Friday, November 11, 2016

လူ့အခွင့်အရေးနှင့်အညီ အကျဉ်းထောင်များ ပြုပြင်ပြောင်းလဲရေးအတွက် AI အဖွဲ့က လွှတ်တော်အား တိုက်တွန်း

Jurist

အကျဉ်းထောင်များ ဥပဒေအား နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် စံချိန်စံညွန်းများနှင့်အညီ ဖြစ်စေရန် ပြုပြင်ပြောင်းလဲရေး လွှတ်တော်အား နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေး AI အဖွဲ့က တိုက်တွန်းလိုက်သည်။

၁၈၉၄ အကျဉ်းထောင်များဥပဒေ၊ ၁၉၀၀ အကျဉ်းသားများ ဥပဒေနှင့် ၁၉၂၀ အကျဉ်းသားအဖြစ် သတ်မှတ်ခြင်း ဥပဒေများကို ရုပ်သိမ်းပြင်ဆင်သည့် အကျဉ်းထောင်များဥပဒေကို ၂၀၁၅ ဇူလိုင်လ အတွင်းက ပြဌာန်းသော်လည်း ယင်းဥပဒေတွင်လည်း လိုအပ်လစ်ဟာချက်များ ရှိနေသည်ဟု အခွင့်အရေးလှုပ်ရှားသူများက ပြောကြသည်။

အဆိုပါ ဥပဒေသည် အကျဉ်းသားများအပေါ် ဆက်ဆံမှုဆိုင်ရာ ကုလသမဂ္ဂ၏ အနိမ့်ဆုံးစံညွန်းများနှင့် ပြည့်မီရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဖို့ လိုအပ်ချက်ရှိနေကြောင်း AI က ပြောသည်။

အကျဉ်းထောင်များတွင် နှိပ်စက်ညှဉ်းပန်းမှုများ မဖြစ်ပွားရေး တရားဝင်စောင့်ရှောက်မှုစနစ်ကင်းမဲ့ခြင်း၊ မဖွယ်မရာဆက်ဆံခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် အတင်းအကြပ်အလုပ်စေခိုင်းခြင်း၊ ကျန်းမာရေး၊ အစားအစာ၊ ရေ၊ အသုံးအဆောင်၊ မိလ္လာစနစ်နှင့် တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုတို့မှာလည်း အနိမ့်ဆုံးစံချိန်စံညွန်းကိုပင် ပြည့်မှီခြင်း မရှိကြောင်း သိရသည်။

ထိုပြင် တိုက်ပိတ်အကျဉ်းချထားခြင်းများကိုလည်း AI အဖွဲ့က ထောက်ပြထားသည်။ “မြန်မာနိုင်ငံအနေနဲ့ အကျဉ်းထောင်များ အခြေအနေ တိုးတက်ဖို့နဲ့ နှိပ်စက်မှုတွေ၊ မဖွယ်မရာ ပြုကျင့်မှုတွေကို တားဆီးနိုင်ဖို့ တိုးမြှင့်လုပ်ဆောင်မယ်ဆို အကျဉ်းသားတွေကို ထားရှိတဲ့ အခြေအနေကို ပြုပြင်ရမှာဖြစ်သလို ရည်မှန်းတဲ့အတိုင်းဖြစ်ဖို့က တည်ဆဲဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။”ဟု AI မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ဒါရိုက်တာ Rafendi Djamin က ပြောသည်။

No comments: