာလ ၁၄ ရက်မှစကာ ၁၇ရက်ထိ နုတ်ဖြင့်ရော၊စာဖြင့်ပါ အကြိမ်ကြိမ် အကြောင်းကြားခဲ့သည်ဟုကေအိုင်အေနှင့် ဒေသခံများက ပြောခဲ့သော်လည်းယင်းမှာ ကောလဟလသာ ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ်က “နောက်ဆုံးအဖြေကတော့ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေက အမိန့်ထုတ်ပြန်ထားတာမရှိဘူး၊ ကောလာဟလ သာဖြစ်တယ်လို့ တာဝန်ရှိသူတွေကို ရှင်းပြထားပြီးဖြစ်ပါတယ်” ဟု ပြောသည်။

တပ်များဖယ်ရှားခိုင်းသည့် သတင်းနှင့် ပတ်သက်၍ KIA က အစိုးရတပ်ဘက်မှ ပဋိပက္ခညှိနှိုင်းရေး ခေါင်းဆောင်ဖြစ်သည့် ဗိုလ်မှူးသန်းအောင်ထံ စာရေးအကြောင်းလာပြီး ၎င်းမှတစ်ဆင့် ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ လိုအပ်သလို စီစဉ်ဆောင်ရွက်ရန် ဆက်လက်တင်ပြထားခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းက “ကျွန်တော်တို့ ကချင်ပြည်သူတွေကလည်း ငြိမ်းချမ်းရေးအရသာကို ၁၇ နှစ်လုံးလုံးခံစားလာခဲ့ရတော့ တစ်ခုခုဖြစ်လိုက်ပြီဆို အရမ်းစိုးရိမ်တယ်။ မှန်တယ် မှားတယ်ဆိုတာ ဒုတိယအဆင့်မှာပဲ ရှိပါတယ်။ သတင်းတစ်ခုခုဖြစ်လာပြီဆိုရင် စိုးရိမ်ကြောင့်ကြမှုတွေက အရင်ဖြစ်ပါတယ်” ဟု ဆိုသည်။

အောင်ဘာလီကျေးရွာသို့  သွားရောက်နိုင်သည့် လမ်းမှာ တစ်လမ်းသာရှိပြီး တပ်များဆုတ်ခိုင်းသည့် သတင်းများ ထွက်ပေါ်လာသည့် အခါKIA နှင့် အစိုးရတပ်အကြား ပိတ်မိနေသကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရသည့်အတွက် စိုးရိမ်စိတ်ကြီးထွားလာခြင်းဖြစ်ကြောင်းဒေသခံအချို့က ပြောသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ အောင်ဘာလီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပေါ်သည့် အခြေအနေ မရှိတော့ဘဲ ဒေသခံများလည်း ထွက်ပြေးမှု မရှိတော့ကြောင်း တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ (ဖားကန့်  မော်ရှန်ပလောင်ရုံး)မှ ဒု- ဥက္ကဌ ဦးဝင်းအောင် က ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦးသစ် ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်

နိရဉ္စရာ

ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦးများကို စစ်တွေမြို့ အပြင်ဘက်တွင် ကျပ်သန်းပေါင်း ထောင်နှင့်ချီပြီး အကုန်အကျခံကာ တည်ဆောက်နေကြောင်း သိရသည်။

၎င်းလွှတ်တော် အဆောက်အဦးများကို ၂၀၁၄ ခုနှစ် ဧပြီလမှာ စတင်ကာ တည်ဆောက်နေခြင်း ဖြစ်ပြီး အခုအခါ ၈၀ ရာခိုင်နုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးသာညွှန့်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ စစ်တွေမြို့နယ် ရေချမ်းပြင်နားမှာ တည်ဆောက်နေတာပါ။ လွှတ်တော် အဆောက်အဦးတွေကို ၂၀၁၄ ခုနှစ် ဧပြီလက စတင် တည်ဆောက်နေတာ ဖြစ်ပါတယ်။ ၂၀၁၅ မတ်လ လောက်မှာတော့ ပြီးစီးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

ယခုတည်ဆောက်နေသော အဆောက်အဦးများထဲတွင် လွှတ်တော်ထိုင်မည့် ပင်မ အစည်းအဝေး ခန်းမ မပါဝင်သေးကြောင်း အဓိကအားဖြင့် လွှတ်တော်အမတ်များအတွက် ရုံးခန်းများ၊ လွှတ်တော် အမတ်များ တည်းခိုမည့် အဆင်မြင့် ဧည့်ရိပ်သာနှင့် စာကြည့်တိုက်တစ်ခုတို့ ပါဝင်သည်ဟု ဆိုသည်။

“လွှတ်တော်အမတ်တွေ အတွက် ရုံးခန်းတွေ ဆောက်လုပ်တာက ဘတ်ဂျက်ငွေ သန်းပေါင်း ၈၉၅ သန်း၊ လွှတ်တော် အမတ်တွေ တည်းခိုမဲ့ အဆင်မြင့် ဧည့်ရိပ်သာက ကျပ်သန်းပေါင်း ၁၀၀၀ နဲ့ စာကြည့်တိုက်တစ်ခု အတွက် ကျပ်သန်းပေါင်း ၁၃၂ သန်း သုံးစွဲထားပါတယ်” ဟု လွှတ်တော် ဒုဥက္ကဌက ဆိုသည်။

အစည်းအဝေးထိုင်မည့် လွှတ်တော်အစည်းအဝေးခန်းမအတွက် လိုအပ်သော ဘတ်ဂျက်ကို ၂၀၁၅ ခုနှစ် ဘဏ္ဍာရေး ဘတ်ဂျက်မှ ချပေးမည်ဟု ဆိုသည်။

ယခု အဆောက်အဦးများအား ကုမ္ပဏီ (၁၅) ခုမှ တာဝန်ယူ တည်ဆောက်နေပြီး ယင်းကုမ္ပဏီထဲမှ အများစုမှာ အစိုးရ၀န်ကြီးများ၊ လွှတ်တော်အမတ်များနှင့် နီးစပ်သော ကုမ္ပဏီများ ဖြစ်ကြသည်ဟု သိရသည်။

“ လွှတ်တော် အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်တာတော့ ကောင်းပါတယ်။ ဒီကိစ္စကို ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာလည်း မေးမြန်းတာတွေ ရှိတဲ့ အတွက် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတာတွေလည်း ရှိပါတယ်။ ကျနော်တို့ကတော့ ခုလို ရခိုင်ပြည်နယ် လွှတ်တော်ကြီး တစ်ခုပေါ်ပေါက်လာမှာကို ကြိုဆိုပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ အတွက် အဆောက်အဦးများကို စစ်တွေမြို့ပြင်တွင် ကျပ်သန်းပေါင်းများစွာ အကုန်ကျ ခံပြီး တည်ဆောက်နေခြင်းမှာ ပြည်သူ့ ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ အရေးကို စနစ်တကျ လွတ်လပ်စွာ ဆောင်ရွက်ရန် ရည်ရွယ်ပြီး ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးသာညွှန့်က ပြောဆိုသည်။

ယခု တည်ဆောက်နေသော လွှတ်တော် အဆောက်အဦးများအား ရခိုင်ပြည်နယ် အစိုးရ ဘတ်ဂျက်ထဲမှ ခွဲဝေသုံးစွဲပြီး တည်ဆောက်နေခြင်း ဖြစ်ပြီး ဗဟိုအစိုးရ ဘတ်ဂျက်ငွေဖြင့် မဟုတ်ကြောင်း သူက ဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်အတွက် လတ်တလော ပြည်နယ် မြို့တော်ခန်းမအား အသုံးပြုထားသဖြင့် ယခုအခါ စစ်တွေမြို့တွင် ပြည်နယ် မြို့တော် ခန်းမ မရှိဘဲ ဖြစ်နေကြောင်း သိရှိရသည်။

မြေယာလျော်ကြေးရမယူတဲ့လယ်သမား မြန်မာဝမ်ပေါင်ရုံးရှေ့မှာ သွားရောက်တောင်းဆို

DVB

ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှ ရွေ့မည့် အရွေ့

ဧရာဝတီ

နိုင်ငံတကာနှင့် ပြည်တွင်းမှ ထောက်ခံအားပေးမှုကို ယခုအချိန်အထိ ရနေသော ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး ယနေ့ တိုင်းပြည်တွင် ဖော်ဆောင်နေသော ထစ်ငေါ့နေသည့် အပြောင်းအလဲတွင် သူပါဝင်မှ ရှေ့ဆက်တိုးနိုင်မည် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတွင် ခေါင်းဆောင်နေသော အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ကနဦးက မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့၍သာ ပြည်တွင်းပြည်ပက အတိုင်းအတာတခုဖြင့် လက်ခံခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက်ပိုင်း အပြောင်းအလဲများသည် အကောင်းဘက်သို့ရွေ့သော အရွေ့များ ပိုမိုမြန်လာခဲ့သည်ကို တွေ့ရသည်။ ပြည်သူပြည်သားများအကြား နှစ်ကာလရှည်ကြာစွာ တိမ်မြှုပ်နေခဲ့သော မျှော်လင့်ချက် ပြန်ပေါ်လာခဲ့သည်။

အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများ လျော့ကျရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု ပါဝင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ လိုအပ်နေသော တရားဝင်ရပ် တည်ထောက်ခံမှုရရှိအောင် လုပ်ဆောင်ပေးခဲ့သူမှာလည်း ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုသည် တိုင်းပြည်၏ ရှေ့ရေးအနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်းဟု သုံးသပ်လျှင် မှားမည်မထင်။ တိုင်းပြည်၏ ချွတ်ခြုံကျနေသော စီးပွားရေးကို ထူထောင်ရန်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲပြီး ပြန်လည်တည်ဆောက်ရန် အမြဲတစေ တိုက်တွန်း လှုံ့ဆော်ခဲ့သူမှာလည်း တခြားသူမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။

ယခုကာလတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ် (World Bank) တို့မှ အလုံးအရင်းနှင့် ကူညီမှုများက ထင်သလောက် မလာသေးပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာ့အပြောင်းအလဲ တန့်သွားပြီဟု သုံးသပ်ချက်၊ ရေချိန်ကျနေပြီဟု စိုးရိမ်ချက်များအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား ပြန်လည်မြင်သာလာသော တင်းမာမှုများကြောင့်ဟု ဆိုနိုင်သည်။

ပစက္ခအခြေအနေအရ မြန်မာ့အပြောင်းအလဲသည် အခြေအနေ မကောင်းသေးဟု အနောက်နိုင်ငံ အသိုင်းအဝိုင်းကရော ပြည်တွင်း လေ့လာစောင့်ကြည့်သူများကပါ စိုးရိမ်တကြီး မှတ်ချက်ပေးကြသည်။

ဤအခြေအနေ ဆိုက်ရခြင်းမှာ အဘယ်ကြောင့်နည်း။ လက်ရှိအခြေအနေမှ နောက်ပြန်ကြည့်သော် သမ္မတ ဦးသိန်းစိန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ဩဇာနှင့် နိုင်ငံတကာအပေါ် အရှိန်အဝါ သက်ရောက်မှုကို အသုံးချလိုက်ခြင်းလော၊ သို့မဟုတ် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စေ့စပ်ဆွေးနွေမှု မအောင်မမြင်ဖြစ်ခြင်းလော၊ သို့မဟုတ် သက်ရှိထင်ရှားရှိနေသော စစ်ခေါင်းဆောင်ဟောင်းများ၏ အရိပ်ကို အကြောက်တရားကြောင့် ပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားသလော စသည့် လောပေါင်းများစွာ ရှိနေဆဲကာလပင်။

သို့သော် တဖက်က သဘောပေါက်ရမည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ကူညီစောင်မမှု၊ ပါဝင်ပတ်သက်မှုမရှိဘဲ လက်ရှိလုပ်ဆောင်နေသော မြန်မာ့ပြုပြင်ပြောင်းလဲမှု ဆက်ပြီး မရွေ့နိုင်ဟူသော အချက်ပင်။ ပြည်တွင်းကရော ပြည်ပကပါ ထောက်ခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ မြန်မာ့ပြောင်းလဲမှု အခင်းအကျင်းအတွင်း ပြန်လည်ပါဝင်လာမှုကို ကြိုဆိုသင့်သည်။

လိပ်ကျွန်းသူကြီးသား သတင်းစာရှင်းပွဲတွင် ဒီအန်အေ အစစ်ခံ

နန်းမြနဒီ

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ ကိစ္စမှာ အဓိက ပါဝင်ပတ်သက်သူလို့ လူမှုကွန်ရက်က ပစ်မှတ်ထား သံသယဖြစ်ခံနေရတဲ့ ကျွန်းသူကြီးရဲ့သား နိုင်းဝါလ်လုတ့် တုဝိချဲ ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်က ဘန်ကောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဒီအန်အေ စစ်ဆေးခံခဲ့ပါတယ်။

ခိုတောင်ကျွန်းသူကြီးလည်းဖြစ်၊ အေစီဘားပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲနဲ့ မိသားစုဝင်တွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ သံသယဖြစ်မှုတွေ ခံနေရတဲ့အတွက် သံသယတွေ ရှင်းသွားအောင် တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ဒီအန်အေ လာရောက် အစစ်ခံတာလို့ ထိုင်းအမျိုးသားရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

သူကြီးကလည်း ဒီလူသတ်မှုမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖြစ်ရပ်မှန်ထက် လွန်ကဲ ရေးသားလို့ သူတို့မိသားစုအပေါ် ထိခိုက်သလို ခိုတောင်ကျွန်းကိုရော ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကိုပါ ထိခိုက်ကြောင်း၊ အမှန်က စစ်ဆေးရေးလုပ်ငန်းစဉ်တွေလည်း ရှိပါလျက် သူ့ကို ဖုန်းဆက်မေးလို့လည်း ရပါလျက်နဲ့ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတာ မသိကြောင်း၊ သူတို့ကို နာမည်ပျက်အောင် ရေးသားဖော်ထုတ်နေတဲ့ လူမှုကွန်ရက်တွေကို ရှေ့နေတွေကနေတဆင့် တရားစွဲမယ်လို့ ပြောသွားပါတယ်။

သူကြီးသားကလည်း ဒီဖြစ်ရပ်ပေါ်မှာ ၀မ်းနည်းမိကြောင်း၊ ဘယ်သူမှန်းမသိရတဲ့ (အကောင်အထည်မရှိတဲ့) သူက ရေးသားတဲ့ဟာကို ယုံကြည်တဲ့ ထိုင်းလူမျိုးတွေကိုလည်း အံ့သြကြောင်း၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူမှ မိမိကို လာရောက်မေးမြန်းတာ မရှိကြောင်း၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ လာမေးကြောင်း ပြောသွားပါတယ်။

ဒီကနေ့ ဒီအန်အေစစ်ဆေးမှုမှာ ဘန်ကောက်ခရိုင် ဆီရီရတ်ဆေးရုံ၊ ချူလာလောင်ကွန်းဆေးရုံ၊ ရာမာဓိပတိဆေးရုံက ၀န်ထမ်းတွေနဲ့ ရဲဆေးရုံ မှုခင်းဆေးသိပ္ပံဌာနက ၀န်ထမ်းတွေရှေ့မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအန်အေရဲ့ ရလဒ်ကတော့ ၂၄ နာရီကြာမှသာ အဖြေထွက်မယ်လို့ ဆေးဝန်ထမ်းတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြ ပါတယ်။

သေဆုံးသူ ၂ ဦးထဲက အမျိုးသမီးဖြစ်သူ ဟန်နာဝစ်သရစ်ဟာ အဓမ္မပြုကျင့်ပြီးမှ အသတ်ခံရတာ ဖြစ်ကြောင်း ဆေးစစ်ချက်မှာ ပေါ်တဲ့အတွက် သံသယရှိသူတွေရဲ့ ဒီအန်အေ မျိုးဗီဇကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒါဟာ လူသတ်မှု ဖြစ်ပွားပြီး ရက်ပေါင်း ၄၅ ရက်အကြာမှာ စစ်ဆေးခံခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်က အမှုကိုင်တွယ်တဲ့ ရဲတွေက သူကြီးသားဟာ သံသယရှိသူထဲ မပါလို့ ဒီအန်အေစစ်ဆေးဖို့ မလိုအပ်ကြောင်း၊ သံသယမရှိဘဲ စစ်ဆေးရင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သံသယရှိ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေတွေဟာ အဓမ္မကျင့်ခံရသူ ဟန်နာရဲ့ ကိုယ်က ဒီအန်အေနဲ့ တိုက်ဆိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာ ၂ ဦးဟာ ပထမတကြိမ် စစ်ဆေးခံရစဉ်က ဒီအန်အေတူညီကြောင်း မတွေ့ရဘဲ ဒုတိယအကြိမ်မှ တွေ့ရှိတဲ့အပြင်၊ ရဲတွေက သူတို့ကို ရှေ့နေရှေ့မှာ စစ်ဆေးတာ မဟုတ်တဲ့ အတွက် ရဲတပ်ဖွဲ့ကလည်း သံသယမေးခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စပေါ်မှာ ထိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းအမျိုးသားလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ကျန်အိုးချားကတော့ ဒီအန်အေ စစ်ဆေးချက်ပေါ်မှာ သံသ ယဖြစ်ရင် ပြန်လည်စစ်ဆေးနိုင်ကြောင်း၊ အပြစ်မရှိဘဲနဲ့ ဒဏ်ပေးမှာ မဟုတ်ကြောင်း၊ တရားခံတွေဟာ တရားရုံးမှာ ပြန်လည်ချေပနိုင်ပြီး သူတို့အခွင့်အရေးဖြစ်တဲ့အတွက် ဟန့်တားမှု မရှိကြောင်း၊ တရားစီရင်မှုမှာတော့ သက်သေအထောက်အထားတွေသာ အဓိကကျတယ်လို့ အောက်တိုဘာ ၃၀ ရက် ပညာရေးဝန်ကြီးဌာန အစည်းအဝေးအပြီး သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

ဒီအမှုမှာ မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ သံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ထိုင်းရဲတွေဟာ အစကတည်းက သက်သေပြည့်စုံအောင် မလုပ်ခဲ့ဘဲ ခုမှပြန်လုပ်ခိုင်းတာ နည်းလမ်းမကျဘူးလို့ ပြောပါတယ်။

“ရဲရဲ့ လုပ်ထုံးလုပ်နည်းအရ သူတို့နိုင်ငံထဲက အမှုတွဲကို သူတို့စပြီး စီစဉ်ကတည်းက ဒါတွေကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ရမှာပါ။ အခုမှ မကျေနပ်ရင် စစ်ဆေးပါလို့ ပြောတဲ့သဘောကတော့ ကျနော်တို့ ဗမာပုံပြင်အရ ဖိုးသူတော်ဂဏန်းစားတဲ့ ပုံပြင်လို ဖြစ်နေပါတယ်။ အကောင်ကြီးတယ်၊ နောက်တခေါက်ပြန်လျှောက်ဆိုပြီး ရေနွေးပူပေါ် ပြန်လျှောက်ခိုင်းတာ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီအန်အေ ပြည့်စုံမှု မရှိကြောင်း ဒီလဆန်းပိုင်းက ကျနော် ပြောခဲ့ပါသေးတယ်။ အစက ဘာမှမပြောဘဲ အခုလိုကျမှ မတတ်သာတဲ့အဆုံးမှာမှ ပြန်စစ်ရင်လည်း စစ်လို့ ပြောတာက ဒီလို ပြစ်ဒဏ်ကြီးတဲ့အမှုမှာ နည်းလမ်းမကျဘူးလို့ပဲ ပြောချင်ပါတယ်။”


သံသယဖြစ်ခံ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေ ပြန်စစ်၊ မစစ်ကတော့ သူတို့ဘက်က ချေပပေးမယ့် ရှေ့နေကောင်စီအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

မြန်မာလူငယ် ၂ ဦး တရားမျှတမှုရှိရေးအတွက် မြန်မာသံရုံးအထူးအဖွဲ့က ထိုင်းရှေ့နေများ ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အောက်တိုဘာ ၂၉ ရက်နေ့က သွားရောက် တင်ပြခဲ့တာမှာ ထိုင်းရှေ့နေများကောင်စီက လက်ခံခဲ့ပြီး အဖွဲ့ဝင် ၂၀ ဦးပါ ရှေ့နေအဖွဲ့ကို ဖွဲ့ခဲ့ကြောင်း၊ အဲဒီထဲက ၁၂ ဦးဟာ တရားရုံးမှာ ရင်ဆိုင်ပေးမှာ ဖြစ်ပြီး နောက်ထပ် ၈ ဦးက အတိုင်ပင်ခံဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံ အကြိုညှိုနှိုင်းအစည်းအဝေး

DVB

ဂျော်ဒန်သို့ အမျိုးသမီးများ တရားမဝင်ပို့ရန်ကြိုးစားသည့် ပွဲစားသုံးဦးကို အမှုဖွင့်ထားပြီ

ခင်မြတ်မြတ်ဝေ

ဂျော်ဒန်နိုင်ငံသို့ အမျိုးသမီးငယ် ၁၇ ဦးကို တရားမ၀င်ပို့ဆောင်သည့် ပွဲစား မသင်းသင်းမိုးအပါအဝင် ၃ ဦးကို မင်္ဂလာဒုံ ရဲစခန်းတွင် အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန ဦးစီးမှူး ဒေါ်ညိုညိုစောက တရားလိုလုပ်ကာ အောက်တိုဘာ ၂၅ ရက်က အမှုဖွင့်ထားသည်ဟု မင်္ဂလာဒုံ ရဲစခန်းမှ တာဝန်မှူး က မဇ္ဈိမကို ပြောသည်။

ဂျော်ဒန် နိုင်ငံသို့ တရားမဝင်ပို့ဆောင်သည့် မသင်းသင်းမိုး၊ ဒေါ်သန္တခိုင်၊ ဦးအေးထွန်းတို့ သုံးဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ (၂၆) ဖြင့် အောက်တိုဘာလ ၂၅ရက်က အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

"လောလောဆယ်တော့ ရဲလုပ်ငန်းဆိုင်ရာ လုပ်ထုံလုပ်နည်း တွေလုပ်နေတယ်။ လူကုန်ကူးမြောက်တယ်၊ မမြောက်ဘူးဆိုတာတော့ မသိသေးဘူး။ တရားရုံ ရောက်မှ သိရမယ်။ ခုလောဆယ်တော့ ဒီပုဒ်မနဲ့ အမှုဖွင့်ထားတယ်"ဟု ယင်းကဆိုသည်။

အောက်တိုဘာ ၂၅ရက်က ဂျော်ဒန်နိုင်ငံတွင် အထည်ချုပ်လုပ်ငန်းဖြင့် အလုပ်လုပ်ကိုင်ရန် အမျိုးသမီး ၁၇ ဦးကို တရားဝင်အထောက်အထား စာရွက်စာတန်းများ၊ ဗီဇာများ မပါဘဲ ပတ်စပို့စ်စာအုပ်တစ်ခုတည်းဖြင့် ခေါ်ဆောင်ရန် ကြိုးစားခဲ့သည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာဌာနတွင် စစ်ဆေးကာ ထိန်းသိမ်းနိုင်ခဲ့သည်။

"လူကုန်းကူးမှုမမြောက်ဘူး၊ ပြည်ပ အလုပ်အကိုင် လိုင်စင်မရှိဘဲ ဖွင့်ထားတဲ့အတွက် ပြည်ပလိုင်စင်နဲ့ပဲ အရေးယူထားတယ်" ဟု လူကုန်းကူးမှု တိုက်ဖျက်ရေးမှ ရဲမှူး Rokand က မဇ္ဈိမကို ပြောသည်။

အမှုဖွင့်ခံထားရသည့် မသင်းသင်းမိုးသည် ရွှေပြည်သာမြို့နယ် ထန်ချောင်းပင်ရပ်ကွက်တွင် နဒီရွှန့်လက် အမည်ဖြင့် တရားဝင် လိုင်စင်မရှိပဲ ခရီးဝန်ဆောင်မှု လုပ်ငန်းအမည်ဖြင့် ရုံးခန်းဖွင့်လှစ်ထားခြင်းဖြစ်သည် ဟု အလုပ်သမားများက ပြောသည်။

ကိုပါကြီးအမှု စုံစမ်းစစ်ဆေးရန် အမေရိကန်နှင့် ဗြိတိသျှသံရုံး တိုက်တွန်း

ဧရာဝတီ

အလွတ်သတင်းထောက် ကိုပါကြီးအား မြန်မာ စစ်တပ်က သတ်ဖြတ်လိုက်သည့် အပေါ် မြန်မာအစိုးရ အနေဖြင့် ပွင့် လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ရန်ကုန်အခြေစိုက် အမေရိကန်နှင့် ဗြိတိန် သံရုံးတို့က တောင်းဆို လိုက် သည်။

အမေရိကန် သံရုံး၏ ကြေညာချက်တွင် ပြီးခဲ့သည့် အောက်တိုဘာလဆန်းက မြန်မာစစ်တပ်က ဖမ်းဆီးထားစဉ် ကိုပါကြီး ခေါ် အလွတ်သတင်းထောက် ဦးအောင်ကျော်နိုင် သေဆုံးမှု သတင်းများကို ကြားသိရ၍ အလွန်ဝမ်းနည်း စိုးရိမ်ပူပန်မိကြောင်း ဖော်ပြထားသည်။

“သူ (ကိုပါကြီး) သေဆုံးမှု ဖြစ်တဲ့နေရာ ၀န်းကျင်မှာ ယုံကြည်နိုင်လောက်ပြီး၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်း စစ်ဆေးမှု တွေကို အစိုးရက လုပ်ဆောင်ဖို့ ကျနော်တို့ တောင်းဆိုထားတယ်” ဟု အမေရိကန်သံရုံးက ဧရာဝတီကို ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အလွန်စိုးရိမ်စရာအဖြစ်လည်း မြန်မာအစိုးရကို အသိပေးထားကြောင်း၊ ကိုပါကြီး သေဆုံး မှုသည် မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် လုပ်ဆောင်နေကြသည့် သတင်းသမားများအား ပိုမိုကောင်းမွန်သည့် အကာအကွယ်ပေးမှုရှိရန် လိုအပ်သည်ကို မီးမောင်းထိုးပြလိုက်ခြင်းဟုလည်း သံရုံး ကြေညာချက် က ဆိုသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်လည်း အလွန်စိုးရိမ်ကြောင်း၊ အဖြစ်မှန်ပေါ် ပေါက်ရေးအတွက် အများပြည်သူ သိရှိရန် ပြည့်စုံသည့် စုံစမ်းစစ်ဆေးမှု တခု ဖြစ်လာမည်ကိုလည်း ယူဆ ကြောင်း ဧရာဝတီသို့ မှတ်ချက်ပေးပြောကြားသည်။

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သည် မြန်မာနိုင်ငံရှိ သတင်း မီဒီ ယာ အဖွဲ့အစည်းများအား အားဖြည့်ထောက်ပံနေသည့် အစီအစဉ်များ ရှိသော်လည်း အလွတ်သတင်းထောက်ကို အောင်ကျော်နိုင် သေဆုံးမှုနှင့်ပတ်သက်၍ မည်သို့ သဘောထားရှိသည်ကို သိရှိရန် ဧရာဝတီက မေးမြန်းမှုကို ချက် ချင်း တုံ့ပြန်မှတ်ချက် မပေးခဲ့ပေ။

မြန်မာအစိုးရ စစ်တပ်ကမူ ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင်သေဆုံးခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီထံသို့ ပြီးခဲ့သည့် သောကြာနေ့က စာတစောင်ပေးပို့ခဲ့ကာ ဖြေရှင်းခဲ့သည်။

အဆိုပါ စာတွင် စက်တင်ဘာလ ၃၀ ရက်နေ့က မွန်ပြည် နယ်တွင် မြန်မာစစ်သားများက ဖမ်းဆီးခြင်းခံရသည့် သတင်း ထောက်အား စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ၄င်းအား ကရင် လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် KKO မှ ဗိုလ်ကြီး အောင်နိုင် ဖြစ်ပြီး အစောင့် စစ်သားထံမှ လက်နက်လုယူထွက်ပြေးရန် ကြိုးစားသည့်အတွက် အသေဖမ်းမိခဲ့သည်ဟုပါရှိသည်။

အဆိုပါစာတွင် ဦးအောင်ကျော်နိုင် ခေါ် ကိုပါကြီးအား တောတွင်းတနေရာတွင် ရိုက်ကူးထားသော ဓာတ်ပုံကိုပါ ဖော်ပြ ထားသည်။

အဆိုပါ ဓာတ်ပုံတွင် ပါဝင်သည့် ကိုဘိုအောင်က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်း) ရုံးခန်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ယမန်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကိုပါကြီးသည် မည်သည့် လက်နက် အဖွဲ့အစည်းဝင်မဟုတ်ကြောင်း အတိအလင်းပြောဆိုသွားသည်။

ကိုပါကြီး၏ ကျန်ရစ်သူ ဇနီး မသန္တာကလည်း “လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်ဘဲနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင် ဆိုပြီး သတ်ဖြတ် လိုက်တဲ့အတွက် ကျမအနေနဲ့ အရမ်း ရင်နာရပါတယ်။ ကျမ အမျိုးသားဟာ အခုချိန်ထိ ဘာလက်နက်မှ မကိုင်ခဲ့ပါဘူး။ လက်နက်ကိုင် လူသတ်ဖို့ မပြောနဲ့ ရန်တောင် မဖြစ်ခဲ့ဖူးပါဘူး။ ဒါကို လက်နက်ကိုင်တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး ထုတ်ပြန်လိုက်တာပါ” ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

အန်အယ်လ်ဒီရုံးချုပ် အဆောက်အဦကို ပြန်လည်တည်ဆောက်ဖို့ စည်ပင်ခွင့်ပြုမိန့်ချ

DVB

ထိုင်းရောက် မြန်မာဒုက္ခသည်များ အရေး MOU ထိုးရန် ကာကွယ်ရေးဝန်ကြီးကို UNHCR တိုက်တွန်း

စိမ့်စမ်းရေ

နှစ်ပေါင်းများစွာ ပြည်တွင်း မငြိမ်သက်မှုများကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံအတွင်း သွားရောက်နေထိုင် ရသည့် မြန်မာဒုက္ခသည်များ နိုင်ငံတွင်းပြန်လည် အခြေချနိုင်ရေး လိုအပ်နေရာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ဒုက္ခသည် များ ပြန်လည်ရွှေ့ပြောင်းရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ သို့မဟုတ် သဘောတူညီမှုဖြစ်စေ လက်မှတ်ရေးထိုးစေလိုသည်ဟု အရှေ့တောင် အာရှဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) ၏ ညှိနှိုင်းရေးမှုး Mr.James Lyanch က အောက်တိုဘာ ၂၈ရက်က တိုက်တွန်းလိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား ရန်ကုန်မြို့၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဌာနေကိုယ်စားလှယ် Mr.Giuscppe Devin -centiis နှင့် အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ညှိနှိုင်းရေး မှူး Mr.James Lyanch တို့က ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ အောက်တိုဘာ ၂၈ ရက်က လာရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချရာတွင် နေထိုင်မည့် ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး၊ စားဝတ်နေရေး ပြဿနာ၊ မြေမြုပ်မိုင်းရှင်းလင်းရေးနှင့် အများနည်းတူ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်သွားနိုင်ရန် အထူးလိုအပ်ပြီး ယင်းကိစ္စရပ်ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံဘက်မှ အဓိက ဦးဆောင်ရမည်ဟုလည်း အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ညှိနှိုင်းရေးမှူး Mr.James Lyanch က ဆိုထားသည်။

ဒုက္ခသည်များ ပြန်လည်ရွှေ့ပြောင်းရေးသည် နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် အလုပ်သမားဝန်ကြီးဌာန၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့က အဓိကထား ဆောင်ရွက်ရမည် ဖြစ်ပြီး ယင်းဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည်ဆွေးနွေးခဲ့သည်။

လိင်စည်းမခြား နောက်တိုး ရောဂါများ

ဒေါက်တာသက်ဦး

လူသားရယ်လို့ ဖြစ်တည်လာ ကတည်းက ကျား၊ မ ဆိုတဲ့ လိင်ကွဲပြားမှုနဲ့ လူ့ရာဇဝင်ကို စဉ်ဆက် မပြတ် အောင် ရေးထိုးခဲ့ကြ တာပါပဲ။ ကိုယ်အင်္ဂါ ဖွဲ့စည်း တည်ဆောက်ပုံ မတူကွဲပြားရာကနေ သတ်မှတ်ချက်တွေ၊ ကန့်သတ် ချက်တွေ အလိုလို ပေါ်ပေါက် လာခဲ့ကြတာပေါ့။

အမျိုးသား၊ အမျိုးသမီး တာဝန်တွေ ခွဲခြားကွဲပြားသလို ရောဂါ ဘယတွေမှာလည်း အမျိုးသားမှ ဖြစ်တဲ့ရောဂါ၊ အမျိုးသမီးမှ ဖြစ်တဲ့ရောဂါ ဆိုတာတွေလည်း ကွဲပြားခဲ့ကြ လေရဲ့။

လူသားရဲ့ အခြေခံ အင်္ဂါအစိတ်အပိုင်း တွေမှာ ပါဝင်တဲ့ နှလုံး၊ အဆုတ်၊ အသည်း၊ ဦးနှောက်နဲ့ အစာ လမ်း ကြောင်း တွေမှာဖြစ်တဲ့ ရောဂါတွေ တူကြပေမယ့် အမျိုးသမီးမှာမှ ပါတဲ့ သားအိမ်လို အင်္ဂါရဲ့ ရောဂါတွေ ကျ တော့ အမျိုးသား တွေမှာ မဖြစ်နိုင်ဘူးပေါ့။ နောက်ပြီး ရင်သွေးလွယ်၊ မွေးဖွားရတဲ့ ကိစ္စနဲ့ ပတ်သက်တာတွေ ကလည်း အမျိုးသမီးတွေရဲ့ သီးသန့်ရောဂါတွေ အဖြစ်သာ သတ်မှတ်သားထားခဲ့ကြတာ ပါပဲ။

ခေတ်ကြီးတွေရဲ့ ရွေ့လျား ပြောင်းလဲမှုတွေ ကနေ တဖန်ပြန်ပြီး တန်းတူ အခွင့်အရေး ကိစ္စတွေ၊ လိင်တူ ဆက်ဆံ ပေါင်းသင်းမှုတွေ ပေါ်ပေါက်လာလို့လား၊ တိုးတက်လာတဲ့ သိပ္ပံနည်းပညာတွေက ရှာဖွေ တွေ့ရှိ လာကြလို့လား အတတ် မပြောနိုင်ပေမယ့် အခုတော့လည်း အမျိုးသမီးမှ ဖြစ်တာပါလို့ ဆိုကြတဲ့ ရောဂါ တွေက အမျိုးသား တွေမှာလည်း ဖြစ်တတ်တာကို တွေ့လာရပြန်ပြီလို့ ဆိုလာကြပြန် ပါတယ်။

အဲဒီ စိတ်ဝင်စားစရာ တွေ့ရှိမှုတွေကို ဗဟုသုတအနေနဲ့ သာမက သတိမူစရာ အဖြစ်လည်း စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

ရင်သားကင်ဆာ


ကုန်လွန်ခဲ့တဲ့ ကာလတွေ တုန်းကတော့ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေ အတွက် ဝဋ်ကြွေးကြီးတခု လိုသာ သတ်မှတ် ထားခဲ့ကြတာ မဟုတ်လား။ ရင်သားက အမျိုးသားမှာလည်း ပါဝင်ပေမယ့် ကလေးကို နို့ချို တိုက်ကျွေး ရတဲ့ တာဝန်အတွက် တချို့ ဇီဝကမ္မ လုပ်ဆောင်ချက်တွေ ကတော့ ကွဲပြားနေခဲ့တာ ကိုး။ အမျိုးသားမှာ ရင်သား ကင်ဆာ တွေ့ရတယ် ဆိုရင်လည်း သိပ်ကံဆိုးတဲ့ ရှားပါးတဲ့ အကြောင်းလို့သာ ထင်ကြတာပါ။

အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကျားကျားကြီးတွေ ကနေ မမဖြစ်ချင်လို့ မွမ်းမံတာတွေ လုပ်လာ ကြ လို့ပဲ လား မသိ၊ ကျန်းမာရေး သိပ္ပံသုတေသန ခန့်မှန်းချက် တချို့ရဲ့ အဆိုတွေက ၂၀၁၄ လောက်မှာ အမျိုး သားတွေ ၄၀ဝ၀ လောက် ရင်သားကင်ဆာ ဖြစ်လာဖွယ်ရှိပြီး အဲဒီရောဂါကြောင့် ၄၀ဝ လောက် သေဆုံး ရ ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအချက်က အမျိုးသားတွေ မှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တာကို သတိမူဖို့ အရေးကြီးတဲ့ အချက်တခု ဖြစ်လာ ပါပြီ။

မဟော်မုန်း အီစထရိုဂျင် (Estrogen)

အမျိုးသမီးတွေမှာက ပိုပြီး ပမာဏများလို့ မ,ဟော်မုန်းလို့ ခေါ်ပေမယ့် အီစထရိုဂျင်က ကျားရော မ နှစ်မျိုးစလုံးမှာ ပါရှိ နေတာပါ။

အဲဒီ ဟော်မုန်း လုံလောက်တဲ့ ပမာဏ ရှိနေတာက အမျိုးသားတွေရဲ့ ကျန်းမာရေး အတွက် အရေးပါ တန်ဖိုးရှိ ပါတယ်။

ဒါပေမယ့် လေ့လာချက်တွေ အရ အီစထရိုဂျင်လျော့နည်းတဲ့၊ အသက်အရွယ်ရ လာတဲ့ အမျိုးသား တွေမှာ လည်း လိင်ဆိုင်ရာ စွမ်းဆောင်ရည် လျော့ကျလာတာ၊ ကိုယ်အလေးချိန်တက်ပြီး ဝလာတာတွေ တွေ့ရပါ တယ်။

ကျားဟော်မုန်း တက်စတိုစတီရုန်း လျော့နည်းလာတာလည်း ထပ်လောင်းပါ ဝင်တာပေါ့။ အဲဒါကြောင့် အမျိုးသားတွေ လည်း ခန္ဓာကိုယ်တွင်း ဟော်မုန်းပမာဏ စစ်ဆေးရာမှာ မ,ဟော်မုန်း စစ်ဆေးဖို့ လိုအပ် လာပါသတဲ့။

အရိုးပါး၊ အရိုးပွရောဂါ

အရိုးတွေရဲ့ သိပ်သည်းဆ လျော့နည်းလာတတ် တာက အမျိုးသမီးတွေမှာ တွေ့ရများတာ ပါ။ မဟော်မုန်း လျော့နည်းလာတဲ့ သွေးဆုံးကာလတွေမှာ အရိုးပြဿနာက အတော် ဂရုစိုက်စရာ အဖြစ် တွေးဆခဲ့ကြ တာပါ။ ဒါပေမယ့် အခုတော့ အမျိုးသားတွေ မှာလည်း တွေ့လာရပါပြီ။ ရောဂါသည်တွေရဲ့ ၃၂ ရာခိုင်နှုန်း လောက်က အမျိုးသားတွေ ဖြစ်လာတာတွေ့လာရပါသတဲ့။

ဒီတော့ အသက်အရွယ်လေး ရလာတဲ့အခါ အရိုးခိုင်မာစေဖို့ အရိုးပါးရောဂါ ကာကွယ်တဲ့ ကယ်လ်စီယမ်နဲ့ တခြားအာဟာရတွေ လုံလောက်အောင် ဖြည့်တင်းဖို့ကလည်း အမျိုးသားတွေရဲ့ တာဝန်ဖြစ်လာပါပြီ။

သွေးဆုံးခြင်း

သွေးဆုံးကိုင်တယ် ဆိုတာ၊ မီးယပ်သွေးဆုံး ဖြစ်တယ်ဆိုတာ မိန်းမတွေရဲ့ အလုပ်လို့သာ ထာဝစဉ် စွဲမှတ် ထားကြတာ ကလား။ တခုခု မဆီလျော်တာကို “ကျားကျား မီးယပ်” လို့တောင် စကားပြောင် ဖွဲ့ကြသေးတာ ပေါ့။ ဒါပေမယ့် အသက်အရွယ်ဆိုတဲ့ စေစားမှုအောက်မှာ အရွယ်ရလာတာနဲ့ အမျှ အမျိုးသားတွေလည်း သွေးဆုံးလက္ခဏာ ဖြစ်တတ် ပါတယ်လို့ ဆိုလာကြပါတယ်။

ဒါက အသက်ကြီးလို့ ဟော်မုန်းပမာဏ နည်းပါးလာတာကြောင့် ဆိုတာ ထင်ရှားပါတယ်။ အထူးသဖြင့် ကျားဟော်မုန်းလို့ ခေါ်တဲ့ တက်စတိုစတီရုန်း လျော့နည်းလာရာကနေ ဖြစ်လာတတ်တာပါ။

သွေးဆုံးဖြစ်တဲ့ အမျိုးသမီးတွေလိုပဲ ပင်ပန်းနွမ်းလျတာ၊ စိတ်ရှုပ်ထွေး အားငယ်တာ၊ စိတ်ဓာတ်ကျတာ၊ လိင် ဆိုင်ရာဆန္ဒတွေ လျော့ပါးလာတာ စသဖြင့် ကြုံလာရတော့ တာပါပဲ။

ဒါကြောင့်လည်း ဒီလိုလက္ခဏာတွေ ဖြစ်လာတဲ့ အရွယ်ရ အမျိုးသားတွေ အနေနဲ့ ဟော်မုန်းပမာဏ စစ်ဆေး ပြီး ကုသဖို့ နည်းလမ်း ရှာဖွေကြရမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်တဲ့ ကိစ္စ ပြောရင် ဒါက မိန်းမတွေပဲ သက်ဆိုင်တယ် ဆိုတာကို အငြင်းပွားဖွယ်မရှိ လက်ခံ ရမှာ ပါ။ ဒါပေမယ့် ဇနီးသည် ကိုယ်ဝန်ဆောင် ချိန်မှာ ခင်ပွန်းကလည်း ကိုယ်ဝန်လက္ခဏာတွေ ပေါ်ပေါက် လာတတ် တာကို အခုတော့ တွေ့လာရပြီလို့ ဆိုကြပါတယ်။

မယုံရင် ပုံပြင်မှတ်လို့ဆိုရလေမလား၊ အားလုံးမှာ တန်းတူ မဖြစ်ရင်နေမယ် ကြုံတော့ ကြုံကြရပြီလို့ ဆိုပါ တယ်။

ဒီလက္ခဏာစုကို Couvade Syndrome လို့တောင် အမည်တပ်ထားရ ပါပြီ။ ဇနီးသည်ရဲ့ ကိုယ်ဝန်ဆောင် နေရပြီ ဆိုတာကို သိတဲ့ စိတ်ကနေ ရိုက်ခတ်လာတဲ့ ဂယက်တခုပေါ့။ အိပ်ရာထချိန် ပျို့အန်တာ၊ ကိုယ် အလေးချိန် တက်လာတာ၊ ကောင်းကောင်း အိပ်လို့ မပျော်တာ စတဲ့ လက္ခဏာတွေ အမျိုးသမီးကိုယ် ဝန် ဆောင်နဲ့ ထပ်တူဖြစ်တတ် ကြပါသတဲ့။

မီးတွင်းစိတ်အားငယ်မှု

ကလေး မွေးဖွားပြီးချိန် ကနေ ၂၈ ရက်အတွင်း ကာလကို မီးတွင်းလို့ သတ်မှတ်ကြပါတယ်။ သွေးနုသားနု ကာလလို့ လည်း ခေါ်ဆိုကြတာ ပေါ့။ အဲဒီ အချိန်မှာ အမျိုးသမီးတွေရဲ့ စိတ်အားငယ်မှု၊ စိတ်ကျရောဂါတွေ လည်း ထင်ရှားမြင်သာ တတ်ပါတယ်။

အခုကျတော့လည်း သုတေသနတွေက အမျိုးသား ဖခင်များမှာလည်း ကလေးမွေးပြီ ဆိုတာနဲ့အတူ အဲဒီလိုအချိန်မှာ မီးတွင်း စိတ်ကျဝေဒနာ တွေ့လာရတယ် ဆိုပြန်ပါတယ်။ Paternal Postnatal Depression ဝေဒနာ လို့ သတ်မှတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကိုတော့ အခုထိ အကြောင်းရင်း တိတိကျကျ မသိရသေးပေမယ့် တကယ် ခံစားရသူတွေ ရှိလာပါသတဲ့။ ဝမ်းနည်းသလိုလို၊ အထီးကျန်သလိုလို၊ နောင်တပူပန် ဖြစ်ရသလိုလို ခံစားမှု တွေ ပေါ်လာတတ်ပါ သတဲ့။ ဒါကြောင့်လည်း မီးဖွားပြီး ကာလမှာ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု ပေးဖို့ မိခင်ရော ဖခင်ကိုပါ ထည့်သွင်း စဉ်းစားလာကြပြီလို့ ဆိုပါတယ်။

မီးယပ်ပူ

သွေးဆုံးကာလမှာ အမျိုးသမီးတွေ ပြောလေ့ ရှိတဲ့ လက္ခဏာ တခုပေါ့။ အသားတွေ ပူတယ်၊ ချွေးတွေ ထွက်တယ်၊ ဖျားတာလည်း မဟုတ်ဘူး ဆိုတဲ့ လက္ခဏာမျိုးပါ။ ပူလိုက် ချမ်းလိုက်နဲ့ ဆိုပြီး ခုပူ၊ ခုချမ်းနဲ့ မီးယပ်ချမ်း လို့လည်း ခေါ်ကြလေရဲ့။

တကယ်တော့ အဲဒါကလည်း ဟော်မုန်း အပြောင်းအလဲ ကြောင့် ဖြစ်ရတာပါပဲ။ အမျိုးသားတွေမှာ အဲဒီ ပြဿနာကို တွေ့လာရတာ ကတော့ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေမှာ Androgen ဆိုတဲ့ ဟော်မုန်းပေးပြီး ကုသတဲ့ အချိန် တွေမှာလို့ ဆိုပါ တယ်။ ဒါကြောင့် ဒီကုထုံးနဲ့ ကုသခံနေရတဲ့ အမျိုးသားတွေ အတွက် မီးယပ်ပူလက္ခဏာကို ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ထားသင့်တယ်လို့ ဆိုလေရဲ့။

စိတ်ကျရောဂါ

စိတ်ကျန်းမာရေး လေ့လာချက်တွေမှာ တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ၇၀ ရာခိုင် နှုန်းလောက် ပိုပြီး စိတ်ကျ ရောဂါ ဖြစ်တတ်တယ် လို့ ဆိုဖူး ကြပါတယ်။ ဒါကလည်း အမျိုးသမီးတွေက ဒီဝေဒနာကို ကြေညာ သူတွေ ဖြစ်နေလို့ပါ။ ဆိုလိုတာက သူတို့ ခံစားရတာကို ဖွင့်ဟတိုင်ပင် ကုသခံတာကြောင့် ပိုပြီး ဖြစ်တယ်လို့ ဆိုနိုင်တာပါ။

အမျိုးသား အများစုကတော့ စိတ်ကျဝေဒနာ ခံစားနေရပေမယ့် ဖွင့်ဟတာ နည်းပါးတဲ့အတွက် ကုသမှု မခံယူရဘဲ ဝေဒနာ ခံစားနေကြရတာ ပါ။

ဒါကြောင့်လည်း စိတ်ကျရောဂါကြောင့် ကိုယ့်ဘာသာ အဆုံးစီရင်တဲ့ နှုန်းမှာတော့ အမျိုးသားတွေက ၄ ဆ မြင့်နေတာ တွေ့ရပါ သတဲ့။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ ဘဝမှာ မျှော်လင့်ချက်မရှိတော့သလို ခံစား ရရင်၊ အလိုလို ဝမ်းနည်းနေရတာတွေ ဖြစ်လာရင်၊ လူမှုရေး တွေကနေ ရှောင်ဖယ်ချင်တဲ့ စိတ်တွေ ဖြစ်လာ ရင် စိတ်ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်လာပြီဆိုတာ သတိမူသင့် ပါတယ်။

အထက်မှာ ဆိုခဲ့သလိုပါပဲ အရင်ကတော့ အမျိုးသမီးတွေ မှာသာ ဖြစ်ပါတယ်လို့ သတ်မှတ်ထားတဲ့ အထဲက မှ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးစလုံးမှာ ခံစားရတဲ့ ဝေဒနာတချို့ကတော့ အမျိုးသားတွေပါ ခံစားနေကြရပြီဆိုတာ တွေ့ရှိ လာနေရ ပါပြီ။

အင်္ဂါကွဲပြားပေမယ့် လူဆိုတဲ့ သဘာဝ တူနေကြတာမို့လည်း ရောဂါတွေ တူလာကြပြီ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယောကျာ်းကွလို့ ကြွေးကြော်ပြီး လက်ခမောင်းခတ် မနေပါနဲ့။ မီးယပ်ဖြစ်တတ်တယ် ဆိုတာ သတိပြုကြ စေချင် ပါတယ်။ ။

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး

DVB

Miss Tourism International Myanmar 2014 တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ်သည် ပြိုင်ပွဲ ကုန်ကျ စရိတ် တာဝန်ယူ ရမည်

ပန်းမြတ်ဇော်

Style Plus H အဖွဲ့မှ Miss Tourism International Myanmar 2014 အဖြစ် ရွေးချယ် ခံရသည့် အလှမယ် သည် အလှမယ်နှင့် ပတ်သက်သည့် အင်္ဂါရပ်နှင့် အညီ နေထိုင် ရမည့် အပြင် ယင်းအဖွဲ့၏ ထုတ်ပြန် ထားသည့် စည်းကမ်းချက် ကို လိုက်နာ ကာ ပူးပေါင်း တိုင်ပင်လိုစိတ် ရှိရမည်ဟု ၎င်းတို့၏ ဖေ့ဘွတ် စာမျက်နှာတွင် ရေးသား ထားသည်။ ယင်းအပြင် ရွေးချယ် ခံရသည့် အလှမယ် သည် တစ်နှစ်တိတိ ယင်းအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပြီး ပျက်ကွက်ပါက ခန့်အပ် ထားသည့် အလှမယ်ကို ဘွဲ့ကို ရုပ်သိမ်းမည့် အပြင် သွားရောက် ယှဉ်ပြိုင်သည့် ကုန်ကျစရိတ် များကို တာဝန်ယူ ရမည်ဟု Style Plus H မှ မလှနုထွန်းက မဇ္စျိမကို ပြောသည်။

"တစ်နှစ် စာချုပ် ဆိုတာက စည်းကမ်း စာချုပ်ပါ ။ ကျန်တဲ့ အရာတွေ မပါဝင်ပါဘူး။ ပြီးတော့ အစ်မ ဘက်က စရိတ် မခံပေးတော့ဘူး။ သူ့ မိဘ ၊ အေဂျင်စီ ဖြစ်ဖြစ် သူတို့ဘက်က တာဝန် ယူရမယ်။ တစ်ခြား အဝတ်အစား ပိုင်းတော့ အစ်မ ဘက်က တာဝန် ယူပေးမယ်။ ပထမ ကတော့ အစ်မက သနားပြီး အကုန် လုပ်ပေးတယ်။ အစ်မပဲ နာမည် ပျက်သွားတယ်။ အခုတော့ ဘာမှ ဝင်ပါတော့မှာ မဟုတ်ဘူး။ လာလျှောက် တဲ့ သူက ပိုင်ဆိုင်မှု ပြနိုင် ရမယ်။ ပြီးတော့ ပွဲ ကျင်းပမယ့် ရက်က တော်တော် ကြာတာမို့ အဲဒီရက် အတွင်း နေနိုင် မနေနိုင်ကို အဓိက မေးမှာပါ။ ပြိုင်ပွဲ ပြီးဆုံးတဲ့ အချိန်အထိ ၀င်ပြိုင်သူဟာ အပြုံးမပျက် ပြိုင်ရမှာပါ" ဟု၎င်းက ပြောသည်။

Miss Tourism International ပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဒီဇင်ဘာ ၉ရက်မှ ဇန်နဝါရီ ၃ရက် အထိ ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး ဒီဇင်ဘာ ၃၁ရက်တွင် နောက်ဆုံး ပြိုင်ပွဲကို ကျင်းပမည် ဖြစ်သည်။ ယင်း ပြိုင်ပွဲ တွင်ပါဝင် ယှဉ်ပြိုင်သူများ သည်အောက်တိုဘာ ၃၁ ရက် နောက်ဆုံး ထားကာ လာရောက် လျှောက်ထား နိုင်ပြီး နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် လူတွေ့ စစ်ဆေးမှု စတင် ပြုလုပ် မည် ဖြစ်ကာ နိုဝင်ဘာ ၁၀ ရက်တွင် အပြီးသတ် ရွေးချယ်မှု ပြုလုပ်မည်။

လာရောက် လျှောက်ထား သူများသည် အသက် ၁၈ နှစ် မှ ၂၅ နှစ် အတွင်း ဖြစ်ပြီး မိမိ အနုပညာ လုပ်အားခ၏ ရာခိုင်နှုန်းကို အဖွဲ့ အစည်း သို့ ပေးဆောင် ရမည် မဟုတ်ဟု မလှနုထွန်းက ပြောသည်။ ၎င်းသည် သွားရောက် ယှဉ်ပြိုင်မည့် ရွေးချယ်ခြင်း ခံရသည့် အလှမယ် ကို ပြိုင်ပွဲ၏ နည်းပြ ဆရာ အဖြစ် လေ့ကျင့် သင်ကြား ပေးမည် ဖြစ်သည့် အပြင် ရေကူး ဝတ်စုံဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်း ခံရမည် ဖြစ်သော် လည်း စင်မြင့်ပေါ်၌ ရေကူး ဝတ်စုံဖြင့် ယှဉ်ပြိုင် ရမည် မဟုတ်ဟု ၎င်းက ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် မည်သည့် ဘာသာဝင် မဆို ၀င်ရောက် ယှဉ်ပြိုင် နိုင်ပြီး မလေးရှား နိုင်ငံ၌ ပညာသင်ကြား နေသည့် မြန်မာ အမျိုးသမီး များသည်လည်း ၀င်ရောက် လျှောက်ထား ပါက ဗီဒီိယို ဖိုင်ဖြင့် ရွေးချယ်သွား မည်ဖြစ်သည်။ Miss Tourism International ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် အလှမယ်သည် အင်္ဂလိပ် စာတတ်ကျွမ်းပြီး ခရီးသွားခြင်းနှင့် ပတ်သက် သည်များ သိရှိသူများ ကိုသာ အဓိကထား ရွေးချယ်မည် ဖြစ်သည်။

ယင်းပြိုင် ပွဲ ကို မလေးရှား နိုင်ငံတွင် ၁၉၉၄ခုနှစ် ကစတင် ကျင်းပခဲ့ပြီး မြန်မာ နိုင်ငံ အနေဖြင့် ယခုမှသာ ပထမဆုံး အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ Miss Tourism International ပြိုင်ပွဲတွင် နိုင်ငံတကာမှ အလှမယ် ၄၅ယောက်နှင့် အထက် ဝင်ရောက် ယှဉ်ပြိုင် ကြပြီး၂ဝ၁၃ခုနှစ် ၌မလေးရှား နိုင်ငံတွင် ကျင်းပ ပြုလုပ် ခဲ့သည့် Miss Tourism International 2013 ပြိုင်ပွဲတွင် ဖိလစ်ပိုင် နိုင်ငံမှ Angeli Dione Gomez က အနိုင်ရရှိ ခဲ့သည်။

ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်နိုင်သည့် လက္ခဏာ ကုလသတိပေး

DVB

မြန်မာနိုင်ငံက အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးမှာ အလားအလာရှိတဲ့ နောက်ကြောင်း ပြန်နိုင်တဲ့ လက္ခဏာတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟေးလီက အထွေထွေ ညီလာခံမှာ သတိပေးလိုက်ပါတယ်။

အရင် ၃ နှစ်ကျော် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေမှာ တိုးတက်မှုရှိခဲ့ပေမယ့် ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ရလဒ်တွေ၊ လူထုရဲ့ ထောက်ခံမှုကို ရချင်တယ်ဆိုရင်တော့ လုပ်ဆောင်စရာတွေ လိုနေသေးတယ်လို့ ယန်ဟေးလီက ပြောပါတယ်။

“များပြားတဲ့ ပဋိပက္ခတွေ ဆက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံ အသိုင်းအ၀န်းတွေက တော်တော်ကို ခံစားနေရပါတယ်။ လက်ရှိ နိုင်ငံအတွင်း ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ ၆ သိန်း ၁ သောင်းကျော် လောက်ရှိနေပါတယ်။ ၂ ဖက်စလုံးက လူ့အခွင့်အရေးတွေကို အပြင်းအထန်ချိုးဖောက်နေပါတယ်။ စစ်တပ်ဘက်ကို အပြစ်မပေးတာ ဆက်ဖြစ်နေတဲ့ ဖမ်းဆီးချုပ်နှောင် နှိပ်စက်တာတွေနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကို ကျမ အရမ်း စိုးရိမ်ပါတယ်” လို့ ယန်ဟေးလီက ပြောပါတယ်။

ရေရှည်တည့်တံတဲ့ ငြိမ်းချမ်းရေးကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်သလို အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ရှိရှိ လုပ်ဆောင်ပေးဖို့ အစိုးရကတာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်အခြေအနေတွေက တော်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စေသလို စစ်တွေက ဗုဒ္ဓဘာသာနဲ့ ရိုဟင်ဂျာ ဒုက္ခစခန်းတွေမှာလည်း အရေးပေါ် လုပ်ဆောင်ဖို့ လိုနေတာကို တွေ့ခဲ့ရ တယ်လို့ ယန်ဟေးလီက ပြောပါတယ်။

လွတ်လပ်စွာ သွားလာခွင့်ကို တားမြစ်ထားတာဟာ ကျန်မာရေး ၀န်ဆောင်မှု၊ ရေ၊ အစားအစာနဲ့ မိလ္လာစနစ်တွေ ရရှိဖို့ဆိုတဲ့ အခြေခံအခွင့်အရေးတွေအပေါ် သက်ရောက်မှုရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေ အကျဉ်းသား ၂ ဦး လွှတ်ပေးလိုက်တဲ့အပေါ် အထူးကိုယ်စားလှယ်က ကြိုဆို လိုက်ပြီး ကျန်ရှိနေတဲ့သူတွေ အားလုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“မီဒီယာ ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေရှိနေပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေ မီဒီယာရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့နဲ့ ပြစ်မှုအဖြစ် သတ်မှတ်ဖို့ ဥပဒေ တွေကို အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒါတွေကိုလည်း အမြန်ဆုံးပြင်ဆင်ရပါမယ်” လို့ ယန်ဟေးလီက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားအရေအတွက်ကို ပိုမိုတိုးပွားစေတဲ့ လွတ်လပ်စွာစီတန်း လှည့်လည် စုဝေးခွင့် ဥပဒေနဲ့ တခြားဥပဒေတွေ အပေါ် စိုးရိမ်ပူပန်မိတယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်က ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေက ထိခိုက်လွယ်တဲ့လူတွေရဲ့ ဘ၀နဲ့ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်နေသလို မြေယာသိမ်းဆည်းတာ အတင်းအကျပ် ရွှေ့ပြောင်းစေတာတွေ ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဆီကို တဖြည်းဖြည်း ဦးတည်လာတာနဲအမျှ လွတ်လပ်စွာ မဲပေးခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ အသင်းဖွဲ့စည်းခွင့်တွေကို အသေအချာ အကာအကွယ်ပေးဖို့လည်း ယန်ဟေးလီက တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် လူထုအခြေပြု အဖွဲ့အစည်းတွေအပါအ၀င် အားလုံး စိတ်ချယုံကြည်ရတဲ့ ထိရောက်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် မြန်မာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တည်ဆောက်သွားဖို့လည်း အားပေးခဲ့ပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ October,31st,2014

( 40 )သမ္မတအိမ်တော် တွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်

( 39 )Bogyoke Biopic Suffers Funding Shortfall

( 38 )မြန်မာလူငယ်နှစ်ဦးကို သံရုံးကိုယ်စားလှယ်အဖွဲ့ ထပ်မံသွားရောက်တွေ့ဆုံမည်

( 37 )Obama asked to ‘just say their name’

( 36 )ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရ ထပ်မံတွေ့ဆုံမည်

( 35 )President U Thein Sein calls unprecedented multi-lateral talks including NLD

( 34 )စစ်ဘေးသင့် ဒေသဖွံ့ဖြိုးရေးကျပ်၂၈၁ ဘီလီယံကျော် သုံးမည်

( 33 )Gen Paiboon to visit Myanmar Friday

( 32 )ကေအန်ယူ အရေးပေါ်အစည်းအဝေး မေးမြန်းချက်

( 31 )UN Rapporteur: ‘Backtracking’ could undermine Burma’s reforms

( 30 )ပထမဆုံး တိုင်းရင်းသား လူငယ်ညီလာခံကို ဖေဖော်ရီလအတွင်း ကျင်းပမည်

( 29 )Burma Govt Clinging to Political Prisoners

( 28 )အမေရိကန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးခြင်း မရှိ

( 27 )Can I visit Burma independently?

( 26 )သံတွဲတွင် ညမထွက်ရ အမိန့် ရုတ်သိမ်း

( 25 )Myanmar president calls unprecedented talks with rival parties, army

( 24 )နိုင်ငံရေး ထိပ်သီး တွေ့ဆုံမည့် ကိစ္စ ကန် သံအမတ်ကြိုဆို

( 23 )UK foreign minister ‘sticks head in the sand’ over Myanmar rights

( 22 )သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပါတီခေါင်းဆောင် တချို့ တွေ့ဆုံမည်

( 21 )Hanthawaddy Airport Contract Goes to Singaporean-Japanese Consortium

( 20 )အာဏာ လက်မလွှတ်ချင်သူကို တားမြစ်ရမည်

( 19 )Red Pandas on film but under threat, says conservation organisation

( 18 )မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် e-visa စနစ် နိုဝင်ဘာ ၁ ရက်နေ့ စတင်မည်

( 17 )Rakhine State chase down fleeing Rohingya

( 16 )အစိုးရ ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမားများကို ကူညီမည်

( 15 )Burma’s Story, Told by One Crumbling Building

( 14 )ကိုထင်ကျော်အမှု ယနေ့ အမိန့်ချမည်

( 13 )ASEAN financial inclusion conference underway in Myanmar

( 12 )ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းကို ၂၀၁၆ ခုနှစ် ကေအဲန်ယူ၏ ကွန်ဂရက်မှသာလျှင် ထည့်သွင်းဆွေးနွေး သွားရန်ဆုံးဖြတ်

( 11 )UN Human Rights Expert Commends Reforms to Date

( 10 )စစ်ဆင်ရေးအသုံးစရိတ် လျော့ချရန် လွှတ်တော်အစည်းအဝေးတွင် တောင်းဆို

( 9 )‘We Will Show How Much Women Are Capable of Through This Party’

( 8 )ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် စင်ကာပူနှင့် ဂျပန် ကုမ္ပဏီိ လုပ်ဆောင်ခွင့်ရရှိ

( 7 )US raises concern over Myanmar ‘reporter’ death

( 6 )Miss International Beauty Pageant 2014 ပြိုင်ပွဲ အလှမယ် မေဘရဏီသော် ၀င်ရောက် ယှဉ်ပြိုင်မည်

( 5 )Myanmar government and political groups to meet on Friday

( 4 )ကော်သူးလေတပ်မတော်ဖွဲ့စည်းရန် ဆုံးဖြတ်

( 3 )US, UK Embassies Urge Govt Inquiry Into Journalist’s Killing

( 2 )ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ရင်းနှီးလုပ်ပိုင်ခွင့် ဂျပန်-စင်ကာပူအဖွဲ့ ရရှိ

( 1 )NLD Reject USDP Plan for PR Voting System for Central Regions

Thursday, October 30, 2014

စစ်တပ် စွပ်စွဲသကဲ့သို့ ကိုပါကြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ရှင်းလင်း

သူဇာ

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ အရာရှိ တဦးအဖြစ် ဓာတ်ပုံနှင့်တကွ စစ်တပ်မှ စွပ်စွဲဖော်ပြထားသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် မည်သည့်လက်နက်ကိုင်အဖွဲ့ဝင်မှ မဟုတ်ခဲ့ကြောင်း အဆိုပါ ဓာတ်ပုံတွင် ကိုပါကြီးနှင့်အတူ ပါဝင်သည့် ကိုပါကြီး မိတ်ဆွေ ကိုဘိုအောင်က တုံ့ပြန်ပြောကြားလိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ကိုပါကြီးမိသားစု၊ မိတ်ဆွေများ တွေ့ဆုံခဲ့ပြီး ကိုပါကြီး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်သွားမည့် ကိစ္စရပ်အပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ယနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကိုပါကြီးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲတွင် ယခင်ကလည်း မ၀င်ခဲ့ဘူးသလို၊ ယခုလည်း တပ်ဖွဲ့ဝင် လုံးဝ မဟုတ်ကြောင်းကို အတိအလင်း ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

ကိုပါကြီး မိတ်ဆွေ ကိုဘိုအောင်က “ကျနော်တို့က လက်နက်ကိုင်ထားတာမဟုတ်ဘူး။ ဒုက္ခသည်တွေကို သွားရောက် ကူညီတာ ဖြစ်တယ်။ အဲဒီမှာ အမှတ်တရအနေနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံပါ။ အဲဒီဓာတ်ပုံကိုပဲ ကျနော်က ကျနော့် facebook မှာ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက တင်ထားတာပါ။ အဲဒီဓာတ်ပုံကို ယူပြီးတော့ ကိုပါကြီးကို လက်နက်ကိုင် ဆိုပြီး ထင်ယောင်ထင်မှား ပြောတာပါ” ဟု ပြောသည်။

စစ်တပ်က ဖော်ပြထားသည့် ဓာတ်ပုံထဲတွင် ၎င်းတို့ နှစ်ဦး အဘယ်ကြောင့် စစ်ဝတ်စစ်စားများ ဝတ်ဆင်ရခြင်း ကိုလည်း ကိုဘိုအောင်က ဆက်ပြောပြသည်။

“တဆက်ထဲ ပြောရရင် စစ်မြေပြင်ကို ရောက်တဲ့အခါမှာ ကျနော်တို့ အနေနဲ့ ရာသီဥတုဒဏ် ခံနိုင်အောင်၊ နောက်ပြီး ကျနော်တို့ အနေနဲ့ အဲဒီနေရာမှာ သွားရလွယ်ကူအောင် ဒီလို အ၀တ်အစားတွေ ၀တ်ရပါတယ်။ အဲဒါကို အများ အထင်မှားအောင် ကိုပါကြီးက လက်နက်ကိုင်ပါလို့ စွပ်စွဲပါတယ်။ ဒါဆို ကျနော်လည်း လက်နက်ကိုင် အဖွဲ့ဝင် ဖြစ်သွားမှာပေါ့” ဟု ကိုပါကြီးနှင့်အတူ ဓာတ်ပုံထဲတွင် ပါဝင်ခဲ့သူ ကာယကံရှင်က ပြောကြားသည်။

ကိုပါကြီး အပါအ၀င် ကိုဘိုအောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထော်ကြီး ဆိုသူတို့သည် လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းတွင် မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးနေခဲ့ရသည့် စစ်ဘေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးခဲ့ကြပြီး အမှတ်တရ အနေဖြင့် ယင်းဓာတ်ပုံကို ကိုထော်ကြီးက ရိုက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကိုဘိုအောင်က ရှင်းပြခဲ့သည်။

ကိုပါကြီး၏ ကျန်ရစ်သူ ဇနီး မသန္တာကလည်း “လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်ဘဲနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင် ဆိုပြီး သတ်ဖြတ် လိုက်တဲ့အတွက် ကျမအနေနဲ့ အရမ်း ရင်နာရပါတယ်။ ကျမ အမျိုးသားဟာ အခုချိန်ထိ ဘာလက်နက်မှ မကိုင်ခဲ့ပါဘူး။ လက်နက်ကိုင် လူသတ်ဖို့ မပြောနဲ့ ရန်တောင် မဖြစ်ခဲ့ဖူးပါဘူး။ ဒါကို လက်နက်ကိုင်တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး ထုတ်ပြန်လိုက်တာပါ” ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၉ ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ကိုပါကြီး အမှုကို လိုက်ပါ ကူညီပေး သူများ၊ ကိုပါကြီး မိသားစုဝင်များသည် ကိုပါကြီး အမှုနှင့် ပတ်သက်၍ ရှေ့ဆက် လုပ်ဆောင်သွားမည့် ကိစ္စများကို ဆွေးနွေး ခဲ့ကြပြီး ယင်းဆွေးနွေးမှု ရလဒ်များအရ ကိုပါကြီး သတ်ဖြတ်ခံရမှုကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက အသိပေး ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် အဖွဲ့အစည်း အသီးသီးမှ ရာပေါင်းများစွာသော လူများက ကိုပါကြီးကို သတ်ဖြတ်ခဲ့သူကို အရေးယူပေးရန်နှင့် ယင်းအမှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့၍ စစ်ဆေးပေးရန် အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ဟောပြောမှုများ ပြုလုပ်ခဲ့ကြပြီး ယင်းဟောပြော မှုများတွင် ယခုကဲ့သို့ ကိုပါကြီး သေဆုံးမှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖြစ်စေပြီး အစိုးရ၏ အကျင့်ဆိုးများကို ပြင်ဆင်ခြင်း မရှိသေးကြောင်း ဖော်ထုတ်ပြောကြားခဲ့ကြသည်။

အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ကိုမိုးသွေးနှင့် အဖွဲ့ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နှင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ထိုကဲ့သို့ အမှုဖွင့်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က “အဲဒီလို အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်လာပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ သဘောထားကို အခုကတည်းက တခါတည်း ပြောထားပါမယ်။ ပါးစပ်နဲ့ ပြောတဲ့သူကိုတော့ တရားမ၀င် ဆောင်ရွက်မှုဆိုပြီး အရေးယူတယ်။ လက်နက်နဲ့ ညှဉ်းပန်းသတ်ဖြတ်တဲ့ သူတွေကိုတော့ တရားဝင်တယ်ဆိုပြီး ခွင့်ပြုမလားလို့ ကျနော်တို့ မေးခွန်းထုတ်ရပါမယ်။ သေချာပါတယ်။ မတရားမှုကို ပါးစပ်နဲ့ ပြောတဲ့သူတွေကို အရေးယူစတမ်းဆိုရင် အခု ဆယ်ဂဏန်း မကပါဘူး။ နောက်ထပ် ရာ၊ ထောင်၊ သိန်း၊ သန်းသော ပါးစပ်ပေါင်းများစွာကို ထပ်ပြီးတော့ ရင်ဆိုင်ဖို့ ပြင်ထားပါလို့ ကျနော်က ပြောလိုပါတယ်” ဟု သူ၏ သဘောထားကို ပြောကြားလိုက်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ကိုပါကြီးကို မြန်မာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်း ထားစဉ် ထွက်ပြေးသဖြင့် သေဆုံးသွားကြောင်းကို သတင်းရေးသားဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့စွဲတပ်ထားသော သတင်းထုတ်ပြန် ကြေညာချက်တစောင်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တဆင့် ဖြန့်ဝေခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို မည်သည့်ဝန်ကြီးဌာနက တာဝန်ခံ ထုတ်ပြန်ကြောင်း တရားဝင် စာအမှတ်နှင့် စည်းတံဆိပ်များ မပါဝင်ခဲ့ပေ။

စာနယ်ဇင်းကောင်စီမှ တဆင့် ရရှိသော ထုတ်ပြန်တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အ၀င်/ အထွက်များကို မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် (၂၀၈) ခြေမြန်တပ်ရင်းသို့ လွှဲပြောင်း စစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ဖော်ပြထားသည်။