Tuesday, July 7, 2015

တိုင်းရင်းသားများဘက်မှ ဖြည့်စွက်သည့်အချက်များတွင် လက်ခံရန်ခက်ခဲသည့် အချက်များပါဝင် ဦးအောင်မင်းသတိပေး

သျှမ်းသံတော်ဆင့်/စိုင်းထွန်းအောင်လွင်

အပစ်အခတ် ရပ်စဲရေး မူကြမ်းတွင် ထည့်သွင်းရန် အတွက် လော်ခီးလာ ညီလာခံမှ ထပ်မံဖြည့်စွက် သည့် အချက်များတွင် အစိုးရဘက်မှ လက်ခံရန် အခက်ခဲ ရှိနေဆဲ ဖြစ်သည့် အချက်များ ပါဝင်နေသည့် အတွက် ထပ်မံညှိနှိုင်းခြင်း Re negotiation Process ရှိလာပါက အစိုးရဘက်မှလည်း ထပ်မံ ဖြည့်စွက် သည်များ ရှိလာ နိုင်ကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောဆိုသည်။

လက်ရှိအချိန်အကန့်သတ်အတွင်းမှာ ထပ်မံညှိနှိုင်းတဲ့ ဖြစ်စဉ်တစ်ခုအတွက် အခက်ခဲရှိနေတယ်။ ဒါကြောင့် လော်ခီးလာ ညီလာခံက အချက်တွေကို ဘယ်လို ညှိနှိုင်း ရမယ်ဆိုတဲ့ နည်းလမ်းကို ထွက်ပေါက်အဖြစ် အသုံးပြုပြီး ၀ိုင်းဝန်း အဖြေရှာ ကြဖို့ တိုက်တွန်းလိုက်ပါတယ် - ဟု အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဖြစ်သူ ဦးအောင်မင်းက တိုက်တွန်းပြောဆိုသည်။

ဂျူလိုင်လ ၃ ရက်နေ့က လော်ခီးလာ တိုင်းရင်းသားညီလာခံမှ ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့များ၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ၀န်ကြီး ဦးအောင်မင်း ၊ ဦးခင်ရီတို့ ဦးဆောင် သော အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီး ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းပြောကြား ရာတွင် ၀န်ကြီးဦးအောင်မင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်တွင်တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ အသစ်ဖွဲ့စည်းလိုက်သည့် အဆင့်မြင့် ကိုယ် စားလှယ်အဖွဲ့နှင့်တရားဝင် တွေ့ဆုံဆွေးနွေးရန်အတွက် အခက်ခဲ (၃) ချက်ရှိနေပြီး ထပ်မံပြင်ဆင်ဖြည့် စွက် လိုသည့်အချက်များထဲမှ တချို့ အချက်များသည် အဓိကကျကြောင်း၊ ယင်းအချက်ကို ကျော်လွှား ရန် နည်းလမ်း တရပ်ကို ရှာဖွေရမည်ဖြစ်ကြောင်း ၊ ကျော်လွှားနိုင်ပါက တရားဝင် ဆွေးနွေး နိုင်မည် ဖြစ်ပြီး ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး ဆိုသည့် မူဝါဒကိုလည်း အပြုသဘောထား ဆွေးနွေးသွားမည်ဖြစ် ကြောင်း ဦးအောင်မင်းက ပြောကြားသည်။

ဒီကြားထဲ ဘာမှ ဆွေးနွေးလို့မရနိုင်ခဲ့ဘူးဆိုရင် အန်စီအေ ( နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်) လို ကိစ္စတွေ အဖွဲ့စုံနဲ့ ဆွေးနွေးဖို့ဆိုတာ နောက်တက်လာတဲ့ အစိုးရအပေါ်မှာသာ မူတည်ပါလိမ့်မယ်။ အဲဒီအခါကျရင် ဖြစ်စဉ်က အသစ် ဖြစ်သွား လိမ့်မယ် - ဟု ဦးအောင်မင်းက ပြောသည်။

မတ်လ ၃၁ ရက်နေ့ နှစ်ဘက်တာဝန်ရှိသူများလက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး မူကြမ်းအား ထပ်မံဖြည့်စွက်ပြင်ဆင်ရန် ၊ ယခင်အစိုးရနှင့် ဆွေးနွေးနေသည့် NCCT အဖွဲ့နေရာတွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် ဆွေးနွေးရန် ၊ အားလုံးပါဝင်သည့် အပစ်ခတ် ရပ်စဲရေး ဖြစ်စဉ် ဖြစ်လာရန်ဆိုသော အချက်များကို KNU ထိန်း ချုပ်နယ်မြေ လော်ခီးလာတွင် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံမှ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လ်ာခီးလာ ညီလာခံမှဖွဲ့စည်းပေးလိုက်သည့် အဆင့်မြင့်ကိုယ်စားလှယ် အနေဖြင့် အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်တချို့အား ထပ်မံ ပြင်ဆင်ဖြည့်စွက်ရန် ညီလာခံမှ ဆုံးဖြတ်ထားခဲ့သဖြင့် အစိုးရနှင့် တရားဝင် ချက်ခြင်း ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပဲ ယခုအကြိမ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် အလွတ်သဘော စတင် ဆွေးနွေး နိုင်ခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်နှစ်ဘက်စလုံးက စိတ်ရှည်ရှည် စေတနာ မှန်မှန်ဖြင့် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဆိုပါက အများ ပြည်သူ လိုလားနေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေးမှာ မလွဲမသွေရရှိမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မျာ၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဖဒိုနော်စီဖိုးရာစိန်က ပြောသည်။

ကျမတို့ပြန်သုံးသပ်ကြည့်မယ်ဆိုရင် အစိုးရနဲ့ ကျမတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကြိုးပမ်းမှုကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ခရီးအတော်ရောက်နေပြီ ဖြစ်တယ်။ ရှေ့ဆက်ပြီး နှစ်ဘက်စလုံးက စိတ်ရှည်ရှည် စေတနာမှန်မှန်နဲ့ ဆောင်ရွက် မယ်ဆိုရင် ကျမတို့အားလုံး လိုချင်တဲ့ ပြည်သူ တွေ လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မလွဲမသွေရမယ်လို့ ယုံကြည်ပါတယ် ဟု နော်စီဖိုးရာစိန်က ပြောသည်။

တိုင်းရင်းသားများ တန်းတူအခွင့်အရေးအတွက် အာမခံချက်ရှိသည့် တပြည်လုံး အပစ်ခတ် ရပ်စဲမှု စာချုပ်ကို ချုပ်ဆို နိုင်အောင် ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ကတိပြု ပြောဆိုခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး အတွက် တရားဝင် ဆွေးနွေးမှု ရ ကြိမ်ပြု လုပ်ခဲ့ပြီး ယင်း ဆွေးနွေးမှု များတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှုအဖွဲ့ NCCT တို့မှ ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်

No comments: