Tuesday, March 3, 2015

စက်မှုဝန်ကြီးဌာန၏ ၂၀၁၅-၁၆ စီမံကိန်းကြီး လေးခုသည် ရေရှည် အရှုံးပြနိုင်၍ ပြန်လည် သုံးသပ်သင့်ဟု ထောက်ပြ

စိုးသန်းလင်း

၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် စက်မှုဝန် ကြီးဌာနက ကျပ်ဘီလီယံ ငါးဆယ်သုံးစွဲမည့် စီမံကိန်း ခြောက်ခုတွင် ပါဝင်ပြီး ထို နှစ်အတွင်း ရာနှုန်းပြည့် ပြီးစီးမည်ဆိုသည့် ရန်ကုန် ကားစက်ရုံ၊ မြင်းခြံ ကားအိတ်ဇယ် စက်ရုံ၊ သာဂရအကြီးစား ဒီဇယ်အင်ဂျင် စက်ရုံနှင့် ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကြီး လေးခုတို့သည် ဈေးကွက်မဝင်၊ တွက်ခြေမကိုက်သဖြင့် ရေရှည်တွင် အရှုံးပေါ် နိုင်သောကြောင့် ပြန်လည်သုံးသပ်ကြရန် ဇမ္ဗူသီရိ မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဖေဖော်ဝါရီ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဝေဖန်ထောက်ပြခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ခန့်မှန်း ကျပ် ၂၈ ဘီလီ ယံကျော် (၂၈ဝ၆၃ ဒသမ ၉ဝ၄ ဘီလီယံ) ရှိသည့် ရန်ကုန်ကားစက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းက' Truck Manufacturing Project (Ygn ) စက်ရုံဟာ စက်စတင် စမ်းသပ်လည်ပတ်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ ယခင်က ယာဉ်သုံးတန်၊ ကုန်သုံးတန် ယာဉ်တွေပဲ ထုတ်ခဲ့ပြီး အခု ၁ဝ တန်မှ ၁၅ တန်ရှိ Truck ကားတွေ ထုတ်ဖို့ တပ်ဆင်နေချိန် ဖြစ်ပါတယ်။

၎င်းစက်ရုံက ထုတ်တဲ့ကားတွေကို ဌာနအချင်းချင်းကလည်း မဝယ်သလို တပ်မတော်ကလည်း မဝယ်တဲ့အတွက် ဈေးကွက်မရှိဘဲရေရှည်မှာ အရှုံးပြမယ့် စီမံကိန်းဖြစ်ပါတယ်'' ဟု ဆိုသည်။

ထို့အတူ ဒုတိယ စီမံကိန်းဖြစ်သည့် ကားအိတ်ဇယ် စက်ရုံစီမံကိန်း (မြင်းခြံ) သည်လည်း ကျပ် ၈၆ ဘီလီယံကျော် ( ၈၆,၅၅၁ ဒသမ ၈၉၁) ရင်းနှီးမြှုပ်နှံထားရပြီး ထွက်ရှိလာသည့် ကားအိတ်ဇယ်များကို မကွေး ကားစက်ရုံမှ ထုတ်သော ၂၅ တန် ထရပ်ကားများနှင့် ထုံးဘိုမှထုတ်သော Double Cab ကားများတွင် တပ်ဆင်ရန် ရည်ရွယ်ထားကြောင်း၊ သို့ရာတွင် နိုင်ငံတကာမှ Double Cab ကားများ ဈေးနှုန်းသက်သာစွာဖြင့် ဝင်ရောက်နေခြင်းကြောင့် ဈေးကွက်မဝင်သော စီမံကိန်းဖြစ်နေကြောင်းလည်းဒေါ်စန္ဒာမင်းက ပြောကြားခဲ့သည်။

''တတိယ စီမံကိန်းဖြစ်တဲ့ အကြီးစား ဒီဇယ်အင်ဂျင်ထုတ်လုပ်မှု စီမံကိန်း (သာဂရ) ရဲ့ရင်းနှီးမြှုပ်နှံမှုက ကျပ် ဘီလီယံ ၅၈ ကျော်(၅၈,၅၉၆ ဒသမ ၄၆၆) ရှိပါတယ်။ အခုအချိန်အထိ အကြွေးဆပ်နေရဆဲ စက်ရုံလည်း ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပေး စက်တွေ၊ မီးရထား ခေါင်းတွဲတွေ၊ ရေယာဉ်ကြီးတွေမှာ တပ်ဆင်တဲ့ ဒီဇယ်အင်ဂျင်တွေ ထုတ်လုပ်နေပြီး ထုတ်လုပ်တဲ့ကာလ နှစ်နှစ်ကျော်ပါပြီ။ မီးရထားဌာနက ခေါင်းတွဲအင် ဂျင် အလုံး ၃ဝ ဝယ်မယ်လို့တော့ သိရပါတယ်။ တပ်မတော်ရေကလည်း ဒီဇယ်အင်ဂျင်တွေ ဝယ်မယ်လို့ သိရတယ်။ ဒါပေမယ့် လျှပ်စစ်ဓာတ်အားပေးစက်တွေကတော့ တစ်လုံးမှ မရောင်းရသေးပါဘူး။ ရေရှည်မှာ ခေတ်မီအင်ဂျင်တွေ မထုတ်လုပ်နိုင်ရင် ရပ်သွားနိုင်တဲ့ အခြေအနေရှိပါတယ်''ဟု ၎င်းက လွှတ်တော်သို့ တင်ပြသည်။

စတုတ္ထ စီမံကိန်းဖြစ်သည့် သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းမှာ ကျပ် ၃၈ ဘီလီယံ ကျော် (၃၈ဝ,ဝ၂၃ ဒသမ ဝ၈၁) ဖြစ်ပြီး နှစ်စဉ် သံစိမ်းတန်ချိန် နှစ်သိန်း ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ မြင်းခြံ သံမဏိစက်ရုံအတွက် သံမဏိကုန်ကြမ်းများ ထုတ်ပေးမည့် မရှိမဖြစ်လိုအပ်သော စက်ရုံဖြစ်ရာ ရေရှည်တွင် စီးပွားရေး တွက်ခြေကိုက်နိုင်ကြောင်း၊ သို့ရာတွင် မြင်းခြံစက်ရုံသည် ၎င်း၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရန် ပင်းပက်စက်ရုံက ထုတ်ပေးနိုင်သည့် ကုန်ကြမ်းဖြင့် မလုံလောက်သောကြောင့် နောက်ထပ်လိုသော ကုန်ကြမ်းသံစိမ်း တန်ချိန် ခုနစ်သိန်းကို နိုင်ငံခြားမှ တင်သွင်းရမည်ဖြစ်ကြောင်း၊ ထိုသို့ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရန် စက်ရုံတိုးချဲ့ဖို့ လိုအပ်လာကြောင်း၊ တိုးချဲ့ရန်ကျပ် ဘီလီယံ ၃၈ဝ ခန့်လိုပြီး ထိုငွေရင်းအတွက် တစ်နှစ်လျှင် အတိုး ကျပ် ၆၅ ဘီလီယံ ပေးနေရမည်ဟုလည်း ဆိုသည်။

ထို့အပြင် ၎င်းက ''အရင် အစိုးရလက်ထက်က စီမံကိန်း စီးပွားရေးစနစ်ဖြစ်လို့ မြတ်တာ ရှုံးတာမကြည့်ဘဲ စက်ရုံတွေဆောက်လုပ်ခဲ့ပေမယ့် အခုက ဈေးကွက် စီးပွားရေးစနစ် ဖြစ်တဲ့အတွက် ထုတ်ကုန်တွေဟာ ဈေးကွက်ရှိသလား၊နယ်စပ်က ဝင်နေတဲ့ အမျိုးတူ ထုတ်ကုန်တွေနဲ့ ဈေးနှုန်းယှဉ်နိုင်သလား၊ နောင်ငါးနှစ် မှာ ဒီထုတ်ကုန်တွေဟာUpgradeဖြစ်မလား၊ ပေးနေရတဲ့အတိုးတွေနဲ့ တွက်ခြေကိုက်မလား ဆိုတာတွေ ကိုလည်း စဉ်းစားဖို့လိုပါတယ်'' ဟုလည်း သုံးသပ်ဆွေးနွေးခဲ့သည်။

No comments: