Saturday, January 31, 2015

စစ်အစိုးရ လက်ထက် မြို့သစ်စီမံကိန်း လယ်ယာမြေ လျော်ကြေးများပေးရန် ကျန်ရှိ

နန်းလွင်နှင်းပွင့်

ယခင်စစ်အစိုးရ လက်ထက်က စီစဉ်ဖော်ဆောင်ခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်းများ အကောင်ထည်ဖော်ခဲ့ရာ၌ သိမ်းယူခဲ့ပြီး လျော်ကြေး မပေးရသေးသည့် မြေ ဧက ၁ သောင်းခွဲ နီးပါး ရှိနေသေးကြောင်း ပြည်သူ့လွှတ်တာ် အစည်းအဝေးမှ သိရသည်။

မြို့သစ် စီမံကိန်းများ ဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာ နှင့် သန်လျင်-ကျောက်တန်း မြို့နယ်များရှိ လယ်သမားပိုင် လယ်မြေ ၁၄၈၇၇.၃၇ ဧက ကို နိုင်ငံပိုင်လယ်မြေအဖြစ် သိမ်းဆည်းခဲ့ရာတွင် လယ်သမားများ နစ်နာကြေးမရရှိခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် က မည်သို့ ဆောင်ရွက်ပေးမည်ကို ဇန်န၀ါရီ ၃၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ် အတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လှိုင်သာယာမြို့နယ် တည်ဆောက်ရန် လယ်ယာမြေ ၆၅၉၉.၃၂၆ ဧက ၊ ရွှေပြည်သာမြို့နယ် တည်ဆောက်ရန် လယ်ယာမြေ ၃၁၇၁.၉ ဧကနှင့် သန်လျင် – ကျောက်တန်းမြို့နယ် တည်ဆောက်ရန် ၅၁၉၁ . ၅၁ ဧကကို လယ်သမားများထံမှ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်သိန်းလင်းက ပြောဆို သည်။

၁၉၅၃ ခုနှစ် ဥပဒေပါ လယ်သမားပိုင် လယ်ယာမြေအား နိုင်ငံတော်ပိုင် ပြုလုပ်၍ အခြားစီမံကိန်းများတွင် အသုံးပြုလိုပါက ခွင့်ပြုမိန့် လန ၃၉ ကို နိုင်ငံတော် အမိန့်ဖြင့် ထုတ်ပြီးမှသာ ပိုင်ရှင်လယ်သမားများနှင့် ညှိနှိုင်းပြီး ခေတ်ကာလနှင့် အညီ လျော်ကြေးပေး၍ မြေ ကို သိမ်းယူရမည်ဟူသော အချက်နှင့် ကိုက်ညီစွာ လုပ်ဆောင်ထားသည်ကို မတွေ့ခဲ့ရကြောင်းလည်း ဦးအောင်သိန်းလင်းက ဆက် ပြော သည်။

လျော်ကြေးရရှိခဲ့သည့် လယ်သမား စုစုပေါင်းမှာ ၁၀၁ ဦးသာရှိပြီး ထိုသူများသည်လည်း ခေတ်နှင့်လျော်ညီသည့် လျော်ကြေးငွေများ မရရှိခဲ့ဟု ဆိုသည်။

“၁၉၅၃ ဥပဒေရော အသစ်ပြဌာန်းထားတဲ့ ဥပဒေရော လန ၃၉ မကျဘဲနဲ့ သိမ်းထားတော့ မြေတွေကို သက်ဆိုင်ရာ လယ်သမား တွေ ကို ပြန်ပေးရမှာပါ။ မြေရယူထားတဲ့ ကုမ္ပဏီနဲ့ အစိုးရအဖွဲ့ရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်တာမျိုး မဖြစ်သင့်ပါဘူး၊ လျော်ကြေး ပေးရပါမယ်”ဟု ဦးအောင်သိန်းလင်းက လွှတ်တော်၌ ပြောဆိုသည်။

ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမြင့်က ထိုစဉ်က ဆောင်ရွက်ခဲ့သည့် စီမံကိန်းများ သည် အစိုးရ၏ အမိန့်အာဏာဖြင့် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက စီမံကိန်းသာ ရေးဆွဲခွင့် ရှိခဲ့ကြောင်း၊ ဥပဒေအရ လန ၃၉ များ လုပ်ဆောင်ပြီး မြေသိမ်းရန်စီစဉ်ခဲ့သော်လည်း နိုင်ငံတော်အမိန့်တွင် ညွှန်ကြားချက် မပါရှိသဖြင့် ပြီး ဆုံးရန် မလုပ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသည့် လယ်ယာမြေ ဧကများကို လန ၃၉ လျှောက်၍ လျော်ကြေးများပေးရန် ဆောင်ရွက်ဆဲ အဆင့်တွင်သာ ဆက်လက်ရှိနေကြောင်း၊ စီမံကိန်းများသည် ဆောင်ရွက်ပြီး အဆင့် ရောက်နေပြီဖြစ်သဖြင့် ပြန်လည် မဖျက်နိုင်ကြောင်း ဖြေဆိုခဲ့သည်။

စစ်အစိုးရ လက်ထက်တွင် သိမ်းယူထားသည့် လယ်ယာမြေများသည် ဥပဒေနှင့် မညီညွှတ်သော်လည်း ပြန်လည် ပေးအပ်နိုင်တော့ မည် မဟုတ်ကြောင်းနှင့် လျော်ကြေးပေးရန် ကျန်ရှိနေသည့် လယ်သမားများကို လျော်ကြေးပေးမည်၊ မပေးမည်ကို ဒုဝန်ကြီး ဦးဝင်းမြင့်က ဖြေဆိုခြင်း မရှိကြောင်းကို တွေ့ရသည်။

ဗိုလ်ချုပ် ပုံတူ ရုပ်တု ဖေဖော်ဝါရီ ၃ ရက်နေ့ အပြီးသတ် ထုလုပ်မည်


တနင်္သာရီတစ်တိုင်းလုံး မီတာခ တစ်ယူနစ် ၃၅ ကျပ် မရမချင်း ဆက်လက် ဆန္ဒဖော်ထုတ်မည်

ထက်ထက်အောင်

တနင်္သာရီတစ်တိုင်းလုံး တစ်ယူနစ် (၃၅) ကျပ်ဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဒေသခံများက ဆက်လက်ဆန္ဒ ဖော်ထုတ်သွားမည်ဟု တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ(ထားဝယ်ခရိုင် ) မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်သက်ထံမှ သိရသည်။

၎င်းက'' တနင်္သာရီတစ်တိုင်းလုံး တစ်ယူနစ် (၃၅) ကျပ်နဲ့ ဓာတ်အားပေးမယ်လို့ ကတိကဝတ်မရမချင်း ဒီလို လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင် သွားမယ်'' ဟု ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ (ထားဝယ်ခရိုင်) က ဇန်နဝါရီ ၂၆ မှာ သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန် သဘာဝဓာတ်ငွေ့ သိုက်များ အပါအဝင် သဘာဝသယံဇာတ ပေါများကြွယ်ဝသော ဒေသဖြစ်ပြီး ထားဝယ်ခရိုင်၊ ကန်ဘောက် ဒေသကို ဖြတ်သန်း တည်ဆောက်ထားသော ရတနာ၊ ရဲတံခွန်၊ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း (၁,၅ဝဝ) တင်ပို့ရောင်းချလျက် ရှိသည်။ သို့သော် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများသည် ထိုသယံဇာတများမှ အကျိုးကျေးဇူးခံစားခွင့် မရရှိဘဲ ဆယ်စုနှစ်ချီ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်း အဆမတန် မြင့်မားမှုသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေ၍ ဒေသခံများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေလျက် ရှိသည်။ တနင်္သာရီတိုင်းအတွင်း သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးအတွက် အရှိန်အဟုန်မြှင့်ဆောင် ရွက်သွားမည်ဖြစ်သည်ဟု ပါရှိသည်။

တနင်္သာရီတိုင်းအတွင်း သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ဇန်နဝါရီ ၂၃ ရက်ကလည်း ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည်။

မွန်အမျိုးသားပါတီက ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုးပမ်းမည်

နန်းမြနဒီ

ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို ရှေးရှု ဆောင်ရွက်သွားမယ်လို့ မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံက ဆုံးဖြတ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲဝင် မွန်ဒီမိုကရေစီပါတီနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကအဖွဲ့ဝင်တချို့ ပူးပေါင်းထူထောင်ခဲ့တဲ့ ပါတီသစ်ရဲ့ ပထမဆုံးအကြိမ် ညီလာခံ မှာ ဆုံးဖြတ်ကြတာဖြစ်ပါတယ်။

ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက မော်လမြိုင်မြို့ မွန်ဒီမိုကရေစီပါတီရုံးချုပ်မှာ ကျင်းပတဲ့ ညီလာခံဆုံဖြတ်ချက်နဲ့ပတ်သက်လို့ “၂ ရက်လုံးလုံး ခေတ်နဲ့လျော်ညီတဲ့ မူဝါဒကိုချမှတ်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြတယ်။ မူဝါဒမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်လာဖို့၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေခံတဲ့ ခိုင်မာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်မြဲဖို့၊ ပြည်ထောင်စုတရပ်လုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ရရှိဖို့ စတဲ့အချက်တွေလည်း ပါပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာငြိမ်းချမ်းရေးဆောင်ရွက်မှုတွေမှာပါ ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

ညီလာခံမှာ မြို့နယ်အသီးသီးက ကိုယ်စားလှယ် ၃၀၀ နီးပါးနဲ့အတူ စည်းလုံး ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့၊ မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့၊ မွန်သံဃာတော်တွေ တက်ရောက်ခဲ့ပါတယ်။

ညီလာခံမှာ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ဆိုး ဘယ်ခါမှမပေါ်ပေါက်အောင် ကြိုးပမ်းဖို့၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေး၊ သဘာ၀၀န်းကျင်ထိန်းသိမ်းရေးစတဲ့ ကဏ္ဍကြီးတွေ ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ဆောင်တဲ့အခါ တိုင်းရင်းသားစည်းလုံးညွတ်မှု သဘောဆန္ဒနဲ့ အညီလုပ်ဆောင်ကြဖို့ ဆိုတဲ့ မူဝါဒတွေ ချမှတ်ကြပါတယ်။

ပါတီညီလာခံနောက်ဆုံးနေ့မှာ ပါတီကို ဦးဆောင်မယ့် အမှုဆောင်တွေကို ဆန္ဒမဲပေးတဲ့ စနစ်နဲ့ ရွေးချယ်နေကြပါတယ်။

ပါတီဦးဆောင်သူတွေကို ရွေးချယ်ရာမှာ ဗဟိုအဆင့်ကနေ အောက်ခြေကို ရွေးချယ်တာဝန်ပေးတာမဟုတ်ဘဲ ကျေးရွာအဆင့်၊ မြို့နယ်အဆင့် စသဖြင့် ပြည်သူတွေက ရွေးချယ်တဲ့ ဒီမိုကရေစီစနစ်နဲ့ မြို့နယ်ပေါင်း ၂၀ မှာ အရင် ဆောင်ရွက်ပြီးမှ ညီလာခံကို ကျင်းပတာလို့ ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

ညီလာခံကို ဇန်န၀ါရီလ ၂၈ ကနေ ၃၀ အထိ ၃ ရက်တာ ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် အလုပ်မပြီးပြတ်ရင် နောက်ထပ်ရက်တိုးဖွယ်ရှိပါတယ်။

သံတွဲ ဆင်ကြပ်ကျေးရွာတွင် သိမ်းဆည်းအုန်းခြံများကို ပြန်လည်ပေးအပ်ခြင်းမရှိ


မြန်မာသံရုံးသစ်များ ဆောက်ရန်၊ ဝယ်ရန် ကျပ်သန်းပေါင်း ၂၅၇၀၀ ကျော်တောင်းခံ

ဝင်းကိုကိုလတ်

ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး အဆောက်အအုံများ တည်ဆောက်ရန်၊ ဝယ်ယူရန်အတွက် လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ ၂၅,၇ဝ၈ သန်း တောင်းခံထားသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ပြောသည်။

ဇန်နဝါရီ ၁၇ ရက် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ် အမျိုး သားစီမံကိန်း ဥပဒေကြမ်းနှင့် ၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန် ကျပ် ၆,၉၉၆ သန်း၊ သြစတြေး လျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ မြန်မာသံရုံး အကြီးအကဲ နေအိမ်ဆောက်ရန် ကျပ် ၁,ဝဝဝ သန်း၊ ဆွစ်ဇာလန် နိုင်ငံ၊ ဗီယင်နာမြို့တွင် မြန်မာရုံးအဖွဲ့ အဆောက်အအုံဝယ်ယူရန် ကျပ်၆,၄၃ဝ သန်း၊ အီတလီနိုင်ငံ၊ ရောမ မြို့၊ မြန်မာသံရုံး အဆောက်အအုံဝယ်ယူရန် ကျပ် ၇,ဝ၇၃ သန်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သံရုံး အဆောက်အအုံသစ်ဆောက်ရန် ကျပ် ၄,၂ဝဝ သန်းနှင့် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ မြန်မာသံရုံးအကြီးစား ပြင်ရန် ကျပ် ၉,ဝ၈ဝ သန်း အသုံးပြုမည်ဟု ဆိုသည်။

အဆိုပါအဆောက်အအုံများ ဝယ်ယူခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းဖြင့် သံရုံး ငှားရမ်းခနှင့် သံရုံးဝန်ထမ်းများ၏ နေအိမ် ငှားရမ်းခများ လျော့နည်းစေနိုင်သောကြောင့် နိုင်ငံတော်ဘဏ္ဍာကိုများစွာ သက်သာစေ သည့်အတွက် မဖြစ်မနေဆောင်ရွက်သင့်ပါသည်ဟု ၄င်းက ပြောသည်။

တနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး ဒေါ်လာ သန်း ၆ ထောင် နီးပါးလိုအပ်

သစ်နေမိုး

မြန်မာတနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး စီမံချက်အတွက် အမေရိကန်ဒေါ်လာ သန်း ၆ ထောင် နီးပါး လိုအပ်မည်ဖြစ်ကြောင်း ယင်း စီမံချက်တွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေသော ကမ္ဘာ့ဘဏ်က ထုတ်ပြန် ပြောဆိုသည်။

တနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး စီမံချက်(NEP) အရ ကုန်ကျစရိတ် ခန့်မှန်းထားမှုမှာ အိမ်ထောင်စုပေါင်း ၇.၂ သန်း အတွက် ဒေါ်လာ ၅.၈ ဘီလီယံ (သန်း ၅၈၀၀) ကုန်ကျမည် ဖြစ်သည်ဟု ဆိုသည်။

ယင်းစီမံချက်၏ တနိုင်ငံလုံး လျှပ်စစ်မီး အပြည့်အစုံ ရရှိမည့် ကာလမှာ ၂၀၃၀ ပြည့်နှစ်အထိ ကြာမြင့်မည် ဖြစ်ပြီး စီမံကိန်း စ တင် သည့် ပထမ ၅ နှစ် အတွင်း ကုန်ကျမည့် ငွေကြေးမှာ ဒေါ်လာသန်း ၇၀၀ ဖြစ်ကြောင်း၊ အဆိုပါ ဒေါ်လာသန်း ၇၀၀ တွင် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၃၀၀ ထည့်ဝင်ကူညီမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် Ms Xiaoping Wang က“တနိုင်ငံလုံး မီးပေးဖို့ဆိုရင် အခြေခံ အဆောက် အအုံတွေ အပါအ၀င် ဒေါ်လာသန်း ၆ ထောင်လောက် ကုန်မှာပါ။ လာမယ့် ၅ နှစ်အတွက်က ဒေါ်လာသန်း ၇၀၀ ပေါ့။ အဲဒီအထဲမှာ ကမ္ဘာ့ဘဏ်က သန်း ၃၀၀ ထည့်ဝင်ဖို့ စဉ်းစားထားပါတယ်။ ဒေါ်လာ သန်း ၄၀၀ လည်း ဖြစ်သွားနိုင်ပါတယ်”ဟု ပြောသည်။

အဆိုပါ ငွေကြေး အကူအညီများကို ဖြန့်ကျက်ပေးသွားရန် စီစဉ်ထားပြီး ဓာတ်အားလိုင်း သွယ်တန်းမှုအတွက် ဒေါ်လာသန်း ၂၀၀၊ အဝေးလိုင်း အကြိုလျှစ်စစ်မီး ပေးရေးအတွက် ဒေါ်လာသန်း ၈၀ နှင့် စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် နည်းပညာ အကူအညီ တို့ အတွက် ဒေါ်လာ သန်း ၂၀ ကို အဆိုပြုထားသည်ဟုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။

NEP စီမံချက်အရ ပထမ အစီအစဉ်များ၌ လူနေထူထပ်သော ဧရိယာများတွင် တိုတောင်းသည့် ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများနှင့် ကုန်ကျစရိတ် သက်သာသည့် ဆက်သွယ်မှုများဖြင့် ဦးစွာဆက်သွယ်သွားရန် ပါရှိပြီး ဝေးလံသောဒေသများသည် ရှည်လျားသော ဓာတ်အားလိုင်းနှင့် ကုန်ကျစရိတ် မြင့်မားမည် ဖြစ်ကြောင်း သိရသည်။

ကုန်ကျစရိတ် မြင့်မားပြီး နောက်ဆုံးမှ လျှပ်စစ်မီးများ ဆက်သွယ်သွားမည့် ဒေသများတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည် နယ်နှင့် ကယားပြည်နယ်များ ပါဝင်ကြောင်း သိရသည်။

သို့သော် အဆိုပါ ဓာတ်အားလိုင်း သွယ်တန်းမှု နောက်ဆုံးအဆင့်တွင် ပါရှိသည့် ကျေးရွာများမှ ရာနှုန်းအနည်းငယ်ကို အကြို လျှပ် စစ်မီးပေးရန် ကမ္ဘာ့ဘဏ်က အကြံပြုထားသည့် အချက်များလည်း ပါဝင်သည်။

ယင်းသို့ အကြိုလျှပ်စစ်မီးပေးရေး အစီအစဉ်များတွင် ကျေးရွာငယ်များအတွက် နေအိမ်သုံး ဆိုလာစွမ်းအင် စနစ်၊ ကျေးရွာကြီးများအတွက် ဆိုလာ၊ ဒီဇယ်နှင့် အသေးစားရေအားလျှပ်စစ် နည်းပညာများ ပါဝင်သွားမည်ဟု ဆိုသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန MOEP ၏ အချက်အလက်များ အရ မြန်မာနိုင်ငံ၏ လျှပ်စစ်မီး ရရှိနှုန်းမှာ ၃၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်က ၂၀၁၄ ဒီဇင်ဘာလကုန်၌ ထုတ်ပြန်သော မြန်မာနိုင်ငံ အခြေအနေ စနစ်တကျ လေ့လာဆန်းစစ်မှု အစီရင်ခံစာတွင် နိုင်ငံ လူဦးရေ ၅၁.၄ သန်း၏ ၃ ပုံ ၁ ပုံအောက်သာ လျှပ်စစ်မီး ပင်မဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ထားနိုင်သေးသည်ဟု ဖော် ပြခဲ့သည်။

ကုန်ဈေးနှုန်းတက်မှုကြောင့် အခြေခံလူတန်းစားများ ထိခိုက်နိုင်


အဆိုတော်များ ပါဝင်မည့် ‘ပြိုင်ပွဲ ရုပ်ရှင်ကို ဒါရိုက်တာ ၀င်းလွင်ထက် ရိုက်ကူးမည်

ပန်းမြတ်ဇော်

အဆိုတော်အများအပြား ပါဝင်မည့် ဒါရိုက်တာဝင်းလွင်ထက်၏ 'ပြိုင်ပွဲ' ရုပ်ရှင်ဇာတ်ကားကို မေလတွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး Bo Bo Entertainment က စီစဉ်ရိုက်ကူးခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ဝင်းလွင်ထက် ကပြောသည်။

''သင်္ကြန်ပြီးလောက်မှ ရိုက်ဖို့ ရွှေ့ထားပါတယ်။ ရိုက်ဖို့အတွက်တော့ ပြင်ဆင်မှုတွေ လုပ်နေပါပြီ''ဟု ၄င်း ကပြောသည်။ ယင်းဇာတ်ကားကို ဇန်နဝါရီ ၅ ရက်၌ ရိုက်ကူးရန် စီစဉ်ထားသော်လည်း ဇာတ်ညွှန်းရေး သားမှုများ မပြီး စီးခြင်းကြောင့် ရိုက်ကူး ရက်ရွှေ့လိုက် ရခြင်းဖြစ် သည်ဟု၎င်း ကပြောသည်။

ဇာတ်လမ်း ၊ဇာတ်ညွှန်းကို မိုးစက်ဝိုင် ကရေးသားပြီး လွှမ်းပိုင်၊ ရဲရင့်အောင်၊ ထက်ထက်(Bobby Soxer)၊နန်းမြတ်ဖြိုးသင်းတို့က ပါဝင်သရုပ်ဆောင် ကြမည်ဖြစ် ကာကျောင်း သားကျောင်း သူများ ဇာတ်လမ်း ကိုအခြေ ခံရိုက်ကူးမည့် ဖန်စီဒရမ်မာ ဇာတ်ကားဖြစ်သည်။

အဆိုပါ ဇာတ်ကားကို ရန်ကုန် တက္ကသိုလ် ဝင်းအတွင်း၌ ရိုက်ကူး မည်ဖြစ် ပြီးကျောင်းဘောလုံး ကွင်းဇာတ် ဝင်ခန်းအ တွက်ကျောင်းဘောလုံး ကွင်းနေရာ လည်းရှာဖွေကာ ထည့်သွင်း ရိုက်ကူး သွားမည်ဟု ဝင်းလွင်ထက် ကပြောသည်။

''ဒီကားမှာ ထူခြား တာက တက္ကသိုလ်ကျောင်း သားတွေရဲ့ ဘဝအမှန်ကို ပီပီပြင်ပြင်ဖြစ်အောင် ရိုက်ပြမယ်။ ဆရာ ကန်တော့ပွဲ ၊မောင်မယ်သစ်လွင် ကြိုဆို ပွဲ၊ကျောင်း အားကစားပွဲ အဲဒီလို မျိုးတွေပါအောင် ဇာတ်ညွှန်း ထဲမှာ ထည့်ထားတယ်။ အဲဒါတွေပါအောင် ရိုက်ကူးသွားမယ်''ဟု ၄င်းက ထပ်မံပြောသည်။

ပါဝင်သရုပ်ဆောင်မည့်သူများသည် အဆိုတော်များဖြစ်သည့်အတွက် ဒါရိုက်တာက၄င်းတို့နှင့် လိုက်ဖက် မည့်ဇာတ်ကောင် စရိုက်များ ကိုရွေးချယ် ကာရိုက်ကူး သွားမည် ဟုဆိုသည်။

''ကျွန်တော်နောက် ပိုင်းမှာ အမ်တီဗီတွေ ရိုက်ဖို့များ လာမယ်။ တစ်နှစ်ကို ရုပ်ရှင် ဇာတ်ကား တစ်ကား ရိုက် ဖြစ်ရင် ရိုက်ဖြစ်မယ်။ ဒါမှမဟုတ် ရင်တော့နှစ်ကား ရိုက်ဖြစ်အောင် ကြိုးစားသွား မှာပါ''ဟု ၄င်းကပြော သည်။

ဒါရိုက်တာ ဝင်းလွင်ထက်သည် ၂ဝဝဝ ပြည့်နှစ်တွင် ဆိုတေး၏ အမ်တီဗီ အယ်လ်ဘမ်တွင် ဒါရိုက်တာ အဖြစ် စတင်ရိုက် ကူးခဲ့ ပြီးနောက်ပိုင်း ဗီဒီယို ဇာတ်ကား များစွာကို ရိုက်ကူးလာသည်။ လက်ရှိတွင် 'ရည်းစားဦး' ရုပ်ရှင်ဇာတ်ကားကို အလင်းရောင်၊ သဉ္ဇာနွယ်ဝင်းတို့နှင့် ရိုက်ကူးထား သူဖြစ်သည်။

သပိတ်မှောက် ကျောင်းသားများ ကျောက်ပန်းတောင်းတွင် တရက်နားမည်

သူဇာ

မန္တလေးမှ ရန်ကုန်သို့ ချီတက်နေသည့် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက်နေသော ကျောင်းသား သပိတ် လမ်းကြောင်းသည် ယနေ့ ကျောက်ပန်းတောင်းမြို့တွင် တရက်နားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းသား သပိတ်လမ်းကြောင်းသည် ကျောက်ပန်းတောင်းမြို့၏ သုခ၀တီ စာသင်တိုက်တွင် တရက်တာ နားခိုနေကြောင်း၊ မနက်ဖြန်တွင် ကျောက်ပန်းတောင်းမှ တဆင့် ဂွေးပင်မြို့ကို ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုအောင်နေပိုင်က ပြောသည်။

“တဘက်က အစည်းအဝေး လုပ်နေသူတွေ ရှိသလို၊ တဘက်ကလည်း သပိတ်မှောက် ကျောင်းသားတွေက ရန်ကုန်ကို ဆက်သွားဖို့ ရှိပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲနေ့မှာတော့ ကျနော်တို့ သပိတ်မှောက် လမ်းလျှောက်တာကို ခေတ္တရပ် နား ပြီး ဆွေးနွေးမှု ရလဒ်ကို စောင့်ကြည့်ဖို့ ရှိပါတယ်”ဟု ကိုအောင်နေပိုင်က ဆိုသည်။

မန္တလေးမှ ဇန်န၀ါရီလ ၂၀ ရက်တွင် စတင်ချီတက်လာသည့် ကျောင်းသားသပိတ် လမ်းကြောင်းသည် ပလိပ်-စဥ့်ကိုင်-ကျောက် ဆည်-မြစ်သား-ပြင်စည်-နွားထိုးကြီး-မြင်းခြံ-တောင်သာ-ပုပ္ပားမြို့များကို ဖြတ်သန်းပြီး ကျောက်ပန်းတောင်းအထိ မိုင် ၁၅၀ ကျော် ကို ၉ ရက်ကြာ လမ်းလျှောက် ချီတက်ခဲ့ခြင်း ဖြစ်သည်။

ချီတက်စဉ်အတွင်း တောင်သာမြို့အ၀င် နန်းမြင့်တောင်ကွေ့တွင် ကျောင်းသားများကို လုံခြုံရေး ရဲများက အင်အားအပြည့်ဖြင့် တားဆီးခဲ့ပြီး သပိတ်မှောက် ကျောင်းသားများနှင့် ညှိနှိုင်းနိုင်ရန် အစိုးရဘက်က ကမ်းလှမ်းခဲ့သည်။

နောက်တရက်တွင် အစိုးရနှင့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ကျောင်းသားများ တောင်းဆိုနေသည့် အဓိကအချက်ဖြစ်သော အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)၊ ကျောင်းသားများ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံရေးကို သဘောတူညီမှု ရရှိခဲ့သည်။

နောက်သဘောတူညီချက် တချက်အရ လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့တွင် ကျောင်းသားများ တောင်းဆိုထားသည့် အချက် ၁၁ ချက်ကို ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

မန္တလေးမှ ရန်ကုန်ကို ချီတက်နေသော သပိတ်မှောက် ကျောင်းသားများကို လမ်းတလျှောက် ဖြတ်သန်းခဲ့သည့် ပလိပ်မြို့၊ ကျောက် ဆည်မြို့၊ မြင်းခြံမြို့၊ ကျောက်ပန်းတောင်းမြို့မှ ဒေသခံ ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ယနေ့တွင်လည်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ်သမဂ္ဂ ကျောင်းသားများ ဦးဆောင်ပြီး ကျောင်းသားသပိတ် လှုပ်ရှားမှုကို စတင်ခဲ့သည်။

ယင်းသပိတ်မှောက် ကျောင်းသားများအဖွဲ့သည် မန္တလေးမှ ရန်ကုန်ကို ထွက်လာသည့် အဖွဲ့နှင့် ပူးပေါင်းသွားရန် ရှိကြောင်း လည်း သိရသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အစည်းအဝေးခေါ်ပြီးမှ ရွေးကောက်ပွဲဝင်မည်


တရုတ်ဈေးကွက်မှာ သုံးမိနစ်အတွင်း ရောင်းကုန်ခဲ့တဲ့ Xiaomi Mi Note

Mizzima

အပတ်စဉ် ပြည်တွင်းဈေးကွက်ထဲကို ရောက်လာတဲ့ စမတ်ဖုန်းအသစ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတစ်ပတ်တော့ ပြည်တွင်းဈေးကွက်ကို မရောက်သေးပေမယ့် အသုံးပြုသူတွေ စိတ်ဝင်စားမယ့် ဖုန်းတစ်လုံးကို မိတ်ဆက်မယ်လို့ စဉ်းစားထားပါတယ်။ Xiaomi Note ကို ဇန်နဝါရီလ အတွင်းမှာ စတင်မိတ်ဆက်ခဲ့ပြီး တရုတ်နိုင်ငံဈေးကွက်မှာ စတင်ရောင်းချတဲ့အခါ သုံးမိနစ်အတွက် ဈေးကွက်ပြတ်တဲ့အထိ ရောင်းချခဲ့ရပါတယ်။ ရောင်းချခဲ့တဲ့ အရေအတွက်ကို ထုတ်ဖော် မပြောခဲ့ပါဘူး။ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ထပ်ရောင်းပေးမယ်လို့ ဆိုပါတယ်။ Apple ရဲ့ iPhone ကို ယှဉ်ပြိုင်မယ်လို့ ဆိုထားတဲ့ အတိုင်း သူ့ရဲ့အရည်အသွေးတွေကို ကြည့်ရအောင်။

မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး IPS LCD capacitive touchscreen မျက်နှာပြင် အသုံးပြုထားပါတယ်။ 1080x 1920 pixels အရွယ်အစားရှိတဲ့ ပုံရိပ်တွေကို တွေ့မြင်ခံစားနိုင်မှာပါ။ ပုံရိပ်သိပ်သည်းဆက 386 ppi ရှိတဲ့အတွက် နေရောင်အောက်မှာ အသုံးပြုမှုအတွက် အကောင်းဆုံး အရည်အသွေးကို ရနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက ၅ ဒသမ ၇ လက်မရှိပါတယ်။ မျက်နှာပြင် အရည်အသွေးကတော့ အားရစရာပါပဲ။


ကင်မရာ အရည်အသွေး

ကင်မရာ အရည်အသွေးက 13MP ဖြစ်ပါတယ်။ 4128 x 3096 pixels အရည်အသွေးရှိပုံရိပ်တွေကို ရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။ Geo-tagging, touch focus, face/smile detection, HDR, panorama စတဲ့ ကင်မရာစွမ်းဆောင်ရည် တွေပါဝင်ပါတယ်။ HDအရည်အသွေးရှိတဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာက 4MPဖြစ်တဲ့အတွက် လူမှုကွန်ရက်တွေမှာ ကိုယ်တိုင်ရိုက်ပုံတွေ တင်ချင်တဲ့သူတွေ အတွက်တော့
စွမ်းဆောင်ရည်ကောင်းတစ်ခုပါပဲ။


ဘက်ထရီအရည်အသွေး

အွန်လိုင်းဂိမ်းတွေနဲ့ လူမှုကွန်ရက်တွေက စမတ်ဖုန်းအသုံးပြုဖို့ ဆွဲဆောင်နေပါတယ်။ ဒီအချိန်မှာ စိတ်ပျက်စရာ အခက်အခဲတစ်ခုက ဘက်ထရီအသုံးခံနိုင်မှုပါ။ ဘက်ထရီ စွမ်းဆောင်ရည် ညံ့ရင် မကြာခဏ အားပြန်သွင်းရတာ၊Power Bank ဆောင်ထားရတာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ Xiaomi Mi Note ကတော့ Li-Ion 3000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။

ခြားစွမ်းဆောင်ရည်များ

GSM နှစ်ကတ်သုံး ဖုန်းဖြစ်ပါတယ်။ Android ဗားရှင်း 4.4.4(KitKat) ကိုအသုံးပြုထားပါတယ်။ Quad-core 2.5 GHz Krait 400 CPU ကို ဖုန်းအတွင်းသိုမှီးနိုင်မှုပမာဏက 16GB ရှိပါတယ်။ RAM က 3GB ပါ။ ဒီအရည်အသွေးတွေရှိတဲ့ Xiaomi Note ဟာ ပြည်တွင်းဈေးကွက်ကို ရောက်လာရင်ရော တရုတ်ပြည်ဈေးကွက် မှာလို အောင်ပွဲခံနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဈေးနှုန်းကတော့ iPhone 6 ရဲ့ ထက်ဝက်နီးပါးခန့်ရှိ နိုင်ပါတယ်။

မွတ်စလင် အကျဉ်းသား ၂၀ ထောင်ပြောင်း

အေးနိုင်

ရှမ်းပြည်နယ် တောင်ကြီးခရိုင်တရားရုံးမှာ ပြစ်ဒဏ်အသီးသီးစီရင်ခဲ့တဲ့ သတို့သား သတို့သမီး နဲ့ ကလေးငယ်တဦး အပါအ၀င် မွတ်စလင် အယောက် ၂၀ ကို သက်ဆိုင်ရာက မကြာသေး ခင်ရက်ပိုင်းအတွင်း နယ်အသီးသီးက ထောင်တွေကို ဖြန့်ခွဲပို့ဆောင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ လခန့်က ရှမ်းပြည်နယ် ကွန်ဟိန်းမြို့မှာ မင်္ဂလာဆောင်တဲ့ သတို့သမီးနဲ့ သတို့သား၊ နှစ်ဘက် မိဘဆွေမျိုးအပါအ၀င်၊ အချက်အပြုတ်သမား၊ ကားမောင်းသူနဲ့ မင်္ဂလာပွဲလာသူ မွတ်စလင်တွေဖြစ်ကြပြီး သူတို့ကို လက်နက်တစုံတရာနဲ့ တိုင်းပြည်ဆူအောင်လုပ်ဆောင်မှု ပုဒ်မ ၅ (ဋ္ဌ) နဲ့ ပြည်ထောင်စု ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅(ည) နဲ့ တောင်ကြီးခရိုင်တရားရုံးမှာ ပြစ်ဒဏ်စီရင်ခဲ့တာပါ။

ဒီလ ၁၂ ရက်နေ့က ပြစ်ဒဏ်စီရင်ရာမှာ ၁၇ နှစ်အရွယ်ကလေးကို ၇ နှစ်၊ သတို့သမီးတွေ၊ သတို့သားတွေနဲ့ အမျိုးသမီးတွေ အပါအ၀င် ကျန်သူတွေက ၁၄ နှစ်စီ၊ တဦးကတော့ တရားမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုနဲ့ပါ ထောင်ဒဏ် စုစုပေါင်း ၁၉ နှစ်ချမှတ်ခဲ့ပါတယ်။ သယ်ဆောင်တဲ့ light truck တစီးနဲ့ ပရိုဘောက်စ်ကားတစီး၊ သတို့သမီးဆင်ယင်တဲ့ ရွှေထည်ပစ္စည်းတွေကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

တရားခံရှေ့နေ ဒေါ်ခင်မိုးမိုးက “ဒီလ ၂၅ ရက်နေ့က ဒီလူတွေကို ထောင်တွေအသီးသီးခွဲပို့လိုက်ပြီ။ မြောင်းမြထောင်မှာ ၆ ယောက်၊ အဲဒီမှာ ကျမလူ ၅ ယောက်ပါတယ်၊ ပုသိမ်ထောင်မှာ ခြောက်ယောက်က လက်ပံကျေးရွာက သတို့သားရဲ့မိဘတွေ တဆွေမျိုးလုံး၊ သာယာဝတီထောင်မှာ ၄ ယောက်၊ တောင်ကြီးထောင်မှာက ၃ ယောက်ကျန်ခဲ့တယ်။ မန္တလေးထောင်က လူငယ်တယောက်၊ အားလုံးပေါင်း ထောင် ၅ ထောင်ဖြစ်သွားတာပေါ့ လူ ၂၀ က” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက တရားခံ ၃ ဦးအတွက်တာဝန်ယူတဲ့ ရှေ့နေဦးသိန်းရွှေက ပြည်နယ်တရား လွှတ်တော်မှာ အယူခံတက်ခဲ့ပြီး ကျန် ၁၇ ဦးအတွက်လည်း အယူခံတက်ကြမှာဖြစ်ပါတယ်။

ခရိုင်တရားရုံးက မနှစ်အောက်တိုဘာလမှာ စွဲချက်စတင်ကတည်းက ဒေါ်ခင်မိုးမိုးက သူ့အမှုသည် ၇ ဦးအတွက် ပြည်နယ်တရားလွှတ်တော်မှာ အယူခံတက်ရာမှာ နေ့ချင်း အယူခံပယ်ခံရတာကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဆက်တက်ခဲ့ပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် က လက်ခံခဲ့ပါတယ်။

ဒေါ်ခင်မိုးမိုးက “စွဲချက်တင်ခံရတဲ့ပုဒ်မတွေနဲ့ ညိစွန်းခြင်းမရှိဘဲနဲ့ စွဲချက်တင်ခံရတဲ့အ တွက်ကြောင့် ကျမတက်တာ။ အမျိုးသမီးလေး ၃ ယောက်ရယ်၊ ၁၇ နှစ်သားလေး ၁ ယောက်ရယ်၊ ကျန်တာက ကားအငှားလိုက်မောင်းပေးတဲ့ ကလေး ၁ ယောက်၊ တကယ့်ကို လုံးဝညိစွန်းခြင်းမရှိတဲ့ ၇ ယောက်ကို ရွေးတက်တာပါ။ အဲဒါတော့ လက်ခံရေး ရထားတယ်။ အပြီးသတ်ပြောပြီးရင်တော့ ဘယ်လိုဖြစ်မလဲမသိဘူး” လို့ ပြောပါတယ်။

သူတို့တတွေကို စတင်ဖမ်းဆီးစဉ်က တရားမ၀င်အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုပြီး အမှုဖွင့်ရာက နောက်ပိုင်းမှာ အမှုပြောင်းလဲတရားစွဲဆိုပြီး ထောင်ဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အထူးအစီအစဉ်


ဆွေသဟာ အစီအစဉ်သုံးသူ သုံးသန်းကျော်အထိရှိ

မောင်မန်း

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က ဖုန်းခေါ်ဆိုခ လျှော့ချပေးမည့် ဆွေသဟာ ဝန်ဆောင်မှု အစီအစဉ်ကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ဝန်ဆောင်မှုပေးခဲ့ပြီး ဝေဖန်မှုများ ရှိခဲ့သော်လည်း အသုံးပြုသူ သုံးသန်း ကျော်အထိ ရှိနေပြီဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

''ဇန်နဝါရီ ၂၅ ရက်အထိ စာရင်းတွေအရ ဆွေသဟာအသုံးပြုသူ သုံးသန်းကျော်အထိ ရှိနေပါတယ်'' ဟု ၎င်းက ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးသည့် ဆွေသဟာ အစီအစဉ်မှ ပြန်လည်ထွက်ခွာပါက အင်တာနက် ဝန်ဆောင်မှု ပိတ်ခြင်းများ ဖြစ်ခဲ့သဖြင့် အသုံးပြုသူများက မကျေမနပ်ဖြစ်ခဲ့ကြသည်။

အင်တာနက်ဝန်ဆောင်မှု ပိတ်သွားခြင်းအတွက် အော်ပရေတာနံပါတ် ၁ဝ၆ သို့ ဆက်သွယ်ပြီး ဝန်ဆောင်မှု ပြန်ဖွင့်ပေးရန် တောင်းဆိုနိုင်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တာဝန်ရှိသူများက ပြောသည်။

ဆွေသဟာ အစီအစဉ်တွင် ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်နှင့် မက်ဆေ့ခ်ျ တစ်စောင်လျှင် ၁၅ ကျပ်နှုန်းသို့ လျှော့ချထားသော်လည်း အင်တာနက်အသုံးပြုမှု ပမာဏအလိုက် ကောက်ခံတော့သည့် ပုံစံသို့ ပြောင်းလဲထားပြီး 1MB လျှင် ၁၅ ကျပ်နှုန်း ကောက်ခံခြင်းအပေါ် ဝေဖန်မှုများ ရှိနေသည်။

မြန်မာ့ဆက်သွယ်ရေး ဖုန်းအသုံးပြုသူ ကိုဇော်အေးမောင်က ''ဖုန်းပြောခ လျှော့ပေမယ့် အင်တာနက်မှာ ပြန်ပြီးဈေးကြီးယူထားတယ်။ ဖုန်းပြောခ လျှော့တယ်ဆိုတာကလည်း ပြည်ပ အော်ပရေတာတွေထက် ပိုများနေသေးတယ်။ အဆင်မပြေပါဘူး'' ဟု ဆိုသည်။

ဆွေသဟာ အစီအစဉ်ကို ရယူရန် "SWE" ၁၃၃၂ သို့ မက်ဆေ့ခ်ျ ပေးပို့ရမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုကို ယခင်ကဲ့သို့ ကျပ်တစ်သောင်း ပေးဆောင်ရန်မလိုဘဲ စတင်ရရှိမည်ဖြစ်သည်။ ဆွေသဟာဝန်ဆောင် မှုရယူပြီး မူလအတိုင်း ဝန်ဆောင်မှု ပြန်လည်ရယူလိုပါကလည်း ၁၃၃၂ သို့ "UNSUBSWE" ဟု မက်ဆေ့ခ်ျပေးပို့ပြီး မူလအတိုင်း တစ်မိနစ်ခေါ်ဆိုခ ကျပ် ၅ဝ နှင့် အင်တာနက် အသုံးပြုသည့်အချိန်အလိုက် ကောက်ခံသည့် စနစ်ဖြင့် ဝန်ဆောင်မှု ပြန်လည်ရယူနိုင်မည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း (MPT) ၏ စီးပွားရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဇန်နဝါရီ ၉ ရက်က ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးမည်ဟု UNFC ပြော

KNG

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ်အဖြစ် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇန်နဝါရီလ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသား ပြည်နယ်များကို အခြေခံ၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်” ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုးသွားကြရန် အလုံးစုံဆန္ဒပြုအပ်ပါသည်” ဟု အဆိုပြုလိုက်ခြင်း ဖြစ်သည်။

“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို သမ္မတကြီးက ရေဒီယို မိန့်ခွန်းမှာ ပြောလည်း ပြောပြီးပြီ၊ အခုက ရေဒီယိုမှာ မပြောနဲ့တော့ စာချုပ်ပေါ်မှာ ချရေးပြီးတော့ နှစ်ဖက် သဘောတူတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ကလည်း ခွဲထွက်မဲ့လူတို့၊ လွတ်လပ်ရေးကြေငြာမဲ့ လူ မရှိဘူးပေါ့။ အပြန်အလှန် ကတိပြုပြီးတော့ ပြည်ထောင်စု တည်ဆောက်ကြမယ်ဆိုတဲ့ ကတိကို ပြည်ထောင်စုနေ့မှာ ရရင် ကောင်းတယ်။ ဒါကို အဆိုပြုတာပါ” ဟု UNFC မှ အထွေထွေအတွင်းရေးမှူး (၁)က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ အပြန်အလှန် ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကိုလည်း နှောင့်နှေးကြန့်ကြာမှု မရှိစေပဲ အဆုံးသတ်နိုင်ရေးကို ကြိုးပမ်းရာရောက်မည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်ကို ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါတယ်” ဟု အသိပေးခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန်အတွက် နှစ်ဖက် သဘောတူညီချက်များ ဆွေးနွေးရန် ကျန်နေသေးခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန် ကျန်နေသည့်အချက်များသည် လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှုအပေါ် ဆွေးနွေးရန်၊ နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းနှင့် နှစ်ဖက်ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းရန်တို့ အပါအဝင် အချက် (၅) ချက်ခန့် ကျန်ရှိနေခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားသည်ဟု ကြားသိရသဖြင့် တိုင်းရင်းသား ခေါင်းဆောင်များလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လိုလားသဖြင့် အားလုံး တက်ရောက်ရန် မျော်လင့်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားတွင် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့သာ ဖိတ်ကြားခဲ့ကာ ဇန်နဝါရီလ ၅ ရက်တွင် ထိုအဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

UNFC ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖွဲ့စည်း ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကျင်းပသော ညီလာခံတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည်။ ယင်းညီလာခံတွင် မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော် MNDAA (ကိုးကန့်အဖွဲ့) အဖွဲ့က အဖွဲ့ဝင် ဖြစ်လာသည်။

ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာဥပဒေ ပြဌာန်းဖို့ လိုအပ်


တရုတ်ဘက်မှ အဖမ်းအဆီးများကြောင့် နယ်စပ်မှ ဆန်တင်ပို့မှုအခြေအနေ ရပ်ဆိုင်းလုနီးပါးဖြစ်နေ

သီဟကိုကို

မြန်မာနိုင်ငံဘက်ခြမ်းမှ တရုတ်နိုင်ငံဘက်သို့ အဓိက ဆန်တင်ပို့လျက်ရှိသည့် မူဆယ်-ရွှေလီလမ်းကြောင်းတွင် တရုတ်အာဏာပိုင်များမှ အဖမ်းအဆီးများပြားလျက် ရှိခြင်းကြောင့် ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်ဟု မူဆယ်-မန္တလေးအခြေစိုက် ဆန်ကုန်သည်များက ပြောသည်။

ယခုရက်သတ္တပတ်အတွင်း တရုတ်အာဏာပိုင်များသည် မြန်မာနိုင်ငံဘက်မှ တင်ပို့သည့်ဆန်များကို ပြန် လည်ဖမ်းဆီးမှုများ ဆောင်ရွက်လာပြီး မြန်မာနိုင်ငံ ဘက်ခြမ်းမှ တရုတ်ဘက်သို့ ဆန်တင်သွင်းလျက် ရှိသည့် တရုတ်ကုန်သည် ဆန်ဝယ်လက်များကို ဖမ်းဆီးခံနေရသည်ဟု ၄င်းတို့က ဆိုသည်။

တရုတ်နှစ်သစ်ကူး နီးကပ်လာချိန်တွင် ဆန်အရောင်းအဝယ် အေးသွားလေ့ရှိပြီး ဇန်နဝါရီ ၂၃ ရက်ဝန်း ကျင်မှစ၍ တရုတ်နိုင်ငံ ရွှေလီဘက်ခြမ်းတွင် ဆန်ကုန်သည်များကို အဖမ်းအဆီးများပြားနေကာ တရုတ်နယ်စပ်ရှိ ဘဏ်များတွင် မြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်းအချို့လည်း ပိတ်ခံထားရသည်ဟု မူဆယ်ဆန် စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးဆန်စပါးကုန်စည်ဒိုင်မှ တာဝန် ရှိသူတစ်ဦးက ''တရုတ်ဘက်မှာ အဖမ်းအဆီး ကြမ်းနေတယ်ဆိုတဲ့ သတင်းကြောင့် ရော၊ နှစ်သစ်ကူးကြောင့်ရော အရောင်းအဝယ်အေးသွားတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံဘက်မှ လက်ရှိ နယ်စပ်လမ်းကြောင်းမှ ဆန်တင်ပို့ရောင်းချမှုသည် တရားဝင်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက် မှ တရားဝင်ဝယ်ယူရန် ခွင့်ပြုထားခြင်းမရှိ သည့်အတွက် အာဏာပိုင်များက မကြာခဏ ဖမ်းဆီးလျက်ရှိသည်။

၂ဝ၁၅ ဇန်နဝါရီ ပထမရက်သတ္တပတ် တစ်ပတ်တည်းတွင် မြန်မာနယ်စပ်လမ်းကြောင်းမှ တရုတ်သို့ ဆန် တင်ပို့မှု များပြားခဲ့ပြီး မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၃,ဝဝဝ ကျော် တင်ပို့ခဲ့ကာ ကန် ဒေါ်လာ ၁၂ သန်း ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ ရောင်းချရာတွင် တရုတ်ဈေးကွက်သို့ အဓိက ရောင်းချနေရပြီး ၂ဝ၁၄ -၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ တရုတ်သို့ နယ်စပ် လမ်းကြောင်းမှ ဆန်တန်ချိန် ခုနစ်သန်း ကျော် တင်ပို့ထားကာ ကန်ဒေါ်လာ သန်း ၂၇ဝ ကျော် ရရှိထားသည်။

ပြည်တွင်း စစ်ရှောင် ကရင်ဒုက္ခသည်များ နေရန် “စံပြရွာ” တည်ဆောက်နေ

စောရန်နိုင်

ကရင်လက်နက်ကိုင် အဖွဲ့များက မြန်မာအစိုးရနှင့် ပူးပေါင်း၍ ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များအတွက် ကရင်ပြည်နယ် အရှေ့တောင်ပိုင်းတွင် စံပြကျေးရွာသစ်တခု တည်ထောင်ပေးရန် ရှိကြောင်း ဧရာဝတီသို့ အတည်ပြုပြောကြားခဲ့သည်။

ယခုမှ စတင်တည်ထောင်မည့် ကျေးရွာသည် လေးကေကော် အမည်ရှိပြီး ထိုင်း-မြန်မာနယ်စပ်အနီး ကော့ကရိတ်မြို့နယ် အတွင်းတွင်တည်ရှိသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ မြ၀တီမြို့တွင် အခြေစိုက်ထားသည့် ဆက်ဆံရေး ရုံးမှ အရာရှိတဦးဖြစ်သော ဗိုလ်မှူးစောဇောရိုးကပြောသည်။ ကျေးရွာသစ်သည် KNU တပ်မဟာ ၆ ၏ အုပ်ချုပ်မှုအောက် တွင်ရှိမည် ဟုလည်းသိရသည်။

“ကျနော်သိသလောက်တော့ ကျေးရွာသစ်က တောထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ KNU တပ်ဖွဲ့ဝင်တွေရဲ့ အိမ်ရှင်မ တွေနဲ့ ကလေးငယ်တွေ အတွက် ရည်ရွယ်ပါတယ်။ ပြည်တွင်း စစ်ရှောင် ဒုက္ခသည်တွေအတွက် ဖြစ်ပြီးတော့ တန်ဖိုးနည်း အိမ်ယာ စီမံကိန်းတခုလိုပါပဲ” ဟု ဗိုလ်မှူးစောဇောရိုးက ဧရာဝတီသို့ တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်း သတင်းသည် အစိုးရနှင့် KNU တို့က ထိုင်းနိုင်ငံမှ ပြန်လာကြမည့် ဒုက္ခသည်များအတွက် စံပြ ကျေးရွာများ တည်ဆောက်နေကြောင်း ပြည်တွင်းမီဒီယာတခုက သတင်းမှားယွင်းဖော်ပြခဲ့ပြီးနောက် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ အတွင်း နယ်စပ်တလျှောက်ရှိ တရားဝင်ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည် ၁၃၀၀၀၀ ခန့်နေထိုင်ကြသည်။ ကျေးရွာကိုတည်ဆောက်နေကြောင်း ဗိုလ်မှူးစောဇောရိုးက အတည်ပြုပေးခဲ့သော်လည်း ကရင်လက် နက်ကိုင် အဖွဲ့များနှင့် နီးစပ်သော ပြည်တွင်းစစ်ရှောင် ဒုက္ခသည်များအတွက်သာဖြစ်သည်ဟု ရှင်းပြသည်။

KNU ၏ တိုက်ခိုက်ရေး အဖွဲ့ဖြစ်သော ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အပါအ၀င် လက်နက် ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များကြားတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဝေးလံသည့်နေရာများတွင် ပြည်တွင်း စစ်ရှောင်ဒုက္ခသည် ၅၀၀၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရ သည်။

ပြီးခဲ့သည့် နှစ်အတွင်းတွင်လည်း KNU က တပ်မဟာ ၇ ထိန်းချုပ်ထားသည့် ဒေသတွင် အလားတူ စံပြကျေးရွာ တရွာ တည်ထောင်ခဲ့သည်။ KNLA တပ်ဖွဲ့ဝင်များ၏ မိသားစုများက မဲတာရီးနှင့် မော်ဖိုးကေ တို့တွင် အခြေချနေကြပြီဖြစ်ပြီး KNU ၏ အထောက်အပံ့များ ရရှိနေသည်ဟု ဗိုလ်မှူးစောဇောရိုးကပြောသည်။

တာဝန်ရှိသူများက ကျေးရွာသစ်နှင့် ထိုင်းနိုင်ငံတွင်ရှိနေသည့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာမည့် အလားအလာတို့ ဆက်စပ်မှုမရှိဟု ဆိုသော်လည်း နယ်စပ် ၂ ဘက်လုံးတွင် ရှိနေသည့် သတင်းအရင်းအမြစ်များက ဒုက္ခသည်များ ပြန်လည် ရောက်ရှိလာရေးက မကြာမီဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရနှင့် ပူးပေါင်း၍ ဒုက္ခသည်များကို စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများ မကြာမီစတင်တော့မည် ဖြစ်ရာ အကူအညီပေးရေး လုပ်သားများက အနာဂါတ်ကာလတွင် ကိုယ့်သဘောနှင့်ကိုယ် ပြန်သွားနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှု အဆင့်တခုအဖြစ် ရှုမြင်ထားကြသည်။

UNHCR ၏ အာရှဒေသဆိုင်ရာပြောရေးဆိုခွင့် ရှိသူ Vivian Tan ကလည်း စံပြရွာသစ်သည် မကြာမီ ပြုလုပ်တော့မည့် ဒုက္ခသည်များကို စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသလို ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များကို နေရာ ချထားရေးနှင့် ပတ်သက်၍ ၎င်းတို့ကို အကြောင်းကြားထားခြင်းလည်း မရှိကြောင်းပြောသည်။ အဆိုပါစီမံကိန်းသည် ထိုင်း နိုင်ငံတွင်းမှ ဒုက္ခသည် စခန်း ၉ ခုရှိ ဒုက္ခသည်များ ကို စစ်ဆေးအတည်ပြုခြင်းနှင့် ဆက်စပ်မှုမရှိကြောင်း သူက အလေး အနက် ပြောကြားခဲ့ပါသည်။

သို့သော်လည်း ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များကို နှစ်ပေါင်း ၂၀ကျော်ကြာ အကူအညီပေးနေသည့် အဖွဲ့အစည်း တခုဖြစ်သော The Border Consortium (TBC) မှ ဒါရိုက်တာ Duncan McArthur က ဒုက္ခသည်များကို စစ်ဆေးအတည် ပြုခြင်းသည် နေရပ်သို့ ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတခု ဖြစ်နိုင်သည်ဟု ပြောသည်။

Duncan McArthur က စစ်ဆေးအတည်ပြုခြင်း အစီအစဉ်သည် အကယ်၍ ဒုက္ခသည်များ စခန်းမှ ထွက်ခွာပြီး မြန်မာနိုင်ငံ သို့ပြန်သွားခဲ့လျှင် အကူအညီပေးရေးနှင့် စောင့်ကြည့်လေ့လာရေးနှင့် ဆက်စပ်နေပုံရသည်ဟု ဆိုသည်။ နောက်ဆုံးတွင် နေရပ်နိုင်ငံသို့ ပြန်သွားနိုင်ရေးနှင့် သက်ဆိုင်သွားနိုင်သည်ဟုလည်း ထပ်ပြောသည်။

စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်တွင် UNHCR တွင် မှတ်ပုံတင်ထားသည့် အသက် ၁၁ နှစ်နှင့် အထက်ရှိသော ဒုက္ခ သည်များကို ဖော်ထုတ်နိုင်ရန်လည်း ပါဝင်သည်။ မှတ်ပုံတင်ပြီးသူတို့သည် ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များပါဝင် သည့် “smart card” များ ရရှိမည်ဖြစ်ပြီး UNHCR နှင့် အခြား အကူအညီပေးရေး လုပ်သားများက ၎င်းတို့ကို ခွဲခြားသိရှိ နိုင်မည်ဖြစ်သလို မြန်မာနိုင်ငံသို့ ပြန်ပါကလည်း ဆက်လက်အကူအညီပေးနိုင်မည် ဖြစ်သည်။

အကယ်၍ မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိလျှင် လူအမြောက်အများ အကူအညီမရရှိနိုင်တော့မည်ကို စိုးရိမ်ကြောင်း ဒုက္ခသည် များကပြောကြသည်။ အကြောင်း အမျိုးမျိုးကြောင့် မှတ်ပုံတင်ရာတွင် ပါဝင်နိုင်ခြင်း မရှိသူများအတွက် ပြဿနာများ ရှိလာ လိမ့်မည်ဟု သူတို့ကပြောသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘန်ကောက်မြို့၌ တွေ့ ဆုံ ရာတွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် Prayuth Chan-Ocha က မြန်မာနိုင်ငံမှ ဒုက္ခသည်များကို မိခင်နိုင်ငံသို့ ပြန်စေလို ကြောင်း အရိပ်အယောင်ပြခဲ့သည်။ ထိုင်းနိုင်ငံမှ ယာယီစခန်းများရှိ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် ၎င်း တို့ ၂ ဦးဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း ဇန်န၀ါရီ ၃၀ရက် စတင်


၂၀၁၅ တွင် မြန်မာသို့ ကမ္ဘာလှည့်ခရီးသွား ၄ ဒသမ ၅ သန်း ဝင်ရောက်ရန် မျှော်မှန်း

သီဟကိုကို

၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၅ သန်းခန့် ဝင်ရောက်လာနိုင်မည်ဟုမျှော်မှန်းထားကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပသည့် အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်ဖွင့်ပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂ဝ၁၂ ခုနှစ်၌ ခရီးသွားလုပ်ငန်းကဏ္ဍ စံချိန်တင်အဖြစ် ကမ္ဘာလှည့်ခရီးသည် တစ်သန်းကျော် လာရောက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် နှစ်သန်းကျော် ဆက်လက်ဝင်ရောက်ခဲ့ သည်။

၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် သုံးသန်းကျော် ဝင်ရောက်ခဲ့ပြီး လက်ရှိ ကမ္ဘာလှည့်ခရီးသွားဝင် ရောက်လာမှု တိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းထား မည်ဆိုလျှင် ၂ဝ၁၅ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား ၄ ဒသမ ၅ သန်း ဝင်ရောက်လာနိုင်သည်ဟု သမ္မတက ဆိုသည်။

ကမ္ဘာလှည့်ခရီးသွားများအတွက် တည်ငြိမ်အေးချမ်းမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များကို ပိုမိုဖြေလျှော့ပေးလာ နိုင်မည်ဆိုလျှင် ၂ဝ၁၅ ခုနှစ်တွင် ခရီးသည် ငါးသန်းအထိ တိုးတက်ဝင်ရောက်လာနိုင် မည်ဖြစ်သည်ဟု ဆိုသည်။

ခရီးသွားလုပ်ငန်းသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သည်ဟု သမ္မတက ပြောကြားခဲ့ပြီး မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းမှ စီးပွားရေးအကျိုးသက်ရောက်မှုသည် ၂ဝ၁၃ ခုနှစ်တွင် ကျပ် ၁,၉၇ဝ ဘီလီယံရှိခဲ့ပြီး ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ၏ ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကာ ၂ဝ၁၄ ခုနှစ်၌ ခရီးသွား လုပ်ငန်းကဏ္ဍသည် ဂျီဒီပီ၏ ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည်ဟု World Travel and Tourism Council မှ တွက်ချက် ထားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၂၅၄ သန်း၊ ၂ဝ၁၁ ခုနှစ် တွင် ကန်ဒေါ်လာ ၃၁၉ သန်း၊ ၂ဝ၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၅၃၄ သန်း၊ ၂ဝ၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၉၁၄ သန်း ရရှိခဲ့ကာ ၂ဝ၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁,၁၃၅ သန်း ရရှိခဲ့သည်။

ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုသည် ၂ဝ၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁,၁၄၄ သန်း၊ ၂ဝ၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁,၄၁၆ သန်း၊ ၂ဝ၁၃ ခုနှစ်တွင် ၁,၉၁၇ သန်း၊ ၂ဝ၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂,၅၅၇ သန်းအထိ ရှိခဲ့သည်။

မသန်စွမ်းသူများအခွင့်အရေးကို ဒု-သမ္မတက ဆောင်ရွက်ပေးရန် သဘောတူ

နော်နိုရင်း

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌတာဝန်ကို ဒုတိယ သမ္မတ တဦးကို ခန့်အပ်တာဝန်ပေးဖို့ မသန်စွမ်းအဖွဲ့ကိုယ်စားလှယ်တွေ၊ လွှတ်တော်က ကော် မတီအဆင့်တာဝန်ရှိသူတွေ သဘောတူညီကြပါတယ်။

မသန်စွမ်း အဖွဲ့အစည်းတွေ၊ ဦးမောင်မောင်ဆွေ ဦးဆောင်တဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ လွှတ်တော်အမတ်တွေ မသန်စွမ်းဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဒီလ ၂၈ ရက်နေ့ နေပြည်တော် ဆွေးနွေးပွဲမှာ သဘောတူကြပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေကြမ်းရဲ့အခန်း ၃ မှာ ဥက္ကဋ္ဌတာဝန်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ခန့်အပ်ရမယ်လို့ ပါရှိပြီး မသန်စွမ်းတွေက ဒုတိယသမ္မတနဲ့ ပြောင်းလဲပေးဖို့ အဆိုပြုချက်ကို သဘောတူခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ ပါဝင်သူတွေ ရွှေမင်းသား ဖောင်ဒေးရှင်းက ဦးမြတ်သူဝင်းက “ကျနော်တို့က ဒုတိယသမ္မတကို အမျိုးသားကော်မတီဥက္ကဋ္ဌအနေနဲ့တင်မြှောက်ဖို့ ဆန္ဒပြုထားတယ်။လူမှုဝန်ထမ်းဦးစီးဌာနကလည်း အဲဒါကို နဂိုကတည်းက သဘောတူတယ်။ အစကတည်းက ဒုတိယသမ္မတဆိုရင် ကြာသွားမှာစိုးလို့ လူကယ်ပြန်ဝန်ကြီး (လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး) ကို ဥက္ကဋ္ဌလို့ သဘောထားထားတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာဆွေးနွေးရင်တော့ လက်ခံမယ်လို့ အကြမ်းဖျဉ်း သဘောတူထားတယ်။ ပညာရေးနဲ့ပတ်သက်လို့လည်း အထူးကျောင်းရယ်၊ အထူးပညာရေးလိုအပ်ချက်ရှိတဲ့ ကလေးရယ်၊ ကျောင်းပညာရေးရယ်ပေါင်းစည်းပညာရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိဖို့လည်း ကျနော်တို့ဆွေးနွေးတယ်” လို့ ပြောပါတယ်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့နှစ်ဦးအနက် ဘယ်သူ့ကို တာဝန်ပေးမယ်ဆိုတာ မဆုံးဖြတ်ခဲ့ကြပါဘူး။

နေပြည်တော်ဆွေးနွေးပွဲမှာ မသန်းစွမ်းဥပဒေမူကြမ်းပါ အခန်း ၁၇ ခန်းကို တခန်းချင်းစီ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ရရှိတဲ့ သဘောတူညီချက်တွေကို လွှတ်တော်ကို တင်ပြအ တည်ပြုကြမှာဖြစ်ပါတယ်။

ဦးမြတ်သူဝင်းက “ဆွေးနွေးတာက တော်တော်တော့များတယ်။ သူတို့ဘက်ကလည်း ကြိုတင်ပြင်ဆင် ထားတဲ့အတွက် တော်တော်များများက တူညီနေတာတွေ့ရတယ်။ ကျနော်တို့ ဆွေး နွေးတာ အကုန်လုံးနီးပါးကို လက်ခံတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ ဘယ်လိုလာ မလဲမသိသေးဘူး ” လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို လွှတ်တော်ဘက်က ၁၉ ဦးနဲ့ မသန်စွမ်းတွေဘက်က အယောက် ၂၀ တက်ရောက်ပါတယ်။

မသန်စွမ်းသူများ၏အခွင့်အရေးများဥပဒေမူကြမ်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ မသန်စွမ်းသူတွေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အ စည်းတွေ ညှိနှိုင်းရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။

၂၀၀၈-၂၀၀၉ ခုနှစ်ထုတ်ပြန်တဲ့စာရင်းအရ မြန်မာ့လူဦးရေရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်းဟာ မသန်စွမ်းသူဖြစ်တယ်လို့သိရပြီး မသန်စွမ်းသူတွေရဲ့ တ၀က်ကျော်ဟာ ပညာ သင်ကြား ခွင့်မရဘူးလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စုစုလှိုင်က မနှစ် နိုဝင်ဘာလတုန်းက လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေ မူလအစီအစဉ်အတိုင် ရန်ကုန် ဆက်ချီမည်



ဖွဲ့စည်းပုံပြင်ရေး ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တပ်မတော်သား အမတ်များက လွှတ်တော်သို့ တင်ပြ

မောင်သင်တုန်း

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို တိုင်းရင်းသားလူမျိုးကြီး ခုနစ်ခု၏ ကိုယ်စားလှယ်များ ပါဝင်သင့်သည့်အတွက် ၁၂ ပွင့်ဆိုင် တွေ့ဆုံဖြေရှင်းရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုလိုက်သည်။

''တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော်၏ ကိုယ်စားလှယ် တစ်ဦးစီပါဝင်ရန် မဖြစ်နိုင်သကဲ့သို့ တိုင်းရင်းသား အစုအဖွဲ့အများအတွက် ကိုယ်စားလှယ်တစ်ဦးသာ သတ်မှတ်ပေးခြင်းမှာလည်း တိုင်းရင်းသားများ အပေါ် အလေးမထားရာရောက်နေပါသည်။ ထိုကြောင့် တိုင်းရင်းသားများအနေဖြင့် ယင်းတို့၏ဆန္ဒများ ထုတ်ဖော်ပြောဆိုနိုင်ရေး အနည်းဆုံး ဗမာတိုင်းရင်းသားမပါ ကျန်တိုင်းရင်းသား လူမျိုးစုကြီး ခုနစ်ခုမှ ကိုယ်စားလှယ် တစ်ဦးကျစီ ပါဝင်သင့်သည်'' ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးချူပ် ကျော်ဦးလွင်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားအကြံပြုထားခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံသို့ ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံဉာဏ်ပေးပို့ရာတွင် အထက်ပါအတိုင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။

ခေတ်စနစ် အချိန်အခါ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေးမှာ ခြောက်ပွင့်ဆိုင် ဆွေးနွေးမှုထက်ပိုမိုသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ယခုထက် ပိုမိုပါဝင်နိုင်ရန် အကြံပြုခြင်းဖြစ်သည်ဟု ဗိုလ်မှုးချူပ် ကျော်လွင်ဦးက ပေးပို့ထားသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် တိုင်းရင်းသား ကိုယ်စားလှယ်များ ကိုယ်စား ရွေးချယ်ထားသည့် ဒေါက်တာ အေးမောင်က ''ပုဂ္ဂိုလ်ခြောက်ဦး၏ ဆွေးနွေးချက်များကို သက်ဆိုင်ရာ ခေါင်းဆောင်များအား ရှင်းပြကာတိုင်း ရင်းသားတို့၏ လိုလားတောင့်တချက်များကို ခြောက်ယောက် တွေ့ဆုံပွဲ၌ တင်ပြတောင်းဆိုပေးခြင်း၊ အရေး ကြီးပါက သက်ဆိုင်ရာ တိုင်းရင်းသားခေါင်ဆောင်များကို ခြောက်ယောက်တွေ့ဆုံပွဲသို့ အလှည့်ကျဖိတ် ကြားပေးရန် အကြံပြုထားတယ်'' ဟု ပြောသည်။

လွှတ်တော်တွင် ငါးဦးအထက်ရှိ နိုင်ငံရေးပါတီများ အားလုံးပါဝင်သည့် ညွှန့်ပေါင်းအစိုးရဖြစ်သော တစ်မျိုးသားလုံးဆိုင်ရာ အစိုးရကို ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်က ဦးဆောင်ဖွဲ့စည်းပြီး ၂ဝ၁၅ ရွေးကောက် ပွဲပြီးနောက် အစိုးရသစ် တက်လာသည့်အထိ တာဝန်ယူဆောင်ရွက်ရန်လည်း ကိုယ်စားလှယ်များက အကြံ ပြုထားသည်။

''၄၃၆ ပြင်နိုင်ဖို့ အရေးကြီးတယ်။ ပြင်တဲ့နေရာမှာ ၄၃၆ ပြင်ပြီးရင် တစ်ဖက်စောင်းနင်း မဖြစ်အောင်ထိန်း ဖို့လိုတယ်။ နောက်ကြောင်းပြန်အရေးယူမှုတို့ စိုးရိမ်းစရာရှိတယ်ဆိုရင် ဘယ်လိုမှအပြင်ခံမှာ မဟုတ်ဘူး။ အရေးယူမှု မရှိအောင် PR စနစ်နဲ့ အစားထိုး၊ PR စနစ် လုပ်ခြင်းအားဖြင့် အလွန်အကျွံမဲအရေအတွက် ရနိုင် တဲ့အခြေအနေကို မရနိုင်ဘူး။ FPPT စနစ်နဲ့ဆိုရင် ရနိုင်တယ်။ အဲဒီလို ရနိုင်တဲ့အခါကျတော့ နောက်ကြောင်း ပြန်အရေးယူမှုလုပ်လို့ရတယ်။ ဒါကြောင့်အလဲအလှယ် လုပ်ရမယ်'' ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုချက် ၂၁ ချက်အထိရှိပြီး ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်များကလည်း အဆိုတင်သွင်းပြီး အတည်ပြုထားသည်။

လက်ဝါး ကပ်တိုင် ပြောင်းရွှေ့ ခံရခြင်းကိစ္စ သမ္မတနှင့် ပြည်နယ် အစိုးရအား ကန့်ကွက် ထားကာ ဆက်လက် ဆန္ဒပြရန် ပြင်ဆင်နေ

ရွှေဟင်္သာ

ချင်းပြည်နယ်၊ ဟားခါးမြို့ ဆုတောင်းပြည့် တောင်ကုန်း၌ စိုက်ထူ ထားသည့် ခရစ်ယာန် ဘာသာဝင်များ အထွဋ်အမြတ် ထားရာ လက်ဝါး ကပ်တိုင်အား ချင်းပြည်နယ် အစိုးရ အဖွဲ့မှ ပြောင်းရွှေ့ ခိုင်းနေခြင်း အပေါ် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် တို့ထံ စားရေး၍ ကန့်ကွက် ထားကာ၊ ဆက်လက်၍ ကန့်ကွက် ဆန္ဒပြ သွားမည် ဖြစ်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ရွှေဟင်္သာ သတင်းဌာနအား ဇန်နဝါရီလ (၂၉) ရက်နေ့က ပြောသည်။

“ချင်းလူမျိုး ခရစ်ယာန်တွေ ဘုရားကျောင်း တည်ဆောက်လို့ မရ၊ တည်ဆောက်ထားတဲ့ လက်ဝါး ကပ်တိုင် တွေကို ဖြိုခိုင်းတဲ့ ကိစ္စတွေ၊ စတဲ့ မတရား ဟန့်တား ခံနေရမှု တွေကို ချင်းပြည်နယ် အစိုးရနဲ့ သမ္မတ ဦးသိန်းစိန်ကို ကျွန်တော်တို့ ပါတီကနေ စာရေးသား ကန့်ကွက် ထားတယ်။ ဆက်လက် ပြီးလည်း ကန့်ကွက် ဆန္ဒပြဖို့ စီစဉ် နေတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထို့ပြင် ထိုလက်ဝါး ကပ်တိုင် တည်ဆောင် စဉ်၌ ပါဝင် ခဲ့သည့် ဒေသခံ တဦး အားလည်း၊ တရားမဝင် သစ်ခုတ်မှုဖြင့် တရားစွဲဆို ထားကာ ၎င်းအား အမှု မဖွင့်ရန်နှင့် လက်ဝါး ကပ်တိုင်အား ပြောင်းရွှေ့ခြင်း မပြုရန် ကန့်ကွက် သွားမည် ဟုလည်း ချင်းလူ့အခွင့်အရေး အဖွဲ့ ညွှန်ကြားရေးမှူး ဆလိုင်းဘူလျံမန်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

လက်ဝါး ကပ်တိုင် ဖြိုဖျက်ပြီး ပြောင်းရွှေ့ ခိုင်းတဲ့ ကိစ္စ နောက်တခုက လက်ဝါးကပ်တိုင် တည်ဆောက်တဲ့ နေရာမှာ ပက်သက်နေတဲ့ ပူးတီာလ်ကျဲမ်း ကို မတရားဝင် သစ်ပင် ခုတ်မှုနဲ့ တရားစွဲဆို ထားတာ ရှိပါတယ်။ အဲဒီ အမှုကို မဖွင့်ဖို့ လက်ဝါး ကပ်တိုင်ကို ပြောင်းရွှေ့ခြင်း မပြုဖို့ ကျွန်တော်တို့ လူ့အခွင့်အရေး အဖွဲ့က ကန့်ကွက်စာ ပေးပို့ ထားပါတယ်” ဟု ဆလိုင်းဘူလျံမန်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထို သမ္မတနှင့် ချင်းပြည်နယ် အစိုးရအား ပေးပို့သည့် ကန့်ကွက် စာအား ဇန်နဝါရီလ (၂၈) ရက်နေ့၌ ပေးပို့ ထားပြီး ဖြစ်ကာ ဆက်လက်၍ လာမည့် ဖေဖော်ဝါရီ ပထမ အပတ်၌ ကန့်ကွက် ဆန္ဒပြ သွားရန် စီစဉ် ထားကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

ဟားခါးမြို့၊ မြို့သစ် ရပ်ကွက် ဆုတောင်းပြည့် တောင်ကုန်း ပေါ်၌ စိုက်ထူ ထားသည့် ၎င်း လက်ဝါး ကပ်တိုင်အား ဇန်န၀ါရီလ မကုန်ခင် ပြောင်းရွှေ့ ပေးရန် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း က ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ညွှန်ကြားလွှာ အမိန့်စာ ထုတ်ပြန် ထားခဲ့သည်။

ချင်းပြည်နယ် ဝန်ကြီးချုပ်မှ ပြောင်းရွှေ့ရန် ညွှန်ကြား ထားသည့် အဆိုပါ လက်ဝါး ကပ်တိုင်သည် ဒေသခံ တဦး ဖြစ်သူ ပူးဂျေပီဗျက်သင်ဆန်း က ၎င်း ၀ယ်ယူ ပိုင်ဆိုင် ထားသည့် မြေနေရာ ပေါ်၌ တည်ဆောက် ထားခြင်း ဖြစ်ကာ အမြင့် (၅၄) ရှိပြီး ဆောက်လုပ်စဉ်၌ သက်ဆိုင်ရာ အာဏာပိုင် များထံ ခွင့်ပြုချက် တောင်းဆို ထားခြင်း မရှိခဲ့သည့် အတွက် ဥပဒေ လုပ်ထုံး လုပ်နည်း အရ ပြောင်းရွှေ့ ခိုင်းခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦး ဖြစ်သည့် ဝန်ကြီး ပူးဗန်ထောင်းက ရွှေဟင်္သာ သတင်းဌာနအား တုံ့ပြန် ပြောဆိုသည်။

“မြေယာ ဥပဒေ အရ မြေကို တခြား နည်းနဲ့ အသုံးပြု ချင်ရင်တော့ တရားဝင် လျှောက်လွှာ တင်ရ ပါတယ်။ အခုက အဲတာတွေ တရားဝင် တင်ပြတာ၊ စာတွေ ဘာတွေ မရှိတဲ့ အတွက် လုပ်ထုံး လုပ်နည်းအရ အခုလို လုပ်ရခြင်း ဖြစ်ပါတယ်” ဝန်ကြီး ပူးဗန်ထောင်းက တုံပြန် ပြောဆိုသည်။

ထို ချင်းပြည်နယ် အစိုးရနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ ထားသည့် ကန့်ကွက် စာ၌ “ခရစ်ယာန် ဘာသာရေး အထိမ်းအမှတ် လက်ဝါး ကပ်တိုင်အား ပြောင်းရွှေ့ ခိုင်းခြင်းသည် ဘာသာရေး ချိုးနှိမ်ရာ ရောက်ပြီး ချင်းပြည်နယ် အစိုးရနှင့် ခရစ်ယန် ဘာသာဝင် များအကြား အပြန်အလှန် လေးစား ယုံကြည်မှုကို ပျက်ပြားစေနိုင်သလို၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း ဟူသည့် လောကပါလ တရားအားလည်း အဟန့်အတား ဖြစ်စေကြောင်း” ရေးသား ဖော်ပြ ထားသည်။

ထို့ပြင် ဘာသာရေး အဖွဲ့အစည်း များမှ သာသနာ့ နယ်မြေ ပိုင်ဆိုင်ခွင့် ရရှိရန်၊ လွတ်လပ် စွာဘာသာရေး ဆိုင်ရာ စည်းဝေးခွင့် ဟောပြော စည်းရုံးခွင့် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖျက်စီးခံခဲ့ရသည့် လက်ဝါး ကပ်တိုင် များအား စိုက်ထူခွင့် ပေးရန်လည်း မြန်မာ အာဏာပိုင် များအား ကန့်ကွက် စာ၌ ဆက်လက် တောင်းဆို ထားသည်။

ချင်းလူ့အခွင့်အရေး အဖွဲ့၏ မှတ်တမ်း များအရ ချင်းပြည်နယ်၌ ယခင် အစိုးရ လက်ထက်မှ စ၍ ယခု အစိုးရသစ် လက်ထက် အထိ လက်ဝါးကပ်တိုင် စုစုပေါင်း ၁၃ ခု ဖျက်ဆီး ခံရပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ၏ အုပ်ချုပ်မှု ယန္တရား အောက်၌လည်း ချင်းပြည်နယ် တွင်းမှ ခရစ်ယန် ဘာသာဝင် များအနေဖြင့် ဘာသာရေး အရ ဖိနှိပ် ခွဲခြားမှု ခံနေရဆဲ ဖြစ်ကာ ချင်းပြည်နယ် သာသနာရေး ဦးစီး ဌာန အတွက် ဗဟို အစိုးရမှ ချမှတ် ပေးသည့် ဘဏ္ဍာ များအား ခရစ် ဘာသာ အတွက် ခွဲဝေ သုံးစွဲမှု ပြုခြင်း မရှိကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က စွပ်စွဲ ပြောဆို ပါသည်။

ပလိပ်အထည်စက်ရုံ ၀န်ထမ်းတွေ သဘောတူစာချုပ်ဖို့ စောင့်နေတာ တလကျော်


ကချင်ဆရာမများ သေဆုံးမှု တပ်မတော်နှင့် မသက်ဆိုင် ပုတ်ခတ်ရေးသားပါက အရေးယူမည်ဟု ထုတ်ပြန်

ယုဝေ

ကချင်တိုင်းရင်းသူ ကျောင်းဆရာမ နှစ်ဦး သတ်ဖြတ်ခံရသည့်ကိစ္စတွင် တပ်မတော်သားများကို စွပ်စွဲပြောဆို ရေးသားနေမှုများနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အမှုမှန်သိရှိချိန်တွင် တပ်မတော်ကို ပုတ်ခတ်ပြောဆို ရေးသားမှုများ ပြုလုပ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဇန်နဝါရီ ၂၈ ရက်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ကချင်တိုင်းရင်းသူ ကျောင်းဆရာမ နှစ်ဦးကိစ္စကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးနှင့် မှုခင်းရဲတပ်ဖွဲ့တို့က အမှုမှန်ပေါ်ပေါက်ရေးအတွက် ဇန်နဝါရီ ၂ဝ ရက်မှ စတင်စုံစမ်းစစ်ဆေး နေ ကြောင်း၊ တပ်မတော် စစ်ကြောင်းရောက်ရှိချိန်နှင့် အခင်းဖြစ်ပွားသည့်နေရာ မီတာ ၅ဝဝ ခန့်အကွာတွင် တည်ရှိသည့်အတွက် ယုံမှားသံသယရှိသည့်အပေါ် တပ်မတော်က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ၏ စုံစမ်းစစ်ဆေးမှုများကိုလည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုထားသည်။

ထို့ပြင် အဆိုပါ တပ်မတော်စစ်ကြောင်းသည် နယ်မြေလုံခြုံရေးရှိစေရန် သီးခြားတာဝန်များ ရှိသော်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် အဆိုပါ ကောင်းခါးကျေးရွာ၌ပင် အခြေ ချနေထိုင်လျက်ရှိကြောင်း တရားခံဖော်ထုတ်ရာတွင် စုံစမ်းစစ်ရေးအဖွဲ့များ သွားရောက်ရာ၌ လုံခြုံရေးလိုက် ပါဆောင်ရွက်ခြင်းနှင့် ဆံပင် DNA နှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန်နယ် မြေခံစစ်ကြောင်းမှ တပ်မတော်သားများ၏ ဆံပင်နမူနာများ ပေးပို့ထားခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မှုခင်းဆိုင်ရာ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ တရားခံသည် တပ်မတော်သားများ ဖြစ်နိုင်ဖွယ်မရှိဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြော ကြားထားသည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာ ''တပ်မတော်က ကိုယ်တိုင်တာဝန်ယူထားတာ မရှိဘူး။ အဲ့ဒါကြောင့် တပ်မတော်ကိုပဲ ပြန်တိုက်တွန်းရတာပါ။ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်လည်း ဖွင့်ပေးမထားဘူး'' ဟု ပြောသည်။

မြန်မာ ဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က''အချက်အလက်တွေ မှားယွင်းရင်တော့ မှားယွင်းတဲ့ အချက်အလက်တွေကို လူတွေရဲ့ ထင်မြင်ချက်တွေက သတင်းဌာနရဲ့ opinion တွေ မဟုတ်ဘဲနဲ့ လူတွေရဲ့ မှန်းဆပြောဆိုချက်တွေရှိမယ်။ တစ်ခါတစ်ခါ အဲ့ဒီသတင်းရင်းမြစ်တွေကို ကိုးကား တယ်။ ကိုယ်တွေ တစ်ဖက်ကိုလည်း မေးဖို့ကြိုးစားတယ်။ စွပ်စွဲခံရတဲ့ဘက်ကို မေးဖို့ကြိုးစားတယ်။ အဲ့လို သတင်း သဘောအရ ရေးတာဆိုရင်တော့ ဟိုအသရေဖျက်တယ်၊ ဂုဏ်သရေထိခိုက်တယ်လို့တော့ စွပ်စွဲလို့မရဘူး။ ဒါပေမယ့် ဒီကလုပ်တာပဲလို့ စွပ်စွဲပြောဆိုတဲ့ အာဘော်လို ရေးသားပြောဆိုတဲ့ ဟာဆိုရင်တော့ ပြဿနာရှိနိုင်တယ်'' ဟု ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ''သတင်းသမား တစ်ယောက်အနေနဲ့ပြောရရင် သတင်းရင်းမြစ် ခိုင်မာဖို့လိုတယ်။ အချက်အလက် ခိုင်မာရင်တော့ ရေးလို့ရပါတယ်။ မခိုင်မာရင်တော့ ကိုယ်မှာ တာဝန်ရှိတာပေါ့။ သတင်း ရင်းမြစ်ကလည်း ယုံကြည်ရလား စစ်ဆေးရမယ့် တာဝန်ရှိတယ်'' ဟု ပြောသည်။

အဆိုပါ ဆရာမနှစ်ဦးမှာ ဇန်နဝါရီ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်းမြို့နယ်၊ နမ့်တောင်း ကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ရန်ကုန် ပုလိပ်မင်းကြီး ရုံးဟောင်း Kempinski ဟိုတယ် ဖြစ်လာမည်

ကျော်ဆုမွန်

ရန်ကုန်မြို့မှ ကိုလိုနီခေတ် အဆောက်အဦးဖြစ်သည့် ပုလိပ်မင်းကြီး ရုံးဟောင်းကို နိုင်ငံတကာ အဆင့်မီဟိုတယ် တခု အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် ဆွစ်ဇာလန်နိုင်ငံမှ Kempinski Group၊ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူတဦးနှင့် မြန်မာ ကုမ္ပဏီ လုပ်ငန်းစုတခု အား လုပ်ပိုင်ခွင့် ချထားပေးခဲ့သည်ဟု အစိုးရတာဝန်ရှိသူတဦးက ပြောကြားသည်။

သို့သော်လည်း သမိုင်းဝင် အဆောက်အဦးကို ရန်ကုန်တိုင်းတရားရုံး အဖြစ် ပြန်လည် အသုံးပြုစေလိုသော မြန်မာရှေ့နေများက အဆိုပါ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သမိုင်းဝင် အဆောက်အဦးကို ချမ်းသာ ကြွယ်ဝသည့် ဧည့်သည်များအတွက် ဟိုတယ်အဖြစ်သို့ ပြောင်းလဲပြုလုပ်ရန် Kempinski Group နှင့် ၎င်း၏ စီးပွားဖက် များ သို့ လုပ်ပိုင်ခွင့် ချထားပေးခဲ့ပြီး ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။ “ပုလိပ်မင်းကြီးရုံးဟောင်း အဆောက်အဦးကို Kempinski ရဲ့ ဟိုတယ်တခုအဖြစ် ဖွင့်လှစ်ဖို့ ကျနော်တို့ ခွင့်ပြုပေးပြီးဖြစ်ပါတယ်” ဟု သူက ဆိုသည်။

နေပြည်တော်မှ Kempinski ဟိုတယ်၏ အထွေထွေမန်နေဂျာ Franck Droin က Kempinski Group၊ ထိုင်းနိုင်ငံမှ Kanok Furniture and Decoration နှင့် မြန်မာနိုင်ငံမှ Jewelry Luck Group Myanmar တို့သည် ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ ယင်းအဆောက်အဦးကို ဟိုတယ်အဖြစ်ပူးပေါင်းဖွင့်လှစ်ရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက သဘောတူညီချက် လက် မှတ်ရေးထိုးခဲ့ကြသည်ဟု ပြောသည်။

“ရန်ကုန်မှာ ကျနော်တို့ ဟိုတယ်တခု ရှိလာပါမယ်။ ခုချိန်မှာ အသေးစိတ်ပြောဖို့ကတော့ စောနေပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်စရာတွေအများကြီး ကျန်နေသေးလို့ပါ။ ဒါပေမယ့် အဲဒါကို ၂၀၁၆ ခုနှစ် အကုန်ပိုင်းလောက်မှာ ဖွင့်လှစ်ပါမယ်။ သမိုင်းဝင် အမွေအနှစ် အဆောက်အဦးတခုဖြစ်ပါတယ်” ဟု Franck Droin က နေပြည်တော်တွင် ဇန်န၀ါရီလ ၂၆ ရက် နေ့က ပြုလုပ်ခဲ့သည့် တွေ့ဆုံ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။ မည်သည့် သမိုင်းဝင် အဆောက်အဦးကို ဟိုတယ်အဖြစ် သို့ ပြောင်းလဲဖွင့်လှစ်မည် ဆိုသည်ကို အတိအကျပြောဆိုခဲ့ခြင်း မရှိပါ။

ရန်ကုန်၌ ဖွင့်လှစ်မည့် Kempinski ဟိုတယ်တွင် အခန်း ၂၂၉ ခန်း၊ စားသောက်ဆိုင် ၃ ဆိုင်၊ နားနေခန်း ၁ ခန်း၊ အမိုးပေါ်တွင် ဘားခန်း၊ ကပွဲခန်းမ၊ ရေကူးကန်နှင့် spa တခုပါဝင်သည်ဟု နိုဝင်ဘာလကထုတ်ပြန်ခဲ့သည့် Kempinski Group ၏ ကြေညာချက် တစောင်တွင်ဖော်ပြထားသည်။

အကြီးစား အဆင့်မြှင့်ပြင်ဆင်မှုကို ထိုင်းနှင့် မြန်မာ ရင်းနှီးမြှုပ်နှံသူများက အကောင်အထည်ဖော် ဆောင်ရွက်နေသည် ဟု လည်း Franck Droin ကပြောသည်။ အဆောက်အဦးကို နိုင်ငံတကာအဆင့်မီ ဟိုတယ်တခုအဖြစ် ပြင်ဆင်ရာတွင် Kempinski Group က အကြံဥာဏ်များပေးနေပြီး ဟိုတယ်စီမံခန့်ခွဲရေးကိုလည်း လုပ်ဆောင်သွားမည်ဟု သူက ထပ်ပြော သည်။

ရန်ကုန်၌ ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်မည့် Kempinski ဟိုတယ်တွင် Kanok Furniture and Decoration နှင့် Jewelry Luck Group Myanmar တို့ ဖက်စပ်လုပ်ဆောင်ရန် Kanok Furniture and Decoration သို့ ငွေကြေးအထောက်အပံ့ အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးအပ်ရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံမှ Jewelry Luck ကုမ္ပဏီကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကုန်သွယ်ရေး၊ ဟိုတယ် လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလျှက်ရှိသည်။

ရန်ကုန်တိုင်းတရားရုံးကို ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့် အချက်အချာကျသည့် မြို့လည်တွင်တည်ရှိသော သက်တမ်း နှစ်၉၀ ရှိ ပုလိပ်မင်းကြီးရုံးဟောင်းတွင် ၂၀၁၂ ခုနှစ် အထိ ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအဆောက် အဦးကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများသို့ လွှဲပြောင်းရောင်းချမည့် စာရင်းတွင် ထည့်သွင်းခြင်းခဲ့သည်။

ထိုသို့စာရင်းသွင်းလိုက်ပြီး များမကြာမီတွင် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် က ပန်းဘဲတန်းမြို့နယ်အတွင်းရှိ တရားရေး ဆိုင်ရာ အဆောက်အဦးများဖြစ်သည့် ပုလိပ်မင်းကြီးရုံး အဆောက်အဦးနှင့် အနားရှိတရားရုံးချုပ် အဆောက်အဦးကိုပါ အမည်မသိ ပုဂ္ဂလိက ကုမ္ပဏီများလက်သို့ လွှဲပြောင်းပေးခဲ့ခြင်းကို ဆန့်ကျင်ဆန္ဒပြရန် စတင်လုပ်ဆောင်လာခဲ့သည်။ နောက်ပိုင်းတွင် အစိုးရက သက်တန်း ၁၀၃ နှစ်ရှိ တရားရုံးချုပ် အဆောက်အဦးကြီးကို လွှဲပြောင်းပေးရေး အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။

ပုလိပ်မင်းကြီးရုံးမှ စီမံကိန်းနှင့် ပတ်သက်၍ သတင်းအချက်အလက်သိရှိနိုင်မှု နည်းပါးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာပိုင်ဟု ခန့်မှန်းရသည့် “Flying Tiger ” အမည်ရှိ ကုမ္ပဏီတခုက အဆောက်အဦးကြီးကို ဟိုတယ်အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ရန် လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ပြုပြင်မွမ်းမံရေး လုပ်ငန်းများစတင်ခဲ့သော်လည်း ကြီးမားသည့် ပြည်သူပိုင် အဆောက်အဦးကြီးကို ဟိုတယ်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများသို့ လုပ်ပိုင်ခွင့်ချထားပေးခြင်းမှ အစိုးရအတွက် မည်သို့ အကျိုးအမြတ်ရရှိနိုင်မည်ဆိုသည်ကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

မြန်မာရှေ့နေ ၅၀ ခန့်က ပုလိပ်မင်းကြီးရုံးဟောင်း အဆောက်အဦး စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြပွဲတခုကို ပြု လုပ်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် မေလ အတွင်းတွင် ၎င်းတို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရကို စီမံကိန်းများနှင့် ပတ်သက်၍ ဥပဒေကြောင်း မှ တရားစွဲဆိုခဲ့ကြသည်။

ပုလိပ်မင်းကြီးရုံး အဆောက်အဦးကို အဆင့်မြင့်ဟိုတယ် အဖြစ်ပြောင်းလဲမည့် စီမံကိန်းများ ကို ၎င်းတို့အဖွဲ့က ဆက်လက် ဆန့်ကျင် တိုက်ခိုက်သွားမည်ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးကြီးမြင့်က ဇန်န၀ါရီလ ၂၆ ရက်နေ့တွင်ပြောသည်။

“ကမ်းနားလမ်းပေါ်က ပုလိပ်မင်းကြီးရုံးဟောင်းမှာ ကျနော်တို့ ၂ ကြိမ် ဆန္ဒပြပြီးပါပြီ။ အခု ကျနော်တို့ ရန်ကုန်တိုင်း အစိုးရ ကို ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ တရားစွဲခဲ့ပါတယ်” ဟု သူကပြောသည်။ သူတို့၏ ကန့်ကွက်မှုကို တရားရုံး တရုံးက လက်ခံရန်အတွက် ရှေ့နေများ၏ တတိယမြောက်ကြိုးပမ်းမှု ဖြစ် သည်ဟု သူကထပ်ပြောသည်။

Kempinski Group က ပထမဆုံးအနေဖြင့် Kanbawza (KBZ) Group ၊ Jewellery Luck ကုမ္ပဏီတိုနှင့် ပူးပေါင်း၍ နေ ပြည်တော်တွင် သြဂုတ်လ အတွင်းက ဟိုတယ်ကြီးတလုံးဖွင့်လှစ်ခဲ့ပြီး တည်ဆောက်ရေး အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရသည်။ အမေရိကန်နိုင်ငံမှ Hilton၊ စင်ကာပူနိုင်ငံမှ Parkroyal နှင့် ပြင်သစ် နိုင်ငံမှ Accor Group တို့က စစ်တပ်က တည်ဆောင်ခဲ့သည့် နေပြည်တော်တွင် အဆင့်မြင့် ဟိုတယ်များ ဖွင့်လှစ်ထားကြ သည်။

ပြီးခဲ့သည့် နှစ်များအတွင်း သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရက စီးပွားရေး တံခါးဖွင့်ပေးခဲ့ပြီး နောက်ပိုင်း တွင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များနှင့် စီးပွားရေးအရ လာရောက်ကြသူများ အလွန်အမင်း တိုးပွားလာခဲ့သည့် အတွက် နိုင်ငံတကာမှ ဟိုတယ်လုပ်ငန်းရှင်များကလည်း ဟိုတယ်များတိုးချဲ့ဖွင့်လှစ်ရာတွင် ရင်းနှီးမြှုပ်နှံရန် အများအပြား ၀င်ရောက်လာခဲ့ကြသည်။

MPT ဖုန်းလိုင်းတွေ ၀န်ဆောင်မှုကောင်းပေးဖို့ လက်မှတ်ထိုး ကမ်းပိန်း လှုပ်ရှား


ငါ မရန်လုလာ၊ ငါ ခေါန်နန်ဆင်

ညီစောလွင်

ဇန်န၀ါရီ ၁၉ ရက်ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက ကောင်းခါးကျေးရွာ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းဝင်းထဲမှာ စေတနာ့ ဝန်ထမ်း ကျောင်းဆရာမနှစ်ယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံလိုက်ရတဲ့ အဖြစ်အပျက်ဟာ “ငါ မရန်လုလာ၊ ငါ ခေါန်နန်ဆင်” လို့ ကြွေးကြော်ရမယ့် ကိစ္စဖြစ်ပါတယ်။

ပါရီမြို့က ချာလီဟဘ်ဒိုမဂ္ဂဇင်း အကြမ်းဖက်ခံရပြီးပြီးချင်း ပါရီမြို့သားတွေ လမ်းပေါ်ထွက်လာပြီး “ငါ ချာလီ”လို့ ဆန္ဒပြခဲ့သလို ကချင်နှစ်ခြင်းအသင်းတော် (KBC) ကိုယ်စားပြုပြီး ကောင်းခါးကျေးရွာက ကလေးသူငယ်တွေကို စေတနာ့ဝန်ထမ်း စာသင်ကြားနေသူ ဆရာမလေးတွေရဲ့ ရုပ်အလောင်း ပြန်သယ်ရာမှာလည်း လမ်းတလျှောက်မြို့တွေမှာ အမှုမှန်ဖော်ထုတ်ပေးဖို့ ဒေသခံ ထောင်ချီထွက်ပြီး ဆန္ဒပြခဲ့ကြတယ်။

ကချင်ဆရာမနှစ်ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ အမှုဟာ ၂၀၁၂ နှစ်ကုန်ပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူ တယောက်ကို လိုင်းကား တစီးပေါ်မှာ လူ ၆ ယောက်က အုပ်စုဖွဲ့ မုဒိန်းမှုကိုလည်း အမှတ်ရစရာပါ။

အိန္ဒိယ တနိုင်ငံလုံးက မြို့တွေမှာ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေး အတွက် အမျိုးသမီးတွေ ကိုယ်တိုင်က ဦးဆောင်ပြီး ဆန္ဒပြလာခဲ့ကြတယ်။ အစိုးရက အပြစ်ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကတိပြုခဲ့ရတယ်။ အပြောင်းအလဲကို ဦးဆောင်ရမယ့်၊ ဦးဆောင်သင့်တဲ့ နိုင်ငံရေးသမားတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ရဲတွေ၊ တရားသူကြီးတွေက အပြောင်းအလဲကို ငြင်းဆန်တဲ့အခါ ပြည်သူတွေ ကိုယ်တိုင်က အပြောင်းအလဲကို ဦးဆောင်ရတယ်ဆိုတာကို အိန္ဒိယက နမူနာ ပြခဲ့ပါတယ်။

ကချင်ဆရာမလေးတွေကိစ္စမှာ ဘယ်သူက မုဒိန်းကျင့်သလဲလို့ ငြင်းခုံမနေဘဲ ဥပဒေစိုးမိုးရေးဝန်ထမ်းတွေ ဘယ်လောက် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိရှိ တာဝန်ကို ထမ်းရွက်ကြသလဲဆိုတာ အဆက်မပြတ် စောင့်ကြည့်မေးခွန်းထုတ်ဖို့ လိုသလို မုဒိန်းမှုတွေ ကျယ်ပြန့်လာနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘာမှားနေလဲလို့ ကိုယ့်လိပ်ပြာကိုယ် မေးခွန်းထုတ်ပြီး ပြန်သုံးသပ်ဖို့လည်း လိုနေပါတယ်။ အကြီးအကျယ်မှားယွင်းနေတဲ့ ပြဿနာ ရှိနေတာကို သတိထားမိပါတယ်။

ဒီနေရာမှာ အဓိက ဆွေးနွေးချင်တာက နိုင်ငံရေး ကိစ္စ၊ လူမျိုးရေးကိစ္စ၊ ဘာသာရေး ကိစ္စမဟုတ်ပါဘူး။ လူမှုကျင့်ဝတ်အပိုင်း၊ တန်ဖိုးထားမှုအပိုင်းမှာ မြန်မာ့လူ့အဖွဲ့အစည်းဟာ အမျိုးသမီးတွေကို တန်ဖိုးမထား၊ စော်ကားအနိုင်ကျင့်တာကို ထမင်းစားရေသောက်၊ လုပ်ရိုးလုပ်စဉ်လို သဘောထား နေသလား လတ်တလော သတင်းတွေက စဉ်းစားစရာ ဖြစ်လာနေစေပါတယ်။

ကချင်ဆရာမလေးတွေရဲ့ ၀မ်းနည်းစရာ အဖြစ်အပျက်နဲ့ တပြိုင်တည်းလောက်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ်မှာ တပ်မတော်သားတဦးက အသက် ၃၀ အရွယ်ရှိ ရွာသူတယောက်ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားပုံရတဲ့ အဖြစ်အပျက်တခု ဖြစ်ခဲ့တယ်။ တပ်မ ၇၇ က ရဲဘော်တယောက်က မိန်းကလေး တယောက်တည်း အိမ်မှာရှိတုန်း အိမ်ပေါ်တက်လာပြီး လုံးထွေးထိုးကြိတ်ခဲ့တယ်။ အမျိုးသမီးက မရုန်းနိုင်တော့ဘဲ ထိုင်ခုံကြားထဲရောက်သွားတဲ့ အချိန်မှာ တရွာတည်းနေ လူနှစ်ယောက် ရောက်လာလို့ အနိုင်ကျင့်နေတဲ့ တပ်သား ထွက်ပြေးသွားတယ်။ နောက်တော့ တပ်မ ၇၇ က တပ်သားကို ပြန်ဖမ်းပြီး အရာရှိတွေက ကိုယ်စားတောင်းပန်တယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းကလည်း ရန်ကုန်မြို့အခြေစိုက် သရပါမဂ္ဂဇင်းရဲ့ ထုတ်ဝေသူနဲ့ သရုပ်ဆောင် မင်းအုပ်စိုးက သူ့ဂျာနယ်တိုက်ရဲ့ အယ်ဒီတာ ၃၃ နှစ် အရွယ် မနုနုယဉ် (ခ) တေးနုယဉ်ကို ထိုးကြိတ်တာ လက်လွန်ပြီး သေဆုံးသွားတယ်။

ကုလသမဂ္ဂက “Sexist” လိင်ခွဲခြားရေးဝါဒီလို့ သုံးနှုန်းပြီး ကန့်ကွက်ခံရတဲ့ကိစ္စမျိုးကို ဘာသာရေးပုဂ္ဂိုလ်တွေထိ ပါဝင်လာတဲ့ သာဓက တခုလည်း ပေါ်ပေါက်ခဲ့ပါတယ်။ မန္တလေးမစိုးရိမ်တိုက်က ဦးဝီရသူက ကုလသမဂ္ဂ အထူးသံတမန် တောင်ကိုရီးယားနိုင်ငံသူ ယန်ဟီးလီကို “ဖာသည်မ” လို့ ဆဲရေး တိုင်းထွာတဲ့ ဗီဒီယိုကို လူမှုကွန်ယက် မီဒီယာမှာ တွေ့ရတော့ တော်တော်များများ မယုံနိုင်အောင် ဖြစ်ကြပါတယ်။

သံဃာတပါးရဲ့ နှုတ်ကနေ ဒီလောက်အထိ ကြမ်းတမ်းတဲ့ အဆဲအဆိုတွေကို ကြားရတော့ အံ့သြကြပါတယ်။ ဒီထက်ဆိုးတာက ဒါကို ထောက်ခံနေတဲ့လူအုပ်ကြီးပါပဲ။ အမျိုးသမီးတယောက်ကို ရဟန်းတပါးက ဆဲဆိုတယ်။ ဒါကို လူအုပ်ကြီးက ထောက်ခံတယ်။ ဒီလို အခြေခံကျပြီး ရိုးရှင်းတဲ့ လူဆန်ဆန်အမြင်ကိုတောင် မတွေးနိုင်ဘဲ မောဟအမှောင်ဖုန်းနေတာ တကယ့်ပြဿနာကြီးပါပဲ။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ဒီလို အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာမျိုးကို လက်မခံပါဘူး။ တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းက သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓအဆုံးအမမှာလည်း အမျိုးသမီးတွေကို အနိုင်ကျင့်တာကို တိုင်းပြည် ဆုတ်ယုတ်ပျက်စီးရခြင်း အကြောင်းတရပ်အဖြစ် သွန်သင်ပါတယ်။ အင်္ဂုတ္တိုရ် ပါဠိတော် တိကနိပါတ်ပလောကသုတ်မှာ “အဓမ္မရာဂ”ဟာ အမျိုးသမီးတွေကို အနိုင်မကျင့်ဖို့ အဆုံးအမဖြစ်ပါတယ်။ တိုင်းပြည်ပျက်စေတဲ့ တခြား အကြောင်းနှစ်ရပ်ကတော့ “၀ိသမလောဘ” “မိစ္ဆာဓမ္မ” တို့ ဖြစ်တယ်လို့ ဗုဒ္ဓက ဆုံးမခဲ့ပါတယ်။

“ ဤတရားသုံးပါး လောက၌ ပွားများသည် ရှိသော် လူတို့သည် တဦးကို တဦး နှိပ်စက်၊ ဖျက်ဆီး၊ တိုက်ခိုက်၊ လုယက်၊ … ထိုးခုတ်သတ်ဖြတ်သောကြောင့် … မြို့ရွာတို့သည် ပျက်စီးပြီးလျှင် တောဖြစ်ကုန်၏ …” လို့ ရာဇဓမ္မသင်္ဂဟကျမ်းမှာ လေ့လာမှတ်သားရပါတယ်။

မြန်မာ့ရိုးရာ ဒီမိုကရေစီ တရားလို့ ဆိုရမယ့် ဘုရားဟော အပရိဟာနိယ တရား (၇) ပါးမှာလည်း “အမျိုးသမီးအား မနှိပ်စက်ခြင်း” ဆိုတာ တချက်အနေနဲ့ ပါဝင်သလို၊ ပြည့်အင်္ဂါ ကိုးပါးမှာလည်း အမျိုးသမီးတွေကို “ပြည့်မျက်နှာ” အဖြစ် တင်စားထားပါတယ်။

ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းက တန်ဘိုးထားတဲ့ ဗုဒ္ဓဝါဒဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံ အနိုင်ကျင့်ဖို့ နေနေ သာသာ၊ ကာကွယ်ပေးတဲ့ တန်ဖိုးတဲ့ သဘောတရားတွေကို တွေ့နိုင်ပါတယ်။ ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေဟာ မြန်မာတွေရဲ့ မူလတန်ဖိုးတွေ ပျက်စီးနေတဲ့ သဘောဖြစ်ပါတယ်။ ဒီလို ဖျက်ဆီးသူတွေထဲမှာ မရိုးဖြောင့်တဲ့ လူပုဂ္ဂိုလ်တွေသာမက၊ ဘာသာရေး ခေါင်းဆောင်တွေလည်း ပါဝင်လာတာဟာ တိုင်းပြည် ပျက်သုဉ်းဖို့ အကြောင်း ဖြစ်ပါတယ်။

တိုင်းပြည်ပျက်စေတဲ့ အကြောင်းသုံးပါးထဲက “အဓမ္မရာဂ” လို့ ခေါ်တဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ ကိစ္စဖြစ်ဖြစ်၊ “၀ိသမလောဘ” လို့ ခေါ်တဲ့ သူတပါး ဥစ္စာကို အနိုင်ကျင့် သိမ်းပိုက်မှုဖြစ်ဖြစ်၊ “မိစ္ဆာဓမ္မ” လို့ ခေါ်တဲ့ မှားယွင်းတဲ့ လူ့ကျင်ဝတ်တွေ ကျင့်သုံးမှုဖြစ်ဖြစ် နောက်ဆုံး အရေးကြီးတာက အပြစ်ပေး အယူယူမှု ဖြစ်ပါတယ်။

ဒါကို ဗုဒ္ဓက ဟောကြားထားပြီးဖြစ်ပါတယ်။ “လောကပါလတရား” လို့ ခေါ်တဲ့ လောကကို စောင့်ရှောက်တဲ့ တရားနှစ်ရပ်မှာ ရှက်ခြင်း (ဟိရိ)၊ ကြောက်ခြင်း (သြတ္တပ္ပ) တို့မှာ ဟိရိက လူတယောက်ရဲ့ ပညာ၊ သီလနဲ့ ပိုဆိုင်ပြီး သြတ္တပ္ပက ဥပဒေအရ အပြစ်ဒဏ်ပေးခြင်းနဲ့ ဆိုင်ပါတယ်။ အပြစ်ဒဏ်ပေးတဲ့ နေရာမှာလည်း အဂတိလေးပါး (ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ) တို့ ကင်းဖို့ လိုတယ်လို့ ဗုဒ္ဓက ဆုံးမလမ်းညွန်ခဲ့ပါတယ်။

မြန်မာပြည်မှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အပြစ်ကျူးလွန်ပေမယ့် အရေးယူမခံရတဲ့ ဓလေ့ဟာ မကောင်းမှုကို လုပ်ရမှာကို မရှက်တဲ့ လူတွေနဲ့ မကောင်းမှု လုပ်လည်း အပြစ်ပေးမခံရမှန်း သိနေလို့ မကြောက်တဲ့ လူတန်းစားတရပ်ကို နေရာစုံမှာ မွေးထုတ်ပေးထားတယ်။ တိုင်းပြည်ဟာလည်း အရှက်အကြောက်ကင်းမဲ့တဲ့ နိုင်ငံတော် အဖြစ် ပြောင်းလဲသွားခဲ့တယ်။ မြန်မာ့လူ့အဖွဲ့အစည်းတခုလုံး ယဉ်ကျေးမှုတခုလုံး ပျက်စီးကိန်းဆိုက်ခဲ့ရတယ်။

ဒါကြောင့် ဒီနေ့ ဖြစ်နေတဲ့ ပြဿနာ အရပ်ရပ်ရဲ့ အဓိက အကြောင်းရင်းကို ရှာတဲ့အခါ အပြစ်ကျူးလွန်ပေမယ့် အရေးယူမခံရတဲ့ ဓလေ့ကို တွေ့ရပါတယ်။

အရင်ရက်တွေက ပြင်သစ်လူမျိုးတွေ တန်ဖိုးထားတဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့် တိုက်ခိုက်ခံရတဲ့အခါ ပြင်သစ်တပြည်လုံး အုံကြွခဲ့ကြတယ်။ မြန်မာပြည်မှာလည်း “ငါတို့ အားလုံး မရန်လုလာတွေ”၊ “ငါတို့ အားလုံး တန်ဘောင် ခေါန်နန်ဆင်တွေ”၊ “ ငါတို့အားလုံးဟာ ဒေါ်ခင်ဝင်းတွေ” ဖြစ်ဖို့ လိုပါတယ်။ ရှမ်းပြည်ကျေးလက်မှာ မိန်းကလေးတယောက် အကြမ်းဖက် ခံရတာဖြစ်ဖြစ်၊ မြန်မာပြည် အလယ်ပိုင်းမှာ လယ်သူမတယောက် သေနတ်ပစ်ခံရတာဖြစ်ဖြစ် အားလုံးနဲ့ ဆိုင်ပါတယ်။

အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးဖို့ တပြည်လုံး ညီညီညွတ်ညွတ် တောင်းဆိုဖို့ လိုပါတယ်။ မတရားမှုတွေကို ပြည်သူတွေက မကန့်ကွက်ရင် တိုင်းပြည်ကို အရှက်အကြောက် ကင်းမဲ့တဲ့ နိုင်ငံတော်အဖြစ် တွန်းပို့ခဲ့တဲ့ အခွင့်ထူးခံတွေဟာ အပြောင်းအလဲကို ဆက်ပြီး ငြင်းဆန်နေပါလိမ့်မယ်။

စစ်တွေမြို့တွင်း ချောင်းအား အစိုးရကပြန်တူးရာတွင် နေအိမ် ၂ဝဝ ကျော် လွတ်ကင်းမှုမရှိဖြစ်နေ

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့လယ်ချောင်းအား ပြန်လည်တူးဖော်ရာတွင် ချောင်းတစ်လျှောက်ရှိ လူနေအိမ်ခြေ ၂ဝဝ ကျော်နှင့်လွတ်ကင်းမှုမရှိဖြစ်နေသော်လည်း ဆက်လက်တူးဖော်နေဆဲဖြစ် ကြောင်း ဒေသခံ များက ပြောသည်။

“တူးနေတုန်းပါပဲ။ အိမ်​တွေကိုတော့ warning ဝမ်နိန် ပေးထားတယ်။ အခြေအကောင်းမယ်လို့ထင် တယ်” ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက နိရဉ္စရာသို့ ပြောသည်။

ချောင်းနံဘေးတစ်လျှောက်ရှိ အဆိုပါအိမ်ခြေ ၂ဝဝ ကျော်၏ နောက်ဖေးခြံမြေများအပြင် အချို့အိမ်များ ၏နောက်ဖေးခြံစည်းရိုးများလည်း နဂိုရှိနှင့်ပြီးအတိုင်းအတာ အထိရောက်အောင် ပြန်လည်တူးဖော်မည့်ချောင်း၏ ဧရိယာအတွင်း ပါဝင်နေသည်ဟုဆိုသည်။

“လွတ်ကင်းမှုမရှိတဲ့ အိမ်ပိုင်ရှင်တွေ၊ စည်ပင်ဌာန၊ မြေစာရင်း၊ မြို့မိမြို့ဖတွေနဲ့ တိုင်ပင်ဆွေးနွေးနေ ကြပါတယ်”ဟု ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှစတင်တူးဖော် ခဲ့သည့် အဆိုပါစီမံကိန်းမှာ တစ်ပတ်ခန့်သာတူးဖော်ခဲ့ရပြီး အဆိုပါချောင်းတစ်လျှောက်ရှိ လူနေအိမ် ၂ဝဝ ကျော် ၏ နောက်ဖေးခြံမြေများနှင့်လွတ်ကင်းမှုမရှိဖြစ်နေ၍ လုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

သို့သော် ယခုအခါ အဆိုပါနေအိမ်ပိုင်ရှင်များကလည်း မြို့၏လိုအပ်ချက်ဖြစ်သည့်အ တွက် ပြဿနာမ ဖြစ်ရေးကိုဦးတည်ကာ အကောင်းဆုံးဖြစ်အောင် လိုက်လျောပေးကြောင်း လည်း ဒေသခံများက ဆိုသည်။

မြို့တွင်းမှ ရေထွက်ပေါက်တစ်ခုသဖွယ်ဖြစ်နေသည့် အရှည် ၁ မိုင်ကျော်ခန့်ရှည်လျားသည့် အဆိုပါမြို့ လယ်ချောင်းမှာ မြို့၏အရှေ့ဘက်ခြမ်းရှိ ကုလားတန်မြစ်မှစတင်စီးဝင်ကာ မြို့တွင်းကိုဖြတ်ကျော်၍ မြို့တွင်းရပ် ကွက်တစ်ခုဖြစ်သည့် အောင်မင်္ဂလာရပ်ကွက် (အင်ဘာလာရပ်ကွက်)အထိ စီးဆင်း နေသည့် ချောင်းငယ်တစ်ခု ဖြစ်သည်။

အဆိုပါချောင်းအတွင်းသို့ ၁၉၉ဝ ခုနှစ်မတိုင်မီက မော်တော်ဘုတ်များနှင့် စပါးရောင်းဝယ်သည့် သမ္ဗာန် များဝင်ရောက်သွားလာနိုင်သည်အထိကျယ်ဝန်းနက်ရှိုင်းခဲ့သော်လည်း ၁၉၉ဝ ခုနှစ် နောက်ပိုင်းတွင် နေအိမ်များ တဖြေးဖြေးတိုးချဲ့တည်ဆောက်လာခြင်းအပြင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ကြသည့်အတွက် အဆိုပါချောင်းမှာ ယခုကဲ့သို့ကျဉ်းမြောင်းတိမ်ကောလာခြင်းဖြစ်သည်။

ယင်းသို့ကျဉ်းမြောင်းလာခြင်းကြောင့် မိုးတွင်းတွင် မြို့တွင်းမှစီးဆင်းရမည့်ရေများမှာ မြို့လယ်ချောင်း အတိုင်းစီးဆင်းခြင်းမရှိတော့ဘဲ မြို့တွင်း၌ရေ ကြီးရေလျှံမှုများဖြစ်ပွားလာနေကြောင်း မြို့ခံများက ဆိုသည်။

ကချင်ဆရာမတွေအတွက် မန္တလေးမြို့ခံ ခေတ်ပြိုင်အနုပညာရှင်တွေ ဆုတောင်းပွဲ


ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အငြိမ့်ပွဲ မိန့်ခွင့်ပြုချက်မရ

အောင်သူရထွန်း

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းခြင်းအလင်းရောင် အငြိမ့်အဖွဲ့က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထားသော်လည်း နေပြည်တော်ကောင်စီက အချိန်ကပ်မှ တားမြစ်ခဲ့ကြောင်း ပွဲစီစဉ်သူ ဦးမျိုးသိန်းက ပြောသည်။

ဦးမျိုးသိန်းက ''ကျွန်တော်တို့ ဇန်နဝါရီ ၁၂ ရက် ကတည်းက နေပြည်တော်ကောင်စီကို ပွဲမိန့်တင်ထား တာပါ။ ဒီကနေ့ (၂၇-၁-၂ဝ၁၅) ညနေ ၃ နာရီခွဲ ကျမှ ခွင့်မပြုဘူးလို့ အကြောင်းကြားတယ်'' ဟု မဇ္ဈိမကို ဖုန်းဖြင့် ဖြေကြားသည်။

ယင်းတားမြစ်မိန့်တွင် ဒေသတွင်း ကျောင်းသားများ အောင်ချက်မြင့်မားရေး စီမံကိန်းရှိသည်ဟု အကြောင်း ပြထားသည်ဟုလည်း ၄င်းက ဆိုသည်။

ပွဲစီစဉ်သူ ဦးမျိုးသိန်းက ''ကျွန်တော်တို့ ရက်တွေ ကြိုတင်ထားတာပဲဗျာ၊ တစ်ရက်၊ နှစ်ရက်တော့ ကြို ပြောသင့်တာပေါ့၊ ဗိုလ်ချုပ် ရာပြည့်ပွဲအတွက် မဖြစ်သင့်တဲ့ ကိစ္စတွေဗျာ၊ ဒီကွင်းမှာပဲ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ ဝန်းကျင်မှာ အောင်ပွဲခေါင်းစဉ်နဲ့  အခကြေးငွေယူပြတဲ့ ပွဲတွေ သုံးရက်လုပ်သွား ပါသေးတယ်၊ တချို့ ဒေသခံဆိုရင် အဲဒီပွဲကို သိတောင်မသိကြပါဘူး'' ဟု ရှင်းပြသည်။

ကိုပန်းသီးခေါင်းဆောင်သော ငြိမ်းချမ်းခြင်းအလင်းရောင် အငြိမ့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် (၁) ရပ်ကွက်၊ ပြည်သူ့ အားကစားကွင်းတွင် ဖျော်ဖြေရန် စီစဉ်ထားပြီး ယခုကဲ့သို့ တားမြစ်ခံရသော် လည်း အယူခံဝင်ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် ဖျော်ဖြေရေးပွဲများအဖြစ် ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီတွင် နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ရန်အောင်မြင် ရွှေလက်လှ ဘုရားပွဲတော်ကွင်း၌ မြန်မာ့ရိုးရာ မင်္ဂလာဆိုင်းများ၊ အငြိမ့်၊ ပြဇာတ်၊ အဆိုအကနှင့် အခြားယဉ်ကျေးမှုကပွဲ အစီအစဉ်များဖြင့် ဒေသခံတို့အား စတင်ဖြေဖျော်ခဲ့သည်။

အဆိုပါပွဲများ ကျင်းပသည့်ကပ်လျက် နေရာတွင် ဒေသအာဏာပိုင်တို့က စီစဉ်လိုက်သော တရားပွဲကြောင့် ပွဲချိန်များကို နောက်သို့ တစ်နာရီခန့် ရွှေ့ဆိုင်း ကျင်းပခဲ့ရကြောင်း သိရသည်။

အတွင်းဝန်ရုံးကို ပြတိုက်လုပ်ရန် ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံမည်

ကျော်ဆုမွန်

ရန်ကုန်တိုင်း အစိုးရက သမိုင်းဝင် အတွင်းဝန်ရုံး အဆောက်အဦးကြီးကို ပုဂ္ဂလိက လက်သို့ တရားဝင် လွှဲပြောင်းပေးနိုင်လိမ့်မည်ဟု လုပ်ပိုင်ခွင့်ရရှိထားသည့် ပုဂ္ဂလိက ပြည်တွင်း ကုမ္ပဏီက မျှော်လင့်ထားသည်။ အတွင်းဝန်ရုံးဟောင်းကြီးကို လုပ်ပိုင်ခွင့်ရရှိသူများက ပျက်စီးယိုယွင်းနေပြီ ဖြစ်သည့် ကိုလိုနီခေတ်လက်ရာ အဆောက် အဦး ကို အနုပညာပြတိုက် တခုအဖြစ်အသွင်ပြောင်းရန် စီစဉ်ထားပြီး ပြင်ဆင် မွမ်းမံမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံထားရန် ရည်ရွယ်ထားသည်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ၁၆ ဧကကျယ်ဝန်းသည့်မြေပေါ်တွင် တည်ရှိသော သက်တမ်း နှစ်ပေါင်း ၁၂၀ ရှိပြီဖြစ်သည့် အတွင်းဝန်ရုံးဟောင်းကို ပြည်တွင်း ကုမ္ပဏီတခုဖြစ်သော Anawmar Art Group သို့ လုပ်ပိုင်ခွင့် နှစ် ၅၀ ချထားပေးလိမ့်မည်ဟု Anawmar ၏ ဒါရိုက်တာ ဒေါ်လဲ့ရည်စိုးက ပြောခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ဒီဇင်ဘာလ နှောင်းပိုင်းတွင် အတည်ပြုပေးခဲ့ပြီးဖြစ်သည်ဟုလည်း သူကပြောသည်။

“ပြန်လည်ပြုပြင် မွမ်းမံဖို့နဲ့ ခုချိန်ကစပြီး နှစ်၅၀ လုပ်ကိုင်ခွင့်အတွက် MIC ရဲ့ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ ရန်ကုန်တိုင်း အစိုးရက လွှဲပြောင်းပေးတာကို စောင့်ဖို့လိုပါတယ်” ဟု ဒေါ်လဲ့ရည်စိုးက ပြောသည်။

မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်မှ အစိုးရပိုင် ကိုလိုနီခေတ် အဆောက်အဦးများကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးရေး အစီအစဉ်ကို ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရက ကြေညာခဲ့သည်။ ၂၀၀၅ ခုနှစ်မှစ၍ အစိုးရ၀န်ကြီးဌာနများ နေပြည် တော်သို့ ပြောင်းရွှေ့ သွားခဲ့ပြီး ၅ နှစ်ကျော် အကြာတွင်ဖြစ်သည်။

၎င်းတို့ထဲတွင် အတွင်းဝန်ရုံးသည် ဗြိတိသျှကိုလိုနီခေတ်နှင့် လွတ်လပ်ပြီး မြန်မာနိုင်ငံ အစိုးရများ၏ အုပ်ချုပ်ရေးအချက် အချာ နေရာဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အစိုးရက အတွင်းဝန်ရုံးအတွက် တင်ဒါခေါ်ယူရာတွင် Anawmar Art Group အောင်မြင်ခဲ့သည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တရားဝင် လွှဲပြောင်း လုပ် ကိုင်ခြင်းမပြုမီ အဆောက်အဦးကို မည်သို့ဆောင်ရွက်ရန်ရှိကြောင်း အစီအစဉ် အသေးစိတ်ကို တင်ပြရန် အဆိုပါ အဖွဲ့ကို တောင်းဆိုခဲ့သည်။

“ကျမတို့က Yangon Heritage Trust ရဲ့အကြံဥာဏ်ကို ရယူပြီး ပြုပြင်မွမ်းမံရေးနဲ့ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ သုံးစွဲသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ၂ နှစ်အတွင်းမှာ သမိုင်းဝင် အနုပညာ ပြတိုက် ဖွင့်လှစ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။” ဟု ဒေါ်လဲ့ရည်စိုး ကပြောသည်။

မြန်မာ့လွတ်လပ်ရေး မတိုင်မီ ၁၉၄၇ ခုနှစ်တွင် အမျိုးသား သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းကို သေနတ်ကိုင် လူသတ် သမားများက လုပ်ကြံသတ်ဖြတ်ခဲ့သည်မှာလည်း ဤအတွင်းဝန်ရုံးတွင်ဖြစ်သည်။ အဆက်ဆက်သော အစိုးရများက ဥ ပေက္ခာပြုထားခဲ့သဖြင့် ဥရောပဗိသုကာဟန်လွှမ်းသည့် အဆောက်အဦးကြီးသည် ပြုပြင်ရန်လိုအပ်နေပြီး သစ်ပင်တွေက ရောမဟန် အမိုးခုံးများပေါ်တွင် တွယ်တက်နေကြသည်။ မျှော်စင်များ နှင့် သူတို့၏ ခန်းနားတောက်ပခဲ့သော အတိတ်ကို ရာသီဥတုက တိုက်စားပစ်ခဲ့သည်။ အဆောက်အဦး၏ ပြတင်းပေါက်များကိုလည်း ဘုတ်ပြားများဖြင့် ပိတ်ဆို့ထားသည်။

Anawma သို့လွှဲပြောင်းမပေးမီအချိန်အထိ အဆောက်အဦးကို မြို့လည်နေရာများတွင် ချထားလေ့ရှိသော လုံခြုံရေးတပ်ဖွဲ့ များ၏ ယာယီစခန်းအဖြစ် အသုံးပြုခဲ့ပါသည်။

“ဒီမှာ အနုပညာပြတိုက်တခု ရှိလာပါလိမ့်မယ်။ ကျမတို့ စီမံကိန်းထဲမှာ အနုပညာနဲ့ မြန်မာ့လက်မှု ပစ္စည်းတွေ ထုတ်လုပ် ပုံကို ပြသမယ့် အလုပ်ရုံတွေ၊ အမှတ်တရ ပစ္စည်းဆိုင်တွေ နဲ့ ယဉ်ကျေးမှုပြကွက်တခု ပါဝင်နိုင်ဖို့လည်း မျှော်လင့်ထား ပါတယ်။” ဟု ဒေါ်လဲ့ရည်စိုးကပြောသည်။

“မွမ်းမံပြင်ဆင်ရေး အတွက် အမျိုးအစား ကွဲပြားတဲ့ ပစ္စည်းတွေလိုအပ်တဲ့ အတွက် ဆောက်လုပ်ရေးပစ္စည်းတွေကို နိုင်ငံ ခြား ကနေတင်သွင်းသွားပါမယ်။ ပြင်သစ်က အိမ်တွင်းဒီဇိုင်းပြင်ဆင်ရေးကုမ္ပဏီတခုနဲ့ ကျမတို့ ဆက်သွယ်နေပါတယ်” ဟု သူကပြောသည်။

လူသိနည်းသေးသော Anawmar Art Group သည် အနုပညာရှင်များနှင့် အနုပညာပစ္စည်း စုဆောင်းသူများ၏ အဖွဲ့အစည်း တခုဖြစ်သည်။ Anawmar Art Group ၏ဒါရိုက်တာ ဒေါ်လဲ့ရည်စိုး၏ ခင်ပွန်းဖြစ်သူ ဦးစိုးသွင်ထွန်း သည် ယခင်စစ်အစိုး ရ လက်ထက်က ၀န်ကြီးတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၏ မြေးဖြစ်သည်ဟု Al-Jazeera သတင်းဌာနက ၂၀၁၃ ခုနှစ် မေလတွင် သတင်းဖော်ပြခဲ့ဖူးသည်။

Anawmar Art Group ၏ အစီအစဉ်အရ အနုပညာပြတိုက် အတွက် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ထောင့် ရှိ ယခင်က လွှတ်တော်အတွက် အသုံးပြုခဲ့သော အခန်းများကို အသုံးပြုမည်ဖြစ်သည်။ အနုပညာနှင့် လက်မှု ပစ္စည်း ဆိုင် များနှင့် အလုပ်ရုံများကို ထိုအဆောက်အဦး၏ မြေညီထပ်တွင်ဖွင့်လှစ်သွားမည်ဟု သူကပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တဦး၏ ပြောဆိုချက်ကို ကိုးကား၍ ပြည်တွင်း မီဒီယာ တခုက အတွင်း ၀န်ရုံး အဆောက်အဦးအား နှစ် ၅၀ ငှားရမ်းထားခြင်း ကို သက်တမ်း ၂ဆ တိုးခွင့်ပေးဖွယ်ရှိပြီး သက်တမ်း တကြိမ် တိုး တိုင်း ၁၀ နှစ်ထပ်ဆောင်းပေးမည်ဟု ဖော်ပြခဲ့သည်။

အတွင်းဝန်ရုံးသည် မြန်မာ့သမိုင်းအတွက် အလွန်အရေးပါပြီး အာရှတွင် အလှဆုံးသော အဆောက်အဦးများထဲမှ တခုဖြစ် သည်ဟု Yangon Heritage Trust ၏ ဥက္ကဌ ဦးသန့်မြင့်ဦးက ဧရာဝတီသို့ ပြောသည်။ Yangon Heritage Trust သည် အဆောက်အဦး အသုံးချမှုရွေးချယ်ခြင်း နှင့် ဖြစ်နိုင်သည့် ပြုပြင်မွမ်းမံရေး နည်းလမ်းများ လေ့လာနိုင်ရန်အတွက် Anawmar Art Group နှင့်အတူ နည်းပညာဆိုင်ရာလေ့လာမှုများ ဆောင်ရွက်ခဲ့သည်။

“ကျနော်တို့ နိုင်ငံတကာ ထိပ်တန်းကျွမ်းကျင်သူတွေ ကိုခေါ်ယူခဲ့ပါတယ်။ အစိုးရ တာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ Anawmar Group နဲ့ အခြားအဖွဲ့တွေကိုလည်း အနီးကပ် အကြံဥာဏ်တွေပေးခဲ့ပါတယ်” ဟု ဦး သန့်မြင့်ဦးက ဧရာဝတီသို့ ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် လည်း ဦးသန့်မြင့်ဦးနှင့် အတူ အတွင်းဝန်ရုံး အဆောက်အဦးသို့ သွားရောက်လေ့လာခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရန်ကုန်မြို့မှ အစိုးရပိုင် အဆောက်အဦးများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရေး အစီ အစဉ်အရ ကော်မရှင်သည် ဟိုတယ်များနှင့် စားသောက်ဆိုင်များ အပါအ၀င် အဆိုပြုလွှာ အမြောက်အများကို စဉ်းစား ဆုံး ဖြတ်ရမည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ အချက်အလက်များအရ ရန်ကုန်မြို့တွင် ကိုလိုနီခေတ် အဆောက်အဦး ၁၈၀ ကျော်ရှိသည်ဟု ဆိုသော်လည်း ရန်ကုန်မြို့မှ အဆောက်အဦး ၁၀၀၀ ကျော်သည် ရှေးဟောင်း အမွေအနှစ် တန်ဘိုးရှိနိုင်သည်ဟု Yangon Heritage Trust ကဆိုသည်။

မြန်မာ - ဂျပန်အကြား နှစ်ဘက်လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေး


ဖိအားပေးမှ လေးပွင့်ဆိုင် တွေ့ဆုံမည်ဆိုခြင်း ဒီမိုကရေစီ စံနှုန်းများနှင့် မညီဟု ဒေါ်စု ပြော

စိုးသန်းလင်း

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဖေဖော်ဝါရီ ၁ ရက်တွင် လေးပွင့်ဆိုင်တွေ့ဆုံမည့် ကိစ္စအပေါ် ဖိအားပေးမှ၊ မကျေနပ်မှုတွေ အရှိန်တက်လာမှ တွေ့ဆုံခြင်းမှာ ဒီမိုကရေစီစံနှုန်းနှင့် မညီကြောင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံရေးကို စတင်တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ဝေန်ပြောကြားခဲ့သည်။

''ဆွေးနွေးညှိနှိုင်းသင့်တဲ့ ကိစ္စတွေကို စောစောစီးစီးလုပ်တာ အကောင်းဆုံးပဲ။ အခုလို ဖိအားပေးမှ၊ မကျေနပ်မှုတွေ တော်တော်အရှိန်တက်လာမှ ညှိနှိုင်းဆွေးနွေးမှုတွေ လက်ခံတယ်ဆိုတာဟာ ဒီမိုကရေစီရဲ့စံချိန် စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ဒီလိုပဲမြင်တယ်''ဟု ၎င်းက ဇန်နဝါရီ ၂၉ ရက်က ပြည်သူ့ လွှတ်တော် ၁၂ ကြိမ် မြောက် အစည်းအဝေး နဝမနေ့ အစီအစဉ်မစမီ မဇ္ဈိမကို ပြောသည်။

အမျိုးသား ပညာရေး ဥပဒေ ကိစ္စအတွက် ကျောင်းသားများနှင့် လေးပွင့်ဆိုင်တွေ့ရန် သမ္မတက သဘောတူလိုက်သည့် အနေအထားအရ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ဆွေးနွေးမှုများ ယခုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးမစတင်မီ ခြောက်ပွင့်ဆိုင် တွေ့ဆုံနိုင်ဖို့ မျှော်လင့်နိုင်ပါသလားဟု မဇ္ဈိမက မေးမြန်းသည်ကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းက "ဒီမိုကရေစီဆိုတာ ညှိနှိုင်းဆွေးနွေးတဲ့ဟာကို လိုလိုလားလားနဲ့ ယဉ်ကျေးမှုရဲ့ အစိတ်အ ပိုင်းတစ်ခုအနေနဲ့ လက်ခံရမှာ။ အတင်းဖိအားပေးလို့ ပြဿနာ တွေ မဖြေရှင်းနိုင်တော့မှ၊ ပြဿနာတွေ ပွားလာတော့မှ ဆွေးနွေးပါမယ်ဆိုတာဟာ ဒီဟာကတော့ ဆွေးနွေးညှိနှိုင်းမှုရဲ့တန်ဖိုးကို တကယ်နားမလည်သေး လို့ပဲလို့ ဒီလိုပဲမြင်တယ်" ဟုလည်း ဖြည့်စွက်ပြောခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များ လွှတ်တော်အတွင်း စတင်တော့မည့် ယခုကာလတွင် ခြောက်ပွင့်ဆိုင် အရင်တွေ့သင့်သည်ဟု ထင်ပါသလားဟု မဇ္ဈိမက မေးသည်ကိုလည်း ''ခြောက်ပွင့်ဆိုင်ကို အရင် လုပ် သင့်တယ်ပေါ့နော်။ လုပ်တာ၊ မလုပ်တာကတော့ အဓိကကတော့ သမ္မတအပေါ်မှာ မူတည်တယ်'' ဟု ဖြေကြားခဲ့သည်။

တောင်ဇလပ်ပန်းတွေအကြားက ဒုတိယကမ္ဘာစစ် အငွေ့အသက်များ

ကျော်ခ

မြန်မာနိုင်ငံ အနောက်ခြမ်း ချင်းပြည်နယ်ထဲက တောင်တန်းတချို့ဟာ ဒုတိယကမ္ဘာစစ် ကာလတုန်းက ဗြိတိသျှ အင်ပါယာ တပ်တွေနဲ့ ဂျပန်တပ်တွေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတဲ့ စစ်တလင်းပြင်တွေ ဖြစ်ခဲ့ပါ တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပေမယ့်လည်း စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ အငွေ့အသက်တွေက အခုထိတိုင် အခိုင်အမာတည်ရှိနေဆဲပါ။

ဒုတိယ ကမ္ဘာစစ်ကာလမှာ ဗြိတိသျှ အင်ပါယာ တပ်တွေက ဝှိုက်ခံတပ် (Fort White) ဆိုတဲ့ စစ်စခန်းတခုကို တီးတိန်မြို့နယ်ထဲက ဇိုမီးချင်းတွေ အခေါ် Thangmual တောင်တန်းပေါ်မှာ အခိုင်အမာ တည်ဆောက်ခဲ့ပြီး ထင်ရှားတဲ့ အဲဒီစစ်စခန်း တည်ရှိရာ တောင်တန်းကို အစွဲပြုပြီး ဒေသခံတွေက ဖို့ဝှိုက်တောင်လို့တောင် အလွယ် တကူ ခေါ်နေကြ ပါတယ်။

Thangmual တောင်တန်းနဲ့ ထိစပ်နေတာကတော့ ချင်းပြည်နယ်က တောင်တန်းတွေထဲမှာ ပေ ၈၈၇၀ ကျော်နဲ့ အမြင့်ဆုံး စာရင်းမှာ ပါဝင်တဲ့ကနေဒီ တောင်တန်း ဖြစ်ပါတယ်။ ဗြိတိသျှတို့က ဒီတောင်တန်းနှစ်ခုလုံးပေါ်မှာ ဖို့ဝှိုက်စစ်စခန်း အပါအဝင် မဟာဗျူဟာကျကျ အထိုင်ချပြီး စစ်စခန်းတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Thangmual တောင်ပေါ်က ဖို့ဝှိုက် စစ်စခန်းဟာ ကလေး-တီးတိန် ကားလမ်းမကြီးရဲ့ဘေးကပ်လျက်မှာပါ။ ဖလမ်း-တီးတိန် ကားလမ်းခွဲဖြစ်တဲ့ သိုင်းငင်း ကျေးရွာလေးကနေ ကား၊ ဆိုင်ကယ်တို့နဲ့ သွားရင် မိနစ် ၂၀ လောက်ပဲ ကြာပါတယ်။

ဖို့ဝှိုက်စစ်စခန်းကို ၁၈၈၉ ခုနှစ်မှာ ဗြိတိသျှတပ် အထက်မြန်မာပြည် စစ်ဦးစီးချုပ် ဖီးလ်မာရှယ် ဆာဂျော့ စတူးဝပ် ဝှိုက် (Field Marshal Sir George Stuart White) က ချင်းတောင်တန်းကို သိမ်းပိုက်ဖို့ တတိယမြောက် ကြိုးပမ်းတဲ့ ကာလမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ အချိန်မှာ လက်နက်ကြီး ဒဏ်တွေကြောင့် ပျက်စီးခဲ့ရတာလို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဗြိတိသျှတို့ မြန်မာနိုင်ငံက ဆုတ်ခွာချိန်မှာ တောင်တန်း နှစ်ခုလုံးဟာ ကန္တာရသဖွယ်ဖြစ်ပြီး ကျန်ခဲ့ပေမယ့်လည်း အဆောက်အအုံ အပျက်အစီးတွေ၊ လမ်းတွေ၊ လက်နက်တွေနဲ့ စစ်ဒဏ်သင့် အငွေ့အသက်တွေကတော့ အခုချိန်အထိတောင် ဇလပ်ပင်တွေ၊ ချယ်ရီပင်တွေကြားမှာ ထင်ထင်ရှားရှား ရှိနေဆဲပါ။

သိုင်းငင်းရွာလေးအနီးက မတ်စောက်လှတဲ့ ချောက်ကြီးထဲမှာတော့ ဗြိတိသျှတပ်တွေ အသုံးပြုခဲ့တဲ့ တင့်ကား ပျက်ကြီးတစီး ကျန်ရှိနေသေးတာကို ဒေသခံ နွားနောက်ကျောင်းတဲ့ သူတွေက လမ်းပြအဖြစ် လိုက်ပြပေးတဲ့ အတွက် တွေ့မြင်ခဲ့ရတယ်။ အင်္ဂါမစုံတော့တဲ့ ဗြိတိသျှတင့်ကားကြီးကို ငှက်ပျောရိုင်းပင်တွေ ချုံနွယ်ပိတ်ပေါင်း တွေကြားမှာ ပက်လက် လန်လျက်သား ကျနေတာကို တွေ့ခဲ့ရတာပါ။

သံထုထည်ထူလှတဲ့ တင့်ကားကြီး အောက်ပိုင်း တခြမ်းနဲ့ အမြောက်ပြောင်းတံတွေကို ဂက်စ်မီးနဲ့ တို့ပြီး ဖြတ်တောက်သွားတဲ့ ဒဏ်ရာတွေလည်း တွေ့မြင်ရပြီး ဖြတ်ယူလို့မလွယ်ကူလို့ အထူပိုင်းသာ ကျန်ရှိနေတာ ဖြစ်တယ်လို့ ဒေသခံ လမ်းပြတွေက ပြောပြကြပါတယ်။

“လာဖြတ်တဲ့လူတွေကို ရွာက ဥက္ကဋ္ဌက မေးတော့ စစ်မှုထမ်းဟောင်း ကတ်ပြားတွေ ထုတ်ပြတယ်။ နောက်ဂတ်စ်မီးနဲ့ အပိုင်းပိုင်းဖြတ်ပြီး သံရည်ကျိုတဲ့နေရာမှာ သွားရောင်းစားကြတယ်။ ဒီတင့်ကားက သယ်လို့မလွယ်တော့လို့ ကျန်ခဲ့တာ” လို့ လမ်းပြက ရှင်းပြပါတယ်။

တင့်ကားကြီးရဲ့ အထက်တောင်စောင်းပေါ်မှာ တော့ ဗြိတိသျှတို့ခင်းထားတဲ့ ကျောက်လမ်းရှိနေပြီး ဒုတိယ ကမ္ဘာစစ်ကာလမှာ ဂျပန်တို့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာကနေ ချောက်ထဲကို ပြုတ်ကျခဲ့တာဖြစ်တယ်လို့ အဘိုးတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး လမ်းပြက ပြန်ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းက လက်ရှိကျန်နေ တဲ့ တင့်ကားအပျက်ကြီး အပါအဝင် ကလေးနဲ့ တီးတိန် လမ်းကြောတလျှောက်မှာ ဒုတိယ ကမ္ဘာစစ်က အသုံးပြုခဲ့တဲ့ ဗြိတိသျှတို့ရဲ့ တင့်ကား ၄ စီးနဲ့ ဂျပန် လေယာဉ်ပျက် တချို့ကို တွေ့ဖူးကြောင်း သိုင်းငင်းရွာသားတွေကပြောဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ စစ်မှုထမ်းဟောင်းကတ်ပြားပြတဲ့လူတစုက အပိုင်းပိုင်း ဖြတ်တောက် ယူငင်သွားကြတယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ဖို့ဝှိုက် စစ်စခန်းနားမှာပဲ တစီး ရှိနေသေးတာ၊ အဲဒီတစီးအပါအဝင် ကျန်တဲ့အစီးတွေကလည်း လမ်းဘေးမှာဆိုတော့ သယ်ယူရတာ လွယ်တော့ အကုန်ပါကုန်တယ်” လို့ ဒေသခံလမ်းပြက ဆိုပါတယ်။

ဂျပန်ကို တိုက်တဲ့အချိန်မှာ ဗြိတိသျှ တပ်က ဖွဲ့စည်းပေးထားတဲ့ ချင်းတပ်တွေလည်း ပါဝင်ပြီး ဖို့ဝှိုက်စစ်စခန်းနဲ့ အနီးဆုံးမှာရှိတဲ့ သိုင်းငင်းနဲ့ ခေါဆပ်ရွာတွေမှာ ဗြိတိသျှ လက်အောက်ခံ ချင်း တပ်မှူးဟောင်းတွေရဲ့ မြေးတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ သူတို့ အဘိုးတွေကို ဗြိတိသျှတပ်က ပေးထားတဲ့ နှစ်လုံးပြူးသေနတ်နဲ့ စစ်ဝတ်စုံတွေ၊ ဂျပန်တပ်တွေ ဆီကရထားတဲ့ ဘက်နက်နဲ့ ဂေါ်ရခါး စစ်သားတွေ အသုံးပြုတဲ့ ဓားကောက်တွေ အခုချိန် အထိ အမှတ်တရ သိမ်းဆည်းထားတာ တွေ့ခဲ့ရပါတယ်။

ကနေဒီနဲ့ Thangmual တောင်တန်းတွေပေါ်မှာ ဗြိတိသျှတို့ ရိက္ခာနဲ့ စစ်သည်အင်အားတွေအတွက် အသုံးပြုဖို့ ဖောက်ခဲ့တဲ့ ကျောက်ခင်းလမ်းမကြီးတွေလည်း အခုချိန်အထိ ထင်ထင်ရှားရှား ရှိနေဆဲဖြစ်ပြီး လမ်းမကြီးရဲ့ ဘေးတလျှောက်မှာလည်း ဂျပန်တို့ လေကြောင်းကနေ တိုက်ခိုက်ထားတဲ့ ဗုံးကျင်းကြီး တွေလည်း အများအပြား ရှိနေဆဲပါ။

ဆယ်စုနှစ်တွေအလီလီ ပြောင်းလဲလာခဲ့ပြီ ဖြစ်ပေမယ့်လည်း ဗုံးကျင်းကြီးတွေက လက်ရှိအချိန် မှာတောင် လူ ၅ ယောက်လောက် ဝင်ထိုင်နေလို့ရ တဲ့ အကျယ်အဝန်းမျိုး ရှိနေပါသေးတယ်။ ဒါ့အပြင် တောင်ဇလပ်ပင်တွေနဲ့ ချယ်ရီပင်တွေအကြားမှာ ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေး တူးမြောင်းတွေလည်း မြက်ခြောက်ပင်တွေ ဖုံးနေ တဲ့ကြားကအထင်း သားမြင်နေရတုန်းပါ။

အလုပ်အကိုင် ရှားပါးတဲ့ ဒေသခံတွေဟာ သံတိုသံစတွေ ရောင်းစားလို့ရမှန်း သိလာပြီးတဲ့ နောက် ၂၀ဝ၅ ခုနှစ် ဝန်းကျင်ကဆိုရင် ဖို့ဝှိုက် စစ်စခန်းရှိတဲ့ Thangmual တောင်တန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်တုန်းက မပေါက်ကွဲ ဘဲ ကျန်ရှိနေတဲ့ ဗုံးတွေနဲ့ လက်နက်ကြီး ကျည်တွေကို ရှာဖွေတူးဖော် ပြီး ရောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ပြိုပျက်နေတဲ့ ဖို့ဝှိုက် ခံတပ်ကိုတောင် အလွတ်မပေးတော့ဘဲ ထုခွဲရောင်းချခဲ့ကြတဲ့ အထိဖြစ်ပြီး ဖို့ဝှိုက် စစ်စခန်းရဲ့ မြေပြင်ပေါ်က အဆောက်အအုံတချို့ကို ဒေသခံတွေက ထုခွဲ ယူဆောင်သွားကြတဲ့အတွက် အုတ်နဲ့ တည်ဆောက်ထားတဲ့ မြေအောက်ခန်းတချို့နဲ့ အဆောက်အအုံ နေရာအင်္ဂတေ အမှတ်အသားတချို့ပဲ ကျန်ပါတော့တယ်။

အဲဒီ စစ်စခန်းကနေ ရှေ့တမိုင်လောက် သွားလိုက်ရင်တော့ ထုတ်လိုင်ရွာဘက်ကို သွားတဲ့လမ်းခွဲ လေးရှိပြီး လမ်းရဲ့ ညာဘက် အခြမ်းမှာ ဗြိတိသျှ စစ်သမီးတွေ စခန်းချခဲ့တဲ့ နေရာလေးလည်း ရှိပါတယ်။ အဆောက်အအုံတွေ မရှိတော့ပေမယ့် စခန်း တည်ဆောက်ခဲ့တဲ့ နေရာက မြေကွက်လပ်လေးတော့ ထင်ထင်မြင်မြင် ပေါ်နေပါသေးတယ်။

ဒီစခန်းကနေ ရှေ့ကို မိုင်ဝက်လောက် ဆက် သွားလိုက်ရင် တောင်ဇလပ်ပင်တွေ ဝန်းရံပေါက်နေတဲ့ အလယ်မှာ အခိုင်အမာ တည်ရှိနေဆဲဖြစ်တဲ့ ဗြိတိသျှ စစ်သင်္ချိုင်းကြီး တခုကိုလည်း တွေ့ရပါတယ်။ ဒေသခံ ချင်းတိုင်းရင်း သားတွေက ဒါကို သင်္ချိုင်းဖြူလို့လည်း ခေါ်ကြပါတယ်။

ဗြိတိသျှတို့ဟာ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီး ၁၈၈၇ ခုနှစ်မှာ တောင်တန်းဒေသကို သိမ်းပိုက်ဖို့ အလုံး အရင်းနဲ့ ဝင်လာချိန် ချင်းမျိုးချစ် တပ်တွေက ခုခံတိုက်ခိုက်ရာမှာ ကျဆုံးခဲ့ကြတဲ့ ဗြိတိသျှ စစ်ဗိုလ်၊ စစ်သား တွေကို ဒီသင်္ချိုင်းဖြူမှာ မြှုပ်နှံတယ်လို့ အဲဒီဒေသမှာ စိုက်ထူထားတဲ့ ချင်း ကျောက်စာတိုင်တွေမှာ တွေ့ရပါ တယ်။ အုတ်ဂူတွေထဲမှာ ဗြိတိသျှတပ်ရဲ့ အရာရှိတွေဖြစ်တဲ့ ဗိုလ်မှူး ဂေါ်ဒွန် ကန်းနင်းနဲ့ ဗိုလ်မှူး စတီဗင်တို့ ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။

လေးပေ၊ နှစ်ပေလောက်သာ ကျန်တော့တဲ့ ပြိုပျက်နေတဲ့ ဗြိတိသျှ စစ်သင်္ချိုင်း အုတ်တံတိုင်း စည်းရိုးရဲ့ အလယ်မှာ ရေညှိတွေအထပ်ထပ် တင်နေ ပြီး အညိုအမည်းစွဲနေတဲ့ အုတ်ဂူတွေအနည်းဆုံး သုံးဆယ်လောက် ရှိပါတယ်။ သင်္ချိုင်း ပတ်လည်မှာ ဝန်းရံပြီး ပွင့်နေကြတဲ့ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲတောက်နေပါတယ်။

ဒီတောင်တန်းတွေပေါ်မှာ ဒုတိယ ကမ္ဘာစစ်က ဗြိတိသျှ စစ်သားကြီးတွေနည်းတူ ဂျပန် စစ်သားကြီးတွေ ကျဆုံးခဲ့ကြတာမို့ သူတို့ရဲ့ ဆွေမျိုးတချို့ကတော့ ရံဖန်ရံခါ လာရောက် ငိြုွေကးမှုတွေ ရှိပါတယ်။

ကနေဒီနဲ့ Thangmual တောင်တန်းတွေပေါ်မှာ အထင်အရှားရှိနေသေးတဲ့ ဒုတိယ ကမ္ဘာစစ်ရဲ့ အငွေ့ အသက်တွေကို ထိန်းသိမ်း ပေးထားမယ် ဆိုရင်တော့ ချင်းပြည်နယ်ကို လာရောက်လည်ပတ်လိုတဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် စိတ်ဝင်စား စရာ နေရာတခုဖြစ်လာနိုင်မယ့် အလားအလာရှိပါ တယ်။

ချင်းပြည်နယ်ရဲ့ အလှတရားထဲမှာ တောင် ဇလပ်ပန်း တွေလည်း ပါဝင်တာမို့ ခရစ္စမတ်ကာလ တောင်ဇလပ် ပန်းတွေ ပွင့်ချိန်ဆိုရင် ကနေဒီနဲ့ Thangmual တောင်တန်းတွေပေါ်မှာ ကလေး တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေ လေ့လာရေး ခရီးစဉ်အဖြစ် လာရောက် လည်ပတ်နေကြ ပါတယ်။

တရားမ၀င် သစ်စီးဆင်းမှု ပြည်တွင်းလုပ်ငန်းရှင်တွေ ဖိနှိပ်ခံရ


၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်ကို ကျပ် ၄,၄၆၀ ဘီလီယံကျော် ကောက်ခံရန် လျာထား

ထင်လင်းအောင်

လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်၏ အခွန်အကောက်ရငွေများအနက် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်နှစ်ခုမှ ရငွေကို ကျပ် ဘီလီယံ ၄,၄၆ဝ ရရှိရန် လျာထားသည်ဟု ၂ဝ၁၅ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

ဇန်နဝါရီ ၂၆ ရက်က ပြည်သူများကို တင်ပြလိုက်သည့် ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၌ အခွန်ကောက်ခံသွားရန် မူလလျာထားချက်တွင် ထိုသို့ရေးဆွဲထားခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ်ငွေ ၂,၃၂၄,၅၆၅ သန်းကျော်နှင့် ဝင်ငွေခွန် ၂,၁၃၅,၄၃၄ သန်းကျော်ကို ကောက်ခံသွားရန် လျာထားခြင်းဖြစ်သည်။ ထို့အတူ အကောက် ခွန်ဦးစီးဌာနက ကောက်ခံမည့် အကောက်ခွန်ရငွေကို ကျပ်သန်း ၃၇၅,ဝဝဝ လျာထားသည်ဟု ဖော်ပြထား သည်။

အောင်ဘာလေသိန်းဆုမှ ရရှိမည့် အခွန်ငွေကို ကျပ်သန်းသုံးသောင်း လျာထားကာ တံဆိပ်ခေါင်းခွန် သန်း ၃၂,၇၁ဝ အသီးသီးလျာထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံမည့် အခွန် အကောက်ရငွေ စုစုပေါင်း ကျပ် ၄,၈၉၇ ဒသမ ၇၁ဝ ဘီလီယံကို မူလလျာ ထားချက်အဖြစ် ဆောင်ရွက် ခြင်းဖြစ်သည်။

အဆိုပါ သတ်မှတ်အခွန်များ ရရှိရန် အရက်၊ ဘီယာ၊ ဝိုင်နှင့် ဆေးရွက်ကြီးအပါ အဝင် ဆေးပေါ့လိပ်များ၏ အခွန်အကောက်များကို ၁ဝ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ထားသည်။ သတ်မှတ်ချက်အရ ၄င်းကုန်စည် များအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၆ဝ ရာခိုင်နှုန်းအထိ ကောက်ခံသွားရန် ရေးဆွဲထားခြင်းဖြစ်သည်။ စီးကရက် တစ်မျိုးတည်းကို အခွန် ၁၂ဝ ရာခိုင်နှုန်းဖြင့် ယခင်ထက် ၂ဝ ရာခိုင်နှုန်း တိုးမြှင့်ထားသည်။

သို့ရာတွင် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန်ကျောက် မျက်အရိုင်းထည်များ၏ ကုန်သွယ်မှုကို ၁၅ ရာခိုင်နှုန်းသာ ကောက်ခံရန် သတ်မှတ် ထားသဖြင့် ယခင်သတ်မှတ်နှုန်းထားများ အောက် ၁၅ ရာခိုင်နှုန်း လျှော့ချထားခြင်း ဖြစ်သည်။ ၎င်းကျောက်မျက်ရတနာများ၏ အချောထည်ကုန် သွယ်မှုများကို ငါးရာခိုင်နှုန်းသာ သတ်မှတ်ထားသဖြင့် ၁ဝ ရာခိုင်နှုန်း လျှော့ချရေးဆွဲထားသည်။

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းက ကျောက်မျက်အချောထည်များ၏ ကုန်သွယ်မှုအပေါ် အခွန်ကောက်ခံခြင်းကို လျှော့ချရန် တောင်းဆိုမှု များရှိခဲ့ သော်လည်း ယခုဥပဒေကြမ်းတွင် အရိုင်းထည် တင်ပို့မှု အခွန်နှုန်းထားများကိုလည်း လျှော့ချထားခြင်းဖြစ်သည်။

သစ်အချောထည် ကုန်သွယ်ခြင်း၏ အခွန်ရငွေကိုလည်း ငါးရာခိုင်နှုန်းလျှော့ချကာ ၂၅ ရာခိုင်နှုန်းသာ သတ်မှတ်ထားခြင်း ဖြစ်သည်။ စိုက်ပျိုးဆိုင်ရာထွက်ကုန်များအားလုံးနီးပါးကို ကုန်သွယ်ခွန်ကင်းလွတ် ခွင့်ပြုကာ ရေးဆွဲထားခြင်းလည်း ဖြစ်သည်။

ဝန်ကြီးဌာန အသီးသီး၏ အခွန်အကောက်ရငွေ စုစုပေါင်းကို ၅,၉၄၈ ဒသမ ၃၇၅ ဘီလီယံကျော် ကောက်ခံရရှိရန် လျာထားရေးဆွဲထားခြင်းလည်း ဖြစ်သည်။

မြောင်းမြတွင် ၀က်ကောင်ရေ ရာချီ ၀မ်းကျရောဂါသံသယဖြင့် သေဆုံး

ရွှေအောင်

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ၀က်ဝမ်းကျရောဂါလို့ ယူဆရတဲ့ ရောဂါကြောင့် ၀က်ကောင်ရေ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်န၀ါရီလ လဆန်းပိုင်းလောက်ကစပြီး မြောင်းမြမြို့ အရှေ့ခြမ်းကျေးရွာတွေဖြစ်တဲ့ ကွယ်လွယ်၊ မြစန္ဒာ၊ ကံကုန်း၊ မွေတော်ရှမ်းစုနဲ့ မွေတော်တည်ချောင်းစတဲ့ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မွေးမြူရေးဝက်တွေရော၊ လွှတ်ကျောင်းမွေးတဲ့ ၀က်တွေမှာပါ ဖြစ်တာလို့ မြို့ခံ ဦးမြင့်လွင်က ပြောပါတယ်။

“၀က်တွေက ခြံတိုင်းခြံတိုင်းမှာ သေတယ်။ တနေ့ကို တရွာမှာ ၃ ကောင်၊ ၅ ကောင်စသဖြင့် နေ့တိုင်းသေနေတာပါ။ ဖြစ်တဲ့လက္ခဏာကတော့ ၀က်တွေက အစာမစားဘဲ မှိုင်တယ်၊ နောက် ကိုယ်အပူရှိန်မြင့်လာတယ်။ နှာရည်တွေကျ၊ မျက်ရည်တွေ ကျပြီး တကိုယ်လုံးမှာလည်း အနီစက်တွေ ပေါ်လာတယ်။ ရောဂါစဖြစ်ပြီး ၃ ရက်လောက်ကြာရင် သေတာပဲဗျ၊။ တချို့ခြံလုံးကျွတ် သေတယ်။ အကောင် ၅၀၀ လောက် သေပြီလို့ ပြောတယ်။”


မြောင်းမြမြို့နယ် မွေးမြူရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာစိုးမြင့်အောင်ကတော့ ၀က်ဝမ်းကျရောဂါလို့ သံသယရှိတဲ့အကြောင်းနဲ့ ဌာနအနေနဲ့ လုပ်ဆောင်ထားတာတွေကို အခုလို ပြောပါတယ်။

“ကျနော့်အနေနဲ့ ၀က်ဝမ်းကျရောဂါလို့ သံသယ ဖြစ်မိပါတယ်။ ဘာတွေလုပ်နေလဲဆိုရင် ဌာနအနေနဲ့ အဲဒီရောဂါဖြစ်နေတဲ့ရွာတွေကို သွားပြီး ပိုးသတ်ဆေး ဖြန့်ဝေပေးပြီး ဖျန်းခိုင်းပါတယ်။ ရောဂါဖြစ်တဲ့ဝက်ကို ထိုးနှံရမယ့်ဆေးဝါးတွေကို ညွှန်ကြားပါတယ်။ ဒီမနက်ပဲ ရန်ကုန်ဝက်သားတင်မယ့်သူတွေကို ခေါ်တွေ့ပြီး ပိုးသတ်ဆေးဖျန်းဖို့၊ ရောဂါဖြစ်နေတဲ့ဝက်တွေ မ၀ယ်ဖို့၊ ရန်ကုန်ကအ၀င်၊ ရန်ကုန်ကအထွက် ၀က်တင်တဲ့ ကားတွေ၊ ကားဘီးတွေနဲ့ ထိတွေ့ သယ်ယူပို့ဆောင်တဲ့ ကိရိယာတွေကို ပိုးသတ်ဆေးဖျန်းဖို့ မနက်ကပဲ ကျနော် ညွှန်ကြားထားပါတယ်။”

ဝက်ဝမ်းကျရောဂါကာကွယ်ဆေး ထိုးမထားလို့ ဖြစ်တာ၊ ၀က်ကောင်ရေ ၅၀၀ လောက်သေတယ်ဆိုတာလည်း မဟုတ်ဘူးလို့ ငြင်းပါတယ်။

ရောဂါဖြစ်တဲ့ဝက်တွေကို ဆေးလိုက်လံကုသပေးနေတဲ့ ကျန်းမာရေးလုပ်သား ဦးညီညီကတော့ အခုလဆန်းပိုင်းမှာ ၀က်အသေအပျောက်များခဲ့တယ်လို့ ပြောပါတယ်။

“တခုတော့ ရှိတယ်။ ဖြစ်ခါစက ဆေး မတွေ့ဘူးလေ။ ဆေး မတွေ့တဲ့အခါကျတော့ သေကြပါတယ်။ အခုနောက်ပိုင်း ဆေးတွေ့တဲ့အခါကျတော့ ဆေးထိုးကုလိုက်လို့ အဆင်ပြေသွားပါပြီ။ ချွဲထ ချောင်းဆိုး အအေးပတ်ပေါ့။ ရာသီဥတုကြောင့် ဖြစ်တဲ့သဘောပါ။”

မြောင်းမြမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ထဲ ၀က်နားရွက်ပြာရောဂါဖြစ်တုန်းကလည်း အလားတူ ၀က်သေဆုံးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ Januaray, 31st,2015

( 30 )ကျီစုစက်မှုဇုန်အတွင်း ကျူးကျော် တဲတွေကို အင်အားသုံးဖယ်ရှား

( 29 )Hundreds Homeless After Late-Night Eviction in Rangoon

( 28 )ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲ အတွက် ကောက်ခံငွေကျပ်သိန်း ၁၆၀ လှူဒါန်း

( 27 )Burma’s First Govt Bond Auction Sells Less Than Half of $49M Offering

( 26 )ဒေါ်အောင်ဆန်းစုကြည် နေအိမ် နံပါတ်ပြားနဲ့ ဂိတ်တံခါး လေလံ တင်ရောင်းချမည်

( 25 )Defence Ministry warns against blaming army for murders

( 24 )ကချင် သတ်ဖြတ်မှု ခေတ်မီနည်းနဲ့ စစ်ဆေး

( 23 )Myanmar’s rights heading in wrong direction, says NGO

( 22 )ဧရာဝတီကျောင်းသားတွေ သပိတ်မှာ ပါဝင်လာပြီ

( 21 )Myanmar’s rights heading in wrong direction, says NGO

( 20 )မကွေးမှာ တရားစွဲခံထားရသူ ၁၁ ဦးကို အပြစ်မရှိကြောင်း အမိန့်ချမှတ်

( 19 )Women’s groups slam Race Protection

( 18 )ကချင်ဆရာမ ၂ ဦး သတ်ဖြတ်မှု ဆက်လက်စစ်ဆေး၊ စွပ်စွဲမှုတွေကို တပ်မတော် သတိပေး

( 17 )Human rights in Burma ‘a car crash’

( 16 )လက်ဝါးကားတိုင် ဖယ်ရှားခိုင်းမှု ချင်းလူမျိုးများ ဆုတောင်းပွဲပြုလုပ်

( 15 )Burma’s First Govt Bond Auction Sells Less Than Half of $49M Offering

( 14 )၀န်ထမ်းများအတွက် အခမဲ့ဆေးကုစရိတ် ကျပ် ၃၇ ဘီလီယံ တောင်းခံ

( 13 )Defence Ministry warns against blaming army for murders

( 12 )ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်မြို့တွင်းလှည့်လည်စည်းရုံး

( 11 )Myanmar’s rights heading in wrong direction, says NGO

( 10 )အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို ပထွေးက မုဒိမ်းကျင်

( 9 )Myanmar army won't take unilateral action in conflicts

( 8 )ဟားခါးမြို့ဆုတောင်းပြည့်တောင်ကုန်းပေါ်က လက်ဝါးကားတိုင်ကို ဇန်န၀ါရီလမကုန် ခင် နေရာပြောင်းရွှေ့ရန် ချင်း ၀န်ကြီးချူပ် အမိန့်ထုတ်

( 7 )Myanmar probes army over murders

( 6 )မျိုးစောင့်ဥပဒေကို အရပ်ဘက်အဖွဲ့အစည်းများ လွှတ်တော်တွင်သွားရောက်ကန့်ကွက်

( 5 )Myanmar police to DNA test soldiers over murdered teachers

( 4 )သမိုင်းဝင် ချင်း-လူရှိုင်း ညီလာခံ (၁၂၃ ) နှစ်မြောက် အခမ်းအနား မဏိပူရ်တွင် ကျင်းပမည်

( 3 )Army Statement Warns Against Linking Teachers’ Murders to Troops

( 2 )ကျေးလက်အခြေပြု သက်မွေးပညာသင်တန်းစတင်ရန် ဖားအံတွင် မိတ်ဆက်ပွဲ ပြုလုပ်

( 1 )Hakha Locals Plan Protest Against Order to Remove Cross

Friday, January 30, 2015

ပုဒ်မ ၄၃၆ ပြင်ရေး ကြိုးပမ်းသူများ အပြစ်မရှိဟု တရားရုံးဆုံးဖြတ်

အေးနိုင်

မကွေးတိုင်း မကွေးမြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဦးစီးသူတွေအပေါ် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတဲ့အမှုကို မြို့နယ်တရားရုံးက အပြစ်မရှိကြောင်း မနေ့က ဆုံးဖြတ်ပါတယ်။

မကွေးမြို့မှာ မနှစ် ၆ လပိုင်း ၁၉ ရက်နေ့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားဝင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဦးဆောင်သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဂေါပကဥက္ကဋ္ဌတို့ထံက ပွဲကျင်းပမယ့်နေရာ အတွက် ခွင့်ပြုချက်ရယူ ကျင်းပခဲ့ကြပါတယ်။

ပွဲအပြီး ၁ လကျော်အကြာ စက်တင်ဘာလလယ်မှာ မကွေးတိုင်းသာသနာရေး ဦးစီးမှူး ဦးသောင်းရွှေက ဒီပွဲဖြစ်မြောက်အောင် ပူးပေါင်းလုပ်ဆောင်ကြတဲ့ မကွေးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးနေမျိုးကျော်၊ ဦးသန်းအောင်၊ ဦးသန်းနိုင်၊ ဦးချစ်ထွေး၊ ဦးရဲတင့် ဦးစိုးမိုးတို့ဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း မကွေးမြို့က ဦးလှဆန်း၊ ဦးမောင်မောင်စိုး၊ ဦးသန်းထွန်းအောင်၊ ဦးညိုအေးနဲ့ ဦးထွန်းဦးခိုင်တို့ ၁၁ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတဲ့အမှု ဖြစ်ပါတယ်။

အမှုရင်ဆိုင်ခဲ့တဲ့ မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က “ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) နဲ့ စွဲဆိုထားတဲ့အမှုက လုံးဝလွှတ်လိုက်တယ်။ လုံးဝအပြစ်မရှိကြောင်း မကွေးမြို့နယ်တရားရုံးက ဆုံးဖြတ်ပြီး ကျနော်တို့ ၁၁ ဦးလုံးကို” လို့ ပြောပါတယ်။

တရားရုံးက ဆုံးဖြတ်ပြီးပြီးချင်းမှာပဲ မကွေးမြို့နယ်ရဲက ဦးနေမျိုးကျော် တဦးတည်းကို ဆင့်ခေါ်ပြီး ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့်ဥပဒေနဲ့ ထပ်မံစွဲဆိုဖို့ စစ်ချက်ယူပါတယ်။

ဦးနေမျိုးကျော်က “ကျနော်တဦးတည်းကိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အေးစေတီဘုရားဝင်းပွဲဟာ ခွင့်ပြုမိန့်မရှိဘဲ ပြုလုပ်ခဲ့တဲ့အတွက် ကျနော့်ကို ပုဒ်မ ၁၈ နဲ့ အရေးယူနိုင်ဖို့အတွက် မနေ့က အမှုဖွင့်ပြီးတော့မှ ကျနော့်ကို စတင်ပြီးတော့ မကွေးမြို့ မရဲစခန်းမှာ စစ်ဆေးမှု စခံရတယ်။ သူတို့ ဥပဒေအကြံပေးဆီတင်ပြီး မကြာခင်မှာ ကျနော့်ကို တရားစွဲဖို့ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။

ပွဲဖြစ်မြောက်ရေး ဦးစီးလုပ်ဆောင်သူတွေက မကျင်းပခင်မှာ လုပ်ထုံးလုပ်နည်းအတိုင်း ရဲတပ်ဖွဲ့ထံ တင်ပြပေမယ့် မြို့နယ်အဆင့်ကနေ တိုင်းအဆင့်ထိပါ အဆင့်ဆင့်ငြင်းပယ်ခံရပြီးနောက် မူလအစီအစဉ်အတိုင်းပဲ ကျင်းပခဲ့ကြပါတယ်။

ပွဲအပြီး ရက်ပိုင်းအကြာတုန်းကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးနေမျိုးကျော်ကို ခွင့်ပြုချက်မယူဘဲ အသံချဲ့စက်ဖွင့်မှုနဲ့ တရားစွဲလို့ ၃ လကြာ အမှုရင်ဆိုင်ရပြီးနောက် ဒဏ်ငွေ ကျပ် ၃၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

ထပ်မံတရားစွဲခံရမယ့်အပေါ် ဦးနေမျိုးကျော်က “၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဟောပြောပွဲ ကျင်းပခဲ့မှုနဲ့ပတ်သက်လို့ ကိစ္စတခုတည်းကို ပြစ်မှု ၃မှုနဲ့ စွဲဆိုတာဟာ မတရားဘူးလို့ ပြောချင်ပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့ အစိုးရဆိုတာ နိုင်ငံရေးလွတ်လပ်ခွင့်ကို တန်ဖိုးထားရပါမယ်။ နိုင်ငံရေးလွတ်လပ်ခွင့်ကို လုံခြုံရေးအမြင်နဲ့ပိတ်ဆို့တားဆီးမှုတွေ လုပ်နိုင်ဖို့ တီထွင်ရေးဆွဲခဲ့တဲ့ ငြိမ်းစုစီဟာ လွတ်လပ်ခွင့်တွေကို အာမခံမယ့် ဒီမိုကရေစီကို ဖျက်မယ့်အဖျက်ပိုးပါပဲ” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ခက်ခက်ခဲခဲ ဖြတ်ကျော်ရဖို့ စီစဉ်ထားတဲ့ ပုဒ်မဖြစ်ပြီး ဒီပုဒ်မ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲပြီး နိုင်ငံတ၀န်းမှာ ဟောပြောစည်းရုံးခဲ့သလို ကောက်ခံရရှိတဲ့ လက်မှတ် ၅ သန်းကျော်ကို ပြည်ထောင်စုလွှတ်တော်ဆီ ပေးပို့ခဲ့ပါတယ်။